Saturday, July 2, 2011

မဝင်းမြင့် ၏ မြသေလာတောင် ဆွေးဖွယ်နှောင်သည် အပိုင်း (၂၈)

အခန်း (၁၃)

နောင်စငဲ့ တောင်တန်းကြီးမှ ဖြာထွက်လာသော တောင်စွယ် တစ်ကျောမှာ အသစ်ပြန်လည် တည်ထောင် ထား သည့် နောင်စငဲ့ မြို့(၀ါ) အိမ်ခြေသုံးရာမျှသာရှိသော နောင်စငဲ့ ရွာကြီးကား ဘာသာဘာဝ ငြိမ်သက် အေးချမ်းစွာ နေခဲ့ရာမှ မမျှော်လင့်သော ဂျပန်စစ်သားများ၏ ရက်စက်မှုကြောင့် သေဆုံးရသည့် မိဘမောင်ဘွားဆွေမျိုးသားချင်း သက်နျင်းကြင်သူများကြောင့် ရွာကြီးတစ်ရွာလုံး ကြိမ်မီး အုံးသို့ ညိုးချုံးပူဆွေး ငိုကြွေး တမ်းတနေရသည်ကို ကိုစောအောင်နှင့် ကိုမျိုးခိုင်တို့ ကြေကွဲဖွယ်ရာ တွေ့ရ လေသည်။

သေကြေ ပျက်စီးရျာသော လူများအတွက် ဘုရင်မမှာ များစွာ စိတ်ထိခိုက်လှသဖြင့် တစ်လမျှသော အချိန် အတွင်း မှာ မည်သူနှင့်မျှ တွေ့ဆုံခြင်းမပြုဘဲ အဓိဋ္ဌာန်ကို ဆောက်တည်ကာ ဘုရားကို အာရုံပြုမည်ဖြစ်၍ ကိုမျိုးခိုင် နှင့် ကိုစောအောင်တို့မှာ ဘုရင်မကို တွေ့ခွင့်မရသေးချေ။
သီးသန့် ဆောက်ထားသော အိမ်ငယ်တစ်ဆောင်မှာ နေရပြီး အဘိုးကြီး သုံးယောက်နှင့်တကွ နောင်စငဲ့ သားများက ကျွေးမွေးထားသော သတ်သတ်လွတ် ထမင်းဟင်းကို စားသောက်နေရသည်။
နောင်စငဲ့သို့ ရောက်ပြီး လေးငါးရက်မျှ ကြာသောအခါ ကိုစောအောင်ထံ နေ့စဉ် တစ်နေ့တစ်ခေါက် လာနေ ကြဖြစ်သော အဘိုးကြီးသုံးယောက်နှင့်အတူ ရွာကို ဘုရင်မကိုယ်စား အုပ်ချုပ်နေသော အဘိုးကြီးတစ် ယောက် လိုက်ပါလာသည်။

" အဖေ ... ဗုဒ္ဓစံရာ တောင်ထွတ်ကို တို့ညီအစ်ကို သွားချင်တယ်၊ ခွင့်ပြုမလား အဖေ "
ကိုစောအောင် က အကြီးအကဲ အဘိုးကြီးအား ခွင့်တောင်းလိုက်၏။ အဘိုးကြီး၏ ဖြူဖပ်ဖြူရော် မျက်နှာကြီး မှာ စိတ်မကောင်း သောအသွင် ပေါ်လာပြီး ကိုစောအောင်အား ဤသို့ ပြောပြလိုက်၏။
" ငါ့သားများပြောတဲ့ ဗုဒ္ဓဆိုတာ ဘိုးဘွား မိဘများလက်ထက်ကတော့ ဖူးခွင့်ကြုံလို့ ဖူးထိုက်လို့ ဖူးခဲ့ကြရ တယ်။ နောင်စငဲ့ မြို့ကြီး ပျက်စီးပြီးမှ အခုနေတဲ့ မြို့သစ်ကလူတွေ ဘယ်သူမျ မဖူးရတော့ဘူးကွယ့်၊ လောဘ၊ ဒေါသ၊ မောဟ ဖုံးလွှမ်းတဲ့ လူယုတ်မာတွေ၊ တိုင်းပြည်ကို သစ္စာဖောက်တဲ့ လူမသာတွေကြောင့် မြဗုဒ္ဓရော၊ မြရတနာတွေရော၊ ဗုဒ္ဓဆေးပင်ရော ကွယ်ပျောက်ခဲ့ပြီ သားတို့ရေ၊ ဟိုတုန်းက အဖိုးတန် မြင့်မြတ် တဲ့အရာ တွေရှိလို့ နောင်စငဲ့ တောင်ထွတ်ကို ဘယ်သူမှ လာခွင့်မပေးခဲ့သော်လည်း အခုတော့ အားလုံး ပျောက်ကွယ် သွားတဲ့အတွက် သွားလိုတဲ့လူ သွားကြပေါ့ကွယ် ...

" အဲ ... လမ်းခရီးဆိုတာတော့ တောကြီးအတိ ပိတ်ဖုံးနေလို့ နည်းနည်းမှ မလွယ်ကူတာ အမှန်ပဲ၊ လမ်းက လုံးလုံးသားပျောက်သွားပြီကိုး၊ အခုတော့ တို့တစ်တွေရဲ့ ၀တ္တရားက တို့နေတဲ့မြို့ကို ခွင့်မပြုဘဲ နိုင့်ထက်စီး နင်း ၀င်လာသူ၊ တို့ ဘုရင်မကို ရန်မူမယ့် သူကိုသာ တို့က ကာကွယ် ခုခံတော့တယ်၊ မြဗုဒ္ဓစံတော်မူခဲ့ရာ တောင်ထွတ် ကိုတော့ အကာအကွယ် မပြုတော့ဘဲ လက်လွှတ်လိုက်ပြီ၊ ကာကွယ်စရာလဲ ဘာမှမရှိတော့ဘဲ ကိုး၊ ဆင်နေ၊ ကျားအောင်း၊ မြွေ ဆိုးပေါင်းစုံနေကြတဲ့ တောင်တက်ခရီးလမ်းကို ငါ့သားများ မကြောက်ရင်လဲ သွားကြလေ "
" ဘုရင်မထံ ခွင့်ပန်ရဦးမှာလား အဖေ " ကိုစောအောင်က မေးလိုက်သည်။

" ခွင့်ပန်စရာ မလိုပါဘူးကွယ်၊ အဖေ ပြောခဲ့တဲ့ အတိုင်း မြတောင်ထွတ်ကို တို့ လက်လွှတ်ထားပြီဟာပဲ၊ အင်း ... အခု ဘုရင်မက ဘုန်းကံနည်းရှာတယ်၊ သူ့ကုသိုလ်ပေါ့လေ "
အဘိုးကြီးက ညည်းညည်းညူညူ ပြောလိုက်၏။
" ဘာကြောင့်လဲ အဖေ "
ကိုစောအောင်က မေးလိုက်သည်။

" သြော် ... ဟိုအရင် ဘုရင်မတွေကတော့ မြတောင်ထွတ်ပေါ်ကို တစ်နှစ်တစ်ကြိမ် အခမ်းအနားကျင်းပပြီး တက်ဖူးကြရတယ်၊ စည်ကား သာယာဝပြောလှတဲ့ နောင်စငဲ့မြို့ကြီးက လူတွေ အများကြီးကို တစ်ချက် လွှတ် အမိန့်တော်နဲ့ အုပ်ချုပ်နေရတယ်၊ စံအိမ်တော်ကလဲ ခမ်းခမ်းနားနားနဲ့၊ ဘုရင်မကိုယ်တော်မှာလဲ မြရတနာ တွေကို သီကုံး ဆင်မြန်းခဲ့ရတယ်၊ အခု ဘုရင်မမှာ တိုင်းသူ ပြည်သားကလဲနည်း၊ မြတောင်ထွတ် ကိုလဲ မတက်နိုင်၊ မြဗုဒ္ဓကိုလဲ မဖူးမြော်ရ၊ ဒီနေရာ၊ ဒီဌာနမှာ၊ ဘုရား၊ ဒီရတနာတွေနဲ့ ဒီဆေးပင်တွေရှိပြီး ရတနာတွေ ၀တ်ဆင်ကာ ခမ်းခမ်းနားနားနေတဲ့ ဘုရင်မရှိနေတယ်လို့ သတင်းလွင့်သွားရင် ယုတ်မာသူတွေ က ရန်မူမှာ စိုးလို့ မထင်မရှားနေရရှာတယ် သားရယ် ...

" ဘုရင်မဆိုတဲ့ အမည်သညာရှိရုံ သီးသန့်စံအိမ်တစ်ခုရဲ့ ရံရွှေတော်တစ်စုနဲ့သာ နေရရှာတာကလား၊ ဒါနဲ့ တောင် လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က အသားဖြူနီနီ၊ ဆံပင်ဝါ၀ါ၊ မျက်လုံးပြာပြာ၊ နှာခေါင်းချွန်ချွန် လူယုတ်မာ တစ်စု လာသေးတယ်၊ အဲဒီ တစ်စုကတော့ တစ်ယောက်မှ မလွတ်ဘူးကွယ့်၊ အားလုံး တို့နောင်စငဲ့သားတွေ ရဲ့ ဒူးလေးစာ မိသွားကြတယ်၊ အခု သားတို့ကတော့ တို့ရဲ့ အမျိုးအဆွေလဲဟုတ်၊ ကျေးဇူးရှင်လဲဟုတ်တာမို့ တို့က အခုလို မြို့ထဲဝင်ခွင့်ပြုပြီး ကောင်းကောင်း လက်ခံထားတာကွယ့် "

" ဒါဖြင့် နောင်စငဲ့တောင်ထွတ်ကိုတက်ဖို့ရာ ဘာအတားအဆီးမှမရှိရင် နက်ဖြန်ပဲတက်မယ် အဖေ " ကိုစောအောင်ကား စိတ်ထက်သန်စွာ ပြောလိုက်၏။

" ဒါတော့ နင်တို့သဘောပေါ့၊ မောရုံရှိမှာပဲလို့ ငါထင်တယ်၊ ဘာရည်ရွယ်ချက်မှမရှဘဲ ကံအားလျော်စွာ ရောက်သွားတဲ့လူအဖို့ ဖူးခွင့်ကြုံရင် ဖူးထိုက်ရင် မြဗုဒ္ဓကို ဖူးရမယ်၊ တစ်ခုခု လိုချင်ဇောနဲ့ သွားရင်တော့ ဘယ်တော့မှ တောင်ထွတ်ကို မရောက်နိုင်ဘူး၊ ရောက်သွားဦးတော့ ဘာမှ တွေ့မှာ မဟုတ်ဘူး "
အဘိုးကြီးကပြောလိုက်သော စကားကြောင့် ကိုစောအောင်မှာ စိတ်မလုံလဲ ဖြစ်သွားမိသည်။
" ကဲ ... ငါတို့ ပြန်ကြစို့ဟေ့ "
အကြီးအကဲ အဘိုးကြီးကပြောပြီး ထိုင်ရာမှ ထပြန်သွားသောအခါ ကျန်အဘိုးအို သုံးယောက်ကလည်း လိုက်သွားကြလေသည်။
နောင်စငဲ့ ဘာသာစကားကို မတတ်သဖြင့် ကိုစောအောင် အနားမှာ ဆိတ်ငြိမ်စွာ ထိုင်နေသော ကိုမျိုးခိုင် အား ကိုစောအောင်က တစ်လုံးမကျန် သာသာပြန်ပြောလိုက်သည်။ ကိုမျိုးခိုင်ကား ကိုစောအောင်၏ စိတ် သဘောထားကို ဆန့်ကျင်ဘက်မပြုပေ။
--------------------------
အခန်း (၁၄)

မြဗုဒ္ဓ ကိန်းဝပ်တော်မူရာ အတိုင်းမသိ တန်ဖိုးရှိသော မြရတနာများနှင့် ဗုဒ္ဓဆေးပင်ရှိရာ နောင်စငဲ့ တောင် ထွတ်ကြီး ကို ထိပ်ရောက်အောင်တက်မည်ဟု အားခဲလာသော ကိုမျိုးခိုင်နှင့် ကိုစောအောင်တို့သည် မောပန်း နွမ်းနယ်ခြင်း ကို ပမာဏမထားဘဲ ဇွဲကြီးကြီးဖြင့် ခဲယဉ်းပင်ပန်းစွာ တက်လာကြသည်။
လမ်း ဟူ၍ ယောင်ယောင်ကလေးမျှမရှိဘဲ ထူထပ်လှစွာသော ဆူးပင်၊ ချုံနွယ်၊ သစ်ပင်ကြီးငယ်များ ယှက် ထွေးအုပ်ဆိုင်း ပိတ်ဆီးနေသည်ကို ဓားတစ်ယောက်တစ်လက်စီဖြင့် ခုတ်ထွင်ကာ တက်လာခဲ့ရာ ပေနှစ်ရာ ကျော်မျှ အမြင့်သို့ ရောက်လာပြီဖြစ်၏။

" အစ်ကို ... သိပ်မောနေပြီနော် ... နားဦး အစ်ကို "
ချွေးများ စိုရွှဲကာ နွမ်းဟိုက်နေရှာသော ကိုမျိုးခိုင်အား ကိုစောအောင်က ကြင်နာစွာ ပြောကာ ...
" ရော့ ... အစ်ကို၊ အမောပြေ ရေသောက်လိုက်ဦး "

ဟု ပခုံးမျာလွယ်ထားသော ရေဘူးကို လှမ်းပေးလိုက်၏။ မောဟိုက်လှသဖြင့် ကိုမျိုးခိုင်သည် စကားတစ်လုံး မှ မပြောတော့ ဘဲ ကိုစောအောင်လှမ်းပေးသော ရေဘူးကိုယူကာ မော့သောက်လိုက်သည်တွင် မော့လိုက် သော ကိုမျိုးခိုင် ၏ မျက်လုံးအစုံသည် သူတို့အထက် ပေအစိတ်မျှမြင့်သော တောင်စောင်းဝယ် မလှုပ်မယှက် ငြိမ်သက်စွာ မတ်တတ်ရပ်၍ သူတို့အား ကြည့်နေသော ထူးခြားသည့် ပုံသဏ္ဍာန်ကြောင့် ကိုမျိုးခိုင်မျက်လုံး အပြူးသားဖြစ်သွားသည်။ ကိုင်ထားသော ရေဘူး လက်မှ လွတ်ကျသွားလေသည်။

" အစ်ကို ... ရေဘူးမကိုင်နိုင်အောင် မောနေပြီ ထင်တယ် "
ကိုစောအောင် က ရယ်မောပြောကာ ရေများ ဖိတ်စင်ကုန်ပြီဖြစ်သော ရေဘူးကို ကောက်ယူလိုက်၏။ သို့ တစေလည်း ကိုမျိုးခိုင်က မလှုပ်မယှက်ပင် စကားလည်းတစ်ခွန်းမှ ထွက်မလာသောကြောင့် ...
" အစ်ကို ဘာဖြစ်လို့လဲဟင် "
ကိုစောအောင် က ထိတ်ထိတ်ပျာပျာမေးကာ ကိုမျိုးခိုင်၏ မျက်နှာကို ကြည့်လိုက်၏။ မျက်လုံးအပြူးသားနှင့် ပါးစပ် ဟကာ ငေးမောနေသော ကိုမျိုးခိုင်ကမူ သတိလစ်ဟင်းနေသူကဲ့သို့ တွေ့ရသော ပုံသဏ္ဍာန်ကိုသာ မျက်တောင်မခတ် ကြည့်နေသည်။

ကိုစောအောင်က ထူးခြားသော ကိုမျိုးခိုင်၏ အမူအရာကြောင့် ကိုမျိုးခိုင် မျက်နှာမူရာကို လှမ်းမျှော်ကြည့် လိုက်၏။ ကိုစောအောင်၏ နှုတ်မှ အံ့အားသင့်စွာ မြည်တမ်းလိုက်မိလေသည်။
" ဒါ ... ဘုရင်မပဲအစ်ကို၊ နန့်နောင်းခါရီ ဘုရင်မပဲ "
အဖြူနှင့် အနီဟင်း တောက်ပပြောင်လက်သည့် သင်တိုင်းရှည်ကို ၀တ်ကာ မည်းမှောင်ရှည်လျားသော ဆံပင် များကို ဖားလျားချထားပြီး ပန်းသရဖူတစ်ခုကို ဦးခေါင်းမှ စွပ်ထားသော ချောမောလှပသည့်ဘုရင်မ နန့်နောင်းခါရီ ကား ရံရွေတော်ဟူ၍ တစ်ဦးတစ်ယောက်မျှမပါဘဲ ကိုယ်တော်ထီးထီးကလျှင် ဤတောင် စောင်းဝယ် ရပ်နေသည်မှာ နောက်ခံသစ်ပင် ချုံနွယ် အစိမ်းရောင်များကြောင့် ဖြူဝင်းသည့် ရုပ်သဏ္ဍာန် သည် ထင်ထင်ရှားရှား ပေါ်လွင်နေသည်။

ဘုရင်မကား မတုန်လှုပ် ကျောက်သားရုပ်တုလို တည်ငြိမ်စွာ ရပ်လျက်ပင်ရှိနေသည်။
" လူအစစ်မှ ဟုတ်ရဲ့လား ညီလေး ... "
နှစ်ယောက်သား အံ့အားသင့်စွာ ကြည့်နေကြရာမျ ကိုမျိုးခိုင်က တစ်စုံတစ်ရာကို တွေးတောပူပန်မိသကဲ့သို့ စိတ်စနောင့်စနင်းဖြစ်သံဖြင့် မေးလိုက်၏။
" မသိဘူး အစ်ကို၊ ဒီကမ်းပါးယံက ရှေးဘုရင်မတွေ ရုပ်ကလာပ်ကို သိုမှီးထားခဲ့ရာ ကမ်းပါးယံဆိုရင် တစ္ဆေ ချောက်နေတာများဖြစ်မလား၊ ပုံသဏ္ဍာန်ကတော့ မှတ်တမ်းပါတဲ့ ဘုရင်မ အတိုင်းပဲ ...၊ လာပါ အစ်ကိုရာ အနားသွားကြည့်ရအောင် အစ်ကိုကြောက်သလား "

ကိုစောအောင်က ပြောပြောဆိုဆို ခြေလှမ်းပြင်လိုက်သဖြင့် ... ။
" သွားလေညီလေး ... အစ်ကိုလိုက်မယ်၊ မကြောက်ပါဘူး၊ ဒါပေမယ့် အစ်ကို့စိတ်ထဲမှာ ... "
ကိုမျိုးခိုင်က စကားတစ်ပိုင်းတစ်စနှင့်ဖြတ်ကာ ...
" သွား ညီလေး ... "
ဟု တိုက်တွန်းလိုက်ပြီး နှစ်ယောက်သား တောချုံများကို တိုးကာ တွေ့ရသေ ဘုရင်မပုံသဏ္ဍာန်ဆီသို့ လှင်မြန်စွာ လာခဲ့ကြ၏။
" သင်တို့ ဘယ်ကလာပြီး ဘယ်ကို သွားမှာလဲ "

လက်တစ်လှမ်းသာသာမျှ အကွာသို့ ရောက်လျှင်ပင် ရပ်နေရာမှ လုံးဝရွှေ့လျားခြင်းမရှိဘဲ ရဲရင့်တည်ငြိမ် သောမျက်နှာ၊ သာယာချိုလွင်သောအသံဖြင့် မေးလိုက်သော ဘုရင်မအား နှစ်ယောက်သား စူးစူးစိုက်စိုက် ကြည့်နေရာမှ ... ။
" လူအစစ်ပဲ ညီလေး ... "
" ဘုရင်မ အစစ်ပဲ အစ်ကို "
ဟု ပြိုင်တူ ပြောလိုက်မိကြ၏။
" ငါ မေးနေတာ ဖြေကြလေ "
ဘုရင်မကထပ်မံ မိန့်မြွတ်လိုက်ပြန်၏။

" တို့နှစ်ယောက်က နောင်စငဲ့သား အဘိုးကြီးသုံးယောက်ကို ရန်သူလက်က ကယ်တင်ခဲ့သူများဖြစ်တယ် ... တောင်ထွတ်ပေါ်က မြဗုဒ္ဓကို ဖူးချင်လို့ လာခဲ့ပါတယ်ဘုရင်မ "
ကိုစောအောင်က ရေလည်ချေငံစွာ ရှင်းပြလိုက်မှ ဘုရင်မ၏ မသိမသာ တင်းမာနေသော မျက်နှာသည် လျော့သွားကာ ပကတိမျက်နှာထား ဖြစ်သွားလေသည်။
ကြောက်မက်ဖွယ် တောအတိဖုံးလွှမ်းနေသော ဤတောင်တက်လမ်းမျာ တစ်ယောက်တည်းလာပြီး ယောက်ျားသား နှစ်ယောက်ကို မကြောက်မရွံ့ ရဲရင့်တည်ငြိမ်စွာ ရင်ဆိုင်ရဲသော ဘုရင်မ၏ သတ္တိကို ကိုမျိုး ခိုင်နှင့် ကိုစောအောင်တို့ ချီးကျူးမိကြသည်။

ကိုမျိုးခိုင် ကား နောင်စငဲ့ ဘာသာစကားကို မတတ်သည့် အလျောက် ၀င်ရောက် ပြောဆိုရန် မလိုဘဲ ဘုရင်မ၏ မျက်နှာကိုသာ မျက်တောင်မခတ်ဘဲ စူးစူး စိုက်စိုက် ကြည့်နေလေတော့၏။
" မြတောင်ထွတ်ကို မတက်ကြနဲ့ကွယ်၊ ဒီကပဲ လှည့်ပြန်ကြပေရော့နော် "
ဘုရင်မ က ကလေးဆိုးများအား ချော့မော့ ဖျောင်းဖျသောမိခင်၏ လေသံမျိုးဖြင့် ပြောပြလိုက်၏။ ဘုရင်မ၏ အသက်မှာ သုံးဆယ်ကျော်ပြီဟု သိခဲ့ရသော်လည်း ကိုမျိုးခိုင်နှင့် ကိုစောအောင်တို့၏ မျက်စိ ပသာဒတွင်ကား အသက်နှစ်ဆယ်မျှသာ ခန့်မှန်းရအောင် နုပျိုလှပါပေ၏။

" မြဗုဒ္ဓကို ဖူးချင်လွန်းလို့ ခဲယဉ်းစွာ လာခဲ့ရပါတယ် ဘုရင်မ တောင်ထွတ်ကို ရောက်အောင် တက်ပါရစေ "
အားနွဲ့သူ မိန်းမသား တစ်ယောက်မျှသာဖြစ်၍ ဂရုစိုက်ခြင်းမပြုဘဲ ရှောင်ကွင်းတက်သွားလဆင် ဖြစ်နိုင် သော်လည်း ကိုမျိုးခိုင်နှင့် ကိုစောအောင်၏ စိတ်တွင် ဘုရင်မအား မြင်လျှင် မြင်ခြင်း ချစ်ခင်ခြင်း၊ ကြည်ညို ခြင်း၊ ကြင်နာခြင်းစိတ်တို့ ပေါ်ပေါက်လာသည့်အတွက် ဆန့်ကျင်ဘက် ပြုမူလိုသောစိတ် မရှိဘဲ အနူးအညွတ် ခွင့်တောင်းနေကြခြင်းဖြစ်သည်။

" ငါပြောတဲ့ စကားကို နားထောင်ကြပါ၊ ငါ့တိုင်းသူ ပြည်သားများအတွက် စိတ်မခမ်းသာလွန်းလို့ မနေ့က တောင်ထွတ်ပေါ် ငါတစ်ကိုယ်တည်း တက်ခဲ့တယ်၊ ငါ့လူများအတွက် ဆုတောင်းမေတ္တာ ပို့လိုတဲ့ အတွက် ကြောင့် ငါ့မှာ ဘေးရန်မတွေ့ဘဲ ချောချောမောမော တောင်ထွတ်ပေါ် ရောက်ခဲ့တယ်၊ မြေုဒ္ဓကိုလဲ ကြုံတောင့် ကြုံခဲ ဖူးတွေ့ခဲ့ရတယ်၊ လမ်းမှာ ဆင်ရိုင်းရှိတယ်၊ ကျားရှိတယ်၊ မြွေဆိုးတွေရှိတယ်၊ သင့်တို့ အတွက် အသက် အန္တရာယ် ရှိလာလိမ့်မယ် ...

" ဘာကြောင့်လဲဆိုတော့ သင်တို့မှာ မြဗုဒ္ဓကို ဖူးလိုတဲ့ စေတနာသက်သက် မဟုတ်ဘဲ တစ်စုံတစ်ခုသော အရာကို လိုချင်လို့ တောင်ထွတ်ပေါ် တက်လာတာ မဟုတ်လား၊ တမလွန်ဘ၀သို့ ပြောင်းကြွလေပြီးသော ငါ့အစ်မတော် ဘုရင်မများ၏ ၀ိညာဉ်ကို တိုင်တည်ပြီး ငါ အမှန်အတိုင်း ပြောခြင်းဖြစ်တယ်၊ ငါ့ကို မလိမ်ကြနဲ့၊ မှန်တဲ့အတိုင်း ပြောကြ၊ တောင်ထွတ်ပေါ်က ဘာကို လိုချင်သလဲ "
နောင်စငဲ့ဘာသာကို နားမလည်သော ကိုမျိုးခိုင်အဖို့ အမူအရာ မထူးခြားသော်လည်း ကိုစောအောင်ကမူ မသိမသာ မျက်နှာပျက်သွားလေသည်။ ဘုရင်မ၏ မျက်နှာထားနှင့် အသံကြောင့် ကွယ်ဝှက် လိမ်လည်လို သောစိတ် မရှိချေ။

" လူသတ္တ၀ါတွေရဲ့ အသက်ကို ကယ်တင်နိုင်တဲ့ ဗုဒ္ဓဆေးပင်ကို လိုချင်လို့ပဲ ဘုရင်မ "
ကိုစောအောင်၏ အဖြေကြောင့် ဘုရင်မ၏ တည်ငြိမ်သော မျက်နှာမှာ ပြုံးရောင်သန်းသွားလေသည်။ သို့သော် ကြည်လင်သော အပြုံးကား မဟုတ်၊ ကြေကွဲဝမ်းနည်းသော မချိပြုံးဖြစ်၏။ ဘုရင်မသည် ဦးခေါင်း ကိုဖြည်းလေးစွာ ခါရမ်းလိုက်သည်။

" မတန်တော့ဘူးကွယ်၊ လူတွေက သစ္စာလဲမရှိ၊ ကတိလဲမတည်၊ သမာဓိလဲ ပျက်ကြတော့ ဗုဒ္ဓဆေးပင်တွေ ကွယ်ပျောက်ခဲ့ပြီး သင်တို့နေရပ်မှ လောဘ၊ ဒေါသ၊ မောဟ ထူပြောတဲ့ လူတွေအတွက် မဆိုထားနဲ့၊ ငါတို့ နောင်စငဲ့က သတ်သတ်လွတ် စားနေကြတဲ့ လူတွေအတွက်တောင် သစ္စာဖောက်သူများကြောင့် သုံးခွင့်မရ အောင် ပျောက်သွားပြီပဲ၊ မဖြစ်နိုင်တဲ့ကိစ္စကို မကြံစည်ကြနဲ့ ပြန်ကြနော် "
ကိုမျိုးခိုင်နှင့် ကိုစောအောင်သည် ဆိတ်ငြိမ်စွာဖြင့် ဘုရင်မ၏ မျက်နှာကို အငေးသား စိုက်ကြည့်နေမိသည်။ ထိုအခိုက် ကျားဟိန်းသံနှင့် ဆင်အော်သံသည် မိုးခြိမ်းသလို ကြောက်မက်ဖွယ်ကြားရလေသည်။
မမျှော်လင့်ဘဲ ရုတ်တရက် ကြားရသဖြင့် ကိုမျိုးခိုင်နှင့် ကိုစောအောင်တို့မှာ အမှတ်တမဲ့ ဖြစ်၍ ဆတ်ခနဲ တုန်လှုပ်သွားကြသည်။ ဘုရင်မအား တည်ငြိမ်မြဲ တည်ငြိမ်လျက်ပင်။

" ကြားကြတယ်မဟုတ်လား၊ ဒီတောင်ထွတ်ကို နောင်စငဲ့သားတွေ လက်လွှတ်လိုက်ရတော့ သဘာဝ တောတိရစ္ဆာန်များက စောင့်ရှောက်နေကြတယ်၊ မသမာသောစိတ်န့ တက်ရင် အသက်ဆုံးရှုံးမှာမလွဲဘူး၊ ငါ့စကားကို နားထောင်၊ လာပြန်ကြမယ် "
ဘုရင်မသည် အေးမြတည်ငြိမ်သော အသံဖြင့် ပြောကာ တောင်အောက်သို့ ရှေ့ရှုဆင်းသွားလေသည်။ ကိုမျိုးခိုင်သည် ဆင်းသွားသော ဘုရင်မအား မျက်ခြည်မပြတ် လှမ်းမျှော်ကြည့်ရင်း ကိုစောအောင် ဘာသာ ပြန်ပြောနေသည်ကို နားထောင်နေသည်။ ကိုစောအောင်၏ စကားဆုံးသောအခါ ...
" ညီလေး ဘယ်လိုသဘောရသလဲ " ဟု မေးလိုက်၏။

" ဘုရင်မစကားကို နားထောင်တော့မယ်အစ်ကို၊ လမ်းမှာ တွေ့ရမယ့် ဘေးရန်ကို ကြောက်လို့ မဟုတ်ဘူး၊ ဘုရင်မကို ချစ်လို့ သူ့စကားကို နားထောင်တာ "
ကိုစောအောင်က ဆင်းသွားသော ဘုရင်မအား ငေးမျှော်ကြည့်ရင်းက ဖြေလိုက်၏။
" ဘာ ... ညီလေး က ဘုရင်မကို ချစ်တယ် " ကိုမျိုးခိုင်က အံ့သြစွာ မေးလိုက်၏။

" ဟုတ်တယ် အစ်ကို ကျွန်တော့်စိတ်မှာ ဘယ်လိုဖြစ်မှန်းမသိဘူး၊ ချစ်သူရည်းစားရယ်လို့ မထားခဲ့ဘူး၊ ချစ် ရည်စူးရယ်လို့ အခု ဘုရင်မကို တွေ့ရတော့ ကြည့်လေ စွဲမက်မြတ်နိုးစရာကောင်းလေ၊ ဒါလောက် ကျက်သ ရေရှိပြီး ချစ်စရာကောင်းတဲ့ မိန်းမ လောကမှာ မရှိဘူးလို့ ထင်တယ်၊ ကျွန်တော် ချစ်တယ်အစ်ကို၊ သူ့ကို ချစ်တယ် "
ကိုစောအောင်သည် စိတ်ရင်းဖြောင့်သူတစ်ယောက် ဖြစ်သည့်အလျောက် ကွယ်ဝှက်မှုမရှိဘဲ စိတ်တွင်း ရင်တွင်းမှာ ဖြစ်သမျှကို လှစ်ဟလိုက်သည်။ ကိုမျိုးခိုင်က စိတ်ရှုပ်သော မျက်နှာဖြင့် ကိုစောအောင်အား ကြည့်လိုက်၏။

" ဖြစ်ပါ့မလား ညီလေးရာ၊ ဘုရင်မအနေနဲ့ တစ်သက်လုံး ယောက်ျားယူမှာလဲမဟုတ်၊ အသက် အရွယ်ချင်း ကလဲ မတူ၊ ဘုရင်မက ကြည်ဖြူအုံးတော့ နောင်စငဲ့သားတွေက သည်းခံမလား ညီလေး ဒူးလေးစာမိသွား မှာပေါ့ "
" အို ... ဘုရင်မကသာ ကြည်ဖြူပါစေ၊ အသက်အရွယ်တွေ နောင်စငဲ့သားတွေကို ကျွန်တော့် စိတ်ထဲမှာ မတွေးပါဘူး။ ဒီဒေသကလွတ်အောင် ဘုရင်မကို ဆောင်ကြဉ်းသွားနိုင်ပါတယ် "
ကိုစောအောင်က တဇွတ်ထိုး ပြောနေသည်။

" ခက်လိုက်တာ ညီလေးရာ၊ အစဉ်အလာ ဘုရင်မတွေ အဖြစ် အပျိုစဉ်ဘ၀နဲ့ သစ္စာသမာဓိကို ထိန်းနေကြ ရတာ၊ ဘယ်က ရောက်လာမှန်းမသိတဲ့ ညီလေးလိုလူကို အလွယ်တကူ ချစ်နိုင်ပါ့မလား၊ စဉ်းစားဦးမှပေါ့ "
" သူ ချစ်လာတဲ့အထိ နောင်စငဲ့မှာပဲ ဇွဲကြီးကြီးနဲ့ စောင့်မယ် အစ်ကိုရေ "
ကိုမျိုးခိုင်က အကျိုးသင့် အကြောင်းသင့် ဖျောင်းဖျ ချော့မော့၍ မရချေ။
" ကဲ ... ညီလေး သဘောပဲကွယ်။ လာ ... သွားကြစို့ ဒီနေရာမှာ ကြာကြာနေလို့ မကောင်းဘူး၊ အစ်ကို့စိတ် ထဲမှာ နေရတာ စိတ်မသန့်ဘူး၊ ဒီကျောက်ကမ်းပါးယံဟာ ဘုရင်မတွေ ရုပ်ကလာပ် သိုမှီးရာဌာနလား မသိဘူး၊ သွားစို့ ညီလေး ရယ် "
နောင်ခါမှ နားဝင်အောင်ပြောတော့မည်ဟု ကိုမျိုးခိုင် ဆုံးဖြတ်ကာ ကိုစောအောင်ကို အချိုသပ်ပြီး ခေါ်လာ ခဲ့ရသည်။
-----------------------------
ဆက်ရန်
.

No comments: