အခန်း (၃)
ရေးက သူ့ရုံးခန်းတံခါးကို တွန်းဖွင့်ပြီးဝင်သွားသည်။ သူ့စိတ်တွေ လေးနေသည်။ ဘာကြောင့် စိတ် လေး နေမှန်း မသိ။ သွားကိုက်ရောဂါ ခံစားနေရသလို အခံရခက်လှသည်။
ဘာကြောင့် စိတ်လေးနေသလဲ။
နန်စီကို မွေးနေ့အကြောင်း ပြောမိသောကြောင့်လည်း မဟုတ်တန်ရာ။ နန်စီ၏အတိတ်အကြောင်း များကို ပြန်ပြောင်း သတိရစေသောကြောင့်လည်း မဖြစ်နိုင်။
မွေးနေ့ အကြောင်းပြောသော်လည်း နန်စီသည် အများကြီး တည်ငြိမ်နေသည်ကို တွေ့ရသည်။
နန်စီ စိတ်လှုပ်ရှားနေမည်ဆိုလျှင် သူ ကောင်းကောင်းသိရပေမည်။ နန်စီအကြောင်း သူ မသိတာ ဆို၍ မရှိ သလောက် ပင်။
ထို့ကြောင့် မွေးနေ့ကိစ္စနှင့် မည်သို့မျှ မသက်ဆိုင်နိုင်။ နန်စီကြောင့် စိတ်လေးနေခြင်းမဟုတ်။
နန်စီ သည် ယနေ့မနက် အလွန် တည်ငြိမ်နေသည်။
သည်အတိုင်း ဆိုလျှင် အကြောင်းတစ်ခုခု ကြောင့် ယခုလို စိတ်လေးနေခြင်းဖြစ်ရပေမည်။
ရေးသည် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါလိုက်မိသည်။
ရေး က ခေါင်းမော့ကြည့်သည်။ သူ့ရင်ထဲမှာ ထိတ်ခနဲဖြစ်သွားသည်။ ဒေါ်ရော်သီ သည် သူ့ရုံးခန်းထဲ မှာ ရောက် နှင့် နေပြီ။ စားပွဲမှာ ထိုင်နေပြီ။
ဒေါ်ရော်သီ ၏ ဆံပင်များ ပိုဖြူလာသည်။ ရှည်လျားသော ဆံပင်ဖြူများက ပြုံးချိုသည့် သူ့မျက်နှာ လေးကို ဘောင်ခတ် ပေးထားသည်။
အိမ်မြေပွဲစား အလုပ် ကို ရေး စတင်လုပ်ကိုင်သည့်အခါတုန်းက ဒေါ်ရော်သီသည် သူ၏ပထမဆုံး ဖောက်သည် ဖြစ်သည်။
ထို့နောက် သူ ငှားထားသော မိန်းကလေးရောက်မလာသဖြင့် ဒေါ်ရော်သီက သူ့အလုပ်များကို ၀ိုင်း ကူ လုပ်ပေးရင်း သူ့ရုံး မှာ တောက်လျှောက်အလုပ်မြဲသွားခြင်း ဖြစ်လေသည်။
"မင်း ခေါင်းကို တစ်အားခါပြီး မျက်မှောင်ကြီး ကုပ်နေပါလား"
ဒေါ်ရော်သီ က သူ့ကို လှမ်းပြောသည်။
ရေးက ရှက်ကိုးရှက်ကန်း ပြုံးသည်။
"ညက အိပ်ရေးကောင်းကောင်းမ၀လို့ပါဗျာ၊ နေကောင်းတယ် မဟုတ်လား"
ဒေါ်ရော်သီ ၏ လေသံက ချက်ချင်း တည်သွားလေသည်။
"နေကောင်းပါတယ်၊ ရှုခင်းသာ နဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေ ငါ အားလုံးစုထားပြီးပြီ။ အဲဒီအိမ် ကို ကြည့်မယ့် လူ က ဘယ်အချိန်လောက် ရောက်လာမှာတဲ့လဲ"
"နှစ်နာရီလောက်"
ရေး က ပြန်ဖြေရင်း စားပွဲပေါ်သို့ ငုံ့ကြည့်သည်။
"အဲဒီစာရွက်စာတမ်းတွေ ဘယ်ကသွားရလာတာလဲဟင်"
"စာကြည့်တိုက်မှာ သူ့ဖိုင်တွဲနဲ့သူ သတ်သတ်ရှိတယ်။ အဲဒီအိမ်ကြီးကို ၁၆၉၀ ခုနှစ်က ဆောက် တယ် ဆိုတာ ကို မမေ့နဲ့နော်၊ စားသောက်ဆိုင်လုပ်လိုက်ရင် အရမ်းကောင်းမှာ၊ တစ်ယောက် ယောက်ကသာ ငွေထပ် အကုန်ခံနိုင်လို့ များတော့ အလှပြဗီရိုတစ်လုံးလိုကို သားနားသွားနိုင်တယ်။ နောက်ပြီးတော့ ရေစပ် မှာ ဆိုတော့ ဒါလောက်ကောင်း တဲ့ နေရာမျိုး ဘယ်မှာမှမရနိုင်တော့ပါဘူး"
"မစ္စတာကရက်ဂိုပေါလော့စ် နဲ့ သူ့မိန်းမဟာ စားသောက်ဆိုင်ပေါင်း မရေတွက်နိုင်အောင် တည် ထောင်ပြီး ပြန်ရောင်းခဲ့ တယ်လို့ ကျွန်တော် သိထားတယ်။ သူတို့လို လူမျိုးဟာ လိုအပ်မယ်ဆိုရင် ငွေကုန်ခံပြီး လက်မတွန့် မှာ သေချာပါတယ်"
ထို့နောက် သူ့ရုံးခန်းထဲသို့ ၀င်ခဲ့သည်။ စားပွဲမှာ ၀င်ထိုင်သည်။ ဆေးတံသောက်ရင်း ဆယ့်ငါးမိနစ် လောက် စဉ်းစားခန်း ၀င်နေမိသည်။
ခဏနေတော့ ဒေါ်ရော်သီကို ဖုန်းလှမ်းဆက်သည်။
"စာရေးမလေးတွေ ရောက်ပြီလား"
"ရောက်ပြီ"
"ကော်ဖီရော ဖျော်ပြီးပြီလား"
"ပြီးပြီ"
"ဒီလိုဆိုရင် မရိုမသေ ကျွန်တော့်ဖို့ တစ်ခွက်ယူခဲ့ပေးဗျာ။ နောက်ပြီး အပြင်က ဖုန်းဆက်ရင် ဆယ့် ငါးမိနစ်လောက် ကျွန်တော့်ကို ဆက်မပေးဖို့ မိန်းကလေးတွေကို မှာထားပေးပါ"
ခဏနေတော့ ဒေါ်ရောသီ ကော်ဖီပန်းကန်ကိုင်ပြီး ၀င်လာသည်။ ရေးက တံခါးသွားဖွင့်ပေးထား သည်။ ဒေါ်ရော်သီ ၏ လက်ထဲမှ ကော်ဖီပန်းကန်ကိုယူပြီး ပြတင်းပေါက်နားမှာ သူ သွားရပ်နေမိ သည်။
"ဒီနေ့ည ကျွန်တော်တို့အိမ်မှာ ထမင်းလာစားပါလား၊ နန်စီရဲ့မွေးနေ့ပွဲလေးတစ်ခု ကျွန်တော် လုပ် ကြမလို့"
ရေး က ပြောသည်။ သူ့စကားအဆုံးတွင် ဒေါ်ရော်သီထံမှာ အံ့အားသင့်သွားသည့်အသံကို သူကြား လိုက်ရ လေသည်။
ထို့ကြောင့်
"ဘာဖြစ်လို့လဲ၊ မလုပ်သင့်ဘူး ထင်လို့လား"ဟု သူ ကမန်းကတန်း လှည့်မေးသည်။
နန်စီအကြောင်း ကောင်းကောင်းသိသူဆိုလို့ ကိပ်တော့မှာ ဒေါ်ရော်သီတစ်ယောက်ရှိသည်။
ရေးက ချစ်ရေးဆိုတုန်းက လက်ခံသင့် မခံသင့် ဒေါ်ရော်သီကို နန်စီ ဖွင့်တိုင်ပင်ခဲ့သည်။ ထို့ကြောင့် နန်စီက သူ့အကြောင်း မခြွင်းမချန်ပြောပြထားခဲ့လေသည်။
ဒေါ်ရော်သီ၏မျက်လုံးအမူအရာနှင့် အသံတို့မှာလည်း မသေချာသည့်ပုံစံမျိုးဖြစ်နေလေသည်။
ငါလည်း ဘာပြောရမှန်းတောင်မသိတော့ဘူး ရေး ဘာစိတ်ကူး နဲ့ မွေးနေ့ပွဲလုပ်တာလည်း ..
ဘယ်လို စိတ်ကူးလဲ ဆိုရင် နန်စီမှာ မွေးနေ့ မရှိဘူး ဆိုတဲ့ သဘောမျိုး ကျွန်တော်တို့ ဟန်ဆောင်နေလို့ မဖြစ်ဘူးဗျာ၊ ဟုတ်တယ် ဆိုလိုတာက ဒီထက်လဲပိုပါသေးတယ်။ နန်စီဟာ အတိတ် နဲ့ အဆက်အသွယ် ဖြတ်တောက် ပစ်ရမယ် အတိတ်ကြောင်းကို မေ့ထားပစ်ရမယ်၊ နောက်ပြီးတော့ လူတွေနဲ့ မတွေ့ ဖြစ်အောင် ရှောင်တိမ်း ပုန်းလျှိုးနေတဲ့ အဖြစ်ကို ရပ်ဆိုင်းပစ်ရမယ်"
"အတိတ် ဇာတ်ကြောင်း တွေကို သူတကယ်ပဲ အဆက်အသွယ်ဖြတ်နိုင်ပါမလား၊ လူသတ်မှုကြီး တစ်ခုက အချိန်မရွေး ပြန်စစ်နိုင်တဲ့ အနေအထားမှာ ရှိနေတယ် အဲဒီကြားထဲ က လူတောထဲ ကို ပြောင်ပြောင် တင်းတင်း တိုးလာဝံ့ ပါမလား"
"ဟုတ်တယ် ဒီစကားမှန်တယ်၊ အချိန်မရွေး ပြန်စစ်နိုင်ပါ့မလား အနေအထားမှာ ရှိနေတယ်၊ အနေအထား ဆိုတဲ့ စကားက သိပ်အရေးကြီးတယ်နော်၊ လူသတ်မှု ကို နန်စီကျူးလွန်ပါတယ် လို့ သက်သေခံခဲ့တဲ့ ငတိ ဟာ ခြောက်နှစ်လုံးလုံး ပျောက်နေတာကိုတော့ ခင်ဗျား သဘောပေါက်တယ် မဟုတ်လား သူ ဘယ်ရောက် နေတယ် ဆိုတာနဲ့ သေသလား၊ ရှင်သလားဆိုတာ ဘုရားသခင်မှ သိတော့မှာပဲ သူနဲ့ ပတ်သက်ပြီး ကျွန်တော် တို့ သိထားတာက သူဟာနာမည်ဝှက်နဲ့ ဒီတိုင်းပြည်ထဲကို ပြန်ဝင်လာတယ်၊ တစ်နေရာရာမှာ ရှိနေတယ်၊ ဒါပဲသိတယ်၊ ဒီအကြောင်းကြောင့်လဲ နန်စီထင်ထင်ပေါ်ပေါ်မနေရဲခဲ့တာ၊ အမှုကို ပြန်ဖော် နေမှာ စိုးရိမ်ရတယ် မဟုတ်လား၊ နောက်တစ်ခု ခင်ဗျားမမေ့သင့်တာက သူဟာ စစ်တပ်ကနေ တပ်ပြေး ကြေညာခြင်း ခံထားရသူဖြစ်နေတယ်၊ သူ့ကို ဖမ်းမိရင်ထောင်ကျဖို့ သေချာသလောက်ဖြစ်နေတယ်၊ တပ်ပြေးမှုကြီး က သူ့ကို စောင့်နေတယ်လေ"
"ဟုတ်တယ် ဒါလဲမှန်တာပဲ"
ဒေါ်ရော်သီက ရေးကို ထောက်ခံသည်။
"ဒါအမှန်ပဲလေ၊ နောက်တစ်ဆင့်တက်ပြီး ကျွန်တော်တို့စဉ်းစားကြည့်ဦး၊ ဒီမြို့ပေါ်မှာရှိတဲ့ လူတွေက နန်စီ ကို ဘယ်လိုထင်ကြမလဲ"
ဒေါ်ရော်သီက ရုတ်တရက်ပြန်မဖြေပဲ ခပ်ဆိုင်ဆိုင်းလုပ်နေသည်။
"အင်း ... သူတို့ကတော့ နန်စီဟာ သိပ်လှတာပဲလို့ ထင်ကြပါတယ်။ သူဝတ်စားဆင်ယင်ပုံကို သူတို့ အရမ်း သဘောကျကြတယ်၊ မျက်နှာကလေး အမြဲတမ်းချိုနေတာကိုလဲ ပြောမဆုံးဘူး၊ နောက်ပြီးတော့ အများ တကာနဲ့ မရောမနှောဘဲဘာသိဘာသာပဲနေတတ်တယ်လို့လဲ ထင်ကြတယ်"
"သိပ်မှန်တာပေါ့၊ ကျွန်တော့်မိန်းမ ဘယ်လိုအခြေအနေမှာ ရှိနေတယ်ဆိုတာ ကျွန်တော်လဲ အမြဲ တမ်း စူးစမ်းလေ့လာ နေတာပဲ၊ ဂေါက်ကလပ်မှာဆိုရင် ကျွန်တော့်မိန်းမ ကို ပွဲမထုတ်တာနဲ့ပတ်သက် ပြီး လူတွေက ကျွန်တော့်ကို ပြောလှပြီ။ လွန်ခဲ့တဲ့အပတ်က မိုက်ကယ်တို့ကျောင်းက နန်စီကို ကော်မတီ တစ်ခုခု ထဲမှာ ၀င်ပါပြီး ကျောင်းနဲ့ ပတ်သက်တာတွေ ၀ိုင်းကူလုပ်ဖို့ ကမ်းလှမ်းတယ်။ နန်စီက မဆိုင်းမတွ ငြင်း လိုက်တယ်။ လွန်ခဲ့တဲ့လတုန်းကလဲ တစ်ခုဖြစ်ပြီးပြီ၊ အိမ်မြေပွဲစားတွေရဲ့ ညစာစား ပွဲကို ကျွန်တော် ဇွတ်အတင်း ခေါ်သွားတယ်။ ညစာစားပွဲတက်သူတွေ ဓာတ်ပုံစုရိုက်ကြတော့ နန်စီ မရှိတော့ဘူး။ အိမ်သာ ထဲမှာ သွားပုန်းနေတယ်လေ" "သူ့ကို မှတ်မိသွားမှာ သူကြောက်နေတာပါ"
"ဒါကို ကျွန်တော် နားလည်ပါတယ်။ ဒါပေမယ့် ကိုယ်ကျင်လည်နေတဲ့ ပတ်ဝန်းကျင်က လူတွေနဲ့ မဆုံ ဖြစ်အောင် ဒါလောက်အကြာကြီး ရှောင်တိမ်းပုန်းအောင်းနေလို့ ဘယ်ဖြစ်မလဲ။ လောကကြီးမှာ လူတူ တွေလဲ အများကြီးရှိပါသေးတယ်။ တကယ်လို့များ နန်စီကို လူသတ်မှုနဲ့ တရားပြန်စွဲမယ်ဆို ရင် နန်စီရဲ့ ပတ်လည်မှာ မိတ်ဆွေ အပေါင်းအသင်း တွေ ရှိနေစေချင်တယ်။ နန်စီကို အဲဒီမိတ်ဆွေ အပေါင်းအသင်း တွေက ၀ိုင်းရံထားနေစေချင်တယ်။ နန်စီ ဟာ ငါတို့နဲ့ တစ်သွေးတည်းတစ်သား တည်းပါလားဆိုတဲ့စိတ်မျိုး ပတ်ဝန်းကျင် က လူတွေဆီမှာ ကိန်းအောင်းနေစေချင်တယ်။ ဘာ ကြောင့်လဲဆိုတော့ အမှုကရှိနေ (..........စာမျက်နှာ ၂မျက်နှာ လွတ်နေပါသည် နောက်နေ့ ပြန်တင်ပေးပါမည်.........)
ပါသည်။ သူ့ဘ၀တိုးတက်ရာ တိုးတက်ကြောင်းတွင် အဆီးအတားဖြစ်နေသည့် အရာများကို ဖယ် ရှားလိုခြင်းလည်း ပါသည်။
ဘာပဲဖြစ်ဖြစ် အဓိကကတော့ နန်စီအတွက်ဖြစ်ပါသည်။ ဒါကို သူသာလျှင် အသိဆုံးဖြစ်သည်။
တစ်ခါတုန်း က ဖြစ်ဖူးသည်။
သူတို့နေသည့်အိမ်ပုံ ကို နန်စီကိုယ်တိုင် ရေးဆွဲထားသည့် ရေဆေးပန်းချီကားတစ်ချပ်ကို လာပြ သည်။ အပျော်တမ်း ပန်းချီလက်သင်လေးတစ်ယောက်၏ လက်ရာဟု မထင်မှတ်ရလောက်အောင် ကောင်းသည်။
ထို့ကြောင့် ရေး ကရုဏာဒေါသနှင့် ပြောမိသည်။
"အရမ်းကောင်းတာပဲ။ ဒီပန်းချီကားကိုရော ဘယ်ဗီရိုထဲမှာ သွားဝှက်ထားဦးမှာလဲ"
နန်စီသည် တုတ်ကြီးကြီးတစ်ချောင်းဖြင့် အားကုန်လွှဲ၍ အရိုက်ခံလိုက်ရသူတစ်ယောက်လို ဖြစ် သွားသည်။
ထိုအဖြစ်ကိုမြင်တော့ ရေးသည် သူ့လျှာကို ကိုက်ဖြတ်ထုတ်ပစ်လိုက်ချင်စိတ် ပေါက်သွားလေ သည်။
"အချစ်ရယ် ကိုယ်စကား မှားသွားပါတယ်။ ထိခိုက်စေလိုတဲ့သဘောနဲ့ ပြောတာမဟုတ်ပါဘူး။ မင်းနဲ့ ပတ်သက်ပြီး ကိုယ်အရမ်း ဂုဏ်ယူပါတယ်။ ပြောင်မြောက်တဲ့ မင်းရဲ့လက်ရာတွေကို လူတွေ ကြည့်စေချင် မြင်စေချင် တဲ့ စေတနာနဲ့ ရိုးရိုးသားသား ပြောလိုက်မိတာပါ"
သူ ကမန်းကတန်း ရှင်းပြကာ တောင်းပန်ခဲ့ရဖူးသည်။
သို့ကလို အရာရာမှာ ဆင်ခြင်ခဲ့ရသည်။ သွားရာမှာလည်း မလွတ်လပ်၊ ပြောရာမှာလည်း မလွတ် လပ်။ ဒီလို ကျပ်တည်း ကျဉ်းမြောင်းသည့် ဘ၀တွင် အဘယ်မျှကြာအောင် နေရဦးမည်နည်း။
နန်စီ၏ဘ၀အမှန်ကို လက်မထပ်မီကတည်းက သူ ကြိုတင်သိခဲ့သည်။ နန်စီက အလုံးစုံဖွင့်ဟ၀န်ခံ ခဲ့သည်။ ထို့ကြောင့် နန်စီ နှင့် လက်ထပ်လျှင် မည်သို့သော အခက်အခဲများနှင့် ကြုံတွေ့ရမည်ဖြစ် ကြောင်း သူ ကြိုတင် သိထားခဲ့သည်မှာ မှန်ပါသည်။
သို့သော် ယခုလို တကယ်ကြုံတွေ့လာရသောအခါတွင် သူ့အဖို့ ဆက်လက်ခံနိုင်စွမ်းမရှိတော့ပြီ။
သူ သက်ပြင်းရှည်ကြီး ချမိသည်။ ပြီးတော့ စာတိုက်မှတစ်ဆင့် ရောက်လာသည့်စာများကို ဖွင့်ဖတ် နေသည်။
ဆယ်နာရီ ဆယ့်ငါးမိနစ်တွင် သူ့ရုံးခန်းတံခါးကို ဒေါ်ရော်သီက ၀ုန်းဝုန်းဒိုင်းဒိုင်း ဖွင့်ဝင်လာသည်။ ကျန်းမာရေး ကောင်းသောကြောင့် အမြဲတမ်း သွေးရောင်သမ်းနေသည့် ဒေါ်ရောသီ ၏ ပါးပြင်များမှာ သွေးရောင် ပျောက်ပြီး ဖြူဖပ်ဖြူရော် ဖြစ်နေသည်။
ထို့ကြောင့် အထိတ်တလန့်ဖြင့် ဒေါ်ရော်သီဆီသို့ ပြေးသွားရန် ထိုင်ရာမှ သူ ခုန်ထသည်။
သို့သော် ဒေါ်ရော်သီသည် ခေါင်းခါပြသည်။ ရုံးခန်းတံခါးကို ပြန်ပိတ်နေသည်။
ပြီးတော့ ချိုင်းကြားမှညပ်ပြီး ၀ှက်ယူလာသော သတင်းစာကို ဆွဲထုတ်ပြသည်။
ကိပ်ကော့ဒေသတွင်းအတွက် ထုတ်ဝေနေသော ကိပ်ကော့ "ကွန်မြူနီတီ"သတင်းစာ ဖြစ်သည်။
ဒေါ်ရော်သီ က အတွင်းစာမျက်နှာတစ်နေရာကိုလှန်သည်။ လူအများ စိတ်ဝင်စားသည့် သတင်းများ၊ ဆောင်းပါးများ၊ ဇာတ်လမ်းများ ထည့်သွင်းဖော်ပြမြဲဖြစ်သော ကဏ္ဍဖြစ်သည်။
ထိုစာမျက်နှာကိုလှန်ပြီး သတင်းစာကို ရှေ့စားပွဲပေါ်သို့ ပစ်ချပေးသည်။
သတင်းစာတွင် ဖော်ပြထားသည့် ဓာတ်ပုံကြီးကို သူတို့နှစ်ယောက်ပြိုင်တူ ငုံ့ကြည့်မိကြသည်။
နန်စီ၏ပုံကြီးဖြစ်သည်။ နန်စီ၏ပုံဖြစ်ကြောင်း လူတိုင်းအလွယ်တကူ သိသာနိုင်ပါသည်။
ထိုပုံ ကို ယခင်တုန်းက ရေးတစ်ခါမှ မမြင်ဖူးပါ။ ကွမ်းရိုးစင်းဝတ်စုံကို ၀တ်ထားသည်။ ဆံပင်ကို နောက်လှန်ဖြီးပြီး ထုံးထားသည်။ ဆံပင်မှာ ရွှေရောင်မဟုတ်။ အညိုရောင်ဆိုးထားပြီးသား ဖြစ်နေ သည်။
ထိုဓာတ်ပုံ၏ အောက်တွင်-
"ယနေ့သည် နန်စီဟာမွန် အဖို့ ရွှင်လန်းချမ်းမြေ့သော မွေးနေ့ဖြစ်နိုင်ပါမည်လား"ဟူသော ပုံစာကို ရေး ထား သည်။
နောက်ဓာတ်ပုံတစ်ပုံက လူသတ်မှုဖြင့် အမှုစစ်ဆေးနေဆဲကာလက နန်စီတရားရုံးတော်မှ ထွက်ခွာ လာသည့် ပုံဖြစ်သည်။
သူ့မျက်နှာပေါ်တွင် မည်သည့်ခံစားချက်မျိုးမှမရှိ။ ငှက်ပျောတုံးကြီးလို ဖြစ်နေသည်။ ရွှေရောင် ဆံပင် များက ပခုံးနှစ်ဘက်ပေါ်သို့ ဖွာရရာလျှောကျနေသည်။
တတိယ ဓာတ်ပုံ ကမူ နန်စီက ကလေးငယ်လေးနှစ်ယောက်ကို လက်နှစ်ဖက်ဖြင့် သိမ်းဖက်ထား သည့်ပုံ ဖြစ်သည်။
ဆောင်းပါး၏ပထမဆုံးစာပိုဒ်မှာ-
"ယနေ့ဆိုလျှင် နန်စီဟာမွန်သည် တစ်နေရာရာတွင် သူ၏(၃၂)နှစ်မြောက်မွေးနေ့ပွဲကို ကျင်းပနေ ပေရော့မည်။ နောက်ပြီးတော့ ကလေးငယ်များ သေဆုံးရခြင်းနှင့်ပတ်သက်၍ နန်စီဟာမွန် သတ် သည်မှာ ပေါ်လွင်ကြောင်း တရားရုံးတော်မှ စီရက်ချက်ချမှတ်သည့် ခုနစ်နှစ်ပတ်လည်နေ့လည်း ဖြစ်ချေသည်"
ဟူသော ၀ါကျများနှင့် ဖွဲ့စည်းထားလေသည်။
အခန်း (၄) ဆက်ရန်
.
2 comments:
တစ်ကယ်ပဲ သူဘယ်လို ဆုံးဖြတ်ချက်ချမလဲ သိချင်လာပြီ..:) မမရေ စောင့်မျှော်အားပေးလျှက်ပါလို့..
ဖတ်သွားပြီ ညီမရေ။
ဆက်ရန်လေးကို မျှော်နေတယ်နော်။
မေတ္တာဖြင့်
အန်တီတင့်
Post a Comment