Thursday, July 14, 2011

ဆရာဦးသုခနှင့် သူ့ခေတ်ပြိုင် စာဆိုတို့အမြင် အပိုင်း (၁၆)

သြော် … ဆရာငြိမ်း
သုခ တမ်းတသည်

လူဖြူဖြူနွဲ့နွဲ့ ခြေတံလက်တံသွယ်လျလျ ခေါင်းတုံးဆံတောက်ပါးပါးတွင် နားထင်နားရင်းများက ဖြူလွလွ ဖြင့် သဘောကောင်းပုံရသော အသက်လေးဆယ်ခန့် ပုဂ္ဂိုလ်ကား ဆရာမြို့မငြိမ်း ပေတည်းဟု မြင်လျှင် မြင်ခြင်း သိလိုက်ပါသည်။

အချိန်ကား ကျွန်တော်အေ၀မ်းရုပ်ရှင်သို့ ရောက်စ ၁၉၃၇ခုနှစ် နေရာမှာ အေ၀မ်းရုပ်ရှင်ခြံအတွင်း သီးသန့် ဆောက်လုပ်ထားသော ဂီတရိပ်မြုံ အဆောက်အဦကလေး အတွင်းဝယ် "နတ်သျှင်နောင်" နှင့် "သက်ဝေ" ဓာတ်ပြား သီချင်း များ တိုက်ပေးနေသည့် ဌာနဖြစ်ပါသည်။ အေ၀မ်းဓာတ်ပြား ခေတ်စားချိန်ဝယ် အေ၀မ်း ခင်မောင် ခေါင်းဆောင်သော အေ၀မ်းတူရိယာအဖွဲ့ တက်ညီလက်ညီထကြွ ကြိုးစားကြသကဲ့သို့ ပြည်လှ ဖေ၊ မေရှင် တို့နှစ်ဦးမှာလည်း တုဘက်ပြိုင်ကင်းသော အဆိုကျော် ပြည်သူ့အချစ်တော်များပေတည်း။ အဆိုကျော်၊ ၀ိုင်းကျော်တို့အတွက် သီချင်းရေးဆရာ အကျော်အမော်ဟူ၍ မန်းရွှေမြို့တော်မှ တသီးပုဂ္ဂ ခေါ်ယူပင့်ဆောင်ခံရသည့် ဆရာနှစ်ဦးကာ မြို့မငြိမ်းနှင့် အေ၀မ်းဆရာညှာ တို့သာတည်း။ "တပ်တော် ဦးဆီမျှော်လိုက်ပြန်တော့ ရဲတံခွန်တွေ လေကစား ကြွား တလူလူ ဝေ တပ်ဦးဆီမျှော်လိုက် ပြန်တော့ တံခွန် တွေ အလံတွေ ရဲမာန် ပွားလောက်ပေ"။

ဆရာငြိမ်းက မယ်ဒလင်ကို ညင်းညင်းသာသာတီး၍ သူ့နှုတ်ဖျားမှ တိုးတိုးကလေး ဆိုပြနေချိန်ဝယ် သူ့မျက်စိ အစုံမှာ မှိုင်းမှုန်စွာ အဝေးမြေသို့ ငေးနေတော့သယောင် လည်တိုင်ကျော့ကျော့တွင် မျက်နှာ ကလေး ခပ်မော့မော့ ရှိလှသည်။ သူ့သီချင်းကို ပြည်လှဖေ သံနေသံထာလိုက် စမ်းရင်း ဆိုကြည့်နေသည်။ ကျွန်တော့်နှုတ်မှလည်း သံယောင်လိုက်၍ ဆိုနေမိသည်။
စင်စစ်မှာကား ကျွန်တော့်အဖို့ ဇာတ်ညွှန်းရေးသမား တစ်ယောက်သာ ဖြစ်ချေသည်။ ကျွန်တော့်အလုပ်မှာ စက္ကူပေါ် တွင် ဇာတ်လမ်းရေးချဖို့သာဖြစ်လျက် ကျွန်တော်၏ အလုပ်ခွင်မှာလည်း ထိုဂီတစံအိမ်နှင့် အလှမ်း ကွာလှသော စတူဒီယိုထဲက အခန်းကျဉ်းကလေးတစ်ခုပင် ဖြစ်ချေ၏။ သို့သော် ၀ါသနာ၏ စွဲဆောင်ရာကို တော်လှန်နိုင်စွမ်း မရှိခဲ့။

ကျိုက်လတ်မြို့ဇာတိ မဟာဂီတ ဦးပြုံးချို၏ဆရာ စောင်းဆရာကြီးဦးတုတ်ပေါ ဆိုသူကား ကျွန်တော်၏ အဖိုးအရင်း ပါတည်း။ ကျွန်တော်အဖိုး၏ ဆရာကား ဒေ၀ဣန္ဒာဆရာကြီးဟု သိလိုက်ရသည်။ ဆယ်နှစ်သား လောက် က အဖိုးကွယ်လွန်သွားခြင်းကြောင့် အတီးပညာကို စည်းနှင့်ဝါးမျှသာ ရလိုက်ရသော်လည်း မတောက် တစ်ခေါက် ဆိုချင်သည့် ၀ါသနာမှာ အဖိုး၏ မျိုးရိုးဗီဇဟုပင် ဆိုရမည်လားမသိ၊ ဆရာမြို့မငြိမ်း ကို မြင်ဖူးချင်၍ သွားကြည်ရာဝယ်  သူ၏သီချင်းသံက ကျွန်တော်၏ ဘ၀င်၌ တလှပ်လှပ်ခံစားရအောင် စွမ်းဆောင် နေပြန်တော့သည်။

"ပိတောက်တွေ ရွှေရည်လူးခဲ့ပေါ့လေ ပုလဲငုံစံပယ်ဖြူ ဖူးခိုက်ဝေေ၀ ပန်းမျိုးစုံရာသီကူးခဲ့ပေါ့လေ ချစ်သူကို ရည်စူး ခူးတယ်လို့ ချွေ ကိုယ်တိုင်လှရာရာ ရွေးလို့ ဆင်မပေးရ ဆံမြညှာကေ စစ်မြေမှာ ကြာညောင်း ရက်ရှည် ရောက်မယ်အထင်နဲ့ မျှော်တဲ့သူ ဗျာပါကြွေ တတွေးတွေး ဆွေးရှာရော့မယ်လေ"
အမယ်လေး ကဗျာဆန်လိုက်တဲ့ ဂီတနှယ်နော် သို့ကလိုပင် ကျွန်တော် ငြီးလိုက်မိသည်။ ဟုတ်ပါသည်။ ဂီတတိုင်း သီချင်းတိုင်း ကဗျာဆန်သည်ဟု မဆိုနိုင်ပါ။ ဝေါဟာရဆနသော ဂီတသီချင်းမျိုးကား များပြား လှစွာ၏။ ယခုတော့ ကြည့်စမ်းပါ့။

ပိတောက်ပန်းကလေးတွေ ရွှေရောင်တောက်သလို ၀ါဝါထိန်ထိန် ပွင့်နေ ခြင်းကို ဆရာငြိမ်းက ရွှေရည်လူး ထား လိုက်သည်၊ ရာသီမသိ ပန်းနှင့်ညှိဆိုဘိသကဲ့သို့ ပန်းမျိုးစုံပွင့်ခြင်း ကြောင့် ရာသီတွေပြောင်းကာ နှစ်ကာလ ဟောင်းခဲ့ရသည့်ကာလကို ပန်းမျိုးစုံ ရာသီစုံ ကူးခဲ့သည်ဟု သူ ဆိုသည်။ ထို့ထက် ဓာတုကလျာ ချစ်သူ ၏ ဆံပင်တွင် လှနိုးလှရာပန်းတွေထဲက ရွေး၍ သူကိုယ်တိုင် ပန်ပေးချင်သည်ကို ဆိုရာ၌ ဆံပင်ကလေး ကို ဆံမြညှာကေဟု သူ ဖွဲ့နွဲ့ထားပုံမှာ ကယုကယင် နိုင်လှသည်။ ကဗျာဆန်လှသည်။ ချစ်ဖွယ်လိလိ ရှိလှသည်။
သူ့ဂီတကဗျာ ကို ချစ်လှ၍ သူ့ကိုပါ ချစ်လာရသည်။ တိုးတိုးသက်သာ စကားပြောပုံ အားနာလိုက်လျောခြင်း အပြည့်နှင့် ပြုံးပြလိုက်ပုံကလေးများကလည်း သူ့ဂီတ ကဗျာဆန်သလို သူ၏စိတ္တုပ္ပါဒ်ကပါ ကဗျာဆန်နေပါ သည်။ စာသားနူးညံ့သလောက် သဘောထားနူးညံ့၏။

ကျွန်တော်၏ အလုပ်ခွင်ကို စွန့်ခွာ၍ သီချင်းတိုက်တိုင်း သူ့အနားသို့ ရောက်နေသည်မှာ တာဝန်ဝတ္တရား ရှိနေသလားဟု ကိုယ့်ကိုယ်ကို ထင်မှားနေသော ကျွန်တော်ပင် ဖြစ်ပါသည်။ နောက်တစ်ကြိမ်ကြားရသော သီချင်းစာသား ကား "သက်ဝေ"
"လှသထက်လှမယ်ဆိုရင် ဆေးဖက်ဝင်ပါသလား မောင့်အသားတွေ မောင့်အသွေးတွေ မောင့်အသည်းတွေ မောင့်နှလုံးတွေ အသုံးပြုပါလေ ကြည်ဖြူပါတယ် လိုရာကို ယူစေ"
အချစ်ကို ဖွဲ့သော သီချင်များတွင် "ချစ်သမျှကို" ပတ်ပျိုးကို စံထားခဲ့ကြရသည်။ မြို့မငြိမ်းက "ချစ်သမျှ" ကို ထက်ပို၍ ချစ်ပြလိုက်ပြီဟု ထင်ရသည်။ ဤစကားသည် ယုတ္တိ ရှိပါသည်။ ချစ်သမျှကို ပတ်ပျိုးစာသားမှာ မြင်းမိုရ်တောင်ကြီး နှင့် နှိုင်း၍သာ အချစ်ကို ပြသည်။ မဟာပထ၀ီမြေကြီးကိုသာ သက်သေပြုသည်။ တကယ် ဆိုရလျှင် ကိုယ့်ဖက်က ကိုယ်ချစ်ကြောင်းသာ ၀န်ခံရုံရှိသည်။

မြို့မငြိမ်း ကမူကား မိမိ၏ချစ်သူဟာ လှနေပြီး ဖြစ်ပါလျက်နှင့် ထို့ထက်ထို့ထက် ပို၍ လှလာနိုင်စွမ်း ရှိသော ဒဗ္ဗဂုဏပရ ဆေးဘက်ဝင်များမှာ မိမိ၏ အသွေးအသားအသည်းနှလုံးဖြစ်သည်ဟု ဆိုငြားအံ့၊ အလှဆေးဖော် ရအောင် ကြည်ကြည်ဖြူဖြူ ပေးရက် ပါသည်ဟူသော ဝေါဟာရမှာ တစ်ကိုယ်ကောင်းမဆန် ချစ်သူအတွက် အနစ်နာခံတော့မည့် အနုပီယကထာ စကားကလေးမျိုး ဖြစ်တော့သည်။
သူမို့ ရှာတတ်သည်။ ကြံတတ်သည်။ တွေးတတ်သည်။ ရေးတတ်သည်။ အချစ်ကို ဖွဲ့ဆိုလျှင် "သက်ဝေ" ကို မီအောင် လိုက်ကြပေရော့ဟု စိမ်ခေါ်လိုက်သလား မှတ်ရတယ်ဟု ကျွန်တော် ပြောမိသည်။ သူ့ခါးကလေး နွဲ့သလောက် သူ့စာသားကလေးတွေ နွဲ့ပါဘိခြင်း၊ အပြင်ပန်း၌ကား စကားကို ဖောင်လောက် အောင် မပြော တတ်၊ အလွန်နှုတ်နည်းသော ဆရာပါပေ။
ပြောမည့် ပြောလျှင်လည်း အတိုဆုံးနှင့် အဓိပ္ပာယ် အပြည့်ဝဆုံးတို့သာ သူ့နှုတ်က ထွက်လာတတ်ပါသည်။

မန္တလေးရုပ်ရှင်တွင် ဘ၀သံသရာ ဇာတ်ကားရိုက်ကးရန် စီမံစိုင်းပြင်းကြစဉ်က မြို့မငြိမ်းကား ဂီတ ညွှန်ကြားရေးမှူး အဖြစ် ခန့်အပ်ခြင်းကို လက်ခံသူတည်း။
ဆရာငြိမ်းက သီချင်းတစ်ပုဒ် တစ်ပုဒ်ရေးတာ ကြာတယ်၊ ထိုကောလာဟလမှာ တစ်နေ့တော့ သူ၏နားသို့ ပင် ပေါက်ရောက်သွားခဲ့သည်။ တစ်ညနေ၌ မန္တလေးရုပ်ရှင်ခြံ သပြေပင်ရိပ်အောက်ဝယ် ခင်းထားအပ် သော လက်ဖက်ရည်စားပွဲ၌ သူနှင့်ကျွန်တော့်အပြင် အခြားသောပုဂ္ဂိုလ်များပါ ၀ိုင်းထိုင်စကား ပြောကြ၏။ စကားပြော ကြ၏ ဆိုရာ၌ သူကား အပြောသမား မဟုတ်၊ အတွေးသမား၊ အငေးသမားသာ ဖြစ်ပါသည်။ စပ်မိစပ်ရာ စကားပြဿနာတို့တွင် ဆရာငြိမ်းကား စိတ်ဝင်စားဟန်မတူ၊ ကျားတံဆိပ် မီးခြစ်ဗူးထဲမှ မီးခြစ် ဆံတစ်ချောင်း ကို ထုတ်၍ ခြစ်ကြည့်လိုက်သည်။ မီးခြစ်ဆံ တိုသွားသောအခါ မီးတောက်နှင့်တကွသော ထင်းရူးသား ကလေးကို အောက်သို့ ချလိုက်သည်။

ထိုသို့ ပြုမူနေသည်မှာ တစ်ချောင်း က နှစ်ချောင်း၊ နှစ်ချောင်းက သုံးချောင်း အနားရှိလူတွေက သူ့ အပြုအမူ ထူးခြားပုံ ကို အာရုံပြုမိကြသည်။ ထိုပုဂ္ဂိုလ်ဝိုင်းထဲက နှုတ်သွက် စကားသွက်သူက ကျွန်တော် ပင်တည်း။
"ဆရာ က မီးခြစ် ခြစ်ခြစ်ပြီး တေဇောကသိုဏ်းရှုနေတာများလား ဆရာ" ထိုအခါမှ သူက လျော့ရဲရဲ ကလေး ပြုံး၍ သူ့အိတ်ထဲက ရိုကိုဆင် ဓာတ်မီးခြစ်ကလေး ထုတ်ကိုင်လိုက်သည်။ "ဘယ်သူက စမေးမလဲလို့ လုပ်နေတာ ဆရာသုခက မေးမှ ကျွန်တော်က ဖြေရတော့မယ် တခြား မဟုတ်ပါဘူးဗျာ၊ ဟောသည် သစ်သားမီးခြစ်ကလေးဟာ တစ်လုံးမှ ငါးပြား ပေးရတယ်။ မီးတောက်ကလေး ထွက် အလာသား၊ ဟောဒီ ကျွန်တော့်မီးခြစ်ဟာလေ လေးဆယ့်ငါးကျပ်တောင် ပေးကိုင်ရသဗျ၊ သူလည်း အခုလို ခြစ်လိုက်တော့ မီးတောက်ပဲ ထွက်လာတာပါပဲ၊ (စကားပြောရင်း တောက်ခနဲ လက်နှင့်နှိပ်၍ မီးတောက် ကလေး စွဲလာ အောင် ခြစ်ပြလိုက်သည်)

"အဲ မီးတောက်ခြင်းတော့ အတူတူပါပဲ ဒါပေမယ့် သစ်သားမီးခြစ်က အဆံကုန်တော့ လွှင့်ပစ်လိုက်ရုံပဲ ကျွန်တော့် မီးခြစ် ကတော့ လွှင့်မပစ်ရက်နိုင်အောင် အချိန်ကြာကြာ သေသေသပ်သပ် စနစ်တကျ လုပ်ထား ပေတာကိုး၊ မသကာ ဓာတ်ဆီတို့ ကျောက်တို့ ကုန်ရင် ပြန်ထည့်နိုင်တာမို့ မီးခြစ်မပျောက်မခြင်း တရိုတသေ သိမ်းထားရတာပေါ့ ဟုတ်ဖူးလားဗျာ၊ ဆရာသုခကတော့ မီးခြစ်ကောင်းကောင်း ကိုင်ဖူးလို့ သိပါတယ်လေ" အများက အဓိပ္ပာယ် နားမလည်ခင် ဆရာငြိမ်းက သူ့မီးခြစ်ကလေး တရိုတသေ အိတ်ထဲ ပြန်ထည့် လိုက်ကာ မွန်မွန် ရည်ရည် နှုတ်ဆက်၍ တပါတည်း ပြန်သွားပါတော့သည်။
"ဆရာသုခ ရေ ကျွန်တော် အိမ်ပြန်လိုက်အုံးမယ်" နောက်တစ်လလောက်ကြာ၍ မန္တလေးသို့ ကျွန်တော် တစ်ခေါက် ရောက်ချိန်မှာကား ဆရာမြို့မငြိမ်းသည် သူ၏အဖိုးတန် ဓာတ်မီးခြစ်ကလးကိုထား၍ ဘ၀ တစ်ပါးသို့ ပြောင်းသွားရှာပြီ သို့သော် သူ့ဓာတ်ဆီးခြစ်နှင့်တူသော သူ့ဂီတများအား ဂီတမြတ်နိုးသူတိုင်း တရိုတသေ သိမ်းထားကြမည့် ကဗျာ့အမြုတေ ဂီတရတနာများသာ ဖြစ်ပေတော့မည်တကား သြော် ဆရာငြိမ်း ဆရာငြိမ်း …။

သုခိအတ္တာနံ ပရိဟရန္တု
 
ဒေါ်လာ (ရေချမ်း) ကျေးဇူးရှင်ဆရာဦးသုခနှင့် ကျွန်တော်

ကျွန်တော်က အမေ ဆို "ချစ်" လှပေါ့ဗျာ။။ အားလဲကိုးတယ်၊ ခင်လဲခင်တယ်။ ခင်ဗျာ။ လောကကြီး တစ်ခု လုံး မှာ အမေဟာ အဓိကပဲလို့ ထင်မိသူပါ။ အမေ က ကျွန်တော်ကို ဘယ်လောက်ချစ်သတုန်းဆို (၃)နှစ် သား လောက်ထိ "နို့" တိုက်တုန်းပါ။
တစ်နေ့ …
ကစားရာက ပြန်လာပြီး နို့တွယ်နေတုန်းမှာ အဒေါ်ကြီးတစ်ယောက်က မြင်သွားပြီး "ဟဲ့ … ရှင်လှကြည်ရဲ့ ညည်း ကလေး က ဆင်ကောင်ကြီး၊ မြင်းကောင်ကြီး တောင် ဖြစ်နေပါပြီဟဲ့။ နို့ဖြတ်လိုက်တော့လေ။ ကြာရင် နို့ပွေး တွေ စားကုန်ပြီး သွားတွေကျိုးကုန်လိမ့်မယ်လို့ သတိပေးတော့မှ "မုတ်ခါး" သုတ်ပြီး နို့ဖြတ်ပါ တော့ တယ်။

ကျွန်တော်ကိုခေါ်ရင်လည်း နာမည်တောင်မခေါ်ရက်လို့ "သား" "လူလေး" "မေ့ချစ်တုံးလေး" နဲ့ ခေါ်တတ် ပါတယ်။ ခိုင်းချင်စရာ ရှိရင်လဲ "သား" အမေလက်မအားသေးလို့နော် ဟိုဟာလေးယူပေးစမ်းပါဦး ဒီဟာလေး ဆွဲပေးစမ်း ပါဦးကွယ်"နဲ့ နားဝင်ချိုအောင် ပြောပြီး ခိုင်းတတ်ပါတယ်။ ပန်းကန်လုံး၊ ပန်းကန်ပြားကိုင်ရင်လဲ "သေချာ ကိုင်နော် လွတ်ကျရင် ကွဲတတ်တာရယ်။ ဟောဒီလို တုတ်ချွန်ကြီးတွေ ပါရင် မကိုင်ရဘူး။ မျက်စိ ထိုးမိပြီး သွေးထွက်ကုန်တတ်တယ်လို့" သေချာစွာ  ရှင်းပြတတ်ပါတယ်။

ဟောဒါက သားလေးကြိုက်တဲ့ အဖတ်ဟင်းပါတယ်... များများမစားရဘူးနော်။ တို့ကာပင့်ကာ စားရတယ်။ သူချည်းစားရင်း သွားတွေနာကုန်တတ်တယ်နော်။ ဒါက ငါးပိလိမ္မာချက်လို့ ခေါ်တယ်။ ငရုတ်သီးပါလို့ နည်းနည်း တော့ စပ်မှာပေါ့။ ဒါမှကျန်းမာရေးအတွက် အခိုးတွေပွင့်ပြီး ကောင်းသွားမှာလေ။ ဒါက သားစား နေကျ ပဲဟင်း နဲ့ မန်ကျည်းချဉ်ရေလေ။ ပရိုတင်းတွေ အများကြီးပါတော့ သန်မာထွာကျိုင်းလာမယ်လေ။ ဒါက ငါးကလေးအိုးကပ် ချက်လေ။ မွှေးနေတော့ စားချင်စရာကြီးပေါ့။ အရိုးတွေကို သန်မာစေတဲ့ကွယ်။  အရင်တစ်ခါ သားက ဒီဟင်းနဲ့ ထမင်းတွေ တစ်ဇလုံကြီးကုန်တာ အမေမှတ်မိနေသေးတာပေါ့လို့ အဆင်ပြေ အောင်ပြောပြီး ကျွေးမွေးတတ်တာကို သတိရနေတုန်းပါ။

စိတ်အားလက်အားရှိ သားအမိနှစ်ယောက်တည်းများ ရှိပြီဆိုရင် အမေက သားကို စိတ်ချတာ မဟုတ်ဘူး။ ကျောင်းတောင် မဖြစ်လို့ ထည့်ရတာရယ်နော်။ တော်ကြာ ဘယ်သူကများ လုပ်လွှတ်တာခံခဲ့ရမလဲ၊ အချင်းချင်းရန်ဖြစ်ကုန်လို့ ပေါက်ပြဲကုန်မလားလို့ တွေးပူနေတာ။ သူတစ်ပါးပစ္စည်းဆို မပေးပဲနဲ့ မယူရဘူး အမေ မကြိုက်ဘူးနော်။ အမေက သားလေးကို လိမ္မာစေချင်လို့ ကျောင်းထားရတာ။ လိမ္မာအောင် နေပါ သားရယ်လို့ တဖွဖွမှာ တတ်ပါတယ်။

ကျွန်တော်က ပျင်းလို့ စာမကျက်ချင်လဲ "သားစာဖတ်လိုက်ဦးလေ၊ သားက စာတွေရမှာ အလိမ္မာတုံးလေး ဖြစ်တော့မှာပေါ့။ ဒါမှ ပညာတတ်ကြီးဖြစ်မှာ၊ စာတွေတတ်တော့ မြို့အုပ်တွေ၊ အရေးပိုင်းတွေ ဖြစ်တော့ မပေါ့။ သားစာဖတ်ပြီးရင် အမေသားကလေးကြိုက်တဲ့ ပုံပြင်တွေ ပြောပြမယ်၊ သားကြိုက်တဲ့ သကြားလုံး တွေ ကို ကျွေးမှာပေါ့လို့ နားဝင်အောင် ပြောပြီး သူလိုချင်တာကို ဆွဲဆောင်လေ့ ရှိတယ်ပေါ့။
အဖေ့စရိုက်က တစ်မျိုး
စကားအရာမှာ သာယာညှင်း(ငြင်း) ပျောင်းမှုမရှိသလို လိုတိုရှင်းနဲ့ ဒိုးကနဲ ဒေါက်ကနဲ ပြောလေ့ ရှိပါတယ်။ စနေသားပီပီတစ်ခွန်းက နှစ်ခွန်းဆင့်ပြောရရင် ဒေါသရှေ့ရောက် လာတတ်ပါတယ်။ ဇနီးသားမယား နဲ့ အေးအေး ဆေးဆေး ထိုင်စကားပြောခဲသိလို သူ့အလုပ်သူပဲ ဂရုထားနေသူ ဖြစ်ပါတယ်။ အမိအုပ်ကြီးရတာ မဟုတ်ပဲ အဖအုပ်ကြီးရတာဆိုတော့ ကိုယ်ချင်းစာစိတ် နည်းပါးမှန်းသိသာလွန်းပါတယ်။

သူ့ရဲ့ ပညာပေးပုံကြီးလဲ ကြည့်ဦး၊ ကျွန်တော်မူလတန်းစနေတဲ့ အရွယ်လောက်မှာပေါ့။ အိပ်ကောင်း ကောင်း နဲ့ အိပ်နေလိုက်တာ "လင်း" တောာင် မနိုးပဲ နှစ်နှစ်ခြိုက်ခြိုက်ကြီး အိပ်ပျော်လို့နေပါတယ် ဒီတော့ အဖေက ရောက်လာပြီး တုတ်ကြီး နဲ့ လွှဲ၊ လွှဲရိုက်ပါတော့တယ်။ ဒီတော့ ကျွန်တော်ဟာ လန့်တာတစ်မျိုး၊ နာတာ တစ်မျိုးကြောင့် "ထ" ထိုင်မိပါတော့တယ်။ ပါးစပ်ကလဲ ယောင်ယောင်ရမ်းရမ်းနဲ့ ဘာလို့ ရိုက်တာ တုန်း လို့ မေးမိတယ်။
သူ့အဖြေစကားက "လင်းထိန်နေပြီကွ၊ ဒါအိပ်ချိန် မဟုတ်တော့ဘူး၊ နောက်တစ်ခါဆိုရင် ဒီထက်နာမယ် ပြင်ရော့" တဲ့။
အဖေပေးတဲ့ စည်းကမ်းက ခုချိန်ထိ မြဲနေတယ် ဆိုပါတော့။

အမေဆီရောက်သွားတဲ့အခါမှာ "ငါ့သားလေး အတော်နာသွားပြီးလား၊ နင့်အဖေ လုပ်လိုက်ရင် အရမ်းချည်း ပဲ၊ သူက နွားကျောင်းသားဘ၀က လာတာဆိုတော့ လက်မြန်ခြေမြန် ရှိတယ် ထုချင်နှက်ချင်တာလဲ လွန်ရော။ စကားနဲ့ပြောလဲရသားနဲ့ ဥစ္စာ။ ရိုက်လို့ အရှိုးတွေကို ထင်နေတဲ့နေရာကို ပရုတ်ဆီပွတ်ပေးရင်း နင့်အဖေ က အရမ်းမိုက်ရိုင်းတယ်။ ရှေ့နောက်ကြည့်တာ မဟုတ်ဘူး။ ကလေးနုနုထွတ်ထွတ်လေးဆိုတော့ နာမှာပေါ့ သားရယ်လို့ မျက်ရည်တွေ တွေတွေကျရင်း …
သူက လုံးလုံးကောင်းတာ မဟုတ်ဘူးရယ် သားလေးငယ်ငယ်က "ပုခက်"ထဲမှ သိပ်ထားခဲ့ပြီး သားရဲ့ အနှီး တွေကို ချောင်းထဲသွားပြီး လျှော်ရတာပေါ့။ ကလေးကို ကြည့်ထားဦးလို့ မှာခဲ့တယ်။ ခပ်သုတ်သုတ် ဖွပ်လျှော်ပြီး ပြန်ခဲ့တော့ ၀ိုင်းဝင်ကတည်းက မင်းကဂွဲဂွဲလန်အောင် ငိုနေသံ ကြားရတယ်။

ဒီတော့ ဟိုး "ကိုတင်လှိုင်"ရဲ့ တော်မလဲလေ သေချာမှာရဲ့သားနဲ့ ကလေးငိုနေတာ ဘာလို့ မချော့ ရတာတုန်း လို့ ဆူတော့
"ချော့သားပဲဟ၊ နင့်ကလေးက ဆိုးလို့ ငိုနေတာပဲ၊ ငါလဲ ချော့မရလို့ ဒီအတိုင်း ပစ်ထားတာပဲ" လို့ ဆိုတယ်။
အံ့ပါရဲ့တော် ကလေးမှာ အသံတွေတောင် ပျာနေပြီလို့ ကောက်ချီပြီး နို့တပ်ပေးတာတောင် မစို့နိုင်ပဲ ဆက်ငို သေးတာပေါ့။
ဒီတော့ ပိုးကောင်မွှားကောင်များ ကိုက်သလားလို့ ဟိုရှာ၊ ဒီရှာ လှန်လှော် ရှာကြည့်တော့ "ကြော" မှာ လက်ငါးချောင်းရာကြီးက ထင်းလို့ တွေ့သွားပါတယ်။ မျက်ရည်တွေ ပိုးပိုးပေါက်ပေါက် ကျလာပြီး
တော်ဟာလေ ကလေးကို မွေးပြီး ဖခင်စိတ်ကင်းလှချည်လား၊ ဘာမှမသိနားမလည်းတဲ့ကလေးကို ရိုက်ရ တယ်လို့ တော်၊ လက်ဝါးကြီးက သက်သေခံနေပြီ။ တော့ကိုတော့ တစ်သက်မကြေနိုင်ဘူးတော့် အဒေါ် ဒေါ်စံ ဆီ သွားပြီး တိုင်တန်းရတော့တာပေါ့။
ဒီထိ သည်းခံမှု့နည်းတဲ့ အဖေပါ။.

နောက်တော့ ဒေါ်ဒေါ်စံဆုံးမတာနဲ့ နည်းနည်းတော့ ပြင်သွားပါတယ်။ လုံးဝကြီးတော့ မဟုတ်ပါဘူး။ အပြစ် တွေ့ရင် ချက်ချင်းမရိုက်သေးပါဘူး။ တစ်ကြိမ်လဲ နှစ်ကြိမ်ထိ သည်းခံပါသေးတယ်။ သုံးကြိမ်များ ရောက် လာလို့ ကတော့ တိုင်ဖက်ခိုင်းပြီး တွယ်တော့တာပါပဲ။ ကျွန်တော်ကလဲ ကျွန်တော်ပါပဲ။ ရိုက်နေတုန်းသာ ကြောက်ပြီး မေ့မေ့ပျောက်ပျောက် ဖြစ်သွားပြန်တယ်။
အဖေ့ ကိုတော့ ရွှံကြောက်ကြီး ဖြစ်နေတဲ့ စိတ်ကဖျောက်လို့ မရတော့ပါဘူး။ သူဘာပြောပြော ကောင်းတယ် လို့ မထင်တော့ပဲ အပြစ်လို့ပဲမြင်နေပါတော့တယ်။ အဖေနဲ့မျက်နှာချင်းဆိုင် တွေ့ဖိုဆို ရှောင်လေ့ ရှိပါတယ်။ မတတ်သာတဲ့အဆုံး တွေ့ရရင်လဲ ဖြူတယ်၊ မည်းတယ် ဘာတစ်ခွန်းမှ မဟတော့ပဲ တိတ်ဆိတ် နေပါတော့ တယ်။

သားအဖချင်း အနေအထားက တင်းမာနေလျက်ပဲလေ
ဒီလိုနဲ့ခေတ်ကာလတွေ ဖြတ်သန်းပြီး ကျောင်းနေလာလိုက်တာ အစိုးရစစ်တန်းမြင့်ကျောင်းထွက် စာမေးပွဲ အောင်ပြီး ဆယ်တန်းကို ရောက်လာတယ်။ ဆယ်တန်းကို ၀ဲလည်နေပြီး မအောင်နိုင်တာနဲ့ ကျောင်းထွက် လိုက်တယ်။
ဒီတော့ "ရွာ" ပြန်ရောက်လာပြီပေါ့။
စာမေးပွဲမအောင်တာကတစ်မျိုး။ ဖခင်နဲ့ တွဲမလုပ်ချင်တာတစ်မျိုးကြောင့် ရတဲ့ ကျောင်းဆရာအလုပ်ကို လုပ်ဖြစ်တယ်။ ဒီအချိန်မှာ အိမ်ရဲ့စီးပွားရေးက သုံးတန်လော်လီကားပြေးဆွဲပြီး စီးပွားရှာတာအပြင် ဒေသ လိုအပ်ချက် အရ န၀လီဆီအငှား ကြိတ်စက်ကလေးကိုထောင် ဖြစ်ပါတယ်။ လုပ်ငန်းကများ လူက နည်း လို့တော့ ကျွန်တော့်ကို ကျောင်းဆရာဘ၀က ထုတ်ပြီး ဆီစက်ကို ဦးစီးစေချင်တယ်ပေါ့။ လွယ်လွယ်နဲ့တော့ ဘယ်ရနိုင် ပါ့မလဲဗျာ။

ဒီလိုနဲ့နှစ်တွေကြာလာတော့ ကျွန်တော်ကလဲ အိမ်ထောင်ကျပြီး တစ်အိုးတစ်အိမ် ထူထောင်နေပါတယ်။ ချွေးမ ကလဲ မိဘက သဘောတူတာ မဟုတ်တဲ့အပြင် ဇံဇံကျဲစွာစိလန်ဆိုတော့ နေသာအောင် နေကြတယ်။ မြေးတွေရနေတာတောင် သိပ်ဟက်ပက်ပက် မရှိတော့ ကိုယ့်လမ်းကိုယ်ပဲ အေးအေး ဆေးဆေး လျှောက်နေ ကြပါတယ်။
လောကဓံအလှည့်အပြောင်း ဖြစ်ချင်လာောတ့ အဖေက ကျန်းမာရေးသိပ်မကောင်းတဲ့အချက် ဖြစ် လာတယ်။ လော်လီကားကို ရောင်းပစ်လိုက်ခါ ဆီစက်ကိုပဲ အားစိုက်လုပ်ကိုင်တယ်ပေါ့။ သူ့ကျန်းမာရေး က ထင်သလောက် မဟုတ်တော့ပါဘူး။ ဒီတော့ သားကို အားကိုးချင်စိတ် ပေါ်လာတယ်။

သူခေါ်ရင် သေချာပေါက်မလာမှန်းသိတော့ အမေ့ကို ရှင်းပြပြီး ချွေးမ ကို စည်းရုံးကာ အရပါအောင် နှူးပါ တော့တယ်။
သူ့စကားလေးက ဘယ်လောက်တင်းသလဲဆိုရင်
"လခစား ဘ၀ဆိုတာ ဖင်နဲ့ချေးနဲ့ တိုင်းပေးတာပဲ။ ဘယ်လိုမှ ကြီးပွားလမ်း မမြင်ဘူး။ လူမွှေးလူတောင် ပြောင်ချင်ရင်တော့ ကျောင်းအလုပ်က ထွက်ခဲ့တော့။ ကျောင်းဆရာလခ သူပေးနိုင်တယ်။ ထမင်းလည်း ကျွေးထားဦးမယ်ဆိုတော့ မက်လောက်စရာကြီးပေါ့။ ဒီလိုနဲ့ မလောက်ငှရင်လဲ အမေက ထောက်ဦးမယ်လို့ ဆိုပါ သေးတယ်။
ဒီတော့ အမေနဲ့ဇနီးကို "ကျုပ်က ထွက်မယ်ဆို ထွက်နိုင်ပါတယ်။ သားအဖချင်းက သိပ်လေပေးဖြောင့်တာ မဟုတ်တော့ အခက်အခဲဆိုတာ ပေါ်လာနိုင်တယ်။ ဒါကို မင်းက တာဝန်ယူနိုင်မလား။ ဘာဘဲဖြစ်ဖြစ် ရင်ဆိုင် ၀ံ့ ပါ့မလားမေးတော့ ဖြစ်ပါ့တော့၊ ဖြစ်ပါ့ဆိုတာနဲ့ သဘောတူဖြစ်သွားပါတော့တယ်။

ဆီစက်လုပ်ငန်းထဲ ရောက်သွားတယ်ဆိုရင်ပဲ ၀န်ထမ်းဥာဉ်တွေ ဖျောက်ပြစ်ပြီး ခါးချိုးလုပ်ကိုင်သည်။ မဖိတ်ရ မယိုရအောင် တားဆီးလုပ်ကိုင်တော့ အစစအရာရာ အဆင်ပြေတယ်ပေါ့။ ရောင်းစရာရှိရောင်း၊ ၀ယ်စရာဝယ်နဲ့ အားလံး အားလုံး ချောမွေ့လို့ နေပါတယ်။
မနက်မိုးမလင်းခင်ကတည်းက ကိစ္စကြီးငယ်ထလုပ်လိုက် တစနေကုန်စက်လည်ပြီး ဝင်ငွေရှာလို့ နေပါတယ်။ ဆီအငှားလာကြိတ်သူများ အဆင်ပြေစေဖို့ ထိုက်သင့်တဲ့ ဝန်ဆောင်မှု ပေးရပါတယ်။  ပြော ရရင် တော့ဗျာ စက်တစ်ခုလုံးရဲ့ ဘုံကျွန်ကြီးလို ဖြစ်နေပါတော့တယ်။ စိတ်မအားလူမအားနှဲ့ဗျာများလို့ နေရပါတော့တယ်။

နှစ်ကလေးကြာလာတော့ ကျွန်တော်တို့ အိမ်တွင်းရေးမှာ မဋိပက္ခ ဖြစ်လာတော့တယ်ပေါ့။ ကုန်ဈေးနှုန်းက ကြီးမြင့် လာတော့ရတဲ့ လခနဲ့ မလောက်မငှ ဖြစ်လာတ၃ယ်။ လူကြီးတွေမသိအောင် တိုးတိုး တိတ်တိတ် ပေးပါလား လို့ မယားက တောင်းတဲ့အခါ လျှာပေါ်မြက်ပေါက်ပလေ့စေ ငါ ဒီကိစ္စမျိုး မလုပ်ဖူး။ ငါသိက္ခာ မစော်ကားနဲ့လို့ ပိတ်ပင်တားဆီးတယ်။
မယား က တစ်ဖက်၊ မိဘက တစ်ဖက်ကြားထဲမှာ အခက်ကြီးခက်လို့နေတာ ကျွန်တော်ပဲပေါ့။

နောက်ဆုံးတော့ အလွယ်တကူရလိမ့်မယ်အထင်နဲ့ အဖေထံ လခတရားဝင်တိုးတောင်းတဲ့ အခါ
"မင်းငတ်နေ လို့ တိုးတောင်းရတာလား "
မေးတော့
"ငတ်တော့မငတ်ဘူးပေါ့ဗျား၊ ငတ်လုငတ်ခင်ဖြစ်နေပြီ"
ဒါဆိုရင် "ငါ့မြေးတွေခေါ်ခဲ့ ငါကျွေးထားမယ် မင်းမိန်းမ မခေါ်ခဲ့နဲ့ ငါမကျွေးထားနိုင်ဘူး" ဆိုတော့ အတော် စိတ်ပေါက် သွားတယ်။
မျှော်လင်မထားတာ တွေ့လိုက်ရတော့ ထောင်းဆိုဒေါသလည်း ထွက်သွားတယ်ပေါ့။ စိတ်ထဲရှိတာတွေ အန်ထွက် လာတာက…
"ခင်ဗျားက ကျုပ်သားသမီးတွေ ခေါ်ကျွေးတာက သဘောရိုးမဟုတ်ဘူး။ ကျုပ်ညံ့ကြောင်း ဖော်ထုတ်ပြချင် လို့ပဲဗျ"
"အဲဒါတော့ မင်းထင်ချင်သလိုထင်"

"ဒီမယ် ကျုပ်မှာ ခြေရောလက်ရော အကောင်းကြီးရှိသေးတယ်။ ခင်ဗျားစက်လုပ်ရမှ ထမင်းတစ်လုတ်စား ရမှာ မဟုတ်ဘူး၊ ခုအချိန်ကစပြီး ခင်ဗျားစက်မှာ မလုပ်တော့ဘူး ထွက်တယ်ဗျာ" ပြောပြီး အပြီးထွက်ခဲ့ပါ တော့တယ် ။
မျှော်လင့်တကြီး နဲ့ စောင့်စားနေတဲ့ ဇနီးသည်က "ဘယ်နှယ်တုန်း အဆင်ပြေခဲ့ရဲ့ မဟုတ်လား"
"မပြေလည်ခဲ့ပါဘူး ကွာ ခွန်းကြီးခွန်းငယ် ပြောပြီး အလုပ်ကထွက်ခဲ့ပြီကွ၊ ကိုယ်ဒူးကိုယ်ချွန်ပြီး လုပ်ကိုင်စား သောက်ဖို့ပဲ ကြိုးစားပေတော့"
"ကြာနေကတည်းက ထင်တော့ထင်သားပဲ"
"အဲဒါက အရေးမကြီးဘူး၊ အဓိကက ဝမ်းရေးပဲ၊ နေ့တိုင်း ပါးစပ်လှုပ်ဖို့ရာသာ ပြင်ပေတော့"

နှစ်ရက်သုံးရက်လောက် အပြန်ပြန်အလှန်လှန် စဉ်းစားကြပြီး ကိုယ်ပိုင် ပစ္စည်းဆိုလို့ ရှားရှားပါးပါး ဆီပီပါ နှစ်ရစ်စာ ဆီရှစ်ပုံး ကို မတည်ပြီး ထုတ်ရောင်းတယ်။ ရောင်းလို့သာရောင်းရနေရတာပါ။ ဘယ်ဝယ်လို့ ဝယ်ရမှန်းမသိပါဘူး။ ဈေးထဲမှာ ထွက်ရောင်းတာဆိုတော့ လူကစုံတွေ့ရတယ်။ မရောင်းဖူးဘဲနဲ့ ရောင်းတာ ဆိုတော့ အားလုံးအသစ်ဖြစ်နေတယ်။ ဈေးဝယ်ကိုလဲ ရဲရဲခေါ်ဝံ့တာ မဟုတ်သလို၊ ကိုယ်ဟာကိုယ်လည်း ရှက်သလိုလို ကြောက်သလိုဖြစ်ပြီး မနည်းအားတင်းနေရတယ်။ ဈေးသက်ရင့်တဲ့ သူတွေစကား နားထောင် ရသလို ကိုယ်ဟာကိုယ်လည်း ဝေဖန်ဆုံးဖြတ်ရတယ်ပေါ့။ တစ်ချက်ကလေးမှ အမှားမခံနိုင်တဲ့ အချိန်ပါ။

တစ်နေ့ တစ်ပိဿာ၊ နှစ်ပိဿာ ကုန်ရာကနေ တစ်ဆယ်လောက်ထိ တဖြည်းဖြည်းနဲ့ ကုန်လာတယ်။ အတွင် ရောင်းတာ ဆိုတော့ အရင်းများများ အမြတ်နည်းနည်းပဲ ယူတယ်။ နောက်တော့ အရောင်းအားက တက် တက် လာတယ်။ လေးငါးလလောက်နေတော့ လုံးခြားရိုက်နေရာကနေ အမြတ်အစွန်းတွက်လို့ရ လာတယ်။ တနှစ်က နှစ်နှစ်ဆိုတော့ မုဆိုးစိုင်သင်သလို စီးပွားရေးလာဘ်မြင်လာပါတယ်။ တဖြည်းဖြည်းနဲ့ အတွေး အခေါ် လေးကလည်း ရှိ အမြှော်အမြင်ကလေးကလည်း ထားတတ်တော့ အရောင်းအဝယ် လောက မှာ ရပ်တည်လာနိုင်ပါတယ်။
သက်တမ်းကလေး ရလာတော့အသက်ရှုချောင်လာပြီပေါ့။ ဒီတော့ ကိုယ်ဝါသနာပါတဲ့ စာဖတ်ခြင်း အလေ့ ကို အားလပ်ချိန်တွေမှာ လေ့လာဖြစ်တယ်ပေါ့။ သဘောကျစရာ  အကြောင်းများတွေ့ရင်  လင်မယားနှစ် ယောက် တစ်လဲစီဖတ် လို့ တစ်မျိုး အသံထွက်ပြီး တစ်သွယ် စာပေအရသာကို ခံယူလေ့ရှိကြပါတယ်။

တစ်နေ့ ပေးဖူးလွှာ မဂ္ဂဇင်းထဲက ဝင်းငြိမ်းရဲ့ ဦးသုခ အင်တာဗျူးဆိုတာ ဖတ်မိတယ်။ အသည်းထဲကို စွဲ သွား တာပဲ ခင်ဗျ။
ဆရာသုခ…. ပြောတာက သုခဆိုတဲ့ ကျွန်တော်ဟာခင်ဗျားတို့အမြင်မှာတော့ အကယ်ဒမီ(၆)ဆုပိုင်ရှင်ကြီး နိုင်ငံကျော်ဒါရိုက်တာကြီးဆိုတဲ့ ဂုဏ်ပုဒ်တွေကြောင့် လေးစားတန်ဖိုးထားကြပေလိမ့်မယ်။ ဒါကလဲ နွားပြာကြီး အကြောင်းမသိသေးလို့ပါ။ သိရင်တော့ အမဲသားတောင် စားချင်စိတ်ကုန်လောက်တယ်။ ကျွန်တော် ဟာ အတော်မိုက်ရိုင်းတဲ့ကောင်ပါ။ ဒီကမ္ဘာမှာ ကျွန်တော်လောက်မိုက်တဲ့သူရှိမှာ မဟုတ်ဘူးလို့ ထင်မိပါတယ်။ အတော်အသုံးမကျတဲ့ကောင်မှန်း ခုမှသိရလေတယ်ဗျာ။

ဘာလို့လဲဆိုတော့ ပွင့်ပွင့်လင်းလင်းပဲ ပြောပါတော့မယ်။ အမေရယ်လို့ သက်ရှိထင်ရှားရှိနေတုန်းမှာ ကိုယ်မွေးသ မိခင် ကျေးဇူးရှင်ဆိုပြီ ထမင်းတစ်နပ်တောင် ကျွေးဖူးတဲ့ကောင်မဟုတ်လို့ပါပဲ။ အတော် မိုက်ကန်း ခဲ့တယ်ဗျာ။ မွေးရကျိုးမနပ် ဝမ်းရည်စပ်ရတာက ကျွန်တော်လိုလူမျိုးဗျ။
ခုတော့ ကျွန်တော်ဟာ အမှားကို မြင်နေပါပြီ။ မှားခဲ့တာကိုလဲ သံဝေဂယူလို့ မဆုံးတော့ပါဘူး။ အမှားမြင် လို့ အမှန်ဖြစ်အောင်ပြင်ချင်ပေမဲ့လည်း အချိန်က နှောင်သွားပါပြီ။ ဘယ်လိုမှ ချေဖျက်လို့ မရတော့ ပါဘူးဗျာ။ အမှန်အတိုင်းသာ ပြောပါရစေတော့။

ကျွန်တော်ငမိုက်သားသုခ ကို နမူနာထားပြီးသင်ခန်းစာယူကြပါ။ ကျွန်တော်လို မိုက်တွင်းနက်တဲ့ကောင် မဖြစ်စေ ဖို့ သတိပေးပါရစေ။ မိဘတွေကို မသေခင်မှာ ကျွေးမွေးပြုစုကြပါ။ သေမှငိုနေတာ အလကားပါပဲ။ လိမ္မာရေးခြားရှိတဲ့ သားကောင်း/သမီးမွန်တွေ ဖြစ်ရေးအတွက် တိုက်တွန်းနှိုးဆော်ရကြောင်းပါ … တဲ့။
ဟုတ်တာပေါ့ဗျာ၊ သိပ်ဟုတ်တာပေါ့။
ဒီစကားဟာ ကျွန်တော်ရင်ထဲကို တမဟုတ်ချင်း၊ စူးနစ်ဝင်မြှုပ်လာခဲ့ရတယ်ပေါ့ဗျာ။
ဖျတ်ကနဲ သတိတွေ ဝင်လာပြီးအတွေးသစ်၊ အမြင်သစ်တွေ ပေါ်လာတယ်။
"တော်ပါသေးရဲ့ ငါကံကြီးထိုက်ခံရတော့မှာပါလား"
"ကျေးဇူးကြီးလှပါတယ် ဆရာသုခရယ်"

"ငါအဖေကို မခေါ်မပြော တစိမ်းဆန်တာက ကျေးဇူးကန်တာ တစ်မျိုးပဲလေ။  မိဘဆိုတာ ကျေးဇူးတော် အနန္တ လို့ ပြောကြတယ် မဟုတ်လား၊ ဘာကျေးဇူးမှ မဆပ်တဲ့လူဟာ လူအန္တပဲလေ။ လောကထဲမှာ နေရင် လဲ လူလျှော်စာရင်း ၀င်သွားမှာပဲပေါ့။

"ဆရာသုခ က အနေဝေးလို့ ကျေးဇူးဆပ်တဲ့အနေနဲ့ ထမင်းတစ်နပ်မကျွေးလိုက်နိုင်တာထားဦး၊ ငါလို အမြဲ ထိတွေ့ နေရတဲ့ သူက မခေါ်မပြောတာ လွန်တာပေါ့"
"ငါ့အဖေ့ဆီသွားပြီး ဦးသုံးကြိမ်ချကာ မိုက်မှားမိတာကို ခွင့်လွှတ်ဖို့ တောင်းပန်မယ်။ လွယ်လွယ်နဲ့ မကျေနပ် ရင်လည်း ကျေနပ်သည်အထိ အကြိမ်ကြိမ်တောင်းပန်မယ်"
ဆို၊ ဆဲ၊ ရိုက် လွှတ်ရင်လဲ ခံရုံပဲပေါ့
ငါခုလို မွေးသဖခင်အပေါ်မှာ အမြင်ရှင်းပြီး ကြည်လင်သွားတာဟာ ဆရာသုခရဲ့ ကျေးဇူးကြောင့်ပေါ့။ နို့မို့ဆို အချိန် တွေ ဘယ်လောက်ကြာကြာ ငရဲကြီးနေဦးမလဲပေါ့ …။
ကျေးဇူးရှင်ကြီးဆရာသုခခင်ဗျား။ ရောက်ရာဘုံဘ၀မှ  သာဓုအနုမောဒန ခေါ်နိုင်ပါစေ။

ဆရာပေးတဲ့အသိနဲ့ လင်းလက်လာသူ
(သုခိအတ္ထာနံ-ပရိဟရန္တု)
ဒေါ်လာရေချမ်း
 .

No comments: