Monday, July 25, 2011

ခင်ခင်ထူး ၏ မင်္ဂလာလှည်း အပိုင်း (၁)

မင်္ဂလာလှည်း
(၁)

အဲသည်နေ့က ကိုချစ်တိုး မနက်အစောကြီး နိုးနေတယ်။ ခါတိုင်း မနက်ရှစ်နာရီ မနိုးချင်တဲ့ ကိုချစ်တိုး။ ခြောက်နာရီထနိုင်အောင် ညဘက်က နာရီသံပတ် ပေးထားရတာပါ။ ကိုချစ်တိုး မိန်းမကတော့ ခုတလော ကိုချစ်တိုး လုပ်နေတာတွေကို မကြည်သာပါဘူး။ ကိုယ့်ကိစ္စ မဟုတ်။ ကိုယ့်အလုပ် မဟုတ်။ တစ်ဆင့်ခံ လူကြီး လုပ်ချင်တာကို မကြိုက်တာ။ ကိုချစ်တိုးနဲ့ ကိုကျော်သန်းက တစ်ရပ်ကွက်တည်းလည်းဖြစ်ပြန်၊ စီးပွားသောင်သာ သူချင်းလည်း ဖြစ်ပြန်ဆိုတော့ နှစ်အိမ့်တစ်အိမ် ခင်မင်ကြတာတော့ မှန်ပါရဲ့။ အခု မိန်းမ တောင်းမယ့် မောင်ကြိုင်နဲ့ ကိုချစ်တိုးနဲ့က ဘာမှမဆိုင်ဘူး။ မောင်ကြိုင်က သံရည်ကျိုစက်ပိုင်ရှင် ကိုကျော် သန်းရဲ့တပည့်။ တစ်ရွာက လာအလုပ်လုပ်နေတဲ့ လူငယ်တစ်ယောက်ပါ။ ကိုကျော်သန်းက သူ့တပည့် မိန်းမ တောင်းပေးရမယ့်ကိစ္စဆိုတော့ ကိုချစ်တိုး ကိုပါခေါ်လို့ လိုက်ပါ့မယ်ကတိပေးမိရာက ထလိုက်ဖို့ ဖြစ်ရ တာကိုး။ ဒါကို ကိုချစ်တိုး မိန်းမ မခိုင်ဝါ က မကြည်ဘူး။

"တော့မလဲ ကိုယ့်အရေးမဟုတ် ကိုယ့်အရာမဟုတ်။ ဆိုင်မှာ ပစ္စည်းတွေဝယ်ရမှာနဲ့၊ ဘုန်းကြီးကျောင်းကိစ္စ နဲ့ တော်မလိုက်လည်း ရတဲ့ဟာကို တော်က သူများရှေ့ ခြေတစ်လှမ်းရောက်နေတာ"
"ဟ… မိခိုင်ရ၊ သူ့ကိစ္စဆိုတော့ ကိုယ့်ကိစ္စပေါ့ဟ။ တောင်းတယ်၊ မြန်းတယ်ဆိုတဲ့ကိစ္စမှာ လူကြီးအရာထား တာ ဂုဏ်တော်ရှိသေးတာကော၊ ကိုကျော်သန်းခေါ်တာ မလိုက်လို့ ကောင်းရော့လား…"
"တော့်ကိုယ်က လှံဖျားပုစဉ်းနား အကြောင်းရှာနေတာ၊ တော်က ဘာပြောတတ်ဆိုတတ်လို့တုန်း"
"မင်္ဂလာခန်း မပြောတတ်တော့ ဒါနခန်းချရုံပေါ့ဟ…"
"ဘာမှမဆိုင်ဘူး… ဟင်း"

ကိုချစ်တိုးက စတိုးဆိုင်ကြီး ဟည်းနေအောင်ဖွင့်ထားတဲ့ ပိုင်ရှင်ပါ။ ပစ္စည်းဥစ္စာ ချမ်းသာသလောက် လူမှု ရေးစိတ်၊ ဘာသာဘုရားစိတ်ကလေး ရှိတော့ ထစ်ခနဲဆို သူက ဘဏ္ဍာရေးမှူးထ ဖြစ်နေကျ။ သည်ကိစ္စက တော့ ဘဏ္ဍာရေးမှူးမဟုတ်ပေသိ လူမှုရေးမဟုတ်လား။ လိုက်ပါ့မယ် ပြောလိုက်မိတယ်။ ပြောသာ ပြောရ တာ မိန်းမယူမယ်ဆိုတဲ့ ကိုကျော်သန်းတပည့်ဆိုတာကိုလည်း ကိုချစ်တိုးက ကောင်းကောင်းသိတာ မဟုတ်ဘူး။ ကိုကျော်သန်းမျက်နှာနဲ့ဆိုတော့ မောင်ကြိုင့်မသိလည်း ကိစ္စမရှိပါဘူးလေလို့ တွက်တယ်။ ပြီး တော့ မောင်ကြိုင်က တောသူတောင်သား၊ မန္တလေးကို လာလုပ်ကိုင်စားသောက်နေတာပေမယ့် ချစ်သူကို မိသား၊ ဖသားပီပီ ရှိတာလေးနဲ့ တောင်းမြန်းယူတာမျိုးဆိုတော့ တတ်နိုင်သူတွေက ၀ိုင်းကြ၊ ၀န်းကြခြင်း ဟာ ကုသိုလ်ရတယ်လို့လည်း ကိုချစ်တိုး ခံယူထားတာ ပါပါတယ်။

"နေပါဦး… မောင်ကြိုင် မိန်းမတောင်းသွားရမယ့် ရွာက ဘယ်မှာတုန်း"
"စစ်ကိုင်းအနောက်ထဲ ပြောတာပဲ၊ ဘာရွာဆိုလား"
"မိန်းကလေး မိဘများက ဘာလုပ်ကြတာတုန်း"
"ဘာလုပ်ဆိုလား…"
"မင်္ဂလာက ဘယ်တော့ဆောင်ကြမှာမို့လဲ"
"ဘယ်တော့ဆိုလား… သိပေါင်ကွာ"

မိန်းမမေးသမျှလည်း ကိုချစ်တိုးက အိုးဝင်ကော်ချက် ဖြေတတ်တာမဟုတ်ဘူး။ ဟိုနားဆိုလား… သည်နား ဆိုလားနဲ့ ပြီးရတာပါ။ သည်လိုဝေ့လေ မိန်းမက မကြည်သာလေ။ မကြည်သာမှနေရော သူလိုက်ပါမယ်ဆို မှတော့ စောစောထ ရေချိုး၊ ပေါင်ဒါတွေ ဖွေးနေအောင် လိမ်း၊ ရေမွှေးတွေ တဖျန်းဖျန်း ဆွတ်၊ လည်ကတုံး ဖြူကလေး သန့်သန့်ကို စွပ်ကျယ်တစ်ထည်ခံ ၀တ်ပြီး ပိုးပုဆိုးရေညှိစိမ်းတစ်ထည် ကောက်ဝတ်တယ်။ ကတ္တီပါစိမ်း မွှေးရှည်ဖိနပ်စီးပြီးတော့ ဆိုင်က ကလေးမလေးဖျော်ပေးတဲ့ ကော်ဖီလေးတစ်ခွက် ပူပူလောင် လောင်သောက်ပြီး အိမ်ရှေ့ကားထွက်မျှော်နေတော့တာပါ။ ခြောက်နာရီခွဲလောက်ကျတော့ ကားမလာ သေးဘဲ မောင်ကြိုင်ရောက်လာတယ်။ လူကြီးတွေ လိုက်နှိုးတာတဲ့။ သတို့သားလောင်းက အ၀တ်အစား မလဲရသေးဘူး။ ကြောင်းမြန်းမယ့်လူက ၀ီရိယကောင်းနေတော့ မယားလုပ်သူက အောင့်ပြန်ရော။ သည် တစ်ခါတော့ မောင်ကြိုင့်ကို မခိုင်ဝါကပဲ မေးတယ်။

"နေပါဦး… မင်းက ကိုကျော်သန်းတပည့် မောင်ကြိုင်လား…"
"ဟုတ်တယ် အစ်မ၊ လူကြီးတွေ အဆင်သင့်ဖြစ်အောင် လိုက်ပြောတာပါ"
"အလိုတော်… ကာယကံရှင် မယားတောင်းမယ့်လူက အဆင်သင့်မဖြစ်သေးဘူး။ တို့အိမ်က ဥပက က ကျီးမနိုးခင် ဆွမ်းထချက်နေတာပါကော၊ နေပါဦး မင်းတို့ရွာက ဘယ်မှာတုန်း…"
"သည်နားလေးပါ… စစ်ကိုင်းအနောက်ထဲတင်"

စစ်ကိုင်းဆိုတာ မန္တလေးနဲ့မဝေးတော့ ကိုချစ်တိုး စောစောပြန်ရောက်ဖို့ သေချာပြီလေ၊ သည့်ထက် ဆက်မ မေးတော့ပါဘူး။ သူတစ်ပါး မင်္ဂလာကိစ္စဆိုတော့ သည့်ထက်ပိုပြောလို့လည်း မကောင်းဘူးလေ။ ဒါပေမယ့် ကိုချစ်တိုးကိုတော့ မျက်စောင်းထိုးလိုက်တယ်။ မောင်ကြိုင်ပြန်သွားပြီး နာရီဝက်လောက်ကြာမှ ကိုကျော် သန်းရဲ့ကား ရောက်လာတယ်။ 

လိုက်ထရပ်ကား ပက်လက်ပေါ်မှာ လူကြီးတော်တော်များများလည်း ပါ လာကြတယ်။ သတို့သား မောင်ကြိုင်၊ မောင်ကြိုင့်ဆရာ ကိုကျော်သန်း၊ မောင်ကြိုင့် ဆွေမျိုးနီးစပ်တော်တဲ့ ဒေါ်ငွေ၊ ကိုကျော်ဝင်း၊ တရုတ်ကြီး ကိုဝိန်။ ကျန်တာက ကိုချစ်တိုးလိုပဲ ကိုကျော်သန်း ခေါ်လို့ပါလာတဲ့ ကျောင်းအုပ်ကြီးဟောင်း ဦးကျော်ဒွန်း၊ လူဝကြီး ဦးမှတ်တင်၊ လူတွေမနည်းဘူး။ မောင်ကြိုင်နဲ့ သူ့အဒေါ် ဒေါ်ငွေကို ကားခေါင်းထဲ ထိုးထည့် ထားတော့ ကိုချစ်တိုးကလည်း နောက်က ကားပက်လက်ခါးရှည်ကြီးပေါ် ထိုးတက်လိုက်ရတယ်။ ဂုဏ်သရေရှိ လူကြီးလူကောင်းတွေချည်းဆိုတော့ ကိုချစ်တိုးက မယားကို လူရို သေရှင်ရိုသေ အလုပ်ဟ ဆိုတဲ့ မျက်နှာနဲ့ လှမ်းကြည့်ရင်းနှုတ်ဆက်တယ်။

"ကြွကြွ… ကိုချစ်တိုးရေ တော်မပါရင် ပွဲမစည်ဘူး… ကြွ"
မယားက ရွဲ့ပြောတာ သိသားပဲ၊ စပ်ဖြီးဖြီးကြီးနဲ့ လူတွေကြားထဲ တစ်နေရာ ရှာထိုင်တယ်။ လူဝကြီး ဦးမှတ် တင်ကချည်း လူသုံးယောက်စာနေရာယူထားတော့ ကိုကျော်သန်းနှယ် ဘယ့်နှယ်ကြောင့် ကိုမှတ်တင်ကြီး ကားပေါ်တင်လာရတာပါလိမ့်လို့လည်း တွေးမိသေးတယ်။ ကိုကျော်သန်းကတော့ သူ့တပည့်ဆိုတော့ သူ့ ကား သူကိုယ်တိုင်မောင်းတာကိုး။ ရှေ့ခန်းမှာ၊ သည်လိုနဲ့ စစ်ကိုင်းတံတားပေါ်ရောက်တော့ ရှစ်နာရီထိုးပြီ။ စကားတွေ တစ်ယောက်တစ်ပေါက် ပြောကြရင်းက သွားကြတာဆိုတော့ ပျော်စရာလည်းကောင်းပါရဲ့။

လူဝကြီး ဦးမှတ်တင်က သူ့အသံပြာအက်အက်နဲ့ "ရေဇလာနဒီ… ဧရာဝတီ… ဇေယျာပြည်… စစ်ကိုင်း တောင်… တစ်ခွင်လုံး ၀န်းပတ်ရံလည်… ပုထိုးဘုရားစေတီ… အကျိုးများစေသည်… ဘိုးဘွားအမွေ တည်…" ဆိုပြီး သီချင်းစလိုက်တော့ ကိုချစ်တိုးက လက်အုပ်များတောင်ချီလို့။ မြင်ရသမျှ စစ်ကိုင်းတောင် စေတီတွေကို အဝေးက လှမ်းကန်တော့တယ်။ ကားပေါ်မှာ ကွမ်းယာထုပ်ကြီးကလည်း ပြည်တောင်း လောက်ပါလာလေတော့ သူတစ်ယာ ကိုယ်တစ်ယာ စားရင်းနောက်ကြ ပြောင်ကြ။ မောင်ကြိုင်ကလည်း ကားမှန်ပေါက်ကနေ နောက်လှည့်လှည့်ကြည့်တယ်။ ပါးစပ်ကြီး ဖြဲထားလိုက်တာကလည်း နားရွက်ဖျား ချိတ်လို့။ ခမ်းခမ်းနားနား ရှိနေတာကိုး။

"မောင်ကြိုင် ပါးစပ်ထဲ ရှောက်သီးထည့်ရင်တောင် အာမထိ လျှာမထိလောက်ဘူး မောင်ချစ်တိုးရဲ့"
ကျောင်းအုပ်ဆရာကြီး ဦးကျော်ဒွန်းက ပြောတော့ ကိုချစ်တိုးက ထောက်ခံတယ်။
"ဒီကောင် မိန်းမယူတာကို ပေါ့ပေါ့မှတ်တာကိုး ဆရာကြီးရဲ့၊ နောက်မှ ရှောက်သီးအလုံးလိုက် မျိုချသလို ဖြစ်မှာ"
"ဒါတင် ဘယ်ကမလဲ မောင်ရာ ရှောက်သီးဝမ်းက ဒလဟောသွားဦးမှာ သေချာပေါ့ကွာ"
တရုတ်ကြီး ဦးဝိန်က ၀င်တွယ်လိုက်တော့ ကားပေါ်မှာ တ၀ါးဝါးပေါ့။

(၂)

စစ်ကိုင်းမြို့ထဲရောက်တော့ ကားလေဖြည့်ဖို့ လေဆိုင်အရင်ရှာရတယ်။ လူကများတော့ ဘီးကပြားချင်ချင် ဖြစ်နေပြီ။ တစ်နေရာမှာ ကားလေထိုးတုန်း ကိုကျော်သန်းက သူ့တပည့်ကို မေးတယ်။ စစ်ကိုင်းကိုတော့ ရောက်ပြီ၊ သွားရမယ့်ရွာ ဘယ်လမ်းက ၀င်ရမလဲ မေးတာပါ။
"ဘယ်ကို ချိုးရမှာတုန်းကွ…"
"ငါးထပ်ကြီးဘုရား အနောက်ထဲထွက်လိုက်ရင် ရတယ်ပြောတာပဲ ဆရာ"
"ဘယ့်နှယ့် ပြောတာပဲတုန်းကွ၊ မင်း ကိုယ်ယူမယ့် မိန်းမရွာ ကိုယ် မသိဘူးလား"
"ကျွန်တော် မရောက်ဖူးဘူး။ ကျွန်တော့်ကောင်မလေး ပြောထားတာတော့ စစ်ကိုင်းအနောက်ထဲက လယ် ပြင်ကြီးတဲ့"
"ဟေလကွာ…"

ဆရာတပည့် ဖြစ်နေတာကို ကိုချစ်တိုးက ကြားတယ်။ နေပါဦး ဘယ်ရွာကမိန်းကလေးများ ရှာရှာပေါက် ပေါက်သွားကြိုက်ပါလိမ့်။ ဘယ်မှာတွေ့လို့ ဘယ်မှာကြိုက်ပြီး ဘယ်မှာတောင်းရမ်းဖို့ စီစဉ်တာပါလိမ့်လို့ လည်း စဉ်းစားတယ်။ သတို့သားက သတို့သမီးရွာကို ထိထိရောက်ရောက် မပြောနိုင်ဘူးဆိုတာကိုက ထူး ဆန်းနေတာ မဟုတ်လား။
"လယ်ပြင်ကြီးက ဘာတုန်း၊ ရွာနာမည်လား လယ်တွေလား"
"ရွာနာမည်"
"မင်းဟာက ဟုတ်ကောဟုတ်ကဲ့လားကွာ"
လေထိုးဆိုင်က လူငယ်တွေကို ကိုချစ်တိုး မေးကြည့်တော့လည်း မသိကြဘူး။ စစ်ကိုင်းအနောက်ဘက် ရွာ တွေက ရာနဲ့ချီရှိကြတာ အာစရိရဲ့၊ ရှိချင်လည်း ရှိမှာပေါ့တဲ့။ မနီးမဝေးမှာ ဆန်ရွေးနေတဲ့မိန်းမက နားစွန် နားဖျားကြားလို့ ထင်ပါရဲ့၊ လယ်ပြင်ကြီးက ဟိုးအတွင်းထဲမှာတဲ့။ ရွာရှိကြောင်းပြောတော့ ကိုချစ်တိုး ၀မ်း သာသွားတယ်။ သေချာအောင်မေးတော့ ငါးထပ်ကြီးဘုရား အနောက်က ထွက်ရင် တွေ့လိမ့်မယ်ဆိုတော့ မောင်ကြိုင်ပြောတာနဲ့ ကိုက်နေပြီကိုး။ သည်လိုနဲ့ ကားထွက်လာကြရော။ ထွက်လာလို့ လမ်းစလည်းတွေ့ ရော လမ်းက အခြေအနေမကောင်းဘူး။

ဒါပေမယ့် ကားမောင်းလို့ဖြစ်သေးတော့ ညှစ်လိုက်၊ ရုန်းလိုက်နဲ့ နှစ်ရွာသုံးရွာ ကျော်လာခဲ့ပြီ။ နှစ်ရွာ သုံးရွာကျော် လို့ ရှေ့လှမ်းမျှော်လိုက်တော့ ရွာရယ်လို့ မမြင်ရတော့ဘူး။ မိုးကုပ်စက်ဝိုင်းအထိ မြင်ရတဲ့ လွင်ပြင်ကြီးပဲ တွေ့ရတယ်။ လမ်းအူကြောင်းတော့ မပျောက်ဘူး။ သည်လမ်း အတိုင်း ဆက်သွားလိုက်ရင် ရောက်မယ့်သဘောတော့ ရှိပုံရတယ်။ ဒါနဲ့ ရွာထဲကထွက်လာတဲ့ ဈေးသည် မိန်းမကို မေးရပြန်တယ်။ ဈေးသည်မ က ခံတောင်းကြီးရွက်လို့။ သူကလည်း သူ့ဇောနဲ့သူဆိုတော့ တိုတိုပဲ ဖြေတယ်။
"လယ်ပြင်ကြီးရောက်ပေါ့တော်… ထိုထိုကြီးပေါက်ပါလိမ့်မယ်"

ရွာရှိတယ်။ လမ်းရှိတယ်။ ထိုထိုကြီးလည်း ပေါက်ပါလိမ့်မယ် ဆိုမှတော့ မှားစရာမရှိတော့ဘူးဆိုပြီး ကိုကျော်သန်းက တဂီးဂီးမောင်းလာရော။ လမ်းက စထွက်လာကတည်းက ကတ္တရာရယ်လို့ တစ်စလောင်း စာတောင် မရှိပါဘူး။ ပုစွန်ကျင်းလို အပွေးတက်နေတဲ့ မြေဖို့လမ်းမှာ မြေပျော့တဲ့နေရာတွေမှာ ဟက်တက် ကွဲ ဇောင်းကြီးတွေများ ထလို့။ တော်ရုံလှည်းတောင် သွားမဖြစ်လောက်ပေမယ့် ကိုကျော်သန်းက ကားအ နာခံပြီး ဟိုဘက်ခွ သည်ဘက်ခွ၊ တစ်ပေရွေ့ နှစ်ပေရွေ့ရုံမောင်းလာခဲ့တယ်။ ကားကလေးဆိုတာက လည်း စောင်ပုခက်များ တုပ်နေသလိုပဲ။ ဟိုဘက် သည်ဘက် ယိမ်းတိုး ဂျိဂျိဂျိဂျိနဲ့ မြည်သေးတာ။ ကားထဲ က လူတွေခမျာ ဆန်ကောထဲ ဆီးဖြူသီးထည့်လှိမ့်သလိုပေါ့။ 

ကျောင်းအုပ်ဆရာကြီးဟောင်း ကိုလူဝကြီး က တက်ကြိတ်မိတော့ အော်လိုက်တာ။ ကိုချစ်တိုးခမျာလည်း ကားနားပန်းကို လက်နဲ့ ပြင်းပြင်းဆုပ်ကိုင် ထားရာက မြောက်လေတိုက်တော့ မြောက်ဘက်ယိမ်း၊ တောင်လေတိုက်တော့ တောင်ဘက်ယိမ်းတဲ့ ပဲ့ ပြားပင်လို ဖြစ်နေတော့တာပါ။ တစ်နေရာရောက်တော့ ရှေ့မှာ ဗွက်ကျင်းကြီး။ ကြီးလိုက်တဲ့ ဗွက်ကျင်းက လည်း ဆင်ကြီးတစ်ကောင် အိပ်နေရင်တောင် ပျောက် လောက်တယ်။ ကားဆရာ ကိုကျော်သန်းက ဗွက် ကျင်းကြီးကို ဗဟိုထားပြီး ဟိုဘက် လွတ်လို လွတ်ငြား၊ သည်ဘက် လွတ်လိုလွတ်ငြား အကဲခတ်တယ်။ ဘယ်လိုမှ အကဲခတ်မရတော့ ကားထိုးရပ်ပြီး ဆင်းပါလေရော။

"ဘာဖြစ်လို့တုန်း ကိုကျော်သန်း"
ကိုချစ်တိုးက လူပိန်ပိန်းပါးပါးဆိုတော့ ကားပေါ်က ဖတ်ခနဲခုန်ချပြီး ရှေ့လမ်းကို အကဲခတ်ရင်း မေးလိုက် တာပါ။ ဖြေစရာတောင် မလိုပါဘူး။ ကိုချစ်တိုး မြင်သားပဲ။ သည်ဗွက်ကျင်းကြီးကို ကျော်ဖို့ဆိုတာ မလွယ် လောက်ဘူးဆိုတာလည်းသိပါရဲ့၊ မကျော်လို့ကလည်း မဖြစ်ဘူး။ နေကလည်း ပူချင်ပြီ။ နှစ်ရွာသုံးရွာကျော် လို့ ခရီးလည်းပေါက်နေပြီ။ ပြီးတော့ ဒါက မင်္ဂလာကိစ္စ။ တစ်ဖက်မိဘကို မိသားဖသားပီပီ လူကြီးစုံရာနဲ့ တောင်းရ၊ မြန်းရမယ့်ကိစ္စ။ အချိန်နဲ့ရောက်မှ ဖြစ်မှာကိုး။
"မောင်ကြိုင် မင်းမင်္ဂလာဆောင်တော့ နှလုံးလမ်းကြောင်းမှာ ဗွက်ကျင်းခံနေပါပကော"
စိုင်းထီးဆိုင်သီချင်းကြိုက်တဲ့ ကိုချစ်တိုးက နှလုံးလမ်းကြောင်းမှာ ကျွန်းခံနေတယ်ဆိုတဲ့ သီချင်းကို ဖျက် ပြောလိုက်တာပါ။ မောင်ကြိုက်ကလည်း သူ့မင်္ဂလာဆောင်ကိစ္စမှာ ဗွက်ကျင်းကို ထည့်စဉ်းစားထားပုံ မရ တာထား။ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတော့ ဗွက်ကျင်းထိပ် ဆောင့်ကြောင့်သွားထိုင်တယ်။ တစ်ဦး တည်းပါလာတဲ့ မောင်ကြိုင့်ဆွေမျိုးဆိုတဲ့ မိန်းမကြီးက ယောက်ျားကြီးတွေပါလာတဲ့ကြားက မအောင့်နိုင် လေတော့ ခပ်လှမ်းလှမ်းသွားပြီး ဆီးထိုင်တယ်။

"မောင်ကြိုင်ရာ မင်းအဒေါ်လား၊ တော်ပါသေးရဲ့ကွာ ဗွက်ကျင်းခံနေလို့ သူ့ခမျာ သေးပေါက်ရတယ်"
ကိုချစ်တိုးက ဖြစ်ရလေခြင်းဆိုတဲ့ပုံစံနဲ့ မောင်ကြိုင်ကို ငေါက်နေပေမယ့် ကားပေါ်ပါလာကြတဲ့ ယောက်ျား သားတွေကလည်း ကားရပ်တုန်း တော်ရာမှာ တပိုတပါးသွားကြတာပါပဲ။ ကိုကျော်သန်းက ဘေးကပန်း မောင်းရင် ကျယ်လောက်မယ့်ဘက်ကို မျက်မှန်းနဲ့ ရွေးတယ်။ ရွေးပေမယ့် ဘယ်ကပန်းပန်း ကားတစ်စီးစာ မလွတ်ချင်ဘူး။ သည်တော့ ဘီးတစ်ဘက်စာလောက် လမ်းဘေးက မြေစိုင်ခဲတွေကို ယူဖို့ရင် ရလောက် တယ်လို့ တွက်တယ်။ သူ့စိတ်ကူးကိုလည်း ပြောပြတယ်။

"၀ိုက်တက်သွားရုံဆိုရင် ဘေးက မြေစိုင်ခဲကြီးတွေ တစ်ဘီးရာစာလောက် ဖို့လိုက်ရင် ရမယ်ထင်တာပဲ။ လူတော့ မတက်ကြနဲ့ဦးပေါ့။ ကားအခွံချည်းဆိုရင် မြေမနိမ့်လောက်ပါဘူး"
သည်နည်းပဲရှိတော့ ၀တ်ကောင်းစားလှတွေနဲ့ လူကြီးတွေခမျာ တစ်ပွေ့စာမြေစိုင်ခဲကြီးတွေ လမ်းပခုံး ဘေးမှာ တစ်တုံးချင်း ကပ်ဖို့ကြရတော့တာပါ။ နေကပူပူ၊ တိုက်ပုံအင်္ကျီကြီးတွေနဲ့၊ ပိုးပုဆိုးတွေနဲ့ပေမယ့် တစ်ယောက် မြေစိုင်ခဲနှစ်ခဲလောက်ဖို့ရင် ပြီးမယ်ထင်တာ၊ အခေါက်ပေါင်းများစွာ သယ်ဖို့ကြရတာဆိုတော့ ချွေးတွေသံတွေပါ ထွက်လာကြရော။ လက်ပန်းတွေလည်းကျကုန်ကြပြီ။ ရလောက်ပြီဆိုတော့ ကိုကျော် သန်းက ကားကိုဝိုက်ပြီး အရှိန်နဲ့မောင်းထွက်လိုက်တယ်။ မြေကြီးခဲတွေက မ တုန်းကတော့ စေးပြီး မာနေ တာ၊ ကားအလေးချိန်နဲ့ကျတော့ အိခနဲ ညွတ်ကျပါလေရော။ ကားကြီးကစောင်းစောင်းကြီး ရပ်သွားတော့ ကားဘေးပြေးကြပြီး စောင်းတဲ့ဘက်က ပြိုင်တူတောင့်ထားကြရတယ်။ တောင့်ထားတုန်း ၀ူးခနဲမောင်း လိုက်တော့ ကားလည်း ဗွက်ကျင်းက ဖက်ရင်း ယမ်းရင်း လွတ်သွားရော။

"ဝေး…"
ချွေးတွေသံတွေကြားက ၀မ်းသားအားရ အော်လိုက်ကြစမ်းဆိုတာများ။ ဗွက်ကျင်းကိုကျော်ပြီဆိုတော့ ဘာ ပဲဖြစ်ဖြစ် ရှေ့ဆက်သွားနိုင်ပြီပေါ့လေ။ ဗွက်ကျင်းကျော်တာတော့ ဟုတ်ပါရဲ့၊ မောင်ကြိုင့်ယောက္ခမရွာက ဘယ်လောက်ဝေးသေးသလဲဆိုတာ ဘယ်သူမှမသိဘူး။ နောက်ထပ် ဗွက်ကျင်း ဘယ်နှကျင်းကျန်သေးသ လဲဆိုတာ ဘယ်သူမှမသိဘူး။ အားလုံး ကားပေါ်ရောက်ကြတော့ တစ်ယောက်တစ်ယောက် စကားဟဟ မပြောနိုင်ဘူး။ လူဝကြီး ဦးမှတ်တင်ဆိုတာ ဒေါက်ဖိုက လေဆွဲဖားဖိုကြီးကျလို့။
"ချီး… ငါ မိန်းမယူတုန်းက သည်လောက် မပင်ပန်းခဲ့ပေါင်ကွာ၊ လက်တင်ယူခဲ့တာပါ။ ကျော်သန်းတပည့် ကျမှ လူကို "လောက်တိုက်"စော် နံကရော"

သည်လိုပြောလို့လည်း ဘယ်သူမှ မရယ်နိုင်ကြသေးဘူး။ လူဝကြီးပြောလည်း ပြောစရာ။ ကိုယ့်အိမ်မှာ ဘယ်သူမှ လက်ကြောတင်းကြသူတွေ မဟုတ်ဘူး။ စက်ဘီးတောင် လေထိုးစီးကြတာမဟုတ်ဘူးဆိုတဲ့ လူတွေကိုး။ ရပ်ကွက်ထဲ လူကြီးရယ်လို့ အိမ်ဦးခန်းထိုင်နေကျလူတွေဆိုတော့ သည်တစ်ချီ တော်တော်ထိ လိုက်တာက သူတို့မှာ အမောကိုမပြေနိုင်သလို ဖြစ်နေကြတယ်။ ကိုချစ်တိုးကတော့ မယားအာခံပြီး ထွက် လာရသူဆိုတော့ ဖြစ်သမျှအကြောင်း အကောင်းသဘောထားလိုက်တယ်။ တိုက်ပုံဖြူဖြူကတော့ ရွှံ့စေး တွေ ပေတဲ့နေရာကပေ၊ ပွတဲ့နေရာကပွ၊ ပေနေတဲ့ လက်တွေကို ဗွက်ကျင်းထဲက ရေနဲ့ ပက်ဆေးခဲ့တာ တော့ ရှိပါရဲ့။ ရွှံ့ရေတွေဆိုတော့ လက်မှာအစေးတွေ ပေါက်လို့၊ ကိုချစ်တိုးက သူ့စိတ်ထဲမှတ်မိလိုက်တာ တစ်ခု ပေါ်လာလို့ ကားဂုတ်ပေါက်က လှမ်းမေးတယ်။
"မောင်ကြိုင်… ဟေ့ မောင်ကြိုင်"

"ဗျာ…"
"မင်း ချိန်းထားတာ  ဘယ်အချိန်တုန်း၊ ဆယ်နာရီဆိုလားလို့"
"ဟုတ်တယ်"
"ခုပဲ ကိုးနာရီခွဲတော့မယ်။ မင်းရွာက တံခွန်တိုင်ထိပ်က ဟင်္သာရုပ်တောင် မမြင်ရသေးပါလား"
"ရောက်ကာနီးပြီနဲ့ တူပါတယ်… လေးချစ်တိုးရ"
ကားက ထင်တိုင်းသွားမရတော့ ညွှတ်ပဲ့ညွှတ်ပဲ့ ရွေ့နေတာပါ။ သည်လိုနဲ့မောင်းလာရာက ကြွက်တူးတဲ့ လူတွေလို့ ထင်ရတဲ့ လူနှစ်ယောက်ကို မျက်နှာချင်းဆိုင်က လျှောက်လာတာတွေ့ကြရော။ လူနှစ် ယောက်က ပေါက်ပြားတစ်ယောက်တစ်လက် ပခုံးပေါ်ထမ်းလာကြတယ်။ သည်လောက်ဆိုးတဲ့ လမ်းများ ကားမောင်းလာရလောက်အောင် မိုက်လုံးကြီးတဲ့လူတွေပါလားဆိုတဲ့ မျက်နှာနဲ့ ကားကိုလှမ်းကြည့်ကြ တယ်။ ကိုချစ်တိုးက လမ်းဘေးက လူနှစ်ယောက်နဲ့ နီးလာတော့ လှမ်းမေးတယ်။ မေးသံကြားတော့ ကို ကျော်သန်းက ကားကိုရပ်လိုက်ရော။ အေးအေးဆေးဆေး မေးရအောင်လို့လေ။

"ဗျို့ ဆရာတို့ လယ်ပြင်ကြီးရွာဆိုတာ လှမ်းသေးသလားလို့"
"ဘာရွာရယ်ဗျ"
"လယ်ပြင်ကြီး…"
ပေါက်ပြားဆရာတွေက သူတို့အချင်းချင်း တစ်ယောက်တစ်ယောက် ပြန်ကြည့်ကြတယ်။ သည်နားရွာတွေ မှာ လယ်ပြင်ကြီးရွာရှိလို့လားဆိုတဲ့ မျက်နှာနဲ့ အူတူတူ လုပ်နေကြတာပေါ့လေ။ ခဏနေတော့ မျက်နှာမှာ ဘုတွေနဲ့ ရွာသားက သူ သတိရတာနဲ့ တိုက်မေးတယ်။
"ဘယ်ရွာအုပ်စုတုန်း"
"အုပ်စုတော့ မသိဘူးဗျ… လယ်ပြင်ကြီးပြောတာပဲ"
"အော်… ညောင်မုတ်ဆိတ်ဟိုဘက်က ရွာထိပ်မှာ ပေပင်ကြီးရှိတဲ့ရွာ ပြောသာထင်တယ်"

သည်စကားကြားတော့ ကားခေါင်းထဲက သတို့သားမောင်ကြိုက်က အားရ၀မ်းသာဖြစ်သွားတယ်။ ရွာထိပ် မှာ ပေပင်ရှိတယ်လို့ ကြားဖူးထားတာကိုး။
"ဟုတ်တယ်… ကျွန်တော်တို့ လူငယ်ချင်း ချိန်းတွေ့ကြတုန်းက အေးသီ ပြောဖူးတယ်။ သူတို့ရွာထိပ်မှာ ပေပင်ကြီး ရှိတယ်တဲ့…"
"အောင်မာကွာ၊ ပေပင်ကြီးရှိတယ်ဆို ပြီးလျက်နဲ့ ချိန်းတွေ့တုန်းကဆိုတာများ ထည့်ပြောရသေးတယ်။ ခွေးမသား သေချာအောင် လုပ်မထားဘဲနဲ့… လူကြီးတွေခေါ်လာပြီး ဒုက္ခပေးတဲ့ကောင်"
သူ့ဆရာ ကိုကျော်သန်းက ငေါက်တော့ သတို့သား မောင်ကြိုင်လည်း ရိတ်လိုက်တဲ့စပါးပင်လို ငိုက်ခနဲ ကျ သွားရော။ ပေါက်ပြားဆရာ နှစ်ယောက်က မှားလို့လည်း အပြစ်မရှိတဲ့ကိစ္စဆိုတော့ "တော်တော်လှမ်းသေး သဗျာ"လောက်ပြောပြီး ထွက်သွားတယ်။ ကိုချစ်တိုးက ကားရောက်နေတဲ့ နေရာက ဘေးဘီဝဲယာကို ကြည့်တော့ ပဲခင်းတွေလို၊ ပလပ်မြေတွေလို ကွင်းကျယ်ကြီးရှိနေတာတွေ့ရတော့။ သူ့မြင်ကွင်းထဲမှာ သူ တို့ကားလေးတစ်စီးပဲ ထီးထီးကြီးရှိနေတာတွေ့ရတော့ ကိုချစ်တိုး အားငယ်သွားတယ်။

ကျန်တဲ့လူတွေက လည်း ဆေးပေါ့လိပ်ကြီးတွေ ငေါ့သောက်ရုံကလွဲရင် သဗ္ဗေသတ္တာ ကမ္မသကာဆိုတဲ့ မျက်နှာတွေနဲ့ပေါ့။ မောင်ကြိုင်နဲ့ ဆွေလေးမျိုးလေးတော်တယ်ဆိုတဲ့ ဒေါ်ငွေခမျာလည်း သတို့သား ရဲ့တစ်ဦးတည်းသော အမျိုးဆိုတော့ အချိန်နဲ့မရောက်ရင် အပြောခံရချည်ရဲ့ ဆိုပြီး ပူပန်နေပုံရရဲ့။ မောင်ကြိုင် ကတော့ သူ့ဆရာ ငေါက်ကတည်းက ငြိမ်နေရပေမယ့် ချစ်သူ့ရွာရောက်ချင်လှပြီ။ မြန်မြန် တောင်းရမ်းပြီး တစ်ဖက်မိဘများ သဘောတူရင် တစ်ခါတည်းတောင် ခေါ်လာချင်ပြီကိုး။ မောင်ကြိုင့်မျက်စိထဲမှာ သူ့ကိုမျှော်နေရှာမယ့် တစ် ရွာသူ မိန်းမချော အေးသီကလေးကိုပဲ တ၀ဲဝဲမြင် နေလေရဲ့။ အဒေါ်လုပ်သူကတော့ လိုက်လာတဲ့လူကြီး တွေကို မျက်နှာပူရှာ ထင်ပါရဲ့။ မောင်ကြိုင့်ကို ငေါက်တယ်။
"ငကြိုင်ရယ် နင်ကိုယ်က မဟုတ်တာ၊ ကိုယ်ယူမယ့် မိန်းမ ဘယ်နားမှန်းမသိဘဲ လူကြီးတွေများ ဖိတ်လာ ရသေး တယ်။ အားများနာစရာ"

လမ်းတစ်နေရာရောက်တော့ လှည်းတစ်စီးစီးပေါ်က ကျကျန်ခဲ့ပုံရတဲ့ သစ်ကိုင်းကြီး ကန့်လန့်ခံနေတော့ ကိုကျော်သန်းက ကားရပ်လိုက်တယ်။ မောင်ကြိုင်က ကားခေါင်းထဲက မစီးချင်တော့ဘူး။ ထွက်လာက တည်းက လူကြီးတွေကျူးပြီး ရှေ့ကမစီးချင်ပါဘူး။ အားလုံးက မင်းက သတို့သားပါကွာ ရှေ့ကသာစီးပါ ခွင့်ပြုလို့သာ စီးခဲ့ရတာကိုး။ စစ်ကိုင်းအနောက်ထွက်လိုက်ရင် ရောက်ပြီဆိုတော့ မိန်းကလေးရွာအ၀င် တင့်တယ်အောင် မောင်ကြိုင့်ကို ထိပ်တင်လိုက်ကြတာလည်း ပါပါတယ်။ ပြီးတော့ မိန်းမသားတစ်ယောက် တည်းပါတော့ အတူတွဲမထိုင်ချင်ကြတာလည်း ပါမှာပေါ့။ အခုက ရွာမတွေ့နိုင်တော့ ဆရာ့ကြောက်တာနဲ့ နောက်ပြန်ပြေးချင်ပြီ။ လူလည်း ချွေးတွေ၊ သံတွေ ရွှဲနေပြီ။ ကြောက်ချွေးရော၊ အားနာချွေးရော၊ အပူချွေး ရော ရောပြီး ချွေးပေါင်းစုံ ကျောက စီးကျနေလိုက်ပုံများ ရေတံလျှောက်ကရေများ ကျနေသလိုပဲ။

မောင်ကြိုင် သစ်ကိုင်းဖယ်နေတုန်း လူတစ်ယောက် လျှောက်လာတာတွေ့ပြန်ရော။ ကားရပ်ထားတုန်းဆို တော့ အဲသည်လူက ကားကို ကျော်လာတယ်။ ကိုချစ်တိုးက တွေ့တဲ့လူမေးနိုင်မှ တန်ကာကျမှာဆိုတော့ မေးပြန်ရော။ လူက လွယ်အိတ်ကြီးထဲ သံဘူးခွံတွေထည့်ထားလိုက်တာ ဖောင်းကားလို့။ သူ့စိတ်ကူးနဲ့ သူ ဆိုတော့ ကားတစ်စီးလုံးတောင် မြင်ပုံမရဘူး။
"ဗျို့ဆရာ ဘယ်တုန်း"
"စစ်ကိုင်းကိုပါဗျာ"
"ဟာ ခင်ဗျားဟာ အဝေးကြီးသွားရဦးမှာပါလား။ ဘယ်ရွာက လာတာတုန်း"
"ပဲဖြူကုန်း၊ ဝေးပေမယ့် ကျုပ်တို့တော့ သည်လိုသွားရတာပါပဲ။ သည်လမ်းက စက်ဘီးတောင် စီးမဖြစ် ဘူး။ လှည်းကြုံကလည်း ရှားသယ်"
"ဘာသွားလုပ်မှာတုန်း"

"ဂက်စ်သွားဖြည့်မှာ။ ဂက်စ်ဘူးတွေ စစ်ကိုင်းသွားဖြည့်ရတာဗျ။ ဆယ်ဘူးလောက်ဖြည့်ထားရင် သည်နား ရွာတွေမှာ တစ်ပတ်လောက် လည်ထည့်ရတယ်။ ခုက ဂက်စ်ကုန်နေလို့"
"နေဦး ခင်ဗျား ဂက်စ်ဖြည့်တာ ဘယ်လောက်ရတုန်း တစ်နေ့ကို"
"အမှန်မရှိဘူးပေါ့ဗျာ။ ငါးရာလည်း ရသယ်၊ တစ်ထောင်လည်း ရသယ်။ တစ်ခါတစ်လေ ကံထိုက်ရင် နှစ် ထောင်လည်း ရသယ်"
"ကိုင်း… သည်လိုလုပ်၊ ခင်ဗျားကို သုံးထောင်ပေးမဗျား"
"ခင်ဗျားတို့မှာ မီးခြစ်ဘယ်နှလုံးတောင် ပါလို့တုန်း၊ များလှချည်လား"
"သြော်… သည်လို၊ ငွေသုံးထောင်ဆိုတာ ကျုပ်တို့ကို လယ်ပြင်ကြီးရွာကို လမ်းပြပေးရုံပဲ။ လယ်ပြင်ကြီး ရောက်ရင် ပြန်တော့၊ ကျုပ်တို့က နေ့တွက်ပေးတဲ့ သဘောထားလိုက်"
သုံးထောင်ပေးမယ်ဆိုတော့ ဂက်စ်ဆရာကစဉ်းစားပြီ။ စစ်ကိုင်းမြို့ကို ဂက်စ်သွားထည့်တာက ဘယ်အချိန် သွားသွားရတယ်။ တစ်နေ့တည်း ငွေသုံးထောင်ရဖို့ဆိုတာ အခန့်သင့်တာပဲလို့ တွက်ပုံရတယ်နဲ့တူပါရဲ့။ ကားနဲ့လိုက်ဖို့ သဘောတူတယ်။ ဒါပေမယ့် ဂက်စ်ဆရာက ကိုချစ်တိုးပြောတဲ့ ရွာကို ၀ါးတားတားဖြစ်နေ တယ်။

"နေဦး ဘာရွာ၊ ကိုင်းတောကြီး"
"လယ်ပြင်ကြီး"
"ကျုပ်တော့ ကြားဖူးသယ်မှတ်သာပဲ။ သည်လို၊ ကျုပ်ကလည်း သည်ဘက်ထဲက ပဲဖြူကုန်းက မိန်းမနဲ့ရလို့ မယားရွာလိုက်နေသာ မကြာသေးဘူး။ ခင်ဗျားတို့ ပြောသဲ့ရွာ ကြားဖူးသလိုလိုရှိသယ်။ ပါးစပ်ပါ ရွာရောက် ရမှာပေါ့ဗျာ လွဲမှတ်လို့"
ကိုချစ်တိုးက ဂက်စ်ဆရာတော့ ငွေသုံးထောင်ဆိုတာနဲ့ ထလိုက်မယ့်လူဆိုတာ သဘောပေါက်သွားတယ်။ လမ်းပြခေါ်ပါတယ်ဆိုမှ ၀ါးတားတားဖြစ်နေမှတော့ ဘာသွားအသုံးတည့်မှာတုန်းပေါ့လေ။ ဆရာကြီး ဦး ကျော်ဒွန်းက ဒါကို ရိပ်မိတော့ ဂက်စ်ဆရာကို သေချာအောင် မေးတယ်။

"နေပါဦး၊ မင်းက လယ်ပြင်ကြီးမသိဘဲနဲ့ ဘယ့်နှယ့် လိုက်ပြရမှာတုန်း မောင်ရ၊ ရွာမှမသိဘဲနဲ့ ဖြစ်မထင် ပေါင်ကွာ"
ဂက်စ်ဆရာက ငွေသုံးထောင် အလွတ်မခံချင်ဘူးနဲ့တူပါတယ်။ ပြာပြာသလဲ ပြောတယ်။
"သည်လိုပါ။ ရှေ့နားကျရင် လမ်းသုံးဆိုင်ကိုရောက်မှာ၊ တစ်မွှာက တောင်ဘက်သွားသာ၊ တစ်မွှာက မြောက်ဘက်သွားသာ၊ တစ်မွှာက အနောက်အယောင်ပြပြီး အနောက်မြောက်ဘက်ထွက်တာ"
"အဲသည်တော့"
"ကျုပ်တို့ရွာက မြောက်ဘက်သွားသဲ့လမ်း၊ မြောက်ဘက်တစ်ကြောတော့ ခင်ဗျားတို့ ပြောသဲ့ရွာမရှိဘူး။ အဲသာ ကျုပ် ဂက်စ်လိုက်ထည့်သဲ့ ရွာတွေ။ တောင်တစ်လမ်းလိုက်ရုံပေါ့ဗျ။ ရွာပါဆိုမှ လိုက်ရင်မိပြီပေါ့"

 ဟုတ်သားပဲ။ မြောက်ဘက်တစ်ကြောလုံးမှာမရှိရင် တောင်ဘက်တစ်ကြောလုံးမှာ ရှိရမယ်။ တောင်လမ်း အတိုင်းလိုက်ရင် လယ်ပြင်ကြီးရှိရမယ်။ ကိုချစ်တိုးက အဲသလိုတွေးမိတော့ ဂက်စ်ဆရာ ကားပေါ်တက် တော့လို့ ပြောလိုက်ရော။ ဂက်စ်ဆရာက လမ်းပြဆိုတော့ ရှေ့ခေါင်းခန်းကစီးရမှာကိုး။ သတို့သား မောင် ကြိုင်က နောက်ကိုပြောင်းစီးရရော။ မောင်ကြိုင်လည်း ခုမှ အနေချောင်ရတော့တယ်ဆိုတဲ့မျက်နှာနဲ့ ပြုံးနိုင် ရယ်နိုင်ရှိလာတယ်။ ဒါကလည်း မောင်ကြိုင့်အထင်ပါ။ ဆရာလုပ်တဲ့ ကိုကျော်သန်းကသာ ဆူဆူငေါက် ငေါက်နဲ့ ပြီးပြီးရော သဘေားထားပေမယ့် နောက်မှာပါလာတဲ့ ကိုချစ်တိုးက ကားပေါ်ရောက်လာတာနဲ့ မျက်နှာသာ မပေးတော့ဘူးကိုး။ သတို့သားဆိုတဲ့ကောင်ကလည်း မျက်နှာပိုးက မသေချင်ဘူး။ မျောက် ချောက်နေတဲ့အတိုင်းဆိုတော့ ကိုချစ်တိုးက နေရာကျယ်ကျယ် ဖယ်မပေးဘူး။ တော်ရာကြည့်ထိုင်ဆိုတဲ့ သဘောနဲ့ ပေါင်ကားထိုင်တော့ မောင်ကြိုက်ကလည်း ထိုင်မယ်လုပ်ပြီးမှ ထိုင်မဖြစ်တော့ လူဝကြီး ဦးမှတ် တင်ရဲ့ဒူးခေါင်းထိပ်က ကွက်လပ်ထဲ ရုတ်ဆိုထိုင်ချလိုက်ရော။ ဒါပေမယ့် ကားက ဆောင့်ထွက်လိုက်တော့ လူဝကြီးပေါင်ပေါ် ၀ုန်းဆိုကျတော့တာပေါ့။

"ငါ… ကွာ နာလိုက်တာဟ၊ အောင်မလေး သတို့သား ကျေးဇူးရှင်ရဲ့။ ပုဆိုးထဲထုပ်ထားတဲ့ ဥသျှစ်သီးတွေ ကွဲကုန်ပါရောလားဟ"
ပုဆိုးထဲထည့်လာတဲ့ ဥသျှစ်သီးဆိုတာကို မောင်ကြိုင်က တကယ့် ဥသျှစ်သီးထင်သွားပုံရတယ်။ အသာ လျှောဆင်း ထိုင်ရင်းက ပြန်မေးတယ်။ ဘယ့်နှယ့်မင်္ဂလာဆောင် ကြောင်းမြန်းတဲ့ပွဲ ဥသျှစ်သီးထည့်ယူလာ ရသလဲဆိုတဲ့ မျက်နှာနဲ့ပါ။
"ဥသျှစ်သီးများ အလေးခံလို့ လေးလေးရာ၊ ကျွန်တော့်ရွာရောက်ရင် ခူးခဲ့စမ်းပါ့မယ်"
"မင်းက ဘယ်ရွာကတုန်း"
"သပြေကန်က၊ ဥသျှစ်သီးများ ပေါချက်တော့"

အားလုံးက အူရန်ကောကွာဆိုတဲ့ သဘောနဲ့ ရယ်ကြပေမယ့် ကိုချစ်တိုးက မရယ်ဘူး။ လူကြီးတွေခေါ်လာ ပြီး ပေါ့တီးပေါ့ဆနိုင်ရပါ့မလားရယ်လို့ ငေါက်စရာအကွက်ချောင်းနေတာ မဟုတ်လား။ အခုလည်း ကြည့် လေ၊ ကံကောင်းလို့ ဂက်စ်ဆရာနဲ့ တွေ့လို့သာပေါ့။ နို့မို့ ဒုက္ခရောက်ရပါလား။ ကိုချစ်တိုးက မနေနိုင်တော့ မေးတယ်။
"နေစမ်းပါဦး။ မင်းက ကိုကျော်သန်းဆီမှာ လုပ်တာ ကြာပြီလား"
"ဟာ… လေးချစ်တိုးကလဲ။ လေးချစ်တိုးတို့ရပ်ကွက် ပန်တျာမြအောင် ဇာတ်လာကတဲ့ နှစ်ကပေါ့ဗျာ၊ နှစ် နည်းမှတ်လို့"
"ဟေ့ကောင် ပန်တျာမြအောင် လာမပြောနဲ့၊ မင်းကို ဇာတ်အကြောင်း မေးတာမဟုတ်ဘူး"
"လေး ငါးနှစ် ရှိပါပြီ"

"သည်လောက်ဝေးတဲ့ရွာက မိန်းကလေးနဲ့ မင်း ဘယ်လိုတွေ့ပြီး ဘယ်လိုကြိုက်ကြတာလဲကွ ဟေ…"
"လူငယ်တို့ သဘာဝပေါ့ လေးချစ်တိုးရာ၊ နဖူးစာရွာလည်တယ်ဆို မဟုတ်လား လေးချစ်တိုးရ"
"မင်း ဒီလောက်တတ်နေမှတော့ မင်းဟာမင်း သွားတောင်းမြန်းပါလား မောင်ကြိုင်ရာ၊ ငါ နားရင်းထ တီးမိ တော့မယ်"
"သည်လိုပါ လေးချစ်တိုးရာ၊ ကမ်းနားဈေးထဲ တွေ့ကြတာပါ၊ ကျွန်တော့်ကောင်မလေးက ကမ်းနားဈေးက သနပ်ခါးသည် မတင်ကြည်ဆီကို တစ်လတစ်ခေါက် သနပ်ခါးလာလာပို့တာလေ၊ ကျွန်တော်တို့ချင်းလည်း တစ်လတစ်ခါ တွေ့ကြရတာဗျ"
"နောက်တစ်လတွေ့ဖို့ ဘယ်လို ချိန်းကြတာတုန်း"
"မြန်မာရက် နဲ့ ချိန်းရတာပေါ့၊ ဘယ်နေ့ ဘယ်နေ့လာမယ်ဆိုရင် ကျွန်တော်က မနက်ပိုင်းအလုပ်မဆင်းဘဲ ဈေးဝ က စောင့်နေတာပဲ"
"မင်းရည်းစားက ဘယ်သူကွ"
"အေးသီ"

ဆက်ရန်
.

6 comments:

ahphyulay said...

အမနှယ်..
ရှာရှာ ကြံကြံဗျာ...၊
မိန်းမယူလိုက်တာများ ရှောက်သီးအလုံးလိုက်
မျိုချလိုက်သလိုတဲ့ ..၊
ဘာတဲ့  .. အိုးဝင်ကော်ချက် ဝေ့ နေတာတဲ့ ။
အသစ်တွေဗျိုး..၊ အသစ်တွေ ..၊
မှတ်သွားပြီနော...။
ဒါနဲ့  .. မမကီက အပျက်ကို နားမလည်ဘူးတဲ့ ။
အမရော မြင်ပြီလား၊
နောက်တစ်ကြိမ် ထပ်မဝင်ခင်
ကျွန်တော် နဲနဲ ရှည်ဦးမယ်နော်..။

ခင်တဲ့ 
အဖြေးလူ

စံပယ်ချို said...

အမရေ
လယ်ပြင်ကြီးရွာ အဲလေ ပေပင်ကြီးရွာကို
ရောက်ခဲ့ပါပြီ.....
ဘာဆက်လုပ်ရမလဲ မသိလို့
စောင့်နေပါတယ်။။။။
ချမ်းမြေ့ပါစေရှင်

ညီလင်းသစ် said...

ဆရာမ ခင်ခင်ထူးရဲ့ စကားလုံးတွေ ကတော့ဗျာ..၊ တကယ့်ကို ညက်ညောပြီး မြန်မာမှုရနံ့တွေ ဝေ့ဝဲနေ တော့တာပဲ..၊ မရွှေဇင်ဦး တင်မှပဲ မဖတ်ရသေးတာတွေ ဆက်တိုက် ဖတ်ရတော့တယ်၊ ကျေးဇူး တင်ပါတယ်ဗျာ၊ အပိုင်း ၂ ကိုလည်း စောင့်နေတယ်ဗျို့....။

Anonymous said...

စစ်ကိုင်းငါးထပ်ကြီးဘုရားကျော်ရင် သစ်ပင်တွေကြည့်ပဲ မရမ်း ကံ့ကော် မန်ကျည်း ရွှေပန်းငွေပန်းခင်း စတဲ့ သီးပင်စားပင်တွေ စိုက်ထားတဲ့ကြားမှာ အိမ်ကလေးတွေနဲ့ လမ်းလေးတွေမြုပ်လို့ ရွာတွေကလည်းတရွာနဲ့တရွာ ဆက်နေတော့ လေယာဉ်ပေါ်ကနေကြည့်ရင် သစ်တောစိမ်းစိမ်းနဲ့ ဧရာဝတီမြစ်ကြီးပဲ မြင်ရမယ်

Anonymous said...

ဆရာမရဲ့ အညာဆန်တဲ.စကားလုံးအသုံးအ နုံးတွေ အရန်း လန်းတယ်ဗျာ။ တခါမှမဖတ် ဖူးဘူး။ ကျွန်တော်ကစစ်ကိုင်းကပါ။

Anonymous said...

စာကောင်းလေးတွေရှာပေးတဲ့ အစ်မရွှေစင် စာရိုက်တင်ပေးတဲ့ မောင်လေး ညီမလေး အားးးလုံးကို ကျေးဇူးအထူးပါရှင် :)