Tuesday, July 26, 2011

ဆရာဦးသုခနှင့် သူ့ခေတ်ပြိုင် စာဆိုတို့အမြင် အပိုင်း (၂၈)

မောင်အေးမြင့်
(မြန်မာမှုဒီဇိုင်းသုတေသီ)
လဲသူကို ဆွဲထူပေးခဲ့ကြလေသော ဆရာနှင့် အံ့ဖွယ်ရှစ်ဖြာ သာသနာ
သုခ

လခစား ဒီဇိုင်းရေးသူအဖြစ်မှ မောင်အေးမြင့်တစ်ယောက် (အသက် ၄၀)နှစ်တွင် ဘ၀တစ်ဆစ်ချိုး ပြောင်း လဲခဲ့ ပါသည်။ လခစားဒီဇိုင်းရေးသူ ဘ၀လမ်းကြောင်း ပြောင်းခဲ့ရာ ကြိုဆို ထောက်ကူခဲ့ကြသူများစွာ တွင် ဆရာဦးသုခ နှင့်တကွ၊ ဦးအောင် (ဥာဏ်လင်းစာပေ)တို့အပြင် အလုပ်စခန်းနေရာ ထိုင်ခင်း နှစ်ရှည် လများ ပေးခဲ့သော ရန်ကင်း ရုပ်ရှင်မင်းသားကြီး မိသားစုနှင့် ရတနာမွန်အဖုံး ဒီဇီုင်း လစဉ် ရေးခွင့်ပြုခဲ့သော ၀ိုင်အမ်ဘီအေ အဖွဲ့ကြီး နှင့် မင်းကွန်းတိပိဋက နိကာယ အဖွဲ့ကြီးလည်း ပါဝင်ခဲ့ကြပါသည်။
ကာလ အားဖြင့် ၁၉၈၀ခုနှစ် အလွန်ဖြစ်၍ ဆရာကြီး ဦးသုခလည်း အသက် (၇၀)ကျော် ၀န်းကျင်လည်း ဖြစ်၍ ဆရာသည် မျက်စိမှစ၍ ကောင်းသော လှုပ်ရှားသွားလာကျန်းမာရေး အတော်အတန် ကောင်းနေဆဲ ဖြစ်ပါ သည်။

ဆရာပြုစုခဲ့သော "အကျော်ဒေယျ ဗုဒ္ဓသမီးတော်များ" နှင့် "မေတ္တာသုတ်" "မင်္ဂလာသုတ်" စာအုပ် များလည်း စာဖတ်သူ အကြိုက်များသော စာအုပ်များ ဖြစ်ခဲ့ပါသည်။ မောင်အေးမြင့်ကို ကျမ်းပြုသူ ဆရာဦးသုခ နှင့် ထုတ်ဝေသူ ဦးအောင်တို့လည်း မမြင်ဖူးမီကပင် မောင်အေးမြင့်လက်ရာအား လက်ခံ ကြိုဆိုခဲ့ကြသည်။
လခစားဝန်ထမ်းလောကကမှ အပြင်လောကရှိ ထုတ်ဝေသူများ၊ စာပေ၊ ပန်းချီဒီဇိုင်းပညာရှင်များ၊ စာဖတ် ပရိသတ်များ နှင့် ဆုံတွေ့သိကျွမ်းရသည့်အခါ ကြိုးစားရကျိုးနပ်သည့် ပီတိဖြင့် ခံစားရသည့်အဖြစ်မျိုးကို ထိုကာလ တွင် ရရှိခဲ့ပါသည်။

ဆရာဦးသုခ ကဲ့သို့သော စာပေ၊ ရုပ်ရှင်၊ အနုပညာ စွယ်စုံပညာရှင်နှင့် အလားတူ ပညာရှင်ကြီးများ ဖြစ်ကြ သော ဆရာ ဒဂုန်ဦးစန်းငွေ၊ ဆရာဦးဆန်းထွန်း၊ ဆရာဦးချမ်းသာ (လက်ဝဲမင်းညို)၊ ဆရာဦးရန်အောင်၊ ဆရာ ဦးသာလှ စသူတို့နှင့်လည်း မင်းကွန်းတိပိဋကဓရ ဆရာတော်င်္ဦးဆောင်သော သုံးနှစ်ခရီး စာစောင် ကော်မတီ တွင် ဆုံတွေ့ရင်းနှီးခွင့်ရခဲ့ပါသည်။
ဆရာတော်ဘုရားကြီးနှင့် ဆရာဦးသာလှတို့၏ ဦးဆောင်လမ်းညွှန်မှု၊ ကောင်းမှုတို့ကြောင့် အဆိုတော် ဦးမောင်မောင်ကြီး၊ ဗိုလ်ကလေးတင့်အောင်၊ မောင်ကိုကို၊ ကိုမင်းနောင်တို့နှင့်လည်း ရင်းနှီးကျွမ်းခဲ့ရပြန် သည်။

ထိုသို့သော တိ-နိသာသနာပြုခရီးနှင့် လှုပ်ရှားမှုများတွင် ဆရာဦးသုခကိုလည်း မကြာမကြာ တွေ့ဆုံရလေ့ ရှိပါသည်။
ဆရာဦးသုခ၏ ထိုကာလများတွင် ရေးဖွဲ့ခဲ့သော ဆောင်းပါးများကို မောင်အေးမြင့် သရုပ်ဖော် ရေးဆွဲရ သည် က များပါသည်။ သို့အကြောင်းများကြောင့် ဆရာ့စာများနှင့်ရော "ဆရာနှင့်ပါ နီးသောကာလများ" ဟု ဆိုလျှင် မမှားပါ။

ဆရာဦးသုခ၏ အနုပညာစွမ်းရည်များကို နီးနီးကပ်ကပ် သိမြင်ရလေလေ ကြည်ညိုလေးစားမှုများ ပို၍ ဖြစ်မိ ခဲ့ပါသည်။ ပညာ၊ စာဂ၊ ၀ီရိယ၊ ဓမ္မစာတွေ့၊ ကိုယ်တွေ့ ပေါင်းစပ်နိုင်သော ဆရာကဲ့သို့ ပုဂ္ဂိုလ် ပညာရှင် များ အသက်ရှည်ကျန်းမာ စွမ်းဆောင်နိုင်ခြင်းသည် လူ့ဝန်းကျင်လူ့လောကအတွက် အကျိုးကြီး လှ ပေသည်။
ဆရာသည်ဘ၀အဆက်ဆက်၊ ပါရမီအမျိုးမျိုး ဆက်မိအောင် ကျင့်နိုင်ခဲ့ဟန် တူသည်။ စာရေးရာ၌ လည်းကောင်း၊ အနုပညာဖန်တီးရာ၌လည်းကောင်း၊ အပြောအဟော၌လည်းကောင်း၊ ပရိသတ်ကြီးငယ် မရွေး ဆွဲဆောင်နိုင်စွမ်း ရှိလှသည်။

လူတို့၏ စိတ်နေသဘောထားကိုလည်း စေ့စေ့စပ်စပ် သိထားဟန်တူသည်။ ရုပ်ရှင်ဇာတ်လမ်း ဆရာ လက်ရာ များစွာ တို့တွင် လူ့သဘာဝကို ပိုင်နိုင်စွာ တင်ပြနိုင်ကြောင်း ပေါ်လွင်လှသည်။ ဆရာလက်ရာ မှန်လျှင် သင်ခန်းစာယူဖွယ် ရလွယ်သည်များက တန်ဘိုးရှိလှပေသည်။

ဓမ္မရသများပါသော တေးသီချင်းများ တစ်ပုဒ်ချင်း သိင်္ဂါရ ရသမြောက် ဂီတနှင့် တွဲ၍ ရှင်းပြနိုင်သည်မှာ လည်း ထူးထူးခြားခြား စံထားလောက်သည့် စွမ်းရည်များ ဖြစ်ပေသည်။
တစ်ချိန် က ဆရာ့ပါရမီကွက်မှ အိမ်တွင် ဆွမ်းကျွေးဖိတ်၍ ထုတ်ဝေသူ ဦးအောင် မိသားစုနှင့်အတူ ရောက်ခဲ့ ဖူးပါသည်။ ထိုစဉ်က ဆွမ်းဘုန်းပေးသူ ရဟန်းတော်သုံးပါး ဖြစ်ပါသည်။ မောင်အေးမြင့် ယေဘုယျ မှတ်မိ သည်မှာ ဆားလင်းကြီးဌေးလွင် ကလောင်နာမည်ခံ တောင်ပေါ်ကျောင်းဆရာတော် ဦးအာဒိစ္စ၊ နောက် ဆရာတော် ရဝေထွန်းနှင့် နောက်ကမ္ဘာအေးမဟာသံဃ နာယကအဖွဲ့ချုပ်၊ ပိဋကတ် တိုက်မှူး ဆရာတော် တို့ ဖြစ်ပါသည်။ ဆွမ်းစားပြီး၍ အချိုပွဲဘုန်းပေးရင်း ထိုကိုယ်တော် ၃ပါးက လောကီ လောကုတ္တရာ ရေးရာ များ ပြောဟောသမျှကို ဆရာက အလေးအနက်ထား၊ စိတ်ဝင်စား နားထောင် ပေးသည် ကို ကြုံဖူးပါသည်။

တိ-နိအသင်း စာစောင်ကော်မတီတွင် မောင်အေးမြင့် သတိထားမိသည်မှာလည်း ဆရာသည် တစ်ဘက်သား တင်ပြလာသည့် စကားအချက်အလက်ကို လေးလေးနက်နက် နားထောင်လေ့ရှိသည် ဖြစ် ပါသည်။ မောင်အေးမြင့် တတ်သရွေ့ မှတ်သရွေ့လေးနှင့် ဆရာ့စွမ်းရည်ကို တိုင်းတာကြည့်မိပါသည်။ တခြား တော့ မဟုတ်ပါ။ အင်းဝခေတ် ဆရာတော် ရှင်မဟာရဌသာရ၏ "သီကုန်း ပန်းသွင် နေ့တိုင်းဆင်း လော့" ဆိုသည့် "သု၊ စိ၊ ပု၊ ဘာ၊ ၀ိ၊ လိ၊ သိ၊ ဓာ" အက္ခရာရှစ်လုံးပါ သြ၀ါဒစာစု ဖြစ်ပါသည်။

၁။ သု=သုဏေယျ=နာယူတတ်ခြင်း။ ဆရာသည် လူတော် လူကောင်းတို့တွင် ရှိတတ်သော၊ မိမိကသာ ပြောရုံ မဟုတ်ဘဲ၊ သူတပါးပြောဆိုသည့် စကားကိုလည်း နားထောင်တတ်သူ ဖြစ်ပါသည်။ အချို့ လူကြီး များ မှားတတ်သည်မှာ မိမိစကားမှလွဲ၍ အခြားသူ ပြောကြားချက်ကို လစ်လျူရှု့ခြင်းပင် ဖြစ်ပါသည်။
၂။ စိ=စိန္တေယျ=ကြံဆခြင်း၊ ဆရာသည် လောကီအကြောင်း၊ ဓမ္မအကြောင်း အဘက်ဘက်က တွေးတော ကြံဆခြင်း ရှိသည်မှာ စာတွေက ပြနေပါသည်။
၃။ ပု=ပုစ္ဆေယျ=မေးမြန်းရာ၏။ အချက်အခြာကျလှသော ပြဿနာများကို ဓမ္မမိတ်ဆွေချင်း မေးဖြေပုံစံဖြင့် ရှင်းအောင် ရေးနိုင်ခြင်းက ချက်ကျကျ မေးနိုင်ခြင်းက ပေါ်လွင်သည်။
၎။ ဘာ=ဘာသေယျ=စုံစမ်းဆင်ခြင်ရာ၏။ ဆရာ၏ ထိထိမိမိ ပြောဆိုနိုင်ခြင်းက အထူးစံပြုရသည်။
၅။ ၀ိ=၀ိစာရေယျ=စုံစမ်းဆင်ခြင်ရာ၏။ ဆရာ၏ တင်ပြချက်မှန်သမျှ အခြေခံ တွေးတောရုံမျှမက စုံစမ်း ဆင်ခြင်မှု များ အားကောင်း ခိုင်မာသည်။
၆။ လိ=လိက္ခေယျ=ရေးသားနိုင်ခြင်း။ ဆရာ ရေးခဲ့သော စာအုပ်၊ စာပေစာစုများက သက်သေပြု၏။
၇။ သိ=သိက္ခေယျ=သင်ယူလေ့ကျင့်ရာ၏။ ဆရာသက်ရှိ ထင်ရှားရှိခဲ့သည့် အတောအတွင်း ရေးသား ပြောဆို ခဲ့သည့် အနှစ်သာရများတွင် ဆရာ သင်ယူ လေ့ကျင့်မှုများက ပေါက်ဖွားလာချက်များပင် ဖြစ်၏။
၈။ ဓာ-ဓာရေယျ=နှုတ်တိုက်အာဂုံဆောင်ရာ၏။ ဆရာ၏ ဟောပြောချက်များက နားထောင်ဖူး သူတိုင်း ဆရာ ပြောသည့် စကားများတွင် အာဂုံကျွမ်းစွာ ပြောဆိုနိုင်သည်ကို သိရှိကြရသည်။

မောင်အေးမြင့်သည် မိမိကိုယ်ကိုလည်း ဤအချက် (၈)ချက်နှင့် တိုင်းတာကြည့်သည့်အခါ အချက်တိုင်း မပြည့်မစုံ၊ တစ်ပိုင်း တစ်စသာ အားငယ်ဘွယ်ရာ တွေ့ရပါသည်။
ဆရာကမူ အချက်တိုင်းပြည့်လွန်နေသည်ကိုသာ အားရဘွယ် တွေ့ဆုံရခြင်းအတွက် ၀မ်းသာ ဂုဏ်ယူမိပါ သည်။
ဆရာပြုစုခဲ့သော စာအုပ်များ၊ ဆောင်ပါးများက ဖတ်မိသူတိုင်း အကြိမ်ကြိမ်ဖတ်မိတိုင်း အကျိုး ရှိလှပါသည်။ လူတော်လူကောင်း ပညာရှိတို့၏ စာကောင်းပေကောင်းများ ထိုပုဂ္ဂိုလ်တို့၏ ဒဿနအမြင်များ၊ အကျိုးပြန်နှံ့ လေလေ ကောင်းလေလေ ဖြစ်၏။ ဆရာဦးသုခသည် အသက်ရှည်ရှည် ကျန်းကျန်း မာမာနေရသရွေ့ အချိန် ကာလတိုင်းတွင် လောကီလောကုတ္တရာ၊ အတ္တပရ အကျိုးဖြစ်စေသော အပြော များ၊ အရေးများ၊ အနုပညာ ဖန်တီးချက်များ ပြုခဲ့သည့်အတွက် တာဝန်ကျေသော လူ့လောက လူ့ဝန်းကျင် ကို အကျိုးပြုသော ဘ၀ ဖြစ်ခဲ့ ပါသည်။
မောင်အေးမြင့် စံထား ကာ ဂုဏ်ယူဦးခိုက်မိပါသည်။

မောင်အေးမြင့်
 
သုမောင်
သုခသုမောင်စာပေတိုက်ပွဲ

ကျွန်တော်သည် ဒါရိုက်တာ အကယ်ဒမီ "သာဓု" ၏ သားဖြစ်သော်လည်း ဒါရိုက်တာ အကယ်ဒီ "သုခ" နှင့် ရုပ်ရှင် အလွန်ရိုက်ချင်ခဲ့ပါတယ်။ သို့သော် ကျွန်တော်ကိုယ်တိုင် အကယ်ဒမီ ရပြီးသည့်တိုင် ဆရာက ခေါ် မရိုက် ခဲ့ပေ။ ထို့အတွက် ဆရာအား မကျေမနပ် ဖြစ်နေခဲ့ပါသည်။
သို့သော် တစ်နေ့တွင် "ဆရာ" က ကျွန်တော့်ထံ ကိုယ်တိုင်ကိုယ်ကျ ဖုန်းဆက်ပါသည်။

"ဆရာသုမောင် ရေ ကျွန်တော် ဦးစီးတဲ့ "အမေနေ့" အတွက် ကျွန်တော် ရေးတဲ့ "အမေ" သီချင်းကို တီဗွီ ရိုက်ရင်း သီဆိုဖို့ ဆရာဆီ အကူအညီ တောင်းတာပါ" ဟူ၍ ဖြစ်ပါသည်။ ကျွန်တော့်မှာ ဘဘအပေါ် စိတ်ကောက် နေသည်များ ပြေပျောက်ရုံမက ကျေးဇူးတင် ၀မ်းမြောက်လျက် ဘဘ၏ ခဲတစ်လုံးနှင့် "ငှက်သုံးကောင်" ပစ်နိုင်သော "တင်္ခနုပ္ပတ္တိ" ဥာဏ်ကို ရှိခိုးပူဇော်မိပါတော့သည်။
"တီဗွီရိုက်သီချင်းဆို" ဆိုသဖြင့် ကျွန်တော့်အား "အဆိုကျော် ရုပ်ရှင်မင်းသား" အဖြစ် ဘဘ သတ်မှတ် သော သေချာပါပြီ။ ကိုင်း "ဆရာသုမောင်" ရေ ဟု "အာလုတ်" သုံးလိုက်ပုံက စာရေးဆရာအဖြစ် အသိ အမှတ်ပြု ကြောင်း ပေါ်လွင်နေပြီကောလေ။

ဦးတင်လျက်
သုမောင်
၈.၈.၂၀၀၉


ကျွန်တော်မှာ ၁၉၇၃ အောက်တိုဘာတွင် "ငယ်အိပ်မက်" ၀တ္ထုကို ကျွန်တော်မှာ ၁၉၇၃ အောက်တိုဘာလ တွင် "ငယ်အိပ်မက်" ၀တ္ထုကို ရှုမ၀မဂ္ဂဇင်း စင်တော်ကောက်အဖြစ် စတင်၍ စာရေးဆရာဘ၀ ရောက်ရပါ သည်။ ၁၉၇၅တွင် မင်းသားဖြစ်ပြီး ၁၉၇၆ကျမှ အဆိုကျော် ဖြစ်ပါသည်။ စောစောက ပြောခဲ့သလို ရွှေတြိဂံ နယ်မြေမှာ တစ်ပြိုင်နက် ထင်ပေါ်လာခဲ့သော်လည်း ကျွန်တော့် အရင်နှစ်ပေါင်းများစွာ ကြို၍ ထိုရွှေတြိဂံ အနုပညာ နယ်ပယ်မှာ အောင်မြင်ကျော်ကြားခဲ့သော ဆရာ "သုခ" နှင့် ကား မဆုံဆည်းခဲ့ရပါ။ (ဆရာ့ကို လူသိ များတာက အကယ်ဒမီ(၆)ဆုရှင် ရုပ်ရှင်ဒါရိုက်တာကြီး ဖြစ်သော်လည်း ဆရာသည် ရုပ်ရှင် သရုပ်ဆောင် လည်း အောင်မြင်ခဲ့ပါသည်။ (မင်းသားတော့ မဟုတ်ပေ) "ဂုဏ်ရည်မတူ" ဇာတ်ကားကြီးတွင် "ပေါက်စီမယ်သုန်" ဟု ဆရာက "ပေါက်စီ" ဒေါ်မေသစ်က "မယ်သုန်" အဖြစ် သူတောင်းစား မောင်နှမ အဖြစ် ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့ရာ ပရိသတ်ပါးစပ်ဖျား "ပေါက်စီ" "မယ်သုန်" ခေတ်စားသွားခဲ့ပါသည်။

အခြားဇာတ်ကားကြီးများတွင်လည်း ဆရာသည် အဓိက ဇာတ်ပို့အဖြစ် ရိုက်ကူးအောင်မြင်ခဲ့ပါသေးသည်။ သို့သော် ဒါရိုက်တာ ဖြစ်လာသောအခါ ဆရာ့သရုပ်ဆောင် ဘ၀ တိမ်မြှုပ် သွားခဲ့ရပါတော့သည်။ ဒါသည် သစ်ပင်ကြီး ကြောင့် လောင်းရိပ်မိ အပင်ငယ်တို့၏ ညှိုးလျော်ရသော သဘာဝပင်။

ထို့ထက်ကား ဆရာသည်လည်း (သာဓု၊ မောင်သင်၊ မြတ်လေး၊ ၀င်းဦး)  စသည်တို့ကဲ့သို့ ရုပ်ရှင်၏ အရှိန် အ၀ါ ကြီးမားအောင်မြင်မှုကြောင့် စာပေဘ၀အရောင်မှိန်သွားရသည်ကား ၀မ်းနည်းဖွယ် ကောင်းလှပေ သည်။ တကယ်တော့ ဆရာသည်လည်း "အချစ်အိမ်ထောင်ရေး" စူပါ စာရေးဆရာကြီးတစ်ဆူ အရင်ဆုံး ဖြစ်ခဲ့ပါသည်။ နောင်မှ ရုပ်ရှင်၊ ပြဇာတ်၊ ဂီတ နယ်ပယ်ထဲသို့ ၀င်ပါသည်။ ဂီတတွင်လည်း ဆရာသည် တေးသီချင်း အပုဒ်များစွာ ရေးစပ်သီဆိုခဲ့ပါသည်။ ဥပမာ ယနေ့တိုင် ပြန်အဆိုဆုံး ဖြစ်နေသော "ဘ၀သံသရာ"။ စောစောက ပြောသလို ရုပ်ရှင် (ဒါရိုက်တာ) အဖြစ် သူမတူအောင် ကွယ်လွန်ခါနီးထိ အတုမရှိ ဒါရိုက်တာဖြစ်ခဲ့လေရာ ဆရာ၏ သရုပ်ဆောင်၊ ဂီတစာဆိုတေးသံရှင်၊ စာရေးဆရာဘ၀များ အရောင်မှိန်ခဲ့ရပါသည်။

"အရောင်မှိန်ခဲ့ရ" ဟု လူပြိန်း စကားသုံးရပါသည်။ တကယ်တော့ "စာပေ" သည် စာရွက်ပေါ် မင်စာဖြင့် ပုံနှိပ်ရသော်လည်း ကျောက်ထက်အက္ခရာတင်သလို နှစ်ပေါင်းများစွာ တင်ကျန်ရစ် သော ဂန္တ၀င်အနုပညာ အမျိုးအစား ဖြစ်ပါသည်။ သို့သော် ခေတ်စကားဖြင့် "စီလီဘရီတီ" တို့ "ပေါ်ပြူလာ" တို့ကဲ့သို့ လူသူပရိသတ် အသိများခြင်း ၌ ပါးလျားရသည်ကိုသာ ကျွန်တော်က ယေဘုယျ ဆိုရပါသည်။
ဘာပဲဖြစ်ဖြစ် ဆရာက အသက်ရလာသောအခါ "ဂီတ" နှင့် "စာပေ" မူလဘူတဘ၀ကို တတ်အားသမျှ ပြန် ဖော်ပါသည်။ ဓမ္မစာပေကို ရေးပါသည်။

အထူးသဖြင့် စာဆိုတော်ရာသီရောက်တိုင်း စာပေဟောပြောပွဲ များ လိုက်ပါသည်။ ထူးခြားတာက ဆရာ စာပေ ဟောလျှင် ဆိုင်းဝိုင်းငှားခိုင်း တတ်ပါသည်။ ဆရာက "ဘ၀သံသရာ" "တေးဘုမ္မာ" စသော တေးသီချင်း များ၏ စာပေအနှစ်သာရကို ဂီတဖြင့် သီဆို တီးမှုတ်ပြရင်း ပရိသတ်ကို "သကြားအုပ်ဆေးခါး" ကျွေးသလို ခေါ်ယူ စည်းရုံးခြင်း ဖြစ်ပါသည်။ စာပေဟောပြောပွဲ ပရိသတ်ဆိုသည်မှာ အနုပညာ ပရိသတ် တကာတို့တွင် အမြင့်ဆုံးဟု ဆိုရသော်လည်း ကြိုးကြားဆိုသလို စာရေးဆရာတွေ ရယ်စရာ "ဟာသ" ပြောပြ၊ "သီချင်း" ဆိုပြ စသည်ကို စိတ်ဝင်စားကြသူများ ပါဝင်တတ် ပါသည်။ (ခုနယ်ခါ ထိုအစွဲ ပိုကဲ နေပါသည်) ဆရာကတော့မူ အကယ်ဒမီ(၆)ဆုရအောင် ပရိသတ်ကို စည်းရုံး နိုင်သော ဥာဏ်စွမ်းရှိသူပီပီ ထိုကဲ့သို့ စာပေပွဲမှာ ဆိုင်းဝိုင်တွဲခြင်း ဖြစ်ပါသည်။

ရိုးရိုးကြီး ၀န်ခံရလျှင် ဆရာ၏ ထိုအပြုအမူကို ကျွန်တော် မနှစ်သက်ခဲ့ရိုးပါ။ (ဟိုစဉ်က ဖြစ်ပါသည်)။ ထိုနည်းတူ စာရေးဆရာတွေ သံသေးသံကြောင်ဖြင့် (အချို့လည်း ကောင်းရှာပါသည်) စာပေပွဲမှာ သီချင်းတွေ အသားလွတ်ဆိုတာ စာပေဂုဏ်ပျက်သည်ဟု ကျွန်တော်က လူငယ်ပီပီ အတွေးဆတ်ပါသည်။ ထို့ကြောင့် ထိုစဉ် (၁၉၇၀-၈၀) ၀န်းကျင်က စာပေပွဲများသို့ ဘယ်အခါမှ သီချင်းဆိုမပြခဲ့ပါ။ မဆိုရုံမက (ငယ်ဂုဏ်မောက်ပြီး) သီချင်းဆိုသော စာရေးဆရာများကို ကျွန်တော် ဒိုင်ခံ ကန့်ကွက်ခဲ့ပါသည်။

စင်မြင့်ပေါ် မှာပင် ပြောအား ရှိသည်။ ဟုတ်ပါ့။ ကျွန်တော်က နိုင်ငံကျော်အဆိုတော် တစ်ပိုင်း မဟုတ် ပါလား။ သည်တော့ အနိုင်နှင့်ပိုင်းသော "စာရေးဆရာသုမောင်" အား အခြားစာရေးဆရာများက မချေပ နိုင်ရှာ။ ဒါကို အခွင့်ကောင်း ယူပြီး လိုသည်ထက်ပို၍ ဆော်ပလော်တီးတတ်သော ကျွန်တော့်မှာ "ဆရာသုခ" နှင့် စာပေပွဲ သွားများ ကြုံလျှင် ငြိမ်ကုပ်နေရပါသည်။ ပြောကြကြေးဆိုလျှင် ကျွန်တော်၏ အနုပညာ အဖိုး မဟုတ်လား။ ကျွန်တော့်ဖခင် "သာဓု" ထက် သူက စောသည်လေ။

သည်လိုနှင့် မှတ်မှတ်ရရ (၁၉၈၂)တွင် တောင်ဥက္ကလာပ(၁၃)ရပ်ကွက်၌ "သုခ၊ သုမောင်၊ မြတ်ထန်" တို့ သုံးဦးသား ဂိုဏ်းစာပေဟောပြောပွဲ ကျင်းပပါသည်။ ဆရာမြတ်ထန်မှာ အသက်ကြီးသော်လည်း စာဝါနု သဖြင့် ရှေ့ဆုံးမှ တက်ဟောရပါသည်။ ပြီးတော့ ၀ါအရင့်ဆုံး ဆရာသုခက ဒုတိယ၊ အကြောင်းကား အဆိုကျော် မင်းသား၊ စာရေးဆရာ ဟု နာမည်ကြီးနေသော စီလီဘရီတီ "သုမောင်" ကို ဆန်ခံရန် "မျောက်ပြ" ဖို့ နောက်ဆုံးမှာ ထားသတတ်။

သည်လိုနှင့် ဟောကြပြောကြလေရာ ဆရာသုခအလှည့်တွင် ထုံးစံအတိုင်း "တေးဘုမ္မာနှင့် ဘ၀သံသရာ" သီချင်း များ၏ စာသားကာရန်၊ အဓိပ္ပာယ်၊ ဓမ္မဒဿန စသည်ဖြင့် လေးနက်စွာ ဟောရင်း ပေါ့ပေါ့ ပါးပါးလည်း သီချင်းဆိုပြပါသည်။ အသက်ကြီးပြီမို့ အသံမရတော့သော်လည်း အဆိုကောင်းတော့ ပရိသတ် က သဘော တွေ့ပါသည်။ သို့သော် သူတို့မျှော်နေကြတာက "နုနုငယ်ငယ်ဂုဏ်တက်နေသည့်အရွယ်" သုမောင် ၏အဆို။

ဤတွင် ဆရာသည် တေးသီချင်းများသည် စာပေ၀တ္ထုများထက် ပရိသတ်ကို ပို၍ ဖမ်းစားနိုင်ကြောင်း၊ သြဇာကြီး ကြောင်း စကားဆက်ပါတော့သည်။ သဘောမှာ တေးသီချင်းများ "ပေါက်" ပြီဆိုလျှင် ပရိသတ် က လိုက်ဆိုရုံမက ထိုတေးပါ အကြောင်းအရာကိုလည်း တုပမှီငြမ်းကြတော့ကြောငုး ဖြစ်သည်။ အလွန်ကောင်း သော ရည်ရွယ်ချက် ဖြစ်ပါသည်။ သို့သော် ဥပမာပေးရာ၌ ဆရာသည် ကျွန်တော့် ဘက် လက်ညှိုးထိုးပြီး (ထိုစဉ်က စာရေးဆရာများမှာ စင်မြင့်ပေါ်မှာ ငုတ်တုတ်ထိုင်ကြရသည်။

"ဟော ... ဆရာသုမောင်ရှေ့တွင်ပဲ သူ့အဖေ ကိုသာဓုရေးတဲ့ သီချင်းတစ်ပုဒ် ဥပမာပေးရဦးမယ်ဗျာ။ ဘာတဲ့ "တင့်တင့်တို့အရွယ်" ဆိုတဲ့ သီချင်း "ဒီအရွယ် တင့်တင့်တို့အရွယ် ကျွန်မ ကျွန်မတို့အရွယ်၊ တစ်ဆယ်ကျော် ငါးနှစ်ပတ်လည် ××× ရူးနှံ့နှံ့အရွယ် ×××အိပ်ချင်ရာအိပ် ×××သွားချင်ရာသွား ×××အားအား ရှိတော့ အလှ ပြင်တယ်" တဲ့ "အကယ်၍သာ" ဆိုတဲ့ သူရိုက်တဲ့ ဇာတ်ကားမှာ "မြတ်မွန်" ဆိုတာပေါ့။ ဟာ ... တစ်နိုင်ငံ လုံး ဟိုးဟိုးကျော်သွားတဲ့ သီချင်းဗျ။ လူကြီးလူငယ်၊ ကျားမ မရွေး အားအားရှိ လိုက်ဆိုရတဲ့၊ ခေတ်စားတဲ့ သီချင်းဆိုပါတော့ဗျာ။ ... အဲ ... အဲ ... ပြဿနာက စောစောက ကျွန်တော် ဆိုပြ တဲ့ စာသားထဲပါတယ်။

"အိပ်ချင်ရာအိပ်×××သွားချင်ရာသွား" တဲ့။ ကြည့်စမ်းဗျာ ... အပျိုမဒမ်းလေးတစ်ယောက် အိပ်ချင်ရာအိပ်၊ သွားချင်ရာသွား ဆိုတော့ စဉ်းစားသာကြည့်ကြပါတော့။ (ပရိသတ်လက်ခုပ်သံများ) (သုမောင်အခံရခက်၊ မျက်နှာအောက်ဝှက်) ဒီသီချင်းပေါက်တော့ လူငယ်တွေလိုက်ဆို လုံမငယ်တွေလိုက်တု မခက်လားဗျာ။ ဒါကြောင့် ဂီတဟာ ပရိသတ်စည်းရုံးရာမှာ စပယ်ရှယ်ကောင်း သတိထားသင့်တယ်" စသဖြင့် ရိုးရိုး သားသား ဝေဖန်အကြံပြု ပြောကြားသွားရှာပါတယ်။ နော့ပေတည့် ခလုပ်က ထိတာ "အမိ" မဟုတ်၊ "အဖ" ဖြစ်နေ လေရာ ကျွန်တော့်မှာ မခံချိမခံသာပေါ့။ ပြီးတော့ ကျွန်တော် ရှေ့ထားပြီး ကျွန်တော့်အဖေ ဝေဖန်တာ ဆို တော့ ကျွန်တော့်မှာ တာဝန် ရှိလာပါပြီ။ ဒါ့ပြင် နောက်ဆုံးမှာ ပြောရမှာမို့ တစ်ပန်းသာသည်။ ပိတ်တွယ် ရုံပေါ့။ ကျွန်တော် တေးမှတ်ထားလိုက်တော့သည်။

ရောက်ပါပြီ၊ ကျွန်တော့်အလှည့် ပရိသတ်ဆိုတာ လက်ခုပ်သြဘာ မိုးလုံးညံပေါ့။ နုနုနယ်နယ် အရွယ် ကောင်း နာမည်ကြီး ဆိုတာကတစ်ပိုင်း၊ စောစောက ဆရာသုခ ကျွန်တော့်အဖေကို တွယ်ထားတာ ဘာပြန် ပြောမလဲ ဘာသီချင်းတွေ ဆိုမလဲ ... ပေါ့လေ။
ကျွန်တော်ကလည်း ဒေ၀ဒတ်ထုံး နှလုံးမူပြီး စကားလုံး "ကျောက်မောင်း" ဆင်ပြီးသား ဖြစ်၏။
"လေးစား ရပါသော စာပေ၀ါသနာရှင်များ ခင်ဗျာ" ဟု အစချီပြီး ဘာမျှ နိဒါန်း မပျိုးဘဲ (ဆရာသုခရဲ့ သြ၀ါဒ တွေ ကောင်းကြောင်း ချီးမွမ်းရသည်။ ဒါမှ မြှောက်ပြီး ရိုက်တဲ့ ဘော်လီဘောလို ကျွန်တော့်ရိုက်ချက် ပိုပြင်း မှာကိုး)

"ဆရာကြီး ဘဘဦးသုခက ကျွန်တော့်ဖခင်ရေးတဲ့ တင့်တင့်တို့အရွယ် ဆိုပြတာလည်းကောင်းပေါ့။ ရှင်းပြ တာလည်း သူ့အဆိုအတိုင်း (စာသားအတိုင်းတော့) ဟုတ်ပါ့ပေါ့ခင်ဗျာ။ နော့ပေတဲ့ ဆရာများ အသက်ကြီး လို့ မကြားတကြား အမှတ်သညာတွေ မှားသလား မသိဘူး။ တကယ်က ကျွန်တော့်ဖခင် "သာဓု" ရေးတဲ့ အဲဒီ သီချင်းထဲက စာသားဟာ "အိပ်ချင်ရာအိပ်××သွားချင်ရာသွား" မဟုတ်ရပါခင်ဗျာ။

အဖေရေးတာက "အိပ်ချင်ရင်အိပ်××ထချင်မှထ" အပျိုဖျန်း မဒမ်းမလေးဆိုတာက စိတ်လွတ်လက်လွတ် နေတတ်တာ ကြောင့် "အိပ်ချင်တဲ့အချိန် အိပ်လိုက်မှာပဲ၊ ထချင်တဲ့အချိန်မှ ထလာမှာပဲ" ဆိုတဲ့ ကလေးစိတ် မကုန်သေး တာကို ဆိုတာပါ။ ဆရာဘဘဆိုပြတာနဲ့ အဓိပ္ပာယ် ကွာပါတယ်။ (လက်ခုပ်သံများ) စသည်ဖြင့် ငယ်ဂုဏ် မောက်တဲ့ ဒေ၀ဒတ်ဝင်စားသူ သုမောင် ပြန်တွယ်ပါလေရော။ ပရိသတ်ကလည်း တသောသော ဒါနဲ့ မကျေ သေးဘူး။

လူ့သဘာဝ နိုင်ရင်ဖိတွယ်တတ်သည့်အတိုင်း- "အသက်ကြီး လို့ အသံတွေ တုန်နေတဲ့ ဘိုးဘိုးကြီးဆရာသုခ သီချင်းတွေ ဆိုပြတာ ပညာရပေမဲ့ မြန်မာပြည် မှာ အသံဘုရင်အခေါ်ခံရတဲ့ "သုမောင်" စာပေပွဲမှာ ယောင်လို့ မှ သီချင်းမညည်းဘူးဆိုတာ ကတိပေးပါ သဗျ" ဆိုပြီး အလင်္ကာရသနောလို့ ဆရာ့ကို ဘာသာ လေးကောမိပါတယ်။ ဆရာကို လှည့်ကြည့်လိုက် တော့ "ကွမ်း" ကလေးဝါးပြီး ခေါင်းတညိတ်ညိတ်နဲ့ပါ။ ဆရာမြတ်ထန် ကတော့ အားနာတာလား သူရို့ လူကြီးချင်း "မှတ်ပလား" ဆိုတဲ့ သဘောနဲ့လား ကျီစယ်ပြုံးလို့။

ဒီတွင် အကောင်းအဆိုး တစ်ခုခုဖြစ်လာရင် သာရာဘက်က ဖိထောင်းတတ်တဲ့ သဘာဝ၊ အနုပညာတစ်ခုခု အောင်မြင်လာရင် နောက်ဆက်တွဲတွေ ထပ်လုပ်တတ်တဲ့ သဘာဝက သုမောင်ဆိုတဲ့ မနူးမနပ် "စီလီဘရီတီ" လေးကို မြှောက်ထိုးပင့်ကော် လုပ်ချင်ပါလေရာ။

"ပရိသတ်များ ခင်ဗျား တကယ်တော့ ဓမ္မသီချင်းတွေနဲ့ တရားပြသွားတဲ့ ဘဘဦးသုခရဲ့ အကျော်ကြားဆုံး သီချင်းတစ်ပုဒ်ကို ကျွန်တော့်ရဲ့ ကိုင်စွဲထားတဲ့ စာပေမူဝါဒကို ဖောက်ဖျက်ပြီး နည်းနည်း သီဆိုပြပါ့မယ်။ (လက်ခုပ်သံများ) ဘာတဲ့ "စိတ်ညစ်လို့ အရက်ကို သောက်တယ်×××အရက်သောက်တော့ စိတ်သိပ်ညစ် တယ်×××လူမှာသာ ငွေမရှိရင်×××လင်ယူမိတာ နာတယ်ထင်တယ်×××ငွေကိုသာ ရေလိုသုံးရင်××× တစ်ပြည်လုံးမှာ×××လုပ်သမျှတင့်တယ် ... လမ်းလယ်မှာလဲလဲ ... လူကို တွဲလို့ အိမ်ထဲခေါ်မယ်" ပါတဲ့ ခင်ဗျာ။

စသဖြင့် ပီသကြည်မြတဲ့ "သုမောင်" ရဲ့ ဂီတနဲ့ ဖျော်ဖြေရင်း ဆရာကို ခပ်ပြင်းပြင်း နင်းပြောမိပါရော။
ဟောပြောပွဲပြီးတော့ တစ်လမ်းစီမို့ ဆရာက သီးသန့်ပြန်ပါတယ်။ ဆရာမြတ်ထန်နဲ့ ကျွန်တော်က ကား တစ်စီးပါ။ အဲဒီမှာ အထိတ်သာမလန့်သာ စကားတစ်ခွန်းဆရာ မြတ်ထန် က ပြောပါတယ်။
"ဆရာသု--နည်းနည်းများ ဒေါသသံပါသလားလို့" တဲ့ ဆရာဟာ စစ်ဗိုလ် လူထွက် စာရေးဆရာပေမဲ့ စကားပြော အလွန်နူးညံ့ပါတယ်။ ဆရာကြီး မင်းသုဝဏ်လည်း စာရေးဆရာမှန်သမျှ ကြီးငယ်မဟူ ဆရာဟု ခေါ်ပါသည်။ (စကားမစပ်-ကျွန်တော် ခဲလုံးကန်တာ နာမည်ကြီးသွားတဲ့ "နှောင်းတမြေ့မြေ့" ဟာ ဆရာ မြတ်ထန်ရဲ့ နိုင်ငံကျော် ၀တ္ထုပါ။)

ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ စာပေဘိုးအေကြီး ကို လူငယ်ကောင် တီးလိုက်ရလို့ စာပေပွဲမှာ သီချင်း မဆိုသော်လည်း အပြန်လမ်းမှာတော့ "စိတ်ညစ်လို့ အရက်ကို သောက်တယ်" ဆရာသုခသီချင်းလေး ညည်း နေမိပါတော့တယ်။ (အရက်ကလည်း သောက်ထားမင့်ဟာကို) အမှန်ကတော့ ဒီစကားတွေကို စင်ပေါ်မှာ ကျွန်တော်မပြောသင့်ပါ။ စင်အောက်ရောက်မှ ဆရာကို တိုးတိုးပြောလျှင်လည်း ပြီးသည်။ တကယ် တော့ ကျွန်တော်သည် ငယ်ဂုဏ်မောက်တာမျှသာ ဖြစ်သည်။

မြတ်စွာဘုရားဟော "ကံ" အကျိုးပေး ၀ဋ်လည်ခြင်းဆိုသည်မှာ ဘ၀မကူးခင်မှာတင် တစ်ပတ်လည်ရုံမက ... တောင်ဥက္ကလာ စာပေပွဲအပြီး တစ်လအကြာမှာ (ထိုသုံးယောက်အတွဲပါပဲ) မဂိုလမ်း (ယခု ရွှေဘုံသာလမ်း) မှာ စာပေဟောပြောပွဲ ပြန်ဆုံပါသည်။ ကျွန်တော်သည်ကား ငမိုက်သား ငရဲလားမည့် ဒေ၀ဒတ် ၀င်စားသူပီပီ ကျောက်မောင်း ကြိုတင်ချီထားလေသည်။ ဘာပဲဖြစ်ဖြစ် ဆရာသုခ ကျွန်တော့်ကို ပြန်ချေပ (သို့မဟုတ်) လှုပ်မရအောင် တုပ်တော့မည်ဟု ဒါဆို ငါဘာပြန် "ဖြည်" မလဲပေါ့။
သို့သော် ဆရာကြီးသည် ထိုပွဲမှာ ပထမဆုံး စဟောပါသည်။ ထုံးစံအတိုင်း ဓမ္မသီချင်း၊ ရှင်းတမ်းတွေ ဟောရင်း ဆိုရင်းပေါ့။

အဆုံးသတ်နိဂုံးတွင်မူ

"ပရိသတ်များခင်ဗျား ပြီးခဲ့တဲ့လက ကျွန်တော်တို့ သုံးယောက်အတွဲ တောင်ဥက္ကလာမှာ ဟောကြပါသေး တယ်" အစချီပြီး ကျွန်တော်နှင့် အချီအချ ဖြစ်ပုံကို ရိုးရိုးစင်းစင်းကြီး ပြန်ရှင်းပြပါသည်။ ထို့နောက်-
"ဒါကြောင့် စာရေးဆရာ တွေဟာ အရေးပါတာပါ။ အသက်ကြီးတာ ငယ်တာနဲ့ မဆိုင်ပါဘူး။ စာရေးဆရာ မှာ ရာထူးကြီးငယ် မရှိပါဘူး။ ဦးနောက်နဲ့ နှလုံးသားအားကောင်းရင်း စေတနာမှန်ရင် စာရေးဆရာချင်း ပေမဲ့ လေးစားပြီး နာယူရပါမယ်။ ခုဟာက တောင်ဥက္ကလာပကိစ္စ ပြီးကတည်းက ကျွန်တော်ဟာ "ဆရာသုမောင်" ရဲ့ စကား ကို လေးလေးစားစား နာယူပြီး နောင်ဟောပြောပွဲတွေမှာ သူ့အဖေ ကိုသာဓု ရဲ့ သီချင်းကို ဆိုမပြ တော့ပါဘူး။ ဟုတ်ပါ။

ကျွန်တော်စာသားမှားသွားတာကိုး။ နောက်ပြီး ဆရာသုမောင် ထောက်ပြသလိုပွဲတိုင်း မှာ ကျွန်တော့်ရဲ့ အမှားကြီးမှားခဲ့တဲ့  "ဂုဏ်"ဆိုတဲ့ နာမည်ကြီး "အရက်ဂုဏ်ပြု သီချင်း" အဲ … လူငယ်တွေ ကို အရက် သောက်အောင် အားပေးရာရောက်စေတဲ့ ကျွန်တော့်သီချင်းကိုတော့ အစအဆုံးဆိုပြပြီး ကျွန်တော့် အမှား တွေကို ၀န်ခံရပါတယ်။ ရှေ့လည်း ဆက်ပြီး ၀န်ခံဦးမှာပါပဲ။ အထူးသဖြင့် ငယ်ပေမဲ့ စေတနာကြွယ်တဲ့ ဆရာသုမောင် ကိုတော့ ဒီစင်မြင့်ပေါ်မှာပဲ ပရိသတ်ရှေ့ သက်သေထားပြီး ဂါရ၀ ပြုပါရ စေ … ခင်ဗျား" ဆိုပြီး (ဆရာရဲ့ လက်သုံးပုံစံ ဂါရ၀ထုံးစံအတိုင်း ကျွန်တော့်ဘက်လှည့် လက်အုပ်ချီရှာပါ တယ်)။

ပရိသတ် မှာ ရွှေဘုံသားလမ်းမကြီး အပြည့်၊ နဘေးတိုက်တန်းတွေပေါ်မှာလည်း ညွှတ်လို့။ အားလုံး ငြိမ်ကျ သွားပါတော့သည်။ ဆရာသည် ပွဲပြီးပြီးချင်း ထုံးစံအတိုင်း "ကွမ်းကလေးမြှုံ့လျက် နားနေရာဆောင်ဆီ ထွက်သွား ပါတော့သည်။

ထိုညက နောက်ဆုံးမှ ဟောနေကျ ပွဲတိုင်းကျော် နာမည်ကျော်၊ အပြောကောင်း၊ အဆိုကောင်း "သုမောင်" ကြီး လေ ကောင်းစွာမဟောနိုင်တော့ပါ။ ရှက်ခြင်း၊ ၀မ်းနည်းခြင်းများကြောင့် မဟုတ်ပေ။ တရားရခြင်းနှင့် အတူ နောင်တကြီးစွာရမိခြင်းကြောင့် စကားတွေ မမှားသော်လည်း အသံတွေကား မမှန်တော့ပါချေ။ ဟုတ်ပါ့။ ပြောရင်းမှာပင် ကျွန်တော် မျက်ရည်တွေ ကျနေပြီ ဖြစ်ပါသည်။ မျက်ရည်ကျတာ လူမြင်ရုံ ရှိသည်။ အသံမမှန်တာက သရုပ်ပျက်လှသည်။ ဟုတ်ပါ့။ ဘာစကားပြောပြော ဟာသနှောတောင် ကျွန်တော့် အသံ မှာ ငိုသံပါကြီးနှင့်ပါတကား။

သုမောင်
(၈.၈.၂၀၀၉)


မှတ်ချက်။    ။ စာရေးဆရာသေရင် နတ်ပြည်ရောက်သဟဲ့ စာရေးဆရာကြီး ဦးရန်အောင်၏ မှတ်ချက် စကား။
သြော် … ခုနှယ်ခါ တာဝတိံသာ (စာဝတိံသာ)မှာ ဆရာသုခနှင့် ဆရာသာဓုတို့ ကိုယ့်ဘုံနှင့်ကိုယ် စံနေကြပါ ရော့မည်။ ဘုံချင်းကတော့ အလှမ်းကွာပေလိမ့်မည်။ နတ် "သုခ" ဘုံက ဘုရားရှင်၏ "ဆံတော်မြတ်စေတီ" နှင့် နီးပေလိမ့်မည်။ နတ် "သာဓု" ဘုံကတော့ "၀ိသကြုံ" နတ်၏ဘုံနှင့် ကပ်လျက် ဖြစ်လိမ့်မည်။ (ဆရာသာဓု ၏ သီးခြားဝါသနာ မော်တော်ကားပြင်ခြင်း ဖြစ်သဖြင့် ၀ိသကြုံ၏ နတ်မြင်းလှည်းကို သူပဲ ဒိုင်ခံ ပြင်နေမှာကိုးလေ။)

အဘိုးနှင့်အဖေတို့၏
သားမြေး
စာရေးဆရာစစ်စစ်ဖြစ်သွားပြီဖြစ်သော
သုမောင်
.

No comments: