Wednesday, July 6, 2011

မဝင်းမြင့် ၏ မြသေလာတောင် ဆွေးဖွယ်နှောင်သည် အပိုင်း (၃၁)

နောင်စငဲ့ တောင်တန်းနှင့် နန်နောင်းခါရီကို လွမ်းမိရှာကြောင်း ကိုမျိုးခိုင်ကကောင်းစွာ အကဲခတ်လိုက်မိ၏။ သို့သော် ကိုစောအောင်က အမူအယာမပျက်စေဘဲ လျင်မြန်စွာ စကားဆက်လိုက်၏။
" ကျွန်တော်တို့ခြံက အစ်ကိုသိတဲ့အတိုင်း သစ်ပင်အုပ်ကကောင်း၊ စားပင် သီးပင်တွေကလဲများ၊ ခြံနောက် ကလဲောနဲ့ တစ်ဆက်တည်းဆိုတော့ ဂျပန်တွေက မျက်စိကျဟန်တူပါတယ်၊ တစ်နေ့ ကျွန်တော် ကိစ္စတစ်ခုနဲ့ ကျိုက်ထိုဘက်သွားနေတဲ့အချိန်မှာ ဂျပန်စစ်တပ်တစ်ခုရောက်လာပြီး ကျွန်တော်တို့ ခြံကို သိမ်း တယ်တဲ့ အစ်ကိုရယ်၊ အိမ်မှာရှိနေတဲ့ အဘွားကြီး အဘိုးကြီးတွေကို နှင်ထုတ်တယ်တဲ့၊ သူတို့သုံးယောက်လဲ သယ်နိုင်သရွေ့ ပစ္စည်းကလေးတွေနဲ့ ကျွန်တော်တို့ရှိရာ လိုက်အလာ လမ်းမှာတွေ့တာပေါ့လေ။ ဒေါ်မှုံက ၇န်ကုန်မှာ အစ်ကိုလဲရှိ။ မရှိလဲနေ၊ ရန်ကုန်အိမ်မှာပဲ ပြန်နေမယ်ဆိုလို့ ကျွန်တော်လဲ သဘောတူလိုက်ပြီး အဖေနဲ့ ဦးဘိုးဦးကိုပါ လိုက်သွားစေတယ် "
" ဒါဖြင့် အဘတို့ ရန်ကုန်ရောက်နေကြပြီပေါ့ "
ကိုမျိုးခိုင်က စကားဖြတ်ပြီး မေးလိုက်၏။

" ရောက်ပါလိမ့်မယ် အစ်ကို၊ ဒေါ်မှုံနဲ့အတူ သွားကြတာပဲ၊ ကျွန်တော်လဲ ခံပြင်းတာနဲ့ ရန်ကုန်မလိုက်သေးဘဲ သထုံကို ပြန်လာခဲ့တယ်။ ခြံပတ်လည်မှာ ကင်းချပြီး ဘယ်သူမှ ၀င်ခွင့်မပေးဘဲ၊ ဂျပန်တွေက စတိုင်ကျကျ နေကြတာကိုး၊ ကျွန်တော်လဲ ကိုယ်ရောင် ဖျောက် စောင့်ကြည့်ပြီး အလစ်မှာ ကင်းကျနေတဲ့ ဂျပန်လေး ယောက်ကို ၀င်သတ်ခဲ့ပြီးမှ ရန်ကုန်ထွက်လာခဲ့တယ် ...
" ဒါပေမယ့် အစ်ကိုနေတဲ့အိမ်ကို ဘယ်မှာ ရှိတယ်ဆိုတာ ကျွန်တော် မေးမထားမိတော့ ခက်တော့တာပဲ အစ်ကိုရေ့၊ ရန်ကုန်မှာ အခြေအနေမရှိ တ၀ဲလည်လည် ဖြစ်နေလေ ဂျပန်တွေကို ဒေါသဖြစ်လေမို့ စစ်ထဲ ၀င်တာပါပဲ"

ကိုစောအောင်က သူ့ဇာတ်လမ်းကို အဆုံးသတ်လိုက်ပြီး ကိုမျိုးခိုင်ကို တွဲချိကာ ထိုင်ရာမှ ထလိုက်၏။
" အချိန် သိပ်မရဘူး အစ်ကို၊ တာဝန်ကရှိသေးတယ်၊ အစ်ကိုတို့ နေရာကို လိုက်ပို့ပေးမယ်၊ ဘယ်မှာနေကြ လဲအစ်ကို "
" ပဲစားချောင်မှာနေတယ် ညီလေး "
" ကဲ ... သွားကြစို့၊ ရဲဘော်တို့ရေ၊ ဦးကြီးကို တွဲခဲ့ပါကွယ်"
" ခဏဖြစ်ဖြစ် အစ်ကိုတို့နေရာလိုက်ပြီး အမောဖြေပါဦး ညီလေးရယ် "
ကိုမျိုးခိုင်က ကွဲကွာနေသော ညီငယ်လေးအား မခွဲနိုင်သကဲ့သို့ တောင်းပန်လိုက်သည်။

" မဖြစ်သေးဘူးအစ်ကို တာဝန်ကရှိသေးတယ်၊ အစ်ကိုတို့ကို ပဲစားချောင်အ၀အထိ ပို့ပေးနိုင်မယ်၊ အထဲကို ကျွန်တော်တို့ မ၀င်တော့ဘူး၊ ဒါပေမယ့် မကြောက်ပါနဲ့ အစ်ကို၊ စစ်ကိုင်းတောင်ရိုး ပတ်ဝန်းကျင်မှာ ကျွန်တော်တို့ အမြဲရှိပါတယ် "
စကားပြောရင်း လာခဲ့ကြရာမှ ပဲစားချောင်းနား နီးလာသည်။
" ညီလေး ... အဆင်သင့်တဲ့ အခါတိုင်း အစ်ကို့ဆီလာနော် "
" လာပါမယ် အစ်ကို "

အကြောင်း ညီညွတ်တိုက်ဆိုင်၍ လမ်းကြုံ အခွင့်အခါသင့်သည့်အခါတိုင်း ကိုမျိုးခိုင်နှင့် ကိုစောအောင်တို့ ရံဖန်ရံခါတွေ့ကြရသည်။
ဝတ္တရားအရ တာဝန်ကို ထမ်းဆောင်ကာ ပြောဆိုဆက်ဆံသင့်သူကို စကားပြောနေရသော်လည်း ပျော်ရွှင် ကြည်နူးသည့်စိတ်ဟူ၍ လုံးဝမရှိတော့သော ကိုစောအောင်၏ စိတ်သဘောကို ကိုမျိုးခိုင် သိလာရသောအခါ ရင်ထဲမှာ နာမိသည်။
" ညီလေးရယ် ... ပျော်ပျော်ရွှင်ရွှင် နေစမ်းပါကွယ်။ ညီလေးဘ၀ကို ဒီအတိုင်း တစ်သက်လုံး အလွမ်းဇာတ် ခင်းသွားတော့မှာလား "
လမ်းကြုံ၍ ပဲစားချောင် အပြင်ဘက်မှာ ကိုစောအောင် ရောက်လာသည့်အခိုက် ကိုမျိုးခိုင်က မချိတင်ကဲ မေးလိုက်၏။ ကိုစောအောင်သည် ခြောက်သွေ့စွာ မချိပြုံး ပြုံးလိုက်၏။

" ကျွန်တော် လူမှန်းသိတဲ့အရွယ် ကျောင်းသား အရွယ်က စပြီး အချစ်ရေးကို လုံးလုံး စိတ်မကူးခဲ့ဘူးအစ်ကို၊ မိန်းမဆိုတာကို ချစ်ရမှန်းတောင် မသိခဲ့ပါဘူး ...
" နန့်နောင်းခါရီကို တွေ့တော့ စိတ်ကို ဘယ်လိုဆုံးမလို့မှ မရအောင် ချစ်ခဲ့တယ်၊ နှစ်ယောက်လုံးက ချစ်လျက်နဲ့ ချစ်ခွင့်မရတဲ့ ကျွန်တော့်ဘ၀ကို စိတ်နာမိတယ်၊ ကုသိုလ်ကံပေါ့လေ"
ကိုစောအောင်က ပြောကာငေးနေသည်။ ကိုမျိုးခိုင်ကလည်း ဘာမှ မပြောသာတော့ဘဲ ကိုစောအောင်ကို စိတ်မကောင်းစွာ ကြည့်နေမိ၏။ ကိုစောအောင်သည် တောတောင် ရှုမျှော်ခင်းကို ငေးစိုက်နေရာမှ ..
" သြော် ... နန့်နောင်းခါရီ၊ သူ့ရှေ့မှာ မမြင်ရက်ပါဘူးလို့ အသက်ကို ကယ်တင်ပြီး အဝေးနှင်ခဲ့တဲ့ နောင်စငဲ့ ဘုရင်မကြီးရယ် "
ဟု အသည်းမှကွဲအက် ထွက်လာသော အသံဖြင့် တမ်းတလိုက်၏။
" ညီလေးရယ်၊ တစ်ကိုယ်တည်းနေလေ ဆွေးလေပေါ့၊ မေ့မေ့ပျောက်ပျောက် ဖြစ်သွားအောင် ချစ်စရာ ကောင်းတဲ့ မိန်းကလေး တစ်ယောက်ယောက်နဲ့ လက်ထပ်လိုက်ပါလားကွယ်၊ ညီလေးဘ၀လဲ တည်တံ့စို ပြည်သွားမှာပေါ့ "
ကိုစောအောင်က ကိုမျိုးခိုင်ကို လှည့်ကြည့်ကာ ဦးခေါင်းကို ဖြည်းလေးစွာ ယမ်းလိုက်၏။

" သူ ကျွန်တော့်ကို ချစ်ရက်နဲ့ မဖြစ်နိုင်တဲ့ ဘ၀မို့ ချုပ်တည်းထားလိုက်ရှာတာ၊ အစ်ကိုလဲ အကဲခတ်မိတယ် မဟုတ်လား၊ သူက အစဉ်အလာကို ထိန်းသိမ်းသောအားဖြင့် ယောက်ျားမယူဘဲ အပျိုစင်ဘ၀နဲ့ နေသလို ကျွန်တော်ကလဲ သူကလွဲရင် ဘယ်သူ့မှ မယူချင်ဘူး အစ်ကို "
" ရူးပါဘိ ညီလေးရာ "
" ဟုတ်ပါတယ် အစ်ကို၊ ကျွန်တော် ရူးနေတာပဲ၊ အခုလို ငြိမ်ငြိမ်အေးအေး ထိုင်နေရလေ ကျွန်တော် ရူးလေ ပဲ၊ တိုက်ပွဲတွေ များများဝင်နေရရင် တာဝန်မှာ စိတ်ဝင်စားပြီး အရူးသက်သာတယ်၊ ဒါကြောင့် ကျွန်တော် အမြဲ တိုက်ပွဲဝင်နေချင်တယ်၊ ဘယ်တိုက်ပွဲဖြစ်ဖြစ် ကျွန်တော် သွားပါရစေလို့ အထက်အရာရှိထံ ခွင့်ပန်ထား တယ် အစ်ကို "
ကိုစောအောင်၏ စကားမှာ သူ့ဘ၀ သူ့အသက်ကို ပမာမထားတော့ပြီး ဟူသော အဓိပ္ပာယ် ထင်ထင်ရှားရှား ပေါ်နေသည်။

တိုက်ပွဲတွေကို မကြောက်မရွံဆင်နွှဲရင်း သေလိုသေ၊ မသေခဲ့သော် သူ့ဘ၀မှာ ရပ်တည်ရာမရ ပျက်စီးရှာ တော့မည်ဟု ကိုမျိုးခိုင် တွေးမိသောအခါ ညီရင်းတစ်ယောက်ကဲ့သို့ ယူကျုံးမရ ဖြစ်မိရှာ၏။
" ပြန်မယ် အစ်ကို "
ကိုစောအောင်က တုံးတိတိပြောပြီး ထိုင်ရာမှ ထလိုက်သည်။
" ညီလေး ဘယ်တော့ လာဦးမလဲ "
" မပြောနိုင်သေးဘူး အစ်ကို တစ်ပတ်လောက်ကြာမှ ကျွန်တော် လာနိုင်မယ် ထင်တယ်၊ တကယ်လို့ လာ ဖြစ်ရင် တနင်္ဂနွေနေ့ပဲ လာခဲ့မယ်နော်၊ မနက် ဆယ်နာရီလောက်ပေါ့ အစ်ကို "
" အေး အေး ... အဲဒီနေ့ အစ်ကို ထွက်စောင့်နေမယ် "
*
" ဟော မောင်ကဖြင့် ထူးထူးဆန်းဆန်း လုပ်လာပြန်ပြီ၊ ဘာစိတ်ကူး ပေါက်လာပါလိမ့် "
မဟာမိတ် တပ်များက ရိက္ခာ လက်နက်များ ချပေးသည့် လေထီးစ အဖြူနှင့် အနီကို ပင်ပင်ပန်းပန်း ရှာ ဖွေဝယ်ယူကာ အနီနှင့် အဖြူကို လက်တစ်လုံးမျှသာ အစင်းကလေးများစပ်စေပြီး လှပသော ပန်းပွားများ တပ်ထားသည့် သင်တိုင်းရှည်တစ်ထည်ဖြစ်အောင် မည်သူ့ထံမှာ ချုပ်လုပ်စေခဲ့မှန်း မသိရသော သင်တိုင်း အင်္ကျီကို ယူလာသော ကိုမျိုးခိုင်အား ခင်ခင်လေးက အံ့သြစွာ မေးလိုက်၏။
" ခင်လေးအတွက် မောင်ယူလာခဲ့တာ "
ကိုမျိုးခိုင်က ပြုံးသော မျက်နှာဖြင့် ဖြေလိုက်သည်။

" ဒီသင်တိုင်းကြီးကို ခင်ခင်လေးက ဘာလုပ်ရမှာလဲ မောင်ရဲ့ "
" အို ... ပဲစားချောင် အပြင်ဘက်က တောင်ကုန်းစောင်းမျာလေ တောစံပယ်တွေ ပွင့်နေတာ ဖွေးနေတာပဲ၊ အဲဒီစံပယ်ပင်တွေကြားမှာ ဟောဒီသင်တိုင်းကို ခင်လေးက ၀တ်၊ ဆံပင်ကို ဖားလျားချပြီး တောစံပယ် အနွယ်လိုက်ကြီး ပွင့်နေတာကို ခေါင်းမှာ ခွေပန်ပြီး စံပယ်ပင်တွေကြားမှာ ရပ်နေရင်လေ ဘယ်လောက် လှလိမ့်မလဲလို့ မောင်စိတ်ကူးမိတယ် ခင်လေးရဲ့၊ တနင်္ဂနွေနေ့ကျရင်လေ အဲဒီနေရာကို မောင်တို့ သွားရ အောင်၊ သင်တိုင်းကိုဝတ်တာ လွယ်ပါတယ်၊ ခင်လေး အခု အင်္ကျီလုံချည်ဝတ်တဲ့အတိုင်း ချွတ်လဲဖို့ မလိုပါ ဘူး၊ အပေါ်ကတပ်ပြီး ခေါင်းစွပ် ၀တ်လိုက်ရုံပါ၊ ခင်လေး အဲဒီလိုဝတ်တာ မောင်ကြည့်ချင်လွန်းလို့ပါ "
"မောင်တစ်ယောက်ဟာလေ အင်မတန် ရှာရှာဖွေဖွေ စိတ်ကူးတတ်တယ် "
ခင်လေးက ချစ်စဖွယ်ပြုံးပြီး ပြောလိုက်သည်။

" ၀တ်ပြမယ် မဟုတ်လား ခင်လေး "
" မောင့်သဘောပါ၊ ဘယ်အချိန်ဝတ်ပြရမလဲ "
အမြဲတမ်း ကိုမျိုးသဘောကို လိုက်လျောခဲ့သော ခင်ခင်လေးက အလျှော့ပေးလိုက်သည်။ ကိုမျိုးခိုင်က အတန်ငယ် စဉ်းစားနေပြီးမှ ...
" တောစံပယ်တွေ ပွင့်နေတဲ့ တောင်ကုန်းစောင်းကလေးကို သိတယ် မဟုတ်လား၊ ခင်လေးနဲ့ မောင်နဲ့ တစ်နေ့က လမ်းလျှောက်ရင်း ရောက်ကြသေးတယ်လေ "
" သိပါတယ် မောင်ရဲ့ "

" ဆယ့်တစ်နာရီလောက်မှာ တောစံပယ် ပန်းချုံကြားမှာ မောင်ပြောတဲ့အတိုင်း ၀တ်စားဆင်ယင်ပြီး ချစ်စရာ ကောင်းအောင် ရပ်နေတဲ့ ခင်ခင်လေးကို မောင်တွေ့ချင်တယ် "
" သဘောတော်အတိုင်းပါလို့ ပြောခဲ့ပါပြီ မောင်ရဲ့၊ ကဲ ... ပေး ... မောင့်သင်တိုင်းကြီး သိမ်းခဲ့ပြီး ဖေဖေ့ကို ထမင်းသွားကျွေးရဦးမယ် "
ကိုမျိုးခိုင် လက်ထဲမှ သင်တိုင်းကို ခင်ခင်လေးက လှမ်းယူကာ လှည့်ထွက်သွားသည်။ ကိုမျိုးခိုင်သည် မှုန် မှိုင်းသော မျက်လုံးဖြင့် ခင်ခင်လေးအား မျက်တောင်မခပ် စိုက်ကြည့်လိုက်ပြီး စိတ်ကို တင်းလိုက်သည့် အလား အံခဲလိုက်လေသည်။
*
" ဟော ... ညီလေးနဲ့ အစ်ကို ချိန်းထားသလို ပြိုင်တူ ရောက်လာတာ ဟန်ကျလိုက်တာ "
ကိုမျိုးခိုင်က သူနှင့်ပြိုင်တူ ရောက်လာသော ကိုစောအောင်ကို ဖက်ပြီး ၀မ်းသာအားရဟန်ဖြင့် ပြောလိုက်၏။
" ဒီနေ့ ကျွန်တော် မလာတော့ဘူးလို့လဲ အစ်ကို၊ နောက်တော့ အစ်ကို စောင့်နေမယ်လို့ တွေးမိတာနဲ့ ထွက် လာတာ .... "
" ညီလေး လာတာ ကံကောင်းသွားတာပေါ့၊ ညီလေး ၀မ်းသာစရာ သတင်းတစ်ခု အစ်ကို ပြောပြမလို့ "
" ဘာလဲ အစ်ကို "
ကိုစောအောင်က အံ့သြဟန်ဖြင့် မေးလိုက်သည်။

" ညီလေးရဲ့ နောင်စငဲ့ဘုရင်မ နန့်နောင်းခါရီပေါ့ "
" ခင်ဗှာ - သူ ဘာဖြစ်လို့လဲအစ်ကို "
ကိုစောအောင်က စိတ်ဝင်စားစွာ မေးလိုက်၏။
" ဒီ ... စစ်ကိုင်းကို ရောက်နေတယ် "
" ဘာ ... ဘာ ... အစ်ကို သူ ဒီကို ရောက်နေတယ် ဟုတ်လား "
ကိုစောအောင်က ထခုန်မတတ် အံ့သြသွားလေသည်။

" ဟုတ်တယ်ညီလေး ဒါပေမယ့် သူ့ဘ၀ ဇာတ်မြှုပ်ထားတယ်၊ မြန်မာလိုပဲဝတ်တယ်၊ မြန်မာလိုပဲပြောတယ်၊ တစ်ခါ တစ်ခါ လူအလစ်မှာ ဟောဒီ တောင်ကုန်းစောင်းက စံပယ်ချုံနားကို နောင်စငဲ့ဘုရင်မ အဆင်အပြင် မျိုးနဲ့ လာတတတ်တယ်၊ သူလာမယ်ဆိုတာ သတင်းရလို့ အစ်ကိုက ညီလေးကို မျှော်နေတာ "
" အစ်ကို တကယ်ပြောတာလား "

ကိုစောအောင်သည် မယုံနိုင်အောင် ၀မ်းမြောက်အံ့သြမိသည်။ အမြဲတန်း မှိုင်းညို့ရောင်သန်းနေသော မျက်နှာသည် တိမ်ကင်းသော လမင်းလို ၀င်းဝင်းပပကြည်လင် ရွှင်လန်းနေသည်။
" တကယ်ပါညီလေးရဲ့၊ ဒါပေမယ့် အစ်ကိုပြောတာ နားထောင်ရမယ်၊ ရုတ်တရက် ချက်ချင်း ညီလေးသွား မတွေ့ရဘူး၊ စကားမပြောရဘူး၊ သူ့ကို ဘယ်အခါကမှမသိဘူး မကျွမ်းဘူးသလိုနေရမယ်၊ ညီလေးတို့နှစ် ယောက်နေရာကျအောင် အစ်ကို့တာဝန်ထား၊ ညီလေး အထူးသတိထားရမှာက သူ့ကို နောင်စငဲ့ဘုရင်မ နန့်နောင်းခါရီဆိုတာ လုံးဝ လေသံမတိမ်းနဲ့နော် ... အခုတင်က အစ်ကိုပြောသလို သူ့ဘ၀သူ ဇာတ်မြှုပ်နေတာ ညီလေးရဲ့ ... "

ကိုစောအောင်ကား ၀မ်းသာလုံးဆို့နေသည့် အလား စကားပင် မပြောနိုင်အောင်ဖြစ်ကာ ကြည်လင်ရွှင်မြူးစွာ ကိုမျိုးခိုင်ကို စေ့စေ့ကြည့်ပြီး ခေါင်းကိုသာ အတွင်ညိတ်နေလေသည်။
" ဘာ ညီလေး ... ဒီချုံအကွယ်က စောင့်ကြည့်နေ ... ညီလေး သေနတ်ကြီးကို အစ်ကို့ပေးစမ်းပါကွယ်...၊ စစ်သားသေနတ်ကို သေသေချာချာ ကြည့်ချင်လို့ "
ကိုစောအောင်က ခါးတွင်ချိပ်ထားသော ခြောက်လုံးပြူး ခါးပတ်ကို ဖြုတ်ပြလိုက်သည်။ ကိုမျိုးခိုင်က စတိုင်ပါ ပါသူ့ခါးတွင် ပတ်လိုက်ပြီး ...
" ဒီလိုဆုေိတော့ အစ်ကိုလဲ၊ တော်လှန်ရေးစစ်ဗိုလ်ကြီးနဲ့ တူမသွားဘူးလား ညီလေး "

ကိုမျိုးခိုင်က ပြောပြောဆိုဆို တောစံပယ်တွေ ဖွေးနေအောင် ပွင့နေသော ခပ်လှမ်းလှမ်း တောင်ကုန်းစောင်းကလေးသို့ လျင်မြန်စွာ ထွက်ခွာသွားသဖြင့် ကိုစောအောင်သည် အစ်ကို ဘာဖြစ်သွား ပါလိမ့် ဟူသော အတွေးဖြင့် ကိုမျိုးခိုင်သွားရာ တောင်ကုန်းစောင်းကလေးကို လှမ်းကြည့်လိုက်သည်။
ကိုစောအောင်မျာ မှင်သက်မိသလို ဖြစ်သွားလေသည်။ အဖြူအနီစင်း သင်တိုင်းကို ၀တ်ကာ ဆံပင် ဖားလျားချထားသော ဦးခေါင်းတွင် တောစံပယ်တစ်နွယ်ကို အခွေလိုက် ပန်ဆင်ပြီး၊ ဖြူဖွေးသော အပွင့်များ ခဲနေသည့် တောစံပယ်ချုံကြားမှာ ပြုံးရယ်ရွှင်ချိုသောမျက်နှာဖြင့် ရပ်နေသော ခင်ခင်လေးကား ... နောင်စငဲ့ ဘုရင်မ နန့်နောင်းခါရီနှင့် ရုပ်ဆင်းသဏ္ဍာန် တူညီလှပေသည်။
ကိုစောအောင်၏ မျက်လုံးတွင်ကား နန့်နောင်းခါရီအစစ်ပင် ဖြစ်နေသည်။

" ခင်လေး အခုလို ဆင်ယင်ထားတာ မောင့် စိတ်တိုင်းကျ ဖြစ်ရဲ့လား "
ခင်ခင်လေးက သူ့ရှေ့ရောက်လာပြီဖြစ်သော ကိုမျိုးခိုင်အား ပြုံးပြုံးလေး မေးလိုက်၏။
" အို ... ခင်လေး သိပ်လှပါလားကွယ် "

ကိုမျိုးခိုင်၏ မျက်နှာက ပြုံးနေသော်လည်း မျက်လုံးများက ရီဝေကာ အသံမှာ အက်နေသည်ကိုကား ခင်ခင်လေး သတိမထားမိချေ။
" အလို ... မောင်က စစ်ခါးပတ်နဲ့၊ ခြောက်လုံးပြူးနဲ့ ပါကလား... ဘယ်ကရလာတာလဲမောင်ရဲ့ "
ခင်ခင်လေးက အံ့သြသံဖြင့် မေးလိုက်သည်ကို ကိုမျိုးခိုင်က တစ်စုံတစ်ရာ ပြန်မဖြေမီ ခင်ခင်လေးနောက်ဘက် ချုံကွယ်မှ လူသုံးယောက် ဘွားခနဲပေါ်လာသည်။
ဓားရှည် တစ်ချောင်းစီ ကိုင်ထားသော လူဆိုးသုံးယောက်အနက် တစ်ယောက်က ခင်ခင်လေး ပါးစပ်ကို ပိတ်ခါ ချုပ်ကိုင်သည်။ ကျန်နှစ်ယောက်က ကိုမျိုးခိုင်ထံ ပြေးသွားကြပြီး ချုပ်ကိုင်လိုက်၏။
" မအော်နဲ့နော် သေသွားမယ် "
ဟူ၍လည်း ကြိမ်းလိုက်ကြ၏။

ကိုမျိုးခိုင်ကား ခုခံရုန်းကန်ခြင်းမပြုပေ။ လူဆိုးနှစ်ယောက် သူ့အနား ရောက်လာသည့် အချိန်ကပင် မြေပေါ် သို့ဒူးတုပ်ထိုင်ချကာ လက်အုပ်ချီမိုး ရှိခိုး တောင်းပန်နေတော့သည်။
" ကျွန်တော့် အသက်ကို ချမ်းသာပေးပါခင်ဗျာ၊ ဟိုမိန်းမကို ခင်ဗျားတို့ သဘောပါ၊ ကျွန်တော့်ကို မသတ်ကြပါနဲ့ "

ကိုမျိုးခိုင်က ငိုသံပါကြီးနှင့် တုန်တုန်ခိုက်ခိုက် တောင်းပန်နေသည်ကို မြင်ကြားရသော ခင်ခင်လေးသည် လူဆိုး လက်က ဓားကိုသာ လုယူ၍ ရပါက ကိုမျိုးခိုင်အား အသေခုတ်သတ်ချင်စိတ် ပေါ်လာသည်။
ခြောက်လုံးပြူး သေနတ်ကြီး တစ်လက်လုံး ရှိနေပါလျက်နှင့် ဓားရှည်မျှသာ ကိုင်ထားသော လူဆိုးကို ခုခံခြင်း မပြုဘဲ ငိုတော့မလို ရှိခိုးတောင်းပန်နေသော ကိုမျိုးခိုင်အစား များစွာ ရှက်မိတော့သည်။ ခင်ခင်လေးသည် သူ့အား ချုပ်ကိုင်ထားသော လူဆိုးလက်မှ ရုန်းကန်ထွက်ရန်ပင် သတိမရတော့ဘဲ မုန်းတီးရွံရှာ စက်ဆုတ်စွာသော မျက်နှာဖြင့် ကိုမျိုးခိုင်ကို စေ့စေ့ကြည့်ရင်း အောက်နှုတ်ခမ်းကို တင်းကြပ်စွာ ကိုက်ထားလိုက်၏။

ချုံထဲမှ မှင်တက်မိသလို ကြည့်နေသော ကိုစောအောင်သည် ကျားပျိုတစ်ကောင်ကဲ့သို့ လျင်မြန်စွာ ခုန်ထွက်လာသည်။
" ပြေးဟ ... ပြေးဟ၊ ဒီလူကို တို့သုံးယောက် နိုင်မှာ မဟုတ်ဘူး၊ သတ္တိရော ခွန်အားရော တို့ထက်သာတယ် "
ကိုစောအောင် အနားမရောက်မီပင် လူဆိုး သုံးယောက်သည် အချင်းချင်း သတိပေးပြောဆိုကာ လျင်မြန်စွာ ထွက်ပြေးကြလေတော့၏။
" အမယ်လေး ညီလေး ရောက်လာပေလို့သာ၊ မဟုတ်ရင် အစ်ကိုတို့သေမှာ ညီလေးရဲ့ "
ကိုမျိုးခိုင်က တုန်ယင်သောအသံဖြင့် ဆီးပြောလိုက်၏။

" အစ်ကိုတို့ အနာအကျင် မဖြစ်ပါဘူးနော် "
ကိုစောအောင်က ကိုမျိုးခိုင်နှင့် ခင်ခင်လေးအား တစ်လှည့်စီ ကြည့်ရင်း မေးလိုက်၏။
" အစ်ကိုက အနာလဲ မခံချင်ဘူး၊ အသေလဲ မခံနိုင်ဘူး၊ ဒါကြောင့် သူတို့ကို ရှိခိုးတောင်းပန်ရတာပေါ့၊ ခင်လေးရာ ဘာဖြစ်သွားသေးလဲ "
ကိုမျိုးခိုင်၏ အမေးကို ခင်ခင်လေးက မဖြေပေ။ အင်္ကျီ လုံချည်ပြည့်စုံစွာ ၀တ်ဆင်ထားသောသူ၏ ကိုယ်ပေါ်က ထပ်ဝတ်ထားသော သင်တိုင်းကိုချွတ်ကာ လွှင့်ပစ်လိုက်သည်။ ဖားလျားချထားသော ဆံပင်ကို စုကိုင်ကာ တစ်ပတ်လျှို ထုံးလိုက်ပြီး ကိုမျိုးခိုင်၏ မျက်နှာကို အစိမ်းဝါးစားတော့မည်ကဲ့သို့ တင်းမာစွာ ကြည့်နေသည်။

" ကြောက်လိုက်တာ ခင်လေးရာ၊ ကိုယ် ဒီမှာ ကြာကြာမနေရဲတော့ဘူး၊ ပြန်မယ်၊ ခင်လေး မကြောက်ဘူး လား "
ကိုစောအောင်ထံမှ ယူထားသော ခြောက်လုံးပြူး ခါးပတ်ကို ကိုမျိုးခိုင်က ဖြုတ်ကာ ပြန်ပေးပြီး ပြေးတော့ မည့်ဟန်မျိုးပြင်ကာ ခင်လေးအား ပြောလိုက်၏။
" ရှင်က အင်မတန် မြတ်နိုး အားကိုးစရာကောင်းတဲ့ လူတစ်ယောက်ဆိုတော့ ဟိုလူတွေက တစ်ပြန်ကျော့လာပြီး သတ်လို့သေနေဦးမယ် မြန်မြန်ပြေး၊ ကျွန်မကို အဖော်မညှိနဲ့၊ ကျွန်မ သဘောအတိုင်း ကြောက်ချင်မှ ကြောက်မယ်၊ ပြန်ချင်မှ ပြန်မယ် "
ခင်ခင်လေးသည် မုန်းတီးရွံရှာခြင်း၊ ဒေါသဖြစ်ခြင်းတို့ ရောထွေးသော အသံဖြင့် စိမ်းကားစွာ ပြောလိုက်၏။

ဟိုမိန်းမကို ခင်ဗျားတို့သဘောပါ၊ ကျွန်တော့်ကိုသာ မသတ်ကြပါနဲ့
ဟု ကိုမျိုးခိုင်က လူဆိုးများအား တောင်းပန်လိုက်သော အသံသည် ခင်ခင်လေး အသည်းထဲ နားထဲမှာ မမေ့နိုငအောင် စွဲသွားလေသည်။ အစွမ်းသတ္တိနည်းလှ၍ ကြင်နာမှု ကင်းသော လူပျော့ လူညံ့တစ်ယောက် ကိုမှ ငါချစ်မိလေခြင်းဟု စိတ်ထဲမှာ ယူကျုံးမရ ဖြစ်သွားလေသည်။
" ဒါဖြင့် ကိုယ်တစ်ယောက်တည်း ပြန်တော့မယ်၊ မနေတော့ဘူး၊ ညီလေး သူ့ကို ကူညီလိုက်ပါ "
ကိုမျိုးခိုင်သည် ဣနြေ္ဒမဲ့စွာပင် တုန်ယင် ကြောက်ရွံ့သည့် အမူအရာဖြင့် ပဲစားချောင်ဘက်သို့ ခပ်သွက်သွက် ပြေးလေသည်ကို ခင်ခင်လေးသည် အံခဲကာ ကြည့်လိုက်လေသည်။
" နာမည်က ခင်လေးတဲ့လား "

ခင်ခင်လေး၏ မျက်နှာကို မ၀နိုင်အောင် တစိမ့်စိမ့်ကြည့်ပြီး ကိုစောအောင်က မေးလိုက်သည်။
" ခင်ခင်လေးလို့ ခေါ်ပါတယ်၊ အခုလို ကူညီကယ်တင်တာ ခင်လေး ကျေးဇူးတင်လို့ မဆုံးပါဘူး၊ ကျေးဇူးရှင်ကို ဘယ်သူဘယ်ဝါဆိုတာ သိပါရစေ "
ကိုမျိုးခိုင်အတွက် ဖြစ်ရသော ဒေါသကို ချုပ်တည်းကာ ခင်ခင်လေးက အသံကို နဂိုသံဖြစ်အောင် ကြိုးစားပြီး ပြောလိုက်၏။

" ကျွန်တော်က မျိုးချစ် ဗမာ့တပ်မတော်ကပါ၊ နာမည်က စောအောင်လို့ ခေါ်ပါတယ် "
" သြော် ... ကိုစောအောင်တဲ့လား "
ခင်ခင်လေးက အလိုက်သင့် တုံ့ပြန်လိုက်ပြီး ...
" ဒါထက် အခုနက သူရဲကောင်းကြီးနဲ့ ကိုစောင်အောင်က သိဟောင်း ကျွမ်းဟောင်းလား "ဟုမေးလိုက်၏။
ခင်ခင်လေး၏ ရုပ်ရည်မှာ နန့်နောင်းခါရီနှင့် တူသော်လည်း အသံမှာ လုံးဝ ဆက်စပ်မရအောင် ခြားနား သည်ကို ကိုစောအောင် သတိထားလိုက်မိ၏။

နန့်နောင်းခါရီ အသံကခပ်လေးလေးနှင့်သာယာသည်။ ခင်ခင်လေး၏အသံက ခပ်သွက်သွက်ဖြင့် ကြည်လင် ချိုအေးသည်။ သို့သော် အသံက အရေးမကြီး နန့်နောင်းခါရီဟု အမည်သညာရှိနေသော ရုပ်ဆင်းသဏ္ဍာန်ကို စွဲလန်းချစ်ခင်နေခြင်းသာဖြစ်သည်။
" ညီရင်းအစ်ကိုလို ချစ်နေတဲ့သူပါ ခင်လေး၊ ကျွန်တော်က အစ်ကိုလို့ခေါ်ပြီး သူက ညီလေးလို့ခေါ်ပါတယ်၊ ဟိုတလောက အစ်ကိုနဲ့သူ့အဖေဆိုတဲ့ အဘိုးကြီးကို ဂျပန်တွေ သတ်မယ့်ဆဲဆဲမှာ ကိုစောတို့ ကယ်လိုက်ရ သေးတယ် "
ကိုစောအောင်က သူ့ကိုယ်သူ ကိုစောဟု နာမည်ထည့်စကားပြောလိုက်၏။

" သြော် ... ဖေဖေနဲ့ သူ့ကိုကယ်လိုက်တဲ့ ဗမာ့တပ်မတော်က ဗိုလ်လေးစောအောင် ဆိုတာလား "
ခင်ခင်လေးက အံ့အားသင့် ၀မ်းမြောက် ကျေးဇူးတင်သောအသံ၊ ချိုရွှင်လေးစား ကြည်ညိုသော မျက်နှာ ထားဖြင့် မေးလိုက်၏။
" ဟုတ်ပါတယ် ခင်လေး "
" ဖေဖေဆိုတာ သူ့အဖေ မဟုတ်ဘူး၊ ခင်လေးအဖေ ကိုစောရဲ့၊ ဖေဖေပြောပြလို့ ကျေးဇူးရှင်ကို ခင်လေး တွေ့ချင်နေရတာနဲ့ အဆင်သင့်ပါပဲ၊ အခုလဲတစ်ခါ ခင်လေးကို ကယ်ပြန်ပြီနော်၊ ဘယ်လိုကျေးဇူးတွေကျေ အောင် ဆပ်ရပါ့မလဲ၊ ဖေဖေသိရင် ကိုစောကို ချီးကျူးအုံးမှာ "

ကိုစောအောင်က သူ့ကိုယ်သူ ကိုစောဟု သုံးသည့်အတိုင်း ခင်ခင်လေးကလည်း လိုက်လျောကြည်ဖြူစွာ ကိုစောဟူ၍ပင် ခေါ်သည်ကို ကိုစောအောင်သည် အတိုင်းမသိ ကြည်နူးနှစ်သိမ့်မိလေသည်။ တစ်စုံတစ်ရာ ပြန်မပြောဘဲ ခင်ခင်လေး၏ မျက်နှာကိုသာ တစိမ့်စိမ့်ကြည့်နေလေသည်။
ယောက်ျားပီပီ တည်ကြည်ခံ့ညားသော ရုပ်ရည်နှင့် သတ္တိခဲ မြန်မာ့သားကောင်းရတနာ အသက်သခင် ကျေးဇူးရှင် ၏ ချစ်ခင် မြတ်နိုးမှုကို အတိအလင်း ဖော်ပြနေသော မျက်လုံးအရှိန်ကြောင့် ခင်ခင်လေး၏ မျက်နှာ သည် ပန်းသွေးရောင်သန်းကာ ခေါင်းငုံ့နေလိုက်မိသည်။

ဆက်ရန်
.

4 comments:

mstint said...

ကိုမျိုးခိုင်က ကိုစောအောင်အတွက် ချစ်သူကိုစွန့်လွှတ်တဲ့အထိ အနစ်နာခံပြီနဲ့တူတယ်နော် ဆက်ရန်မျှော်နေမယ် ညီမရေ။

မေတ္တာဖြင့်
အန်တီတင့်

မင်္ဂလာပါ said...
This comment has been removed by the author.
KMC@ချင်းလေး said...

ဘယ်လိုဖြစ်ကုန်ကြတာလဲဗျာ?ဘုရင်မနဲ့ မခင်ခင်လေးနဲ့ကရုပ်ချင်းတူတယ်ဆိုလည်း ကိုစောအောင်လိုစွဲလန်းလွန်းသူတစ်ယောက် အနေနဲ့တော့ခွဲခြားနိုင်သင့်တာပေါ့..။ ပြီးတော့ သူကပညာတတ်လူငယ်တစ်ယောက်ပဲကိုမျိုးခိုင်ရဲ့ရုတ်တရက်ပြောင်းလဲသွားတဲ့အမူအယာကိုအကဲခတ်နိုင်သင့်တာပေါ့ဗျာ(လျှာဝင်ရှည်လိုက်တာပါ).... ဟိဟိဟိ. စိတ်အနှောက်အယှက်ဖြစ်သါားရင်တောင်းပန်ပါတယ်ဗျာ. (ကျေးဇူး)

အန်တီဦး said...

နေ့တိုင်း ၃၊၄ ကြိမ်ဖွင့်ကြည့်ဖြစ်တယ်။ ဇာတ်သိမ်းပိုင်းကို မျှော်နေပါတယ်။
ကျေးဇူးတင်လျှက်။ အန်တီဦး