ကျွန်ုပ် တို့ ငယ်စဉ် စာရေးခြင်းအလုပ် တစ်ခုတည်းဖြင့် အသက်မွေးဝမ်းကြောင်း ပြုနိုင်သူမှာ စာရေးဆရာ သာဓု နှင့် စာရေးဆရာသုခ နှစ်ဦးသာ ရှိသည်ဟု ဖတ်ရဖူး၏။ ထိုစဉ်က ထိုစာရေး ဆရာကြီး နှစ်ဦးရေးသော နှစ်ကျပ်တန် လုံးချင်းဝတ္ထု များ အထွက်များ၏။ လစဉ်ထုတ် မဂ္ဂဇင်းများ၌ လည်း ထိုဆရာကြီး နှစ်ဦး ၀တ္ထုတို/ရှည် များ လစဉ်လို ပါရှိ၏။ ဆရာကြီးသုခက မဂ္ဂဇင်းတစ်စောင် တွင် "လူဝင်လူထွက် ပြဿနာ" ဟု ဟာသ၀တ္ထုတို လေးတစ်ပုဒ် ရေးသားလိုက်သည်။
ယင်းဝတ္ထု တိုမှာ ဟာသမြောက်လှ၏။ ဟာသမြောက်ဆိုသော်လည်း ၀ါးလုံးကွဲ ရယ်ရသော ဟာသမျိုးမဟုတ်၊ တစ်စိမ့်စိမ့်ပြုံး၍ အရသာခံရသော ဟာသမျိုးသာ ဖြစ်သည်။ ၀တ္ထုပါဇာတ်ကောင်တို့၏ အမည်များ ကိုကား မမှတ်မိ တော့ပါ။ ဇာတ်လမ်းအချုပ်နှင့် စာရေးဆရာ၏ ရည်ရွယ်ချက်ကိုကား ကျွန်ုပ်သေ သည်အထိ မှတ်မိ နေမည် ထင်ပါတယ်။ ဇာတ်လမ်းမှာ ရိုးရိုးရှင်းရှင်းလေး ဖြစ်၏။ အောက်တန်း စာရေးကလေးတစ်ယောက်၏ ဇာတ်လမ်း ဖြစ်သည်။ အောက်တန်းစာရေးလေးသည် စာရေး အလုပ် တစ်နှစ်လောက်ကြာလျှင် သူ့ချစ်သူနှင့် လက်ထပ်လိုက်၏။ ချစ်သူက အသက်(၃၀)ကျော် အပျိုကြီး ဖြစ်သည်။ သူမ ၌ ရှစ်တန်းကျောင်းသူ အပျိုလေး ညီမ တစ်ယောက် လည်း ရှိသည်။
အောက်တန်းစာရေးကလေး ၏ အပျိုကြီးသည် တစ်နှစ်လောက်ကြာလျှင် အောက်တန်းစာရေးလေး ကို ကနွဲ့ကယ ပြောပြီးအပူကပ်တော့၏။ "မောင်ရယ်၊ ကိုယ့်မှာလည်း ညီမလေးတစ်ယောက်တည်း ရှိတယ်။ မိဘ တွေလည်း ကျောင်းထားပေးနိုင်မယ် မထင်ပါဘူး၊ မိဘများက ဆင်းရဲရှာကြပါတယ်။ မမက ညီမလေးကို အိမ် ခေါ်ထားပြီး ကျောင်းထားပေးချင်တယ်။ မောင်ကလေး သဘောတူမယ် မဟုတ်လား"။
အောက်တန်းစာရေးကလေး၏ ဇနီးသည် စာရေးလေးထက် ၄-၅-၆ နှစ်ခန့် ကြီးသည်။ ကလေးမုန့်ပေး ကြိုက်သည့် သဘောလည်း ပါကောင်းပါပါလိမ့်မည်။ အပျိုကြီးဇနီး အချွဲကောင်း သဖြင့် အောက်တန်း စာရေးလေး သည် အပျိုကြီး ညီမလေး ကို အိမ်နေခွင့်ပြုလိုက်ရ၏။ ကျူရှင်လခ၊ ကျောင်းလခ အကုန်ခံ၍ ကျောင်းထား ပေးလိုက်ရ၏။ အောက်တန်းစာရေး လစာဝင်ငွေလေးဖြင့် ၃-ယောက်စားအိုး၊ ခယ်မ၏ ကျောင်း စရိတ် လစဉ်ကုန်နေသဖြင့် ငွေရေးကြေးရေး အကျပ်အတည်း တွေ့လာရတော့၏။ ခယ်မကို အိမ်မှာ မထားပါနှင့်၊ ကျောင်းမထားပါနှင့် ဟုပြောလျှင် ယောက်ျား မပီသရာ ရောက်မည်။ သ၀န်တိုရာ ရောက်မည်။
သဘောထားမကြီးရာ ရောက်မည်။ ထို့ကြောင့် စာရေးလေးသည် သူ့ဇနီးကိုယ်တိုင်က ခယ်မကို အိမ်၌ မထားချင် အောင် ပရိယာယ် မာယာ ကြွယ်ရတော့၏။ လခထုတ်သည့်နေ့၌ သူ့ခယ်မအတွက် ရေမွှေးပုလင်း ကလေးက အစ လက်ကိုင်ပ၀ါလေးအစ ၀ယ်လာပြီး သူ့ဇနီးရှေ့တွင် လက်ဆောင်ပေးတော့၏။ အဖိုးမတန် သည့် လက်ဆောင်ပစ္စည်းလေးကစပြီး လကြာလာသည့်အခါ အဖိုးတန်သည့် အင်္ကျီစ၊ ထမီစ စသည် တို့ ကိုလည်း ၀ယ်ပေးတတ်၏။ လက်ဆောင်ပေးတိုင်း သူ့ဇနီးရှေ့တွင် ချည်းပေးခြင်း ဖြစ်သည်။ လခထုတ်မည့် တစ်ရက် တွင်ကား သူ့ခယ်မကို ဇနီးရှေ့တွင် ခေါ်ပြီး "ညီမလေး၊ ဒီနေ့ ကိုလေး လခထုတ်မယ်၊ ညီမလေး အတွက် ဘာဝယ်ခဲ့ရမလဲ၊ ညီမလေး ကြိုက်တာပြော၊ အစ်ကိုလေး ၀ယ်ခဲ့မယ်" ဟု ပြောလိုက်၏။
အောက်တန်းစာရေးလေး၏ ဇနီးချောသည် သည်းမခံနိုင်တော့၊ စာရေးလေးရုံတက်သွား နေစဉ် သူ့ညီမကို မိဘအိမ် သို့ ပြန်ပို့လိုကလေသည်။
ဆရာသုခသည် အထက်ပါဇာတ်လမ်းကို သူ့ဘ၀တစ်စိတ်တစ်ပိုင်းအဖြစ် ဇာတ်အိမ်ဖွဲ့ ထားသည်ဟု ယူဆရပါသည်။ ကျွန်ုပ်တို့ လူငယ်ပိုင်း စာဖတ်သူများက လူဝင်လူထွက် ပြဿနာ ကြုံလာရင်တော့ ဆရာသုခ နည်းယူပြီး သုံးရမှဘဲဟေ့ဟု နောက်ပြောင် ပြောလေ့ရှိကြ၏။

နှစ်ယောက်တည်းနေချင်တယ်
ဆရာသုခတို့ ဇနီးမောင်နှံမှာ သားသမီးများ ရှိကြသော်လည်း အတူမနေကြ၊ အချို့က နိုင်ငံခြားမှာ အချို့က တစ်ခြားရပ်ကွက်မှာ နေကြသည်။ တခြားရပ်ကွက်နေသူ သားသမီးများက ခဏတစ်ဖြုတ် အိမ်အလည် လာတတ်သော်လည်း ရက်ရှည်လများ အိမ်မနေကြ၊ နိုင်ငံခြားနေသူ သားသမီးများကလည်း ရက်တစ်ပတ် နှစ်ပတ်အလည်လာပြီး နိုင်ငံခြားပြန် သွားကြသည်။ အဖိုးကြီး အဖွားကြီး နှစ်ဦးသာ ရှိသည်။ အတူနေပြီး မိဘပြုစုမည့် သားသမီးမရှိ၊ တစ်နေ့တွင် ဆရာကတော် က ညည်းတော့သည်။ "သားသမီးများ မွေးထားရပြီး တစ်ယောက်မှ အတူမနေကြ" ဟု ညည်းတော့ သည်။ သည်တွင် ဆရာသုခက "မင်းဘဲ ငယ်စဉ်တုန်းကတော့ နှစ်ယောက်တည်း နေချင်တယ်ဆို" ဟု အရွှန်းဖောက်လိုက်၏။ ဆရာကတော်က "အဖိုးကြီးနာလံထ နေပြန်ပြီ" ဟု ပြန်ရွှန်းလိုက်သည်။ အိမ်တွင် အဖိုးကြီး အဖွားကြီး နှစ်ဦးတည်းရှိ၍ ကြံကြံဖန်ဖန် အပျင်းဖြေကြရဟန် တူပါသည်။
ကိုလှ ထောင်ထဲရောက်တာ နောက်ကျတယ်
ထူထုဦးလှ ဖဆပလခေတ်က မန္တလေးထောင်တွင် အတော်ကြာကြာကျဖူး၏။ ထိုစဉ်က မန္တလေးထောင်မှာ စံပြထောင် ဖြစ်သည်။ စံပြထောင်ဟူသည် အကျဉ်းများကို အခြားထောင်များ ထက် လွတ်လပ်ခွင့်ပေး၏။ အထိမ်းအမှတ် နေ့ကြီးရက်ကြီးများ၌ ထောင်ထဲတွင် ပြဇာတ်ကလိုက ကနိုင်သည်။ စာရေးဆရာများ ဖိတ်ကြားပြီး စာပေဟောပြောပွဲများ ပြုလုပ်လိုက ပြုလုပ်နိုင်သည်။ ဘုန်းကြီးပင့်ပြီး တရားနာလိုက နာနိုင်သည်။ ဟိုအခန်း ဒီအခန်း ဟိုအဆောင် ဒီအဆောင် သွား၍ စကားလက်ဆုံကျလိုက ကျနိုင်သည်။ လူထုဦးလှလှ ထိုစဉ်က ထောင်ထဲတွင် ၄-၅-၆ နှစ်ကြာသည် ဟု ထင်ပါသည်။ ထောင်ကထွက်လာသည့်အခါ "ထောင်နှင့် လူသား" "လေနှင့်အတူ" စသော အကျဉ်းသူအကျဉ်းသားများ၏ ဟောတစ်အုပ် ဟောတစ်အုပ် ထွက် လာသည်။
ထွက်သမျှ စာအုပ် များလည်း လက်က မချနိုင်အောင် ဆွဲဆောင်မှု ရှိလှ၏။ ရိုးရိုးရှင်းရှင်း အတ္ထုပ္ပတ္တိ လေး များသာ ဖြစ်သည်။ ဘ၀ဖြစ်စဉ် အမှန်အတိုင်း တင်ပြထားသဖြင့် ဖတ်၍ ကောင်းခြင်း ဖြစ်၏။ လူထုဦးလှ သည် ထွက်သမျှ စာအုပ်များကိုလည်း ဆရာသုခထံ ပို့ပေး၏။ ဆရာသုခကလည်း ပို့သမျှစာအုပ် ကို ဖတ်၏။ တစ်နေ့တွင် သတင်းစာတည်းကလော၊ မဂ္ဂဇင်းတည်းကလော မပြောတတ်၊ "ကိုလှ ထောင်ထဲရောက်တာ နောက်ကျတယ်" ဟု ခေါင်းစည်းတပ်ပြီး ဆောင်းပါးရေးလိုက်သည်။ ဆောင်းပါးအဆုံး၌ စောစောစီးစီး ထောင်ထဲရောက်ပါက စာကောင်းပေကောင်းများ စောစော ဖတ်ရမည်ဟု အဆုံးသတ်လိုက်၏။
ပုံပြောချော့သိပ် "အမာ"အိပ်
လူထုဦးလှ၏ ပုံပြင်စာအုပ်များနှင့် ပတ်သက်၍လည်း ဆရာသုခက စာပေဟောပြောပွဲ တစ်ခုတွင် ဟာသ နှော၍ ပြောဆိုခဲ့ဘူး၏။ ထိုစာပေဟောပြောပွဲ၌ လူထုဦးလှလည်း ဟောပြော၏။ ဒေါ်အမာလည်း ဟောပြော၏။ ဒေါ်အမာက ပထမ ဟောပြောလေသည်။ ထို့နောက် လူထုဦးလှ ဟောပြော၏။ လူထုဦးလှက နိဂုံးချုပ် တွင် "ဆရာသုခက သဘာဝကျကျ သူတောင်းစား လုပ်ပြပြီး ဟောပြောပါလိမ့်မယ်" ဟု အဆုံးသတ် လိုက်သည်။ ဂုဏ်ရည်မတူ ရုပ်ရှင်ဇာတ်ကားမှ ဆရာသုခ သူတောင်းစား လုပ်တောင်းသည်ကို ရည်ညွှန်း၍ ဟာသ လုပ်ခြင်း ဖြစ်သည်။
ဆရာသုခ က ဟောပြောလျှင် စလျှင်စခြင်း "ကိုလှက (ဆရာသုခသည် လူထုဦးလှထက် ၇-ရက်ခန့်သာ ကြီး၏။ ရိုသေသောအားဖြင့် ကိုလှဟု သုံးနှုန်းဟန်တူသည်) သူ့ပုံပြင် စာအုပ်မိတ်ဆက်နိဒါန်းတွေမှာ ပုံပြင် များကို ဘယ်လိုကြိုးစား ရှာဖွေရကြောင်း ရေးသာထားတယ်၊ တကယ်က ဘာမှ ရှာဖွေနေတာ မဟုတ်ဘူး၊ ညည အမာအိပ်မပျော်တိုင်း ပုံပြောပြီး ချော့သိပ်ရလို့ ပုံပြင်စာအုပ်တွေ ဖြစ်လာတာ၊ မယုံရင်အမာကို မေးကြည့်ကြ" ဟု ဒေါ်အမာ့ဘက်လှည့်ပြီး ပြုံးပြောလိုက်သည်။ ပရိသတ်မှာ တဝေါဝေါ ရယ်ကြရ၏။
လူထုဦးလှနှင့် ဆရာသုခတို့ ဆုံမိလျှင် တစ်ခါတစ်ရံ ဆရာသုခ က အငြင်းသန်တတ်၏။ လူထုဦးလှက ဆရာသုခ နှင့် ပြိုင်မငြင်းဘဲ "ကိုယ်ထက်ကြီးသူတွေဆိုတော့ ပြောဆိုရခက်တယ်" ဟု လေသံပျော့လေးနဲ့ ညည်းတတ်၏။ သည်တွင် ဆရာသုခက "ကိုယ်က ၇-ရက်တည်းကြီးတာ ပါကွာ" ဟု လျှောချတတ်၏။
"၀ါ" ပရိုမိုးရှင်း
ဆရာသုခ တို့ အသက်(၂၀)ကျော်ခန့်က ကျိုက်လတ်မြို့ ပစ္ဆိမာရုံ ရွှေကျင်ကျောင်းတွင် ဒုလ္လဘရဟန်း ၀တ်ကြ၏။ သံဝေဂရ၍ ၀တ်ခြင်းကား ဟုတ်ဟန်မတူ၊ သူငယ်ချင်းတစ်စု အပန်းဖြေ အနားယူသည့် သဘောဖြင့် ၀တ်ကြဟန် တူ၏။ ထိုအထဲတွင် ပစ္ဆိမာရုံကျောင်းဒကာသားများ လည်းပါသည်။ ကျောင်းဒကာ သား အကြီးဆုံး ဒုလ္လဘရဟန်းသည် တစ်ညတွင် နာရီဝက်ခန့် ဆရာတော်ကြီးကို ၀တ်ဖြည့်ပေးပြီး ဒုလ္လဘရဟန်း များ၏ စကားဝိုင်းသို့ လာထိုင်သည်။
"ဦးဇင်းတို့ တပည့်တော် ကို ဆရာတော်ကြီးက ကျောင်းဒကာ သားအကြီးဆုံးဖြစ်လို့ "၀ါ-ပရိုမိုးရှင်း" ပေးလိုက် တယ်။ ကနေ့က စပြီး "ခုနှစ်ဝါ" တဲ့၊ ဦးဇင်းတို့ တပည့်တော်ကို ၀တ်ချကြ" ဟု အတည်ပေါက်ပြောလိုက်သည်။
ဒုလ္လဘရဟန်းတော်အားလုံး အံ့အားသင့်သွားကြသည်။ ဒုလ္လဘဦးဇင်း ဦးသုခက ကျောင်းဒကာသားအကြီးဆုံး ဒုလ္လဘရဟန်း ကို ပြန်ပြောလိုက်သည်။
"ဦးဇင်းနှယ် ရာထူးသာ ပရိုမိုးရှင်းပေးလို့ ရမှာပေါ။ "၀ါ-ပုရိုမိုးရှင်း" ပေးလို့ အလကား ရပါ့ မလား၊ ၀ါတွင်းသုံးလ စေ့အောင်နေမှ တစ်ဝါရမှာ၊ ဘယ်နည်းနဲ့မှ ခုနှစ်ဝါထိ ချက်ချင်းတိုးလို့ မရဘူး"။
ဆရာသုခ၏ အမေနေ့
ဆရာသုခသည် အမေနေ့ကို တစ်တိုင်းတစ်ပြည်လုံး ကျယ်ကျယ်ပြန့်ပြန့် ကျင်းပစေချင်၏။ မန္တလေးမြို့၌ အမေနေ့ ပဌမအကြိမ် ကျင်းပစဉ် ကျွန်ုပ်တို့ကို နံနက်ခင်း ဆွမ်းပင့်ကျွေးပြီး မိဘ ကျေးဇူးများများ ဟောပေးဘို့ လျှောက်ထားသည်။
ကျွန်ုပ်က "ဆရာကြီး၊ ဦးဇင်းလဲပဲ မိဘကျေးဇူးဆိုပြီး "မာတုပေါကသကသုတ္တန်နဲ့ ကေဒါရဇာတ်ဟောတယ်၊ ဦးဇင်း က စာရေးဆရာလဲ မဟုတ်၊ ဒါရိုက်တာလဲ မဟုတ်တော့ တရားနာ ပရိသတ်က သိပ်မရှိဘူး" ဟု ပြန်ပြော လိုက်တယ်။
"ဆရာတော် တရားနာပရိသတ် ရှိရှိမရှိရှိ ဟောပါ ဘုရား၊ တရားနာပရိသတ်ထဲက မိဘ ကျေးဇူးတစ်ယောက် သိသွားရင် တပည့်တော်တို့အဖို့ အမြတ်ထွက်တာပါဘဲ၊ အခုခေတ် လူငယ်တွေ တပည့်တောို အသက်ကြီးမှ နောင်တမရစေချင်ဘူး၊ တပည့်တော် လူလတ်ပိုင်း အရွယ်တုန်းက မိဘကို ကျွေးမွေးထားနိုင်တဲ့ ငွေကြေး အင်အား ရှိတယ်ဘုရာ့၊ မကျွေးဖြစ်ခဲ့ဘူး၊ အသက်အတော်လေးရလို့ အမေ့ကို အိမ်မှာ ခေါ်ထားပြီး ကျွေးမွေး ပြုစုထားပါတယ်။ အမေက တပည့်တော်အိမ်မှာ ကြာကြာမနေလိုက်ရဘူး၊ ခုနှစ်ရက်လောက်နေပြီး သေဆုံး သွားတယ် ဘုရာ့၊ ဒါကြောင့် တပည့်တော်ဟာ မိဘကို အားရအောင် မပြုစုလိုက်ရဘူး လို့ နောင်တ ရနေပါတယ် ဘုရာ့၊ ခုခေတ်လူငယ်တွေ တပည့်တော်လို ကြီးမှ နောင်တမရစေချင်ပါဘူး"။
အရှင်ရာဇဓမ္မဘိဝံသ
မစိုးရိမ်တိုက်သစ်၊ မန္တလေး။
.
No comments:
Post a Comment