Saturday, July 2, 2011

တင်မောင်မြင့် ဘာသာပြန် သတင်းမုဆိုး အပိုင်း (၅၄)

အခန်း (၇၆)
ဂျိန်း

လင်မယားကွာရှင်းပြတ်စဲပြီး နောက်ပိုင်းတွင် ဂျိန်းသည် ဟတ်ဆင်မြစ်နံဘေးမှ မိုးပျံတိုက်ခန်းကြီးတွင် တစ် ယောက်တည်း နေသည်။ နောက်တစ်ခါ ပြန်ဝယ်လိုက်ရသော တိုက်ခန်းကြီးလေ။
ဂျိန်း၏ ဘ၀သည် တစ်ပတ်ကျော့ကာ ၁၉၇၀ ပြည့်လွန်နှစ်များ၏ လွတ်လပ်သော သမီးပျိုဖြစ်လာပြန်သည်။ ကျော်ကြား မှုကြောင့် ဂျိန်းသည် စွဲမက်စရာ ကောင်းနေဆဲ၊ နုပျိုဆိုလန်းဆန်းနေဆဲ ဖြစ်၏။
နှစ်ပေါင်း များစွာ စွန့်ပစ်ထားသော ဒေါက်မြင့်ဖိနပ်ကို ပြန်စီးသည်။ သုံးဆယ့်ငါးနှစ်အရွယ်တွင် ဂျိန်းသည် ရွယ်တူတန်းတူ များနှင့် မတွဲတော့။ " သုံးဆယ်ကျော်လာတဲ့ ယောက်ျားဆိုရင် ဘယ်ယောက်ျားမှ မယုံနဲ့။ ကိုယ့် ဘက်ကိုယ် ယက်တဲ့ လိပ်တွေချည်းပဲ" ဟု နီတိထုတ်၏။ ပြီးတော့ ငယ်ငယ်ချောချောကလေးတွေနှင့်မှ ရွေးပြီး တွဲသည်။

လွတ်လပ်သည့်ဘ၀တွင် ဂျိန်းသည် နေရာတကာတွင် ယောက်ျားများစွာနှင့် တွေ့ကြုံဆုံစည်းရသည်။ မိမိ ဟောပြော ရသည့် ဟောပြောပွဲများတွင် တွေ့၏။ စားသောက်ဆိုင်များတွင် တွေ့၏။ စာပေအသိုင်းအ၀ိုင်း တွင် လုပ်ငန်း နှင့် ဆက်နွယ်ပြီး တွေ့၏။
ဤသို့ဖြင့် ယောက်ျားတို့အကြောင်းကို မဂ္ဂဇင်းအစောင်စောင်တွင် ဆောင်းပါးတွေ ရေးဖြစ်သည်။
" အမျိုးသမီး တစ်ယောက်က ဘာကြောင့် ယောက်ျားတစ်ယောက်နှင့် မတူနိုင်ရမှာလဲ " ဟူသည့် ခေါင်းစဉ် ဖြင့် တစ်ပုဒ်ရေးသေး၏။ ဂျိန်းက မတူနိုင်စရာအကြောင်းမရှိဟု အဖြေထုတ်သည်။
ဝတ္ထု အသစ် နှစ်အုပ်ရေးဖြစ်သည်။ နှစ်အုပ်စလုံးကို အဆုံးမသတ်ဘဲ ပစ်ထားလိုက်၏။

" အတွေးသစ် မရလို့ " ဟု ဂျိန်းက အကြောင်းပြသည်။ အဲလျော့နှင့် ကွာရှင်းပြီး နောက်ပိုင်းတွင် စိုးရိမ်ထိတ် လန့်သည့် ဝေဒနာသည် ဂျိန်းဆီသို့ ပြန်ရောက်လာသည်။ တစ်အုပ်ရေး စာရေးဆရာ ဖြစ်သွားမည်ကို အကြောက်ကြီး ကြောက်ခဲ့၏။ ခု သည်အတိုင်း ဖြစ်နေချေပြီ။ "ရှင်နဲ့ကျွန်မ " ထွက်ပြီး သုံးနှစ်ရှိခဲ့ပြီ။ နောက် နှစ်ပုဒ် သာ ရေးဖြစ်သည်။ နှစ်ပုဒ်စလုံး စိတ်ကြိုက်ဖြစ်မလာ။
" ကိုယ်တွေ့ လင်မယား ကွာရှင်းခန်းကို ရေးတယ်၊ ဒါပေမယ့် အဲလျော့ကို မြင်ပြီး ဒေါသ သိပ်ဖြစ်နေတော့ ၀တ္ထုဖြစ်မလာဘဲ ယောက်ျားမုန်းဝါဒ ဖြန့်ချိရေးစာတမ်းဖြစ်နေတယ်၊ ဘယ်သူမှ ထုတ်မှာမဟ်ုတ်ဘူး၊ ဘယ် သူမှ ဖတ်မှာ မဟုတ်ဘူး။

နောက်တစ်ပုဒ်က ကိုယ့်ယောက်ျားကိုယ်သတ်ပြီး လူသတ်မှုက လွတ်သွားသည့် မိန်းမတစ်ယောက် အကြောင်း။ သို့သော် ဇာတ်ကို အကွက်လှလှချလို့ မရဘဲ ဖြစ်နေ၏။
" အဆုံးမသတ်နိုင်တာ တော်သေးတာပေါ့၊ မဟုတ်ရင် အဲလ်ဖရက်ဟစ်ခ်ျကော့နဲ့ ပြိုင်နေရဦးမယ် "ဟု နာတာလီရှားကို ဂျိန်းက ရယ်သွမ်းသွေးပြီး ပြောပြသည်။

ရံခါတွင်တော့ ဂျိန်းသည် " ရှင်နဲ့ကျွန်မ " တုန်းကလို ရေးလို့မရသည့်အတွက် ကိုယ့်ကိုယ်ကိုယ် အပြစ်ပုံချ သည်။
" ငါက ဒုတိယအကြိမ်က ပထမအကြိမ်ထက် ပို ကောင်းရမယ်လို့ စွဲလန်းနေတယ်၊ " ရှင်နဲ့ကျွန်မ" က အရမ်းကောင်းနေတော့ သူ့ကို သာအောင် ငါ ဘယ်တတ်နိုင်မလဲ "ဟု ၀ီလ်မာကို ပြောပြသည်။
ရံခါတွင်လည်း စာရေးလို့ မရခြင်းအတွက် အဲလျော့ကို အပြစ်ပုံချသည်။
" အဲဒါ သူ့ကြောင့်၊ ကိုယ့်မှာ ရှိသမျှ အားလုံး သူညှစ်ယူသွားတာ၊ သူနဲ့ ဖိုက်နေရတာနဲ့ ရှိသမျှ အားအင်တွေ ကိုယ့်မှာ ကုန်ခန်းသွားတာ "ဟု အယ်လီကို ပြောပြသည်။
" ဒါပေမယ့် " ရှင်နဲ့ကျွန်မ"ကိုတော့ သူ့ကြောင့် မင်းရေးဖြစ်တာလေ "
ဟု အယ်လီက ပြန်ဖော်ပေးတော့။
" တော်ပါပြီကွာ၊ အဲဒီအကြောင်းတွေ ပြန်ပြောမနေပါနဲ့ "

စာရေးလို့ မရခြင်းမှာ ငွေရေးကြေးရေး စိုးရိမ်စိတ်များကြောင့် ဖြစ်သည်ဟုလည်း ဂျိန်းထင်၏။ အဲလျော့ကို အဆမတန်ပေးပြီး ကွာရှင်းခဲ့ရခြင်းကြောင့် ဂျိန်းတွင် ရှိသမျှ ကုန်သလောက် ဖြစ်သွား၏။
၁၉၇၆ ခုနှစ်သို့ ရောက်သောအခါ ဂျိန်းတွင် ဖြူခါ ပြာခါ ကျနေပြီ။ စာအုပ်အသစ်တစ်အုပ် မရေးနိုင်လျှင်၊ ရေးဖို့ ဇာတ်လမ်းပေးပြီး ကြိုတင်ငွေ မရလျှင် မိမိအလွန်မတန် နေသားကျနေပြီဖြစ်သော မိုးပျံတိုက်ခန်းကြီး ကိုသော်လည်းကောင်း၊ ကမ်းခြေက အပန်းဖြေအိမ်ကိုသော်လည်းကောင်း တစ်ခုခုကို ရောင်းရတော့မည်။
မျက်နှာ အောက်ချပြီး ဂလင်ဆင်ကလဲယားဆီကို အလုပ်ပြန်တောင်းရတော့မှာလား၊ သည်လို တွေးမိလျှင် ဂျိန်းတစ်ယောက် ရူးချင်သလိုလို ဖြစ်သွားသည်။

" ဒါလောက် စိတ်သောက ရောက်နေမှတော့ ဘယ်မှာ စာရေးနိုင်တော့မှာလဲ၊ ဘယ်လိုလုပ်ပြီး ခေါင်းထဲမှာ ရသ ကွန့်မြူးတော့မှာလဲ " ဟု ဟန့်ကို ရင်ဖွင့်တော့ဟန့်က
" မင်း လင်ကီနဲ့ တိုင်ပင်ကြည့်ပါလား၊ သူ အကူအညီပေးချင် ပေးနိုင်မှာပေါ့ " ဟု အကြံပေးသည်။

" ရှင်နဲ့ကျွန်မ" ထက်သာအောင် ရေးနိုင်ရမယ်ဆိုတာကြီးက ဂျိန်း ရင်ထဲမှာ ချလို့ မရဘူး၊ ရယ်စရာ ကောင်း မှန်းသိပါတယ်၊ သိသိကြီးနဲ့ ဂျိန်း တယူသန်နေတာ၊ ရေးလို့ မရခြင်းရဲ့ အကြောင်းရင်းက အဲဒါပဲ၊ ဘာလုပ် လုပ် အကောင်းဆုံး ဖြစ်ရမယ်ဆိုတဲ့ လောဘက ခက်နေတာ၊ အဲဒီလိုဖြစ်မလာရင်လည်း ဂျိန်း ရူးမှာ "ဟု လင်ကီကို ဖွင့်တိုင်ပင်သည်။
" ကိုယ် နားလည်တယ် ဂျိန်း လင်ကီလည်း အဲဒီအတိုင်းပဲလေ "
" ရှင်နဲ့ကျွန်မ အဲဒီလို ဖြစ်မလာရင်ဂျိန်းအခုလိုဖြစ်မှာ မဟုတ်ဘူး၊ အောင်မြင်မှုကြောင့် ခုလို ဖြစ်ရတာ၊ ဂျိန်း အိမ်ထောင်ပျက်တာလည်း အောင်မြင်မှုကြောင့်ပဲ၊ နောက်တစ်အုပ် ရေးမရတာ ဒါကြောင့်ပဲ၊ ဂျိန်းတော့ သွား ပြီ ထင်တယ် "
" အောင်မြင်မှုကြောင့် ကျဆုံးရတယ်၊ ဟုတ်လား "
လင်ကီ ထပ်မေးတော့ ဂျိန်း ခေါင်းညိတ်သည်။

" ဟုတ်တယ်လေ၊ အောင်မြင်မှုရတော့ ငွေတွေ၊ ဂုဏ်တွေ၊ ကျော်ကြားမှုတွေ၊ စုဝေးရောက်လာရော၊ အဲဒါ တွေက အကောင်းဘက်က ကြည့်လို့ရသလို အနိဋ္ဌာရုံဘက်ကလည်း ကြည့်လို့ရတယ်၊ ဂျိန်း ကိုယ်တွေ့ပြောတာနော်၊ ဂျိန်းရဲ့ အချိန် တစ်ဝက်လောက်က ဒါတွေဟာ ငါနဲ့ မတန်ဘူး၊ ငါ ဒါလောက်မရ သင့်ဘူး၊ ညာပြီး ယူသလို ဖြစ်နေတယ်ဆိုတာမျိုး အမြဲတမ်း တွေးနေတယ်။ ကျန်တစ်ဝက်ကတော့ ဒါ ဘုရားသခင်ပေးတဲ့ဆုပဲ။ ငါ တော်လို့၊ ငါတတ်လို့ပေါ့လေ။ ဂျိန်းစိတ်က အဲဒီလို တက်လိုက် ကျလိုက်ဖြစ်နေ တယ်။ လောဘကြီးတတ်လာတာကိုတော့ အဲလျော့ကို အပြစ်မတင်ချင်တော့ဘူး၊ မင်းကော ကိုယ့်ကို ဘ၀င် မြင့်တယ်လို့ မထင်မိဘူးလား လင်ကီ "
" ဒါက မင်းတစ်ယောက်တည်း ဖြစ်တာ မဟုတ်ဘူး ဂျိန်းရဲ့၊ နိုင်ငံကျော် ရုပ်ရှင် မင်းသား မင်းသမီးတွေ၊ နိုင်ငံရေးသမားတွေ၊ အားလုံးဖြစ်နေကြတာပါ။ သူတို့ကိုယ်သူတို့ မိုးပေါ်က ပြန်မကျတော့ဘူး ထင်ပြီး ကျ မယ့်ကျတော့ အ၀ီစိအထိ ဆင်းသွားကြတာတွေ ပြည့်လို့ "

" လင်ကီ ကိုယ့်ကို ဝေဖန်စမ်းပါကွာ၊ အဲလျော့ မပါဘဲ ကိုယ့်ဘ၀ကိုယ် လျှောက်မယ်ပြောနေတာ၊ ဟုတ်ပါ့ မလားဟင်၊ ဂျိန်း ၀န်မခံပေမယ့် ဂျိန်းတစ်ယောက်တည်းဆို မလွယ်ဘူးဆိုတာ သိတယ်၊ သူနဲ့ ကွာလိုက်တာ မှားတယ် ထင်တယ်၊ ဂျိန်း အပြစ် ဂျိန်း လုပ်တာတွေက သူ မခံနိုင်လောက်စရာတွေချည်းပဲ "
" မင်းက အဲဒီလို ဖြစ်စေချင်နေတာကိုး၊ မင်း ပြောတဲ့အောင်မြင်မှုရဲ့ အဆိုးပိုင်းလေ "
လင်ကီက ဂျိန်းနှင့် မတူပေ။ အောင်မြင်မှုကို ကျေနပ်သည်။ ဂျိန်းလောက် ဟိုးလေးတကျော်မဖြစ်သော အောင်မြင်မှုမျိုးကို လင်ကီ ရသော်လည်း ဂျိန်းလို အာရုံ မထွေပြား၊ လင်ကီ၏ ဘ၀သည် လူသိရှင်ကြားခြင်း မရှိ။ အောင်မြင်မှုကို တစ်ဆင့်ပြီး တစ်ဆင့် တဖြည်းဖြည်း ရယူခဲ့ခြင်းဖြစ်သည်။ တစ်ထစ်ပြီးတစ်ထစ် လှမ်း တက်ခဲ့ခြင်းဖြစ်သည်။

" ကိုယ် နာမည်တော့ ရပြီ၊ နောက်ရေးမယ့် ၀တ္ထုကို " သူပုန်မ "လို့ ပေးမယ်"
ဂျိန်းက ခေါင်းထဲ ၀င်လာသဖြင့် ဗြုန်းစားကြီး ကောက်ကာငင်ကာ ပြောသည်။
" ဘယ့်နှယ်လဲ လင်ကီ၊ "ရှင်နဲ့ ကျွန်မ" လောက် လှုပ်ရဲ့လား "
" နိမ့်တယ်၊ နိမ့်တယ်၊ ဆက်လုပ် ဂျိန်း "

ဝတ္ထုသစ်ကို ဂျိန်း စကိုင်ပြီ။ သုံးပတ်အတွင်း ဇာတ်လမ်းအကျဉ်း ငါးခန်းရေးပြီးသွားသည်။ တစ်နေ့လျှင် ဆယ့်လေးနာရီ စာရေးစားပွဲတွင် ထိုင်သည်။
" ကိုယ်အရမ်း လက်တွေ့နေပြီ၊ အောင်မြင်မှုဆိုတာ ဆက်တိုက်ယူလို့ရတဲ့ အကြောင်း လူတွေ သိစေရမယ်" ဟု ၀ီလ်မာကို အားရပါးရ ပြောပြသည်။
" ရှင်နဲ့ကျွန်မ" ထက် ပိုလေးနက်တယ်၊ စာရေးလို့ မရတာကို၊ အဲလျော့ကို ချည်း အပြစ်ပုံချနေခဲ့တယ်၊ တကယ်က ကိုယ့်အားကိုယ်ကိုးရမှာ "ဟု အယ်လီ့ကို ၀န်ခံသည်။
ထုံးစံအတိုင်းပင်။ ဂျိန်းက တကယ်လုပ်ပြီးဆိုတော့လည်း မနားမနေ စိတ်ပါလက်ပါ လုပ်တော့၏။ " သူပုန်မ " ကို ဂျိန်း ကိုယ်တိုင် ချစ်နေပြီ။
" ကိုယ့် မင်းသမီးကို ကိုယ်က စမချစ်ရင် ဘယ် ချစ်မလဲနော်၊ သူ့ကို ဖန်ဆင်းရမျာက ကိုယ်လေ "ဟု နက်တာလီကို ဂျိန်းက ပြောပြသည်။

ဂျိန်းက ရေးပြီးသမျှ အခန်းတွေကို ဟန့်ဆီ ပို့ပေးသည်။
ဟန့်က အငမ်းမရ စောင့်ဖတ်သည်။
" မင်း စွံပြန်ပြီ ဂျိန်း "
ဟန့်က ဇာတ်လမ်းအကျဉ်း ဖတ်ပြီး ၀မ်းသာအားရ ပြောသည်။
" လင်ကီ့ကိုလည်း ဖတ်ခိုင်းရဦးမယ် "
" သူ့ကို ဘယ်တော့ ဖတ်ခိုင်းမှာလဲဟင် "
လင်ကီနှင့် ဟန့်သည် အနီးစပ်ဆုံး လူသားနှစ်ဦးဖြစ်သည်။ သို့သော် သူတို့ ခတ်လှမ်းလှမ်းတွင်သာ နေကြ သည်။

" လင်ကီလည်း အရမ်းကြိုက်မှာ "
" ဟန့်ကိုရော သူ ခုထိ မကြိုက်သေးဘူးလား "
" အဲဒါတော့ မမေးနဲ့ ဂျိန်း၊ အားလုံးကို စည်းရုံးလို့ရတယ်၊ လင်ကီကိုတော့ ကိုယ် မနိုင်ဘူး၊ သူက ကိုယ့်ဆိုရင် အမြဲတမ်း ခါချနေတုန်းပဲ "
" လင်ကီ ရူးနေလား မသိဘူး၊ ဟန့်လိုလူ သူ ဘယ်မှာ သွားရှာမလဲ၊ ဟန့်က အတည်တကျ နေချင်တယ်၊ သူ့ကို စိတ်ရှည်လက်ရှည် စောင့်နေတယ် "
" ကိုယ့်ကို တဆိတ် ကူညီပါ ဂျိန်း၊ အဲဒါကို သူ နားလည်အောင် ပြောပေးစမ်းပါ "

အခန်း (၇၇)
လင်ကီ

ဟန့်၏ အခန်းထဲတွင် လင်ကီက ဘာပစ္စည်းမှ ချန်ထားလေ့ မရှိ။ ဘာအ၀တ်အစားမှ မထား၊ မိတ်ကပ်၊ ရေမွှေး၊ ဘီး ကအစ ပြန်သယ်သည်။ သော့တစ်ချောင်းယူထားဖို့လည်း ငြင်းသည်။ လင်ကီ ပြန်သွားလျှင် ဟန့်၏ အခန်း ထဲတွင် ဘာသဲလွန်စမှ မကျန်ခဲ့။
အစောကြီး ထပြန်လေ့ရှိပြီး ကိုယ့်အခန်းကိုယ်ပြန်ရောက်မှ အလုပ်သွားဖို့ ပြင်သည်။ စာတိုက်ပုံး ဖွင့်သည်။
" လင်ကီ့အတွက် အလုပ်က ပထမပဲ၊ ဟန့်က ဒုတိယလေ၊ အဲဒီအတွက် သဘောမကျဘူး မဟုတ်လား "
" သွားပွတ်တံတစ်ချောင်းလောက်တော့ ထားဖို့သင့်တာပေါ့ကွာ၊ အဲဒီအတွက် အိပ်ရေး၀၀ ပိုအိပ်ရတာ ပေါ့"
" လင်ကီ အစောကြီးထတာ အကျင့်ဖြစ်နေပါပြီ "

ဟန့်က လက်ထပ်ဖို့ ပြောတိုင်း လင်ကီ ပယ်ချဆဲ။
" လက်ထပ်တယ်ဆိုတာ ကွဲဖို့လုပ်တာနဲ့ အတူတူပါပဲ"ဟု ပြောပြီး အိမ်ထောင်ငါးခုမှာ သုံးခုက ကွဲကြသည့် အဖြစ်ကို လင်ကီက အထောက်အထားနှင့်ပြသည်။
သည်တော့ လင်ကီ့ကို ဟန့်က လာဘ်ထိုးဖို့ ကြိုးစားသည်။ တိုက်ခန်းတစ်ခန်းဝယ်ပေးမည်။ ဘဏ်စာရင်း တစ်ခု ဖွင့်ပေးမည်။ မာစီးဒီးတစ်စိး ၀ယ်ပေးမည်။ မြွေပါရေသားမွေးအင်္ကျီဝယ်ပေးမည်။ ကနက်တီကတ်မှ ကက်ပရီကြား၊ ကြိုက်တဲ့နေရာပြော၊ အပန်းဖြေ အိမ်တစ်ဆောင် ဆောက်ပေးမည်။ စသည် စသည်။
လင်ကီက တစ်ခုမှ လက်မခံ။ အားလုံး ပယ်ချသည်။
" ကျွန်မက ပိုင်းလုံးမှ မဟုတ်တာ၊ အဲဒါတွေ အားလုံးလိုချင်ရင် ကိုယ့်ဟာကိုယ် အချိန်မရွေး ၀ယ်နိုင်သားပဲ"

လင်ကီ့ ရည်မှန်းချက်တွေကို ဟန့် သဘောကျသည်။
" တို့ လက်ထပ်ဖြစ်ရင် ခုနှစ်ဆယ်ပြည့်နှစ်ရဲ့ ကာလယ်ယာဘုသ်နဲ့ ဟင်နရီလုစ်"
ဖြစ်မျာ သေချာတယ် "ဟု ဟန့်က နိမိတ်ဖတ်သည်။
" ရှင်ပဲ ပြောခဲ့တယ်လေ၊ ဘယ်တော့မှ လက်မထပ်ဘူးဆို၊ ရှင်က အောက်တန်းကျပြီး ကျွန်မက အရမ်း အထက်တန်း ဆန်တယ်ဆို "
" အဲဒါက ဟိုတုန်းက ပြောခဲ့တာပဲ၊ ခု ကိုယ်ပြောင်းလဲနေပြီလေ "
" ဒါပေမယ့် ကျွန်မက မပြောင်းလဲဘူးလေ "

လင်ကီတစ်ယောက် ကလေးရူးရူးနေသည်ကို ဟန့်သတိထားမိသည်။ အယ်လီ့ ကလေးတွေကိုရော ပီတာ နောက်အိမ်ထောင်နှင့်ရသည့် ကလေးတွေကိုပါ လှည့်ပြီး ဒေါ်ဒေါ်လေး လုပ်နေသည်။ လက်ဆောင်ပစ္စည်း တွေ ၀ယ်ပေးသည်။ ကလေးတွေ ခေါ်ပြီး ပျော်ပွဲစားထွက်သည်။ ဟိုတုန်းက ကလေးမယူမိတာ မှားလေခြင်း ဟု နောင်တပင် ရနေသေးသည် ဆို၏။
" ကိုယ်တို့ လက်ထပ်လိုက်ရင် ဒီကိစ္စ ပြေလည်သွားမှာပေါ့" ဟု ဟန့်က အကြံပြုပြန်၏။
" ဟာ မဟုတ်တာ၊ လင်ကီ အသက်ကြီးသွားပြီ"
" မင်း ခုမှ သုံးဆယ့်ငါးပဲရှိသေးတယ်လေ၊ မင်းကို မင်းအမေ မွေးတော့ သုံးဆယ့်နှစ်နှစ် မဟုတ်လား "
" ဟုတ်တယ်၊ လင်ကီက တစ်ဦးတည်းသောသမီးလေ၊ ဘယ်တော့မှ လင်ကီ တစ်ယောက်တည်း မမွေးချင်ဘူး၊ တစ်ကောင်ကြွက်ဘ၀ ဘယ်လောက်ဆိုးတယ်ဆိုတာ သိပြီးသားလေ "

လက်ထပ်ဖို့ ကိစ္စကို ဟန့်က ဇွဲမလျော့။ လင်ကီကလည်း ပယ်ချမြဲ။
" ဟန့်နဲ့ လင်ကီ လက်ထပ်ရင် ပြန်ကွဲမှာပဲ၊ ဧရာမသတ္တ၀ါနှစ်ကောင် အတူနေလို့ မဖြစ်ပါဘူး "
" စမ်းတော့ စမ်းကြည့်သင့်တာပေါ့ "
" မစမ်းချင်တော့ပါဘူး၊ ဟန့်က တစ်ခါ လင်ကီ့ကို မောင်းထုတ်ပြီးပြီ၊ အဲဒါမျိုး ထပ်မဖြစ်ပါဘူးလို့ ဘယ်လို လုပ်ပြီး ယုံရမှာလဲ "
" အဲဒီအတွက် ကိုယ်လည်း ခံစားရတာပဲဆိုတာ မင်းနည်းနည်းလေးမှ မစဉ်းစားမိဘူးလား၊ ကိုယ် မင်းကို ချစ်တယ်၊ မင်းကြောင့် ကိုယ့်ဘ၀လမ်းကြောင်း ပြောင်းလဲခဲ့တယ်။ မင်း သိပ်ရက်စက်ပါလား လင်ကီ၊ ကိုယ့် ဘက်က ၀င်ပြီး နည်းနည်းလေးမှ မကြည့်ဘူး "
" မဖြစ်ပါဘူး၊ ခုအတိုင်းနေတာပဲ လင်ကီ ပျော်တယ် "
" ဒါပေမယ့် ကိုယ်မပျော်ဘူး "

ဟန့်က ဇွဲမလျှော့။ လက်ထပ်ဖို့ ထပ်ပူဆာပြန်သည်။ လင်ကီက အားနာပါးနာပင် လက်မခံ၊ ထပ်ငြင်းသည်။ ယောက်ျားကို မှီခိုရသည့်အဖြစ်မျိုးကို လင်ကီ အရောက်မခံတော့။
ရင်းနှီးမြှုပ်နှံမှု အကြံပေးအဖြစ် အမျိုးသမီးတစ်ယောက်ကို ငှားပြီး ငွေရေး ကြေးရေးကိစ္စ လွှဲထားလိုက် သည်။ ဆံပင်ညှပ်ဖို့လည်း မိန်းကလေးတစ်ယောက်ကို ငှားထားလိုက်သည်။
ဥတ္တရကြယ်တွင် အခါအခွင့်သင့်တိုင်း မိန်းကလေးတွေကို ရာထူးပေးသည်။ ထက်သည့် မိန်းကလေးတွေ ရှာခန့်သည်။ ယခုတော့ အယ်ဒီတာအဖွဲ့မှာရော၊ ဖြန့်ချိရေးနှင့် အရောင်းဌာနမှာပါ မိန်းကလေးတွေချည်း ဖြစ်နေပြီ။
ဟန့်နှင့် ဂေါ်ဒွန်မှ လွဲပြီး လင်ကီနှင့် ပတ်သက်သည့် ယောက်ျားဆို၍ သူ့အတွင်းရေးမှူး တစ်ယောက်သာ ရှိ၏။ လင်ကီက အတွင်းရေးမှူးကိုတော့ ထူးထူး ဆန်းဆန်း ယောက်ျားလေးတစ်ယောက် ခန့်ထား၏။
" မင်း တစ်ယောက်တည်း အထီးကျန်ဘ၀နဲ့ သွားရမှာ မစိုးရိမ်ဘူးလား "ဟု အယ်လီကမေးသည်။
" ဟင့်အင်း၊ မစိုးရိမ်ပါဘူး၊ ကိုယ်က ဥတစ်လုံးဘ၀ကို အထာကျပြီးသားပဲ " ဟု ပြန်ပြောသည်။

ဟန့်ကို နည်းလမ်းရှာပေးသူမှာ ဂျိန်းဖြစ်သည်။
" ရှင် လုပ်နေပုံက သိပ်တုံးတာပဲ၊ အဲဒီနည်းနဲ့ ဘယ်တော့မှ လင်ကီကို ရမှာ မဟုတ်ဘူး "
" မျှော်လင့်ချက် မရှိတော့ဘူးလားဟင် ဂျိန်း "
" ရှင် လုပ်နေပုံကြောင့် မျှော်လင့်ချက်မရှိတာ၊ ရှင် ညံ့လို့ "
" ကိုယ် ညံ့လို့ ဟုတ်လား "

" လင်ကီ့ဘက်က ကြည့်ရင် ဟုတ်တယ်၊ ရှင်ညံ့လို့၊ သူ့ ရှုထောင့်က မြင်ရတဲ့ ရှင့်ရဲ့ ပုံသဏ္ဍာန်က မှားနေ တယ်"
" ဟာ သေတော့မှာပါပဲ၊ မင်း ဘာတွေ ပြောနေတာလဲ ဂျိန်း၊ ကိုယ်က အောင်မြင်တယ်၊ ချမ်းသာတယ်၊ သူ့ ကိုချစ်တယ်၊ ဒါ့အပြင် သူက ဘာလိုချင်သေးလို့လဲ "
" ဟုတ်တယ်၊ ချမ်းသာတဲ့၊ အောင်မြင်တဲ့ ပုံမျိုးနဲ့ နေလေ ခုရှင် လုပ်နေပုံက လောကမှာ ရှိရှိသမဆ ဒုက္ခတွေကို ရှင်တစ်ယောက်တည်း ခံစားခဲ့ရပုံမျိုး၊ တစ်မြို့လုံးမှာ ဂျူးမိသားစုဆိုလို့ ရှင်တို့ တစ်အိမ်တည်း ရှိခဲ့ပုံ၊ အဖေက ဘယ်လောက် ဆင်းရဲပုံ၊ တက်ချင်တဲ့ ကောလိပ်ကို တက်ခွင့်မရခဲ့ပုံ၊ ဘာညာ ဘာညာတွေ ချည်း လျှောက်ပြောနေတော့ ဘာဖြစ်လာမှာလဲ "
ဟန့် မျက်နှာကြီး ဒေါသကြောင့် နီရဲလာသည်။

" အဲဒါ အမှန်တွေပဲ "
ဟန့်က သူ့ဘက်မှ ကာကွယ်သည်။
" ကိုယ်တို့ မိသားစုဟာ ဂျူးတွေ ဖြစ်လို့ ၀ိုင်းပယ်ခံရတာ အမှန်ပဲ၊ သင်္ဘောဆေးကုမ္ပဏီမှာ ကိုယ့်အဖေဟာ အရာရှိဖြစ်ပါလျက်နဲ့ ဂျူးဖြစ်နေလို့ လခအနည်းဆုံးနဲ့ လုပ်ခဲ့ရတယ်၊ ကိုယ်တက်ချင်တဲ့ ကျောင်းကို မတက်ခဲ့ ရတာလည်း အမှန်ပဲ၊ ပြီးတော့ "
" အမယ်လေး ရေးကြီးခွင်ကျယ်၊ အဲဒါတွေက လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ရာလောက်က ဖြစ်ခဲ့တာကို ရှင်က မနေ့တစ်နေ့ကအဖြစ်တွေလို ချေးခြောက်ရေနူးနေတာပဲ "
နယူးယောက်ကို အလည်အပတ် ရောက်လာစဉ်က ဟန့်၏ အဖေနှင့် အမေကို ဂျိန်း တွေ့ဖူးလိုက်သည်။
" ရှင့်ပုံစံကို ပြောင်းလိုက်ရင် လင်ကီ စိတ်ပြောင်းချင်ပြောင်းလာမှာ "

ဆက်ရန်
.

No comments: