ဖျတ်ခနဲတွေ့ရသော ရုပ်ပုံလွှာကားချပ်များ စာပေခေတ်ဦးမှ
စာရေးဆရာ (၃)ဦး
စာရေးဆရာ (၃)ဦး
ဒဂုန်တာရာ
တကယ်ကတော့ ကျွန်တော်စာပေလောကသို့ ၀င်ရောက်သည်မှာ စစ်ပြီးခေတ်လောက် ဖြစ်မည်ဟု ခံစား မိသည်။ ဆယ်ကျော်သက်ရွယ်ကတော့ ကဗျာရေး၊ ၀တ္ထုရေး ရေးဖြစ်ခဲ့သည်။ သို့သော် မိမိကိုယ်ကို စာရေးဆရာ ဟု နားမလည်ခဲ့ မခံစားမိခဲ့။ ၀ါသနာပါရုံမျှသာ။ သို့သော် ၁၉၄၁ မေ၀တ္ထုနဂါးနီ စာအုပ်တိုက်မှ ထုတ်ဝေပြီး နောက်တွင် မိမိကိုယ်ကိုယ်မိမိ နည်းနည်း ယုံကြည်မိ သလို ဖြစ်လာသည်။ သလုလိုဟု သုံးရ သည်မှာ အခြားကြောင့် မဟုတ်။ မေ၀တ္ထုထွက်ပြီးသောအခါ ခေတ်ပြိုင် မိတ်ဆွေများက မေ၀တ္ထုကို ပြောကြ သည်။ သူတို့ စိတ်ဝင်စားကြဟန် တူသည်။ မေ၀တ္ထု ထွက်ပြီးသည့်နောက် (၃)လခန့်အကြာတွင် ဒုတိယ ကမ္ဘာစစ်ကြီး မြန်မာပြည်အတွင်းသို့ ချဉ်းနင်း ၀င်ရောက်တော့သည်။ ဖက်ဆစ်ဂျပန်တို့ (၃)နှစ်ခန့် အုပ်စိုးခဲ့ သည်။ အမှောင်ခေတ်၊ ကျွန်တော် စာတစ်လုံးမျှ မရေးခဲ့။ ရေးလည်းရေးချင် စိတ်မရှိ။ သို့သော် စစ်ပြီးခေတ် တွင် ကျွန်တော့်စိတ်တွင် နိုးကြားလာသည်။
စစ်မဖြစ်ခင်က ကျောင်းသားဘ၀ဖြစ်၍ စာပေတိုစစ၊ ကဗျာဝတ္ထု၊ ၀ါသနာစေရာကို ရေးခြစ် မိခဲ့သည်များသာ။ သို့သော် စစ်ပြီးခေတ်ရောက်သောအခါ ကျွန်တော်သည် ၂၆နှစ် ရှိလာပြီဆိုတော့ မိမိ၏ဘ၀ကို ထုဆစ်စ ပြုလာသည် ကို ဆိုနိုင်သည်။ ငုပ်နေသော အနုပညာဗီဇလေးများလည်း အပေါ်သို့ တကလာသည်။ ပန်းချီ ရေးချင်သည်။ စန္ဒရာတီးချင်သည်။ ကဗျာရေးချင်သည် ၀တ္ထု ရေးချင်သည်။ သို့သော် ကောင်းကောင်း မပွင့်ဖူးသေး ဟု မိမိ ကိုယ်တိုင် ထင်နေသည်။ မိမိ ဘယ်ဘက်တွင် စိတ်ထန်သန်သည်ကို သမိုင်းခေတ်များ ဖြတ်သန်း လာသောအခါမှ သိရှိလာပြီဟု ခံစားမိပေသည်။
စစ်မဖြစ်မှီခေတ် ကျောင်းသားဘ၀ကတော့ အနုပညာရှင်များ ဂီတပန်းချီ အနုပညာရှင်များ၊ စာရေးဆရာ များကို စိတ်ဝင်စားသည်။ သူတို့ကို တွေ့ချင်နေသည်။ သူတို့နှင့် စကား ပြောချင်နေ မိသည်။ ကျွန်တော်က သူတို့ကို ငေးကာ တအံ့တသြ၊ အနုပညာ၊ စာပေပညာရှင်များကို သာမဟုတ် နိုင်ငံရေးသမားများကိုလည်း စိတ်ဝင်စား သည်။ ထိုအခါက မိမိကိုယ်တိုင်ပင် ဘာကောင်းမှန်းမသိသေး။
ငယ်စဉ်က ပထမဆုံး ထိတွေ့ရသော စာရေးဆရာများမှာ ကျွန်တော်နှင့် တစ်မြို့တည်း နေ ကိုသုခနှင့် ကိုသင်္ခါ ဖြစ်သည်။ သူတို့သည် ကျွန်တော့်ထက် (၁၀)နှစ် ကျော်ကျော်ခန့် ကြီးကြသည်။
ကျွန်တော်က သူတို့ကို မော့ကြည့်နေရသည်။ ထိုအခါကတော့ စာရေးသောသူများကို စာရေးဆရာ ဟု ကျွန်တော် တို့ ခေါ်ဝေါ်ခဲ့ကြသည်။ တကယ်ကတော့ စာရေးဆရာတွင် ကဗျာဆရာ၊ ၀တ္ထုရေး ဆရာ၊ ဆောင်းပါးရေး ဆရာ စသည်ဖြင့် ခြားနားမှု ရှိသည်။ ထိုအခါကတော့ ပီပီသသ နားမလည် သေး။ ကျွန်တော့် မှာ အသက် (၁၅)နှစ်ခန့် ရှိမည် ထင်သည်။ သူတို့ စကားပြောလျှင် ကျွန်တော် ငေး၍ နားထောင်ရသည်။
ခေတ်ပေါ် စာပေလောကအကြောင်းကို ကျွန်တော် သူတို့ထံမှ ကြားသိနေရသည်။ တဆင့် ဆိုပါတော့။ သူတို့မှ တဆင့် စာပေလောက၏ ပုံကားချပ်ကို စတင် တွေ့ရသည်။ ကိုသုခမှာ ရွှင်ပျော်ပျော်စာအုပ်တိုက်မှ မောင်သိန်းမောင် (ကျိုက်လတ်)ဖြင့် မိန်မသားဝတ္ထုမှ ထုတ်ဝေပြီး ကာစ ဖြစ်သည်။ ထိုအခါ ရွှင်ပျော်ပျော်မှ ရွေးချယ်သော ၀တ္ထုကို ကလောင်အမည်ဖြင့် မဖော်ပြဘဲ လူနာမည်အရင်းဖြင့် ဖော်ပြသည်ဟု နားလည် ခဲ့ရသည်။ ကိုသင်္ခါကတော့ နာမည် ရှိနေပြီ။ သူ၏ ၀တ္ထုများကို ကျွန်တော် မဂ္ဂဇင်းများတွင် ဖတ်ရဖူးသည်။ ကိုသုခ မှာ အသားညိုညို၊ စကားပြော ကောင်းကောင်း။ အသံကတော့ ခပ်သေးသေး၊ စူးရှရှ။ သူက ဖျာပုံသို့ ကျောင်းသွား နေ၍ ကျွန်တော်တို့ သူကို ကျောင်းသား အဖြစ်မသိရာ ကိုသင်္ခါကတော့ ကိုသုခထက် ကြီးမည် ထင်သည်။ သူသည် အင်္ဂလိပ်စာ လည်း တတ်ဟန် တူသည်။ ပင်နီအင်္ကျီဖျင်ကြမ်း ၀တ်သည်။ နိုင်ငံခြားဖြစ် ဆို၍ လက်ဖက်ရည်၊ စီးကရက်ကိုပင် မသောက်၊ စကားပြော ညင်သာသည်။ တိုးညက်သည်။
ကိုသင်္ခါမှာ ကျိုက်လတ်တွင် ကြီးပြင်းသူ မဟုတ်။ သူနှင့် သိရမှပင် ကျိုက်လတ် ဖြစ်မှန်းသိသည်။ သူက မိကျောင်းအိုင်ရွာ တွင် မွေးဖွားသည်။ ရဲလည်း လုပ်ဖူးသလားမသိ။ သူတို ပြောသမျှ အတွေ့အကြုံ များမှာ ငယ်ရွယ် သော ကျွန်တော်အဖို့ ဆန်းသစ်နေသည်။ စာပေလောက၏ ပုံကားချပ်များကို သိရှိ ခွင့်ရသည်။ ကိုသုခ က ကျွန်တော်နေသော ကျိုက်လတ်ဘုရားကြီး လမ်းသင်္ဘောဆိပ်တွင် စာအုပ် ဆိုင်ကလေး ဖွင့် ထားသည်။ စာအုပ်ဆိုင်တွင် ကျွန်တော်တို့ ဆုံမိကြသည်။ ကျွန်တော်က သူတို့ထံ သွားလည်တတ်သည်။
ကျွန်တော်က စာပေလောကအကြောင်း သိချင်နေသည်။ စာရေးဆရာများ အကြောင်း သိချင်နေသည်။ သူတို့ ပြောသော စကားများတွင် စာပေလောက၊ စာရေးဆရာလောက၊ စာအုပ်ထုတ်ဝေသူလောကနှင့် စာရေးဆရာ များ အကြောင်း သိရ၍ စိတ်ဝင်စားနေသည်။ သူတို့ကို နာမည်ရင်းအတိုင်းပင် ခေါ်သည်။ ကိုသိမ်းမောင်၊ ကိုတင်မြင့်၊ ကိုသင်္ခါကတော့ နိုင်ငံရေးအကြောင်း များကို ပြောသည်။ ထို့ကြောင့်ပင် သူသည် သခင် များကို နှစ်သက်ပြီး ပင်နီကြမ်းဝတ်ဟန် တူသည်။ ထိုအခါကတော့ ကျွန်တော်သည် ဦးတပ်၍ မခေါ်တတ်။ ဦးသိန်းမောင်၊ ဦးတင်မြင့်ဟု မခေါ်တတ်၊ ကိုတပ်၍ ခေါ်သည်ကိုပင် ကျွန်တော် ကျေနပ်နေသည်။ နာမည်ရင်းကို သိသူဟူ၍ အထင် ရောက် နေသည်။ ရင်းနှီးသံပါ၍လား မသိ။
ကိုသုခသည် မိန်းမသား ၀တ္ထုထွက်ပြီးနောက် ဆက်ကာဝတ္ထုများ ထွက်လာသည်။ ကလောင်အမည် သုခ အမည်ဖြင့် စာပေနယ်တွင် ထင်ရှားစပြုလာသည်ဟု ထင်နေခဲ့သည်။ ကိုသုခ အသံက ခပ်ရှရှ၊ ကိုသင်္ခါက ခပ်နုနု ဟု ကျွန်တော် ခံစားနေမိခဲ့သည်။
နောက်စာရေးဆရာကြီးတစ်ယောက်နှင့် အသိ ဖြစ်ရသည်။ မန္တလေးမှ မြမျိုးလွင်။ ကျွန်တော့်ထက် (၁၅)နှစ်မျှ ကြီးမည် ထင်သည်။ သူက စာပေလောကတွင် ထင်ရှားနေပြီ။ သူ့ဝတ္ထု များကို ကျွန်တော် ကြိုက်သည်။ ဆရာမြမျိုးလွင် ၏ ၀တ္ထုများက မန္တလေးဟန်ပါသည်။ မန္တလေးသံပါ သည်ဟု ဆန်းသစ်သော ခံစားမှု ရရှိ နေသည်။ စကားပြောခန်းများက ကောင်းသည်။ ထိုအခါ ကတော့ စကားကြွယ်သည်ဟူသော ၀ိသေသဖြင့် ပြော တတ်ကြသည် စကားလုံးများမှာ ယဉ်ကျေး သည်။ ကျွန်တော်သည် အတွေ့အကြုံနည်းသဖြင့် မန္တလေး ၏ ရုပ်ပုံလွှာ များကို မြမျိုးလွင်မှတဆင့် ခံစားရသည်ဟု ဆိုနိုင်သည်။
မြမျိုးလွင်နှင့် ကိုသုခတို့က စာချင်းဆက်သွယ်မှု ရှိသည်။ ကိုသုခ စာရေးစတွင် မြမျိုးလွင် ၏ လေသံဖြင့် ရေးသည်။ မြမျိုးလွင် ဟန်ပါသည်ဟုပင် ကျွန်တော် သူ့ကို ပြောဖူးသည်။ သူကလည်း မြမျိုးလွင်ကို သိပ်ကြိုက်သည်။ တစ်နေ့တွင် သူက မြမျိုးလွင်ကို သွားတွေ့မည်ဟု ပြောသဖြင့် ရန်ကုန်သို့ ကျွန်တော် လိုက် သွားဖူးသည်။ ရေကျော်ရပ်ကွက်ရှိ အပေါ်ထပ်အိမ်တစ်အိမ်။ ကျွန်တော်တို့ အိမ်ပေါ်တက်သောအခါ ကျောက်ပါမာ သက်သက်ဖြင့် ခပ်ပိန်ပိန်လျလျ လူတစ်ယောက်က အသံခပ်ပြာပြာဖြင့် ဘယ်သူ့ကို တွေ့ချင် ပါသလဲဟု မေးသည်။ ကျွန်တော် ကတော့ ပန်းချီဆရာဦးအုန်းလွင်အိမ်ဟု သိထားပြီး ဖြစ်သည်။ ဘယ်သူများ ပါလိမ့်။ ကိုသုခက စကားစပြောသည်။ ကျွန်တော် ဆရာ မြမျိုးလွင်နှင့် တွေ့ချင်လို့ပါ။
ကျိုက်လတ်က လာတာပါဟု ပြောလိုက်သည်။ ထိုသူသည် ကျွန်တော်တို့ကို ငေးကြည့်ကာ သြော် ကိုသုခ လား။ ကျွန်တော်ပါ ပဲဟု ပြောလိုက်သည်။ ကိုသုခ ၏ မျက်နှာမှာ ပြိုးပျက်ဝင်းလက်သွားသည်။ သူ အလွန်တွေ့ချင် သော သူကြိုက်သော ၀တ္ထုရေးဆရာကြီး မြမျိုးလွင်။ ထို့နောက် အိမ်ထဲ ၀င်သောအခါ စားပွဲတွင် ပန်းချီရေးနေသော အိမ်ရှင် ပန်းချီဆရာနှင့် မိတ်ဆက်ပေးသည်။ ပန်းချီဦးအုန်းလွင်မှာလည်း ခပ်ပိန်ပိန်လျလျ၊ မြမျိုးလွင်၏ ပုံစံမျိုး၊ အ၀တ်အစားက နုသည်။ လုံချည်က အရောင်နုနု၊ အကျီက အရောင်နုနု၊ ခပ်နွဲ့နွဲ့ ဟု ကျွန်တော်ခံစားမိသည်။ မြမျိုးလွင်နှင့် စကားပြောသောအခါ သူ၏ ဇာတ်ကောင်ထဲမှ ဇာတ်လိုက် မင်းသား ကဲ့သို့ပင် ပြုမူပြောဆိုသည်ဟု မှတ်လိုက်သည်။
ကျွန်တော် ကတော့ နာမည်ကျော် ၀တ္ထုရေးဆရာ၊ ပန်းချီဆရာများနှင့် ထိတွေ့ပြောဆို ဆက်ဆံနေရသော ကြောင့် ကျေနပ်နေမိသည်။ မြမျိုးလွင် ၏ ဇာတ်ကောင်များမှာ သွက်လက်လှုပ်ရှား ယဉ်ကျေးသူ များ ဖြစ်ကြသည်။ ပန်းချီဆရာ၏ နံရံတွင် အီတလီ တယောပြားလေး တစ်လက်ချိတ်ထားသည်ကို ကျွန်တော် လှမ်း၍ မြင်လိုက်ရသည်။ တစ်နေရာတွင် ပတ္တလား။ ကျွန်တော်သည် နာမည်ထင် ရှားပုဂ္ဂိုလ်များနှင့် တွေ့ရ၍ စိတ်လှုပ်ရှားမှုကို ခံစားမိနေပေသည်။
သမိုင်းစာမျက်နှာတို့သည် တဖျပ်ဖျပ်လှန်လှောသွားကြသည်။ နောက် ၁၅နှစ်ခန့်ကြာ သောအခါ ၁၉၅၀-၅၁ က ကျွန်တော် စာရေးဆရာအသင်းဥက္ကဋ္ဌဖြစ်သောအခါ သူတို့က ကျွန်တော် တို့ကို အယုံအကြည်မရှိ အဆို တင်သော စာရေးဆရာအုပ်စုတွင် ပါဝင်နေကြသည်။ ထိုအခါက ကျွန်တော့်ကို ကလောင်နီ ဥက္ကဋ္ဌ၊ လက်ဝဲစာရေးဆရာစသော စကားလုံးများနှင့် သတင်းစာ ဂျာနယ်တွင် ပါဝင်နေသောအချိန်။ ကျွန်တော်က အသက်(၃၀) အရွယ်၊ သူတို့က (၄၀)ကျော်၊ ထိုအခါ စာရေးဆရာသည် နိုင်ငံရေး ၀ါဒမရှိဟူသော အယူအဆ ကို လက်ခံသူတို့တွင် သူတို့ ပါဝင်ကြသည်။ ကျွန်တော်ကလည်း စာရေးဆရာ အစည်းအဝေးတစ်ခုတွင် လူမှန်လျှင် ၀ါဒရှိရမည် ဟု ပြောလိုက်မိသည်။ ထိုအခါ သူတို့သည် ကျွန်တော်ကို မကျေနပ်ကြ။
ကိုသုခသည် ယနေ့ခေတ်ကာလတွင် ထင်ရှားကျော်ကြား အကယ်ဒမီ (၅)ဆုရ ရုပ်ရှင် ဒါရိုက်တာ၊ ပြဇာတ် ဒါရိုက်တာအဖြစ် ရှိလေပြီ။ ကိုသင်္ခါနှင့် ကိုသုခသည် ပခုက္ကူ ဦးအုံးဖေ၏ တစ်သက်တာ စာပေဆုကို ရရှိနေကြပြီ ဖြစ်သည်။ ကိုသုခ၏ အသံနှင့် ရုပ်ပုံလွှာကို ရောင်စုံ ရုပ်မြင် သံကြား စိမ်းမြဖန်သားတွင် သီချင်း ဆိုသံ၊ ဟောပြောသံတို့ကို တစ်ပြည်လုံးက နားထောင်ကြည့်ရင နေကြသည်။ ကိုသင်္ခါကတော့ ကွယ်လွန် သည်မှာ သိပ်မကြာသေး။
ကျွန်တော့် မေ ၀တ္ထု ထွက်ခါစက ကိုသင်္ခါကို ပေးဖတ်သည်။ သူက "အေးကွ မင်းဝတ္ထုက ကျောင်းသားလေး ရေးသလိုပဲ" ပဲဟု ပြောလိုက်သည်။ ကျွန်တော်ကတော့ ကိုယ့်ခံစားမှုနှင့်ကိုယ် ကျေနပ်မိသည်။ ကျောင်းသား ဆိုသည်မှာ နုပျိုဆန်းသစ်မှု ရှိတတ်သည်။ မေ၀တ္ထုမှာ ထိုအခါက ရှိနေသာ ၀တ္ထု စကားပြေ အဖွဲ့အနွဲ့များနှင့် မတူ။
သမိုင်းစာမျက်နှာတို့ကား တဖျပ်ဖျပ်၊ တလွင့်လွင့်နှင့် လှုပ်ရှားလျှက် ရှိသည်။ ကျွန်တော် ကတော့ ကမ္ဗောဇရဋ္ဌသာ မိုင်းခမ်း ထင်ရှူးပင်ကြားတွင် တောင်ကြောခိုလျက်။
ဒဂုန်တာရာ
(၂၀၀၀ပြည့်နှစ် ဒီဇင်ဘာလ စံပယ်ဖြူမဂ္ဂဇင်းမှ)
.
2 comments:
မရွှေစင်နဲ့ မစည်းစိမ်ရေ
ပို့စ်နဲ့ ဘာမှ မဆိုင်ပါဘူး။ ဒါပေမယ့် အကြောင်းရှိလို့ မေတ္တာရပ်ပါရစေ။
အသေးစိတ် အမူအရာ ရှုမှတ်တယ် ဆိုတာကို တရားလုံးဝ မမှတ်ဖူးသူတွေ နားလည်ပြီး ဖတ်ပြီးရုံနဲ့ လိုက်လုပ်နိုင်အောင် ရှင်းပြရေးပေးစေချင်ပါတယ်။
ကျေးဇူးတင်စွာဖြင့်
အပြောသာလွယ်တာ တစ်ကယ်လုပ်ကြည့်တာခက်တဲ့ ဘာမှမဟုတ်သေးတဲ့ ဝင်လေထွက်လေတောင် နာရီဝက်ပြည့်တဲ့နေက ခပ်ရှားရှားရယ် မို့ ..:):)
မမရေ ..ကျေးဇူးပါလို့..
Post a Comment