Friday, July 1, 2011

မဝင်းမြင့် ၏ မြသေလာတောင် ဆွေးဖွယ်နှောင်သည် အပိုင်း (၂၇)

အခန်း (၁၂)

ခရီး အသော့နှင်လာခဲ့သော ကိုမျိုးခိုင်နှင့် ကိုစောအောင်တို့သည် သုံးရက်မြောက်သော ညနေ၀ယ် မှိုင်းညို့ ရီမှောင်သော နောင်စငဲ့ တောင်ကြီး၏ အခြေသို့ ကပ်မိကြပြီဖြစ်၏။ နှစ်ယောက်သား အထူး သတိထားကာ မီးဖို ပင် မဖိုတော့ဘဲ ပြောင်းဖူးမှုန့်ကို မပြုတ်ဘဲစားပြီး ချုံကြီးတစ်ခုအတွင်းမှာ ဆိတ်ငြိမ်စွာ ခိုအောင်းနေ သည်။
အချိန်မှာ ညနေစောင်းနေပြီ ဖြစ်သော်လည်း ၀င်လုဆဲ နေရောင်ကြောင့် အမှောင်ရိပ် မသန်းသေးဘဲ လင်းလျက်ပင်ရှိသေးသည်။

ထိုအခိုက် မသဲကွဲသော ဗလုံးဗထွေး ဆူဆူညံညံအသံများကြောင့် နှစ်ယောက်သား ချုံထဲတွင်အောင်းနေ ရာမှ ထက်ကြပ်မကွာ ယူဆောင်လာသော ခြောက်လုံးပြူးနှင့် နှစ်လုံးပြူးသေနတ်များကို ပြန်လည် စစ်ဆေး ကြည့်ကာ အရေးရှိက ပစ်ရန် အသင့်ပြင်ထားကြပြီး သတိကြီးစွာထားကာ နားစွင့်နေကြသည်။
" ကျောက်ဥဒေါင်းကြီး မြည်လိုပမျာ တို့လာတာသိပြီးထွက်ရှာကြသလား မသိဘူးညီလေး "
ကိုမျိုးခိုင်က လေသံဖြင့် တီးတိုးပြောလိုက်၏။ ကိုစောအောင်ကမူ ဘာမျှပြန်မဖြေသေးဘဲ တဖြည်းဖြည်း နီး ကပ်လာသောအသံများကို စိတ်အားထက်သန်စွာ စူးစိုက်နားထောင်နေရာမှ ...
" နောင်စငဲ့က လူတစ်စု ဒုက္ခရောက်လာပြီထင်တယ် " ဟု တီးတိုးပြန်ပြောလိုက်သည်။

" ဟင် ... ညီလေး ဘယ်လိုသိလဲ"
ကိုမျိုးခိုင်က အံ့အားသင့်စွာ မေးလိုက်သည်။
" စကားသံတွေ အစ်ကိုကြားတယ် မဟုတ်လား "
" ကြားတယ် ညီလေး၊ ဒါပေမယ့် အစ်ကိုမှ နားမလည်ဘဲ "
" စကားသံတချို့က ဘာစကားလဲ မသိဘူး၊ ကျွန်တော် နားမလည်တဲ့ စကားတစ်မျိုး အစ်ကို၊ စကားသံတချို့ ကကျွန်တော် နားလည်တဲ့ နောင်စငဲ့ ဘာသာအစ်ကိုရဲ့ "
" ဟုတ်လား ညီလေး၊ ဘာတွေဖြစ်ကြလဲ "

" နောင်စငဲ့ ဘာသာနဲ့ပြောတဲ့ စကားတွေမှာ တို့ဒေသကို လာစော်ကားရင် တို့ကာကွယ်ရမယ်၊ နင်တို့ သတ် ချင်သတ်လိုက် မကြောက်ဘူး၊ ငါတို့တတွေဟာ သူတော်ကောင်းတွေ၊ ငါတို့ကိုပြစ်မှားရင် နင်တို့လဲ သေခြင်း ဆိုးနဲ့ သေမယ်လို့ အဓိပ္ပာယ်ရတယ်အစ်ကို၊ အဲဒီတော့ ...
ကိုစောအောင်၏ စကားမဆုံးမီ တောချုံများကို တဗြုံးဗြုံးတဗြင်းဗြင်း တိုးခွေ့လာသောအသံများ နီးကပ်စွာ ကြားရသဖြင့် နှစ်ယောက်သား တိတ်ဆိတ်စွာဖြင့် ချုံအတွင်းမှ ချောင်းကြည့်လိုက်ကြ၏။
" ဟာ "
" ဟင် "

ကိုမျိုးခိုင်နှင့် ကိုစောအောင်တို့ များစွာ အံအားသင့်သွားကြသည်။ ဖြူဖပ်ဖြူရော် အသားအရည်၊ မျက်ခွံမို့မို့ ကြောင်တက်တက်မျက်လုံးဖြင့် ခေါင်းတုံးပြောင်အောင် ရိတ်ထားသော အနီနှင့်အနက်စင်း သင်တိုင်းရှည် ကြီးများ ၀တ်ထားကာ ဦးခေါင်းတွင် ကွဲပြဲသော ဒဏ်ရာများဖြင့် သွေးများပေကျံနေသော လူသုံးယောက်ကို ဘောင်းဘီ၊ အင်္ကျီ၊ သားရေဖိနပ်ကြီးများကိုယ်စီစီး၍ သေနတ်၊ ဓားရှည်များ ကိုင်ထားသော လူဆယ်ယောက် ခန့်က နှုတ်မှ ဒေါသကြီးစွာ အော်ဟစ်ရေရွတ်ရင်း ရိုက်နှက်ကာ ကြိုးနှင့် ချီဆွဲခေါ်လာသည်ကို တွေ့ရသည်။
" ဒါ ဂျပန်စစ်သားတွေပဲဖြစ်မယ် ညီလေး "
သတင်းစာ မဂ္ဂဇင်းများတွင် ဂျပန်စစ်သားများ၏ ဓာတ်ပုံကို တွေ့မြင်ဖူးနေသော ကိုမျိုးခိုင်က ကိုစောအောင်အား လက်တို့ပြီး လေသံဖြင့် ပြောလိုက်၏။

" ဟုတ်လိမ့်မယ် အစ်ကို၊ အခု စစ်ဖြစ်နေတာပဲ၊ ဂျပန်တွေ ထိုင်း - မြန်မာနယ်စပ်က ၀င်လာရင်း နောင်စငဲ့ကို တွေ့သွားဟန်တူတယ် ...
" ဟို လူသုံးယောက်ဟာ နောင်စငဲ့သားတွေပဲ ဖြစ်မယ်၊ သူတို့ရုပ်ရည်နဲ့ ၀တ်ဆင်ပုံက မှတ်တမ်းထဲကအတိုင်းပဲ အစ်ကို၊ သူတို့ပြောနေတာလဲ နောင်စငဲ့ ဘာသာပဲ "
ကိုစောအောင်ကလည်း လေသံဖြင့် ရှင်းပြလိုက်၏။
" ဒုက္ခပါပဲ ညီလေးရာ၊ နောင်စငဲ့ ဒေသတစ်ခုလုံး သူတို့ချေမှုန်းပြီးများ ဖြစ်နေပြီလား "
ကိုမျိုးခိုင်က တွေ့ရသောရှုမြင်ကွင်းကို စိတ်မချမ်းမသာစွာဖြင့် ညည်းလိုက်သည်။

ဘာဖြစ်လာမှန်းမသိရသော ထိုလူစုသည် ကိုမျိုးခိုင်နှင့် ကိုစောအောင်တို့ ပုန်းအောင်းရာ ချုံရှေ့တည့်တည့် သို့ ဆိုက်ဆိုက် မြိုက်မြိုက် ရောက်လာကာ ရပ်ဆိုင်းလိုက်ပြီး နောင်စငဲ့သား သုံးယောက်အား ဘာတွေမှန်း မသိ ဒေါသကြီးစွာ ပြောကာ သေနတ်ဒင်ဖြင့် ရက်ရက်စက်စက် ရိုက်လိုက်သည်။
ကြိုးနှင့် တုပ်ထားပြီးသော နောင်စငဲ့သား သုံးယောက်မှာ ပုံလျက်လဲသွားသည်ကို ချုံအတွင်းမှ မြင်လိုက်ရ သော ကိုစောအောင်သည် အံကိုတင်းတင်း ခဲလိုက်ပြီးမှ ...
" ဖြစ်ချင်ရာဖြစ် အစ်ကို၊ ကျွန်တော် မကြည့်ရက်တော့ဘူး၊ အစ်ကို ကျွန်တော်နဲ့အတူ စွန့်စားနိုင်မလား "
ဟု တီးတိုးပြောပြီး ခြောက်လုံးပြူးဖြင့် ဂျပန်စစ်သားများအား ချုံအတွင်းမှ ချိန်လိုက်၏။

" ချညီလေး ... အစ်ကို သတ္တိရှိပါတယ် "
ကိုမျိုးခိုင်က သဘောတူလိုက်ပြီးသည်နှင့် တစ်ပြိုင်နက် သူတို့ဘက်မှ ကျည်ဆံဆယ့်နှစ်တောင့်သည် ပတ်ဝန်း ကျင်ကို ဂရုမထားဘဲ လဲနေသူ နောင်စငဲ့သား သုံးယောက်ကို မဲနေသည့် ဂျပန်စစ်သားရှစ်ယောက်အား အရုပ်ကြိုးပြတ်သံလို ပုံလျက်သား လဲကျသွားစေတော့သည်။
ကျည်ဆံမမှန်ဘဲ ကျန်နေသော ဂျပန်စစ်သားနှစ်ယောက်သည် ပြေးမည့်ဟန်ပြင်လိုက်သည်တွင် ခြေလေးငါး လှမ်းမျှအရောက်မှာ ကိုစောအောင်လက်မှ နှစ်လုံးပြူးသေနတ် ကျည်ဆံကြောင့် လဲကျသွားလေသည်။

" ငါတို့ကို ပြစ်မှားလို့ သေချင်းဆိုးနဲ့ သေကြပြီ "
လဲနေသော နောင်စငဲ့သားသုံးယောက်ထံမှ အသံသဲ့သဲ့ထွက်လာသည်။
" အစ်ကို ချုံထဲက အရမ်းမထွက်နဲ့ဦး၊ သူတို့ မသေသေးရင် သေနတ်နဲ့ လှမ်းပစ်နိုင်မှာ၊ အကဲခတ်ဦး အစ်ကို "
ကိုစောအောင်က သတိရှိစွာပြောပြီး နှစ်ယောက်သား အတန်ကြာ ငြိမ်ဝပ်စွာနေကြပြီးမှ ချုံထဲမှ အသံမကြား အောင်ငြင်သာစွာ ထွက်လာကြသည်။
အချို့ ဂျပန်များမျာ မသေမရှင် ဖြစ်နေကြသေးသည်ကို တွေ့ရသည်။ နှစ်ယောက်သား အရိပ်အခြေကိုကြည့်ကာ လျှင်မြန်ဖျတ်လတ်စွာ သေနတ်လက်နက်များကို သိမ်းယူလိုက်ကြ၏။ သွေးရဲရဲ ဖြင့် လဲနေကြသော နောင်စငဲ့သား သုံးယောက်သည် ကိုမျိုးခိုင်နှင့် ကိုစောအောင်အား သနားစဖွယ် မော် ကြည့်နေကြသည်။

" အစ်ကိုရေ ... ဟိုကောင်တွေအတွက် စိတ်ချရပြီပဲ၊ ဒီလူ သုံးယောက်ကို ကြိုးဖြေကြရအောင် "
ကိုစောအောင်က ပြောပြောဆိုဆို နောင်စငဲ့သားများအား တုပ်ထားသောကြိုးကို ဓားနှင့် လှီးဖြတ်လိုက် သည်။ ကိုမျိုးခိုင်ကလည်း ကူညီဖြတ်ပေးသည်။
အနှောင်အဖွဲ့မှ လွတ်ကြပြီဖြစ်သော နောင်စငဲ့သား သုံးယောက်အား ကိုမျိုးခိုင်နှင့် ကိုစောအောင်က ပေ နေသော သွေးများကို သုတ်ပေးကာ လွယ်အိတ်အတွင်းမှ ဆေးကို ထုတ်ပြီး အနာဒဏ်ရာများအား ကောင်း မွန်စွာ ထည့်ပေးသည်။

နောင်စငဲ့သားသုံးယောက်သည် သူတို့အား ကယ်တင်သူများအဖြစ် စဉ်းစားမိကြဟန်ဖြင့် တွန်းလှန် ရုံးကန် လှုပ်ရှားခြင်းမပြုဘဲ ငြိမ်သက်စွာ အပြုအစုခံယူနေကြသည်။
    " အဖြစ်အပျက်ကို မေးကြည့်ပါဦး ညီလေး "
ကိုမျိုးခိုင်က ဆေးထည့်ပေးခြင်းကို အစသပ်ပြီး ကိုစောအောင်ကို ပြောလိုက်၏။
" မေးပါ့မယ်အစ်ကို ... သူတို့နည်းနည်းမှ အမောပြေပါစေလို့ ကျွန်တော် စကားတစ်ခွန်းမှ မစသေးတာပါ ... "
ကိုမျိုးခိုင်နှင့် ကိုစောအောင်တို့ စကားပြောနေကြသည်ကို နောင်စငဲ့ သားသုံးယောက်သည် ကြောင်တက် တက် မျက်လုံးများဖြင့် အငေးသား ကြည့်နေရှာသည်။ သုံးယောက်လုံးမှာ အသက်ငါးဆယ် ပတ်ဝန်းကျင်မှာ သာ ရှိနေသည်။ အရွယ်ကြီးရင့်သူချည်း ဖြစ်နေသည်ကို ကိုမျိုးခိုင်နှင့် ကိုစောအောင်တို့ အကဲခတ်မိသည်။

" အစ်ကိုရေ ... ဒီအနားမှာ ဟို အလောင်းကောင်တွေနဲ့ မကောင်းပါဘူး၊ အဘိုးကြီး သုံးယောက်ကို နေရာရွေ့ ရအောင် "
" အေး ... ကောင်းတယ် ညီလေး "
နှစ်ယောက်သား စိတ်တူ သဘောတူဖြင့် အဘိုးကြီးသုံးယောက်အား နေရာမှမရွှေ့မီ ဂျပန်များ၏ သေနတ် များ ဓားများကို ချုံတစ်ခုအောက်တွင် အမှတ်တရ ထားလိုက်ပြီးမှ အဘိုးကြီး သုံးယောက်အား ကြင်နာစွာ တွဲယူ လိုက်ကြ၏။

" အစ်ကိုက ကျွန်တော့်လောက် အားမကောင်းဘူး၊ တစ်ယောက်ပဲတွဲ၊ ကျန်နှစ်ယောက်ကို ကျွန်တော် တာဝန် ယူမယ် "
ကိုစောအောင်က နှစ်ယောက်သော အဘိုးကြီးအား တစ်ဘက်တစ်ချက် နှိမ်နင်းစွာ တွဲယူလာသကဲ့သို့ ကိုမျိုးခိုင် သည် သူ့တာဝန်ယူရသော အဘိုးကြီးတစ်ယောက်အား နိုင်နင်းစွာ ခေါ်လာနိုင်ခဲ့သည်။
အတော် ခပ်ဝေးဝေး သစ်ပင်ကြီးတစ်ပင်အောက်သို့ ရောက်သောအခါ နေရာတကျ ထိုင်မိကြလျှင်ပင် ကိုစောအောင် က စကားစလိုက်၏။
" အဖေတို့ ဘယ်လို ဖြစ်နေကြတာလဲ "

နောင်စငဲ့ ဘာသာဖြင့် ပီသစွာ မေးလိုက်သော ကိုစောအောင်အား အဘိုးကြီးသုံးယောက်သည် ဆတ်ခနဲ ပြိုင်တူကြည့်လိုက်ကြသည်။
" တို့သုံးယောက်ကို နင် ဘယ်လိုသိသလဲ "
ဟု ပြိုင်တူ မေးလိုက်ကြ၏။ သုံးယောက်သား၏ မျက်နှာထားလေသံမှာ အသက်သခင်ကျေးဇူးရှင်အဖြစ် ကြည်ညိုခြင်း၊ ဘာသာတူစကားကို ပြောသည့်အတွက် ၀မ်းမြောက်ခြင်း အမူအယာသည် ထင်ထင်ရှားရှား ပေါ်နေသည်။

ကိုစောအောင်က ကြည်လင်သောအပြုံးဖြင့် ပြုံးလိုက်ပြီး အဘိုးကြီး သုံးယောက်၏ အမေးကို အောက်ပါ အတိုင်းဖြေကြားလိုက်၏။
" ဟို လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ရာလောက်က အဖေတို့ နောင်စငဲ့ဒေသကို အုပ်ချုပ်ခဲ့တဲ့ စတုတ္ထမြောက် နန့် နောင်းခါရီ ဘုရင်မလက်ထက်မှာ တစ်တိုင်းတစ်ပြည်က ရောက်လာပြီး ဘုရင်မအသက်ကို ကယ်ခဲ့တဲ့ ကျေးဇူးရှင်တစ်ယောက်ရှိခဲ့ဖူးတယ်။ အဲဒီလူက ငါတို့ အဘေးတော်တယ် အဖေရဲ့ "
အဘိုးကြီးသုံးယောက် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေကြသည်။ ကိုစောအောင်က အဘိုးကြီး သုံးယောက်အား အကဲခပ်ရာမှ ...
" ရာဇ၀င်ကြောင်းချီ ပြောရတယ်အစ်ကိုရဲ့ "

ဟု ကိုမျိုးခိုင်အား လှည့်ပြီး ဘာသာပြန်လိုက်၏။ ကိုမျိုးခိုင်ကမူ ကိုစောအောင်သိရသမျှ၊ သူသိရမည်ဖြစ်၍ သူတို့ ဘာသာစကားကို နားမလည်သည့်အလျောက် ၀င်ရောက်စွက်ဖက်ခြင်းမပြုဘဲ ဆိတ်ငြိမ်စွာ နေလိုက် သည်။
တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေကြသော အဘိုးကြီးသုံးယောက်က အတန်ကြာမှ ကိုစော အောင်ဘက်သို့ လှည့်လိုက်၏။ တစ်ယောက်သော အဘိုးကြီးက စကားဆိုလိုက်သည်။
" အေး ... နင်ပြောတဲ့ နောင်စငဲ့ ဒေသဆိုတာရယ်၊ စတုတ္ထမြောက် နန့်နောင်းခါရီ ဘုရင်မဆိုတာရယ်က ဟုတ်ပြီ၊ ဒါပေမယ့် ဘုရင်မအသက်ကို ကယ်တဲ့ ကျေးဇူးရှင်ဆိုတာတော့ ငါတို့ မသိသေးဘူး "
" အဲဒီအချိန်က ငါတို့မှ လူမဖြစ်သေးဘဲ "
တစ်ယောက်သော အဘိုးကြီးက ပြောလိုက်၏။

" နှစ်ပေါင်း နှစ်ရာလောက်ကဆိုရင် တို့ ဘယ်သိမှာလဲ၊ နင်ကရော ဘယ်လိုသိထားလဲ "
တစ်ယောက်သော အဘိုးကြီးက မေးလိုက်၏။
" ပြောမှာပေါ့ အဖေ၊ ငါ သေသေချာချာ ပြောပြမယ်၊ ငါပြောပြီး နင်တို့ ဒီရန်သူတွေနဲ့ ဘယ်လို ဖြစ်လာကြ တယ်ဆိုတာ ပြောရမယ်နော် "
ကိုစောအောင်၏ တောင်းဆိုချက်ကို အဘိုးကြီးသုံးယောက်က ပြိုင်တူ ခေါင်းညိတ်လိုက်ကြသည်။

" အဲဒီဘုရင်မရဲ့ ကျေးဇူးရှင်တို့အဘေးက ဒီအကြောင်းတွေကို သားစဉ်မြေးဆက် သိရအောင် သူ့တိုင်းပြည် ပြန်ရောက်တဲ့အခါ သေသေချာချာ စာရေးထားခဲ့တယ်၊ နောင်စငဲ့ ဘာသာစကားရော စာရော သင်ပေးခဲ့တယ်၊ အခု တို့လာတာက အဘေး ရေးခဲ့တဲ့ စာတွေဖတ်ပြီး နောင်စငဲ့ဒေသက လူတွေအားလုံး သူတော်ကောင်းတွေဆိုတာ သိရလို့ ချစ်လို့၊ ကြည်ညိုလို့ တို့အမျိုးအဆွေတွေလိုပဲ တွေ့ချင်တာနဲ့ လာခဲ့ တာ၊ နင်တို့ကို မြင်မြင်ခြင်း ဒီအ၀တ် ၀တ်ပြီး ဒီစကားပြောတော့ နောင်စငဲ့က တို့ အမျိုးတွေပဲဆိုပြီး ရန်သူ လက်က ကယ်လိုက်တာ အဖေရဲ့၊ နင်တို့ တိုင်းပြည်ကို ၀င်ခွင့်ပြုပြီး ဘုရင်မကို တွေ့မြင်ရအောင် ဆောင် ရွက်ပေးပါ "
အဘိုးကြီးသုံးယောက်က ကိုစောအောင်ကို စေ့စေ့ကြည့်ကာ ဦးခေါင်းညိတ်လိုက်ကြ၏။

" အေး ... နင့်အဘေးက တို့ရဲ့ စတုတ္ထမြောက် ဘုရင်မကို ကယ်ခဲ့တယ်၊ အခု နင်တို့က တို့အသက်ကို ကယ်ခဲ့တယ်၊ ဒီလို သူတော်ကောင်းတွေကို ၀င်ခွင့်ပြုရအောင် အကြီးအကဲကို ငါတို့ပြောပေးမယ်၊ အကြီး အကဲက ခွင့်တောင်းရင် ဘုရင်မကလဲ ခွင့်ပြုတယ်တဲ့၊ ဒါပေမယ့် နင် အခုတင်ကပြောတဲ့ စတုတ္ထမြောက် နန့် နောင်းခါရီတော့ မဟုတ်ဘူး၊ အခု အုပ်ချုပ်နေတာက သတ္တမမြောက် နန့်နောင်းခါရီပဲ၊ သက်တော် သုံးဆယ့် နှစ်နှစ်ပဲ ရှိသေးတယ် "
အဘိုးကြီး၏ စကားကို ကိုစောအောင်က ကိုမျိုးခိုင်အား ဘာသာပြန်ပြလိုက်၏။

" ဒါဖြင့် အစ်ကိုတို့ ဖတ်ရတဲ့ မှတ်တမ်းအရဆိုရင် အခုနှင့် မနန်းတက်တာ နှစ်နှစ်ပဲ ရှိသေးတာပေါ့နော် ညီလေး "
ကိုမျိုးခိုင် က ပြောလိုက်၏။
" ဟုတ်တယ် အစ်ကို "
ကိုစောအောင်က ကိုမျိုးခိုင်၏ စကားကို ထောက်ခံလိုက် အဘိုးကြီးများဘက် လှည့်လိုက်သည်။
" ကဲ ... အဖေတို့အကြောင်း ပြောဦး "
" အေး ... အေး ... ပြောပြမယ် "
တစ်ယောက်သော အဘိုးကြီးက နိဒါန်းချီလိုက်ပြီး အောက်အတိုင်း ပြောပြလိုက်၏။

" ဟို လွန်ခဲ့တဲ့ နှစ်ပေါင်း ခြောက်ဆယ်ကျော်လောက်က နောင်စငဲ့က လူတစ်ယောက် သစ္စာဖောက် တယ်ကွယ့်၊ သူက ဘယ်လို သစ္စာဖောက်လဲဆိုတော့ တစ်နေ့ သူဟာ နောင်စငဲ့ သပြင်ဘက်ကို ကိစ္စတစ်ခု နဲ့အထွက်မှာ တခြားတိုင်းပြည်က တစ်စုနဲ့ သွားတွေ့တယ်၊ အဲဒီလူတစ်စုက အသားနီစပ်စပ် အရပ်မြင့်မြင့် ဆံပင်နီနီ၊ မျက်လုံးအပြာကြီးတွေ နှာခေါင်းချွန်ကြီးတွေနဲ့၊ လူတွေနဲ့လဲ မတူဘူး၊ အဲဒီလူတစ်စုက သူ့ကို ထားပြီး သူတို့ အ၀တ်မျိုး ၀တ်တတ်အောင် သူတို့အစား စားတတ်အောင် သူတို့ စကားမျိုး ပြောတတ် အောင် လုပ်တာကိုး၊ တို့ နောင်စငဲ့သား တစ်ယောက် ပျောက်သွားတယ်၊ မတွေ့ဘူးဆိုတာလောက်ပဲ သိ တယ်၊

ဒီလူတွေလက်ထဲရောက်တာ တို့မှမသိဘဲ၊ ကြာတော့ တို့နောင်စငဲ့သားလဲ သစ္စာသိတတ်ပြီး ဟိုလူ တွေလို ၀တ်စား စကားပြောတတ်လာတော့ မြဗုဒ¨ရှိတာတွေ၊ မြရတနာ ရှိတာတွေ၊ ဗုဒ္ဓဆေးပင်တွေ အကြောင်း သူပြောပြဟန် တူပါတယ်၊ သူကပဲ လမ်းပြ မြတောင်ထွတ်ပေါ်ကို တိတ်တိတ် လမ်းပြ ခေါ်တင် လာတယ် ....
" ဒါပေမယ့် ကျောက်ဥဒေါင်းကြီးရဲ့ အချိန်မီ သတိရချက်ကြောင့် တို့ နောင်စငဲ့သားတွေက ဒူးလေးနဲ့ ထွက်လာတယ်၊ သူတို့ကလဲ ခုနက နင်တို့ပစ်တဲ့ဟာမျိုးလို အသံမြည် လက်နက်နဲ့ ပြန်ပစ်တော့ တို့နောင် စငဲ့သားတွေ သေတဲ့လူသေ လွတ်တဲ့လူ လွတ်သွားကြတယ် ...

" အဲ ဟိုသစ္စာဖောက် နောင်စငဲ့သားလဲ ဒဏ်ရာရသွားတော့ သူ့သားမယား ဆွေမျိုးများက တိတ်တဆိတ် ၀ှက်ထားပြီး ဆေးပင်နဲ့ ကုပေးလိုက်တာကို ဘုရင်မ သိတော်မူလို့ တော်တော် စိတ်မချမ်းသာဖြစ်တယ် ...
" အဲဒီ ကိစ္စကြောင့် သစ္စာဖောက် နောင်စငဲ့သားနဲ့ သူ့သားမယား ဆွေမျိုးများအားလုံးကို အရှင်ပိတ်လှောင် ထားဖို့ အမိန့်ပေးတော်မူတယ်၊ သတ်ဖို့တော့ မဟုတ်ပါဘူး၊ တစ်သက်လုံး ဂူထဲပိတ်လှောင်ထားဖို့ပါပဲ ...
" ဒါကို ခင်မင်ရာ နီးစပ်ရာလူအချင်းချင်း စိတ်ဝမ်းကွဲကြပြီး နောင်စငဲ့သားတွေ မညီမညွတ် ဖြစ်ကုန်တာပေါ့၊ ဘယ်သူ့ လက်ချက်မှန်း မသိလိုက်ဘူး၊ ရန်သူလာရင် အချိန်မီ သတိပေးလေ့ရှိတဲ့ ကျောက်ဥဒေါင်းရုပ်ကြီး ဟာ အပိုင်းပိုင်း အစစဖြစ်အောင် ကျိုးပဲ့ပျက်စီးသွားတယ် "

" သြော် ... ဖြစ်မှ ဖြစ်ရလေ၊ ယုတ်ကန်းလိုက်တဲ့ လူတွေ"
အဘိုးကြီး စကားမဆုံးမီ ကိုစောအောင်က နှမြော ၀မ်းနည်းစွာ ပြောလိုက်၏။ အဘိုးကြီး ပြောပြနေသော စကားများကို နားထောင်နေရသော ကိုစောအောင်၏ မျက်စိထဲတွင် ကြေကွဲဖွယ် ကောင်းလှသော နောင် စငဲ့ဒေသ၏ ဆုတ်ယုတ်ပျက်စီးလာပုံကို ရုပ်ရှင်ကြည့်ရသလို ကွင်းကွင်း ကွက်ကွက်မြင်လာသည်။
ကျောက်ဥဒေါင်းရုပ် ပျက်စီးသွားသောအခါ ဘုရင်မသည် များစွာ စိတ်ထိခိုက်တော်မူရှာသည်။ ငိညာဉ်ကင်း ကွာလေပြီးသော ဘုရင်မများ၏ ရုပ်ကလာပ်များကိုလည်းကောင်း၊ တောင်ထွတ်ရှိ မြဗုဒ္ဓကိုလည်းကောင်း၊ ရိုသေစွာ ရှိခိုးတိုင်တည်ပြီး အောက်ပါအတိုင်း သစ္စာဆိုတော်မူလေသည်။

" မသမာသောစိတ်ရှိသည့် တစ်တိုင်းတစ်ပြည်မှ လူများသည် ကျွန်ုပ်တို့ အထွတ်အမြတ်ထားရာ မြဗုဒ္ဓ၊ မြရတနာများနှင့် ဗုဒ္ဓဆေးပင်များကို ဖျက်ဆီးရန် ကြံစည်ခဲ့ကြသည်။ အသက်မသေ လွတ်မြောက်သွားသော ရန်သူများသည် နောက်တစ်ကြိမ် ကြိုးစားကာ ကျွန်ုပ်တို့ တိုင်းပြည်ကို ဖျက်ဆီးရန် လာကြဦးမည်မှာ မလွဲချေ ...
ထိုတိုင်းတစ်ပါးသား လူယုတ်မာများ၏ ပယောဂကြောင့် သစ္စာရှိရှိဖြင့် ညီညွတ်ခဲ့သော ကျွန်န်ုပ်တို့၏ တိုင်း သူပြည်သားများမှာလဲ စိတ်ဝမ်းကွဲပြားကြရလေပြီ၊ ထို့ကြောင့် မသိသော လူယုတ်မာများ၏ ဘေးရန်မှ ကင်းဝေးစေရန် မြရတနာနှင့် ဗုဒ္ဓဆေးပင်များသည် ကွယ်ပျောက်ပါသား၊ သဒ္ဓါ ကတိတည်သော သူတော် ကောင်းစိတ်ရှိသူလျှင် ဖူးမြော် တွေ့မြင်နိုင်ပါစေသား၊ တိုင်းပြည်ကို မညီညွတ်ခြင်းမှ ကွဲပြားအောင် ကြံ ဆောင်သူများသည် မိမိတို့ အကုသိုလ်တရားက ပြန်လည် စီရင်ပါစေသား "

ဘုရင်မသည် ဤသို့ စိတ်မချမ်းမြေ့စွာဖြင့် သစ္စာဆိုတော်မူပြီး သုံးရက်အကြာဝယ် နောင်စငဲ့ဒေသမှ တစ် ၀က်မျှသောသူတို့သည် အမည်မဖော်နိုင်သော ဝေဒနာဖြင့် ကြမ္မာကုန်လေသည်။ ဂူထဲတွင် လှောင်ထားသော သူတို့သည်လည်း သေကုန်ကြလေသည်။
ဘုရင်မသည် ကြီးစွာသော စိတ်မချမ်းမြေ့မှုဖြင့် နောင်မြို့ဟောင်းကိုစွန့်ခွာကာ ကျန်သမျှသောလူစုဖြင့် မြတောင်ထွတ်နှင့် ဝေးရာ တောင်စောင်းတစ်နေရာဝယ် မြို့သစ်တည်စေပြီး စံနေခဲ့လေသည်။ ဘုရင်မ ကံ တော်ကုန်သောအခါ ကျန်သည့် ရုပ်ကလာပ်ကို ယခင် ဘုရင်မများ၏ ရုပ်ကာလ သိမ်းဆည်းထားရာ ကျောက်ဂူတွင် အစဉ်အလာမပျက် ထည့်သွင်းကာ သိမ်းဆည်းလိုက်သော်ငြားလည်း ၀မ်းနည်းကြေကွဲဖါယ် ကောင်းလှသည်ကား ဘုရင်မများ၏ ရုပ်ကလာပ်ကို မပျက်စီးရအောင် ဆေးစီရင်နိုင်သော အတတ်ကို တတ်မြောက်သူတို့မှ တိုင်းပြည်သစ္စာဖောက် လူစုထဲတွင် ပါဝင်ကြသဖြင့် ဘုရင်မ၏ သစ္စာစူး၍ သေကြေ ပျက်စီးကုန်ကြပြီဖြစ်ရာ ဆဋ္ဌမမြောက် နန့်နောင်းခါရီ ဘုရင်မ၏ ရုပ်ကလာပ်မှာ ဆေးမစီရင်နိုင်ခဲ့ချေ။

ဝိညာဉ်ကင်းကွာပြီး၍ လေးငါးရက်မျှရှိလျှင်ပင် ရွှေစင်ရုပ်လိုလှပသော ဘုရင်မ၏ ရုပ်ကလာပ်မှာ ပျက်စီးခဲ့ ရရှာလေပြီ။
ကျန်ရစ်သော နောင်စငဲ့သား အားလုံးနှင့်တကွ နန်းမွေ ဆက်ခံသော သတ္တမမြောက် နန့်နောင်းခါရီ ဘုရင်မ၏ သဘောတူ ဆုံးဖြတ်ချက်အရ နောင်စငဲ့သူ မိန်းမများ ၀တ်ဆင်သည့် မြကျောက်ရတနာအားလုံးကို လည်းကောင်း၊ ဘုရင်မ စံနန်းမှာရှိသည့် တန်ဖိုး မဖြတ်နိုင်အောင် ထိုက်တန် သော မြများ၊ ကြောင်မျက်ရှင်များ အားလုံးကို ကြမ္မာကုန်လေပြီးသော ဘုရင်မ၏ ရုပ်ကလာပ်များသိုမှီးရာ ကျောက်လိုဏ်ဂူတွင် ထည့်သွင်းလိုက်သည်။

ကျောက်လိုဏ်ဂူအား ယခင်ကဲ့သို့ သစ်သားတံခါးဖြင့် ကာကွယ်ပိတ်ဆို့ခြင်း မပြုတော့ဘဲ ကျောက်သားဖြင့် ပြန်လည်ပိတ်ဆို့ကာ မူလရှိရင်းစွဲကျောက်ကမ်းပါးယံနှင့် တပြေးတည်း တသားတည်းဖြစ်စေ၍ ဂူနေရာရှာဖွေ မတွေ့နိုင်စေရန် သေသပ်ပိယိစွာ တစ်ခါတည်း ပိတ်ဆို့ ထားလိုက်ကြလေသည်။
မြဗုဒ္ဓစံရာနှင့် ဗုဒ္ဓဆေးပင်များရှိရာ တောင်ထွတ်သို့ တက်သည့် လမ်းသည်လည်းကောင်း၊ ဘုရင်မ၏ ရုပ် ကလာပ်များနှင့် ကျိုးပဲ့ပျက်စီးသွားရှာသော ကျောက်ဥဒေါင်းရုပ်ကြီးကို သိုလှောင်ထားရာ လိုဏ်ဂူသို့သွား သည့် လမ်းသည်လည်းကောင်း၊ လုံးဝ အစပျောက်ခဲ့လေပြီ။
တောကြီး မျက်မည်းအတိသာ ဖုံးလွှမ်းလျက်ရှိတော့၏။ မူလပထမ နောင်စငဲ့ တိုင်းပြည်တည်ရာဒေသသည် ကား ဘုရင်မ သစ္စာဆိုတော်မူကာ စွန့်ခွာခဲ့သော အချိန်မှစ၍ တောအတိ ဖုံးလွှမ်းကာ ပျောက်ကွယ်သွားခဲ့ ပြီဖြစ်၏။

ယနေ့ နံနက်ပိုင်း အချိန်တွင်ကား ဂျပန်စစ်သားများသည် ထိုင်းနယ်စပ်မှဖြတ်ကာ မြန်မာပြည်အတွင်း ၀င် ရောက်လာစဉ် လူအုပ်ကွဲကာ နယ်ကျသွားဟန်တူ၏။
အင်အား ငါးဆယ်မျှရှိသော ဂျပန်တစ်စုသည် အသစ်တည်ထောင်ထားသော နောင်စငဲ့၏ သစ်လုံးများ ကာရံထားသည့် စည်းရိုးတံခါးမှ အတင်း ၀င်ရောက်လာသည်။
လူစိမ်း သူစိမ်း အ၀င်မခံသော နောင်စငဲ့ ထုံးစံအရ ဒူးလေးဖြင့် ပစ်သောအခါ ဂျပန်များကလည်း သေနတ် ဖြင့် ပစ်သည်။ နှစ်ဖက်စလုံး အတုံးအရုံးသေကြေပျက်စီးရာမှ ကျန်ရစ်သည့် ဆယ်ယောက်မျှသော ဂျပန်များ သည် လူအင်အားချင်း မမျှတော့သည့်အလျောက် လက်လှမ်းနီးရာ ဤအဘိုးကြီး သုံးယောက်ကို ဆွဲခေါ် လာကြသည်။

ဒူးလေးကိုင်ကာ လိုက်လာသော နောင်စငဲ့ သားများအား လက်သီးဆုပ်မျှကြီးသော အလုံးများဖြင့် ပြန်လည် ပစ်ပေါက်သည်။ ထိုအရာဝတ္ထုမှ မိုးချုန်းသကဲ့သို့ ကြောက်မက်ဖွယ် အသံများမြည်ဟီးပြီး ဒူးလေးကိုင် နောင်စငဲ့သားတို့ အများအပြား သေကြေကြသဖြင့် ဆက်မလိုက်ဝံ့ကြတော့ချေ။
ဖမ်းမိသော အဘိုးကြီးသုံးယောက်အား မချိမဆန့် ရိုက်နှက်ခေါ် ဆောင်လာရာမျ ကိုစောအောင်တို့နှင့်တွေ့ ကာ အသက်ချမ်းသာရာ ရကြရှာလေသည်။
အဘိုးကြီးများ၏ နောက်ကြောင်းပြန် ဇာတ်လမ်းဆုံးသောအခါ ကိုစောအောင်သည် ၀မ်းနည်းခြင်း၊ စိတ်မ ကောင်းခြင်းဖြင့် ကိုမျိုးခိုင်အား ဘာသာပြန်လိုက်၏။
" မိုးချုပ်းသလို အသံမြည်တဲ့ အရာဆိုတာ လက်ပစ်ဗုံး ဖြစ်လိမ့်မယ် ညီလေးရဲ့ "
ကိုမျုးခိုင်က ထင်မြင်ချက်ပေးလိုက်၏။

" ဟတ်ုမှာပေါ့ အစ်ကို "
ကိုစောအောင်က ထိုမျှသာပြောပြီး တစ်စုံတစ်ရာတွေးသလို ငေးနေသည်။
" မြဘုရားရော၊ ဗုဒ္ဓဆေးပင်ရော၊ မြတောင်ထွတ်ကိုတက်ရာလမ်းရော လုံးဝ ပျောက်ကွယ်နေပြီဆိုတော့ ညီလေး ဘယ်လို စီစဉ်မလဲ၊ အဆုံးအထိ လိုက်ဦးမလား၊ ဒီကပဲ လှည့်ပြန်မလား "
ကိုမျိုးခိုင်က မေးလိုက်သည်။
" ကျွန်တော်လဲ ဒါကိုပဲ စဉ်းစားနေတယ်အစ်ကို၊ အစ်ကိုကို စိတ်လျော့လိုက်ပြီလား "
" အစကတည်းက အစ်ကို ပြောခဲ့ပြီကော ညီလေးရာ၊ ဒါတွေကို မက်မောလို့ အစ်ကိုလိုက်လာတာ မဟုတ်ပါဘူးလို့ ညီလေးတစ်ယောက်တည်း သွားရင်းလာရင်း တစ်ခုခုဖြစ်မှာ စိတ်မချတဲ့အတွက် ညီလေးကို ချစ်လို့ လိုက်လာတာ၊ ညီလေး သဘောအတိုင်း ဆုံးဖြတ်ပါ "

" ကျွန်တော့် သဘောအတိုင်းဆိုရင် ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ၊ လမ်းဆုံးရောက်အောင် လိုက်ချင်တယ် အစ်ကို
" ညီလေး သဘောပါလို့ဆိုနေ၊ ညီလေးနဲ့ မခွဲပါဘူးကွယ်"
" သူတို့ နားမလည်သော ဘာသာစကားဖြင့် ပြောဆိုနေသည့် ကိုစောအောင်နှင့် ကိုမျိုးခိုင်အား အဘိုးကြီး သုံးယောက်က အံ့သြခြင်းဖြင့် ငေးမောကြည့်ရှုနေရာမှ ...
" ကဲ ... တို့လဲ ကောင်းကောင်း လမ်းရှောင်နိုင်ပြီ ပြန်မယ် နင်တို့ လိုက်မယ် မဟုတ်လား "
ဟု တစ်ယောက်သောအဘိုးကြီးက မေးလိုက်၏။

" မှောင်နေပြီ အဖေရဲ့၊ မနက်မှ သွားပါလား "
ကိုစောအောင်ကပြောလိုက်၏။
" ဟဲ့ ... ဘယ်လောက်မှောင်နေပေမယ့် တို့က လမ်းသိပြီးသား "
အဘိုးကြီးများကပြောကာ ထိုင်ရာမှ ထလိုက်ကြ၏။
" အစ်ကို ရောက်အောင် သွားရမယ့်အတူတူ သူတို့နဲ့ လိုက်သွားတာက ပိုပြီး အဆင်ပြေပါတယ် "
ကိုစောအောင် စကားကို ...
" ဟုတ်တယ် ညီလေး "
ဟု ကိုမျိုးခိုင်က ထောက်ခံလိုက်၏။
----------------------
ဆက်ရန်
.

1 comment:

mstint said...

သစ္စာတရားဟာ မှန်ကန်ရင် တကယ်စူးတယ်နော်။
ဆက်ရန်ကို မျှော်နေတယ် ညီမရေ။
ပျော်ရွှင်ပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်