Friday, July 1, 2011

တင်မောင်မြင့် ဘာသာပြန် သတင်းမုဆိုး အပိုင်း (၅၃)

အခန်း (၇၄)
အယ်လီ

ဂျိန်း၏ စကားလုံးများနှင့် ကလေးတွေ၏ ဆန္ဒသည် အယ်လီ့အပေါ်ကို လွှမ်းမိုးလျက်ရှိသည်။ နှစ်ရှည်လများ ကြိတ်မှိတ် ထားခဲ့ရသည့် မျိုသိပ်ဒေါသတို့ ဟုဝေးပေါက်ကွဲစပြုလေပြီ။
နှစ်ပေါင်းများစွာ ကိုယ်စွမ်းကိုယ်စ ကိုယ်အားကိုယ့်မာန်တွေကို မျိုချထားခဲ့ရသည့် အယ်လီ။ မယားငယ်က လင် ယောက်ျား ကို ခေါ်ထုတ်သွားပြီး " ပျော်စရာနေ့ဖြစ်ပါစေ " လို့ ပြုံးပြုံးကလေး ဆုတောင်းခံရသည့် အယ်လီ။

ခံနိုင်ရည် မှန်သမျှ ဘာမှမကျန်တော့အောင် ပေါက်ကွဲလေပြီ။
" အယ်လီက သူတော်စဉ် တစ်ယောက်လို နေခဲ့တာကိုး၊ အယ်လီဟာ တကယ်တော့ သိပ်တုံးတာပဲ၊ သူ့ကို စိတ် ကုန်သလို ကိုယ့်ကိုယ်ကိုယ်လည်း စိတ်ပျက်တယ်" ဟု အစ်မလုပ်သူ မာဂရက်ကို ပြောပြသည်။

အိုဝင်သည် " ကလေးဘ၀ " တွင် လုံးဝ ကျဆုံးသွားလေသည်။ ဤသို့ဖြင့် ကြုံရာ ကျဘမ်းဆူလွယ်နပ်လွယ် တီဗွီ ဇာတ်လမ်းတွေ၊ လျှို့ဝှက်သည်းဖိုတွေ ရေးပြီး ပိုက်ဆံ ရှာသည်။ သည်အလုပ်တွေက သူနှင့် မတန်ဘဲ အခြေအနေ အရ လုပ်နေရခြင်းဖြစ်ကြောင်း မကျေမနပ်ပြောသည်။ အသောက်များသွားသည့် ညများတွင် တော့ ထိပ်ဆုံး ရောက်နေသည့် စာရေးဆရာ အားလုံးကို ချဲတတ်၏။
" ရောဘတ်လုဒ်လမ်၊ ဟာရိုးရော်ဘင်၊ အာသာဟေလီ၊ အလကားကောင်တွေ၊ အချိန်မရွေး ကိုယ်ပြိုင်ရေး နိုင်တယ် "
" ဒါဆိုလည်း လုပ်လေ၊ ပြိုင်ရေးပေါ့ "
သို့သော် အိုဝင်သည် လေထဲတွင်သာ ပြိုင်ပွဲ ၀င်နေခြင်းဖြစ်သည်။ လက်ကမပါနိုင်တော့။

သတင်းမဂ္ဂဇင်း၏ တရံရောအခါက လျှမ်းလျှမ်းတောက် သတင်းမုဆိုးသည် အသက်ထောက်လာသည့်အခါ သူ၏ အနုတ်လက္ခဏာများကို မြာလေးများနှင့် ဖြည့်ဆည်းလျက်ရှိသည်။
အိုဝင် ၏ ဘ၀ကျဆုံးလေလေ သူ့ပုံရိပ်သည် ဂျိန်း၏ " ရှင်နဲ့ကျွန်မ" မှ အီဗန်နှင့် တူလေလေ ဖြစ်လာ၏။

အိုဝင် အိမ်မှ ဆင်းသွားပြီး နှစ်ပတ်အကြာတွင် အယ်လီသည် ဘရိန်နျင့် အင်ဂျလာကို ပို၍ ထိန်းရသိမ်းရ ခက် လာ၏။
ဘရိန်သည် ကျောင်းတွင် ရန်ဖြစ်သည်။ အတန်းထဲတွင် သောင်းကျန်းသည်။ ဘောဖျက်နျင့် ဟိုပစ် သည် ပစ် ပစ်သည်။ မင်းဘူးကို အတန်းသား တစ်ယောက်၏ အင်္ကျီပေါ် လောင်းချသည်။ ထိုကလေး၏ ကုတ်အင်္ကျီ အသစ် ကျပ်ချွတ် ၀တ်လာသည့်နေ့။

အတန်းပိုင်ဆရာ၏ ရှေ့တွင် ပြစ်မှု ကျူးလွန်ခြင်းဖြစ်သော်လည်း၊ ဘရိန်က သူ မလုပ်ပါဟု ငြင်းကွယ်သည်။
နောက်ဆုံး တွင် အတန်းပိုင်ဆရာက ကလေးကို စိတ်ပညာဆရာဝန်နှင့် ကုသဖို့ လိုပြီဖြစ်ကြောင်း အယ်လီ့ ကို အကြောင်း ကြားရင်း ဘရိန်ကို သည်အတိုင်း လွှတ်ထားလျှင် ကျောင်းထုတ်ရမည့် အခြေအနေနှင့် မလွှဲ မသွေ ကြုံရတော့မည်ဟု ဆရာက နိမိတ် ဖတ်သည်။

အင်ယလေးက ညည လန့်အော်သည်။ လန့်နိုးပြီးလျှင် ပြန်မအိပ်တော့။ ပြီးလျှင် ငိုလို့ မဆုံးတော့။ အမေ ရုံး သွားချိန်ထိ တစ်ဆက်တည်း ငိုချင် ငိုနေ၏။
မောင်နှမ နှစ်ယောက်စလုံးက အဖေ အဖေ နှင့် တစ်ဖေတည်း ဖေနေကြ၏။ အဖေ ဘယ်သွားနေတာလဲ၊ ဘာလုပ် နေတာလဲဟု တစ်မေးတည်းမေးနေ၏။ သူတို့တွင် ကစားစရာ အဖော်မရှိတော့ဘူး မဟုတ်လား၊ ပုံပြင်တွေ ဖတ်ပြမည့်သူ မရှိတော့ဘူး မဟုတ်လား၊ သည်အတွက် သူတို့ မကျေနပ်။ အဖေ ပျောက်နေသည့် အတွက် သူတို့ အဖြေကို သိချင်လာကြ၏။
" အဖေ က သမီးတို့ ဘယ်မှာနေတယ်ဆိုတာ မေ့သွားပြီ ထင်တယ်နော် "ဟု အငယ်လေးက အမေ့ကို ပြော သည်။
" သမီးတို့ကို တွေ့ရင် သူပြန်လာမှာပါ " ဟုလည်း သူ့ထင်မြင်ချက်ကို ဖော်ထုတ်၏။

" အဖေ ပြန်လာမယ်ဆိုရင် ကျွန်တော် ဘာလုပ်ရ လုပ်ရ လုပ်မယ်၊ ဟိမ၀န္တာ တောင်ကိုတောင် တက်မယ် " ဟု ဘရိန်က ကြွေးကြော်သည်။
" သား တကယ်ပြောတာလား "
အယ်လီက မေးသည်။
" တကယ် ပြောတာ မေမေ "
ဘရိန်က မဆိုင်းမတွ ပြန်ပြော၏။
" သမီးလည်း အတူတူပဲ "
" ကဲ မေမေ ပြောမယ်၊ သားနဲပသမီး ဟိမန္တာတောင်လည်း တက်စရာမလိုဘူး၊ ၂၁ လမ်း သွားရုံပဲ ဆိုရင်ကော"
ဂျနီဖာက ကလေး မချစ်တတ်ဘူး၊ ခေါ်ထားလို့ မဖြစ်သေးပါဘူး ဟု အိုဝင့် ပြောစကားကို သတိရပြီး အယ်လီ လျှပ်တပြတ် စီမံချက် ချလိုက်သည်။

" ခုချက်ချင်း သား ပြေးသွားမှာပေါ့ " ဟု ဘရိန်က ပြောသည်။
အင်ဂျလာကလည်း " သမီးလည်း လိုက်မယ် " ဟု ဆန္ဒပြုသည်။
" အန္တရာယ်ရှိနိုင်တယ်နော်၊ သားသွားရဲပါ့မလား "
" ကျွန်တော် ဘယ်သူ့မှ မကြောက်ဘူး "
အင်ဂျလာက မေးခွန်းထုတ်သည်။
" ဘာအန္တရာယ်မျိုးလည်း မေမေ "
" သိပ်မကြီးကျယ်ပါဘူး သမီးရဲ့၊ ခဏတဖြုတ် ကိစ္စပါ "

" အဲဒါပြီးရင် ဖေဖေ ပြန်လိုက်လာမှာလား "
" မေမေ အတပ်တော့ မပြောနိုင်ဘူး၊ ဒါပေမယ့် ပြန်လာဖို့များပါတယ် "
ဘရိန်က အ၀တ်ဘီဒိုဆီသို့ ပြေးသွားပြီး ဂျာကင်အင်္ကျီယူရင်း
" ကဲ ဒါဆို သွားကြမယ်လေ "
" သမီး ရိန်းဘိုး ယူသွားလို့ ရမလားဟင် "
ရိန်းဘိုးက အင်ဂျလာ အသည်းစွဲအရုပ်။

" သားလည်း စက်သေနတ်ယူသွားမယ်၊ ဖေဖေ့ကို ပြန်ရဖို့ သေနတ်လိုချင်လိုမှာ "
" သား ပြောတာ ဟုတ်တယ်၊ ယူခဲ့ "
ဘရိန်၏ ကစားစရာများတွင် အဆူညံဆုံး ပစ္စည်း။

အယ်လီက ကလေးနှစ်ယောက်ကို တက္ကစီကားထဲ ထိုးထည့်သည်။
" န၀မရိပ်သာ၊ ၂၁ လမ်းကို မောင်း "ပြီးတော့ ဂျနီဖာနှင့် အိုဝင်နေသည့် လိပ်စာကို ယာဉ်မောင်းကို ပြော ပြလိုက်သည်။
" ကျွန်တော်ုတို့ အဖေကို သွားခေါ်မလို့ဗျ "
ဘရိန်က ကားဆရာကို ခပ်ကြွားကြွား လေသံဖြင့် ပြောလိုက်၏။
" သမီးတို့ ဘယ်မှာနေလဲဆိုတာ သူ မေ့နေတယ်။ ဒါပေမယ့် သမီးကို သူမြင်မြင်ချင်း သတိရမှာပါ "ဟု အင်ဂျလာက ယုံယုံကြည်ကြည် ပြော၏။
ကားခရှင်းပေးပြီး ကားပေါ်မှ ဆင်းဆင်းချင်း သားနှင့်သမီးကို အယ်လီ ညွှန်ကြားသည်။

" သေသေချာချာ နားထောင်၊ သားတို့ တစ်ခုခု ဖြစ်ရင် ကြောက်စရာနဲ့ တွေ့ရင် မေမေ့ကို ချက်ချင်း ဖုန်းဆက် သိလား၊ မေမေ ချက်ချင်းရောက်လာမယ်၊ ကြားလား "
တတိယထပ် အခန်းတစ်ခန်းရောက်တော့ အယ်လီက တံခါးဝမှ ခလုတ်ကို နှိပ်လိုက်သည်။ ဂျနီဖာက ထိုည တွင် အထူးစီစဉ်ထားသည့် ညစာဝိုင်းအတွက် လာပို့မည့် ၀ိုင်သမားကို စောင့်နေချိန်ဖြစ်၏။
သားအမိ သုံးယောက်ကို တံခါးဖွင့်ပေးတော့ သူ့ လက်ထဲတွင် ၀ိုင်လာပို့သူကို ပေးဖို့ ဆင့်ငါးဆယ်တန် ငွေစက္ကူကို လက်ထဲ ကိုင်လျက်သား။ ပြုံးပြုံးကလေးနှင့် တံခါးဖွင့်ပေးလိုက်၏။ အယ်လီ့ကို ချက်ချင်း မှတ်မိ သည်။ ဂျနီဖာတစ်ကိုယ်လုံး တောင့်ကနဲ ဖြစ်သွားသည်။

" ရှင် ဘာလာလုပ်တာလဲ "
ဂျနီဖာက စမေးသည်။ အယ်လီက ကလေးနှစ်ယောက်ကို အသာဝင်စေပြီး
" မင်း ငါ့ယောက်ျားကို ယူထားတယ် မဟုတ်လား၊ အဲဒီတော့ သူ့ကလေးတွေကိုပါ မင်း ယူရမယ်လေ "
ဂျနီဖာ ဘာမှ ပြန်မပြောနိုင်ခင် အယ်လီ လှည့်ထွက်လာခဲ့သည်။
ဒုတိယထပ်ရောက်သည်နှင့် ဘရိန်၏ စက်သေနတ်သံကို ကြားရသည်။ တစ်ဆက်တည်းတွင် အင်ဂျလာ၏ ငိုသံနှင့် သူ့အဖေကို အော်ခေါ်သံ ကြားရပြန်၏။ အငယ်မ ငိုလျှင် အကြီးကောင်ပါ လိုက်ငိုတော့မည်မုချ။ ပြီး တော့ ထုံးစံအတိုင်း သောင်းကျန်းမည်။

ထင်သည့်အတိုင်း အယ်လီ လမ်းပေါ် ရောက်သည်နှင့် ဘရိန်၏ အာခေါင်ခြင်အော်သံ ကြားလိုက်၏။
ဂျနီဖာ ရှိမည်ထင်သည့် ပြတင်းပေါက်ဆီကို မော်ကြည့်ပြီး အယ်လီ တိုးတိုးကလေး ပြောလိုက်သည်။
" ပျော်စရာ ညချမ်းကလေး ဖြစ်ပါစေကွယ် "

အယ်လီ အခန်းပြန်ရောက်တော့ တယ်လီဖုန်း မြည်နေသည်။
အိုဝင့်အသံ၊ ဘယ်တုန်းကမှ သူ ဒါလောက် ဒေါသမကြီးဖူးခဲ့။
" ခွေးမ၊ အဲဒါ ဘာလုပ်တာလဲဟင် "
" တော်တော်စဉ်းစားပြီး စီစဉ်ရတာ၊ လွယ်တယ် မထင်နဲ့ "
" ဂျနီဖာ အရမ်း စိတ်ညစ်နေတယ် "

" မယားရှိပြီးသား ယောက်ျားနဲ့ ပတ်သက်ရင် ဒီလောက်တော့ ခံနိုင်ရည် ရှိရမှာပေါ့၊ အိမ်ထောင်သည် ဘ၀ ဘယ်လိုဆိုတာ သိပါစေလေ "
" ဘရိန်က ထိန်းမနိုင် သိမ်းမရ ဖြစ်နေတယ်၊ အငယ်လေးကလည်း ချော့လို့ကို မရဘူး၊ ဂျနီဖာ ရူးချင်သလို လိုဖြစ်နေပြီ၊ ကိုယ်လည်း ဘာလုပ်ရမှန်း မသိတော့ဘူး "
" ဘရိန်ကို အချိုရည်တစ်ပုလင်းလောက် တိုက်လိုက်၊ သူ ရင်အေးရင် ငြိမ်သွားလိမ့်မယ်၊ အငယ်လေးကို ဖက်ပြီး သိပ်လိုက်၊ အငိုတိတ်ပြီး အိပ်သွားမှာပါ၊ အဲ ဂျနီဖာကို ဘာလုပ်ပေးရမယ်ဆိုတာတော့ ကျွန်မ မသိဘူး၊ အဲဒါ ရှင့်ကိစ္စ "
 
အခန်း (၇၅)
အယ်လီ

" ကြိုက်သွားပြီ၊ အရမ်းမိတယ် "
အကျိုးအကြောင်း အစ်မလုပ်သူကို ပြောပြတော့ မာဂရက်က ကောင်းချိးပေးသည်။
" နောက်ဆုံးတော့ နင် တိုက်ပွဲဝင်တတ်လာသားပဲ၊ နင် လုပ်ပုံက အိုဝင့်ကို လူသတ်မှု ကျူးလွန်ထားရက်က လွှတ်ပေးထားသလိုပဲ၊ အမိဖမ်းဖို့ အချိန်တန်ပြီ "
" ကလေးတွေအပေါ် ငါ သိပ်ရက်စက်ရာများ ကျနေမလား "
" မကျပါဘူး၊ စွန့်စားခန်း လုပ်ရလို့ ဘရိန်က ခုလောက်ဆို ပျော်နေရော့မယ်၊ ဟိုကောင်မလက်က သူ့အဖေ ပြန်လုယူတဲ့ ကိစ္စပဲ၊ အငယ်လေးလည်း သဘောကျမှာပါ "

" ဟာ လှတယ်ကွာ၊ ကိုယ် မင်းကို ကြိုက်သွားပြီ အယ်လီ "
ဟု ဂျိန်းကလည်း သြဘာပေးသည်။
" သည်ခွေးသူတောင်းစားကို အဲဒီလို ဆုံးမရမှာ၊ သူ ဘာပြောသေးသလဲ "
" ကိုယ့်ကို ခွေးမတဲ့ "
" ပြီးတော့ကော "
" ဂျနီဖာ အရမ်းစိတ်ညစ်နေပြီတဲ့ " သူ ဘာလုပ်ရမလဲတဲ့ ။
" သူ့ကောင်မနဲ့ ကြည့်နေရင် မင်းကို အဲဒီလို မေးမျာ မဟုတ်ဘူး "

" အဲဒီလိုမျပေါ့ကွ၊ မင်း ပညာပေးပုံကို ကိုယ် အရမ်းသဘောကျတယ် "
လင်ကီကလည်း ထောက်ခံသည်။
" ခြေသုတ်ပုဆိုး ဘ၀မျိုး မဟုတ်ကြောင်း ပြရတော့ ကိုယ်လည်း ပျော်သလိုလိုပဲ "
ဟု အယ်လီက ကျေနပ်စွာ ပြောသည်။
" နောက် ဘာဆက်လုပ်ကြမှာလဲ "
" မသိသေးဘူး၊ အိုဝင်နဲ့ ကိုယ်နဲ့ ညှိုတုန်းပဲ "
နောက်တစ်နေ့ မနက်တွင် အိုဝင် အိမ်ပြန်ရောက်လာသည်။ ဘယ်ဘက်မှ ဘရိန်၏ လက်ကိုဆွဲလျက်၊ ညာ ဘက်တွင် အင်ဂျလာ။

" ဖေဖေ ပြန်လာပြီ မေမေ "
အငယ်လေးက ၀မ်းသာအားရ အော်ပြောသည်။ ဘရိန်က
" သား ဟိုမှာ ပွဲကြမ်းလာခဲ့တယ်၊ ဒါပေမယ့် ခု မဆိုးတော့ဘူးနော် ဖေဖေ "ဟု ဆို၏။
အိုဝင့် မျက်နှာ ဖြူဖတ်ဖြူရော် ဖြစ်နေ၏။ အရမ်းပင်ပန်းနေပုံ။
" ကိုယ်လုပ်တာ မှားသွားတယ် ထင်တယ် "
" ထင်တယ်၊ ဟုတ်လား "
" ဟုတ်ပါတယ်၊ ကိုယ် မကောင်းပါဘူး၊ ကိုယ် အိမ်က ဆင်းမသွားသင့်ဘူး "

" ဆိုလိုတာက အိမ်ပေါ်မှာနေပြီး ဒီအတိုင်း ဆက်ကမြင်းသွားမယ်ပေါ့၊ ဒါမျိုးလား၊ ကျွန်မဘက်က တစ်ခုခု ပြောဖို့ ရှိလိမ့်မယ်လို့ ရှင်မထင်ဘူးလား "
" ဟိုတုန်းက မင်း သိပ်မပြောခဲ့ဘူးလေ "
" အများကြီး ပြောခဲ့ပါတယ်၊ ရှင် နားမထောင်ခဲ့တာ "
" မင်း ဘာမှ ကိုယ့်ကို မလုပ်ခဲ့ဘူး မဟုတ်လား "
" ကျွန်မ ပြောသမျှ အလကားလို့ ပြောချင်တာလား၊ ရှင် ကျွန်မကို ရွှေစိတ်တော် လည်လာဖို့ ကလေးတွေကို ကျွန်မက အမြဲ အသုံးချနေရမှာလား "
အိုဝင်က အနေရ ကျပ်နေပုံဖြင့်
" ဂျနီဖာ အရမ်းစိတ်ပျက်နေတယ်၊ သူ ကလေးတွေနဲ့ ဘယ်လိုမှ မနေတတ်ဘူး၊ သူတို့ မောင်နှမ တစ်ညလုံး သောင်းကျန်းကြတယ်လေ "

" ရှင့် ဂျနီဖာကို ကျွန်မ စိတ်မ၀င်စားပါဘူး၊ ဘရိန် အိမ်မှာ ပစ္စည်းတွေ ခွဲတာ၊ ကျောင်းမှာ ရန်ဖြစ်တာ၊ အငယ်လေး လန့်လန့်နိုးပြီး အော်ငိုတာတွေအတွက်ကော ကျွန်မ စိတ်မပျက်ရဘူးလား "
" မင်းက ကလေးတွေရဲ့ အမေလေ၊ မင်းက သူတို့ကို ဘယ်လို ချော့ရမယ်ဆိုတာ သိတယ် "
" ရှင်ကလည်း အဖေပဲ၊ ဘယ်လိုချော့ရမယ်ဆိုတာ ဘာလို့ မသိရမှာလဲ "
" ကိုယ်တို့ ဘာလုပ်ကြမလဲဟင် "
" မသိဘူးလေ "
" ကလေးတွေကို ပြန်ခေါ်ထားလိုက်ပါကွာ "
" ပြီးတော့ ရှင်က ဘာမှ မဖြစ်သလို ဂျနီဖာဆီ ပြန်သွားမယ်ပေါ့ "

" ကိုယ် သူ့ကို ချစ်နေပြီလေ "
" ကျွန်မ အလှည့်ပြီးသွားပြီပေါ့၊ အဲဒီလိုလား၊ ရှင်ဟာ တခြားယောက်ျားတွေလိုပဲ၊ ဖောက်ပြန်လို့ကောင်းတဲ့ အရွယ်မှာ သောင်းကျန်းတာကို အချစ်လို့ နာမည်ပေးတယ် "
" ဟုတ်တယ်၊ သွေးသားကိစ္စ ဖြစ်မှာပါ၊ မကြာခင် ပြီးသွားမှာပါကွာ "
" ရှင်ပြီးသွားတဲ့အချိန်ကျရင် ကျွန်မအလှည့် ပြန်ရောက်မယ်၊ အဲဒီအချိန်အထိ ကျွန်မက စောင့်၊ အဲဒီလိုလား"
" မင်း ကိုယ့်ကို တစ်ကိုယ်ကောင်းဆန်တယ်လို့ ထင်လားဟင် "
" ဟုတ်တယ်၊ ထင်တယ် "

နောက်တစ်ပတ်အကြာတွင် အယ်လီ ရုံးခန်းသို့ အိုဝင် ပေါက်ချလာသည်။ မျက်တွင်းဟောက်ပက်နှင့် လူမမာရုပ် ပေါက်နေ၏။
" တစ်ပတ်လုံးလုံး ကိုယ် ဟိုတယ်မှာ သွားနေနေတာ၊ မင်းပြောတာတွေ ကိုယ်စဉ်းစားတယ်၊ ဟုတ်တယ် အရွယ်ပိုင်းနဲ့ ဆိုင်မယ်ထင်တယ်၊ ဂျနီဖာနဲ့ကိုယ် ပျော်သလိုလို ဖြစ်ခဲ့တယ် "
" ဖြစ်ခဲ့တယ်၊ ဟုတ်လား၊ ခု သူက ရှင့်ကို ကန်ထုတ်လိုက်ပြီလား "
အယ်လီ မေးခွန်းထုတ်လိုက်သည်။ အိုဝင်ကို ကြည့်ရသည်မှာ တိုက်ပွဲထဲမှ စစ်သားတစ်ယောက်နှင့် တူနေ၏။ မျက်ကွင်းတွေ ညိုနေသည်။ ပိန်လည်း ပိန်သွား၏။ သူ့မျက်နှာပေါ်တွင် အမြဲတွေ့ရသည့် မာန ရိပ်တွေ တစ်ခုမှ မရှိတော့။
အိုဝင်က ခေါင်းယမ်းပြီး။

" ကိုယ်တို့နှစ်ဦးသဘောတူ လမ်းခွဲခဲ့ကြတာပါ၊ သူဟာ တကယ်တော့ ကလေးသာသာပဲ ရှိသေးတာ၊ ဘာမှ နားလည်ဘူး "
" နှစ်ဆယ့်နှစ် နှစ်ဆို၊ ဒါ ကလေးလား "
" အယ်လီ၊ မင်း ကိုယ့်ကို ပြန်လက်ခံနိုင်ပါ့မလားဟင် "
" ဘာလို့ လက်ခံရမှာလဲ "
" ကိုယ် မင်းကို ချစ်ပါတယ် "
" သေလိုက်ပါလား၊ ရှင် ကျွန်မကို ထားခဲ့တယ်၊ ကလေးတွေကိုလည်း ဟင်းရွက်ကန်စွန်းလို လုပ်သွားတယ်၊ ရှင်ဟာ အလကားလူ၊ အသုံးမကျတဲ့လင်၊ တာဝန်မဲ့တဲ့အဖေ "
" ကိုယ်သိပါပြီ အယ်လီ၊ ကိုယ် အဲဒါတွေ အားလုံးအတွက် အလျော်ပေးပါရစေ၊ ကိုယ့်ကိုယ်ကိုယ် ပြုပြင်ပါ့ မယ်၊ စဉ်းစားပါ မိန်းမရယ် "

" နားမလည်ဘူး၊ ရှင် ကျွန်မကို နာကြည်းအောင်လုပ်တယ်၊ ကလေးတွေအပေါ်လည်း မညှမတာ လုပ်တယ်၊ ဒါမျိုး နောက်မလုပ်ပါဘူးလို့ ကျွန်မ ဘယ်လို ယုံရမှာလ"
" ကိုယ် သင်ခန်းစာတွေ အများကြီး ရပါပြီ၊ ကိုယ်တို့ ပြန်ကြိုးစားကြရအောင်ပါနော် "
အယ်လီ ခဏတွေပြီး စဉ်းစားသည်။
အကြင်လင်မယားအဖြစ် ပေါင်းသင်းနေထိုင်လာခဲ့သည်မှာ ဆယ့်ငါးနှစ် နီးပါးရှိခဲ့ပြီ။ သည်အချိန်တွေကို လွှင့်ပစ်သင့်ပါသလား။ သည်လောက်လွယ်လွယ်နှင့် လင်မယားဘ၀ကို ခြေမွပြစ်သင့်ပါသလား၊ အချစ်ဆို သည့် ထိုအရာကို ကတိက၀တ်တွေဖြင့် တုပ်နှောင်ထားလို့ကော ရနိုင်ပါမည်လား။
မဖြစ်နိုင်ဘူး၊ မဖြစ်နိုင်ဘူး။

သူ့ကို ချစ်သလို၊ ချစ်နိုင်မည့် အခြားလူတစ်ယောက်ကိုကော တွေ့နိုင်ဦးမှာလား။ မထင်။ ဂျိန်းကိုကြည့်၊ တစ် ယောက်တည်း။ လင်ကီ့ကို ကြည့်၊ တစ်ယောက်တည်း။
" စည်းကမ်းချက်တော့ ထားရမယ်၊ (၁) ရှင် စာပြန်ရေးရမယ်၊ ရှင် ကောင်းကောင်းရေးနိုင်တယ်ဆိုတာ ရှင် ရော ကျွန်မပါ သိတယ်၊ (၂) ရှင်နဲ့ကျွန်မဟာ မိရိုးဖလာ ထုံးတမ်းစဉ်လာအရ တရားဝင် လက်ထပ်ထားတာ၊ ဂျနီဖာတွေ၊ ဘာဖာတွေ မလိုချင်ဘူး၊ ဘယ်သူနဲ့မှ မကမြင်းရဘူး၊ ဒီတစ်ခါ ရှင်ဖောက်ပြန်ရင် ရှင့်အတွက် နောက်အခွင့်အရေး မရှိတော့ဘူး၊ ရှင်းတယ်နော် အိုဝင် "
အိုဝင် စိတ်သက်သာရသွားသလို ခေါင်းညိတ်သည်။

" မှုခင်းဇာတ်လမ်းတွေ ကိုယ့်ခေါင်းထဲမှာ ငုပ်နေတာ အများကြီး၊ ဟန့်နဲ့ တိုင်ပင်ပြီး ရေးပါမယ်"
" ကောင်းတာပေါ့၊ နောက်တော့ကော "
" မင်းပြောတာ မှန်ပါတယ်၊ ကိုယ်က မိသားဖသားပီပီ မင်းကို လက်ထပ်ယူထားတာပဲ၊ နောက် ကိုယ် မရှုပ် တော့ပါဘူး "
သူတကယ်စိတ်သက်သာရာ ရသွားပုံကို ကြည့်ပြီး အယ်လီ အံ့သြနေ၏။ သူလာပြီး မနမ်းပါ။ ရုပ်ရှင်ထဲကလို တစ်ယောက် ရင်ခွင်ထဲသို့ တစ်ယောက် ပြေးဝင်ပြီး ပွေ့ဖက်ခြင်းမျိုးလည်း မလုပ်ကြပါ။
အိုဝင် က သူ ကတိက၀က် တည်ဖို့၊ ထိန်းဖို့ပဲ အာရုံပြုလျက်ရှိပြီး အယ်လီကမူ ခါးသီးနာကြည်းမှုတွေကို မေ့ ပျောက်ချေဖျက်နိုင်ကောင်းပါရဲ့ဟု တွေးနေ၏။
ပျော်စရာ ဇာတ်သိမ်းခန်းသည် ရုပ်ရှင်ထဲတွင်သာ ကြည့်လို့ကောင်းသည့် မြင်ကွင်းမျိုး ဖြစ်ပါသည်။ အပြင်လောကတွင်မူ သည်မျှ လွယ်လွယ်ကူကူ မဖြစ်နိုင်ပါချေ။

ဆက်ရန်
.

No comments: