ခမ်းနားကြီးကျယ်သော လက်ထပ်ပွဲကြီး မဟုတ်စေကာမူ ကြွရောက်လာသော လူရှစ်ဆယ်မျှမှာ ကိုဘဆွေ ဘက် မှ လူကြီးမိဘအဖြစ် လိုက်ပါလာသော ကျောင်းအုပ်ဆရာကြီး ဆရာ ဆရာမများနှင့် မခင်မျိုးဘက်မှ မဟာဆွေတော် မျိုးတော်များသာဖြစ်၍ မင်္ဂလာဆောင်မှာ ဆူဆူညံညံ မဖြစ်ပေ။ အေးချမ်း တိတ်ဆိတ်လှ သည်။
ကိုဘဆွေက ငွေကုန်ခံကာ မန္တလေးမြို့ရှိ နာမည်ကြီး ဟိုတယ်တစ်ခုအား အကျွေးအမွေးအတွက် ကြိုတင် မှာထား ၍ အထက်တန်းကျသော အစားအသောက်များကို အ၀တ်ဆင်တူ ၀တ်ထားသော ဟိုတယ် စားပွဲထိုး များက စနစ်တကျ လာရောက်တည်ခင်းသဖြင့် ဆိတ်ငြိမ်သော လက်ထပ်ပွဲကလေးမှာ စိတ်ချမ်းသာစရာ ကောင်း လှသည်။ ပိုးအင်္ကျီလက်ရှည်အဖြူ၊ ပန်းရင့်ရောင် ကြိုးကြီးချိပ်ထဘီကို ၀တ်ခါ တစ်ပတ်လျှိုဆံမြိတ်ချ ဆံထုံးကြီး ထုံးပြီး နှင်းဆီဖြူဖြူငုံလေးတစ်ခိုင်ကို ပန်ထားသော မခင်မျိုးမျာ ရိုးရိုးကလေးနှင့် ကျက်သရေရှိကာ ချောမော လှပ လှပေသည်။
" ခင်ခင်မျိုးက လက်ထပ်ပြီးရင် ရန်ကုန်ကို ရွှေ့တော့မှာနော်၊ တင်တင်ကလေးတို့ကတော့ လွမ်းနေရစ် ရတော့ မှာပဲကွယ် "
မခင်မျိုး၏ အခန်းထဲမှာ အပျိုရံအဘော်အဖြစ်နေကြသော မဟာနွယ်ထဲမှ မခင်မျိုးနှင့်ရွယ်တူ မိန်းမပျိုငါး ယောက် အနက် တစ်ယောက်က ၀မ်းနည်းသံကလေးဖြင့် ပြောလိုက်သည်။
" တို့များက လွမ်းနေပေမယ့် ခင်ခင်မျိုးက လွမ်းမျာမဟုတ်ဘူး၊ သူ့ ကြင်ဘက်နဲ့ နှစ်သက်ကြည်နူးနေမှာပါ၊ မဟုတ်လား ခင်ခင်မျိုး "
အခြား မိန်းမပျိုတစ်ယောက်က မေးလိုက်သည်။
" ဒီလိုမထင်ပါနဲ့ ခင်ခင်ကြီးရယ်၊ ခင်မျိုးက ဆွေတော် မျိုးတော် အသိုက်ထဲက မခွဲချင်ပါဘူး၊ အလွှဲသာလို့ သျှောင်နောက် ဆံထုံးပါရမှာပါ "
မခင်မျိုးက တကယ်ပင် မခွဲချင်သောစေတနာဖြင့် ပြောလိုက်စေကာမူ မျက်နှာက မညိုးချေ။ ရက်ရှည်လများ ခွဲခွာ ခဲ့ရသော ချစ်သူကိုစောခိုင်ကို စိတ်စောနေမိသည်။ မတွေကရသည်မှာ ကြာမြင့်လှပြီ ဖြစ်သော ချစ်သူ ကိုစောခိုင်၏ မျက်နှာကို တွေ့လိုလှပြီဖြစ်၏။
ထိုအခိုက်တွင် အသက်လေးဆယ်ကျော်မျှရှိ ဦးတင်မျိုး၏ နှမ ဒေါ်တင်တင်ကြီး အခန်းတွင်းသို့ ၀င်လာသည်။
" အဆင်သင့်ဖြစ်ပြီလား တူမရေ "
ဒေါ်တင်တင်ကြီးက မေးလိုက်၏။
" ဟုတ်ကဲ့ ဖြစ်ပါပြီ ဒေါ်ဒေါ် "
မခင်မျိုးက ဖြေလိုက်၏။
" ကဲ ... လူကြီးမိဘတွေကို ကန်တော့ဖို့ အချိန်ကျပြီ တူမရဲ့၊ အခန်းထဲက ထွက်ပေရော့၊ ဟိုသူငယ် မောင်ဘဆွေ ခမျာ လည်တဆန့်ဆန့်နဲ့ အခန်းဝကိုချည်း မျှော်နေတာပဲ၊ လာ တူမ၊ တင်တင်ကလေးနဲ့ ခင်မကြီး တို့ပါ လိုက်ခဲ့ကြ "
ပြောပြောဆိုဆို ဒေါ်တင်ကြီးက လှည့်ထွက်သွားလေသည်။ ဒေါ်တင်ကြီး၏ စကားကြောင့် မခင်မျိုးက အငေးသား ဖြစ်သွားသည်။
" မဟုတ်သေးပါဘူးလေ၊ ကိုဘဆွေက ငါ့လက်ထပ်ပွဲကို သက်သက်လာတာ ထင်ပါရဲ့၊ အခန်းဝကိုချည်း မျှော် နေတယ် ဆိုတာ၊ အင်း ... ငါ့ချစ်သူ ကိုစော နဲ့ လက်ထပ်မှာ ကို မချိတင်ကဲ ဖြစ်နေတာနဲ့တူတယ်၊ ဒေါ် ဒေါ် က သိလို့ ကျီစားသွားတာလား၊ ဒီအကြောင်းကို ဒေါ်ဒေါ် ဘယ်လိုသိတာလဲ " မခင်မျိုးက အမြှင့်မပြတ် တွေးနေစဉ် မှာ တင်တင်ကလေးနှင့် ခင်မကြီးက ...
" ခင်မျိုးက အပြင်ထွက်ရမှာ ရှက်နေပြီထင်တယ် "
" ရရဲသာလာပါကွယ်၊ တို့များ ရံပြီး လိုက်ခဲ့ပါမယ် "
ဟု တစ်ယောက်တစ်ခွန်း၊ ရယ်မောပြောကာ မခင်မျိုး၏ လက်မောင်းကို တစ်ယောက်တစ်ဘက်ကိုင်ပြီး ခေါ် ထုတ်လာခဲ့လေသည်။ ချစ်သူ ကိုစောခိုင်၏ မျက်နှာကို အားရပါးရကြည့်လိုလှသော မခင်မျိုးမှာ စိတ်ထဲက ခဲထားသလောက် ပရိသက်ရှေ့တွင်ကား စိတ်မရဲရှာပေ။ သတို့သား ထိုင်နေရာကို လှမ်း၍ပင် မကြည့်ဝံ့၊ မည်သူ့ ကိုမှလည်း မကြည့်ဝံ့၍ မျက်နှာကို အောက်စိုက်ခါ ခြေလှမ်းမမှားအောင်သာ သတိထားပြီး သတို့သား ရှိရာ လာခဲ့သည်။ သတို့သား၏ ၀ဲဘက်တွင် ထိုင်မိသော်လည်း မိဘဆွေမျိုးများကို ရှက်ရွံ့သည် အလျောက် ခေါင်း ကို အတွင်သာငုံ့ထားမိ၏။
ရှေ့တွင် ချထားသော အမွှေးနံ့သာရည်၊ သပြေပန်းများဖြင့် ဝေဆာနေသော ငွေဖလားကြီးကိုသာ သဲသဲမဲမဲ စိုက်ကြည့်နေသည်။ ထိုအခိုက် တစ်ဘက်စီတွင် ရှိနေသော ကျောင်းဆရာကြီးနှင့် မဟာနွယ်ထဲမှ သက်ကြီး ၀ါကြီး အမျိုးသမီးကြီး တစ်ဦးက သတို့သား၏ လက်နှင့် သတို့သမီး၏ လက်ကို ဆွယူကာ လက်ထပ်ပေး လိုက်ပြီး ငွေဖလားအတွင်းရှိ အမွှေးနံ့သာ ရေထဲသို့ နှစ်လိုက်သည်။ သတို့သားက မိမိ၏လက်ကို ခပ်ညှစ် ညှစ်ကလေး ကိုင်ထားသည်ကို သတိထားမိသော မခင်မျိုးက ပီတိရောသော ဒေါသကလေးဖြစ်မိ၏။
" ဟင်း ... သွားချင်ရာသွား၊ ပျောက်ချင်ရာ၊ ပျောက်နေပြီး အခုမှ သူများလက်ကို ညှစ်ထားလိုက်တာ၊ ကိုစောတော့လား နေနှင့်အုံး" ဟု မခင်မျိုးက စိတ်တွင်းမှာ တွေးနေစဉ် ...
" ယခု အချိန်ကစပြီး သတို့သားဖြစ်သူ ကျွန်တော်၏ သားတပည့် မောင်ဘဆွေနဲ့ ဦးတင်မျိုး ဒေါ်ခင်ခင်ထား တို့ ၏ သမီးဖြစ်သူ မခင်မျိုးတို့သည် လူကြီးမိဘများ သဘောတူ ထိမ်းမြားပေးသော အကြင်လင်မယား ဇနီး မောင်နှံ အဖြစ်သို့ ... "
ဟူသော ကျောင်းဆရာကြီး၏ မင်္ဂလာစကားကို ကြားလိုက်ရသော မခင်မျိုးသည် ဆရာကြီး၏ စကားမဆုံးမီ၊ ပြင်းစွာသော အံ့သြထိတ်လန့်မှုဖြင့် ငုံ့ထားသော ခေါင်းကို ဆတ်ခနဲမော်ကာ သတို့သားအား ကြည့်လိုက်၏။ မိမိအား အကဲခတ်ဟန်ဖြင့် မသိမသာ ခေါင်းငဲ့ပြီး ကြည့်လိုက်သော သတို့သား၏ မျက်နှာကို မြင်ရသည်နှင့် တစ်ပြိုင်နက် မခင်မျိုးသည် မှင်သက်မိသလို ဖြစ်သွားလေသည်။ သတို့သားကား အသက်တမျှ ချစ်လှသော ကိုစောခိုင် မဟုတ်ပါတကား။ ကျေနပ်နှစ်သိမ့်ခြင်းကို ထင်ရှားစွာ ဖော်ပြနေသော ကိုဘဆွေ၏ မျက်နှာကို မြင်လိုက်ရသည်။ မခင်မျိုး၏ နားထဲတွင် မင်္ဂလာသြဘာ စကားများကို သဲကွဲစွာ မကြားရတော့ချေ။ မျက်လုံး များ ပြာဝေလာကာ လောကကြီးတစ်ခုလုံးသည် မှောင်အတိ ဖုံးလွှမ်းသွားသည်ဟု ထင်လိုက်သည်တွင် ..
" ခင် … ခင် "
ဟု ခေါ်လိုက်သော ကိုဘဆွေ၏ အသံကို သဲ့သဲ့မျှ ကြားလိုက်ရ၏။ မခင်မျိုးကား သတိလစ်သွားရှာလေပြီ။
-------------------
မခင်မျိုးသည် မျက်လုံး ဖွင့်ကြည့်လိုက်၏။ သန့်ရှင်း သပ်ရပ်စွာ ခင်းကျင်းထားသော နှစ်ယောက်အိပ် ခုတင် ကြီးပေါ်မှာ လဲလျောင်းနေရသည်ကို သတိထားမိသည်။ ကိုဘဆွေက မိမိအနားတွင် ကပ်ကာ ခုတင်ပေါ် တွင် တင်ပါးလွှဲ ထိုင်ပြီး မိမိ၏ လက်များကို ယုယကြင်နာစွာ ဆုပ်ကိုင်ထားသည်။ ဘဘနှင့် မယ်မယ်က ခုတင် ခေါင်းရင်းဘက်တွင် ကုလားထိုင်ကိုယ်စီဖြင့် ထိုင်နေကြသည်။ ရင်းနှီးသော ဆွေတော် မျိုးတော်အချို့ ကလည်း အခန်းထဲတွင် ရှိနေကြသည်။ အားလုံးသော လူများကို မခင်မျိုးသည် စေ့ငှအောင် မကြည့်တော့။ ဘဘ နှင့် မယ်မယ်ကိုသာ စူးစူးစိုက်စိုက် ကြည့်ပြီး မျက်ရည်များ ဖြိုင်ဖြိုင် ကျလာတော့၏။ တစ်ကိုယ်လုံးရှိ အကြော၊ အရိုး၊ အဆစ်တို့မှာ ကျိုးပြတ် ပြုတ်ထွက်ကုန်ဘိသကဲ့သို့ လှုပ်ရှားရန်ပင် အင်အား မရှိတော့ချေ။
" သတိရပြီလား သမီးငယ် "
ဘဘက ကြင်နာစွာ မေးလိုက်၏။ မခင်မျိုးက မဖြေပေ။ မျက်ရည်အရွဲသား မျက်လုံးများဖြင့် ကြည့်နေသည်။
သမီးငယ်က ပရိသတ်အလယ်မှာ ဒီလို တစ်ခါမှ မထိုင်ဘူးတော့ စိတ်ကျဉ်းကြပ်ပြီး မူးသွားကာ ထင်ပါတယ်၊ အခုနေကောင်းပြီ မဟုတ်လား သမီးငယ် "
မယ်မယ်က မေးလိုက်ပြန်သည်။ မခင်မျိုး အဖြေမပေး။ ပြင်းထန်သော စိတ်သောကကို ချုပ်တည်းထားရ သည့် မျက်နှာဖြင့် မယ်မယ်ကို ကြည့်လိုက်၏။ ထို့နောက် ကိုဘဆွေ ဆုပ်ကိုင်ထားသော မိမိ၏ လက်များကို အနိုင်နိုင် အားယူကာ ရုန်းလိုက်သည်။
" နေသာတယ်နော် ခင်၊ ကိုဘဆွေ စိတ်ပူလိုက်တာကွယ်၊ အခုမှ ရင်ထဲမှာ အေးသွားတော့တယ်၊ ခင် အား ရှိအောင် နွားနို့ပူပူကလေး သောက်လိုက်ပါလားကွယ်၊ အိပ်ရာက မထနဲ့ဦး၊ ကိုဆွေ မဖိတ်အောင် သာသာ ကလေး တိုက်ပေးမယ်နော် ခင် "
ကိုဘဆွေက မခင်မျိုး၏ နဖူးမှ ကပိုကရိုကျနေသော ဆံနွယ်ကလေးများကို လက်ဖြင့် သပ်ပေးရင်း ယုယစွာ ပြောနေစဉ်မှာ အသစ်စက်စက် ဇနီးမောင်နှံတို့ ယုယချင်တိုင်း ယုယနေမည့် အချိန်မှာ မခင်မျိုး ရှက်မည်စိုး၍ ဘဘမယ်မယ်နှင့် ဆွေတော်တစ်သိုက်တို့ အလိုက်သိစွာ အခန်းတွင်းမှ ထွက်ခွာသွားကြသည်။
မခင်မျိုးသည် ကိုဘဆွေကို စေ့စေ့ကြည့်ကာ အံကို ခဲလိုက်မိ၏။ သို့သော် မခင်မျိုး မည်ကဲ့သို့မှ ကိုဘဆွေ၏ လက်မှ ရုန်းထွက်နိုင်စရာ အကြောင်း မမြင်ချေ။ ဘဘနှင့် မယ်မယ်တို့ အသက်ရှင်နေသရွေ့ ကိုဘဆွေကို မည်သို့ တင်းမာနိုင်မည်နည်း။ ချစ်သူ ရည်းစား ရှိသလားဟု မယ်မယ် မေးမြန်းစဉ်က ကိုစောခိုင်ဟူသော နာမည် ကို တိတိလင်းလင်း မသုံးခဲ့ဘဲ မယ်မယ်ကို ရှက်ရွံ့သောစိတ်ဖြင့် သူ ဟူသော နမ်စားကို သုံးခဲ့မိခြင်း၊ ဘဘ နှင့် မယ်မယ်က ကြည်ဖြူစွာ လက်ထပ်ခွင့် ပေးခဲ့သော သူသည် ချစ်သူ ကိုစောခိုင်ပင်ဖြစ်မည်ဟု ထင် မှားမိခဲ့ခြင်းစသော မိမိဘက်မှ ထောက်ထားစရာ အကြောင်းတွေ ချို့ယွင်းချက်တွေကို ပြန်လည် စဉ်းစားမိ သော မခင်မျိုး သည် ယူကျုံးမရသော စိတ်ဖြင့် ချုံးချငိုကြွေး လိုက်ရှာတော့သတည်း။
*
ရန်ကုန်သို့ ပြောင်းရွှေ့ လိုက်ပါလာခဲ့သော်လည်း မခင်မျိုးသည် ညိုးခြောက်သောစိတ်ဖြင့် အပြင်လည်ပတ် သွားလာခြင်းပင် မပြုမိချေ။ ပန်းဆိုးတန်းတွင် ကိုဘဆွေပိုင် ခံ့ညားသော နှစ်ထပ်တိုက်ကြီးမှာ နေချင်စဖွယ် သာယာလှပ ခံ့ညားစွာ မွမ်းမံပြင်ဆင်ထားသော်လည်း မခင်မျိုးစိတ်တွင် လှောင်အိမ်ကြီးသဖွယ် ထင်နေမိ သည်။ ကိုဘဆွေ၏ လူသိသူသိ တရားဝင် ဇနီးကြင်ယာအဖြစ် ရောက်ခဲ့ရသော မိမိ၏ မအူမလည် လူကြား မကောင်းသည့် ဇာတ်ကြောင်းကို ပြန်ပြောင်းကာ မတွေးတော့ဘဲ၊ ဆွေးစိတ်ကို ကြိုးစားဖြေကာ ကိုဘဆွေကို မချစ်သော်လည်း အောင့်ကာ နမ်းနေရရှာသော မခင်မျိုး၏၀တ်ကျေတန်းကျေ အမူအရာကို အကဲခတ်မိသော ကိုဘဆွေက လိုလေသေးမရှိရအောင် ဂရုစိုက် ပြုစုယုယပေသည်။
တိုက်အပေါ်ထပ်တွင် မိသားတစ်ခုနေထိုင်၍ တိုက်အောက်ထပ်တွင်ကား ကိုဘဆွေပိုင် စိန်ရွှေရတနာဆိုင် ကြီးမှာ ဟိန်းနေသည်။ အလုပ်ချိန်အတွင်းမှာ ကိုဘဆွေသည် တိုက်အောက်ထပ်ရှိ ဆိုင်မှာသာ နေလေ့ရှိ၏။ အောက်ထပ်ရှိ ဆိုင်ကို ယောင်၍မျှ ခြေဦးမလှည့်သော မခင်မျိုးအား ဘဘနှင့်မယ်မယ်က စိတ်ထဲတွင် ထူး ဆန်း သလိုဖြစ်နေသည်။
" ကိုယ့်ခင်ပွန်းရဲ့ စီးပွားရေးကို နားလည်အောင် ကြိုးစားလေ့လာဖို့ သင့်တယ်လို့ ဘဘ ထင်တယ် သမီးငယ်"
တိုက်အပေါ်ထပ်မှာသာ အောင်းနေလေ့ရှိသော မခင်မျိုးအား တစ်နေ့သော အခါဝယ် ဘဘက စကားဆို လာ၏။ မခင်မျိုးက ဘာမျှ မပြောပေ။ ခေါင်းငုံ့၍သာ နေသည်။
" သမီးငယ် နေထိုင်ပုံက မစိမ်းကားဘူးလားကွယ်၊ ဟို သူငယ်ကလေး ကြင်နာစရာကောင်းပါတယ်၊ မယ်မယ် တို့ကို လဲ မိဘအရင်းလိုပဲ ရိုသေကျိုးနွံရှာပါတယ်။ သမီးကိုလဲ ဘယ်လောက်ယုယသလဲ၊ ကိုယ့်ခင် ပွန်း စိတ်ချမ်းသာ မှ အိမ်ထောင်ရေး တည်မြဲမှာ သမီးရဲ့ "
မယ်မယ်က ဆိုဆုံးမလိုက်ပြန်၏။ ကြိုးစားမေ့ပျောက်ထားသော မခင်မျိုး၏စိတ်သည် အသစ် ပြန်ဖြစ်လာ လေသည်။ မျက်ရည်သည် ဘယ်ကဘယ်လို ထွက်လာမှန်းမသိချေ။
" ဘာဖြစ်လို့ငိုတာလဲ သမီးငယ်၊ အခု သမီးတို့အိမ်ထောင်သက် တစ်နှစ်ကျော်လို့ သားယောက်ျားကလေးပဲ လေးလ ရှိနေပြီ၊ မောင်ဘဆွေကို သမီး ကြင်နာယုယတဲ့ အမူအရာ တစ်ခါမှမတွေ့သေးဘူး။ စိတ်မချမ်းသာ စရာ အကြောင်းများ ရှိနေသလားသမီး။ တိုင်ပင်စရာ မယ်မယ်တို့ပဲရှိနေတာ ဖွင့်ပြောပါလားကွယ် "
မျက်ရည်ကျနေသော မခင်မျိုးအား မယ်မယ်က စိတ်မချမ်းမြေ့စွာဖြင့် မေးလိုက်၏။ ဘဘကမူ သက်ပြင်းချ လိုက်သည်။ သမီးနှင့် အဖေဖြစ်နေ၍ ဘာမှ မမေးတော့ဘဲ ဆိတ်ငြိမ်စွာပင် နားထောင်နေလိုက်၏။ မခင်မျိုး သည် ဖြစ်ကြောင်းကုန်စင်ကို နတ်သံ မနှောမိအောင် စိတ်ကို ချုပ်တည်း ထားလိုက်သည်။ ပြောပြနေ၍လည်း အကြောင်း မထူးတော့။ ထိုအခိုက် ချစ်စရာ ဖြူဖြူဖွေးဖွေး သားကလေးကို မယ်မှုံက ချီ ယူလာသည်။
" သားလေး နိုးလာပြီမမလေး "
မယ်မှုံက ရိုသေစွာ ပြောကာ သားငယ်ကို ပေးသဖြင့် မခင်မျိုးက လှမ်းလင့်ယူလိုက်သည်။
" သားလေးနာမည်ကို သမီးနှစ်သက်သလို ပေးပါရစေ ဘဘ"
မခင်မျိုးက သားကလေးကို စေ့စေ့ကြည့်ပြီး ခွင့်တောင်းလိုက်၏။
" မောင်ဘဆွေ က နာမည်ပေးပြီးပြီ မဟုတ်လား သမီးရဲ့၊ မိဘနာမည်ပါအောင် မဟာဆန်ဆန် မှည့်ထားတဲ့ မောင်မျိုးဆွေ ဆိုတဲ့အမည် ကောင်းသားပဲ "
ဘဘ က ပြောလိုက်သည်။
" သူ့နာမည်ကြီးပါနေတာ သမီးမနှစ်သက်ပါဘူး ဘဘရယ် "
မခင်မျိုးက ပြန်ပြောပြီး …
" သမီး နှစ်သက်လို့ ရွေးထားတဲ့နာမည် ရှိပါတယ်၊ မောင်မျိုးခိုင်လို့ မှည့်မယ် "
ဟု ပြောလိုက်၏။ ဘဘနှင့်မယ်မယ်က အံ့အားသင့်သွားသည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ သက်ပြင်းကိုသာ ပြိုင်တူချလိုက်ကြတော့၏။
------------------------
ကိုဘဆွေအား မခင်မျိုးက ခပ်စိမ်းစိမ်း ဆက်ဆံ နေမှုကို ဘဘနှင့်မယ်မယ်က ဆိုဆုံးမလွန်း၊ မေးမြန်းလွန်း သည့်အကြိမ်ပေါင်း များလာသောအခါ မခင်မျိုးသည် တစ်သက်လုံးက မလိမ်လည်ခဲ့ဘူးသော မိဘနှစ်ပါး အားကိုစောခိုင်နှင့် ရည်ငံခဲ့သည့် အကြောင်းများကို ဖွင့်ဟ ၀န်ခံလိုက်ရသည်။
" မယ်မယ် မေးမြန်းစဉ်က ကိုစောခိုင်နဲ့ ရည်ငံနေတာသိလို့ မေးတယ်ထင်ပြီး ဟုတ်ပါတယ်လို့ သမီး ၀န်ခံ ခဲ့ပါတယ်။ လက်ထပ်တဲ့အချိန်ကျမှ သူမှန်းသိရတော့ သမီး ယူကျုံးမရဖြစ်ခဲ့ရပါတယ် မယ်မယ်။ ဒါကြောင့် သမီးစိတ်ထဲမှာ ဖြေမရအောင် ဖြစ်နေမိလို့ပါ "
မခင်မျိုးက မချိတင်ကဲ ပြောပြရှာသည်ကို ကြားရသောအခါ မယ်မယ်၏မျက်နှာသည် ရုတ်ခြည်းပင် မီးကင် လိုက်သောပန်းလို ညိုးခြောက်သွားရှာသည်။ ကိုဘဆွေပြောခဲ့သော စကားများကို တစ်လုံးချင်း ပြန်လည် ကြားယောင်လာ၏။ သမီးအား ကြွေးနှင့်ချေပြီး သိမ်းပိုက်လိုသည်ကို မပေါ်လွင်စေဘဲ လိမ္မာပါးနပ်စွာ မလိမ့် တစ်ပတ် ဥာဏ်သုံးပြီး လှည့်စားယူလိုက်သော အဓိပ္ပာယ်မှာ ရှင်းနေပြီဖြစ်၏။
" အင်း ဘ၀၀ဋ်ကြွေးပေါ့ သမီးငယ်၊ အရင်းစစ်လိုက်တော့ သမီးငယ် စိတ်ဆင်းရဲမှု တရားခံဟာ မယ်မယ်နဲ့ ဘဘ ပါပဲလေ။ သြော် … ဖြစ်ရလေ ဖြစ်ရလေ "
မယ်မယ်သည် ကြေကွဲစွာပြောကာ သမီးမျက်နှာကို ဆက်ပြီး မကြည့်ရက်သလို မခင်မျိုး အနားမှ ထသွား လေ တော့သည်။
လူ့ဘ၀မှာ နေရမည့် သက်တမ်းကပင်စေ့လေသလား၊ စိတ်၏ ညှဉ်းပန်းမှုပေလားမသိပေ။ မခင်မျိုးအိမ် ထောင်သက် နှစ်နှစ်ပြည့်မြောက်၍ သားကလေး မောင်မျိုးခိုင် အသက်တစ်နှစ်မျှ ရှိသောအချိန်ဝယ် ဘဘနှင့် မယ်မယ် တို့သည် တစ်ဦးနှင့်တစ်ဦး သုံးလမျှသာကွာပြီး ကံကြမ္မာ ကုန်ဆုံးကြလေပြီ။ မခင်မျိုးကား ကွဲအက်လု ဆဲဆဲ နှလုံးသားကို သားကလေးအတွက် ငဲ့ကွက်သောစိတ်ဖြင့် ထိန်းချုပ်ထားရှာသည်။ အလူး အလဲ ငိုကြွေးခြင်း၊ နွမ်းလျခွေယိုင်ခြင်းမပြုချေ။ ဖြစ်သမျှအကြောင်း အကောင်းချည်းသဘောထားကာ အံကို သာ တင်းတင်းခဲ နေ၏။ တစ်နည်းအားဖြင့်လည်း ကိုဘဆွေ၏ ပွတ်သပ်ချော့မော့ယုယမှု၊ အားပေးမှုကို မခံယူလို၍လည်း ဖြစ်၏။
ဘဘနှင့် မယ်မယ်မရှိသည့်နောက် မခင်မျိုးအား ကိုဘဆွေသည် ပိုမိုပြီး ယုယကြင်နာရှာသည်။ မခင်မျိုး သည် ကိုဘဆွေ ၏ လှည့်စားသော ကလိမ်ဥာဏ်ကို ခံပြင်းလှသော်လည်း ဘဘနှင့် မယ်မယ်၏ အရှက်ကို ကာကွယ်သောကျေးဇူးကိုထောက်၍ တစ်ကြောင်း၊ သားကလေးအတွက် ငဲ့ကွက်၍ တစ်ကြောင်း၊ ကိုယ်ကျင့်သိက္ခာ ကို ရိုသေသောအားဖြင့် တစ်လင်တစ်မယားသာလျှင် ဖြစ်ပါစေတော့ဟု စဉ်းစားမိ၍တစ် ကြောင်း၊ ဆူပူကွာရှင်းခြင်း မပြုတော့ဘဲ သည်းခံ၍သာ မှန်မှန်တန်းတန်း နေခဲ့လေသည်။
" ခင်ရေ … ခင် "
တုန်ရီသောအသံဖြင့် ခေါ်လိုက်သော ကိုဘဆွေ၏ အသံကြောင့် သားငယ်ကို လက်သည်းညှပ်ပေးနေသော မခင်မျိုးက လှည့်ကြည့်လိုက်၏။ ကိုဘဆွေ၏ မျက်နှာမှာ နီမြန်းလေသည်။ ကိုယ်မှာလည်း ဒယီးဒယိုင် ဖြစ် နေ၏။
" ဘာလဲ … ကိုဘဆွေ "
အရက်မူးလာသည် ထင်ပြီး မခင်မျိုးက အေး စက်စက် လေသံဖြင့် မေးကာ သားငယ်ကို လက်သည်းညှပ်မြဲ တိုင် ညှပ်နေသည်။
" ကိုဆွေ … နေမကောင်းဘူး ခင်၊ ဘယ်လိုဖြစ်မှန်း မသိဘူး "
ကိုဘဆွေက မသက်မသာ ပြောကာ အနီးရှိ ဆိုဖာပေါ်သို့ ပစ်လှဲချလိုက်၏။ ထိုအခါမှ မခင်မျိုးက ထလာပြီး နဖူး ကို စမ်းကြည့်လိုက်သည်။ ကိုယ်မှာ မီးခဲသမျှ ပူနေသည်ကို သိရ၏။
" မှုံမှုံရေ "
မခင်မျိုးက ခေါ်လိုက်သောအခါ နောက်ခန်းထဲမှ မယ်မှုံက ပြေးထွက်လာသည်။
" ဟုတ်ကဲ့ … မမလေး "
မယ်မှုံက အသံပြုလိုက်၏။
" ကဲ … သူ့ကို ကူပြီး တွဲစမ်းပါ မှုံမှုံ၊ အိပ်ခန်းထဲပို့ရအောင် "
မခင်မျိုးက ပြောပြီး နှစ်ယောက်သား ကိုဘဆွေကို ထူတွဲကာ အိပ်ခန်းထဲသို့ ယူလာပြီး အိပ်ရာပေါ် တင် လိုက်၏။ ထိုအချိန်၌ ကိုဘဆွေမှာ သတိပင် မရတစ်ချက် ရတစ်ချက် ဖြစ်နေလေသည်။
ညှဉ် " မှုံမှုံ ဒရိုင်ဘာ သွားပြောချည်ပါ၊ ဆရာဝန် မြန်မြန် သွားခေါ်လို့၊ ပြီးတော့ မှုံမှုံ သားကို ကြည့်ထားပါ "
" ဟုတ်ကဲ့ … မမလေး "
မယ်မှုံ အခန်းထဲမှ ထွက်သွားလျှင် မခင်မျိုးသည် သက္ကလပ်စောင် တစ်ထည်ကို ဆွဲယူကာ ကိုဘဆွေအား ခြုံပေးလိုက်၏။
" ခင် … ခင် "
ကိုဘဆွေက အသံလေးကြီးဖြင့် ခေါ်လိုက်၏။
" ကျွန်မ ရှိပါတယ်၊ ရေသောက်ချင်လို့လား "
မခင်မျိုးက အသံပေးလိုက်သည်။ ကိုဘဆွေသည် ကယောင်ကတမိးဖြင့် မျက်စေ့မှိတ်ကာ လက်က တစ်စုံ တစ်ယောက်အား တွန်းဖယ်သလို လုပ်ပြီး …
" အနားမလာနဲ့ ကြောက်ပါတယ်၊ မှားပါပြီ၊ မှားပါပြီဟု ထိတ်လန့်စွာ မြည်တမ်းနေလေသည်။
" ကိုဘဆွေ … ကိုဘဆွေ … သတိထားပါ "
မခင်မျိုးက ကိုဘဆွေ၏ ရင်ကို လက်နှင့် ဖိပြီး ပြောလိုက်၏။
သတိရပါတယ်၊ မမေ့ပါဘူး၊ မြတုံးကြီး တစ်ခုထဲက တစ်ထောင်ကျော်ပါတယ်၊ အသေးလေးတွေကလဲ အများကြီးပဲ "
ကိုဘဆွေက ကွဲအက်သော အသံကြီးဖြင့် ပြော၏။
" ခက်လိုက်တာနော်၊ နေမကောင်းတာများ အလုပ်ကို စိတ်စွဲနေရသေးတယ် "
မခင်မျိုးက စိတ်ညစ်စွာ ညည်းညူလိုက်၏။
" မစွဲလန်းဘဲ မေ့ထားတာ၊ အခု လာသတိပေးတယ်၊ မြစိမ်းတောင်ပေါ်က … မြစိမ်းတောင်ပေါ်က၊ ဟို … ဟို … ကျောက်ဘီလူးကြီး … အမယ်လေးဗျ "
ကိုဘဆွေသည် ထိတ်လန့်ကြောက်ရွံ့စွာ ပြောကာ သတိလစ်သွားတော့၏။ မခင်မျိုးသည် ဘာလုပ်ရမည် မသိချေ။ စိတ်ကလည်း ကြောက်လာသည်။
" မှုံမှုံရေ " ဟု လှမ်းအော်လိုက်၏။
" ဟုတ်ကဲ့ … မမလေး … လာပါပြီ "
မယ်မှုံက သားငယ်ကို ချီကာ အပြေးအလွှား ၀င်လာ၏။
" လူမမာ အနားမှာ တစ်ယောက်တည်း မနေရဲဘူး။ မှုံမှုံ မမလေးနဲ့ အတူနေပါ၊ သားကို မငိုအောင် ချော့ ထားနော် "
မခင်မျိုးက ကိုဘဆွေနှင့် ခပ်လှမ်းလှမ်းရှိ ကုလားထိုင်တစ်လုံးပေါ်မှာ သွားထိုင်ရင်း ပြောလိုက်၏။
" ဟုတ်ကဲ့ … မမလေး "
မယ်မှုံက မခင်မျိုး အမိန့်အတိုင်း သားငယ်ကို ချီကာ အခန်းထဲတွင် လမ်းလျှောက်နေသည်။
မုခင်မျိုးရော မယ်မှုံပါ ကိုဘဆွေ အနားမကပ်ရဲချေ။ သတိလစ်သည် ဆိုသော်လည်း ကိုဘဆွေ၏ ခြေလက် များက အငြိမ်မနေကြ။ တစ်စုံတစ်ဦးနှင့် ထွေးလုံး သတ်ပုတ်နေဘိသို့ ရုန်းကန်တွန့်လိမ် လှုပ်ရှားနေသည်။
" မမလေး … မတော်တဆ ကယောင်ကတမ်း ငန်းဖမ်းလာပြီ၊ ကျွန်မတို့ လည်ပင်း ညှစ်မှဖြင့် ဒုက္ခပဲ "
မယ်မှုံက အခန်းပေါက်ဝနားမှာ ရပ်ပြီး ပြောလိုက်၏။ အရေးရှိက ပြေးရန် အသင့်ဟန်မျိုးဖြစ်သည်။
" အေး … မမလဲ တွေးမိတယ်၊ ဒါကြောင့် တံခါးဝနားမှာ လာထိုင်နေတာပေါ့၊ မှုံမှုံက သားကို မြဲမြဲချီထား နော် "
" အို … စိတ်ချ မမလေး "
ထိုအခိုက် ကိုဘဆွေက အသံနက်ကြီးဖြင့် အော်လိုက်သည်။
" မြတွေ … မြတွေ တစ်လုံးလောက် ယူသွားရင် သူဌေးဖြစ်တာပေါ့၊ မင်း မိုက်လို့ မယူပေမယ့် ငါယူတယ်ကွ၊ အမယ်လေး … ဘီလူးကြီး … ဘီလူးကြီး "
မခင်မျိုး နှင့် မယ်မှုံတို့ တိုင်ပင်ထားသလို ၀ုန်းခနဲ ပြေးကြသည်။ အခန်းပြင်ရောက်လျှင် ဆရာဝန်နှင့် ဒရိုင်ဘာ ကို ဘွားခနဲ တွေ့လိုက်ရ၏။
" ဘာဖြစ်ကြတာလဲ ခင်ဗျာ "
ဆရာဝန်က အ့အားသင့်စွာ မေးလိုက်သည်။ မခင်မျိုးနှင့် မယ်မှုံက ကိုယ်ရှိန်သပ်ကာ ရပ်လိုက်၏။
" ဟိုမှာ လူနာက နည်းနည်း အခြေအနေ ဆိုးနေလို့ ဆရာဝန် ရောက်ပြီလားလို့ ထွက်ကြည့်တာပါ "
မခင်မျိုး က မောပန်းတုန်လှုပ်သော အသံဖြင့် ဖြေလိုက်၏။ မယ်မှုံကမူ ကလေးငယ်ကို တင်းကြပ်စွာ ဖက်ကာ ပြူးကြောင် သော မျက်လုံးဖြင့် အခန်းတွင်းသို့ လှမ်းကြည့်နေသည်။ ဆရာဝန်သည် မခင်မျိုးနှင့် မယ်မှုံအား အထူးအဆန်း သဖွယ် စူးစိုက်ကြည့်လိုက်ပြီး …
လူနာကို ကျွန်တော် ကြည့်ပါဦးမယ်၊ ဒီအခန်းထဲမှာလားဟုမေးလိုက်၏။
" ဟုတ်ကဲ့ဆရာ … ကြွပါ "
မခင်မျိုးက ဆရာဝန်အား လူနာရှိရာ ပင့်ဆောင်လာခဲ့ရင်းမှ …
" မောင်တိုး၊ မင်းပါလိုက်ခဲ့။ မှုံမှုံက သားနဲ့အပြင်မှာပဲ နေခဲ့နော် "
မခင်မျိုး က ဆရာဝန်နောက်မှ လိုက်သွားရင် မယ်မှုံနှင့် ဒရိုင်ဘာ မောင်တိုး ကို လှမ်းပြောလိုက်၏။
-------------------
ဆက်ရန်
.

1 comment:
အစအဆုံးပြီးရင် ပြန်လာဖတ်ဦးမယ်။
မရွှေစင်တို့ မစည်းစိမ်တို့ နေကောင်းကျန်းမာ ရှိကြပါစ...
မိုးအေးအေးနဲ့ ကွေးမနေနဲ့နော်း)
လာလည်မယ်ဆို ဘယ်တော့လာမှာလဲ..
လာရင် ခုလိုမိုးတွင်းမကောင်းဘူး။ မိုးဘဲရွာနေတာ အပြင်ထွက်လို့မကောင်းဘူး
ဆောင်းနဲ့ နွေကိုလာခဲ့
ဆောင်းတော့ အနွေးထည်ထူထူထည့်လာခဲ့ နော်
Post a Comment