အခန်း(၄၆)
လင်ကီ
လင်ကီ
၁၉၆၄ခုနှစ် မတ်လထဲတွင် လင်ကီလိုချင်သည့်အလုပ်ကို ရခဲ့သည်။ လိုချင်သည့် ရာထူးကို ရခဲ့သည်။ ဂေါ်ဒွန်ဂေဂျာ၏ အယ်ဒီတာ ဖြစ်ရတော့မည်။
ဂေါ်ဒွန်ဂေဂျာ သည် သူ ကိုယ်တိုင် အယ်ဒီတာလုပ်ပြီး ဥတ္တရကြယ်ကို စတင်တည်ထောင်ခဲ့ခြင်း ဖြစ် ၏။ စာအုပ် ထုတ်ဝေရေးလုပ်ငန်းက အောင်မြင်လာသဖြင့် သူ အယ်ဒီတာ ရာထူးပြုတ်ရခြင်းဖြစ် ကြောင်း လင်ကီ့ ကို လူတွေ့ စစ်ဆေးစဉ်က ဂေါ်ဒွန် ပြောပြသည်။
"ကိုယ်တစ်ယောက်တည်း အရောင်းမန်နေဂျာရော၊ ကြော်ငြာ မန်နေဂျာရော၊ ထုတ်လုပ်ရေးမှူး အလုပ်တော့ လုပ်နေ ရတယ်၊ ဘယ်လိုလုပ်ပြီး အယ်ဒီတာ ဆက်လုပ်နိုင်တော့မှာလဲ"
လင်ကီကို အလုပ်ခန့်စဉ်က ဤသို့ ပြောပြီး ဥတ္တရကြယ်သည် ၀န်ထမ်း ရှစ်ဦးသာ ရှိသည့် တိုက်ပေါက်စ ကလေး တစ်တိုက်ဖြစ်ကြောင်း၊ သို့ပင်လျက် လုပ်ငန်းမှာ တစ်လထက်တစ်လ တိုးတက်အောင်မြင်လျက် ရှိကြောင်း၊ အနာဂတ်မှာလည်း အလားအလာ လွှတ်ကောင်းလျက် ရှိကြောင်းများ ပြောပြသည်။
"ကိုယ့်စာအုပ်တိုက်ထောင်တာ အချိန်ကိုက် ဖြစ်သွားတယ်။ ဘ၀ပြဿနာတွေကို ဘေးချိတ်ထား လိုက်သည်။ စာအုပ် လောကထဲသို့ တိုးဝင်ရန် လင်ကီ အားနှင့် မာန်နှင့် ပြင်ဆင်ပြီးနေပြီ။
ဂေါ်ဒွန်က သူ့အလုပ်ထဲတွင် ၀င်မစွက်ဖို့ ကတိပေးသည်။
"အယ်ဒီတာ အလုပ်ကို ကိုယ် ပြန်ကြည်ဖို့ လုံးဝ အချိန် မရှိဘူး၊ မူအားဖြင့် ပြောရရင်တော့ မင်း ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ပဲ မင်းလုပ်။ အဲ ဘာလုပ်တယ်ဆိုတာတော့ ကိုယ့်ကို ပြောပေါ့ကွာ၊ တစ်ခု တော့ ရှိတယ် လူတွေ ကိုတော့ သတိထားနော်"
မိန်းမချောကလေးကို အယ်ဒီတာခန့်မိသည့်အတွက် ဂေါ်ဒွန် ပူပူပင်ပင် သတိပြေးခြင်း ဖြစ်လေ သည်။ သည်မိန်းကလေးအကြောင်း ချာလီလင့်နှင့် ဟန့်ဂင်နီတို့ဆီသို့ တီးခေါက်ကြည့်ထားခြင်း ဖြစ်၏။
ချာလီက "ကိုယ်တွေ့ဖူးသမျှထဲမှာ အတော်ဆုံး အတွင်းရေးမှူးပဲ၊ အရမ်းလည်း ထက်တယ်" ဟု ထောက်ခံပြီးမှ "ဒါပေမယ့် သူ့ကိုယ်သူ့တော့ တော်တော် အထင်ကြီးတယ်" ဟု မှတ်ချက်ပေးသည်။ သို့သော် နောက်ဆက်တွဲ မှတ်ချက် ကို ဂေါ်ဒွန်က စာရင်းထဲ မထည့်။ ဟန့်ကမူ ကိုယ်ရေးကိုယ်တာ ကိစ္စကို လုံးဝထည့်မပြောဘဲ ချာလီ့ ကို ထောက်ခံသည့် သဘောမျိုး ပြောသည်။
"တော်ပါတယ်၊ အလုပ်အရမ်း ကြိုးစားတယ်၊ ဒါပေမယ့် ရည်မှန်းချက် တော်တော်ကြီးပုံရတယ်၊ သူမရှိတာ ကျုပ် တိုက် မှာ ကွက်လပ်ကြီး ဖြစ်ကျန်ခဲ့တယ်"
"ဒါဆို မောင်ရင် ဘာလို့ ဖြုတ်လိုက်တာလဲ"
"ခင်ဗျား ကျုပ်အကြောင်း သိပါတယ်၊ စာအုပ်တိုက် လုပ်နေတဲ့လူ တစ်ဝက်လောက်က ကျုပ် ထုတ်ခဲ့တဲ့ လူတွေ ချည်းပဲ မဟုတ်လား"
ထုတ်ဝေသူ အပတ်စဉ် ဂျာနယ်တွင် ဥတ္တရကြယ်တိုက်မှ လင်ကီ့ကို ရွေးလိုက်ကြောင်း ပြန်တမ်း ဖတ်ပြီးတော့ ဟန့်က ဂုဏ်ယူကြောင်း စာတိုကလေး တစ်စောင် ရေးပို့လိုက်သည်။ ပြန်စာများ သူမျှော်လင့်နေမလားဟု လင်ကီ စိတ်ကူးမိသေး၏။ တစ်ရက်နှစ်ရက် စဉ်းစားပြီးမှ မပြန်ဖို့ ဆုံးဖြတ် လိုက်သည်။
"ဘာလို့ ထပ်ပြီး ဒုက္ခရှာမလဲနော်" ဟု မမကော်ရယ်ကို လင်ကီ ပြောပြသည်။
ဥတ္တရကြယ်တိုက်သည် သေးငယ်သည့် တိုက်သစ်ကလေးတစ်တိုက် ဖြစ်သည်။ ထို့ကြောင့် နုငယ်ပျိုမျစ်သည့် အယ်ဒီတာမကလေးတစ်ယောက် ရခြင်းမှာ လိုက်ဖက်ညီစွာ အားတစ်ရပ် တိုးခြင်း ဖြစ်သည်ဟု ဂေါ်ဒွန်က ယုံကြည် ထားသည်။ အမျိုးသမီး အယ်ဒီတာဖြစ်သည့်အတွက် ဥတ္တရကြယ်သ်ည တမူလည်း ထူးခြားနေသည်။ ဂေါ်ဒွန် သည် ထူးခြားမှုကို ကြိုက်သူတစ်ဦးလည်း ဖြစ်၏။
နောက်တစ်ချက်မှာ မိန်းမ အယ်ဒီတာ ယောက်ျားအယ်ဒီတာထက် ဈေးသက်သာသည်။ ဒါကိုလည်း ဂေါ်ဒွန် ကြိုက်ပါ၏။
ဂေါ်ဒွန်ဂေဂျာက ပုံနှိပ်ရေး၊ ဖြန့်ချိရေး၊ ဘဏ္ဍာရေးကိစ္စများနှင့် အလုပ်ရှုပ်နေချိန်များတွင် စာတည်းခြင်း အလုပ် ကို တစ်ကိုယ်တော် ဆုံးဖြတ်ချက်ဖြင့် လွတ်လွတ်လပ်လပ် လုပ်နိုင်ကြောင်း ကို လင်ကီ တွေ့ရသည်။ ဂေါ်ဒွန်ဂေဂျာ ကတိတည်ပါပေသည်။ လုံးဝ ၀င်မစွက်။
အနောက်မိုးကုတ်စက်ဝိုင်းကို မျှော်ကြည့်လိုက်တော့ ကနေဒါနိုင်ငံတွင် အချစ်ဝတ္ထုတွေ လှိုင်လှိုင် ထွက်ပြီး သူ့နိုင်ငံတွင်ကော အမေရိကန်တွေပါ အရောင်းသွက်နေသည်ကို တွေ့ရ၏။
လင်ကီက ပထမဆုံး ခြေလှမ်းအဖြစ်ဖြင့် ထုတ်ဝေနေကျ သူလျှိုစွန့်စားခန်းတွေ၊ လျှို့ဝှက်သည်းဖို စစ်ဝတ္ထုတွေနှင့် ညှပ်ပြီး အချစ်ဝတ္ထုတစ်ပုဒ်ကျ လစဉ် ထုတ်ဖို့ ဆုံးဖြတ်လိုက်၏။ အမျိုးသမီးများ အတွက် ဖြစ်ရပ်မှန် အချစ်ဇာတ်လမ်းဟု ခေါင်းစဉ် ပေးလိုက်၏။
"တချို့လည်း ယောက်ျားလေးတွေ၊ တချို့လည်း မိန်းကလေးတွေ အတွက်ပေါ့" ဟု ဂေါ်ဒွန်ကို ရှင်းပြသည်။
ဟန့်ဂရင်နီတိုက်မှာ လုပ်ခဲ့စဉ်က လင်ကီတွင် အတွေ့အကြုံတွေ ရှိပြီးသား အချစ် ၀တ္ထုတွေကို ဒေါ်လာ ၇၅၀ လောက်ဖြင့် ၀ယ်လို့ရသည်။ ဈေးပေါပေါဖြင့် ရောင်းနိုင်သည်။ တကယ် စာအုပ်ဝယ် ဖတ်သူမှာ အမျိုးသမီးများ ဖြစ်ကြောင်း ကိုလည်း လင်ကိ သုတေသန လုပ်ပြီးပြီ။
လင်ကီ၏ ရှင်းလင်း ပြတ်သားသည့် အတွေးအခေါ် စီးပွားရေးဆန်ဆန် တွက်ချက်ပုံနှင့် အမြတ် အစွန်းကို အနံ့ခံတတ်ပုံတို့ကို ဂေါ်ဒွန်ကြိုက်သွားပြီ။
"ဥတ္တရကြယ်တိုက်ရဲ့ ခေတ်စမ်းချိန်ပေါ့ကွာ" ဟု ဂေါ်ဒွန်ထောမနာပြုသည်။ အချစ်ဝတ္ထုများသည် အရောင်း သွက်ပြီး ငွေအရလွယ်သည်။ တိုက်ကြီးတချို့က ဥတ္တရကြယ်နောက် လိုက်လာကြသဖြင့် လင်ကီ ကျေနပ် နေသည်။ တာထွက်ကောင်းသည့်အခါ နောက်တစ်ဆင့်တက်ပြီး အရဲစွန့်ဖို့ လင်ကီ ၀န်မလေးတော့။
"စိတ်ပညာပေးစာအုပ်တွေလည်း ဥတ္တရကြယ်က ထွက်မယ့် စာအုပ်စာရင်းမှာ ထည့်လိုက်ရင် ကောင်းမယ်" ဟု ၁၉၆၅ ခုနှစ်တွင် လင်ကီက ဂေါ်ဒွန်ကို အကြံပြုသည်။ ထိုနှစ် ရောင်းအစွံဆုံး စာအုပ်စာရင်းတွင် စိတ်ပညာ စာအုပ် တစ်အုပ် ပါလာခြင်းကြောင့် ဖြစ်၏။
ဒေါက်တာ အဲလျော့ဆီမှ မိမိရခဲ့သည့် အတွေ့အကြုံများကို ပြန်စဉ်းစားမိသည့်အခါ ငွေကြေး မတတ်နိုင်လို့ စိတ်ကု ဆရာဝန်ဆီ မသွားနိုင်သူများ အနေနှင့် စာအုပ်ကို အားကိုးနိုင်မည်ဟု တွေးကြည့်မိသည်။ ထို့ကြောင့် ဂေါ်ဒွန် ကို တိုက်တွန်းကြည့်ခြင်း ဖြစ်၏။ လောလောဆယ်တွင် ဥတ္တရကြယ်သည် ၀တ္ထုသက်သက်သာ ထုတ်ဝေသည့် တိုက် ဖြစ်နေလေသည်။
ဤသို့ဖြင့် ရံဖန်ရံခါတွင် စိပ်ညာစာအုပ်များ ကြိုကြား ထုတ်ဝေ ဖြစ်လေသည်။
ပညာပေးစာအုပ်များ စွံပြီဆိုလျှင် ၀တ္ထုတွေ လိုက်မမှီကြောင်း အမှာစာတွေ လာလို့မဆုံး၊ ဖြန့်လို့ မဆုံး ဖြစ်တတ်ကြောင်း တွေ့ရသည့်အခါ
"ဒါဆို တို့တိုက်မှာပါ စိတ်ကုဆရာဝန်တစ်ယောက် ခေါ်ခန့်ထားသင့်တာပေါ့" ဟု ဂေါ်ဒွန်က နောက် သည်။
အခြား စာအုပ်များ၊ ရုပ်ရှင်နှင့် တီဗီဇာတ်လမ်းများမှလည်း လင်ကီစိတ်ကူးသစ်များ ရတတ်သည်။ သူလျှိုစွန့်စားခန်း များ အရမ်း လူကြိုက်များ နေ၏။ လေးလေးပင်ပင် ရှိလှသည့် ဂျွန်လက်ကာ၏ "နှင်းလွင်ပြင် မှ လာသည့် စပိုင်" ဇာတ်လမ်းမျိုးမှသည် ပူပူလောင်လောင် အခန်းကလေးများ ဖောဖေသီသီ ညှပ်ညှပ်ပေးပြီး လှုပ်ရှားစွန့်စားမှုများ ပါသည့် ဂျိမ်းစ်ဘွန်းဇာတ်ကားများ။ "ရွှေလက်ချောင်း"၊ "ရုရှားပြည်မှ အချစ်များစွာဖြင့်" စသည် စသည်။
လင်ကီက လင်ဒင်တန်ကို ဖတ်သည်။ ပြီးတော့ မိုက်ကယ်ကိန်းပါသည့်ကားတွေကို ကြည့်သည်။ တစ်မျိုး တစ်ဖုံစီ အောင်မြင်ကြပါ၏။ ရသမျိုးစုံကို ပေးနိုင်စွမ်းပါ၏။ သို့သော် သူတို့အားလုံးတွင် သွားတူသည့် အချက် တစ်ချက် ရှိသည်။ ဇာတ်လိုက်အားလုံးသည် ပုရိသခေါ်ယောက်ျားတို့ချည်း ဖြစ်နေခြင်းပင်။
အပြောင်းအလဲ လုပ်ဖို့ အချိန်ရောက်ပြီဟု လင်ကီ စဉ်းစားလိုက်မိ၏။
"စွန့်စားခန်းတွေ အတွဲလိုက် ထုတ်မယ်၊ အမျိုးသမီး ဇာတ်လိုက်နဲ့လေ၊ ဘယ်လိုနေမလဲ"
၁၉၆၆ခုနှစ်တွင် လင်ကီက ဂေါ်ဒွန်ကို မေးခြင်း ဖြစ်သည်။ လျှို့ဝှက်သည်းဖိုတွေနှင့် သူလျှို ဇာတ်လမ်းများမှာ ဟောင်းနွမ်းလာပြီဖြစ်ကြောင်း လင်ကီက သုံးသပ်ပြသည်။ သို့သော် သည်ဇာတ်လမ်းများကိုပင် အမျိုးသမီး ဇာတ်လိုက် နှင့်ဆိုလျှင် တစ်မျိုးသစ်ဆန်းလာပြီး အရောင်း သွက်လာနိုင်ကြောင်း တင်ပြသည်။
ဂေါ်ဒွန် ခေါင်းညိတ်လိုက်သည်နှင့် လင်ကီက ဂလင်ဆင် ကလဲယားဆီ တန်းသွားသည်။ ခေါင်းထဲ တွင် စိတ်ကူးစိတ်သန်း ဇာတ်လမ်းဇာတ်ကွက်တွေ အပြည့်ဖြင့်။
"ကြော်ငြာတဲ့အခါ "ဆူပါမော်ဒယ်၊ ဆူပါစပိုင်" လို့ နာမည်ပေးမယ်၊ မင်းသမီးက အပျံစားဖက်ရှင် မယ်၊ တစ်ဘက် မှာတော့ အရမ်း ဖျံကျတဲ့ နိုင်ငံရေး သူလျှို"
သူလိုချင်သည့် ပုံစံကို လင်ကီက ဂလင်ဆင်ကလဲယားရှေ့တွင် ချပြနေခြင်း ဖြစ်၏။
ဂလင် က စိတ်ဝင်တစား ပြန်မေးသည်။
"အင်း ကိုယ် သဘောကျပါတယ်။ ဟိုအခန်းကလေးတွေ ဘယ်လောက်များများ ပါမလဲ"
"စာဖတ်ပရိသတ်ကို ဖမ်းစားထားရုံလောက်ပါပဲ၊ အားလုံး တရားရုံးရောက်အောင်တော့ မလုပ်နဲ့လေ"
လင်ကီက ရယ်ပြီး ပြန်ပြောသည်။
ပြဿနာမှာ အခြားမဟုတ်။ ဂလင်သည် ဟန့်ဂရင်နီ၏ စာရေးဆရာ ဖြစ်နေခြင်းပင်။ သို့သော် အလုပ်ကို အလုပ်သဘော သက်သက်နှင့် လုပ်ဖို့ လင်ကီ ဆုံးဖြတ်လိုက်၏။
ဥတ္တရကြယ်ကို လင်ကီ ရောက်လာသည်မှာ နှစ်နှစ်ပြည့်ခဲ့ပြီ။ ခုချိန်ထိ ဟန့်ဂရင်နီကို ရှောင်နိုင်နေ ဆဲ။ ခုတော့ မတတ်တာ ဘဲ တွေ့ကြရတော့မည်။ လင်ကီ သက်ပြင်းချလိုက်၏။ ပြီးမှ စကားပြောဖို့ ဖုန်းနံပါတ်ကို ကောက် လှည့်လိုက်သည်။
"ခု စကားပြောနေတာ လင်ကီ ..." စကားမဆုံးမီ သူ ဖြတ်ပြောသည်။
"သိတယ်၊ မင်း ဘာလိုချင်လို့လဲ"
"ဂလင်ဆင်ကလဲယားအတွက် စာအုပ်အပ်ချင်လို့ အဲဒါဆွေးနွေးရအောင်လား"
"မင်း ဘယ်လောက်ပေးမှာလဲ"
"ဒေါ်လာ ငါးထောင်နဲ့ ဆယ်ရာခိုင်နှုန်း"
"မေ့ပစ်လိုက်တော့၊ ဂလင်ရဲ့ အတန်းက"
"ခုနစ်ထောင့်ငါးရာတန်းပဲ"
"ကဲ ထား၊ ခုနစ်ထောင့်ငါးရာ"
"ကောင်းပြီး စောင်ရေ သန်းကျော်သွားရင် ဆယ့်နှစ်ရာခိုင်နှုန်း တိုး မတောင်းရဘူး"
"ဒါတော့ ကိုယ် လက်မခံဘူး"
"မရဘူး၊ ဒီအတိုင်းပဲ၊ အဲဒါ ဥတ္တရကြယ်ရဲ့ ကမ်းလှမ်းချက်ပဲ၊ ဇာတ်လမ်းကျောရိုးနဲ့ ဇာတ်ကောင် တွေ အားလုံး လင်ကီ ပေးမယ်၊ သဘောမတူရင် နောက်တစ်ယောက်ရှာမယ်၊ ဒါပဲ"
"ကဲ ကောင်းပါပြီတဲ့၊ ခုနစ်ထောင့်ငါးရာ၊ စာချုပ်ချုပ်တဲ့နေ့မှာ တစ်ဝက်ချေ၊ စာမူအပ်တဲ့နေ့မှာ တစ်ဝက် ချေရမယ်၊ ရာခိုင်နှုန်းက တစ်ဆယ် ဟုတ်ပြီနော်"
"အဲဒီအတိုင်းပဲ"
နှစ်ယောက်စလုံး ခဏ ငြိမ်းသွားပြီးမှ လင်ကီ မေးသည်။
"နေကောင်းလား"
"ကောင်းပါတယ်"
ပြောပြောဆိုဆို ဖုန်းခွက်ကို ဟန့်က ၀ုန်းခနဲ ချပစ်လိုက်သည်။
လင်ကီ့ စိတ်ကူးအတိုင်း ဆွဲသည့် ခေတ်ပန်းချီမျက်နှာဖုံးနှင့် စာအုပ်တွေ စာအုပ်ဆိုင်တိုင်းတွင် များသည်ထက် များ လာ၏။ ပူပူနွေးနွေး၊ အရေးသွက်သွက်နှင့် ဆူပါမော်ဒယ်၊ ဆူပါစပိုင် ၀တ္ထုများ သည် ဥတ္တရကြယ်၏ အတွင် ကျယ်ဆုံး စာအုပ်များ ဖြစ်လာသည်။
တီဗွီ ဇာတ်လမ်းတွဲများအတွက် ရုပ်သံကုမ္ပဏီများကရော ရုပ်ရှင်ကုမ္ပဏီကြီးများကပါ အလုအယက် ၀ယ်ကြ၏။
"သူတို့က နှစ်သောင်းငါးထောင်အထိ တိုးပေးတယ်ဗျ။ ထပ်တိုးဦးမယ်တဲ့"
ဟန့်က သူ့စာရေးဆရာကို မင်္ဂလာသတင်းပေးတော့ ဂလင်က ချောင်းဟန့်သံ တစ်ချက်ပေးပြီး"
"ကိုယ်တော့ လင်ကီ့ကို အရယူမှ ထင်တယ်ဟေ့" ဟု နောက်သည်။
ဟန့်က အလားတူ အာခေါင်သံပေးပြီး ဘာမှ ဆက်မပြောဘဲ ဖုန်းချပစ်လိုက်သည်။
ဥတ္တရကြယ်တာဝန်ခံ အယ်ဒီတာ တစ်ယောက်အနေဖြင့် ဟန့်ဂရင်နီနှင့် ဆက်ဆံနေရသော်လည်း လင်ကီက ဖုန်းနှင့်သာ စကားပြောသည်။ သူနှင့် တိုးမည့်နေရာ မှန်သမျှကို ဝေးဝေးရှောင်သည်။
တစ်ခါတလေ မလွှဲမရှောင်သာဘဲ ထုတ်ဝေသူ ဧည့်ခံပွဲများတွင် တွေ့လျှင်လည်း အေးစက်စွာ ခေါင်းညိမတ်ပြရုံလောက်သာ လင်ကီ လောက၀တ် ပြုသည်။ ထိုအခါမျိုးတွင် အနားဖြတ်သွားသူ တစ်ယောက်ယောက်နှင့် စကားလက်ဆ်ုံကျပစ်လိုက်၏။
"သူ့ကို မမြင်ရင် သူ့အကြောင်းလည်း ခေါင်းထဲမှာ မရှိတော့ဘူးပေါ့" ဟု ကော်ရယ်လ်က မမကို ပြောပြီးမှ ခပ် ဆွေးဆွေး ကလည်း ပြုံးရင်း ထပ်ဖြည့်သည်။
"ဒါပေမယ့် အမြဲတမ်းတော့ မဟုတ်ဘူးနော်"
"မင်း ထိသမျှ ရွှေ ဖြစ်နေပါလား လင်ကီ"
တစ်လ လေးအုပ် ထုတ်နေရာမှ ခြောက်အုပ်၊ ခြောက်အုပ်မှ ရှစ်အုပ်သို့။ နှစ်နှစ်အတွင်း တက်လာ သည့်အခါ ဂေါ်ဒွန်ဂေဂျာ ထုတ်ဖော် ချီးကျူးရတော့သည်။ သို့စဉ်လျက် လင်ကီ့ကို ကူဖို့ အယ်ဒီတာ တစ်ယောက် ထပ်ခန့်သည့် ကိစ္စတွင်တော့ လင်ကီနှင့် လုံးဝ တိုင်ပင်ခြင်း မရှိ။
"သူ့နာမည်က အာဝင်အယ်လ်ဒါတဲ့၊ မင်းလို အယ်ဒီတာ ရာထူးပဲ" ဟု ဂေါ်ဒွန်က ခန့်ပြီးမှ ပြော သည်။ အဆင့် သတ်မှတ်ခြင်းကိစ္စနှင့် စပ်လျဉ်းပြီး ဆွေးနွေးတော့
"လင်ကီ ဒီမှာ ပိုကြာတာပဲ၊ လင်ကီ့ကို အပေါ်မှာ မထားသင့်ဘူးလား"
လင်ကီ အယ်ဒီတာချုပ် ရာထူးကို ရည်ညွှန်းပြောခြင်း ဖြစ်၏။
"သူက မင်းထက် ၀ါရင့်တယ်လေ၊ သူ့ အယ်ဒီတာယလုပ်သက်က ဆယ့်နှစ်နှစ်ရှိပြီ"
ဂေါ်ဒွန်က လင်ကီ့ကို သူ့ဂုဏ်သိက္ခာနှင့် သူ့ရာထူး ထိုက်ထိုက်တန်တန် ရှိနေပြီဟု သဘောရ၏။ လင်ကီသည် အဟုတ်တော်သည့် မိန်းကလေးဖြစ်ကြောင်းတော့ ဂေါ်ဒွန် လက်ခံပါ၏။ သို့သော် သူ့နေရာသူ တော်လောက်ပြီ။
"စာအုပ်လောကကို အာဝင် ရောက်နေတာ ဆယ်နှစ်လောက်ရှိပြီ လင်ကီ"
လူသစ်တစ်ယောက် ၀င်လာသည့်အတွက် လင်ကီ ခိုးလိုးခုလု ဖြစ်နေ၏။ သို့သော် ဂေါ်ဒွန်က အကျိုးသင့် အကြောင်း သင့် ပြောပြီး ဖျောင်းဖျနားချ၏။ လစာ တိုးပေး၏။ တိုက်တွင်း ပဋိပက္ခ မရှိစေချင်ကြောင်းလည်း ပြောပြ၏။
ချာလီလင့် ၏ လေသံမျိုးဖြင့် ဂေါ်ဒွန်က နှစ်သိမ့်သည်။
"ကိုယ်တို့တိုက်မှာတော့ ဒိုးတူပေါင်ဖက် လုပ်ကြတာပဲ၊ ပြီးတော့ မင်းတို့နှစ်ယောက်က ဌာနတစ်ခုစီ ရဲ့ ဌာနမှူး တွေပဲ"
အာဝင်က သိပ္ပံဝတ္ထုကို ပိုင်ပိုင်နိုင်နိုင် တည်းဖြတ်နိုင်သူ။ သူက သူ တည်းဖြတ် ထုတ်ဝေသည့် စာအုပ်များ လိုပင် ထူးထူးဆန်းဆန်း ဖြစ်၏။ ပုပု၀၀ ထိပ်ပြောင်ပြောင်နှင့် ဆေးတံကို ပါးစပ်က ချွတ်သည် မရှိ။ ဆံပင် တို့သည် ခေါင်းပေါ်တွင် မပျော်ပိုက်ဘဲ မျက်နှာဆီတွင် စုဝေး ပေါက်ရောက် နေဘိသည်။ ရင်ဘတ်လောက်ထိ ရှည်လျား သည့် သူ့မုတ်ဆိတ်မွေးတွေက မျက်နှာတစ်ခုလုံး ဖုံးအုပ်လုနီးနီး။
မိန်းမသုံးယောက် ရခဲ့ဖူး၏။ အားလုံးကို သိပ္ပံဝတ္ထု ဟောပြောပွဲများတွင် တွေ့ခဲ့ခြင်း ဖြစ်သည်။ သူ လုပ်ခဲ့သည့် စာအုပ်တိုက်ဟောင်းတွင် သူ့ဝတ္ထုတွေ ရောင်းစွံနေချိန်တွင် သူ စွံခဲ့ခြင်း ဖြစ်၏။
သူသည် စားပွဲတွင် တစ်နေကုန် ထိုင်ကာ ဂျင်နှင့် မာတီနီကို ဓာတ်ဘူးထဲထည့် သောက်ရင်း မနားမနေ အလုပ်လုပ်သူ ဖြစ်သ်ည။
"သူ စကားကော ပြောတတ်ရဲ့လား"
တစ်တိုက်တည်း တွဲလုပ်ခဲ့သည်မှာ လေးလ ရှိပြီ။ အစည်းအဝေးများတွင် စကားသုံးလေးခွန်းထက် ပိုပြော သည်ကို မတွေ့ရသဖြင့် လင်ကီက အယ်လီ့ကို မေးကြည့်ခြင်း ဖြစ်သည်။ သူ စကားပြော လျှင်လည်း လေသံ ကလေး နှင့် ပြောသဖြင့် မနည်းနားထောင် ယူရသည်။
"မသိဘူး လင်ကီ၊ ကိုယ်တော့ သူစကား ပြောတာ တစ်ခါမှ မကြားဖူးဘူး" ဟု အယ်ဒီတာ ကိုတေမိ အကြောင်း ကို မိန်းကလေးနှစ်ယောက် အတင်းတုတ် ဖြစ်ကြ၏။
စာအုပ် ထုတ်ဝေရေးလုပ်ငန်းတွင် လင်ကီ စိတ်ပါလက်ပါနှင့် နစ်မျောနေလေသည်။ စာတည်းရခြင်း အလုပ်သည် ဇာတ်ကောင်ပေါင်းများစွာနှင့် ထိတွေ့ရသဖြင့် ပျော်စရာကောင်းသည်။ ထုတ်ဝေရေး လုပ်ငန်း သည် အနုပညာနှင့် ဘောဂဗေဒ ပေါင်းစပ်ထားသည့် အလုပ်မျိုး ဖြစ်သည်။ ဥာဏ်ရည် ထက်မြက်ဖို့ လိုသည်။ ဖန်တီး တီထွင်ဖို့ လိုသည်။ လက်တွေ့ကျဖို့ လိုသည်။
အလုပ်ခွင်တွင် နစ်မြုပ် လုပ်ကိုင်ရင် လင်ကီသည် ဘ၀တူ၊ ၀ါသနာတူများနှင့် ဆုံစည်းခွင့်ရလေ သည်။ အယ်လီ မက်မဂရက်နှင့် လုပ်ရသည်မှာလည်း အဆင်ပြေသည်။ ပြီးတော့ အယ်လီ့ကို လင်ကီ ခင်မင်နေမိပြီ။
"ကိုယ်တို့ နှစ်ယောက်က လက်တွဲလို့ ရပါတယ်။ သူတို့တစ်တွေ တစ်ယောက်တစ်မျိုးဖြစ်နေတာ ကိစ္စ မရှိပါဘူး" ဟု လင်ကီက အယ်လီ့ကို တိုက်တွင်းကိစ္စများ ရည်ညွှန်းပြီး ပြောသည်။
ကော်ရယ် ၀င်စတိန်အတွက် စာအုပ်ထုတ်ဖြစ်အောင် လင်ကီ ပြောပေးသည်။ ကိုယ်ကာယအလှ နှင့် ပတ်သက်ပြီး စာအုပ်တစ်အုပ် ရေးဖို့လည်း မမကော်ရယ်လ်ကို တိုက်တွန်းထားသည်။
ယခုထိ အမျိုးသမီးလောကမဂ္ဂဇင်းတွင် ဟင်းလျာစာရင်းများတွင် နစ်မြုပ်နေသော ဘက်ကီရီးစ်ကို လည်း လမ်းသစ် ရှာဖို့ လင်ကီ တိုက်တွန်းသည်။
"လူတိုင်း လူတိုင်း အချိန်ကုန် မခံချင်ကြဘူး၊ ဒါကြောင့် အမြန်ဆုံး ဟင်းဖြစ်လွယ်မယ့် နည်းတွေ ရှာစမ်းပါ"
လင်ကီ က အပြေးအလွှား အချိန်လု၍ စားရသောက်ရသည့်အဖြစ်တွေကို သတိရပြီး ပြောခြင်း ဖြစ်၏။
လင်ကီ စီစဉ်သည့် စာအုပ်မှန်သမျှ အရောင်းသွက်သည်ချည်း။ ဥတ္တရကြယ်တွင် ရေးနေသည့် စာရေးဆရာ အားလုံး လင်ကီနှင့် အဆင်ပြေသည်။ လင်ကီကြောင့် သူတိုက် တရိပ်ရိပ်တက်လာ သည်ကို ဂေါ်ဒွန်လည်း အသိအမှတ်ပြုရတော့၏။ လင်ကီသည် သူ ရှာဖွေနေသည့် နေရာသို့ ရောက်ပြီးမှ နေရာသစ်တစ်ခု ထပ်တွေ့ သလို ဖြစ်နေ၏။ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် တစ်စုံ တစ်ယောက် ဖြစ်လာမည်ဟူသည့် ဟန့်ဂရင်နီ၏ အတွေး သည် မှန်နေလေပြီ။
၁၉၆၅ ခုနှစ်တစ်ဝိုက်တွင် ရှေ့တစ်လှမ်းတိုးဖို့ လင်ကီ ဆုံးဖြတ်လိုက်သည်။
ဆက်ရန်
.
No comments:
Post a Comment