Thursday, June 9, 2011

တင်မောင်မြင့် ဘာသာပြန် အချစ်များစွာနဲ့ပါဆရာ အပိုင်း (၁၇)

အခန်း(၁၇)

နိုဝင်ဘာလ ၁၅ရက်နေ့မှာ နှစ်ဝက် ပညာရည်မှတ်တမ်း ကတ်ပြားများ ထုတ်ပေးသည့်နေ့ ဖြစ်သည်။ ဂရင်းစလိတ်ကျောင်းအတွက် အရေးကြီးသောနေ့ ဖြစ်ပါ၏။ သည်နေ့အကြောင်းကို ကျွန်တော် ကြားထားပြီး ဖြစ်ပါသည်။ ကျောင်းသားများ၏ နေ့လို ဖြစ်နေသည် ဆို၏။
ရက်နီးလာသည်နှင့် သူတို့တစ်တွေ လှုပ်လှုပ်ရွရွ ဖြစ်လာကြသည်။ သည်နေ့ကျလျှင် အခမ်းအနား ကို သူတို့ကိုယ်တိုင် ကြီးကြပ်စီမံကြောင်း သိရသည်။

ကျွန်တော်အတန်းသားများ ပြင်ဆင်နေကြပုံကို ကျွန်တော် စောင့်ကြည့်နေသည်။ တာဝန်ခွဲဝေမှု စနစ်ကျ သည်။ ကိုယ့်တာဝန်ကိုယ် သေသေသပ်သပ် ထမ်းဆောင်ကြသည်။ ကျွန်တော် ဂုဏ်ယူ မဆုံး ဖြစ်နေမိ ပါသည်။ အခြား အတန်းသားများနှင့်လည်း တီးတိုးတိုင်ပင်ကာ ပူးပေါင်းလှုပ်ရှားနေ သည်ကိုလည်း တွေ့ရ၏။

ထိုနေ့တွင် တစ်ကျောင်းလုံး စုဝေးမှုကို အနားပေးလိုက်သည်။ သူတို့အားလုံး ၀တ်ကောင်းစားလှ များ ၀တ်ဆင်လာကြ၏။ သည်ပွဲတွင် မစ္စဂျိုးဇက်နှင့် ဒင်ဟန်တို့ နှစ်ယောက်မှာ အဓိက အရေးပါသူ များ ဖြစ်ဟန် ရှိသည်။ နှစ်ယောက်သား မနားမနေ လှုပ်ရှားနေကြ၏။
မနက် ၁၀နာရီတွင် ခေါင်းလောင်းထိုးသံ ပေါ်လာသည်။ ခန်းမထဲသို့ အတန်းလိုက် စီဝင်ကြရ၏။ သတ်မှတ်ထားသည့်နေရာတွင် အသီးသီး နေရာယူကြသည်။ စင်မြင့်ပေါ်တွင်မူ ကျောင်းအုပ် ဆရာကြီး မစ္စတာဖလောရင့် သည် ဘေးနှစ်ဖက်တွင် ကျောင်းသူတစ်ယောက်၊ ကျောင်းသား တစ်ယောက် ခြံရံလျက် နေရာ ယူသည်။ ကျောင်းသူမှာ မစ္စဂျိုးဇက် ဖြစ်ပြီး ကျောင်းသားမှာ ဒင်ဟန်။ အားလုံး ငြိမ်သွားမှ ဆရာကြီး မိန့်ခွန်း ထပြောသည်။

မိန့်ခွန်း မှာ အရှည်ကြီး ဖြစ်၏။
ကျောင်း၏ ရည်ရွယ်ချက်နှင့် ပေါ်လစီကို ဆရာကြီးက ထပ်ရှင်းလိုက်သည်။ ကျောင်းသူ ကျောင်းသားများအနေဖြင့် တစ်ဦးချင်း ကြိုးစားမှုသည် သည်ရည်ရွယ်ချက်နှင့် ပေါ်လစီ အကောင်အထည် ပေါ်ရေး တွင် မည်မျှ အရေးကြီးကြောင်းကို ကလေးများ နားစွဲအောင် ပြောပြသည်။

ကျောင်း၏ တိုးတက်မှုတွေကို ချီးကျူး ပြောဆိုသည်။ သို့သော် လုပ်စရာတွေ အပုံကြီး ကျန်သေး ကြောင်းကို အသေးစိတ် ထည့်ပြောသွာသည်။ နားထောင်နေရင်း ဆရာကြီးကို ကျွန်တော် ပိုကြည်ညိုလာသည်။ ဆရာကြီးသည် သူ့ကျောင်းနှင့် တစ်သားတည်း ရှိနေသည့် ဆရာကြီးပါလား။ တပည့်များ၏ အောင်မြင်မှု အတွက် ဆုမွန်ကောင်းတောင်းပြီး စင်မြင့်ပေါ်မှ ဆင်းသွားသည်။ လက်ခုပ်သံတွေ ၀က်ဝက်ကွဲ ဆူညံသွားသည်။

ပြီးသည်နှင့် ခန်းမဆောင်ကြီးထဲတွင် လှုပ်ရှားမှုတွေ ရုတ်ခြည်း သွက်လက်မြန်ဆန်လာသည်။ ပထမဆုံး မစ္စဂျိုးဇက် က ကျောင်းကောင်စီ၏ ရည်ရွယ်ချက်နှင့် လုပ်ရပ်များကို ခပ်တိုတို ရှင်းပြ သည်။ ကျောင်းကောင်စီ က အတန်းကိုယ်စားလှာများကို ဘာသာရပ်အလိုက် ရွေးထားပြီး နှစ်ဝက် အစီရင်ခံစာ ပြုစုစေသည်။
အတန်းပေါင်းစုံမှ အစီရင်ခံစာများ အသီးသီး တင်ပြီးသည့်အခါ ကြီးကြပ်ရေးအဖွဲ့ကို စင်မြင့်ပေါ်တွင် နေရာယူဖို့ ပန်ကြားသည်။ ကြီးကြပ်ရေးအဖွဲ့က အစီရင်ခံစာပါ အချက်အလက်များ နှင့် ရွေးချယ်ရာတွင် ဘယ်ဆရာတွေ ပါမည်ကို ဆရာများအားကြိုတင် အသိမပေးပါ။ ကျောင်းသား များက တိုက်ရိုက်ရွေးချယ်ခြင်း ဖြစ်ပါသည်။

အငယ်တန်းများကို ဦးစားပေးပြီး စသည်။ သူတို့အတန်းသားများမှာ ပြီးခဲ့သည့် နွေကမှ သည်ကျောင်းကို ၀င်ခွင့် ရကြသည့် ၁၂နှစ်အရွယ်ကလေးများ ဖြစ်ကြ၏။ ပရိသတ်ရှေ့တွင် မေးဖို့ ရှက်ကြောက်နေကြ၏။ သို့သော် ခဏကြာတော့ အရှိရသွားသည်။

သူတို့ကလေးများ၏ အစီရင်ခံစာနှင့် မေးခွန်းများမှာ တိုတိုတုတ်တုတ်ပင်။ သူတို့ အခက်အခဲများ၊ သူတို့ ပြဿနာများကို သူတို့ကိုယ်တိုင် များများစားစား သိသေးဟန် မတူ။
တစ်တန်းပြီးတစ်တန်း ကြီးကြပ်ရေးအဖွဲ့နှင့် ဆွေးနွေးကြသည်။
"ဒီ" တန်း အလှည့်သို့ ရောပါပြီ။ စိတ်လှုပ်ရှားစွာဖြင့် ကျွန်တော် ထရပ်လိုက်၏။ လက်ထဲတွင် ကိုင်ထားသည့် စာရွက်ကို ဖတ်ပြီး ဒင်ဟန်က အတန်းကိုယ်စားလှယ်များ၏ နာမည်ကို ဘာသာရပ် နှင့် တွဲပြီး ခေါ်သည်။

ပေါ်တာ    -    သဘာဝသိပ္ပံ
မစ္စပက်နှင့် ဂျက်ဆင်    -    ပထ၀ီဝင်
မစ္စဒဲယားနှင့် ဖာမင်    -    သတ္တဗေဒ
မစ္စဒေါစ်    -    သမိုင်း
ဒင်ဟန်    -    အားကစား
မစ္စဂျိုးဇက်    -    အိမ်တွင်းမှုသိပ္ပံ

ကျောင်းသူလေးများကို ဒင်ဟန်က တလေးတစား မစ္စတပ်၍ ခေါ်နေပုံကို ကြည့်ပြီး ကျွန်တော် တသိမ့်သိမ့် ကြည်နူးနေမိပါ၏။ ဂုဏ်လည်း ယူမိပါသည်။ တစ်ပြိုင်တည်းတွင် ငယ်ငယ်ရွယ်ရွယ်နှင့် ရင့်ကျက်စေဖို့ အများကြီး အထောက်အကူ ပြုလိမ့်မည်ဟု ကျွန်တော် ယုံကြည်လိုက်ပါသည်။
နာမည် အခေါ်ခံရသူများက စင်မြင့်ပေါ်တက်ကာ သတ်မှတ်ထားသည့် နေရာများသို့ ဣနြေ္ဒရရ လျှောက်လျှောက်သွားကြသည်။
မစ္စဂျိုးဇက်က ခပ်တိုတို နိဒါန်းပျိုးသည်။

မိမိတို့ သင်ကြားခဲ့ရသည့် ဘာသာရပ်များသည် လူသားအချင်းချင်း ညီရင်းအစ်ကိုလို ချစ်ကြည်ရေး အတွက် လုံးဝ ဦးတည်ထားကြောင်း၊ ထို့ပြင် ပထ၀ီဝင် အနေအထား ကွဲပြားသဖြင့် အသားရောင် ကွဲပြားနေကြသော လူသားအချင်းချင်း တစ်ဦးနှင့်တစ်ဦး အညမည ပြုကြပုံများကို သင်ကြားရ ကြောင်း ပြောပြီး ပေါ်တာကို လှမ်းခေါ်သည်။
ပေါ်တာက သင်္ချာဘာသာရပ်ကို ဆွေးနွေးရာတွင် ကီလိုဂရမ်နှင့်ပေါင်၊ မီတာနှင့်ပေ ဆက်နွယ်ပုံများ ကို ဆွေးနွေးသည်။ တစ်ကမ္ဘာလုံးတွင် သည်စနစ် နှစ်ခုထဲက တစ်ခုခုကို အသုံးပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ နားလည်နေကြကြောင်း၊ ဤသည်မှာ လူမျိုးတစ်မျိုးနှင့်တစ်မျိုး နားလည်နေကြ ခြင်းကို ပြဆိုကြောင်း။

ဆာပီယာနိုက အတန်းထဲတွင် သင်ခဲ့ရသည့် သီးနှံဖျက်ပိုးမွှားများအကြောင်းကို ပြောသည်။ ဂျုံကို အန္တရာယ် ပေးသည့် ပိုးနက်ကောင်၊ ၀ါဖျက်ပိုးနှင့် အားလူးပိုးများအကြောင်း၊ ၎င်းပြင် ပိုးမွှားများ ပြန့်ပွားပုံအကြောင်း၊ သုတေသန လုပ်နေကြသည့် တိုင်းပြည်များအကြောင်းကို ပြောရင်း ယခုဆို လျှင် သုတေသနလုပ်ငန်းများ အောင်မြင် နေ၍ သီးနှံဖျက် ပိုးမွှားများ၏ အန္တရာယ်မှာ တဖြည်းဖြည်း လျော့နည်းလာပြီ ဖြစ်ကြောင်းများကို ပြည့်ပြည့် စုံစုံ ပြောသွားသည်။

မစ္စပက်နှင့် ဂျက်ဆင်တို့က ပထ၀ီဝင်ကို နှစ်ပိုင်းခွဲပြီး ဆွေးနွေးကြ၏။ ဂျက်ဆင်က ကမ္ဘာမြေပေါ်မှ သီးနှံ နှင့် သယံဇာတ ပစ္စည်းများ အကြောင်း တင်ပြသည်။ ယင်းနှစ်မျိုးအနက် တစ်မျိုးဖြင့် ကြွယ်ဝ ချမ်းသာသော နိုင်ငံ များတွင် တခြားတစ်မျိုး ဆင်းရဲနေတတ်ကြောင်း၊ ထို့ကြောင့် မလွှဲသာ မရှောင်သာဘဲ ကုန်ပစ္စည်းဖလှယ်မှု ပေါ်ပေါက် လာရကြောင်း၊ တစ်နိုင်ငံမှ တစ်နိုင်ငံ အပြန်အလှန် အားပြုကြရကြောင်းများ။

မစ္စက်က ဒုတိယကမ္ဘာစစ် အပြီးတွင် လူတို့၏ စားဝတ်နေရေးအတွက် ရင်ဆိုင်ရသည့် ပြဿနာများ၊ ဘယ်တိုင်းပြည် ကမှ လက်မခံလိုကြသည့် ထောင်ပေါင်းများစွာသော စစ်ဘေးဒုက္ခ သည်များအကြောင်းနှင့် ကုလသမဂ္ဂ မှ ကယ်ဆယ်ရေး အစီအစဉ်များကို ဆွေးနွေးသည်။

ဖာမင်က သူ့ထုံးစံအတိုင်း ၀ှက်ဖဲတစ်ချပ်ကို အမြဲကိုင်ထားတတ်သူ။ သူ့အလှည့်ရောက်သည်နှင့် စင်မြင့် ပေါ်ကနေ တစ်ဖက်ထောင့်သို့ အချက်ပြလိုက်သည်။ ပဲလ်နှင့် အယ်လီဆန်တို့ နှစ်ယောက်က အရိုးစုကြီးကို မပြီး စင်မြင့်ပေါ်ယူလာသည်။ တိုင်ထိပ်တွင် ကြိုးနှင့် ဆွဲထားခြင်း ဖြစ်၍ အရိုးစုကြီးမှာ ခြေကားရာ လက်ကားရာ ပါလာ၏။ ဒါကပင် ရယ်စရာ ဖြစ်နေ၍ ရယ်သံတွေ ဝေါခနဲ ထွက်လာသည်။ အားလုံး ငြိမ်မှ သူ စကားစ သည်။

ဖာမင့်အသံ မှာ ကြည်လင်အောင်မြင်ပြီး ပြောပုံမှာလည်း သိုင်းသိုင်းဖွဲ့ဖွဲ့ ရှိလှပါပေသည်။ တည်တည်ငြိမ်ငြိမ် လည်း ရှိ၏။
"ဒီအရိုးစုဟာ အမျိုးသမီးတစ်ယောက်ရဲ့ အရိုးစုပါ၊ သက်သေပြဖို့ ဘာမှ မခက်ပါဘူး၊ ဒါပေမဲ့ ဒီအမျိုးသမီးဟာ တရုတ်မလား၊ ဂျာမန်မလား၊ ပြင်သစ်မလား ဆိုတာတော့ ကျွန်တော် မပြောနိုင်ပါ ဘူး၊ ပြီးတော့ ဖြူသလား၊ ညိုသလား ဆိုတာလည်း ပြောလို့ မရပါဘူး"
ဟု အစချီပြီး အခြေခံအားဖြင့် လူသည် တစ်ယောက်နှင့်တစ်ယောက် အတူတူသာ ဖြစ်ကြောင်းကို ဖာမင် ရှင်းသွားပုံမှာ ပိုင်ပိုင်နိုင်နိုင် ရှိလှပါပေ၏။

မစ္စဒဲယားက ဖာမင်၏ နိဂုံးကို ဆွဲဆန့်ပြီး လူသားတို့ ရင်ဆိုင်ကြရသည့် ရောဂါဘယများအကြောင်း ဆွေးနွေးသည်။
ထို့နောက် မစ္စဒေါစ်က အတန်းထဲတွင် သင်ကြားခဲ့ရသည့် သမိုင်းဘာသာရပ်အကြောင်း၊ ယဉ်ကျေးမှု အဆင့်ဆင့် တိုးတက်ပြောင်းလဲလာပုံအကြောင်းများ ပြောသည်။
ဒင်ဟန်၏ အစီရင်ခံစာကြောင့် အားလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ အားကစားကဏ္ဍမှာ အချိန်နည်းကြောင်း၊ နေရာကျဉ်းကြောင်း၊ ထိန်းချုပ်မှုများကြောင်းများကို ပြင်းပြင်းထန်ထန် ဝေဖန် သွားသည်။ ကျောင်းသားအားလုံး၏ ခံစားချက်ဖြစ်၍ လက်ခုပ်သံတွေ ဟိန်းထွက်သွားသည်။

အစီရင်ခံခြင်းများ ပြီးသည်နှင့် ဒင်ဟန်က ပရိသတ်ထဲမှ ကျောင်းသားလေး နှစ်ယောက်ကို လှမ်းခေါ် လိုက်သည်။ ကျောင်းအုပ်ဆရာကြီး အပါအ၀င် ဆရာအားလုံး၏ နာမည်ကို စာရွက်ပိုင်း ကလေးများပေါ်တွင် ရေးခိုင်း သည်။ ပြီးမှ စာရွက်ပိုင်းကလေးများကို လိပ်ပြီး ဦးထုပ်တစ်လုံးထဲတွင် ထည့်သည်။ ခလောက်သည်။ ပြီးမှ မဲလိပ် များကို တစ်လိပ်ချင်း နှိုက်၍ နာမည်ကို ကြေညာသည်။
"မစ္စတာဝက်စတန် ... မစ္စက်ဒေးလ်အီဗန် ... မစ္စဖီးလစ်"

ဒင်ဟန်နှင့် မစ္စဂျိုးဇက် ခေါင်းဆောင်ပြီး အားလုံး စင်မြင့်ပေါ်မှ ဆင်းလာကြသည်။ ဆရာများက တစ်လှည့် စင်ပေါ်တက်ပြီး နေရာယူကြ၏။ ၀က်စတန်မှာ ဆရာမနှစ်ယောက်ကြားတွင် ပို၍ ညစ်ပတ်စုတ်ပြတ်သည် ထင် ရ၏။

မေးခွန်းတွေ မေးကြသည်။ အများအားဖြင့် အတန်းကြီး ကျောင်းသားများသာ မေးကြ၏။ ကြိုတင် ပြင်ဆင်ထားချိန် မရှိ၍ အချို့မေးခွန်းများကို ဆရာတွေ ကျေညက်အောင် မဖြေနိုင်ကြ။
သည်နေရာတွင်လည်း ကျွန်တော် အံ့သြစရာ တွေ့ရပြန်သည်။ ခပ်ထုံထုံ ခပ်ထိုင်းထိုင်းဟု ထင်ခဲ့ သည့် ဆရာမ မစ္စဖီးလစ်သည် သူတို့သုံးယောက်ထဲတွင် သွေးအအေးဆုံးနှင့် ဒိုးဒိုးဒေါက်ဒေါက် အဖြေနိုင်ဆုံး ဖြစ်နေ၏။ သူ့ဆီလာသည့် မေးခွန်းများကို ဖြေနေရုံမက ကျန်ဆရာနှစ်ယောက်ကို လည်း မသိမသာ ၀င်ကူနေသေးသည်။

ဒင်ဟန် ၏ ဗြောင်ဖွင့်ဝေဖန်မှုနှင့် ဖာမင်၏ ပညာပါပါ မွေးခွန်းများကြားတွင် ဆရာဝက်စတန် တစ်ယောက် ပုံပျက် ပန်းပျက် ခံနေရ၏။ ၀က်စတန်သည် သူ တာဝန်ကျသည့် ကဏ္ဍများကို ဘယ်တော့မှ ထိထိ ရောက်ရောက် မလုပ်ခဲ့ပါ။

ဒင်ဟန်က လက်ဝှေ့သမားဖြစ်သည့်အလျောက် လက်ဝှေ့လို အားကစားနည်းမျိုးမှာ နေ့စဉ် လေ့ကျင့် သင့်ကြောင်း၊ အချိန်ကိုလည်း သည့်ထက် ပိုပေးသင့်ကြောင်း၊ တစ်ပတ်တွင် နှစ်ရက်သာ အချိန်ပေးပြီး လေ့ကျင့်ချိန် ကျပြန်တော့ မိနစ် ၂၀သာ သတ်မှတ်ပေးထားခြင်းမှာ အလကား အချိန်ဖြုန်းခြင်းမျှသာ ဖြစ်ကြောင်း ထောက်ပြသည်။

မစ္စဖီးလစ်က ဆရာဝက်စတန်အတွက်ပါ ခြုံဖြေသွားသည်။ ကျောင်းအနေဖြင့် စာသင်ချိန်နှင့် ကစားချိန်များကို မျှ၍ အချိန်ဇယား ဆွဲရကြောင်း၊ ကျောင်းသားများ၏ အကျိုးကို လုံးဝ ရှေးရှုပြီး လက်ရှိ အချိန်ဇယားများကို ဆွဲထားခြင်း ဖြစ်ကြောင်း၊ ဘာသာရပ်ပေါင်းများစွာ၊ ကျောင်းသား ပေါင်းများစွာအတွက် ကြည့်ရခြင်းဖြစ်၍ ကျောင်းသားတိုင်း စိတ်ကြိုက်နှင့် ကိုက်ချက်မှ ကိုက်မည် ဖြစ်ကြောင်း။
ဆရာမ က ဒင်ဟန်ကို ရိုးသားသည့် မျက်လုံးများဖြင့် လှမ်းကြည့်ပြီး နိဂုံးချုပ်သည်။

"မင်းတို့အထဲက တချို့ဆိုရင် ပင်ကိုကျန်းမာရေး၊ ကြံ့ခိုင်ရေးတွေ ကောင်းပြီးသားမို့ ကျောင်းက ပီတိ လေ့ကျင့်ခန်းတွေ မလိုသလောက်ပါပဲ။ တစ်ခု မင်းတို့ သတိထားရမှာက ကျောင်းရဲ့ အစီအစဉ်တွေဟာ အများစုအတွက် အဆင်ပြေချောမွေ့နေတယ်ဆိုတဲ့ အချက်ပဲ၊ အဲဒါကြောင့် မင်းတို့ကျောင်းသားကြီးတွေက အများအတွက် ညှာတဲ့သဘောနဲ့ သည်းခံကြဖို့ပါပဲ"
ဒင်ဟန်က လွယ်လွယ်နှင့် လက်လျှော့မည် ကျောင်းသားမျိုး မဟုတ်။

"ဒါဖြင့်လည်း ဘာပြုလို့ ပီတိချိန် ထားနေသေးလဲ၊ ဒါမှမဟုတ် ပီတိချိန်ကို လိုအပ်တဲ့ ကျောင်းသား တွေ အတွက်ပဲ ရွေးပြီးပေးပေါ့၊ ကျွန်တော်တို့တစ်တွေက ဘောလုံးဖြစ်ဖြစ် ဘာဖြစ်ဖြစ် တစ်ခုခု ကစားမယ်လေ၊ အဓိပ္ပာယ်မရှိ အချိန်ကုန်နေတာနဲ့စာရင် ကျွန်တော်တို့အတွက် အဲဒါက အကျိုးရှိ ဦးမယ်"
ဒင်ဟန်က ချက်ကျလက်ကျ ပိုင်ပိုင်နိုင်နိုင် ပြောချလိုက်သည်။ သို့သော် ဆရာမကလည်း ခေသူ မဟုတ်။ ချက်ချင်း ပြန်ဖြေသည်။

"ဒီလိုရှိတယ် ဒင်ဟန်၊ ပီတိဆိုတာ ကာယလေ့ကျင့်ခန်း သက်သက်ချည်း မဟုတ်ဘူး၊ စိတ်ကို အနားပေးဖို့ရယ်၊ ကာယနဲ့အတူ ဥာဏအင်အားကိုပါ ဖွံ့ဖြိုးအောင် လုပ်ဖို့ရယ်ဆိုတဲ့ ရည်ရွယ်ချက် တွေပါတယ်၊ ဆရာမတို့ အချိန်စာရင်း ဆွဲတဲ့အခါ မင်းတို့တစ်တွေ ကျောင်းကထွက်ပြီး လူ့လောက ထဲကို တိုးဝင်ဖို့အထိ အရှည်ကို ကြည့်ပြီး ဆွဲကြတာပါ။ မင်း တဖြည်းဖြည်း သဘောပေါက်လာပါ လိမ့်မယ် ဒင်ဟန်"
ထို့ နောက်တွင် ဆရာကြီးက နိဂုံးချုပ် စကားပြောပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ဆက်ရန်
.

No comments: