အခန်း (၂၂)
ဂျီလီယံ မိဘများနှင့် တွေ့ပြီးနောက် များမကြာမီ ကျွန်တော်တို့ စာသင်ခန်းထဲသို့ လူငယ်များ အလုပ်အကိုင် နေရာချထားပေးရေးအဖွဲ့မှ အရာရှိ တစ်ယောက် ရောက်လာသည်။ သူက ကျွန်တော့် အတန်းသားများအား ဌာနေ စက်ရုံ အလုပ်ရုံများတွင် ၀င်ရောက် လုပ်ကိုင်နိုင်မည့် အခွင့်အလမ်းများ အကြောင်းကို ရှင်းပြသည်။ အဓိက အားဖြင့် အထည်စက်ရုံနှင့် ပရိဘောဂ စက်ရုံများတွင် လုပ်ကိုင်နိုင်ကြကြောင်း။ ယင်းအလုပ်ရုံများမှ ဂရင်းစလိတ် ကျောင်းထွက်များကို နှစ်စဉ် ခေါ်ယူခန့်ထားကြောင်း၊ သည်ကျောင်းသားများ၏ မိဘတွေ၊ ညီအစ်ကို မောင်နှမတွေလည်း သည်စက်ရုံများတွင် အလုပ်လုပ်လျက် ရှိကြသဖြင့် ကျောင်းသူ ကျောင်းသား များအနေဖြင့် ဥမကွဲ သိုက်မပျက် ယင်းစက်ရုံများတွင် ၀င်ရောက်လုပ်ကိုင်စေလိုကြောင်း ရှင်းပြသွားသည်။
ကျွန်တော့် အတန်းသားများထဲမှ အချို့က အခြားရပ်ကွက် ရုံးလုပ်ငန်းများတွင် ရုံးအကူအဖြစ် လုပ်ကြမည့် သူများလည်း ရှိ၏။ ဆီးလ်က လျှပ်စစ်ကုမ္ပဏီကြီး တစ်ခုတွင် အလုပ်သင်အဖြစ် ၀င်ရမည်။ ဖာမင်က ကြေး နန်းကုမ္ပဏီကြီး တစ်ခုတွင် စာပို့လုလင်၊ တစ်ဂျက်ဆင်က ဟိုတယ်အမှုထမ်း၊ ပေါ်တာက သစ်သီးဈေးတွင် အရောင်းဈေးသည်။
ဒင်ဟန်ကမူ လခစားမလုပ်လို၍ သူ့အဖေ အလုပ်တွင် တွန်းလှည်းဈေးသည် ၀င်လုပ်ရန် ဆုံးဖြတ်သည်။ ပါမလာ နှင့် ဘာဘရာ တို့က လန်ဒန် အနောက်ပိုင်းမှ အထည်ဆိုင်ကြီး တစ်ခုတွင် အလုပ်ဝင်ကြမည်။ သူတို့ နှစ်ယောက်စလုံး အထည်အ၀တ် ပုံစံ ထုတ်လုပ်သူတွေ ဖြစ်ဖို့ အလားအလာရှိသူတွေ ဖြစ်သည်။ ပါမလာ၏ မိခင်ကမူ သမီးလုပ်သူ၏ ကိုယ်နေဟန်ကြည့်ပြီး စံပြမယ်ဖြစ်အောင် လေ့ကျင့်ပေးဖို့ စိတ်ကူးရှိနေသည် ဆို၏။
သူတို့အားလုံးသည် လေထဲတွင် ငှက်မွှေးလေးတွေ လွင့်သွားသလို တကွဲတပြားစီ လွင့်ကြတော့မှာပါ ကလား။ ညာလုပ်မည်နှင့် တက်ကြွနေကြ၏။ ငွေကို ဘယ်လို ရှာမည်၊ အ၀တ်အစားတွေ ဘယ်လိုဝယ်မည်။ ဘယ်နေရာတွေ ဘယ်လို သွားလည်မည် စသည်ဖြင့်။ သို့သော် တကယ် အလုပ်ခွင်သို့ လက်တွေ့ ၀င်ကြရ တော့မည့် အချိန် နီးလာသောအခါ တဖြည်းဖြည်း တွေးပြီး လန့်နေကြသည်။
သတ်မှတ်ထားသည့် အလုပ်ချိန်အကြောင်း၊ လုပ်ငန်းခွင် စည်းကမ်းအကြောင်းကို တွေးမိကြသောကြောင့် ဖြစ်၏။ သို့သော် ဘ၀ကို ရင်ဆိုင်ရမှာ ကြောက်၍ မဟုတ်ကြပါ။
ရေထဲကို ခုန်ဆင်းဖို့ ပထမခြေလှမ်း တွန့်နေကြခြင်းသာ ဖြစ်ပါ၏။ ရေစီးကြောင်းကို ကြောက်၍ မဟုတ်ပါ။ သူတို့ တစ်တွေ ရေကောင်းကောင်း ကူးတတ်နေပြီဖြစ်ကြောင်း သူတို့ကိုယ်သူတို့ ယုံကြည်စိတ်ချပြီးသားဖြစ် ပါသည်။
သူတို့တွင် သန်မာကြံ့ခိုင်သည့် ခန္ဓာကိုယ်ရှိသည်။ လှေခွက်ချည်း ကျန် အလံမလှဲ ဟူသည့် သတ္တိမျိုး ရှိသည်။ ထက်သန်တက်ကြွနေသည့် စိတ်ဓာတ်ရှိသည်။ ထို့ကြောင့် ဘ၀ရေဆန်ကို ကူးခတ်ဖို့ သူတို့ မကြောက်ကြ တော့ပါ။
ကူးခတ်ပုံမှန်ဖို့၊ အမောခံနိုင်ဖို့ ရေစီးကြောင်း၏ အထာကို သိဖို့သာ လိုပါမည်။ ကူးခတ်ဖို့အတွက် မကြောက် ကြသည် ကတော့ သေချာလှပါ၏။
သူတို့အကြောင်းကို အခုမှ ကျွန်တော် ပို၍ ပို၍ နားလည်လာသည်။ ကျန်ရှိနေသေးသည့် မခွဲခွာမီ အချိန် ကလေးတွင် ပြောစရာ ဆိုစရာများကို အားရပါးရ ပြောနေကြ၏။ နောက်ဆုံးအပတ်တွင် ရက်ပျက်သူဟူ၍ တစ်ယောက် တစ်လေမျှ မရှိတော့ပါ။ ကျောင်းသူ တစ်ယောက်ဆိုလျှင် အမေဆေးရုံတက်နေသဖြင့် ညီမငယ် ကလေး ကို ထိန်းရမည့်အရေးပေါ်လာသည်။ ညီမလေးကို ကျောင်းသို့ ခေါ်လာခွင့်ပြုရန် ခွင့်တောင်း ပြီး ကျောင်းတက် ရှာပါသည်။ ကလေးငယ်ကို အခန်းထောင့် တစ်နေရာတွင် တွန်းလှန်းပုခက်ထဲ ထည့်ထား ရသည်။ ကလေးငယ်၏ ဗူးမှုတ်သံသည် အခန်းထဲရှိ ကျောင်းသူကျောင်းသား၏ ဟဒယနှလုံးကို ရွှင်ပြုံး စေ ပါသည်။
ကျွန်တော်တို့ စကားတွေ အများကြီး ပြောဖြစ်ကြသည်။ သည်လို အချိန်တွင် သမားရိုးကျ သင်ခန်းစာများဖြင့် သူတို့ကို မဆွဲဆောင်နိုင်တော့ပြီ။ သည်တော့ ရောက်တတ်ရာရာတွင် ကျွန်တော် လျှောက်ပြောရ၏။ လူလူချင်း ဆက်ဆံရေးအကြောင်းကို အလေးပေး ပြောဖြစ်သည်။ သူတို့နှင့် အပြန်အလှန် ဆွေးနွေးဖြစ်သည်။ သူတို့ ၏ ထူးထူးခြားခြား အမြင်ကလေးများကို ကြားရသည့်အခါ ကျွန်တော့်မှာ အ့သြခြင်းလည်း ဖြစ်ရ၏။ ၀မ်းလည်း သာရ၏။
သူတို့ အားလုံးမှာ ဗြိတိန်တစ်နိုင်ငံလုံးတွင် တွေ့မြင်နေကျ ပုံစံအတိုင်း လူမျိုးပေါင်းစုံနေသည့် ရပ်ကွက်တွင် ကြီးပြင်းလာရသူများ ဖြစ်သည်။ သို့သော် ဒါကို သူတို့ ရေးကြီးခွင်ကျယ် မလုပ်ကြတော့ပါ။
သူတို့ထဲမှ အချိုကဆိုလျှင် နီဂရိုးလူမျိုးများ၊ အနောက်အိန္ဒိယ ကျွန်းစုအနွယ်များနှင့် တစ်လမ်းတည်း၊ တစ်တိုက်တည်းတွင် နေကြသူများ ဖြစ်ပါသည်။ သို့သော် မိရိုးဖလာ အစွဲအလမ်းကြောင့် အသားမည်းများ နှင့် လုံးဝ အဆက်အဆံ အပြောအဆို မလုပ်ကြပါ။
အချို့ကမူ မျိုးမတူ ဇာတ်ခြားသည့် ကလေးများနှင့် ကစားဖော် ကစားဖတ် ဖြစ်ခဲ့ကြ၏။ သူငယ်တန်းမှသည် မူလတန်းအရွယ်ထိ မြူးထူးပျော်ပါး ဆော့ကစားခဲ့ကြပါ၏။ သို့သော် အတန်းကလေး ရလာသည်နှင့် အမျှ ပတ်ဝန်းကျင် လွှမ်းမိုးမှုတွေ များသထက် များလာပြီး ဆက်ဆံရေး ကျဲလာတော့၏။ နောက်တော့ တဖြည်း ဖြည်း နှင့် လုံးလုံးပြတ်သွားတော့၏။
သည်ကိစ္စကို သူတို့ အလေးအနက် ဆွေးနွေးကြသည်။ သူတို့က အိမ်နီးချင်းများနှင့် စည်းစည်းလုံးလုံး စုစု စည်းစည်း ရှိချင်ကြသည်။ ဆက်ဆံရေး ပြေပြစ်ချင်ကြသည်။ သူတို့ ဘာလုပ်သင့်ကြောင်း ကျွန်တော့်ဆီ အကြံဥာဏ် တောင်းကြသည်။
ကျွန်တော်က သူတို့ကို သင်ထားသည့် သမိုင်းနှင့် ပထ၀ီဝင်ကို ပြန်ကောက်ရ၏။ နေရာဒေသများအကြောင်း၊ လူမျိုးစုတွေအကြောင်း စသည် စသည်။ ကမ္ဘာပေါ်တွင် ဘယ်အသားရောင်ကို ဘယ်နေရာမှာနေဟူ၍ နေရာဒေသ သတ်မှတ်ပေး၍ မရကြောင်း၊ ကမ္ဘာအရပ်ရပ်တွင် လူမျိုးပေါင်းစုံ ရှိနေောကာင်း၊ ချစ်ကြည် ရင်းနှီးစွာ နေလိုစိတ်ရှိလျှင်၊ နေလို့မရစရာ မရှိကြောင်း၊ အဓိကမှာ ချစ်ကြည်ရင်းနှီး လိုသည့် ဆန္ဒသာ ဖြစ်ကြောင်း။
နီဂရိုးတစ်ယောက်ကို တန်းတူရည်တူ ဆက်ဆံလိုလျှင် ဘာမှ ထူးထူး ထွေထွေ ကြိုးစားနေစရာ မလိုကြောင်း၊ မိမိတို့ အမျိုးတူ လူဖြူ သူစိမ်းတစ်ယောက်နှင့် ဆက်ဆံသည့် အတိုင်းပင် အထူးတလည် ယဉ်ကျေး ဖွယ်ရာ ဖို့လည်း မလို၊ နှိမ်ချ ဆက်ဆံဖို့လည်း မလိုကြောင်း။
ရိုးရိုး လူလူချင်း ဆက်ဆံသည့်အတိုင်း သာမန် ဆက်ဆံမှုမျိုးဖြင့် လုံလောက်ပြီးစီးနိုင်ကြောင်းများကို ကျွန်တော် ဆွေးနွေးတင်ပြပါသည်။
တစ်ဆက်တည်း ကျွန်တော်က အင်္ဂလန်နိုင်ငံတွင် လူမည်းများ၏ ရုန်းကန်လှုပ်ရှားမှုများကို ပြောပြသည်။ တရား မျှတ လွတ်လပ်ခြင်းမရှိသည့် ကိစ္စများကို ကန့်ကွက် ဆန့်ကျင်နေရုံမျှဖြင့် အကျိုးမသက်ရောက်သည် ကို သူတို့ နားလည်ကြပြီး သူတို့အတွက် တိုက်ပွဲဝင်ပေးပါမည်ဟု ကြွေးကြော်နေသည့် အဖွဲ့အစည်းများကို လည်း အားမကိုးကြတော့ပြီ။ သူတို့တစ်တွေ ကိုယ့်အားကိုယ်ကိုးပြီး သူတို့ တန်ဖိုး၊ သူတို့အားမာန်၊ သူတို့ ဂုဏ်သိက္ခာ ကို ပြဖို့ ဆန့်ကျင်ဘက် အင်အားစုများအား အန်တုလျက် တာစူနေကြပြီ ... စသည့် သတင်းများ။
ဗုဒ္ဓဟူးနေ့ မနက်တွင် ကျွန်တော့် အခန်းထဲသို့ ကလင်တီ ၀င်လာသည်။ နှုတ်ခမ်းများက ဧရာမ အပြုံးကြီးကို ဆင်မြန်း လျက်။ အမူအရာက မြူးမြူးကြွားကြွား။
" အခြေအနေ ဘယ်လိုလဲ ဆရာ "
သူ ဘာကို ဆိုလိုမှန်း မသိသည်နှင့် ကျွန်တော် အူကြောင်ကြောင် ဖြစ်နေသည်။ လန်ဒန် အရှေ့ပိုင်းသူ ဘာ များ အူမြူးလာပါလိမ့်။
" နောင်နှစ် ကုန်ရင် ဆရာမ ဂျီလီယံ ထွက်မယ် ကြားလို့ "
ဆရာမက ခပ်ရွှင်ရွှင် ပြောနေခြင်းဖြစ်၏။ ကျွန်တော် အထိတ်တလန့် မော်ကြည့်လိုက်သည်။ သည်အကြောင်း ကျွန်တော့် ကို ဂျီလီယံ ဘာမှ မပြောသေးပါ။
" ဆရာမ ဘယ်တုန်းက ကြားတာလဲ "
ကျွန်တော် အသံကို ထိန်းညပီး ပြန်မေးလိုက်သည်။
" အဘိုးကြီးက နောင်နှစ်အတွက် ဆရာအင်အားကို ထုံးစံအတိုင်း ကြိုတွက်တော့ သူ့ကို မေးတယ်လေ တစ်နှစ် ပဲ လုပ်တော့မယ်တဲ့ "
ကလင်တီ က ထုံးစံအတိုင်း ကျွန်တော့် စားပွဲစွန်းတွင် တင်ပါးလွှဲထိုင်လိုက်ရင်း ပြောသည်။
" ဘာလို့ ထွက်မှာတဲ့လဲ ဆရာမ "
ကျွန်တော်က ချော်လဲ ရောထိုင်ပြီး စကားနှိုက်လိုက်၏။ ကျွန်တော်တို့ နှစ်ယောက်ကိစ္စကို ဘယ်သူ့မှ အသိ မပေး ဘဲ လျှို့ဝှက်ထားဆဲ ဖြစ်ပါသည်။
" ဒီကျောင်း အစုတ်ပလုတ်မှာ မလုပ်ချင်တော့လို့ နေမှာပေါ့ "
ကျွန်တော် တိတ်တခိုး သက်ပြင်းချလိုက်သည်။ အင်း ... တော်ပါသေးရဲ့။
" ဂျီလီယံကို ဆရာမ သဘောမကျဘူး ထင်တယ် ဟုတ်လား "
" သဘောမကျဘူးလို့တော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ သူက သိပ်အထက်တန်းစား ဆန်တယ်လေ၊ သူ ထွက်သွားလို့ ကျွန်မ အအောက်မေ့နေမယ်တော့ မထင်ဘူး ဆရာ "
" ကျွန်တော်တော့ အဲဒီ ဆရာမကို ချစ်စရာကောင်းတယ်၊ ထက်မြက်တယ်လို့ပဲ မြင်တယ် ဆရာမ "
" ဒါတော့ ဟုတ်ပါတယ်လေ၊ အင်း ... သူထွက်သွားရင်တော့ ဆရာလည်း ကျွန်မတို့ ခပ်တုံးတုံးတွေနဲ့ပဲ ကျန်ခဲ့ တော့မှာပေါ့ ဟုတ်လား "
" မဟုတ်တာ ဆရာမရယ်၊ ဆရာမတို့ကျောင်းမှာ အားလုံးဟာ ... အဲလေ အားလုံးနီးပါးဟာ ဆရာကောင်း သမားကောင်းတွေချည်းပါပဲ "
ဆရာမ ပြုံးနေတုန်း ချက်ချင်း ကျွန်တော် စကားလမ်းောကာင်း ပြေားလိုက်သည်။
" ဒါနဲ့ မနက်ဖြန် အစီအစဉ်တွေထဲမှာ ဘာတွေပါမလဲ ဆရာမ "
" ပွဲကြီးပွဲကောင်းပဲ ဆရာ၊ ခရစ္စမတ် စားသောက်ပွဲကို ထမင်းစားခန်းမှာ လုပ်မယ်၊ အားလုံး တက်ရမယ်တဲ့၊ မနက်ဖြန် ဆရာတို့နှစ်ယောက် တီးတိုးဆွေးနွေးပွဲလေး မလုပ်ရတော့ဘူးပေါ့နော် "
ကျွန်တော် ရယ်နေလိုက်သည်။ အင်း ... အဖြစ်မှန်ကိုများ ကလင်တီသိရင် ... ။ နောက်နှစ်ရက်အတွက် အစီ အစဉ်များကို ဆက်ဆွေးနွေးကြသည်။ ခေါင်းလောင်ထိုးသံ ကြားသဖြင့် ဆရာမ ထွက်သွား၏။ တစ်ခုခု ပြောဖို့ရှိ လို့ ကျွန်တော့်ဆီ ရောက်လာပြီးမှ မပြောဖြစ်ဘဲ ပြန်သွားခြင်းဟု စိတ်ထဲ ထင်လိုက်၏။
အင်္ဂါနေ့မနက် အတန်းထဲတွင် ကျောင်းသားအနည်းငယ်သာ ရှိပြီး၊ မိန်းကလေးအားလုံး ခရစ္စမတ်နေ့ အခမ်း အနား အတွက် အိမ်တွင်းမှု သိပ္ပံခန်းတွင် အလုပ်ရှုပ်နေကြသည်။
ယောက်ျားလေး များကို ဆရာမ ဂရေ့စ်က အလုပ်ကြမ်းတွေ ခိုင်းထား၏။ သူတို့တစ်တွေ အိုးတိုက်သူတိုက်၊ ပန်းကန်ဆေး သူဆေးနှင့် အလုပ်ရှုပ်နေကြသည်ကို ခဏ သွားချောင်းကြည့်ပြီး ကျွန်တော် ပြုံးမိပါသည်။
ခုလို စည်းစည်းရုံးရုံး အားတက်သရော တွေ့ရတော့ကျွန်တော့် ရင်ထဲတွင် တသိမ့်သိမ့် ကြည်နူးခြင်း ဖြစ်ရ ပါ၏။ တလှပ်လှပ် ရင်ခုန်လှုပ်ရှားရပါ၏။ ဆယ့်နှစ်နာရီ မိနစ်နှစ်ဆယ်ကျမှ အတန်းထဲတွင် ပြန်စုမိကြသည်။ ကျွန်တော့် စားပွဲနားသို့ ၀ိုင်းလာကြပြီး စိတ်လှုပ်ရှားစရာ အစီအစဉ်တွေကို အလုအယက် ပြောပြကြသည်။ နေ့လယ်စာ စားဖို့ အချက်ပေး ခေါင်းလောင်းထိုးသံ ကြားသည့်တိုင် သူတို့တစ်တွေ ပြောလို့ မပြီးကြသေးပါ။
ထမင်းစားခန်းမဆောင်သည် ရောင်စုံ ဖဲကြိုးများ၊ ပူဖောင်းများဖြင့် လှပဝေဆာစွာ ခမ်းနားနေသည်။ သည်နေ့ ဟင်းလျာများကို စားဖိုဆောင်ဝန်ထမ်းများက အထူးစီစဉ်ထား၏ ၀က်သားပေါင်း၊ အာလူးမီးသင်း နှင့် အရန် ဟင်းလျာတွေ ဖွယ်ရာစုံလင်လှ၏။ အချိုပွဲများမှာလည်း ကျောင်းသူ ကျောင်းသားများအကြိုက် တိုလီမိုလိ အမည်စုံလှသည်။
ဆုတောင်းခန်းကို ဆရာကြီးကတိုတို တုတ်တုတ်နှင့် ဖြတ်လိုက်ပြီး အမူအရာဖြင့် အချက်ပြလိုက်သည့်အခါ ကျောင်းသူကလေးနှစ်ယောက် ခန်းမဆောင် တစ်ဖက်ထောင့်မှ ထွက်လာ၏။ သူတို့နှစ်ယောက်ပေါင်းပြီး ဧရာမ ပန်းစည်းကြီးကို ကိုင်လာသည်။
ကျောင်းသူကလေး နှစ်ယောက်သည် ခန်းမလယ် လမ်းအူကြောင်းအတိုင်း ငြိမ့်ငြိမ့် ညင်ညင်ကလေး လျှောက်သွားပြီး ဆရာမကြီး မစ္စက်ဒရူးရှေ့တွင် ရပ်လိုက်ကြသည်။ ပန်းစည်းကြီးကို ဆရာမကြီးလက်သို့ ကမ်း ပေးပြီး ကလေးမနှစ်ယောက် လှလှပပ ဒူးညွှတ်အရိုအသေပေးကာ သူတို့နေရာသို့ ခပ်သွက်သွက် ပြနှ်ည့်သွားကြသည်။
မစ္စက်ဒရူး၏ မျက်နျာတွင် သွေးရောင် ရဲတက်သွားသည်။ ဆရာမကြီးအပေါ် တစ်ကျောင်းလုံးက ထားရှိသည့် ချစ်ကြည် လေးစားမှုကို ပြသည့်အနေဖြင့် ပန်းဆက်ဖို့ အစီအစဉ်ကို ဆရာကြီးက ကျိတ်စီစဉ်ပြီး ဂုဏ်ပြုခြင်း ဖြစ်ဟန် တူပါသည်။ ကျောင်းသားတစ်ယောက် ထအော်ပြောသည်။
" ဆရာမကြီး၊ တစ်ဆိတ်စကားပြောပါခင်ဗျာ "
နောက်ထပ် အသံတွေ ထွက်လာသည်။
" ဟုတ်တယ်၊ ဆရာမကြီး စကားပြောပါ "
မစ္စက်ဒရူးက သူ့ပင်ကိုယ်ဟန်အတိုင်း ကျက်သရေရှိလှစွာ မတ်တတ်ထရပ်သည်။ ကျောင်းသူ ကျောင်းသား များ၏ ဆန္ဒ အတိုင်း စကားပြောလိုဟန်ရှိပါသည်။ သိုပသော် ပြောလို့မထွက်ဘဲ ဆို့ဆို့နင့်နင့် လေသံဖြင့် ...
" ကျေးဇူး တင်ပါတယ်ကွယ်၊ အားလုံးကို ကျေးဇူးတင်ပါတယ်"ဟုသာ ပြောပြီး ပြန်ထိုင်လိုက်သည်။ လက်ခုပ်သံ တွေ ခန်းမဆောင်ထဲတွင် လျှံထွက်သွားသည်။
အတန်းငယ်များအတွက် အခမ်းအနားကို အားကစားခန်းမထဲတွင် ညနေ သုံးနာရီ၌ ကျင်းပပေးသည်။ သူတို့ အတွက်လည်း အားကစားခန်းမကို ဖဲကြိုးတွေ၊ ဘောလုံးတွေနှင့် တခမ်းတနား ပြင်ဆင်ပေးထားသည်။ သို့သော် သူတို့ကလေးတွေ၏ စားသောက်ပုံနှင့် အပြုအမူကို ကြည့်ပြီး ကျွန်တော် စိတ်ပျက်သွားသည်။
အစားအသောက် ကို ပလုတ်ပလောင်းနှင့် ဣနြေ္ဒမဲ့စွာ အလောတကြီး စားသောက်ကြသည်။ အော်ဟစ်ဆူညံ ကြသည်။ သူတို့ကို ကျွေးမွေးနေသည့် ကျောင်းသားကြီးများက ဟိန်းဟောက်ပြီး မနည်း ထိန်းနေရ၏။
သို့သော် ဆရာကြီးကို ကြည့်ရသည်မှာ သည်အတွက် ဘာမှ စိတ်အနှောင့်အယှက် ဖြစ်ဟန်မတူ။ စား သောက်နေကြသည့် ကလေးများကို လျှောက်ကြည့်ရင်း အကျွေးအမွေး တာဝန်ခံ ကျောင်းသားကြီးများကို ကူညီနေသေးသည်။ သည်ကဏ္ဍ မြန်မြန်ပြီးသွားသဖြင့် ကျွန်တော် စိတ်သက်သာရာ ရသွားသည်။ မြင် မကောင်း ရှုမကောင်း ဖြစ်ကျန်ခဲ့သည့် ခန်းမကို ကျွန်တော်တို့အားလုံး ၀ိုင်းရှင်းကြရသည်။ ကျောင်းသားကြီး တွေ က တံမြက်စည်း လှည်းသူ လှည်း၊ ရေလောင်းသူ လောင်း၊ ကြမ်းတိုက်သူတိုက်နှင့်။
ခဏ အတွင်း ကြမ်းပြင်တစ်ခုလုံးနှင့် စားပွဲတွေ မူလအတိုင်းရှင်းသန့် ပြောင်လက်သွားသည်။ ရုတ်ခြည်း သစ် လွင်သွားသော ခန်းမကြီးကို ကြည့်ပြီး သူတို့ ပျော်နေကြ၏။ သူတို့အလှည့်က ညနေခြောက်နာရီ မဟုတ် လား။
စားပွဲတချို့ကို ထောင့်တစ်ထောင့်တွင် စီပြီး စားသောက်ဖွယ်တွေ၊ အဖျော်ယမကာတွေ အသင့်ပြင်ထား သည်။ ဓာတ်စက်ဆရာက ဓာတ်ပြားဖွင့်ရန် အဆင်သင့် ဖြစ်နေပြီ။ သူ့နံဘေးတွင် ကျောင်းသူ ကျောင်းသားတွေ သူတို့အိမ်မှ စိတ်ကြိုက် ရွေးယူလာသည့် ဓာတ်ပြားများပါ စုပုံနေ၏။ ကျောင်းသူ ကျောင်းသား ဟောင်း အချို့ကိုပါ ဖိတ်ထား၍ ညနေပွဲမှာ ပိုစည်ကားလိမ့်မည်ဟု ကျွန်တော်တို့အားလုံး မျှော်လင့်နေကြ၏။
ညနေ လေးနာရီတွင် ကျောင်းသားကြီးတွေ အ၀တ်လဲ အလှပြင်ဖို့ အိမ်ပြန်ကြသည်။ ပါမလာက စင်္ကြ လမ်း တွင် ကျွန်တော့် ကို တွေ့ဖို့ စောင့်နေသည်။
" ဆရာ ဒီည ကျွန်မနဲ့ က ရမယ်နော် "
" အို က တာပေါ၊ ဒါပေမဲ့ ဆရာ နရီသွက် တေးသွားနဲ့တော့ မကပါ ရစေနဲ့ မစ္စဒဲယား၊ ဆရာ့အရွယ်နဲ့ ကြည့် မကောင်းတော့ဘူး "
ပါမလာ အားရပါးရ ရယ်သည်။
"ဟုတ်ကဲ့ပါ ဆရာ၊ ဆရာ့အတွက် ကျွန်မ ဓာတ်ပြားကောင်းကောင်း ရှာခဲ့ပါ့မယ်၊ ဆရာ မမေ့ရဘူးနော် "
" မမေ့ပါဘူး မစ္စဒဲယား "
" ဒါထက် ... ဆရာ "
" ဘာများလဲ "
" ကျွန်မကို ပါမလာလို့ပဲ ခေါ်ပါ ဆရာ၊ ဒီတစ်ညတည်းပါ "
" ကောင်းပါပြီ ပါမလာ "
တဖွဲဖွဲ့ ရောက်လာသည့် ကျောင်းသူ ကျောင်းသားများကို ကျွန်တော်တို့ ဆရာ ဆရာမများက ကြိုဆိုကြရ သည်။ ဒင်ဟန်နှင့် ပေါ်တာ အစောဆုံး ရောက်လာ၏။ နှစ်ယောက်စလုံး ရွှင်လန်း ခံ့ညားစွာဖြင့်။ ၀တ်ကောင်း စားလှများ ၀တ်လာပြီး ဖိနပ်ကို ပြောင်လက်နေအောင် တိုက်လာကြသည်။
တစ်ဂျက်ဆင်နှင့်အတူ သူ့အစ်ကိုပါ ပါလာသည်။ မနှစ်က ကျောင်းထွက်သွားသည့် ကျောင်းသားဟောင်းဟု သိရ၏။ အရပ်အမောင်းကောင်းကောင်းနှင့် လူချောကလေးဖြစ်သည်။
နောက်တစ်သိုက် ရောက်လာသူများမှာ ဆီးလ်၊ ဖာမင်၊ ဘာကလေ၊ ဆာပီယာနိုနှင့် ပဲလ်တို့ လူသိုက်ဖြစ်၏။ အ၀တ်သစ် တွေ ၀တ်လာရသဖြင့် နေမထိ ထိုင်မသာ ဖြစ်နေသည့် အပြုံးများ ပြုံးလျက်။ သူတို့ တစ်သိုက်က တစ်စု တစ်ဝေးတည်း နေသည်။
မိန်းကလေး တစ်အုပ်ကတော့ လူမရောက်ခင် အသံက အလျင်ရောက်လာသည်။ တီးတိုးသံနှင့်အတူ ရယ်သံတွေ ကြားလိုက်ပြီးမှ အခန်းထဲသို့ သူတို့ ဘွားခနဲ ရောက်လာကြခြင်းဖြစ်သည်။ တောင်ပေါ်မှာ ပွင့် သည့်ပန်းရိုင်းကလေးများလို လန်းဆန်းလတ်ဆတ်နေကြ၏။
သည်လို အခါကြီး နေ့ကြီးအတွက် သူတို့ ကြိုတင် ပြင်ဆင်ထားကြခြင်းဖြစ်၏။ ပိုက်ဆံစုထားပြီး အ၀တ်အစား နှင့် အသုံးအဆောင်တွေ ၀ယ်ကြသည်။ နှုတ်ခမ်းနီတွေ၊ ဒေါက်မြင့်ဖိနပ်တွေနှင့် သူတို့ကလေး တွေ လှချင်တိုင်း လှနေကြ၏။
မွိုင်ရာဂျိုးဇက်က အနက်ရောင် လက်စည်း အင်္ကျီလက်ရှည်ကို ၀တ်လာသည်။ ဆံပင်တိုတို၊ မျက်ခုံးထူထူနှင့် ကျက်သရေရှိလှသည်။ ဘာဘရာပက်က ဇာနားကွပ် ဘဘောက်စ်၊ အတွင်းခံဘော်လီနှင့် တစ်ဆက်တည်း စကတ်ကို ၀တ်ထားသည်။ လန်းဆန်း မြူးကြွနေ၏။ မြင်သူ ငေးရလောက်သည့် အလှ ကြောင့် မျက်နှာပေါ်မှ မှဲ့ခြောက်ကလေးများပင် ပျောက်ကွယ်နေသည်။
သို့သော် ကပွဲခန်းမဆောင် တစ်ခုလုံးထဲတွင် ထူးထူးခြားခြား အလှသရဖူဆောင်းနေသူကား ပါမလာ။ ဖူးငုံ ကလေးဘ၀မှ ချက်ချင်း ပွင့်အာာသည့် ပန်းပွင့်တစ်ပွင့်၏ အလှမျိုး။ ဆံပင်ကို နောက်တွင် ခပ်မြင့်မြင့် တင်ပြီး အစိမ်းရောင် ဖဲကြိုးဖြင့် စည်းနှောင်ထားသည်။ ပခုံးနှစ်ဖက်ပေါ်တွင် လှပစွာ အခွေလိုက် အခွေလိုက် ၀ဲကျနေ၏။ လည်တိုင်မှာ ကြော့ရှင်းပြီး ဖြူညက်ညက် မျက်နှာကလေးပေါ်တွင် နှုတ်ခမ်းအစုံမှာ ဖူးနေသည်။ အစိမ်းရင့်ရောင် သိုးမွေးဆွယ်တာကို ယဉ်ယဉ်ကလေး ၀တ်လာသည်။ လမ်းလျှောက်ပုံမှာ ကျက်သရေ ရှိလှ၏။ အမေလုပ်သူက ဂရုတစိုက် ပြင်ပေးလိုက်မှန်းသိသာလှသည်။ ကျွန်တော် ငေးကြည့် နေမိ၏။
ပါမလာ ခန်းမထဲ ၀င်လာသည်ကို မြင်သည်နှင့် ဂျီလီယံက ကျွန်တော့်နားကပ်ပြီး ...
" ကြည့်စမ်း ... မောင်မလေးက တကယ်လျတာပဲနော် " ဟု တအံ့တသြပြောသည်။ ပါမလာက ကျွန်တော်တို့ ရှိရာ သို့ ဖြတ်လျှောက်လာပြီး နှုတ်ဆက်သည်။
" ဟဲလို ဆရာ၊ ဟဲလို ဆရာမ "
" ဟဲလို ပါမလာ "
ကျွန်တော်တို့ နှစ်ယောက် ပြိုင်တူ ပြန်နှုတ်ဆက်လိုက်သည်။ ပါမလာက ကျွန်တော့်ကို ကြည့်ပြီး ...
" ဆရာ ကတိပေးထားတာ မမေ့နဲ့ဦးနော် ဆရာ "
မမေ့ပါဘူး ပါမလာ "
" သွားမယ်နော် ဆရာ "
ပါမလာ သူ့အပေါင်းအသင်းများ ရှိရာသို့ ထွက်သွားသည်။
" ဂျီလီယံကို သူ လုံးဝ မမြင်ဘူး ထင်တယ် "
ဂျီလိယံက ကျွန်တော့်ကို " ရိ "သည်။
" မဟုတ်တာကွာ၊ မြင်လို့ တို့နှစ်ယောက်လုံးကို နှုတ်ဆက်တာပေါ့ "
ဟု ကျွန်တော် စောဒက တက်လိုက်သည်။
" နှုတ်ဆက်ပေမယ့် မမြင်ဘူးရှင့်၊ တကယ် မမြင်တာ "
သူ့လေသံက တိုးသော်လည်း တင်းမာနေ၍ ကျွန်တော် သူ့ကို ငဲ့ကြည့်လိုက်သည်။ ကျွန်တော့်ကို မော့်ကြည့် ပြီး ပြုံးလာ၏။ နောက်မှ ကျွန်တော့်လက်ကို ဖမ်းဆုပ်ပြီး ပြောသည်။
" တော်သေးတာပေါ့၊ ဂျီလိယံက လက်ဦးသွားလို့" တဲ့။ သူ့အမူအရာက ဘယ်သူတွေ သိသိ ဂရုမစိုက်တော့ ပြီဟု ပြောနေသည့် အလား။
မကြာခင် အချိန်အတွင်း ခန်းမတစ်ခုလုံး ကျောင်းသူ ကျောင်းသားများ၏ ပျော်မြူး ရယ်မောသံများဖြင့် ပြည့်လျှံလာသည်။ ဖိတ်ာကားထားသည့် ကျောင်းသူ ကျောင်းသားဟောင်းများနှင့် ကျွန်တော့်ကို မိတ်ဆက် ပေးသည်။
အလွန်ပျော်စရာ ကောင်းသည့် အခမ်းအနား ဖြစ်ပါသည်။ ကျွန်တော်တို့ တစ်တွေ ကကြခုန်ကြသည်။ ပျော် စရာကစားနည်းမျိုးစုံကိုလည်း ကစားကြသေးသည်။ ကျွန်တော်တို့အားလုံး သူတို့နှင့် ရောနှောပျော်ရွှင်နေ ကြသည်။ ဆရာ ၀က်စတန်ပင်လျှင် ရယ်ကာမောကာဖြင့် သူတို့ထဲတွင် ရောပါနေသည်။ သူက ကတတ်သူ မဟုတ်၍ ဓာတ်ပြားဖွင့်ပေးသည့် အလုပ်ကို တာဝန်ယူရင်း အခမ်းအနားအမှူးအဖြစ် တက်ကြွစွာ ဆောင်ရွက် နေသည်။ ညနေပိုင်းတွင် ကျွန်တော့်ကို စီးကရက်တစ်လိပ်ပင် ရက်ရောစွာ တည်နေသေးသည်။ နောင်နှစ် တွင် သည်လို စိတ်ကောင်းကလေးမျိုး ဆက်လက်မွေးနိုင်ပါစေဟု ကျွန်တော် ဆုတောင်းလိုက်သည်။
ကျွန်တော်က အခွင့်အရေးရလျှင် ရသလို ဂျီလိယံနှင့်တွဲကသည်။ စကားလုံးများနှင့် ဖော်ပြမစွမ်းနိုင်သည့် ကြည်နူးဆွတ်ပျံ့မှုတို့ဖြင့် ကျွန်တော့် ရင်ဝယ် တသိမ့်သိမ့် ကြည်နူးလျက် ရှိပါသည်။ ကျွန်တော်တို့နှစ်ယောက် ချစ်နေကြပြီဖြစ်သည့်အကြောင်းကို အားလုံး အကဲခတ်မိလောက်ပြီဟု ကျွန်တော် ယုံကြည်လိုက်၏။ နောက်ပိုင်း ကျွန်တော်နှင့် ကလင်တီ တွဲရသည့် အလှည့်တွင် ဆရာမ က ကောက်ခါငင်ခါ မေးပါလေတော့၏။
" ဆရာ သူ့ကို ကြိုက်နေပြီ မဟုတ်လား၊ မှန်မှန်ပြော"
" ဘယ်သူ့ကို ပြောတာလဲ ဆရာမ "
" အမယ် ... လုပ်မနေပါနဲ့၊ မစ္စဘလင်းချဒ်ကို ပြောတာပေါ့ "
ဆရာမ ကလင်တီ အပါအ၀င် တစ်ကျောင်းလုံး ဂျီလီယံကို မစ္စဘလင်းချဒ်ဟုသာ ခေါ်ကြ၏။ သူနှင့် ရင်းနှီးမှု ရဖို့ တစ်စုံတစ်ရာက တားဆီးနေသည့်နှယ်။
မစ္စဘင်းချဒ် ဘိာဖြစ်လဲ ဆရာမ "
" လုပ်မနေနဲ့ ဆရာ၊ ကျွန်မ ဒီလောက် မအဘူး၊ ကျွန်မ ထင်တဲ့အတိုင်း မှန်ရင်တော့ ဆရာ သိပ်ကံကောင်း တာပေါ့ "
ကျွန်တော် ရယ်ရုံသာ ရယ်နေလိုက်ပါသည်။
သီချင်းတစ်ပုဒ်အပြီးတွင် ဆရာ ၀က်စတန်ဆီသို့ ပါမလာ လျှောက်သွားသည်။ လက်ထဲတွင် ဓာတ်ပြားတစ် ချပ် ကိုင်လျက်။ သူတို့နှစ်ယောက် တီးတိုး တိုင်ပင်ကြသည်။ ပြီးမှ ဆရာဝက်စတန် ကြေညာသည်။
" အခု ဖွင့်မယ့် ကကြိုးတီးလုံးကတော့ "ညအမှောင်၏ ငြိမ်သက်ခြင်း" တေးသွား ဖြစ်ပါတယ် ခင်ဗျာ"
ပါမလာက ခြေဆင်းအပိုဒ်တွင် ခဏဆောင့်ပြီး တေးသံစုံမြူးမြူး ကြွကြွ ထွက်ပေါ်လာမှ ကျွန်တော့်ဆီသို့ လျှောက်လာသည်။ မျက်လုံးများက အရောင်တဖျတ်ဖျတ် တောက်လျက်။ နှုတ်ခမ်းများက လျှို့ဝှက်အပြုံးကို ပြုံးလျက်။
ကျွန်တော်က လက်ဆန့် ကြိုဆိုနေလိုက်သည်။ ကျွန်တော့် ရင်ခွင်ထဲသို့ ပါမလာ ၀င်လာပုံမှာ ဣနြေ္ဒရရပင်၊ သူပိုင်သည့် နယ်မြေတွင် လွတ်လပ်စွာ ပြုမူလှုပ်ရှားနေသည့်နှယ်။ ကျွန်တော်တို့နှစ်ယောက်သည် အတုံ့အ ဆိုင်း မရှိ ဂီတ ရေယဉ်ကြောတွင် လွင့်မျောလိုက်ပါသွားကြသည်။ ပါမလာကလေးသည် ကျွန်တော့် ရင်ခွင် ထဲတွင် နွ့နွဲ့ပျောင်းပျောင်းကလေး စည်းဝါးမှန်မှန် က နေသည်။
လုံးဝ အရွယ်ရောက်နေပြီဖြစ်သည့် ပါမလာ၏ ရင်ခုန်သံကို ကျွန်တော် ကြားနေရပါ၏။ ကျွန်တော့် နှလုံး သားထဲ၊ ကျွန်တော့် ရင်ထဲက ကြားနေရခြင်းဖြစ်ပါ၏။ ကျွန်တော်တို့ ကလို့မ၀ခင် သီချင်းဆုံးသွားသည်။ ကျွန်တော်က သူ့ကို ရင်ခွင်ထမြှ အသာဖယ်ပြီး ...
" ကျေးဇူးတင်ပါတယ် ပါမလာ "
" ကျွန်မ ကျောင်းက ထွက်ပြီးရင် ဆရာနဲ့ လာတွေ့လို့ ရပါတော့မလားဟင် "
" အချိန်မရွေး လာနိုင်ပါတယ် ပါမလာ "
" ကျေးဇူးတင်ပါတယ် ဆရာ၊ ဂွတ်ဘိုင် ဆရာ "
" ဂွတ်ဘိုင် ပါမလာ "
ပါမလာသည် ဆရာဝက်စတန်ဆီမှ ဓာတ်ပြားကို ပြန်ယူပြီး ခန်းမထဲမှ ထွက်သွားလေတော့သည်။
*
နောက်တစ်နေ့မှာ သောကြာနေ့ ဖြစ်၏။ တစ်တန်းလုံး တိတ်ဆိတ် ငြိမ်သက်နေကြသည်။ စာအုပ်ကို ဖွင့်ပြီး နာမည် ခေါ်သည်။ နာမည်တွေကို အစဉ်လိုက် အလွတ်ရနေပြီ။ ကျွန်တော် ကျောင်းရောက်စ နေ့တွင် နာမည် ခေါ်ရင်း ရင်တုန်နေပုံ၊ သူတို့ကို လန့်နေပုံများကို ပြန်သတိရမိသည်။ အချိန်တွေ ဘယ်လို ဘယ်လို ကုန်သွားပါလိမ့်။ ရှစ်လအတွင်းတွင် သူတို့အကြောင်းကို ကျွန်တော် ချေးခါး အူမ မကျန် သိကျွမ်းခဲ့သည်။ ယခုဆိုလျှင် သူတို့နှင့် ကျွန်တော် တစ်သားတည်းလို ဖြစ်နေပြီ။ သူတို့ တစ်တွေ ဘယ်လိုအခါတွင် ဘာပြော မည်၊ ဘယ်လို အခြေအနေတွင် ဘာလုပ်မည်ကိုပင် ကျွန်တော် ကြိုတင် ပြောနိုင်လုနီးပါး ဖြစ်နေပြီ။
သို့သော် သည်နေ့၏ နောက်ပိုင်းတွင် သူတို့အများစုသည် ကိုယ့်ဘ၀လမ်းကို ကိုယ်လျှောက်ကြတော့မည်။ ကျွန်တော်တို့တစ်တွေ တစ်ယောက်နှင့် တစ်ယောက် ခွဲခွာကြရတော့မည်။ ပြန်လည်၍ တွေ့ဆုံခွင့် ရှိကြပါ တော့မည်လား။ ဝေးလံသီခေါင်လျသော နေရာများသို့ ရောက်သွားကြပြီး ကျွန်တော်နှင့် ဘယ်တုန်းကမှ မတွေ့ဖူးသလို ကင်းကွာသွားကြလေမည်လား။
အချို့တပည့်များမှာ ပါရမီဥာဏ်ခံ ရင့်သန်ကြသည်။ ကြိုးစားမှု ရှိကြသည်။ ထို့ကြောင့် သူတို့တစ်တွေ အဆင့်မြင့်မြင့် အောင်ကြသည်။ သူတို့တစ်သိုက်မှာ ဖာမင်၊ ဘာဘရာပက်၊ ဆီးလ်နှင့် ပဲလ်တို့ ဖြစ်ကြသည်။ အချို့ကတော့ ပို၍ ကျပ်တည်းကြသူများဖြစ်၍ မြန်မြန်ငွေရမည့် ဖြတ်လမ်းကို လိုက်ကြရသည်။ ဥပမာ ဆာပီယာနို၊ျင်နီ၊ ပါဆယ် တို့ဖြစ်ကြ၏။ ကျန်တပည့်များကမူ အေးအေးဆေးဆေး နေနိုင်ကြသူများ ဖြစ်၍ ရည်ရွယ်ချက်လည်း မြင့်မြင့်မားမား မရှိကြ။ အတန်းထဲတွင်လည်း ထူးထူးခြားခြား မဆိုးကြပေ။
ဒင်ဟန်နှင့် ပေါ်တာတို့ကတော့ တစ်နှစ်၊ နှစ်နှစ်အတွင်း လုံးလုံး လူလားမြောက်ကြတော့မည်။ မိသားစု အတွက် အလုပ်ကို ကြိုးကြိုးစားစား လုပ်သည့် လူငယ်များ ဖြစ်လာကြမည်။ သို့မှမဟုတ် နိုင်ငံရပ်ခြားတွင် ဘုရင့် အမှုတော်ထမ်း တပ်မတော်သားများလည်း ဖြစ်နိုင်ပါသေးသည်။
နာမည်ခေါ်ပြီးသည်နှင့် မနေ့ညက အကြောင်းများကို သူတို့ စားမြုံ့ပြန်ကြသည်။ အ၀တ်အစား၊ အစား အသောက်၊ ကပွဲနှင့် ဆရာ ဆရာမ အကြောင်း စုံနေအောင် ပြောကြသည်။ အထူးသဖြင့် ဆရာ ဆရာမများက သူတို့ကို တန်းတူရည်တူ နေရာပေးပြီး လူလားမြောက်သူတွေလို ဆက်ဆံခြင်းအတွက် ပိုပျော်နေကြသည်။ တစ်ခါ မှ မကဖူးသည့် ဂျီလီယံ နှင့် ကျွန်တော် တွဲကသည်ကိုလည်း စိတ်ဝင်စားနေကြသည်။
" ဆရာမက ဆရာ့အဆက်လား ဆရာ "
တစ်ဂျက်ဆင်က စပြီး စပ်စုသည်။
" မင်းလည်း မစ္စဘလင်းချဒ်နဲ့ တွဲကသေးတာပဲ မဟုတ်လား၊ ဆရာ သတိထားလိုက်မိပါတယ်၊ ဆရာကလည်း အဲဒီ ဆရာမ ... မင်းအဆက်လားလို့ အောက်မေ့နေတာ "
" ဟာ ... ဆရာကလဲ။ ဆရာ ထင်တဲ့အတိုင်း ဖြစ်ရင် သိပ်နိပ်ပေါ့"
တစ်တန်းလုံး ၀ါးခနဲ ပွဲကျသွားသည်။ ဤသို့ဖြင့်ပျော်စရာအချိန် ကလေးတွေ မကုန်စေချင်ဘဲနှင့် နံနက်ခင်း ကုန်လွန်သွားတော့သည်။
နေ့ခင်းပိုင်း ကျောင်းပြန်တက်တော့ အတန်းကိုကြည့်ပြီး ပြောရမည့် အကြောင်းအရာကို စဉ်းစားနေစဉ် မွိုင် ရာဂျိုးဇက် မတ်တတ်ထရပ်သည်။
" ကျွန်မ အနေနဲ့ စကားနည်းနည်း ပြောခွင့်ပြုပါ ဆရာ၊ ကျွန်မတို့ အားလုံးရဲ့ ကိုယ်စား ပြောမှာပါ ဆရာ၊ ကျွန်မတို့ကို ဒီလို ဖြစ်လာအောင် သွန်သင်ညွှန်ပြဆုံးမခဲ့တာတွေနဲ့ ပတ်သက်ပြီး ကျွန်မတို့ ဆရာ့ကို ကျေးဇူး တင်လို့ မဆုံးဖြစ်နေတယ်ဆိုတဲ့ အကြောင်းပါပဲ "
မွိုင်ရာက ခဏနားပြီး အတန်းကို ခပ်ဖြည်းဖြည်း ဝေ့ကြည့်လိုက်သည်။
" ဆရာ့ဘက်က ကျွန်မတို့ကို သင်ကြားတဲ့နေရာမှာ အခက်အခဲတွေ တစ်ခုပြီးတစ်ခု ကျော်ဖြတ်ခဲ့ ရတယ်ဆိုတာ ကျွန်မတို့ သဘောပေါက်ပါတယ် ဆရာ "
ဒါပေမဲ့ ဆရာဟာ မလျှော့သော လုံ့လနဲ့ နောက်မဆုတ်တမ်း ရုန်းကန်ခဲ့တယ်၊ အဲဒါကြောင့်ပဲ ဆရာကောင်း တပည့်တွေ ဖြစ်လာကြတယ်လို့ ကျွန်မတို့ ယုံကြည်ကြပါတယ်။ ကျွန်မတို့ကို ကလေကချေ ကလေးငယ် တွေလို မဆက်ဆံဘဲ လူရာသူရာသွင်းပြီး တလေးတစား ဆက်ဆံတာကို ကျွန်မတို့ သဘောကျဆုံးပါပဲ။ ဆရာက ကျွန်မတို့အပေါ်မှာ သိပ်ကို ဆရာဝတ်ကျေခဲ့ပါတယ်။ အဲဒါကြောင့် ကျွန်မတို့ တစ်တွေ လက်ဆောင် တစ်ခု အမှတ်တရ ပေးချင်ပါတယ် ဆရာ။ တစ်ဆိတ်လက်ခံဖို့ တစ်တန်းလုံး ကိုယ်စား ကျွန်မ တောင်းပန် ပါတယ် "
ပါမလာဘက်ကို မွိုင်ရာ လှမ်းအချက်ပြပြီး ထိုင်ချလိုက်သည်။ လက်ခုပ်တွေ တဖြောင်းဖြောင်း တီးပြီး သြဘာ ပေးကြသည်။ ပါမလာ မတ်တတ်ထရပ်၏။ လှလှပပ သေသေသပ်သပ် ထုပ်ထားသည့် အထုပ်ကြီး တစ်ထုပ်ကို ကိုင်ပြီး ကျွန်တော့်ဆီ လျှောက်လာသည်။ ကျွန်တော် မတ်တတ်ထပြီး စောင့်နေလိုက်၏။ သူ လျှောက်လာပုံက လှလှပပ ကြွားကြွားဝင့်ဝင့်။ သို့သော် အထုပ်ကို ကျွန်တော့်လက်ထဲ ထည့်ပေးပြီးသည်နှင့် တစ်ပြိုင်နက် ချာခနဲ လှည့် ထွက်ကာ သူ့ခုံဆီသို့ ပြန်ပြေးသွားသည်။ စားပွဲအဖုံးကို ဆွဲဖွင့်ကာ မျက်နှာကို စားပွဲထဲတွင် ၀ှက်ထား လေ တော့သည်။
သြော် ... ပါမလာ ... ပါမလာ၊ သည်တဒင်္ဂတွင် လူကြီး ဆန်ဆန် ပြုမူဖို့ ကြိုးစားရင်း ငယ်စိတ်၏ လွှမ်မိုးမှုကို တစ်ကြိမ် ထပ်ပြီး ခံလိုက်ရခြင်းပါကလား။
ကျွန်တော် က အားလုံးကို ကျေးဇူးတင်ကြောင်း ပြောပြီး ပြန်ထိုင်လိုက်သည်။ ထိုစဉ် အခန်းတံခါးဖွင့်ပြီး ဆရာ ကြီး ခပ်ဖြည်းဖြည်း ၀င်လာသည်။ စောစောက လက်ခုပ်သံများကို ကြားသွားပြီး ရောက်လာဟန် တူ ပါသည်။
လက်ဆောင် အထုပ်ကြီးပေါ်တွင် ကပ်ထားသည့် စာတန်းကို ဆရာကြီးနှင့် ကျွန်တော် ပြိုင်တူ ငုံ့ကြည့်မိကြ သည်။
" ဆရာသို့ ...
အချစ်များစွာဖြင့် "
အောက်တွင် အတန်းသားအားလုံး၏ လက်မှတ်များ စီထိုးထားသည်။ ဆရာကြီးက ကျွန်တော့်ကို ကြည့်ပြီး ပြုံး၏။ ဆရာကြီး၏ ပခုံးပေါ်မှ ကျော်ပြီး ကျွန်တော့်အတန်း၊ ကျွန်တော် ချစ်သော တပည့်များ၊ ကျွန်တော့် ကလေး များကို ငေးကြည့်နေမိလေသည်။
တင်မောင်မြင့်
၂၄-၃-၈၇
နှင်းဆီကုန်း
သုဝဏ္ဏ.
1 comment:
မအားတာနဲ့ဒီနေ့မှပဲဇာတ်သိမ်းနဲ့ရောဖတ်ရတယ်
ရင်ထဲမှာကျန်နေခဲ့တယ်တစ်ခုခုပဲနော်
အမရွှေစင်..ချမ်းမြေ့ပါစေရှင်။
Post a Comment