Wednesday, June 8, 2011

တင်မောင်မြင့် ဘာသာပြန် အချစ်များစွာနဲ့ပါဆရာ အပိုင်း (၁၆)

အခန်း (၁၆)

ဖာမင်တစ်ယောက် တစ်ပတ်လုံးလုံး နှုတ်ဆိတ် ငြိမ်သက်နေသည်။ စိတ်ဓာတ် အကျကြီး ကျနေပုံ။ လက်မှ ဒဏ်ရာ ကြောင့် စာလည်း မရေးနိုင်သေး။ စာဖတ်လိုက်။ ကျွန်တော်တို့ ဆွေးနွေးသည့် သင်ခန်းစာများကို နားထောင်လိုက် နှင့် နေသည်။ ၀င်ရောက် ဆွေးနွေးမြေးမြန်းခြင်းတော့ မရှိ။ သို့သော် တဖြည်းဖြည်းနှင့် ပုံမှန် သို့ ပြန်ရောက်လာသည်။ အလျင်အတိုင်း ပြန်ဖြစ်လာသည်။ အားလုံးနှင့် ပူးပေါင်း လှုပ်ရှားလာသည်။

ထိုအချိန်တွင် ဆရာကြီး၏ ခွင့်ပြုချက်ဖြင့် ကျွန်တော်တို့ ညနေခင်း လေ့လာရေးခရီးများ ဆက်တိုက် ထွက်ဖြစ် ကြသည်။ ဘဲလေးကဇာတ်နှင့် ပြဇာတ်များလည်း ကြည့်ဖြစ်ကြသည်။ ၀င်ဘလေ အားကစားရုံသို့ သွားပြီး နာမည်ကျော် ဟာလင် ဘတ်စကတ်ဘောပွဲလည်း ကြည့်ကြသည်။
ညနေခင်း လေ့လာရေးခရီးမှာ ကိုယ်ထူကိုယ်ထ ဖြစ်လာသည်။ စရိတ်စကများကို ကျွန်တော်တို့ ဘာသာစုပြီး ခံကြသည်။ ခရီးမထွက်ခင် ကုန်ကျစရိတ်ကို တွက်ပြီး ပိုက်ဆံကောက်သည်။ ငွေကောက်ခံရေး ကို ကျောင်းသား တစ်ယောက်အား တာဝန်ပေးထားပြီး အမှားအယွင်းမရှိစေရန် စနစ်တကျ ဆောင်ရွက်စေ ပါ သည်။ ပိုက်ဆံ မထည့်နိုင်သူများအတွက် ကျွန်တော်နှင့် ဆရာကြီးက စိုက်ထည့်ပြီး မလိုက်ရသူ မရှိအောင် စီစဉ် သည်။

အများအားဖြင့် ကျွန်တော်တို့ မီးရထား တွဲလုံး ငှားသွားဖြစ်ကြသည်။ သွားရေးလာရေး ပိုအဆင်ပြေသည်။ စုစု စည်းစည်းနှင့် အထိန်းရ လွယ်ကူသည်။
ဤသို့ အစစ အဆင်ချောနေသဖြင့် ၀ိုင်းဝန်းကူညီမည့် ဆရာမတွေ များလာသည်။ ကျွန်တော်တို့အဖွဲ့က ပုံမှန် လို ဖြစ်လာသောအခါ ရုပ်ရှင်ရုံ၊ ပြဇာတ်ရုံ၊ အာဏာပိုင်တို့က အထူးနှုန်းဖြင့် ကြည့်ခွင့်ကို စီစဉ်ပေးကြ၏။ ကျွန်တော့် ကလေးများ၏ တစ်နေ့တခြား တိုးတက်မှု၊ စုပေါင်းညီညာမှု၊ စည်းကမ်းသေ၀ပ်မှု တို့ကို သူတို့ အသိ အမှတ် မပြုဘဲ မနေနိုင်ကြတော့ပါ။
ဘဲလေး ကဇာတ်ရုံ သို့မဟုတ် ပြဇာတ်ရုံ မသွားမီ ကြည့်မည့် ဇာတ်လမ်းနှင့် ယင်းဇာတ်နှင့် ဆက်နွယ်သည့် သမိုင်းကြောင်းကို သူတို့ ဆွေးနွေးကြသည်။ ကြည့်ပြီး အပြန်တွင်မူ မီးကုန်ယမ်းကုန် ဝေဖန်ကြတော့၏။ သူတို့ ဝေဖန်ရေး များမှာ ထက်မြက်ကြပါပေသည်။

သမားရိုးကျ ပြကွက်များကို ဆန်းသစ်၍ စိတ်ဝင်စားစရာ ဖြစ်အောင် ထဲထဲဝင်ဝင် ထိုးဖောက် ဝေဖန်နိုင်လာ ကြသည်။ သူတို့ကလေးတွေသည် ပြဇာတ်။ ကဇာတ်မျိုးစုံကို အရသာ ခံတတ်လာကြ၏။ ရိုးရာ ယဉ်ကျေးမှု ကို အများ နည်းတူ လက်ခံလာကြ၏။ သည်လိုအချိန်မျိုးတွင် ကျွန်တော်တို့ကျောင်းကို တောရမ်းမယ်ဘွဲ့ ဝေဖန် နေကြသူများ အနားတွင် ရှိစေချင်ပါသည်။
ဝင်ဘလေ အားကစားကွင်း လေ့လာရေးခရီးမှာ ထူးခြားလှသည်။ ဟာလင် ဘတ်စကတ်ဘော အဖွဲ့မှာ အဆင့်မြင့် ကမ္ဘာကျော်အဖွဲ့ ဖြစ်ပါသည်။ သေသပ်လှပစွာ၊ အနုပညာမြောက်စွာ ကစားသွားသည်။ သူတို့ ကစားပုံ မှာ ရံခါတွင် မျက်လှည့်ပြလေသလား အောက်မေ့ရ၏။ ပရိသတ်ကို အသက်ရှူဖို့ မေ့နေအောင်လည်း သူတို့ လုပ်နိုင်ကြ၏။ တစ်ဖက်သင်းကို နောက်ပြောင်ကျီစယ်ကာ လူရွှင်တော်တွေလို သူတို့ လုပ်ပြီး လက် တစ်လုံးခြား ကစားပြခြင်းဖြင့် တ၀ါးဝါး ပွဲကျအောင်လည်း လုပ်နိုင်ကြ၏။

ကျွန်တော့် ချာတိတ်တွေ အူတက်မတတ် ရယ်ကြသည်။ အပြန် ရထားတွဲထဲအထိ စားမြုံ့ပြန်ပြီး သူတို့ ရယ် ကြတုန်း။ နောက်တစ်နေ့တွင် ဟာလင် အသင်းအကြောင်းနှင့် ဘောလုံးသမားများအကြောင်း ကျွန်တော့်ကို ၀ိုင်း မေးကြသည်။
ဘောလုံးသမားများမှာ အများအားဖြင့် တက္ကသိုလ် ကျောင်းသားများ ဖြစ်ကြောင်း ပြောပြတော့ သူတို့ တအံ့ တသြ ဖြစ်နေကြသည်။ သူတို့ သိထားသည့် အမေရိကန် နီဂရိုးများမှာ အများအားဖြင့် ရုပ်ရှင် ပိတ်ကားပေါ်မှ အောက်တန်းစား နီဂရိုးများဖြစ်သည်။ နီဂရိုးလူမျိုးတွေကို ခေတ်ပညာတတ်ဟု သူတို့ မမြင် နိုင်ကြပေ။

မည်သို့ဖြစ်စေ ကျွန်တော် ရှင်းပြတော့လည်း သူတို့ တဖြည်းဖြည်း သဘောပေါက်လာကြသည်။ လူသား အချင်းချင်း ကြည့်မြင်ရမည့် ရှုထောင့် အသစ်ကို သူတို့ မြင်လာကြပါပြီ။
တစ်နေ့ မနက်ခင်း အားလပ်ချိန် အပြီးတွင် ဆရာကြီး ကျွန်တော့် အခန်းသို့ ပေါက်ချလာသည်။
" ဆရာ့ရုံးခန်းထဲမှာ အမျိုးသမီးတစ်ယောက် ရောက်နေတယ်၊ ဆရာဘရိတ်ဝိတ်နဲ့ တွေ့ချင်လို့တဲ့ "
ကျွန်တော့် ဘက်ကို မျက်နှာမူပြီး အတန်းကို ကျောပေးကာ အသံခပ်အုပ်အုပ်ဖြင့် ပြောသည်။

" မိဘ တွေကို ဆရာ့ကျောင်းက ဆရာတွေနဲ့ ကျောင်းမှာ တိုက်ရိုက်တွေ့ဆုံခွင့် ဆရာ မပေးဘူး။ ဒါပေမဲ့ လာရင်း ကိစ္စ ကို သိရတော့ ဆရာ့အူအညီလိုနေကြောင်း ထင်ရှားနေတယ်။ သွားတွေ့လိုက်ပါ၊ အတန်းကို ဆရာ ဆက်ဝင်ထားလိုက်မယ် "
ဆရာကြီး ရုံးခန်းထဲသို့ ကျွန်တော် လှမ်းဝင်သွားသည်။ အရပ်မြင့်မြင့်၊ ၀တ်ကောင်းစားလှနှင့် အမျိုးသမီးတစ် ယောက်ကို ကျွန်တော် တွေ့ရသည်။ ပြတင်းပေါက်တွင် ရပ်ပြီး အပြင်သို့ ငေးကြည့်နေ၏။ ကျွန်တော့်ဘက် လှည့် လိုက်သည်နှင့် ဘယ်သူ ဘယ်ဝါဆိုတာ ကျွန်တော် တန်းသိလိုက်၏။ နီညိုရောင် ဆံပင်က တလက်လက်၊ အသားအရေမှာ ဖြူစင်ဝင်းသန့်သည်။ မျက်နှာပေါက်ကလညး တစ်ဖြတ်တည်း။ မာနခဲ ပုံစံ မျိုး။ သေချာ ပါသည်။ ပါမလာ့ အမေပဲ ဖြစ်ရမည်။

မျက်နျာချင်းဆိုင် ရပ်ပြီး ကျွန်တော်တို့ လက်ဆွဲနှုတ်ဆက်ကြသည်။
" ကျွန်တော် ဘရိတ်ဝိတ်ပါ၊ ဆရာကြီးက လွှတ်လိုက်လို့ပါ။ ကျွန်တော့်ကို တွေ့ချင်တယ်ဆို "
" ဟုတ်ကဲ့ ဆရာ၊ ကျွန်မ မစ္စက်ဒဲယားပါ၊ ပါမလာ့ အမေပါ၊ သမီးကိစ္စ တိုင်ပင်ချင်လို့ပါ ဆရာ "
ဘုရား...... ဘုရား၊ ကျွန်တော့်ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။ ဘယ်လို ကိစ္စမျိုးများပါလိမ့်။

" ကျွန်မ သိပ်စိတ်ပူနေရပါတယ်၊ ဆရာပြောရင်တော့ သူနားထောင်မယ် ထင်ပါတယ်။ ဆရာ့ကို သူ သိပ် လေးစား ပါတယ် ဆရာ "
ကျွန်တော့်နားကို ကျွန်တော် မယုံနိုင်အောင်ပင်။ ရင်ခုန်လျက်ကပင် ပြန်မေးရပါသည်။
" ဘယ်လို ကိစ္စမျိုးပါလဲ မစ္စက်ဒဲယား"
လှပတင့်တယ်သည့် အမျိုးသမီး၏ မျက်နှာကလေးမှာ ဖြူရော်ရော် ဖြစ်နေသည်။ ညိုးငယ်နေသည်။
" သူ ခုတလော အိမ်ပြန်သိပ်နောက်ကျတယ် ဆရာ၊ တစ်ခါတလေ ည ၁၁ နာရီကျော်မှ ပြန်လာတယ်။ ဘယ်သွားတယ်၊ ဘာလုပ်တယ် ဆိုတာလည်း မေးလို့မရဘူး ဆရာ။ ကျွန်မ ဘာဆိုလိုတယ်ဆိုတာ ဆရာ နားလည် ပါတယ်နော်။ တစ်ခုခု ဖြစ်သွားမှာ ကျွန်မ သိပ်စိတ်ပူနေတယ် ဆရာ၊ ဘာဆက်လုပ်ရမှန်းလဲ မသိဘူး"

ပြောနေရင်း နှုတ်ခမ်းတွေ တဆတ်ဆတ် တုန်လာသည်။ လက်တစ်ဖက်က ပိုးလက်အိတ်ကလေးကို ခြေမွ နေသည်။
" ကျွန်တော် ဘာလုပ်ပေးရမလဲ မစ္စက်ဒဲယား၊ ကျွန်တော်က သူ့ရဲ့ အတန်းပိုင်ဆရာပါ၊ တကယ်က ကျောင်း အုပ်ကြီး ... " အမျိုးသမီးက ကြားဖြတ်ပြီး -
" မဟုတ်ဘူး ဆရာ၊ ဆရာပြောမှ ရမှာပါ၊ စောစောပြန်ဖို့ ဆရာပြောပေးရင် သူ လိုက်နာမှာပါ၊ ဆရာ့ကို သူ ဘယ်လောက် လေးစားတယ်ဆိုတာ ကျွန်မ အသိဆုံးပါ၊ သူတို့ သူငယ်ချင်းတွေ အိမ်မှာဆုံကြရင် ဆရာ့ အကြောင်း ပဲ သူတို့ ပြောကြတာပါ ဆရာ "
" ပါမလာ အဖေကကော၊ သူ တစ်ခုခု လုပ်မပေးနိုင်ဘူးလား "

" ဂျင်မီ မရှိတော့ပါဘူး ဆရာ၊ ၁၉၄၃ ခုနှစ်မှာ ကျဆုံးခဲ့ပါတယ်။ ပါမလာ ရှစ်နှစ်သမီးပေါ့။ ဂျာမနီမှာ ပစ်ချခံရ တာလေ။ သူက လေသူရဲပါ။ ဆရာလည်း လေသူရဲ တစ်ဦးပဲလို့ ပါမလာ ပြောတယ်၊ ဟုတ်ပါ သလား ဆရာ"
" မှန်ပါတယ် မစ္စက်ဒဲယား "
" ဒါကြောင့် ဆရာ့ကို သူ သိပ်တွယ်တာနေတာလေ၊ ဆရာ ပြောရင် သူ မြေ၀ယ်မကျ နားထောင်မှာပါ "
အသံ တိမ်ဝင်သွားသည်။ မျက်ရည် ကျလုမတတ် ဖြစ်နေ၏။ ကျွန်တော်က ခပ်သွက်သွက် ထ သွားပြီး စိတ်မပူ ဖို့အကြောင်း၊ ကျွန်တော် အတတ်နိုင်ဆုံး အကူအညီပေးမည့်အကြောင်း ပြောပြီး ကျောင်းအောက်ကို လိုက်ပို့ လိုက်သည်။

အခန်းထဲကို ကျွန်တော် လှမ်းဝင်သွားတော့ ဆရာကြီး ကျွန်တော့်ဆီ လျှောက်လာသည်။
" ပြန်သွားပြီလား " " ဟုတ်ကဲ့ ဆရာကြီး "
" ဆရာ ကလေးမနဲ့ ပြောဖို့ ဆုံးဖြတ်ပြီးပြီလား " " ဟုတ်ကဲ့ ဆရာကြီး၊ ကျွန်တော် ရှောင်လို့ မရတော့ဘူးလေ "
" ဟုတ်ပြီ၊ ဒါ လုပ်သင့်ပါတယ်၊ သူ့အမေအတွက် မဟုတ်ဘူး၊ ပါမလာ့အတွက် ပိုအရေးကြီးတာ "

နေ့လယ်စာ စားချိန်တွင် ကျောင်းသားတွေ ဆင်းသွားကြစဉ် ပါမလာ့ကို ကျွန်တော် လက်ယပ်လှမ်းခေါ် လိုက်သည်။ ညနေ ကျောင်းဆင်းချိန်တွင် ခဏ တွေ့ချင်ကြောင်း ပြောတော့ ပါမလာက လုံးဝ အံ့သြဟန် မပြဘဲ -
" မေမေ ဆရာနဲ့ လာတွေ့သွားပြီ မဟုတ်လား"
" ဟုတ်တယ် မစ္စဒဲယား၊ လာသွားတယ် "
" ကောင်းပါပြီ ဆရာ "
" ဒီမယ် မစ္စဒဲယား၊ ဆရာ ကြားဝင် ဆွေးနွေးတာကို လက်မခံနိုင်ဘူးဆိုရင် ပွင့်ပွင့်လင်းလင်း ပြောနော် "
" အို ဆရာကလည်း မဟုတ်တာ ကိစ္စမရှိပါဘူး "
" ဟုတ်ပြီ၊ ဒါဆို ကျောင်းဆင်းမှ ဆရာတို့ အေးအေးဆေးဆေး ပြောကြတာပေါ့ "

ဆရာများ အခန်းတွင် ကျွန်တော်နှင့် ဂျီလီယံ နှစ်ယောက်ထဲ နေ့လယ်စာ စားကြစဉ် မနက်ပိုင်းက အဖြစ် အပျက်ကို ပြောပြလိုက်သည်။ ဂျီလီယံ ငြိမ်ပြီး နားထောင်နေ၏။ ပြီးမှ ဝေဖန်ချက် ပေးသည်။
" ရစ်ကီ က တပည့်တွေနဲ့ သိပ်ရောတာပဲ "
" ကိုယ်တို့အားလုံး ကလေးတွေနဲ့ တစ်သားတည်း နေကြတာပဲ မဟုတ်လား ဂျီလီယံ "
 " ရှင်က သူများထက်ကို ပိုပါတယ် "
" ဒါဖြင့် မင်းကကော ဂျီလီယံ "
" အဲလောက် မဟုတ်ပါဘူး၊ ကျွန်မက ဒီအလုပ်ကို အချိန်ပုနေလို့ ၀င်လုပ်တာပဲ၊ ၀ါသနာ ပါလွန်းလို့မှ မဟုတ် တာ "

" ကိုယ်လည်း အတူတူပါပဲ ဂျီလီယံ၊ မတော်တဆ ကျောင်းဆရာ ဖြစ်လာတာပါ၊ မိုးအေးအေးနဲ့ တစ်နေပမှာ အဲဒီဝမ်းနည်းစရာ ဇာတ်လမ်းကို ကိုယ် ပြောပြပါ့မယ် ဂျီလီယံ"
" မိုးတွေ စွေနေတဲ့နေ့မှာ တွေ့ဖြစ်ကြရင်လည်း ၀မ်းနည်းဆရာ ဇာတ်လမ်းတွေ မကြားပါရစေနဲ့ ရစ်ကီရယ်၊ အဲဒါ ထားပါလေ၊ ဒီကလေးတွေကို ရှင် သိပ်သံယောဇဉ် ကြီးတာပဲလား ရစ်ကီ "
" ဟုတ်တယ် ဂျီလီယံ၊ သူတို့ကလေးတွေတင် မကဘူး၊ ဆရာကြီးကိုရော၊ ကလင်တီကိုရော၊ ဂရေ့စ်နဲ့ မစ္စက်ဒရူးကိုရော ... အားလုံးဆိုပါတော့လေ
" ဟဒါပေမဲ့ ဂျိုစီဒေါစ်နဲ့ သူ့အဆက် ဆရာမကလေးကတော့ ဘယ်သူ့ကိုမှ ပြန်ပြီး စိတ်မ၀င်စားပါဘူး "

" အေးကွာ ... အဲဒီနှစ်ယောက် တစ်မျိုးပဲနော် "
" အဲဒါ သက်သက်ညှာညှာ ပြောတဲ့နည်း၊ အဲဒီထက် သရုပ်ပေါ်တဲ့ စကားလုံးတွေနဲ့ နာမည်တပ်လို့ ရသေးတယ် "
ကျွန်တော် သူ့ကို အထိတ်တလန့် လှမ်းကြည့်မိသည်။ သည်နှစ်ယောက်ကို ဂျီလီယံ ထင်သလို တစ်ခါမှ ကျွန်တော် တွေးမကြည့်ဖူးခဲ့။
" ဟာ သေတော့မှာပဲ၊ မင်း တကယ်ပဲ အဲဒီလို ထင်သလား ဂျီလီယံ "

" ဘာထင်စရာလိုလဲ ရှင်ရဲ့၊ ရှင်းနေတာပဲဟာ၊ တစ်ယောက်လက် တစ်ယောက် ကိုင်ပြီး တစ်ချိန်လုံး တိုးတိုးနဲ့။ တော်ပါပြီ၊ ဒီအကြောင်း ပြောရတာ ကျက်သရေ မရှိပါဘူး "
" ဒါပေမဲ့ သူတို့နှစ်ယောက်စလုံးဟာ အသင်အပြကောင်းတဲ့ ဆရာမတွေပဲ "
" ဒါတော့ ဟုတ်ပါတယ်၊ ကလေးတွေကိုလည်း မထိခိုက်ကြပါဘူး "
" ဟော ... စကားထဲက ဇာတိပြလာပြီ၊ ကလေးတွေကို မင်းလည်း သံယောဇဉ်ရှိပါတယ် ဂျီလီယံ"
ဂျီလီယံ ခုမှ ပြုံးသည်။

" ရစ်ကီဟာ ခုထက်ထိ သူများကို နားမလည်သေးဘူး၊ ထားပါလေ၊ အရေးကြီးတာ တစ်ခုပြောမယ်၊ အဲဒီ ပါမလာ ဆိုတဲ့ ကောင်မလေးကို ကောင်းကောင်း သတိထား၊ ရှင့်အပေါ်မှာ တကယ်ညွတ်နေတယ်။ ကျွန်မ တစ်ချိန်လုံး အကဲခတ်နေတာ၊ သူ့ကို ကလေးလေးလို သဘောထားနေရင် ရှင် မှားမှာပဲ ရစ်ကီ "
" ကောင်းပါပြီဗျာ၊ ကျွန်တော်မျိုး သတိထားပါ့မယ် "
အခန်းထဲသို့ ဆရာ ၀က်စတန်နှင် ဆရာမတစ်သိုက် ပြန်ဝင်လာကြသည်။ ဆရာ ၀က်စတန်က ရောက်မဆိုက် ကျွန်တော့် ကို လှမ်းမေးသည်။
" မနက်က ပါမလာ့အမေကို မြင်လိုက်ပါတယ်၊ ဘာပြဿနာ ဖြစ်ပြန်ပြီလဲ ဆရာ"
" ဘာဖြစ်လို့ ပြဿနာ ဖြစ်ရမှာလဲ "

" သြော် ... ကျောင်းသားမိဘတွေ လာရင် ပြဿနာ ပါလာတတ်လို့ပါ "
ဆရာမ ကလင်တီက စိတ်ဝင်စားလာဟန်ဖြင့် ၀င်မေးသည်။
" ဘာအကြောင်းထူးလို့လဲ ဆရာ "
" ဘာမှ မထူးပါဘူး၊ ဆရာကြီးဆီ လာတွေ့တာ ဖြစ်မှာပေါ့ "
ကျွန်တော်က သည်အကြောင်း မဆွေးနွေးချင်သည်နှင့် တိုတို တုတ်တုတ် ဖြေလိုက်သည်။
" လှတယ်မဟုတ်လား ဆရာ "
" မသိဘူးလေ၊ မြင်လိုက်တဲ့ ဆရာဝက်စတန်ကို မေးပေါ့ "

သူ့ကို စကားဝိုင်းထဲ ပြန်ဆွဲသွင်းလိုက်သဖြင့် ကျေနပ်သွားဟန်ဖြင့် ဆရာဝက်စတန်က -
" တချို့ ယောက်ျားတွေအတွက်တော့ သွားရည်ယိုစရာပေါ့ "
" ယောက်ျားတို့အကြောင်းကို ဆရာ စလာ ပြန်ပြီနော် "
ဆရာမ ကလင်တီက ထုံးစံအတိုင်း ဆရာ ၀က်စတန်ကို ဒေါက်ဖြုတ်ဖို့ ကြိုးစားပြန်သည်။ သို့သော် သည်ဆရာ၏ စုတ်စုတ်ချာချာ ဟာသများကိုဆက်နားမထောင်ချင်သည်နှင့် အခန်းထဲမှ ကျွန်တော် ထွက်ခဲ့ သည်။
*
ညနေပိုင်း ကျောင်းဆင်းသွားပြီးနောက် ကျွန်တော့်အခန်းထဲတွင် ပါမလာနှင့် ကျွန်တော် နှစ်ယောက်ထဲ ကျန် ခဲ့သည်။
" မင်းအတွက် မင်းအမေ သိပ်စိတ်ပူနေတယ် မစ္စဒဲယား "
" ဆရာ ကျွန်မ ကို ပါမလာလို့ မခေါ်နိုင်ဘူးလားဟင် "
တောင်းတောင်း ပန်ပန် ပြောပုံက တည်ငြိမ်အေးဆေးသည်။
" ကောင်းပြီ ပါမလာ၊ မင်း အိမ်ပြန် သိပ်နောက်ကျတယ်ဆို "
" အဘွားအိမ်ကို သွားနေတာပါ ဆရာ "

" ဒါလောက် ညဥ့်နက်ကြီးနေတယ် ဟုတ်လား "
" အိမ်နဲ့ သိပ်မဝေးပါဘူး ဆရာရဲ့၊ လမ်းထိပ်တင်ပါ "
" ဒါဆိုလည်း အမေ့ကို ပြောသွားဖို့ ကောင်းတာပေါ့ "
" အမေက ကျွန်မကို ဂရုစိုက်တာ မဟုတ်ပါဘူး ဆရာရယ်၊ သူ့အပေါင်းအသင်းတွေလောက်သာ ဂရု စိုက်တာပါ"
" အဲဒါတော့ မဟုတ်ဘူး ပါမလာ၊ မင်းကို ဂရုမစိုက်ရင် ကျောင်းကို လိုက်လာပါ့မလား"
ပါမလာ ဘာမှ မပြောဘဲ ငြိမ်နေသည်။

" မင်းမှာ ဘာအခက်အခဲရှိနေလဲ ပါမလာ၊ ဆရာ့ကို ပြောလေ၊ ဒါမှမဟုတ် မင်းမှာ ဘာများ သောက ရောက်စရာ ရှိနေလဲ "
ခေါင်းယမ်းပြီး ဖြေသည်။
" ကျောင်းက အလုပ်တွေနဲ့ ဘာမှ မဆိုင်ပါဘူး ဆရာ၊ ဒါပေမဲ့ အတန်းထဲမှာ အချင်းချင်း အတင်းပြောကြ တယ်၊ အဲဒီအထဲ မှာ ဘာဘရာတောင်ပါတယ် ဆရာ "
" မင်း ဘာကြောင့် အဲဒီလို ထင်ရတာလဲ ပါမလာ၊ ပြဿနာရှိရင် ဆရာ့ကို ပြောနော် "
ခေါင်းယမ်းပြီး ပြတင်းပေါက်အပြင်ကို ငေးနေသည်။ ကျွန်တော် စိတ်မကောင်းဖြစ်သွားသည်။ ဆက်မေးနေဖို့ ခက်နေသည်။ သူ့သိက္ခာကို ထိပါးမည့် မေးခွန်းမျိုးကိုလည်း ကျွန်တော် မမေးလိုပါ။ သူ့ သီး ခြားဘ၀ထဲသို့ ကျွန်တော် ချဉ်းနင်း ၀င်ရောက်ခြင်း မပြုလိုပါ။ ထို့ကြောင့် ကျွန်တော် ထပ်မေးမိပြန်သည်။

" မင်းကိုယ်ရေးကိုယ်တာကို ဆရာ ၀င်စွက်ရာများ ကျနေပြီလား ပါမလာ "
" အို ... မဟုတ်ပါဘူး ဆရာ၊ မဟုတ်ပါဘူး၊ ပါမလာ အဲဒီလို မထင်ပါဘူး ဆရာရယ် "
ဤသို့ အစချီကာ ကြေကွဲဖွယ် ဇာတ်လမ်းတစ်ပုဒ် ထွက်ပေါ်လာ၏။
မစ္စတာဒဲယား လေကြောင်းတိုက်ပွဲတွင် ကျဆုံးပြီးနောက် သားအမိ နှစ်ယောက် အပြန်အလှန် အားကိုးကာ စည်းစည်းလုံးလုံး ချစ်ချစ်ခင်ခင် ရှိခဲ့ကြ၏။ သွားအတူ လာအတူ။ သည်လိုနှင့် ပါမလာ အရွယ်ရောက်လာ သည့် အခါ သားအမိနှင့် မတူဘဲ ညီအစ်မလို ဖြစ်လာ၏။ အိမ်မှုကိစ္စ ဆောင်ရွက်နိုင်သည့် အရွယ်သို့ ပါမလာ ရောက်လာသည်နှင့် မစ္စက်ဒဲယားက ကုန်ပဒေသာဆိုင် တစ်ဆိုင်တွင် လက်ထောက်ဆိုင်ထိုင် ၀င်လုပ် သည်။

သားအမိ နှစ်ယောက်ကြားမှ ကြည်နူးဖွယ် ဆက်ဆံရေးမှာ မကြာသေးမီ အချိန်ထိ တည်တံ့နေခဲ့သေးသည်။ သို့သော် တဖြည်းဖြည်းနှင့် မိန်းမချော မုဆိုးမ မစ္စက်ဒဲယား၏ အနီးတွင် ယောက်ျားမိတ်တွေတွေ ၀ိုင်းဝိုင်း လည်လာသည်။ အိမ်နီးနားချင်းများ မေးငေါ့ အတင်းဆိုသည်အထိ ဖြစ်လာသည်။
ပြီးခဲ့သည့် ကျောင်းပိတ်ရက်အတွင်း အခြေအနေတွေ ပိုဆိုးလာသည်။ ပါမလာ့ကမ္ဘာကလေး သွက်သွက်ခါ သွားလေပြီ။ သို့သော် ပါမလာက ဘယ်သူမှ ဖွင့်မပြောဘဲ ကျိတ်ခံသည်။
" မင်းရင်ထဲမှာ ဘယ်လို ခံစားနေရတယ်ဆိုတာ မင်းအမေကို ဖွင့်မပြောဘူးလား ပါမလာ "
" စောစောပိုင်းက ကျွန်မ ပြောပါသေးတယ် ဆရာ၊ အမေ လုံးဝ ဂရုမစိုက်ပါဘူး "

" မင်းအဘွားကကော အိမ်ကို တမင်နောက်ကျပြီး ပြန်တဲ့အကြောင်း မသိဘူးလား "
" တစ်ခါတလေ အမေက နောက်ကျမှ ပြန်ရောက်တယ် ဆရာ။ ကျွန်မ တစ်ယောက်တည်း အိမ်မှာနေဖို့ မသင့်ဘူး လို့ အဘွားက ထင်တယ်လေ "
" ဒါဆိုရင်တော့ ဆရာ့အနေနဲ့ လုပ်ပေးနိုင်တာ သိပ်မရှိဘူးထင်တယ် ပါမလာ "
" ဆရာ အိမ်ကိုလာပြီး မေမေနဲ့ ဆွေးနွေးကြည့်ရင်ကော ဟင် "
" အကြောင်းထူးပါ့မလား ပါမလာရယ် "
" အကြောင်းထူးမယ် ထင်ပါတယ် ဆရာ "

" ကောင်းပြီလေ၊ မင်းအမေ အိမ်မှာ ဘယ်အချိန် ရှိတတ်လဲ "
" ဒီနေ့ ၆ နာရီ ၁၅ လောက် ပြန်ရောက်မှာပါ "
" ကောင်းပြီ၊ ဆရာ လာခဲ့မယ်လို့ ကြိုပြောထားလိုက်၊ ဟုတ်ပြီလား "
" ဟုတ်ကဲ့ ဆရာ"
ဒီနေ့အဖို့ ပထမဆုံးအကြိမ် ပြုံးသည်။ ကုလားထိုင်ကို နေရာပြန်ချပြီးမှ ပါမလာ အခန်းထဲက ထွက်သွားသည်။
ဆရာများအခန်း ကို အနွေးထည်ယူဖို့ ကျွန်တော် ၀င်ခဲ့သည်။ ဂျီလီယံ ကျွန်တော့်ကို ထိုင်စောင့်နေ၏။ ဆီးမေးသည်။

" ဘယ်လိုလဲ "
" ဒီညနေ သူ့အမေနဲ့ လိုက်တွေ့ရဦးမယ် ဂျီလီယံ "
" ဘာအတွက်လဲ ရစ်ကီ"
" ပါမလာက တောင်းပန်တယ်လေ၊ သူ့အမေနဲ့ ဆွေးနွေးပေးပါတဲ့ "
" ဘယ်မှာ ဆွေးနွေးမှာလဲ "
" သူတို့ အိမ်မှာပဲပေါ့ "
" စဉ်းစဉ်း စားစားလည်း လုပ်နော် ရစ်ကီ၊ အဓိပ္ပာယ်ရှိပါ့မလား "

" အကျိုးထူးလိမ့်မယ်လို့တော့ ကိုယ် ယုံကြည်တယ် ဂျီလီယံ "
ဂျီလီယံ ခဏငြိမ်နေသည်။ ပြီးမှ -
" ရစ်ကီ၊ ဒီကျောင်းမှာ ကြာကြာလုပ်ဖို့ စိတ်ကူးရှိသလားဟင် "
" ကိုယ်တော့ ဒီကျောင်းက တခြားပြောင်းဖို့ စိတ်ကူးမရှိဘူး ဂျီလီယံ၊ ဘာပြုလို့လဲဟင် "
" ဒါထက်ကောင်းတဲ့ ကျောင်းမှာ ရနိုင်သားပဲ၊ အားလုံးက ရစ်ကီကို ဆရာကောင်းတစ်ယောက်လို့ အသိ အမှတ်ပြုထားပြီပဲ၊ ဒီမှာ ဆက်လုပ်နေလို့ ဘာတက်လမ်း ရှိမှာလဲ "
" ကိုယ့်ရဲ့ ကျောင်းဆရာသက်ဟာ လပိုင်းပဲ ရှိပါသေးတယ် ဂျီလီယံရယ်၊ ဆရာကောင်းတစ်ယောက် ဖြစ်နိုင် မဖြစ်နိုင် ပြောဖို့ စောပါသေးတယ် "
" ဘာပြုလို့ ကိုယ့်ကိုယ်ကိုယ် ဒါလောက် နှိမ့်ချနေရတာလဲ"

" တကယ်ပြောတာပါ ဂျီလီယံ၊ ဒီကလေးတွေနဲ့ ကိုယ် အဆင်ပြေပေမယ့် တခြားကလေးတွေနဲ့ ပြေချင်မှ ပြေမှာပေါ့။ ကိုယ်တော့ ဒီမှာပဲ ဆက်နေချင်တယ်၊ ဘယ်ကိုမှ ပြောင်းဖို့ မစဉ်းစားခင် ကိုယ့်ကိုယ်ကိုယ် သင်ချင်သေးတယ် "
နာရီကို ငုံ့ကြည့်လိုက်ပြီး -
" ကိုယ် သွားမှ ထင်တယ် ဂျီလီယံ "
" သတိတော့ထားနော် ရစ်ကီ "
" စိတ်ချပါ ဂျီလီယံရယ် "
*
ပါမလာတို့ သားမိသည် အိမ်ကို အစက်အပြောက်ကလေးမျှ မထင်အောင် တိုက်ချွတ် သန့်ရှင်းထားကြ သည်။ ပါမလာက တံခါးဖွင့်ပေးသည်။ မစ္စက်ဒဲယားက ကျွန်တော့်ကို ဆီးကြိုနှုတ်ဆက်သည်။ သားအမိနှစ် ယောက်ကြား မှ တင်းမာမှုကို ကျွန်တော် ရိပ်မိလိုက်၏။ သုံးယောက်သား ထိုင်မိသည်နှင့် -
" ပါမလာက ကျွန်တော့်ကို ဖိတ်တာနဲ့ ကျွန်တော် ရောက်လာတာပါ မစ္စက်ဒဲယား၊ အေးအေးဆေးဆေး စကား ပြောကြတာပေါ့၊ သူ ကျွန်တော့်ကို ဘာမှ များများမပြောပါဘူး၊ ကိုယ်ရေးကိုယ်တာ ကိစ္စမှာ ကျွန်တော် ၀င်စွက်တယ် ထင်ရင် ကျွန်တော့်ကို ပြောနော်၊ ကျွန်တော် သဘောပေါက်ပါတယ် "

" အို ... အဲဒီလို မထင်ပါဘူး ဆရာရယ် "
သမီးလုပ်သူဘက် လှည့်ပြီး -
" သမီး လက်ဖက်ရည် ဖျော်ကွယ်၊ သမီးဆရာကို မေမေ လွတ်လွတ် လပ်လပ် ပြောချင်တယ် "
ကျောင်းသားမိဘတွေပါ ကျွန်တော့်ကို ဆရာဟု နှုတ်ကျိုးနေကြပြီ။ ပါမလာ ခပ်ယို့ယို့ကလေး ထွက်သွား သည်။ မစ္စက်ဒဲယား စကားစ၏။
" အားလုံးဟာ ကျွန်မအပြစ်တွေပါ ဆရာ၊ သမီးကလေး မျက်နှာမဖော်ရဲအောင် လုပ်သလို ဖြစ်နေပြီဆရာ"
" အကျိုး အကြောင်း ပြောပြပါဦး မစ္စက်ဒဲယား "

" ဒီိုပါ ဆရာ။ ပါမလာက ချော့ဝဲလ်မှာရှိတဲ့ သူ့အဖေအမျိုးတွေဆီကို သွားလည်ချင်နေတာ ကြာပါပြီ၊ ကျွန်မ လည်း ခွင့်ပြုလိုက်တယ်၊ စကားဘာရိုအထိ ကျွန်မ လိုက်သွားပြီး သားအမိနှစ်ယောက် တစ်ပတ်တိတိ ပျော် ပျော် ပါးပါး နေကြတယ်၊ ပြီးမှာ ချော့ဝဲလ်ကို လိုက်ပို့ညပီး ကျွန်မ ပြန်လာခဲ့တယ်။
" ကျွန်မလည်း တစ်ခါတလေ လွတ်လွတ်လပ်လပ် နေချင်သေးတယ်လေ၊ ဆရာ နားလည်မှာပါ၊ ကျွန်မမှာ မိတ်ဆွေတစ်ယောက် နှစ်ယောက် ရှိပါတယ်ဆရာ၊ အတွဲ ဆိုပါတော့။ သမီးက စာနှစ်စောင် ရေးတယ်၊ ဟိုမှာ ပျော်နေ တဲ့ အကြောင်းတွေပေါ့။

" ဗုဒ္ဓဟူးနေ့မှာ ကျွန်မ မိတ်ဆွေတစ်ယောက်ကို လက်ဖက်ရည်သောက်ဖို့ အိမ်အထိ ကျွန်မ ခေါ်လာမိပါ တယ်၊ ဒီကိစ္စမျိုးမှာ တစ်ဆင့်ပြီးရင် နောက်တစ်ဆင့် တက်သွားတတ်တာ ဆရာလည်း နားလည်မှာပါ၊ သူက အဲဒီည မပြန်တော့ဘဲ ဒီမှာ အိပ်ဖို့ ပူဆာတယ် "
လက်ထဲမှ လက်ကိုင်ပုဝါကလေးကို လုံးထွေ ခြေမွနေ၏။ မျက်ဝန်းထဲတွင် မျက်ရည်တွေ ပြည့်လျှံလာသည်။ ပါးပေါ်သို့ တလိမ့်လိမ့် စီးကျလာသည်ကို သုတ်ဖို့ သတိရဟန်မတူ။ ယူကျုံးမရ တသသ ဖြစ်နေပုံ။
" ပါမလာ ပြန်ရောက်လာတော့ ကျွန်မတို့ အိပ်ပျော်နေကြတယ်၊ သူ့မှာ သော့တစ်ချောင်းရှိတာကိုး။ သူက ... သူက အမေ့ကို အောက်မေ့လို့ ပြန်လာတာတဲ့ ဆရာရယ် "
အသံပျောက်သွားပြီး တစ်ချက်၊ နှစ်ချက် ရှိုက်ပြီးမှ စကားဆက်နိုင်သည်။

" သမီးက ကျွန်မ အ့သြသွားအောင် တိတ်တိတ်ကလေး ပြန်လာတာတဲ့လေ။ ပြန်ရောက်တော့ ... အဲဒီ အတိုင်း တွေ့သွားတယ် ဆိုပါတော့ ဆရာရယ်၊ ကျွန်မ အခန်းမီးကို သူ ဖွင့်လိုက်တော့ ကျွန်မ လန့်နိုးသွား တယ်။ ဆရာရယ် ... သမီးလေးရဲ့ မျက်နှာ ဖြစ်သွားပုံကို ကျွန်မ တစ်သက် မေ့နိုင်တော့မှာ မဟုတ်ပါဘူး၊ ကျွန်မကို တစ်ချက် စိန်းစိန်းကြည့်ပြီး သူ့အခန်းထဲ ပြန်ပြေးဝင်သွားပြီး တံခါးချက် ချထားလိုက်တယ်။

" ကျွန်မလည်း အမျိုးသားကို ကမန်းကတန်း နှိုး၊ အ၀တ် ၀တ်ခိုင်းပြီး ချက်ချင်း ထွက်သွားခိုင်းပါတယ်၊ သမီး အခန်း ထဲကို ၀င်ဖို့ ကြိုးစားပါတယ်၊ ဖွင့်မပေးဘူး ဆရာရယ် ... "
အမျိုးသမီး၏ အသံ တဖြည်းဖြည်း တိမ်ဝင်သွားသည်။ ကျွန်တော် ရှေ့ကိုင်းပြီး မနည်း နားထောင်ရသည်။
" နောက်တစ်နေ့မှာ ကျွန်မ သူ့ကို ရှင်းပြဖို့ ကြိုးစားပါတယ်။ သူ ကျွန်မကို စကားတစ်ခွန်းမှ ပြန်မပြောဘဲ ငိုချည်း ပဲ နေနေတယ် ဆရာ။ သမီးလေးနဲ့ ကျွန်မဟာ တစ်အိမ်တည်းနေပြီး ဝေးလာခဲ့ကြတာ အဲဒီ ကတည်း ကပါပဲ ဆရာရယ် "
ခုမှ မျက်ရည်တွေ ပါးပြင်ပေါ်သို့ ဒလဟော စီးဆင်းလာသည်။

" သူ အပြင်မှာ ညဥ့်နက် သန်းခေါင်ထိ ဘယ်တွေ သွားနေတယ်ဆိုတာ မစ္စက်ဒဲယား သိပါသလား "
သူ့အဘွား ကျွန်မ အမေအိမ်ကို သွားနေတယ်ဆိုတာ ကျွန်မ သိပါတယ်၊ ဒါပေမဲ့ အမေက သူ့ကို သိပ်ညဥ့် နက်တဲ့အထိ နေခွင့်မပေးပါဘူး "
" မစ္စက်ဒဲယားရော အမေအိမ်ကို ရောက်ပါသလား "
 မရောက်တာ ကြာပြီဆရာ၊ အမေက ကျွန်မကို သိပ်မကြည်တောဘူးလေ၊ လူတွေကလည်း အမေ့နား ပေါက် အောင် တစ်ဆိတ်ကို တစ်အိတ် လုပ်ကြတာကိုး၊ အိမ်နီးနားချင်းတွေက အတင်းအဖျင်း ပြောဖို့က လွဲပြီး ဘာမှ စိတ်ဝင်စားတတ်ကြတာ မဟုတ်ဘူး ဆရာရဲ့ "
" ကမန်တော် တစ်ခုပြောမယ်နော် မစ္စက်ဒဲယား၊ ပါမလာက သူ့အမေသူ့ကို ဂရုမစိုက်တော့ဘူးလို့ စိတ်ထဲမှာ စွဲနေပုံရတယ် "

" သြော် ... ဆရာရယ်၊ ဘယ်လိုအတွေးမျိုး သူ့ခေါင်းထဲ ၀င်သွားပါလိမ့်၊ ကျွန်မမှာ ကိုယ့်မိုက်ပြစ် ကိုယ် ခွင့် မလွှတ်နိုင်အောင် ဖြစ်ပြီး သမီးလေးအတွက် ယူကျုံးမရ ဖြစ်နေရတာပါရှင်၊ ပြီးတော့ သိပ်လည်း စိတ်ပူနေ တယ်လေ၊ ကျွန်မ ဘာဆိုလိုတယ်ဆိုတာ ဆရာ ရိပ်မိပါတယ်နော်၊ ပါမလာဟာ သူ့အရွယ်ထက် ပိုပြီး ထွား ကျိုင်းတဲ့ ကလေးပါ၊ တချို့က သူ့ကို ဆယ့်ရှစ် ဆယ့်ကိုးလောက် အောက်မေ့နေကြတာ၊ ကျွန်မတို့ကို မတော်တရော် မြင်တွေ့သွားပြီး မဟုတ်မဟတ်စိတ်တွေ ၀င်လာမှာ၊ စိတ်လိုက်မာန်ပါ လျှောက်လုပ်မှာ ကျွန်မ စိုးရိမ် မဆုံးဖြစ်နေတယ် ဆရာ "

ကျွန်တော် ကျိတ်ပြီး ဘုရားတလိုက်သည်။ ကျွန်တော် ဘာများဝင်ပြောနိုင်ပါမည်နည်း။ မစ္စက်ဒဲယားက သူ့ ဘက်မှ အခက်အခဲတွေ ထုတ်ဖော်ပောလေ ကျွန်တော့်မှာ အနေရကျပ်လေ ဖြစ်လာသည်။ သူတို့၏ ဘ၀ကို ကျွန်တော် အတွင်းကျကျ ဘာမှ မသိပါ။ ကျွန်တော်သည် သည်အရပ်နှင့် သည်အရပ်သူ အရပ်သားများ အတွက် သူစိမ်းပြင်ပြင်မျှသာဖြစ်ပါသည်။
သည်ကိစ္စတွင် ကျွန်တော် လုပ်ပေးနိုင်တာ ဘာများရှိမည်နည်း။

ပါမလာ့အမေသည် ကျွန်တော့်ထက် အရွယ်ကြီးပြီး ကျွန်တော့်ထက် အတွေ့အကြုံများသူ ဖြစ်ပါသည်။ သူ့ကို အကြံပေးနိုင်အောင် ကျွန်တော့်တွင် အရည်အချင်း မရှိနိုင်ပါ။ ပြီးတော့ သိမ်မွေ့နက်နဲလှသည့် ပါမလာ ကိစ္စ ကိုလည်း လမ်းညွှန်သွန်သင်မှု ပေးနိုင်လိမ့်မည် မထင်ပါ။
ကျွန်တော် လာရခြင်းအတွက် အကျိုးအမြတ် ရှိလိမ့်မည်ဟုလည်း ကျွန်တော် မထင်ပါ။ ပါမလာသည် သူ့ အမေ ပြောသည့်အတိုင်း အပျိုကြီး ဖားဖား ဖြစ်နေသည့် မိန်းကလေး ဖြစ်ပါ၏။ ဒင်ဟန်နှင့်သူ ရင်ဆိုင်ပုံ၊ ရထား ပေါ်တွင် မိန်းမကြီးနှစ်ယောက်ကို ဆုံးမပုံတွေ ကြည့်ပြီး အရေးကြုံလျှင် ဘာလုပ်ရမည်ကို သိသည့် မိန်းကလေး ဟု ကျွန်တော် ယုံကြည်ပါသည်။

သို့ဖြစ်လျှင် ကျွန်တော် ဘာအတွက် သည်ကို ရောက်နေခြင်းလဲ။ အမျိုးသမီး၏ အငိုမျက်နှာကို ကြည့်ပြီး ကျွန်တော် ထင်မြင်ချက် ပေးလိုက်သည်။
" ကျွန်တော် တော့ ပါမလာ ရူးရူးမိုက်မိုက် လုပ်လိမ့်မယ်လို့ မထင်ဘူး မစ္စက်ဒဲယား "

" ဒါပေမဲ့ ... ဆရာရယ်၊ ခုလို ညဥ့်နက်သန်းခေါင်ထိ အိမ်မပြန်ဘဲနဲ့ဆိုရင် ... ။ ပြီးတော့ ဒီအပိုင်းက သိပ်စိတ် ချရတာ မဟ်ုတ်ဘူး၊ ဆရာပြောရင် ရမယ် ယုံကြည်လို့ ဆရာ့ဆီ ကျွန်မ လာခဲ့တာပါ "
ဂျီလီယံ ပြောတာ မှန်နေပြီ။ ကျွန်တော် အစကတည်းက ဒီအထိ လိုက်လာဖို့မသင့်။ အရှည် မတွေးခဲ့မိသည့် အတွက် ကိုယ့်ကိုယ်ကိုယ် ဒေါပွမိ၏။ စိတ်လိုက်မာန်ပါ လုပ်ခဲ့မိသည့်အတွက် ကိုယ့်ကိုယ်ကိုယ် အပြစ်တင် လိုက်မိသည်။ ကလေးများနှင့် ပတ်သက်ပြီး ထားရှိသည့် သဘောထားမှာ ရှိသင့်သည်ထက် ပိုနေသော ကြောင့် သည်လို ဖြစ်သွားရခြင်း ဖြစ်နေပါလိမ့်မည်။

ခေါင်းတစ်ခုလုံး နောက်ကျိ ရှုပ်ထွေးနေရာမှ တဖြည်းဖြည်း ကြည်လင်ရှင်းလင်းစ ပြုလာသည်။ ပါမလာတို့ အိမ်ကို ကျွန်တော် ရောက်သွားခြင်းကို တခြားကလေးတွေ သိလျှင် ဘယ်လို ထင်ကြမည်နည်း။ ပါမလာ ကတော့ သည်အကြောင်း သူ့အပေါင်းအသင်းများကို ထုတ်ပြောမည် မဟုတ်ပါ။

ကျွန်တော်တို့ ဘယ်လောက်ပင် အပြစ်ကင်းစင်နေစေကာမူ သည်သတင်းသည် မလိုလားအပ်သည့် ပြဿနာ များကို ပြန့်ပွားစေနိုင်ပါသည်။ ဆရာဝက်စတန်လို အာချောင်သည့် လူတစ်ယောက်၏နားသို့ ပေါက်ကြား သွားလျှင် မလွဲမသွေ ပုံကြီးချဲ့ပေတော့မည်။ သည်ပြဿနာထဲက ကျွန်တော် မြန်မြန် ရုန်းထွက် နိုင်လေ ကျွန်တော့် အတွက် အကျိုးရှိလေ ဖြစ်လိမ့်မည်။
" ပါမလာကိုပါ ခေါ်ဆွေးနွေးရအောင်လား မစ္စက်ဒဲယား ကျွန်တော် ဘာပြောရမှန်းတော့ သေသေချာချာ မသိသေးပါ။ သို့သော် ခပ်မြန်မြန် ပြောပြီး ကျွန်တော် ပြန်မှ ဖြစ်မည်။ သည်အမှားမျိုးနောက်ထပ် မမှားရအောင်လည်း ကျွန်တော် သတိထားရပါတော့မည်။

ပါမလာ ရောက်လာပြီး သူ့အမေ နံဘေးတွင် ၀င်ထိုင်သည်။ ကျွန်တော်က နိဒါန်းမပျိုးတော့ဘဲ -
" ပါမလာ။ မင်းအမေဆီက ဖြစ်ကြောင်းကုန်စင် ဆရာ သိပြီးပါပြီ၊ မင်းအနေနဲ့ ဘယ်လို ခံစားနေရမယ်ဆိုတာ ဆရာ ကိုယ်ချင်းစာပါတယ်၊ မင်းတို့ သားအမိ နှစ်ယောက်စလုံးပေါ့လေ၊ ဒါပေမဲ့ ဒီကိစ္စ ကြောင့် အပြင်မျာ ညဥ့်နက်အောင်နေပြီး မအေ ပူပင်သောက ရောက်အောင်တော့ လုပ်ဖို့ မသင့်ဘူးလို့ ဆရာ ထင်တယ်၊ တကယ်တော့ ကျောင်းချိန်အပမှာ ဖြစ်တဲ့ ကိစ္စဟာ ဆရာနဲ့ မဆိုင်ပါဘူး၊ ဒါပေမဲ့ မင်းတို့ သားအမိ နှစ်ယောက်စလုံးက ဆရာ့ကို ဖွင့်တိုင်ပင်ကြလို့ ဆရာ ကြားဝင်ရတာပါ၊ ဆရာ့အနေနဲ့တော့ ဆရာ့ တပည့်ကို ကျောင်းခန်းထဲမှာလိုပဲ အပြင်မှာလည်း သိက္ခာရှိရှိ မြင်ချင်တယ်။

" ဆရာတို့ တစ်ချက်ချင်း ပြန်စဉ်းစားရအောင်။ မင်းအနေနဲ့ ဆရာသမားအပေါ်မှာ တပည့်ဝတ် ကျေဖို့ထက် အမေ့အပေါ်မှာ သားသမီးဝတ်ကျေဖို့ ပိုအရေးကြီးတယ် ပါမလာ၊ အဲဒီဝတ္တရားကို မင်း မေ့မထားစေချင်ဘူး။ အိမ်ထောင်စုတိုင်းမှာ ပြဿနာတစ်မျိုးစီ ရှိကြတာချည်းပဲ၊ ဒီလိုပဲ ရှင်းကြရတယ်လေ၊ အရေးကြီးတာက နောက်ပြဿနာ ထပ်တိုးလာပြီး တစ်ပူပေါ် နှစ်ပူ မဆင့်ဖို့ပဲ။
" တစ်ခု မင်း မှတ်ထား ပါမလာ၊ အဓိကဟာ မင်းပဲ၊ အားလုံး မင်းအပေါ်မှာ မူတည်နေတယ်၊ ဆရာရော မင်းမေမေကိုပါ စိတ်ချမ်းသာအောင် လုပ်ပေးနိုင်သူက မင်းပဲရှိတယ်။ မင်း ခုလို ညဥ့်နက် သန်းခေါင်ထိ အိမ်မပြန်ဘဲနေဲ့ အန္တရယ် ဘယ်လောက်များတယ်ဆိုတာ ဆရာ ရှင်းပြဖို့ မလိုတော့ပါဘူး၊ မင်း ကလေးမှ မဟုတ်တော့ တာပဲ "
ကျွန်တော် မတ်တတ်ထရပ်လိုက်ပါသည်။ သူတို့သားအမိ အလိုကျ ကျွန်တော့်တာဝန်ကို ဆောင်ရွက်ပြီးပါပြီ။

" ကဲ ... မစ္စက်ဒဲယား၊ ကျွန်တော် ပြန်လိုက်ပါဦးမယ် "
တစ်ဆက်တည်း ပါမလာ့ဘက် လှည့်ပြီး -
" ပါမလာ၊ မင်း အိမ်ပြန် နည်းနည်းပါးပါး နောက်ကျမယ့်နေ့မျိုးမှာ မေမေ့ကို ကြိုတင်ပြောဖို့ ဆရာ တောင်းပန် ပါတယ်။ ဘယ်သွားတယ်၊ ဘယ်မှာ ရှိမယ်ပေါ့ "
" ဟုတ်ကဲ့ပါ ဆရာ "
ပါမလာ ခပ်တိုးတိုးကလေး ပြန်ပြောသည်။

သူတို့သားအမိကို နှုတ်ဆက်ပြီး ကျွန်တော် ပြန်ခဲ့သည်။ ကျန်သည့် အပိုင်းသည် သူတို့ တာဝန်သာ ဖြစ်ပါ သည်။ နောင်တွင် မစ္စက်ဒဲယား အနေဖြင့်လည်း အနေအထိုင် ဆင်ခြင်လာလိမ့်မည်ဟု ကျွန်တော် မျှော်လင့် မိပါသည်။ ပါမလာအနေဖြင့်လည်း မကြာခင် လူကြီးဆန်လာတော့မည်ဟု ထင်ရပါ၏။
သို့သော် ကျွန်တော့်အနေဖြင့် သည်ကိစ္စကို စိတ်ချလက်ချ မေ့ထားလို့တော့ မရပါ။ နားစွင့်နေရပါဦးမည်။
သူတို့အိမ်မှ အပြန်တွင် မျက်နှာသိတွေနှင့်များ တိုးနေ ဦးမလားဟု ရင်တမမ ဖြစ်ခဲ့ရပါသေးသည်။ ကံကောင်း ထောက်မ ၍ လီဗာပူ ဘူတာသို့ အသိအကျွမ်းမတွေ့ဘဲ ချောချောမောမော ရောက်လာခဲ့ပါသည်။
------------------
ဆက်ရန်
.

No comments: