အခန်း (၄၄)
အယ်လီ
အယ်လီ
လေထဲမှ ကောက်ရိုးမျှင်ကလေးများ တဖြည်းဖြည်းနှင့် မြေပြင်ဆီသို့ ၀ဲပျံကျဆင်းလာနေကြပြီ။ သူတို့တွင် အသံ မရှိ၊ အလေးချိန်မရှိ၊ အရှိန်အဟုန် မရှိသဖြင့် မြေခခြင်း အရိပ်လက္ခဏာကို သိသာ ထင်ရှားခြင်း မရှိလှ။
အယ်လီ ပြန်စဉ်းစားသည်။ ၃၉မျဉ်းပြိုင်နှင့် စပ်လျဉ်းပြီး ဘယ်တုန်းက စိုးရိမ်စိတ်တွေ စ၀င်လာပါ လိမ့်၊ သိပ်မမှတ်မိ တော့။ စာပေကလပ်မှ သတင်းရစဉ်ကလား၊ ရောင်းမစွံဆုံး စာရင်းတွင် မချိတ် ကြောင်း သတင်း ရတုန်း ကများလား။
သည်အဖြစ်အပျက်ကို အယ်လီ ရင်ဆိုင်ရချိန်မှာ ဂျိန်းတစ်ယောက် သိမ်သိမ်မွေ့မွေ့ ဖြစ်နေသည့် ၁၉၆၅ခုနှစ် နွေနှောင်းပိုင်း ဖြစ်လေသည်။
၃၉မျဉ်းပြိုင် ထင်သလောက် ဖြစ်မလာကြောင်း စာပေကလပ်က ထွက်လာသည့် သတင်းကို အိုဝင့် ဆီမှ အယ်လီ သိခြင်း မဟုတ်၊ လင်ကီ ဒက်စမွန် ပြော၍ သိရခြင်း ဖြစ်၏။
"ပြောရမှာတော့ စိတ်မကောင်းဘူး အယ်လီ၊ ၀ဒ်စမစ်က ၃၉မျဉ်းပြိုင်ကို စာရင်းထဲ မထည့်ဘူးတဲ့"
ဥတ္တရကြယ် အပတ်စဉ် အစည်းအဝေးအပြီးတွင် လင်ကီက ပြောပြခြင်း ဖြစ်သည်။ ၀ဒ်စမစ်သည် အလွန် သြဇာကြီး သည့် စာပေ ကလပ်ကြီးတစ်ခု ဖြစ်သည်။ ၀ဒ်စမစ်က ရွေးပြီးလျှင် ရောင်းအစွံဆုံး စာရင်းဝင်ပြီမှတ်၊ အကြိမ်ကြိမ် ထပ်ရိုက်ရပြီမှတ်။
"သူတို့ ဆုံးဖြတ်ပြီးကြပြီလား မသိဘူးနော် လင်ကီ"
အယ်လီက ရင်တလှပ်လှပ် ခုန်ရင်း ပြန်မေးသည်။ အိုဝင်က သူ့ကို ဘာမှ ပြောမထား။
"ရွေးချယ်ရေး အဖွဲ့အစည်း သောကြာနေ့က လုပ်တယ်လေ။ ၀ဒ်စမစ် အယ်ဒီတာတစ်ယောက်နဲ့ လင်ကီ တူတူနေ့လယ်စာ စားဖြစ်ကြတယ်။ ကလပ်ရဲ့ သဘောထားက ကိုးရီးယားစစ်ပွဲ နောက်ခံ ၀တ္ထုတွေကို သိပ် အားမပေးချင် တော့ဘူးတဲ့။ ကိုယ် အရမ်းစိတ်မကောင်း ဖြစ်သွားတယ် အယ်လီ။ စာအုပ်က အရမ်းကောင်း တာပဲ၊ အိုဝင် စိတ်ဓာတ်မကျပါစေနဲ့ပဲ လင်ကီ ဆုတောင်းပါတယ်ကွာ"
"သူ အယ်လီ့ကို ဘာမှ မပြောဘူး လင်ကီ၊ သူ သိတော့ သိမှာပေါ့နော်"
အိုဝင် သိမသိ လင်ကီ မည်သို့မျှ မသိနိုင်ပါချေ။
သည်သတင်းကို အယ်လီက အိုဝင်ကို ပြောပြတော့ သူကြားပြီးပြီဟု အိုဝင် ဆိုသည်။
"ကိုယ့် ဘာမှ မတုံ့ပြန်ပါဘူး၊ ပြဿနာ မရှိပါဘူး၊ စာအုပ်ကလပ်တွေဟာ စာအုပ်တိုင်းကို အဆုံးအဖြတ်ပေးတာ မဟုတ်ပါဘူး၊ သူတို့ မရွေးဘဲ ရောင်းစွံတဲ့ စာအုပ်တွေ ပြည့်လို့"
အဒရီယံ နှင့် သူ မျှော်လင့်ထားသလို ရောင်းအစွံဆုံး စာရင်းကို ဘာကြောင့် မ၀င်ရကြောင်းကိုတော့ အိုဝင် ဆွေးနွေး ချင်ပုံ မရှိဟု အယ်လီ အကဲခတ်မိသည်။
အယ်လီ ကျိတ်ပြီး ဆုတောင်းလိုက်သည်။
၃၉ မျဉ်းပြိုင် ရောင်းအစွံဆုံး စာရင်းမပါဘဲ ရောင်းစွံပါစေ။
သည်တော့ အယ်လီ စဉ်းစားမိခြင်း ဖြစ်သည်။ ၃၉ မျဉ်းပြိုင်သည် အားလုံးကို နိမိတ်ဖတ်ထားသလို ဖြစ်လာပါမည်လားဟု မိမိကိုယ်တိုင် သံသယ ဖြစ်ခဲ့ဖူးသည်ပဲ။ ဘယ်တုန်းကပါလိမ့်။
၃၉ မျဉ်းပြိုင် အဖုံးပျော့ ရိုက်ဖို့ ခြင်္သေ့တိုက်နှင့် ကြမ်းခင်းဈေး အတိုင်းပဲ ရောင်းဖြစ်ကြောင်း ဘယ်တိုက်ကမှ ဈေးပြိုင်စံနစ်ဖြင့် တက်လာခြင်း မရှိကြောင်း၊ အဒရီယံ အကြောင်းကြားတုန်း ကလား။
"ဘာပြဿနာ ရှိလဲ၊ ဒေါ်လာတစ်သောင်းဆိုတာ နည်းနည်းနောနော ပိုက်ဆံလား" တယ်လီဖုန်း ခွက်ကို ချပြီး အိုဝင်က ပခုံးတွန့်ရင်း ပြောသည်။
"ခြင်္သေ့တိုက် ကံကောင်းတာပေါ့၊ သူတို့ မြတ်မှာပါ" ဟုလည်း ပိုက်ဆံ ပြောသေးသည်။
အယ်လီကလည်း အားပေးသည်။
"ဟုတ်တာပေါ့ မောင်ရယ်၊ ပထမဦးဆုံးစာအုပ်မှာ အဖုံးပျော့ကို တစ်သောင်းပေးတယ်ဆိုတာ ကြားမှ မကြားဖူးတာပဲ၊ ဒါဟာ စံချိန်ပဲ ထင်တယ်၊ ဒါကို အဒရီယံ ထည့်ကြော်ငြာဖို့ ကောင်းတယ်"
"ကြော်ငြာကိစ္စ အဒရီယံ သူ့ဘာသာသူ လုပ်ပါစေကွာ"
အိုဝင် အသံက ကြည်ကြည်လင်လင် မရှိလှ။ စာအုပ်ကြော်ငြာကိစ္စစလိုက်တိုင်း အိုဝင်က ပယ်ချ လေ့ရှိ၏။ စာအုပ် ကြော်ငြာအားလုံးကို အောက်တန်းကျပြီး အပေါစားဆန်သည်ဟု အိုဝင်က ထင် သည်။ စာအုပ် နာမည်ကြီး လာလေလေ ရွှီးတွေ များလေလေဟု ထင်သည်။ ထုတ်ဝေရေးကိစ္စ ကြော်ငြာကိစ္စတွေနှင့် သူ့အား စိတ်အနှောင့်အယှက် မပေးရန် အယ်လီအား မှာထားသည်။
"ကဲ ဒီည ဘယ်မှာ စားမလဲ၊ အဲဒါပဲ စဉ်းစား၊ ဒေါ်လာ တစ်သောင်းကြီးများတောင် အပိုရထားတာ၊ အမှတ်တရ လေး လုပ်ရမှာပေါ့"
"ပါမင်းနိုက်" စာအုပ်တိုက်၏ အစွမ်းအစကြောင့် စာအုပ် မထွက်မီ ၀ိုင်းပို့ကြ၏။ သို့သော် ၃၉ မျဉ်းပြိုင်သည် ထင်သလောက် မပေါက်ဘဲ အီလယ်လယ် ဖြစ်ကာ၊ ရောင်း အကောင်းဆုံး စာအုပ် စာရင်းတွေ အောက်ဆုံးမှပင် မ၀င်ဘဲ လွဲချက်နာခဲ့လေသည်။
ကျဆုံးခြင်း ကို သင်ကြားတတ်မြောက်ထားအပ်သည့် ပညာရပ်တစ်ခုအဖြစ် အယ်လီ နားလည် လာရခြင်း အကြောင်းမှာ ၁၉၆၆ ခုပိုင်းတွင်း အဖုံးပျော့ ထုတ်ဝေရေး ကိစ္စမှန်းချက် မကိုက်ခြင်း ကြောင့် ဖြစ်လေသည်။
ခြင်္သေ့တိုက်က စာအုပ်အဖုံးကို ငွေရောင်ဖောင်းကြွ စာလုံးများဖြင့် လှပခမ်းနားအောင် လုပ်ပေး၏။ နောက်ကျော တွင် ဝေဖန်ရေးဆရာကြီးများ၏ အဆိုအမိန့်တွေ ထည့်ပေး၏။ မြို့ကြီး ခြောက်မြို့သို့ စာရေး ဆရာ ကိုယ်တိုင် ခရီးထွက်၏။ သို့သော် စာအုပ်က လှုပ်မလာ။
အဒရီယံ အပါအ၀င် လူတော်တော်များများက စာအုပ် အရောင်းမသွက်ခြင်းမှာ တိုင်းပြည်တွင် စစ် ဆန့်ကျင် ရေး စိတ်ဓာတ်များ တက်ကြွပြင်းထန်နေချိန်နှင့် ကြုံနေခြင်းကြောင့်ဟု ကောက်ချက် ဆွဲကြသည်။
ဗီယက်ကောင်းတို့၏ နှစ်သစ်ကူးတက်ပွဲတော် ထိုးစစ်ကြောင့် အမေရိကန်တပ်များ အထိနာနေချိန် ဖြစ်၏။ နေ့စဉ်နေ့တိုင်း၊ သတင်းစာ၊ ရေဒီယိုနှင့် ရုပ်မြင်သံကြားသတင်းများတွင် စစ်မှုမထမ်း မနေရ ကတ်ပြားများကို မီးရှို့ခြင်း၊ အမေရိကန် လူငယ် လူရွယ်များ ကနေဒါသို့ ထွက်ပြေးတိမ်းရှောင်ကြ ခြင်း သတင်းများကို အမြဲ တွေ့နေရသည်။ ဗီယက်နမ်ကို အမေရိကန် ၀င်တိုက်ခြင်းမှာ လုံးဝ မှားကြောင်း၊ တိုင်းပြည်တစ်ဝက်လောက် ဆန္ဒထုတ်ဖော်ခဲ့ကြလေသည်။
သန်းပေါင်းများစွာသော စစ်ဆန့်ကျင်ရေး ဆန္ဒပြ လူအုပ်ထဲတွင် အယ်လီ အမြဲ ပါဝင်ခဲ့သည်။ လူတွေက တစ်ယောက်နှင့်တစ်ယောက် တွေ့လျှင် ငြိမ်းချမ်းရေး အထိမ်းအမှတ် သင်္ကေတဖြင့် နှုတ်ဆက်ကြသည်။ "ငရဲပြည်ကို တို့မလိုက်" ဟု စာတန်းထိုး ကြယ်သီးများကို တပ်ဆင်ကြ၏။
စစ်ဆန့်ကျင် မုန်းတီးရေး စိတ်ဓာတ် အထွတ်အထိပ်သို့ ရောက်နေချိန် ဖြစ်၍ အမေရိကန် ပြည်သူ များသည် စစ်ဆိုသည့်စကားလုံးကို နားမှ လေသံမကြားချင်လောက်အောင် မုန်းတီးနေကြ၏။ စာရေးဘယ်လောက် ကောင်းကောင်း၊ စစ်မြေပြင်တွင် စစ်သားတွေ ဘယ်လောက် သနားစရာ ကောင်းအောင်ဖွဲ့ဖွဲ့၊ တိုက်ပွဲတွေ အကြောင်း ဘယ်လောက် ပြောင်မြောက်အောင် ရေးရေး စစ်သည်စစ်သာဖြစ်၍ လုံးဝမဖတ်ချင်ကြတော့။ စစ်မြေပြင် သူရဲကောင်းတို့ကိုလည်း စာဖတ် ပရိသတ်က မချစ်ကြတော့။ ထို့ကြောင့် ၃၉မျဉ်းပြိုင်သည် ကံမကောင်း အကြောင်းမလှစွာဖြင့် အချိန်ကာလ၏ သားကောင်ဘ၀သို့ ရောက်ရရှာခြင်းဖြစ်သည်ဟုသာ ဆိုရပေ တော့မည်။
"တချို့ ဇာတ်ကောင်တွေအကြောင်း ကွက်ရေးပြီး ကြော်ငြာကြည့်ရင်တော့ ၃၉မျဉ်းပြိုင်ဟာ စစ်ဝတ္ထု သက်သက် မဟုတ်ကြောင်း ပေါ်လွင်မယ်လေ၊ အဲဒါဆို အရောင်း တက်လာမလားဘဲ" ဟု အယ်လီက အကြံပြု သည်။
အိုဝင်က စိတ်တိုနေသည့် လေသံဖြင့်
"ကြော်ငြာကို ကိုယ် စိတ်မ၀င်စာပါဘူးလို့ ပြောပြီးပြီလေ။ နောက်အဲဒီအကြောင်း မပြောနဲ့တော့" ဟု ပိတ်ပြော လိုက်သည်။
အိုဝင်က ၃၉မျဉ်းပြိုင် အောင်မြင်မှုတစ်ခုဟုပင် ခေါင်းမာမာဖြင့် သတ်မှတ်ထားသည်။ စာအုပ် ကောင်း တစ်အုပ် သူရေးဖြစ်ဖို့က သူ့ အဓိက ရည်ရွယ်ချက်ဟု အကြောင်းပြသည်။
"စာအုပ်ဝေဖန်ခန်းတွေက မီးမောင်းထိုးပြခဲ့သားပဲ။ ပြီးတော့လဲ စာအုပ်ကရော ရုပ်ရှင်ကပါ ငွေတွေ အများကြီး ရေးနေပြီ။ ရေးရင်းရေးရင်း ပို၍ စိတ်ပါလာ၏။ အယ်လီပါ လိုက်ပြီး သူနှင့်အတူ စိတ်လှုပ်ရှားနေသည်။ သို့သော် ဇာတ်လမ်းကျောရိုးအတိုင်း ရေးပြီးသား အခန်းများကို ပြ၍ စာမူ အရောင်းအ၀ယ် ကိစ္စပြောတော့ အဒရီယံ က ခေါင်းရှောင်သွားလေသည်။
"ထုတ်ဝေသူတွေကို သတိထား၊ သူတို့ကိုယ်သူတို့ စာပေကို ၀ါသနာပါသလိုလို၊ ခံစားတတ် သလိုလိုနဲ့၊ အလကား၊ လဒူတွေ၊ လုံးဝ သတ္တိမရှိတဲ့ လူတွေ" ဟု ဟန့်က အိုဝင့်ကို ပြောပြသည်။
အိုဝင်က မျက်ခုံး ရှုံ့ပြီး
"ဟုတ်တယ် ဟန့်၊ အဖုံးပျော့၊ ထုတ်ဝေခွင့်ကို စာအုပ်မထွက်ခင်ကတည်းက ခင်ဗျား ပြောသလို၊ အပြတ်ရောင်းလိုက်ရမှာ၊ အဒရီယံကြောင့် မရောင်းဖြစ်တာ၊ ရောင်းလိုက်ရင် သူလည်း ပိုက်ဆံ ပိုရမှာ"
"အဲဒါက ဖြစ်နေကျပါကွာ၊ အေးဂျင့်တွေက တစ်လကို စာအုပ်နှစ်ဆယ်လောက် အရောင်းအ၀ယ် ဖြစ်တယ်၊ ထုတ်ဝေသူ က တစ်နှစ်မှာမှ အုပ်နှစ်ဆယ်လောက် ထုတ်ဖြစ်တာ၊ ဒါပေမယ့် ဘယ်တော့မှ တို့လို အေးဂျင့် တွေ ရဲ့ စကားကို နားမထောင်ဘူး၊ ပြီးတော့ တလွဲတွေဖြစ်ရော"
ကလေးဘ၀ကို ဟန့်က မိုးမခ စာအုပ်တိုက်သို့ ရောင်းပေးသည်။ မိုးမခ တိုက်ပိုင်ရှင် တက်ဒ်စပင်းဒေါ့ဖ်က ကြိုတင်ငွေ ဒေါ်လာ ငါးထောင် ပေးသည်။
"တက်ဒ်ကတော့ ဈေးပေါပေါကောင်မျိုးပဲ၊ ကိုယ် အများဆုံး ရအောင် လုပ်ပေးတာ" ဟု ဟန့်က အိုဝင့်ကို ပြောပြသည်။
"ဒီကိစ္စမှာလဲ ခင်ဗျား မှန်တယ် ဟန့်၊ "၃၉ မျဉ်းပြိုင်" လှုပ်လှုပ်ရှားရှား ဖြစ်နေတုန်းက "ကလေးဘ၀"ကို အဒရီယံ တောင်းတယ်နော်၊ အဲဒီတုန်းက ခင်ဗျား ပြောသလို ပေးလိုက်ရမှာ"
စာမူပေးရမည့်ရက်တွင် မပေးနိုင်ဘဲ ပထမဆုံး အကြိမ်အဖြစ် အိုဝင် ကတိပျက်တော့ အယ်လီ စိတ်ဓာတ် မကျသေး။ စိတ်ပူနေရင် အဓိပ္ပာယ် မရှိဖြစ်တော့မှာပေါ့ဟု သူ့ကိုယ်သူ အားပေးသည်။
"ရက်ချိန်း မှန်ရင် စာရေးဆရာ ဘယ်ဖြစ်မလဲ" ဟု လင်ကီကို ပြောဖြစ်သေး၏။
အတွင်းသိ အစင်းသိ လင်ကီက ခေါင်းညိတ်သည်။ အယ်လီ့ကို သနားကြင်နာနေမိ၏။
"ဒါပေါ့ စာရေးချင်စိတ်ဆိုတာ အချိန်ပြည့် ရောက်လာတတ်တာမျိုးမှ မဟုတ်ဘဲ" ဟု လင်ကီက အလိုက်အထိုက် ပြန်ပြောပြီး ဥတ္တရကြယ်တွင် ပုံနေသည့် ရက်ချိန်းလွန် စာမူတွေ အကြောင်း တိုက်တိုင်းတွင် သည်ပြဿနာရှိကြောင်း ပြောပြသည်။
ဒုတိယအကြိမ် အိုဝင် ရက်ချိန်းပျက်တော့ လင်ကီ ပြောသည့်အကြောင်းများ ကို အယ်လီ ပြေးသတိရသည်။ ရက်ချိန်းပျက်တာဟာ ကမ္ဘာကြီးရဲ့ အဆုံးအစွန် မဟုတ်သေးပါဘူးဟု ထပ်ပြီး အားတင်းသည်။
အယ်လီသည် အိုဝင်နှင့် ပတ်သက်လာလျှင် အကောင်းဘက်ကပဲ ကြည့်သည်။ ငွေရေးကြေးရေး အကြောင်း စဉ်းစားမိလျှင် ဒါမှမဟုတ် အိုဝင်တစ်ယောက် အရက်ပိုသောက်လာခြင်းနှင့် ပေါင်းဟောင်း သင်းဟောင်း များကို တဖြည်းဖြည်း ရှောင်လာသည့် ကိစ္စ သတိရလျှင် သူ စိတ်ဓာတ် ကျနေလို့ ဖြစ်မှာပါလေဟု ဖြေ တွေးသည်။ အိုဝင်က ရေးဂျက်ဆပ်လို လူကိုပင် ရှောင်စပြုလာ၏။
အိုဝင် စိတ်ဓာတ်မကျပါဘူး။ စာရေးနေသားပဲ၊ မပြီးတာတော့ ဘယ်တတ်နိုင်မလဲနော်။ အယ်လီက သည်သို့ သည်နှယ် တွေးပြီး အိုဝင်ကို ဘာတစ်ခွန်းမှ မပြောဘဲ သူ လစာကို အိမ်သုံးစရိတ်ထဲ စပြီး ထည့်သုံးသည်။ အိုဝင် ရသမျှက ကုန်လောက်ပြီ။ မိမိ ၀င်ငွေဖြင့် ဆက်လက် ရည်တည်ရတော့ မည်။
ဆက်ရန်
.
No comments:
Post a Comment