" ဟုတ်ကဲ့ ဒေါ်ဒေါ်၊ ဒေါ်ဒေါ်တို့ ၀တ္တရားရှိတာ မှန်ပါတယ်၊ မခင်မျိုးအတွက် အကောင်းဆုံး အခြေအနေ ဖြစ်ဖို့ ကျွန်တော် စီစဉ်ချင်တာကတော့ သူ့ကို အထွေအထူး ဘာမှ မေးမနေဘဲ ကျွန်တော်နဲ့ လက်ထပ်ဖို့ သဘောတူ တယ်လို့ တစ်ခွန်းသာ ပြောစေလိုပါတယ်၊ သူဘယ်နည်းနဲ့မှ ငြင်းမျာ မဟုတ်ပါဘူး၊ မိဘမသိဘဲ သူ ရည်စား ထား တယ် ဆိုတဲ့ အပြောမျိုး သူနည်းနည်းမှ မခံယူလိုပါဘူး၊ သိပ်ရှက်သွားမှာ ကျွန်တော် စိုးရိမ် လို့ပါ၊ လက်ထပ်ပွဲ ကို ဦးနဲ့ဒေါ်ဒေါ်တို့ သဘောကျသလို ကျွန်တော် အမြန်ဆုံး စီစဉ်ပါ့မယ် "
မယ်မယ်က ဘဘမျက်နှာ လှမ်းကြည့်သည်။ ဘဘက ခပ်လွှဲလွှဲထားသော မျက်နှာကို ကိုဘဆွေထံ တည့် တည့် လှည့်လိုက်သည်။
မောင်ဘဆွေက သမီးကို တကယ် မြတ်နိုးပါတယ် ပြောခဲ့တယ် မဟုတ်လား "
" တကယ်ပဲ မြတ်နိုးပါတယ် ဦး "
ကိုဘဆွေ က ရဲရဲပင် ဖြေလိုက်သည်။
" အေး ... တကယ် မြတ်နိုးတယ်ဆိုရင် သူ စိတ်ချမ်းသာသလို နေပါ့စေလား၊ ဘာကြောင့် သူ့ကို စိတ်ဆင်း ရဲအောင် အပူတပြင်း ဖြစ်ချင်ရတာလဲ မောင်ဘဆွေ "
ဘဘ က စိတ်မချမ်းသာသောအသံဖြင့် မေးလိုက်သည်။
" ခတ်ပါတယ် ဦးရယ်၊ ဦးနဲ့ ဒေါ်ဒေါ်ကိုရော၊ သူ့ကိုရော ကျွန်တော် ဖွင့်မပြောချင်လို့ အခုလို အလျင်အမြန် တိုက်တွန်း နေရတာပါ။ ဒီအကြောင်း ဖွင့်ပြောရင် အားလုံး စိတ်မချမ်းသာ ဖြစ်ကုန်မှာ ကျွန်တော် မကြည့် ရက် လို့ပါပဲ "
ကိုဘဆွေက စိတ်မကောင်းစွာ ပြောပြီး သေသပ် ပိရိစွာ ဖြီးထားသော ဆံပင်များ ပွသွားသည့်တိုင်အောင် ခေါင်း ကို ကုတ်ဖွလိုက်၏။
" အလို - ဘာကြောင့်လဲ မောင်ဘဆွေ "
" အေး - ပြောပါဦးကွယ် "
ဘဘနှင့် မယ်မယ်က ထိတ်လန့်စွာ မေးလိုက်ကြသည်။ ကိုဘဆွေသည် ခေါင်း အောက်စိုက်ချခါ အတန်ကြာ ငိုင်နေပြီးမှ -
" ကဲ - မထူးပါဘူးလေ၊ ကျွန်တော့် အပေါ် တစ်မျိုးတစ်မည် ထင်မှာတော့ မလိုလားပါဘူး၊ ဦးနဲ့ ဒေါ်ဒေါ်ကို ဖွင့်ပြော ပါတော့မယ် "
ကိုဘဆွေက စကားဖြတ်လိုက်ပြီး ဘဘနှင့် မယ်မယ်ကို အကဲခတ်လိုက်သည်။ ဘဘနှင့် မယ်မယ်က စိတ် အား ထက်သန်စွာ နားစွင့်နေကြသည်။
" ဦးနဲ့ ဒေါ်ဒေါ်ကို ဓာတ်ပုံနဲ့ ခြိမ်းခြောက်သူ တစ်စုဟာ ကျွန်တော် စုံစမ်းလို့ သိရသလောက်ပေါ့ ခင်ဗျာ၊ အမှန် က မခင်မျိုးကို ဖျက်ဆီးချင်ကြလို့ ဆိုပါတော့၊ သူတို့ ချစ်ရေးဆိုတာ မခင်မျိုးက လက်မခံခဲ့လို့ပေါ့လေ၊ အငြိုး ထားပြီး မန္တလေးတောင်ခြေကို မခင်မျိုးလာတဲ့အခါ ငွေရော လူရော သိမ်းမလို့ ကြံကြတာပါပဲ "
ကိုဘဆွေက စကားကို ခေတ္တ ဖြတ်လိုက်ပြန်၏။ ဘဘနှင့် မယ်မယ်တို့ မျက်လုံးဝိုင်းသွားကြသည်။ အာစေး ထည့်ထား သလို စကားတစ်ခွန်းမှ မဆိုနိုင်ဘဲ ကိုဘဆွေကို ထိတ်လန့်စွာ ကြည့်နေကြ၏။ ကိုဘဆွေက စကား ဆက်လိုက်၏။
" ဒါပေမယ့် ကျွန်တော် ပါသွားတော့ သူတို့ ကြံစည်ချက် ပျက်ရတာပေါ့ခင်ဗျာ၊ အဲဒါ အခဲမကျေတော့ ဖြစ်နိုင်တဲ့ နည်းနဲ့ မခင်မျိုးကို နှောင့်ယှက်မယ်၊ ဂုဏ်သိက္ခာပျက်အောင် ကြံမယ်လို့ ကြားရပါတယ်။ ဒါကြောင့် ကျွန်တော် အခုလို အပူတပြင်း လက်ထပ်ခွင့် တောင်းရတာပါခင်ဗျာ၊ လက်ထပ်ပြီးရင် ဦးနဲ့ ဒေါ်ဒေါ်ရော၊ မခင်မျိုး ရော၊ ရန်ကုန်ကို တပါတည်းပြောင်းရွှေ့ ခေါ်ယူမယ်လို့ စီစဉ်ထားပါတယ် "
ခဲမှန် ဖူးသော စာသူငယ် ဖြစ်ခဲ့ရရှာကြသော ဘဘနှင့် မယ်မယ်တို့ နှစ်ယောက်မှာ ခေါင်းငိုက်စိုက် ကျသွား ရှာလေသည်။
----------------------
ခါနယုန် သည်မာသပေမို့၊ ရွာပုံတော် ချီကာပြ ပါပေါ့၊ ညာအလှ ရှုတော်မူ ညိုလို့သာ ဆိုင်းတော့တယ်၊ တို တိုင်းဝတိံဆီက၊ ထိန်လျှံညီ လျှပ်ခြည်ဝင့်တယ်ကွယ်၊ နတ်စည်ရင့်ကျူ၊ ခန်းသဉ်ဆောင် ရဝေတွင်းမှာလ၊ သြော်-လွမ်းချင်ပေါင် တမေတင်းသော်လဲ၊ ဖြေရင်းပ ဆွေးရှာသူ၊ တွေးကာပူလို့ ခွေယိုင်နွမ်း။ အုံမှိုင်းရီ ဘုံတိုင်း အာကာဆီက ညာမဒီ ငိုရော့လို့။ ပြိုတော့မယ် ယောင်ယောင်နဲ့၊ မိုးနတ်မောင် ဖန်ပုံကဲပြန်တော့ တယ်ရှင် - သဲစိမ့်အောင်လွမ်း ။
မိုးသံ လေသံ ကြားယင်ဖြင့် တို့မယားက မျှော်လိမ့်မယ်၊ ဟူသော မိုးဦးလေဦး ကျပြီဆိုလျှင် ရှေးလူ ကြီးများ လွမ်းလွမ်းဆွေးဆွေး ညည်းလေ့ရှိသောတေးကို မခင်မျိုးက သတိရမိသည်။ အိမ်ခန်းပြတင်းပေါက်မှ အုံ့မှိုင်း သော မိုးကောင်းကင်ကို ငေးမျှော်ကြည့်ရင်း ကိုစောခိုင်ကို လှိုက်လှိုက်လှဲလှဲ လွမ်းမိသည်။ အသည်း နှလုံးမှ ကွဲအက် လျှံထွက်လာသော အဆွေးသည် လေးချိုးတစ်ပုဒ် အဖြစ်သို့ ပြောင်းကာ နှုတ်မှ ကြေကွဲစွာ ဆွဲဆွဲ ငင်ငင် ဆိုလိုက်မိ၏။
မခင်မျိုးသည် ဝေလျှံလာသော မျက်ရည်များကို လက်ဖ၀ါးကလေးဖြင့် သုတ်လိုက်ပြီးနောက် သေတ္တာကို ဖွင့်ကာ ကိုစောခိုင် ခရီးမထွက်မီ နောက်ဆုံး ပေးသွားသော စာကလေးကို ထုတ်ယူပြီး ဖတ်လိုက်သည်။ ထို့ နောက် စာရွက်ကို နေရာမပျက်ခေါက်ခါ ပြန်ထားလိုက်ပြန်၏။ ဓာတ်ပုံအတွင်းမှ ကိုစောခိုင်၏ တည်ကြည် သောမျက်နှာသည် တဖြည်းဖြည်း ပြုံးယောင်သန်းလာသည်ဟု ထင်မိသည်။ ဓာတ်ပုံအတွင်းမှ ကိုစောခိုင်၏ မျက်လုံးများသည် တစ်လတ်လတ် တောက်ပလာသည်ဟု ထင်မိသည်။ ကိုစောခိုင်၏ ဓာတ်ပုံသည် အသက်ဝင် လာသည်။
" ချစ်သူ ဖြစ်နေသော်လည်းယောက်ျားလေးကို ဓာတ်ပုံပေးထားရတယ်ဆိုတာ မိန်းကလေးသိက္ခာကို ထိ ခိုက်မယ် လို့ ခင်ကယူဆထားလို့ မပေးချင်ရင်လဲ ခင့်စိတ် အနှောင့်အယှက်ဖြစ်အောင် ကိုစောက အတင်း အကြပ် မတောင်းလိုပါဘူးခင်၊ ကိုစောဓာတ်ပုံကို ပေးတာတော့ ခင် လက်ခံမယ် မဟုတ်လား "
ဆယ်တန်းစာမေးပွဲကြီး စစ်ပြီး၍ ကျောင်းသားများ လူစု ခွဲကြရတော့မည့် နောက်ဆုံးနေ့ဝယ်၊ ကျောင်းသူ ကျောင်းသား များ အသီးသိး မိဘရပ်ထံပြန်ကြရမည်ဖြစ်၍ ခင်မင်ရာ ခင်မင်ကြောင်း တစ်ယောက် နှင့်တစ် ယောက် နှုတ်ဆက်နေကြသည့်အချိန်၌ ကိုစောခိုင်က မခင်မျိုးအား နှုတ်ဆက်သလိုလိုဖြင့် အခြား ကျောင်း သူ ကျောင်းသား များ မရိပ်မိအောင် တည်ကြည်သော မျက်နှာဖြင့် ဣနြေ္ဒရရပြောလိုက်သည်။
" ကိုစော ဓာတ်ပုံကိုတော့ မြတ်နိုးဝမ်းသာစွာနဲ့ ခင်လက်ခံပါမယ် "
မခင်မျိုးကလည်း ဣနြေ္ဒရရပင် ပြောလိုက်သည်။ ကိုစောခိုင်က ဓာတ်ပုံညှပ်သည့်ထားသော ကျောင်းစာအုပ် တစ်အုပ်ကို လှမ်းပေးလိုက်၏။
ကိုစော တက္ကသိုလ် ရောက်နေတဲ့အချိန်မှာ ကိုယ်စားကြည့်ဖို့ပါပဲခင် "
" တက္ကသိုလ်ရောက်တဲ့အချိန်မှာသာ မဟုတ်ပါဘူး ကိုစော၊ အချိန်တိုင်း အချိန်တိုင်း၊ လွမ်းတိုင်း သတိရတိုင်း ခင်ကြည့်ပါ့မယ် "
မခင်မျိုး၏ စကားကို ကိုစောခိုင်က များစွာ ပီတိ ဖြစ်သွားသည်။ တည်ကြည်သော မျက်နှာမျာ ပြုံးရောင် သန်း လာသည်။ မျက်လုံးများက မခင်မျိုးအား ချစ်မြတ်နိုးသော အခိုးအလျှံများ တလက်လက် တောက်ပလာသည်။
" ခင်သွားတော့မယ် "
အခြားသူများ ရိပ်မိမည်စိုး၍ မခင်မျိုးက လှည့်ထွက်လာခဲ့သည်။ ထိုသို့ လှည့်ထွက်လာခဲ့ရာမှ ကိုစောခိုင် ရပ်၍ပင် ကျန်ရစ်လေသလားဟု မသိမသာ ခေါင်းငဲ့ကြည့်လိုက်မိ၏။
သို့သော် မခင်မျိုးက ရှေးဖြစ်ဟောင်းကို အောက်မေ့လွမ်းစွတ်သောစိတ်နှင့် ယောင်ယမ်းကာ ခေါင်းကို ငုံ့ ကြည့်လိုက် သော်လည်း ချစ်သူ ကိုစောခိုင်ကိုကား မတွေ့ အခန်းဝတွင် ရပ်နေသော အိမ်ဖော်မယ်မှုံကို ဘွားခနဲ တွေ့လိုက်ရ၏။ မခင်မျိုးက ပျာယီးပျာယာ ရှက်ကြောက်သော အမူအရာမျိုးမသုံးဘဲ ...
" ဘာကိစ္စလဲ မှုံမှုံ" ဟု မေးလိုက်၏။
အကင်းပါးသော မယ်မှုံက ရှေ့တိုးမလာဘဲ အခန်းဝရပ်လျက် ကိုယ်ကို အနည်းငယ်ကိုင်းညွှတ်ခါ ...
" မေမေကြီး က အခေါ်ခိုင်းပါတယ် မမလေး "
ဟု ငြင်သာသော အသံဖြင့်ပြောပြီး လှည့်ထွက်သွားလေသည်။ မခင်မျိုးသည် ဓာတ်ပုံကို နေရာတကျ ပြန် ထည့်ထားကာ သေတ္တာကို ပိတ်လိုက်ပြီး အခန်းထဲမှ ထွက်လာခဲ့သည်။
မယ်မယ် သည် သူ့အခန်းထဲရှိ ပက်လက်ကုလားထိုင် တစ်လုံးပေါ်မှာ ခြေပစ်လက်ပစ်ထိုင်နေသည်။ မျက်နှာ ကား ညိုးနေ၏။ ဘဘကား မရှိချေ။ ဘုရားခန်းသို့မဟုတ် စာကြည့်ခန်းမှာ ရောက်နေသည်ထင်သည်။
" သမီး ရောက်ပါပြီ မယ်မယ် "
မခင်မျိုးက မယ်မယ်၏ ခြေရင်း ကြမ်းပြင်ပေါ်မှာ ရိုသေစွာ ဒူးတုပ်ထိုင်လိုက်၏။ သမီး ၀င်လာစကပင် မြင်ပြီး သော မယ်မယ်က အံ့အားသင့်ခြင်းမရှိ။ သမီး၏ မျက်နှာကို မတုန်မလှုပ် ခေတ္တမျှတွေပြီး ကြည့်နေ၏။
" သမီးကို ပြောစရာရှိပါသလား မယ်မယ် "
မခင်မျိုးက မေးလိုက်၏။
" သမီး ငယ်စဉ်ကစပြီး မယ်မယ်နှင့် ဘဘတို့ကို မလိမ်တတ်ဘူးဆိုတာသိလို့ မယ်မယ်မေးတာမှန်တဲ့အတိုင်း ဖြေနော် သမီး "
" ဟုတ်ကဲ့ မယ်မယ် "
မခင်မျိုးက လှပကြည်လင်သော မျက်လုံးဖြင့် မယ်မယ် မျက်နျာကို မော့ကြည့်ကာ အ့သြသောစိတ်ဖြင့် ပြောလိုက်သည်။
" သမီး မှာ ချစ်သူရည်းစား ရှိနေပြီ မဟုတ်လား "
မယ်မယ်က တဲ့တဲ့ပင် မေးလိုက်သည်။
" မှန်ပါတယ် မယ်မယ် "
မခင်မျိုးက ခေါင်းငုံ့ပြီး ဖြေလိုက်သည်။ ငါနဲ့ ကိုစော ရည်နေတဲ့အကြောင်း မယ်မယ် ဘယ်လိုလုပ် သိပါ လိမ့်ဟု အံ့သြသော စိတ်ဖြင့် တွေးမိ၏။ မယ်မယ်၏ စိတ်ထဲမှာမူ ကိုဆွေပြောသော စကားမှာ မှန်ပေသည်ဟု ကိုဘဆွေ ကို ယုံကြည်လိုက်၏။
" အေး ... မယ်မယ်တို့ကို အသိမပေးဘဲ ချစ်ရည်ငံခဲ့တာကို ခုမှတော့ မယ်မယ်တို့ အပြစ်မတင်လိုတော့ပါ ဘူး သမီးငယ် ဒိအတိုင်းနေလို့ မဖြစ်ဘူး၊ လူကြီးစုံရာနဲ့ တိတိလင်းလင်း ထိမ်းမြားမှဖြစ်မယ် "
မယ်မယ်ကမူ မခင်မျိုးကိုယ်တိုင်က ချစ်သူ ရှိနေပါပြီဟု ဖွင့်ဟ ၀န်ခံနေပြီဖြစ်၍ ကိုဘဆွေ ပင် ဖြစ်မည်ဟု တစ်ထစ်ချ စွဲမြဲ ထောက်ထားစရာ အကြောင်းကြောင်းတွေကလည်း ဖြစ်ပေါ်နေသောကြောင့် လက်ထပ်ရန် တိုက်တွန်း လိုက်သည်။ မခင်မျိုးကလည်း မယ်မယ်မျက်နှာ မကြည့်ဝံ့သလို ခေါင်းငုံ့နေရာမှ မမော်ဘဲ ...
" သူ ... သူက ဒီမန္တလေးမှာ မရှိပါဘူး မယ်မယ် "
ဟု ဆို့နစ်ကြေကွဲသံဖြင့် ပြောကာ မျက်ရည်လည်လာသည်။ သြော် ... ကိုစောရယ်၊ မယ်မယ်က လက်ထပ် ဖို့ တိုက်တွန်း နေပါပြီ၊ ကိုစော ဘယ်ဆီဘယ်ဒေသ ရောက်နေမှန်းလဲ မသိ၊ သေလေသလား၊ ရှင်လေသလား ခင် ဘယ်လို အဖြေပေးရပါမလဲ ကိုစောရေ ... ဟု စိတ်တွင်းမှ တမ်းတပြောဆိုမိသည်။
" အို... ဒီသူငယ် မန္တလေးမှာ မနေဘူးဆိုတာ မယ်မယ် သိပြီးသားပါ၊ လက်ထပ်ပြီးရင် သူ အမြဲနေထိုင်ရာ ဒေသ ကို သမီးငယ်နဲ့ အတူ မယ်မယ်ဘဘတို့ပါ ရွှေ့ပြောင်းလိုက်ပါရလိမ့်မယ်၊ မရွှေ့လို့လဲ မဖြစ်ဘူး သမီး ငယ် "
မယ်မယ်က ပြောပြီး ခေါင်းငုံ့နေသော မခင်မျိုးအား စိုက်ကြည့်နေသည်။ မခင်မျိုးက ခေါင်းကို ဆတ်ခနဲ မော် ပြီး မယ်မယ်ကို ကြည့်လိုက်၏။
" အို ... မယ်မယ် ဘယ်လိုသိလဲ ဟင်၊ မယ်မယ့်ကို ဘယ်သူက လာပြောလဲ မယ်မယ် "
မခင်မျိုးက အံ့သြစွာ မေးလိုက်သည်။
" သူကိုယ်တိုင်ပဲလာပြီး ပန်ကြားတယ် သမီးရဲ့၊ သူ့မျာ မိဘကလဲ မရှိတော့ မယ်မယ်တို့ကိုပဲ မိဘအမှတ် ထား ပါရစေလို့ သိမ်သိမ်မွေ့မွေ့ပဲ ပြောပါတယ်၊ သမိးကို မယ်မယ်က ခေါ်မလို့ပါပဲ၊ သူငယ်ရှေ့မှာ သမီး ရှက် နေလိမ့်မယ် လို့ ငဲ့ညှာပြီး ခုမှ မေးရတာသမီးငယ်၊ မေတ္တာရှိတာကြာမြင့်ပြီ မဟ်ုတ်လား သမီးအဖို့လဲ တင့်တင့် တယ်တယ် အကာအကွယ် ရမှာမို့ ဒီသူငယ်ရဲ့ ပန်ကြားချက်ကို မယ်မယ်နဲ့ ဘဘက လက်ခံလိုက် ပါပြီလေ"
မယ်မယ်က ကိုဘဆွေ ပြောသမျှကို ပြန်ပြောနေလေသည်။ မခင်မျိုးကမူ " အင်း ... ကိုစော တစ်ယောက် ကဖြင့် သတင်းမပေးဘဲ ဇာတ်မြှုပ်နေပြီး အခုမှ ငါ ဗြုန်းခနဲ ၀မ်းသာအောင် စီစဉ်တာနဲ့ တူတယ်၊ သြော် ... သူ့မှာ မိဘမရှိတာတွေ၊ မေတ္တာ မျှခဲ့တာ ကြာပြီဆိုတာက အစ မယ်မယ်နဲ့ ဘဘကို ဖွင့်ပြောရျာပါကလား၊ ဒီလိုတော့လဲ သူ ပြောရဲတဲ့ သတ္တိ အရှိသားပဲ၊ ဟင်း ... ကိုစောတော့လား၊ ဘဘနဲ့ မယ်မယ်ကို လာပြောတဲံ နေ့က ခင်မသိလိုက်လို့၊ နောက်တစ်ခါ လာလို့တွေ့မှ လူလဲ မလာ၊ စာလဲ မရောက်၊ ပျောက်ချက်သား ကောင်းပုံ တွေကို ဒေါပါပါနဲ့ မေးကြည့်စမ်းမယ်" ဟု စိတ်တွင်းမှ ကြည်နူးစွာ တွေးနေသည်တွင် မျက်နှာ ကလေး မှာလည်း ကြည်လင်ဝင်းပကာ ပြုံးယောင်သန်းသွားသည်ကို မယ်မယ်က ကောင်းစွာ အကဲခတ် လိုက် မိသည်။
" သူ ဘယ်တော့ လာဦးမှာလဲ မယ်မယ် "
မခင်မျိုးက မယ်မယ့် မျက်နျာကို မ၀ံ့မရဲ ကြည့်ကာ ရှက်ရွံ့သံကလေးဖြင့် မေးလိုက်၏။
" လာပါလိမ့်မယ် သမီး၊ မြန်မြန် ကိစ္စပြီးရင် မြန်မြန် စိတ်အေးချမ်းသာ ဖြစ်ရမယ့် ကိစ္စမို့ အခုလာမယ့် တနင်္ဂနွေနေ့မှာ စေ့စပ်ကြောင်းလမ်း လက်ထပ်ခြင်းကို တစ်နေ့တည်း တစ်ချိန်တည်း လုပ်လိုက်မယ်လေ၊ သူငယ်လေးဘက်က လူကြီးမိဘဖြစ်နဲ့ သမီးတို့ ပညာသင်ခဲ့တဲ့ ကျောင်းက ကျောင်းအုပ်ဆရာကြီးနဲ့ အတန်း ပိုင်ဆရာတွေ ပါလိမ့်မယ်၊ သမီးတို့က တစ်ကျောင်းတည်း ထွက်တွေဆိုတော့ ဆရာကြီးတွေက ကြည်ကြည် ဖြူဖြူ လိုက်ပါကြလိမ့်မယ်လို့ ပြောတယ်၊ နောက်ပြီး မယ်မယ်တို့ ဘက်ကလဲ တိုင်ပင်သင့်၊ အသိပေးသင့်တဲ့ ဆွေတော် မျိုးတော်တွေကို ဆက်ရဦးမှာဆိုတော့ စုစုပေါင်း လူတစ်ရာလောက်ပါပဲ၊ သိပ်ခမ်းခမ်းနားနားကြီး မလုပ်တော့ပါဘူးလို့ မယ်မယ်နဲ့ ဘဘက စီစဉ်လိုက်တယ်၊ ဘာကြောင့်လဲဆိုတော့ ခမ်းခမ်းနားနား စီစဉ်နေ ရင် ငွေကုန်မှာက အရေးမကြီးဘူး၊ ရက် ကြာညောင်းမျာ စိုးလို့ပဲကွယ့်၊ သမီးအဖို့ နောက်ရန်က မအေးဘူး မဟုတ်လား "
မယ်မယ်က စုံစေ့စွာ ပြောဆိုနေသည်ကို ငြိမ်သက်စွာ နားထောင်နေသော မခင်မျိုးက မျက်လုံးကလေးများ ၀ိုင်းသွားသည်။
" ဘယ်လိုမယ်မယ်၊ နောက်ရန် မအေးဘူး ဆိုတာက ... "
မခင်မျိုး က နားမလည်သဖြင့် မေးလိုက်၏။
" ဒီလိုလေ ... သမီးကို ချစ်ရေးဆိုတာ မရလို့ နိုင်လုံးနဲ့ ကိုင်ပြီး ဖျက်ဆီးမယ်လို့ သဲသဲမဲမဲ ကြံစည်နေသူ ရှိတယ်လို့ သူငယ်လေးက ပြောသွားတယ်ကွယ့် "
မခင်မျိုး၏ မျက်လုံးထဲမှာ ကိုဘဆွေ၏ ဓာတ်ပုံသဏ္ဍာန်သည် အထင်းသား ပေါ်လာသည်။
" နိုင်လုံးနဲ့ကိုင်ပြီး ဖျက်ဆီးမယ်ကြံသူဟာ ကိုဘဆွေပဲ ဖြစ်မှာပါပဲ" ဟု အတတ်တွေးလိုက်၏။
" ဟုတ်ပါတယ် မယ်မယ်၊ ဘဘနဲ့ မယ်မယ် စီစဉ်တာ၊ သမီးအတွက် အဆင်အပြေဆုံးပါပဲ "
မခင်မျိုးကလည်း ကိုဘဆွေရန်မှ မြန်မြန်လွတ်စေရန် ရည်သန်ပြီး ၀မ်းသာစွာ ပြောလိုက်၏။ ထိုအခိုက် မယ်မှုံ ရောက်လာသည်။ မယ်မယ်ရှေ့ကြမ်းပြင်ပေါ်မှာ ရိုသေစွာ ဒူးတုပ်ထိုင်လိုက်၏။
" ဘာဘဲ မယ်မှုံ "
မယ်မယ်က မေးလိုက်သည်။
" မ်လေး ကိစ္စအတွက် အကြောင်းကြားထားတဲ့ ထိပ်တန်းဘုရားတို့ အောက်ထပ် ဧည့်ခန်းမှာ ရောက်နေကြ ပါပြီ၊ ဘဘကြီး က အခေါ်လွှတ်ပါတယ် မေမေကြီး "
" အေး ... အေး "
မယ်မယ်က ပြောပြီး ပက်လက် ကုလားထိုင်ပေါ်မှ ထလိုက်၏။
" သမီးငယ် ... လိုက်ဦးမလား "
မယ်မယ်က မေးလိုက်သည်။
" သမိး ရှက်ပါတယ် မယ်မယ် "
မခင်မျိုးက စိတ်မလုံသော မျက်နှာကလေးဖြင့် ဖြေလိုက်၏။
" အေးပါလေ ... မလိုက်ပါနဲ့၊ မယ်မှုံ ဧည့်ဝတ်ပြုဖို့ အစားအစာတွေ အရံသင့် ဖြစ်ရဲ့နော် "
မယ်မယ်က မခင်မျိုးနှင့် ငွေမှုံကို တစ်လှည့်စီ ကြည့်ကာ ပြောပြီး အခန်းတွင်းမှ ထွက်သွားလေသည်။
မခင်မျိုးသည် မယ်မယ် ထွက်သွားသောအခါ အခန်းနံရံတွင် ချိတ်ဆွဲထားသော ပြက္ခဒိန်ကို ထကြည့် လိုက်၏။ ယနေ့ သည် ကြာသပတေးနေ့ဖြစ်သည်။ လာမည့် တနင်္ဂနွေနေ့ ဆိုလျှင် လက်ထပ်ရန် နှစ်ရက် သာလျှင် လိုတော့သည်။ ပြက္ခဒိန်ကို ကြည်နူးစွာကြည့်နေသော မခင်မျိုး၏ မျက်လုံးထဲတွင် ပြက္ခဒိန်ပေါ်မှ စာလုံးများ ပျောက် သွားသည်။ ခံ့ညားတည်ကြည်သော မျက်နှာဖြင့် ရွှင်လန်းစွာပြုံးနေသော ချစ်သူ ကိုစောခိုင်၏ မျက်နှာ ပေါ်လာ၏။
ကိုစောနော် ... ကိုစော၊ ခင့်ကို ဒုက္ခပေးခဲ့တာတွေ အတိုးချပြီး စိတ်ကောက်ပြလိုက်အုံးမယ် "
-------------------------------
ဆက်ရန်
.

No comments:
Post a Comment