" အဲ ... နောက် အဖေ သတိရလာတော့ နန်းဝေတို့ ယာတဲမှာ ရောက်နေတယ်ကွယ့်၊ ဘဆွေ မြလွယ်အိတ် ကြီးသယ်ပြီး သုတ်သီးသုတ်ပျာနဲ့ တောထဲမှာ အပြေးအလွှားသွားနေတာ ကရင်အဘိုးကြီးနဲ့ အဘွားကြီးက ထင်းခွေရင်း မြင်လိုက်ရတာကိုး၊ တစ်ယောက် ဘယ်မှာ ကျန်ရစ်သလဲလို့ မေးမလို့ လှမ်းခေါ်တာ အဘိုးကြီး နဲ့ အဘွားကြီးက ခေါ်လေ သူကပြေးလေ ဖြစ်နေတော့ မသင်္ကာတာနဲ့ အဘိုးကြီးနဲ့ အဘွားကြီးက သူ့နောက် မလိုက်တော့ဘဲ သူလာခဲ့ရာ လမ်းတစ်လျှောက်မှာ အဖေ့ကို လိုက်ရှာတော့ စမ်းချောင်းကမ်းစပ် မှာ မချိမဆန့် ဒဏ်ရာနဲ့ သတိမေ့နေတဲ့ အဖေ့ကို တွေ့တာကိုး ..
" သူတို့ ထမ်းပိုးယူလာပြီး ပြုစုတော့ အဖေ သတိပြန်ရလာတယ်၊ ဒါပေမယ့် ဒဏ်ရာကကြီး၊ ဆေးကောင်း ၀ါးကောင်း က မတွေ့၊ အနာရှိန်နဲ့ လူပါချိပြီး မကျန်းမမာ ဖြစ်လိုက်တာ နန်းဝေတို့ ယာတဲမှာပဲ နှစ်နှစ်လောက် လဲနေတယ်ကွယ့်၊
နောက်တော့လဲ သေကံမရောက် သက်မပျောက် ဆိုတာလို ကျန်းမာလာပေမယ့် အဖေ့ မှာတစ်သက်လုံး လူမြင်မကောင်းတဲ့ ရုပ်ရည်ကြီး ဖြစ်ကျန်ရစ်တာပေါ့လေ ...
" အဖေလဲ ကောင်းကောင်း ကျန်းမာလာတော့ ကိုယ့်ရပ်ရွာ ပြန်ချင်ပေမယ့် လမ်းစရိတ်ငွေကြေး တစ်ပြား မှ မရှိဘူးကွယ့်၊ အိတ်ထဲမှာ ရှိသမျှငွေ ဘဆွေ က အကုန်နှိုက်ယူသွားပြီကိုး၊ ငတ်တလှည့် ပြတ်တလှည့်နဲ့ ဘားအံမြို့ ရောက်အောင်လာပြီး စရိတ်ကလေးမှ ရပါစေတော့လို့ အလုပ်အကိုင်ကလေး ရှာပေမယ့် အဖေ့ မျက်နှာကြီး ကြည့်ပြီး ဘယ်သူမှ အလုပ်မပေးချင်ဘူး ... နောက်ဆုံး ကြံရာမရတော့ သင်္ဘောဆိပ်ဆင်းပြီး ကူလီ ထမ်းတဲ့ အလုပ်ကိုရှာတော့ ကံအားလျော်စွာ ရန်ကုန်ထွက်မယ့်ဆဲဆဲ ကတ္တူပိုင်ရှင် သူတော်ကောင်း တစ်ယောက်နဲ့ သွားတွေ့မှ ထမင်းချက်အလုပ်နဲ့ ကတ္တူပေါ်တင်ပြီး ရန်ကုန်အရောက် ခေါ်လာခဲ့တယ်၊ အဲ ရန်ကုန်ရောက် မှ အဖေ့မှာ အသည်း နာစရာတွေ့ရတာပဲ သားရေ "
" ဘယ်လိုလဲ အဖေ "
စကားဖြတ်ပြီး လည်လာသောမျက်ရည်ကို သုတ်လိုက်သည့် ဦးစောခိုင်အား ကိုစောအောင်က ကြင်နာစွာ မေးလိုက်သည်။ ကိုမျိုးခိုင်၏ ဦးခေါင်းမှာ မသိမသာငုံ့နေရာမှ သိသိသာသာ ငုံ့သွားလေသည်။
" အလို ... မောင်ရင် နေမကောင်းဘူးလား "
ဦးစောခိုင်က စကားမဆက်သေးဘဲ ကိုမျိုးခိုင်အား မေးလိုက်သည်။ ကိုမျိုးခိုင်က သတိဆောင်ကာ ခေါင်းကို ဆတ်ခနဲ မော့လိုက်၏။
" ကောင်းပါတယ် အဘရယ်၊ အဘဖြစ်ထွေကို နားထောင်ရတာ ကျွန်တော် ကိုယ်တိုင် ခံစားရသလိုထင်ပြီး စိတ်မကောင်းလွန်းလို့ပါ "
ကိုမျိုးခိုင် က အမှန်အတိုင်းပင် ဖြေလိုက်၏။ သို့သော် ကိုစောအောင်တို့ သားအဖေက အထွေအထူး မထင် မိကြပေ။ ဦးစောခိုင်က စကားဆက်လိုက်ပြန်၏။
" အေး ... အေး အဘဖြစ်စဉ်က စိတ်ချမ်းသာစရာ တစ်ခုမှ မပါဘူးကွယ့်၊ ဒါကြောင့်လဲ တစ်သက်တာမှာ ဘယ့်သူ့ကိုမှ မပြောတော့ပါဘူးရယ်လို့ ရင်ထဲမှာ မျိုသိပ်ထားခဲ့တယ်၊ အဘ သားကိုတောင် ပြောပြခဲ့ဘူး၊ အခုမှ မောင်ရင်က အဘ မောင်ရင် အမှန်အတိုင်း သိပါစေလို့ အဘရဲ့ ဘ၀ကို ရင်ဖွင့်ပြတာ ဒီဟာ ပထမဆုံး အကြိမ်ဘဲ မောင်ရင် ...
ဦးစောခိုင်က ကြေကွဲလှိုက်လှဲစွာ ပြောနေသည်။
" အစအဆုံး ရေလည်အောင် သိပါရစေ အဘရယ် "
ကိုမျိုးခိုင်က ညွှတ်ပြောင်းသောအသံဖြင့် တောင်းပန်လိုက်သည်။
" အေး ... နားထောင်ကွယ့် မောင်ရင်၊ ဒါနဲ့ ရန်ကုန်ရောက်တော့ ကတ္တူပိုင်ရှင်ထံခွင့်ပန်ပြီး အလုပ်ထွက်ခဲ့ တယ်၊ မန္တလေး ပြန်ဖို့အတွက် ကတ္တူပိုင်ရှင် က သနားလို့ပေးလိုက်တဲ့ ငွေကလေးက လမ်းစရိတ်လုံလောက် နေပြီကိုး၊ ဘူတာရုံကို အလာမှာ အချိန်ကလဲစောသေးတော့ သစ်သီးတန်းမှာ သစ်သီးဆိုင်အကြီးအကျယ် တည်ရောင်းတဲ့ မိတ်ဆွေတစ်ယောက်ရှိကြောင်း သိရတာနဲ့ သစ်သီးတန်းလှည်းဝင်လိုက်တယ် ...
" အဲ ... မခင်မျိုးနဲ့ ဆိုက်ဆိုက်မြိုက်မြိုက် သွားတွေ့တော့တာပဲ၊ သူ့လက်ထဲမှာ သဗျစ်သီးခိုင်တွေကို ကိုင် ထားတယ်၊ အဘလဲ ဘာမှမဆင်ခြင်နိုင်ဘဲ ခင်ရေ လို့ ၀မ်းသာအားရ အသံပြုလိုက်တော့ မခင်မျိုးက လှည့် ကြည့်ပြီး အဘကို မမှတ်မိသလို ကြောင်နေတယ်၊ အဘလဲ စဉ်းစားမိတာပေါ့၊ အင်္ကျီလုံချည် အညစ်နဲ့ ရုပ် ပျက်နေ တဲ့ မျက်နှာကြီး ကြောင့်ပဲဆိုတာ "
ဥိးစောခိုင်၏ အသံမှာ တုန်ယင်လာပြီး စကားကို ခေတ္တမျှ ဖြတ်ထားလိုက်၏။ အလွန်အမင်း စိတ်ထိခိုက်နေ သည်ကို အကဲခတ်မိသော ကိုစောအောင်နှင့် ကိုမျိုးခိုင်က အလိုက်သိစွာပင် ဆက်ပြောရန် မတိုက်တွန်း ရက်ဘဲ ဆိတ်ငြိမ်စွာ နေလိုက်ကြသည်။ ဦးစောခိုင်သည် အောက်နှုတ်ခမ်းကိုကိုက်ခါ အတန်ငယ်တွေးနေ ပြီးမှ ရင်ဝယ် ပြည့်ကြပ်လာသော အဆွေးတွေကို မှုတ်ထုတ်လိုက်သည့်အလား၊ လေးပင်သောသက်ပြင်းကို ချကာ စကားဆက်လိုက်ပြန်သည်။
" အဘကလဲ ဘဆွေ ယုတ်မာတာတွေကို အကျဉ်းရုံးပြလိုက်တော့ မခင်မျိုးက သူ့လက်ထဲ ကိုင်ထားတဲ့ သဗျစ်သီးခိုင်တွေကို လွှင့်ပစ်ပြီး မျက်နှာကို လက်နှစ်ဖက်ဖြင့်အုပ်ပြီး ငိုရှာတယ်။ ငိုရာက သူ့ကိုခွင့်လွှတ်ပါလို့ တောင်းပန်တယ်၊ အဘမှာလဲ လူမြင်မကောင်းအောင် ဖြစ်နေတဲ့ မျက်နှာကြီးကို သတိရပြီး ငါရုပ်ပျက် ဆင်း ပျက် ဖြစ်နေလို့သာ သူဒီစကားကို ပြောတာပဲလို့ တွေးမိတယ်ကွယ့် ...
" ယူကျုံးမရစိတ်နဲ့ သူ့ကို မျက်တောင် မခတ် ကြည့်နေမိရာက ခွင့်လွှတ်ပါတယ်ကွယ်၊ ကိုစော မျက်နှာကြီးက လူနဲ့မှမတူတော့ဘဲ မခင်မျိုးရယ်လို့ပြောလိုက်တော့ မခင်မျိုးက ဘာပြန်ပြောတယ် မှတ်သလဲ မောင်ရင် ... "
ဦးစောခိုင်၏ အမေးကို ကိုမျိုးခိုင်က မဖြေနိုင်ပေ။ ဖြေနိုင်အောင်လည်း မစဉ်းစားချင်တော့၊ ဦးစောခိုင်အား မကြည့်ဝံ့ သလို ခေါင်းငုံ့နေသည်။ ကိုစောအောင်ကား ထိုအချိန်အခါက ဖခင်၏ ရင်တွင်း အသည်းနှလုံးဝယ် မည်သို့ ခံစားရရှာမည်ကို တွေးမိသည့်အလား ဖခင်၏ မျက်နှာကို ကြေကွဲစွာ ကြည့်နေသည်။ မည်သူကမှ စကားသံမထွက်၊ မဖြေရက်၊ မပြောရက်သလို ငြိမ်နေသည့်အတွက် ဦးစောခိုင်က စကားဆက်လိုက်ရှာသည်။
" သြော် ... မခင်မျိုး ... မခင်မျိုး ... သူ့အသံနဲ့ သူ့မျက်နှာကို ဒီတစ်ခါ နောက်ဆုံး အဖြစ်နဲ့ မြင်ခဲ့ ကြားခဲ့ တာ ပဲကွယ်၊ ကိုစောရယ်တဲ့ ကိုစောဘယ်လိုအဖြစ်မျိုး ရောက်ခဲ့ပါစေ၊ ခင်မျိုး မေတ္တာမပျက်ပါဘူး၊ အခုလဲ ချစ်နေရက်ပါပဲတဲ့၊ ခွင့်လွှတ်ပါဆိုတာက ရှောင်ဖယ်လို့မရတဲ့ အကြောင်းတွေကြောင့် ခင်မျိုးဘဆွေကို လက်ထပ် ခဲ့ရပြီးပါပြီလို့ အက်ကွဲတဲ့ အသံနဲ့လဲ ပြောလိုက်ရော၊ အဘလဲ မခင်မျိုးအနားက ချာကနဲ လှည့် ထွက်လာခဲ့ တာပဲ မောင်ရင်ရေ ...
"ကျန်းမာအောင် အချိန်ယူ ဆေးဝါးကုသပြီးမှ ဘဆွေကို ကောင်းကောင်း လက်စားချေမယ်ဟဲ့လို့ စိတ်ထဲက ငြိါ်ပြီး မန္တလေးတက်လာခဲ့တယ်၊ အဲ ... မန္တလေးရောက်ကာမှ ငါနဲ့ မခင်မျိုးမှာ ဘ၀၀ဋ်ကြွေး ကြီးလှပါကလား လို့ သိရပြီး ဘဆွေကို လက်စားမချေတော့ဘဲ တရားနဲ့ဖြေပြီး ဇာတ်မြှုပ်လာခဲ့တာပဲကွယ် ... "
ဦးစောခိုင်က စကားဖြတ်ကာ ...
" အဖေ့ကို ရေတစ်ခွက်ပေးပါ သားရယ် ... "
ဟု တုန်ယင် မောဟိုက်သံဖြင့် တောင်းလိုက်၏။ ကိုစောအောင် မထမီ ကိုမျိုးခိုင်သည် သွက်လက်လျင်မြန် စွာ ရေတစ်ခွက်ကို သွားခပ်ပြီး ကိုစောခိုင်အား ရိုသေစွာပေးလိုက်၏။
ဦးစောခိုင် ရေသောက်ပြီးသောအခါ ...
" ဆက်ပြောပါဦး အဘရယ်၊ ကျွန်တော် အဆုံးအထိ သိပါရစေ... "
ဟု ကိုမျိုးခိုင်က တောင်းပန်ကာ ဦးစောခိုင်အား ကြင်နာစွာ ကြည့်မိသည်။
" အေးပါမောင်ရင်၊ ဆက်ပြောပါမယ်၊ အဲဒါနဲ့ မန္တလေးရောက်တော့ ဖေဖေလဲ ဆုံးသွားပြီဆိုတာ သိရတော့ အဘလူ့ဘ၀မှာ နေချင်တဲ့စိတ်တောင် မရှိပါဘူးကွယ် .... "
ဥိးစောခိုင်သည် ကြေကွဲလှိုက်မောစွာ ပြောကာ ရှေးဖြစ်ဟောင်းကို ပြန်ပြောင်း တွေးတောကာ ဆွေးမော ဟန်ဖြင့် အတန်ကြာ ငေးနေပြီးမှ ....
" ဘဆွေတို့ ကမ်းကုန်အောင် ယုတ်မာတာကို မန္တလေး ရောက်မှ စုံအောင်သိရတော့ မခင်မျိုးကို စိတ်မနာ နိုင်ဘဲ၊ သနားပိုပြီး ကြင်နာလို့ ဝေးရာကို အဘ ပြေးခဲ့ရတယ် မောင်ရေ့... "
ဟု ဦးစောခိုင် က အံကြိတ်ပြီး ပြောလိုက်သည်တွင် ကိုစောအောင်နှင့် ကိုမျိုးခိုင်တို့ တိုင်ပင်ထားသလို ...
" ဘာဖြစ်လို့လဲ အဖေ .... "
" ဘာဖြစ်လို့လဲ အဘ ...
ဟု ပြိုင်တူမေးလိုက်မိကြ။
" ဘာဖြစ်ရမှာလဲကွယ်၊ ဘဆွေ ကပ်ရပ်နေခဲ့ရတဲ့ နေပြည်တော်သုံး ရွှေပန်းတိမ်ဖို ပိုင်ရှင် ဘဆွေ ဦးလေးရဲ့ မိန်းမ ဒေါ်မေနဲ့ သွားတွေ့တယ်၊ အဲဒီတော့မှ ဒေါ်မေကို ဘဆွေအကြောင်း မေးချင်တဲ့စိတ် ပေါ်လာပြီး မေး မိတယ်၊ ဒေါ်မေကတော့ ဘဆွေ အဘနဲ့အတူ ခရီးထွက်သွားတာလဲ မသိဘူး၊ အဘကလဲ မပြောဘူး၊ ကွဲ ကွာနေ တဲ့ သူငယ်ချင်းတစ်ယောက်ကို တွေ့လိုတဲ့ စိတ်သဘောမျိုးနဲ့သာ အဘက ကိုဘဆွေတစ်ယောက် ဘယ်ရောက်နေသလဲ၊ ဘာလုပ်နေသလဲလို့ မေးလိုက်တော့ နဂိုက ဘဆွေကို မလိုလား မကြည်ဖြူတဲ့ ဒေါ်မေက မိန်းမပီပီ ခရေစေ့ တွင်းကျ ပြောပြတာကိုးကွယ့် ... "
" ဟုတ်ကဲ့ ဒီကိုဘဆွေဆိုတဲ့လူက ဘာဖြစ်သတဲ့လဲအဘ "
ကိုမျုးခိုင်က သိချင်စိတ်အားကြီးစွာဖြင့် ဖြတ်ပြီးမေးလိုက်၏။
" ဒီလိုကွယ့်၊ ဘဆွေက မန္တလေးက ရုတ်ခနဲ ပျောက်သွားပြီး ဘွားခနဲ သူဌေးအဖြစ်နဲ့ ပြန်ပေါ်လာပြီး မခင်မျိုး ကို လက်ထပ်ပြီး ရန်ကုန်ပြန်သည်အထိ ဦးလေး နဲ့ အဒေါ်ကို လုံးဝ အရေးမစိုက်ဘူးတဲ့၊ လက်ထပ် မယ့် ကိစ္စ မှာလဲ လူကြီးမိဘအနေနဲ့ တိုင်ပင်ခြင်း၊ နေရာထားခြင်း မပြုဘူးတဲ့၊ ပန်းထိမ်ဖိုနဲ့ မျက်နှာချင်းဆိုင် မှာရှိတဲ့ " ထွန်း ဓာတ်ပုံဆိုင် "နေ့တိုင်းလာပြီး သူ့ကို အထင်အမြင်သေးခဲ့တဲ့ ဆွေမျိုးတွေကို ခံပြင်းလို့ သူဌေးဖြစ်အောင် ကြိုးစား ခဲ့ကြောင်း၊ သူဖုန်းစားမကို မယူဘဲ မဟာဆွေတော်မျိုးတော် မခင်မျိုးကို ရပြီဖြစ် ကြောင်း အော်ကျယ် ဟစ်ကျယ် လာပြောခဲ့တာကို ဘဆွေရဲ့ ဦးလေးနဲ့ အဒေါ်ဖြစ်တဲ့ ဦးစိန်အိုး ဒေါ်မေတို့က မခံချိမခံသာ ဖြစ်ခဲ့ကြတယ်၊
ရှက်လဲ ရှက်တယ်၊ တစ်နေ့တော့ ဓာတ်ပုံဆိုင် ပိုင်ရှင် မိန်းမက ဒေါ်မေတို့ ပန်း တိမ်ဖိုက ပန်းထိမ်သမား တစ်ယောက်နဲ့ ဖောက်ပြားပြီး ထွက်ပြေးတော့ ဓာတ်ပုံဆိုင်ရှင် ကိုထွန်းက ဒေါ်မေတို့ဆီလာပြီး တိုင်ကြား ပြောဆိုတာကိုး၊ ဖောက်ပြန်တဲ့ မိန်းမကို သူစွန့်လွှတ်လိုက်သော်လဲ ပါသွားတဲ့ ရွှေထည် လက်ဝတ် လက်စားတွေ ပြန်တောင်းပေးပါလို့ အရေးဆိုတယ်တဲ့၊ ဒေါ်မေတို့ကလဲ ကိုယ့်လက် အောက်က လုပ်သား တစ်ယောက် ဖြစ်နေတော့ နှစ်ဖက် ပြေရာပြေကြောင်း ၀င်ပြောရတာပေါ့လေ၊ အဲဒီ တော့ ဓာတ်ပုံဆိုင်ရှင် ရဲ့မိန်းမ က ဒီရွှေတွေဟာ ဓာတ်ပုံဆိုင်ရှင် ကိုထွန်းရဲ့ အစွမ်းအစနဲ့ ရှာဖွေရတာမဟုတ် ကြောင်း၊ ဘဆွေက မခင်မျိုး မိဘနှစ်ပါး ကမ္မဌာန်းထိုင်နေရာမှာ မဟုတ်မမှန် ဓာတ်ပုံတွေ အရိုက်ခိုင်းပြီး ပေးတဲ့ အဖိုးအခနဲ့ ၀ယ်ထားတဲ့ ရွှေသာလျှင် ဖြစ်ကြောင်း၊ အကယ်၍ ပြန်တောင်းရင် ဒီအကြောင်းတွေ ဖော်မယ်လို့ နိုင်လုံးကို လှည့်ကိုင် လိုက်တော့ ကိုထွန်းလဲ ငြိမ်သွားသတဲ့ကွယ် "
" ဘယ်လို ဓာတ်ပုံမျိုးလဲ အဘ "
ကိုမျိုးခိုင်က မေးလိုက်သည်။
" ဒီလိုတဲ့ကွယ့်၊ အဘိုးကြီးနဲ့ အဘွားကြီးက ညဘက် လူခြေတိတ်ရင် ကမ္မဌာန်းတဲ့ တစ်ခုစီနဲ့ ကမ္မဌာန်းကို အာရုံယူမျက်စိမှိတ်ဝင်စားနေဆဲမှာ ဘဆွေ၊ ငထွန်းနဲ့ အပေါင်းအပါတွေက တိတ်တဆိတ် ၀င်လာပြီး မေ့ ဆေးနဲ့ နှာဝတေ့တော့ သတိလစ်သွားရော၊ အဲဒီတင် ကြေးစားမိန်းမ ယောက်ျားနှစ်ယောက်နဲ့ အဘိုးကြီး အဘွားကြီး ပျော်ပါးနေဟန် သူတို့ လိုချင်တဲ့ အနေအထားအတိုင်း ဓာတ်ပုံရိုက်ကူးပြီး တိတ်တဆိတ် ပြန် ထွက် လာခဲ့တာပေါ့၊ အဘိုးကြီးနဲ့ အဘွားကြီးကတော့ ဘယ်သိမလဲ ...
" ကမ္မဌာန်းထိုင်နေရင်း အိပ်ပျော်သွားတယ်လို့ ထင်မှာပေါ့၊ အဲဒီ ဓာတ်ပုံတွေကိုင်ပြီး အရှက်နဲ့ ဂုဏ်သိက္ခာ ကို အသက် ထက် တန်ဖိုးထားတဲ့ မခင်မျိုးတို့ မိသားစု သုံးယောက်ကို ပိုင်ပိုင်ကြီး လှည့်စားပြီး ရန်ကုန်အရောက် ခေါ်သွားတယ်ဆိုတာတွေ ဒေါ်မေပြောပြလို့ အဘသိရတော့ ရင်ကျိုးလိုက်တဲ့ဖြစ်ခြင်း မောင်ရင်ရယ်၊ မခင်မျိုးကိုလဲ စိတ်မဆိုးတော့ပါဘူး၊ ဘဆွေကို လက်စားချေဖို့လဲ စိတ်မကူးတော့ပါဘူး ...
" ဘာကြောင့်လဲဆိုတော့ မခင်မျိုးက မေတ္တာ မပျက်သည်ထားဦး၊ လူကြည့်မကောင်းအောင် ဖြစ်နေတဲ့ မျက်နှာရှင်ကြီးဟာ မခင်မျိုးရဲ့ ငယ်ရည်းစားပဲလို့ သူများတွေသိရင် မခင်မျိုး ဂုဏ်သိက္ခာ ထိခိုက်မှာ စိုးတာ တစ်ကြောင်း၊ သူတို့မှာ သားသမီးကလဲ တွယ်နေပြီဖြစ်တော့ ဒီလင် ဒီမယား ဒီသားသမီးတို့ ဥမကွဲ သိုက်မ ပျက် နေကြပါစေ၊ ငါ့မှာ ၀ဋ်ကြွေးရှိလို့ ခံရတာပဲလို့ တရားနဲ့ဖြေပြီး မန္တလေးမှာ မနေတော့ဘဲ ထွက်လာခဲ့တာ ပကွယ်၊ သြော် ... ဘဆွေ ... ဘဆွေ၊ ကျေးဇူးတရားကိုလဲ မထောက်၊ သစ္စာလဲ မစောင့်ဘဲ လုပ်ရက်လေ သူငယ်ချင်း ရယ် "
ဦးစောခိုင်သည် ကြေကွဲလှိုက်လှဲသော အသံဖြင့် စကားလုံးကို အဆုံးသတ်ကာ ထိုင်ရာမှ ထမည်ဟု ဟန်ပြင်လိုက်၏။ ကိုမျိုးခိုင်ကား ဦးစောခိုင်ကို မကြည့်တော့ဘဲ ခေါင်းငိုက်စိုက် ချနေသည်။
သူ၏ မျက်စိအာရုံတွင်ကား ဖခင် ဦးဘဆွေ၏ ပြုမူဆောင်ရွက်ပုံများကို ရုပ်ရှင်ကြည့်ရသလို ကွင်းကွင်း ကွက်ကွက် မြင်နေရသည်။ ယူကျုံးမရ ၀မ်းနည်းလှသဖြင့် မျက်ရည်များပင် လည်လာတော့၏။
" နေပါဦး အဖေရယ်၊ ညောင်းရင် ခြေဆန့်ပေးပါ၊ ကျွန်တော် နှိပ်ပေးပါမယ်၊ ဆုံးအောင် ပြောပါဦး၊ အဖေ သထုံ ကိုဘယ်လို ရောက်လာသလဲ၊ အမေက သထုံသူပဲလား အဖေ၊ ပြောလက်စနဲ့ ပြောပြပါ၊ ကျွန်တော် အစအဆုံး သိပါရစေ"
ကိုစောအောင်က တောင်းပန်ရင်း ဦးစောခိုင်၏ ခြေနှစ်ဖက်ကို ညင်သာစွာ ဆွဲယူဆန့်ပြီး နှိပ်ပေးလိုက်သည်။
" ညီလေးက ဟိုတစ်ဖက်ကိုနှိပ်၊ အစ်ကိုက ဒီတစ်ဖက်ကို နှိပ်မယ် "
ကိုမျိုးခိုင်က ခေါင်းငုံ့ထားရင်းက မသိမသာ တုန်ယင်သော အသံဖြင့်ပြောကာ ဦးစောခိုင်၏ ခြေတစ်ဖက်ကို ယုယငြင်နာစွာ နှိပ်နယ်ပေးလိုက်သည်။ ထိုသို့ နှိပ်နယ်ပေးရင်းလည်း စိတ်ထဲတွင် ဦးစောခိုင်အား သနား ကြင်နာသောစိတ်၊ ကြည်ညိုသောစိတ်များ ပေါ်ပေါက်လာသည်နှင့်အမျှ ပြင်းထန်သော စိတ်ဆင်းရဲမှုကို မျို သိပ်ချုပ်တည်းခဲ့ရသော သွားလေသူ မိခင်ကြီးအား တမ်းတ လွမ်းဆွတ်မိလေသည်။
" ပြောပါ အဖေရယ် "
ကိုစောအောင်က ထပ်မံ တောင်းပန်လိုက်၏။
" အေး ... အေး၊ ဒါနဲ့ အဖေလဲ ယူသင့်ယူထိုက်တဲ့ ပစ္စည်းယူပြီး နန်းဝေတို့ မိသားစု သုံးယောက်ကို ကျေးဇူး ဆပ်မယ်လို့ လာခဲ့တာပဲပေါ့သားရဲ့၊ ဟိုရောက်တော့ နန်းဝေ အဖေလဲ ဆုံးသွားပြီဖြစ်ကြောင်း၊ ဒူးလေးကိုင် တောင်ပေါ်သား တွေ တစ်စုံတစ်ခုကို ရှာဖွေသလို သူတို့ယာတဲနား မကြာခဏ ရောက်လာတတ်ကြောင်း၊ သူတို့သားအမိ နှစ်ဦးတည်း မနေရဲတော့လို့ သင့်တော်မယ့်ထင်တဲ့နေရာကို ပြောင်းရေ့ဖို့ စီစဉ်နေကြောင်း သိရတယ် "
" အဖေတို့ ဆေးပင်တွေ သွားရှာတဲ့ တောင်ကလူတွေ ဖြစ်မှာပေါ့ "
ကိုစောအောင်က စကားဖြတ်ပြီး ထင်မြင်ချက်ပေးလိုက်၏။ ဦးစောခိုင်က ခေါင်းညိတ်လိုက်သည်။
" ဟုတ်တယ်သား၊ အဲ ... အဖေလဲ မထူးတော့ပါဘူး၊ အားကိုးရာမဲ့တဲ့ နန်းဝေတို့ သားအမိကို တစ်သက်လုံး စောင့်ရှောက် ကျွေးမွေးပါရစေလို့ အတိအလင်း ဖွင့်ပြောတော့ အစကတည်းက ခင်ရင်းစွဲ ဖြစ်နေတော့ မငြင်းဆန်ပါဘူး၊ အဖေလဲ နန်းဝေကို ဇနီးအဖြစ် သိမ်းပိုက်ပြီး သူ့အမေပါ ခေါ်ကာ သထုံကိုရောက်တော့ ဒီ ဒူးရင်းခြံ ၀ယ်ပြီး ဖြစ်ရာဘ၀မှာ စိတ်ကို ဖြေပြီး နေခဲ့ရာက သားလေးနှစ်အရွယ်မှာ နန်းဝေတို့ သားအမိ ရှေ့ ဆင့် နောက်ဆင့်ဆိုသလို ဆုံးပါးသွားကြတယ်၊ သြော် ... နန်းဝေ ... နန်းဝေ၊ အရိုးအရိုင်း သက်သက်မို့ အဖေ နောက်ကြောင်းရာဇ၀င်တွေ မေးလဲ မမေးဘူး၊ စိတ်မချမ်းသာအောင်လဲ ဘာမှ မလုပ်ရှားဘူး၊ သြော်- ကျေးဇူးရှင် နန်းဝေ တို့ မိသားစု ကောင်းရာသုဂတိ ရောက်ပါစေ "
ဘ၀ဇာတ်လမ်းတစ်ခုလုံး လွမ်းခန်းမှာသာ ကပြခဲ့ရသော ဦးစောခိုင်သည် ဆွေးမြေ့စွာပြောကာ ကျလာသော မျက်ရည် ကို အင်္ကျီလက်နှင့် သုတ်လိုက်လေသည်။
ကိုစောအောင်သည် မမှတ်မိ မသိလိုက်ရသော မိခင်အား ရည်ရော်တမ်းတကာ လွမ်းလိုက်မိလေသည်။ ကိုမျိုးခိုင်ကား စကားတစ်ခွန်းမှ မဆိုချေ။ ဦးစောခိုင်၏ ခြေသလုံး ခြေဖျားများကိုသာ သားက ဖခင်အား နှိပ်သလို ဂရုတစိုက် ကြင်နာစွာ နှိပ်ပေးနေ၏။
" အဖေရဲ့ ဆေးပင်ရှိရာကို ညွှန်းထားတယ်ဆိုတဲ့ ပေစာအခု ရှိသေးသလားအဖေ "
အတန်ကြာမှ ကိုစောအောင်က မေးလိုက်သည်။ ကိုမျိုးခိုင်၏ နားထဲတွင်ကား ဟိုဂြိုလ်မွှေတဲ့ ပေစာထုပ်ကြီး ပိုက်ပြီး မန္တလေးက ထွက်သွားတာပဲဟူသော အိမ်စောင့် အဘိုးကြီး ဦးဘိုးဦး၏ စကားကို ကြားယောင် လိုက်မိ၏။
" ရှိတယ် သားရဲ့၊ ဒါပေမယ့် စင်ကြယ်မြင့်မြတ်တဲ့ လူတွေသာ နေဖို့ထိုက်တဲ့ " မြသေလာတောင် "ဟာ လောဘ ဒေါသ မောဟ ထူပြောတဲ့ လူတွေနဲ့ မထိုက်တန် မအပ်စပ်ဘူးလို့ အဖေ ယူဆမိတယ်၊ ဒါကြောင့် သား ကို ဆွေစဉ်မျိုးဆက်ထားခဲ့တဲ့ ကတိအတိုင်းသာ သူတို့ဘာသာ စကားကို သင်ပေးပြီး ဒီစာပေကို အပ် မယ်၊ သွားဖို့ ကိုတော့ မတိုက်တွန်းဘူးလို့ အဖေ ယူဆထားတယ် သားရဲ့ "
" ကျွန်တော် ဒီပေစာကို ဖတ်ပါရစေ အဖေ "
ကိုစောအောင်က ခွင့်တောင်းလိုက်၏။
" အဘရယ် ကျွန်တော်လဲ ဗဟုသုတအနေနဲ့ ဖတ်ပါရစေ ခွင့်ပြုပါနော် အဘ "
ကိုမျိုးခိုင်က ဦးစောခိုင်၏ ခြေဖျားကို လက်နှစ်ဖက်နှင့် ဆုပ်ကိုင်ထားရာမှ ခွင့်တောင်းလိုက်၏။
" အေး ... အေး ... အဘလျှို့ဝှက်ထားချင်တဲ့ ဆန္ဒ မရှိတော့ပါဘူးကွယ်၊ ဘာကြောင့်လဲဆိုတော့ ဒီဆေးပင်က ထိုက်တန်သူ မှ ရမှာမို့ ကြိုးစားချင်လဲ ကြိုးစားကြ၊ မကြိုးစားချင်လဲနေကြပေါ့၊ အဘသားကို တော့ မတိုက်တွန်း ဘူး၊ သွားစေလိုတဲ့အာသိသလဲမရှိဘူး။
ဦးစောခိုင်က ပြောပြီး ဆန့်ထားသောခြေကို ပြန်ရုပ်ကာ ...
" တော်ပါပြီ သားတို့ရယ်၊ အညောင်းပြေပါပြီ၊ ပေစာတွေ ဖတ်ချင်ရင် ဖတ်ကြည့်ကြပေရော့၊ အဖေ့အိပ်ရာ ခေါင်းရင်းက ကျွန်းသေတ္တာကြီးထဲမှာ ထည့်ထားတယ် "
ဦးစောခိုင်က ပြောပြီး ကိုစောအောင်ဘက် လှည့်ကာ ...
" သား နေ့လယ် နေ့ခင်းမှာ အဖေ အေးအေးလူလူ နေနေကျ မင်းဂွတ်ပင်အောက်က ကွပ်ပျစ်မှာ ဖျာခင်း ထား ပြီးပြီလား "
ဟု မေးလိုက်သည်။
" ခင်းပြီးပါပြီ အဖေ၊ ခေါင်းအုံးရော၊ စိပ်ပုတီးရော ကျွန်တော် ထားခဲ့ပြီးပါပြီ၊ အဖေ မင်းဂွတ်ပင်အောက်သွား တော့မလား "
ကိုစောအောင်က မေးလိုက်၏။
" အေး ... သားတို့ ပေစာဖတ်မယ် မဟုတ်လား၊ အဖေ အေးအေးဆေးဆေး ပုတီးသွားစိပ်တော့မယ်ကွယ့် "
ဦးစောခိုင်က ပြောကာ ထိုင်ရာမှ ထလိုက်၏။ ကိုစောအောင်က ဖခင်အား လက်မောင်းတစ်ဖက် မှ တွဲယူ လိုက် သဖြင့် ကိုမျိုးခိုင်ကလည်း အခြား လက်မောင်းတစ်ဖက်ကို ယုယစွာ တွဲယူလိုက်သည်။
ဦးစောခိုင်အား ခြံထဲရှိ မင်းဂွတ်ပင်ကြီးအောက် ကွပ်ပျစ်ပေါ်သို့ ပို့ထားခဲ့ပြီး ကိုစောအောင်နှင့် ကိုမျိုးခိုင်တို့ စိတ်ဇောကြီးစွာဖြင့် အိမ်သို့ သွက်သွက် ပြန်လာကြသည်။ အိမ်ပေါ်ရောက်လျှင် ရောက်ခြင်း ...
" အစ်ကို ဒီမှာ ထိုင်စောင့်နေဦးနော်၊ ကျွန်တော် ပေစာတွေ သွားယူဦးမယ် "
ဟု ကိုစောအောင်ကပြောကာ ဖခင်အိပ်သည့် အခန်းထဲသို့ လျင်မြန်စွာ ၀င်သွားသဖြင့် ကိုမျိုးခိုင်သည် မူလ ထိုင်သည့် နေရာမှာပင် ထိုင်စောင့်နေလိုက်သည်။ မကြာမီ ကိုစောအောင်သည် ကျွန်းသေတ္တာငယ်ကလေး တစ်လုံးကို ပိုက်ကာ ပြန်ထွက်လာပြီး ကိုမျိုးခိုင်အနားမှာ ထိုင်လိုက်၏။
နှစ်ယောက်သား စကားပင် မပြောနိုင်အားဘဲ ကျွန်းသေတ္တာငယ်ကိုဖွင့်ကာ အတွင်းမှာ ညီညာပိရိစွာ သေ သေ သပ်သပ် ထည့်ထားသော ငွေပေချပ်များကို နံပါတ်စဉ်ထိုးထားသည့်အတိုင်း အစဉ်လိုက် တစ်ခုပြီးတစ်ခု ယူကာ ညီအစ်ကိုရင်း သဖွယ် ခေါင်းချင်းဆိုင်ကာ စိတ်အားထက်သန်စွာ ဖတ်လိုက်ကြလေ သည်။
မ၀င်းမြင့်
(ဒုတိယပိုင်း ဇာတ်သိမ်း ဆက်လက်ဖတ်ရှုပါရန်)

2 comments:
ပေစာတွေထဲမှာ ရေးထားတဲ့အကြောင်းအရာတွေကို သိချင်နေတော့ 'ဒုတိယပိုင်း ဇာတ်သိမ်း' ကိုမျှော်နေတယ် ညီမရေး) စိတ်ရှည်စွာနဲ့ မျှဝေပေးတာကျေးဇူးပါကွယ်။
မေတ္တာဖြင့်
အန်တီတင့်
စောက်ပေါတွေ
Post a Comment