အခန်း(၅၉)
ဂျိန်း
ဂျိန်း
နိုင်ငံနှင့်အ၀န်း ဖြစ်နေသည့် ဇနီးမောင်နှံတို့၏ မီးဖိုဆောင်နှင့် အိပ်ခန်းထဲမှ ရန်ပွဲများကို ပျော်ရွှင်စွာ ရှောင်နိုင် ခဲ့ကြသည်။ လက်ထပ်ဖို့ ဆုံးဖြတ်ပြီးကတည်းက သဘော တူညီမှု တစ်ခု ရယူထားကြ၏။ လက်ထပ်ပြီးလျှင် သာတူညီမျှ အခွင့်အရေး ရှိရမည်။ နောက်ဆုံး ရာစုနှစ်၏ အကြင်လင်မယား ဖြစ်ရမည်။
ဂျိန်းက သူ့ကိုယ်သူ အမျိုးသမီးရေးရာ အခွင့်အရေးတိုက်ပွဲဝင်သူဟု သတ်မှတ်ထားပြီး အဲလျော့က ပထမ အိမ်ထောင်ဖက် နှင့် ဖြစ်ခဲ့သည့် ပြဿာနာများကို ရှောင်ရှားမည်ဟု သန္ဒိဌာန် ချထားသဖြင့် ပြဿနာဟူ၍ မြူငွေ့ မျှ မရှိနိုင်တော့။
အိမ်ထောင်ပြုခြင်းမှာ အရာတိုင်းကို သာတူညီမျှ ခွဲဝေခံစားရေးအပေါ်တွင် မူတည်သည်ဟု နှစ်ယောက်စလုံး ယုံကြည်ကြသည်။ ငွေကြေး၊ အိမ်ထောင်ထိန်းသိမ်းမှု၊ နှစ်ဖက်အပေါင်းအသင်း မိတ်ဆွေများ အားလုံးသည် သုံးနားညီ တြိဂံ ဖြစ်ကြရမည်။
မင်္ဂလာကိစ္စ ပြီးပြီးချင်း အဲလျော့က သူ့ကိုယ်ပိုင် ဘဏ်စာရင်းကို ဂျိန်းနှင့် ပူးတွဲဘဏ်စာရင်းအဖြစ် ပြောင်းလိုက်သည်။
ဂျိန်းက ဇယားတစ်ခု ဆွဲလိုက်သည်။ မည်သူက မည်သည့်နေ့တွင် ကားမောင်းမည်။ ထမင်းဟင်း ချက်ရမည်။ အ၀တ် လျှော်မည်၊ စသည် စသည်။
"ဒါလည်း မဟုတ်သေးဘူး ထင်တယ်၊ ဂျိန်းက ပေးရတာ နည်းနည်းလေးနဲ့ ရယူတာ များနေသလို ဖြစ်နေတယ်၊ အားလုံး လိုလိုက အဲလျော့ရဲ ပိုက်ဆံတွေ မဟုတ်လား"
ထိုအချိန် တွင် အဲလျော့၏ ၀င်ငွေမှာ လူနာတစ်ယောက်ကို ကြည့်လျှင် တစ်နာရီကို ဒေါ်လာ ငါးဆယ် ရနေပြီ။
ပြည်နယ် ကျန်းမာရေးကောင်စီက သူ့ကို တစ်နှစ်ဒေါ်လာ သောင်းလေးထောင် ပုံမှန် လစာပေးထား ၏။
အားလုံး ပေါင်းလိုက်လျှင် အဲလျော့၏ တစ်နှစ်ဝင်ငွေမှာ ဒေါ်လာငါးသောင်း အထက်တွင် ရှိနေပြီ။
ဂျိန်း က ဂလင်ဆင်ကလဲယားဆီမှ အလုပ်ထွက်ထားချိန် ဖြစ်ပြီး စာအုပ်မရေးဖြစ်သေးမီ ကာလ ဖြစ်၍ ၀င်ငွေ တစ်ပြား မှ မရှိသေး။
"ကိုယ့်ကိုယ်ကိုယ် တိတ်တိတ်ပုန်း မယားငယ်တစ်ယောက်လို ထင်လာမိတယ်၊ ဘာမှလည်း ဖြစ်မလာဘူး" ဟု ဂျိန်းက စိတ်ပျက်လက်ပျက် ညည်းမိသည်။ လင့်လုပ်စာ ထိုင်စားနေရသည့်ဘ၀ မဟုတ်လား။
"ဒါက ခဏပါကွာ၊ မင်း ကိုယ့်ဝင်ငွေကို မကြာခင် ကျော်တက်သွားမှာပါ" ဟု အဲလျော့က လက်ရှိ အခြေအနေ ကို မသိကျိုးကျွန်ပြုပြီး နိမိတ်ဖိတ်ရင်း အားပေးသည်။
ပြီးတော့ ယနေ့ အခြေအနေမှာ မိန်းမများက ယောက်ျားများနှင့် ရင်ပေါင်တန်းနေကြောင်း နိုင်ငံ ကျော် အမျိုးသမီး များကို ထောက်ပြပြီး အားပေးသည်။
"မင်းရဲ့ အရည်အချင်းကို ကိုယ်ယုံကြည်တယ် ဂျိန်း၊ မင်းက အားလုံးကို ကျော်ဖြတ်မှာ" ဟု အဲလျော့က အား ပေးသည်။
အိမ်တွင်းမှုအလုပ်နှင့် ပတ်သက်လာလျှင် အဲလျော့သည် စိတ်ကု ဆရာဝန်တစ်ယောက် မဟုတ် တော့။ အိမ်အလုပ်ကို မောင်တစ်ထမ်း မယ်တစ်ရွက် လုပ်သည်။ ဘယ်တော့မှ မညည်း။ မီးဖိုဆောင် ၀င်လျှင်လည်း ဘယ်တော့မှ ရှုပ်ပွ မကျန်ခဲ့။ လျှော်ရေး ဖွပ်ရေးတွင်လည်း မလစ်ဟင်း စေရ၊ ဘယ်တော့မှ အဖြူ နှင့် အရောင် ပါသည့် အ၀တ်တွေ ရောပြီး မလျှော်မိ။ အိပ်ရာပြင်ဖို့ သူ့အလှည့်ကျသည့်နေ့ကို ဘယ်တော့မှ မမေ့။
ဈေးသွားဖို့လည်း ဘယ်တော့မှ မပျင်း။ သူချက်သည့် ဟင်းလျာများမှာ ရိုးရိုးဟင်းများ ဖြစ်သော် လည်း စားလို့ကောင်းသည်။ ဂျိန်း၏ အပေါင်းအသင်းများနှင့်လည်း အဲလျော့ တရင်းတနှီး ရှိသည်။
အိပ်ခန်း ထဲတွင် ဂျိန်း ပစ္စလက်ခတ် ပစ်ချထားတတ်သည့် အ၀တ်အစားများကိုလည်း အဲလျော့က စိတ်ရှည် လက်ရှည် သိမ်းခေါက်ပြီး နေရာချပေးသည်။ ကြမ်းပြင်ပေါ်တွင် ပွစာကြဲနေသည့် ဘရာစီယာတွေ၊ အတွင်းခံ ဘောင်းဘီ တွေကိုလည်း အ၀တ်တောင်းခြင်းထဲ စုထည့်ပေးရ၏။ အိပ်ယာပေါ်မှ တိုးလို့ တွဲလောင်း အင်္ကျီ များ ကိုလည်း သူ့နေရာနှင့်သူ ချိတ်ပေးရ၏။
ဂျိန်းက သူ လင်ရ ကံကောင်းပုံကို မယုံနိုင်အောငေ် ဖြစ်နေ၏။
"ငါ့ယောက်ျားကတော့ ရှာမှ ရှားတဲ့ စံပြယောက်ျားပဲဟေ့"
သူငယ်ချင်းများကို ကြွားတတ်၏။
အဲလျော့သည် အလွန် တာဝန်ကျေသည့် အလွန်ပြည့်ဝသည့် ယောက်ျားတစ်ယောက် ဖြစ်သည်။ ဂျန်းကတော့ ပစ္စလက်ခတ် နေတတ်သည်။ စိတ်မြန်သည်။ သောင်းကျန်သည်။ မီးဖိုဆောင်တွင် လည်း အလွန် ညံ့သည့် ထမင်းချက် ဖြစ်၏။ ချက်လက်မှတ်ရေးပြီးလျှင် ချက်စာအုပ်ထဲ ရေးသွင်း ဖို့ အမြဲမေ့၏။ ဓမ္မတာ ပေါ်သည့်ဘ ရက်သတ္တပတ် ဆိုလျှင် အလိုလို စိတ်တိုချင် တိုနေ၏။ ငိုချင် ငိုနေ ၏၊
"သူ ဘာလို့ ငါ့ကို ဒါလောက် သည်းညည်းခံနေလဲဆိုတာ ငါ နားမလည်နိုင်အောင်ပဲ" ဟု ၀ီလ်မာ ကို ဂျိန်း ရင် ဖွင့်သည်။
"အဲဒါ သူ့အလုပ်ပဲဟ၊ သူက စိတ်ကုဆရာဝန်လေ"
ဂျိန်း အတွက်မှားသည့် နောက်တစ်ချက် ရှိသေးသည်။ တကယ် ယှဉ်ရပ်လိုက်သည့်အခါ အဲလျော့ က သူ့ထက် တစ်လက်မ ကျော်ကျော် မြင့်နေခြင်း ဖြစ်သည်။ သည်တော့မှ ခွာမြင့်ဖိနပ်တွေ မစီးဖို့ ဆုံးဖြတ်လိုက်သည်။ အဖိုးတန် ဒေါက်မြင့်ဖိနပ်အားလုံးကို သူငယ်ချင်းများအား ပေးပစ်လိုက်၏။
"တစ်သက်လုံး မစီးတော့ဘူး၊ ငါ မြေကြီးနဲ့ ပိုနီးလာပြီး" ဟု ပြောလိုက်သေး၏။
အဲလျော့လန်ဒေါ သည် မိန်းမကို ချစ်သည့်နေရာတွင် တစ်သန်းမှာ တစ်ယောက် မရှိနိုင်သူမျိုး ဖြစ်၏။ ရယ်စရာ လုပ်တတ်ခြင်းအတွက်လည်း ဂျိန်းကို ချစ်သည်။ ပွင့်လင်းလွန်းသောကြောင့် လည်း ချစ်သည်။ သောင်းကျန်း ခြင်း အတွက်လည်း ချစ်သည်။
မလှမပ ပေါင်တံတွေသည် ဟိုတုန်းက စိုးရိမ်ခဲ့ဖူးသလို၊ အချစ်စစ်မှာ ဘာမှ အရေးမကြီးပါလားဟု ဂျိန်း နားလည် သဘောပေါက်လာပြီ။ သည်လိုတွေးပြီး သည်လို စိုးရိမ်ခဲ့သည့် အချိန်က ဂျိန်း သိမ်ငယ် သေးတယ်လေ ဟု အဲလျော့က သည်းခံ နိုင်လွန်းသော အပြုံးမျိုးဖြင့် ရှင်းပြသည်။
အဲလျော့ကို ဂျိန်း အချစ်ဆုံး အရည်အချင်းမှာ ဘာမဆို သူ့ကို ပြောလို့ရခြင်း ဖြစ်၏။
အိမ်ထောင်သက် တစ်နှစ်ပြည့်ချိန်တွင် ဂျိန်း ရင်ထဲရှိသမျှ အားလုံးအိတ်သွန်ဖာမှောက် အဲလျော့ကို ပြောပြပြီးပြီ။ ခံစားချက်အားလုံး အိပ်မက်အားလုံး အတိတ်ဖြစ်ကြောင်းကုန်စင်နှင့် အနာဂတ် မျှော်မှန်းချက် အကုန်အစင် ဖွင့်ချထားပြီး ဖြစ်၏။
အကြောင်းအရာ တစ်ခု ပြောပြတိုင်း အဲလျော့က တစ်စုံတစ်ခု မှတ်ချက်ပေးသည်ချည်း သူ့ဝေဖန် ချက် များသည် ဂျိန်း၏ ရင်ကို ပေါ့ပါးရွှင်လန်းစေသည်ချည်း ဖြစ်၏။ အလွန်နားလည် ခွင့်လွှတ်နိုင် စွမ်းသည့် လင်ယောက်ျား ဖြစ်သည်။ အိုဝင်နှင့် အကြောင်း အသေးစိတ်ကိုပင် နားထောင်နိုင်သူ ဖြစ်သည်။
ဂျိန်းက သူငယ်ချင်းအားလုံး သြ၀ါဒပေးသည်။ "မိန်းမတိုင်းဟာ စိတ်ကုဆရာဝန်ကို ရွေးယူသင့် တယ်" ဟူသည့် သြ၀ါဒ။
"စိတ်ဆရာဝန် တစ်ယောက်နဲ့ တစ်အိမ်တည်းနေရတာလောက် စိတ်ချမ်းသာတာမျိုး ဘယ်မှာမှ မရှိနိုင်ဘူး" ဟု အစချီးပြီး အဲလျော့သည် သူငယ်ချင်းလည်း ဟုတ်၊ ချစ်သူလည်း ဟုတ်ပြီး၊ အိမ်ဦးနတ်ဆိုလည်း မမှားကြောင်း ကို သူငယ်ချင်းအား မမောနိုင် မပန်းနိုင် ဂျိန်းက ပြောတတ် သည်။
ဘယ်လိုလုပ်ပြီး အမှားအယွင်းဆိုတာ ရှိနိုင်တော့မည်လဲ။
အခန်း(၆၀)
ဂျိန်း
ဂျိန်း
လက်ထပ်ပြီး အစောပိုင်းနှစ်များတွင် ဖြစ်ခဲ့သည့် ပြဿနာမှာ အဲလျော့နှင့် မဆိုင်၊ ဂျိန်းဘာသာ ဂျိန်း ဖြစ်နေ ခြင်းမျိုး။
အဲလျော့ကို ယူလိုက်ခြင်းကြောင့် ကလေးဘ၀ကတည်းက မှန်းခဲ့သည့် နာမည်ကျော်စာရေးဆရာမ ဖြစ်ဖို့ အိမ်ထောင်ကျပြီး ဆက်မက်ခွင့်ရသော်လည်း ရုတ်တရက် အကောင်အထည် မဖော်နိုင်။ အိမ်ထောင်ကျပြီး ပထမနှစ်တွင် လွတ်လပ်စွာ ပြင်ဆင်ခြင်းဖြင့် အချိန်ကုန်သွားသည်။ အ၀တ် ဘီဒိုကို ဖြည့်ခြင်း၊ ကော်ဇောတွေ ၀ယ်ခြင်း၊ ဆိုဖာ ဆက်တီတွေ ၀ယ်ခြင်း စသည်မျာ။ အိမ်အလုပ် ခွဲဝေလုပ်ကိုင်ရသည့်အခါတွင် ပျော်စရာ အသစ် အဆန်း ဖြစ်သော်လည်း အချိန်ကုန် သဖြင့် သန့်ရှင်းရေး အမျိုးသမီးတစ်ယောက် ငှားရမ်းလိုက်သည်။
ဒါတွေ ပြင်ဆင်ပြီးတော့ ဈေးဝယ်ဖို့ စာရင်းကို ဂျိန်းက ရေးဆွဲသည်။ ညစာ စားပွဲတွေ အိမ်မှာ လုပ် ပေးသည်။ စည်းလွတ် ၀ါးလွတ် ဂျိန်းဘ၀မှ၊ ပုံစံကျ အိမ်ရှင်မပုံစံမျိုး နေသော ဂျိန်းဟူ၍ သူ့ကိုယ်သူ ရယ်စရာ လုပ် ပြောသည်။
လက်ထပ်ပြီး တစ်နှစ်တင်းတင်းပြည့်သည်နှင့် ပြင်းပြသည့် အာရုံဘက်သို့ ပြန်လည် ဦးတည်လာ သည်။ ငွေကြေး ကိစ္စ မပူရ၊ အချိန်တွေက အများကြီး၊ ဘာကြောင့် စာမရေးနိုင်ရမှာလဲ။
သည်အချိန်တွင် အဲလျော့ က ဂျိန်းအတွက် အံ့သြစရာ ကောင်းသည့် မွေးနေ့လက်ဆောင် ပေးလေ သည်။ ဧည့်ခန်းထောင့် တစ်နေရာကို ရုံးခန်းငယ်ကလေး ဖွဲ့ပေးပြီး စာရေးစားပွဲ အကောင်းစား တစ်လုံး၊ ထိုင်လို့ အိလှသည့် သားရေကုလားထိုင်အပြင် ရုံးသုံး ဘီဒိုငယ်ကလေးတစ်လုံးပါ အပြည့် အစုံ ထားပေးသည်။
"ကဲ မင်း အစွမ်းအစတွေ ပြပေတော့၊ ဘာ ဆင်ခြေပေးစရာ ကျန်သေးလဲ" ဟု ရေကန်အသင့် ကြာအသင့် အားလုံး စီစဉ်ပေးပြီးမှ မေးသည်။
"စာရေးရင်ရေး မရေးရင် ဆုံးမမယ်ပေါ့"
ဂျိန်းက လင်တော်မောင်ကို တအားပြေးဖက်ရင်း ကျီစယ်သည်။ အဲလျော့၏ အမြော်အမြင်ကြီးလှ သည့် မွေးနေ့ လက်တောင် ကို ဂျိန်း သဘောကျမဆုံး ဖြစ်နေ၏။ ပျော်လိုက်သည့် ဖြစ်ခြင်း။ သို့သော် ရင်ထဲမှာ ဘာမှ အသင့် မဖြစ်သေးသဖြင့် စိုးရိမ်စိတ် တဖွားဖွား ပေါ်နေ၏။
အိမ်ထောင်သက်တမ်း၏ ပထမသုံးနှစ်အတွင်း ဂျိန်း ၀တ္ထုရှည် သုံးပုဒ် ရေးဖြစ်သည်။ သုံးပုဒ်စလုံး ဟန့်ဂရင်နီ ပြောသည့် ခပ်ကြမ်းကြမ်းအချစ်ဝတ္ထုတွေ။
ပထမ တစ်ပုဒ်ကတော့ ရသစာပေကို အသားပေးထားသည်။ အဲလျော့နှင့် ပျားရည်ဆမ်ခရီး ထွက်စဉ်၊ ကျွန်းကလေး ပေါ်တွင် စိတ်ကူးခဲ့ရသည့် ဇာတ်လမ်း ဖြစ်၏။ လူမနီး သူမနီး တံငါရွာ ကလေးတစ်ရွာမှ ပြင်သစ် ကနေဒါ ကပြားမကလေးတစ်ယောက် ၏ အရွယ်ရောက်လာပုံ၊ အချစ်စိတ် နိုးကြွလာပုံများကို ရေးဖွဲ့သည်။ ကောင်မလေး ၏ နာမည်ကို အီဗန်ဂျလင်ဟု ပေးသည်။ စာမျက်နှာ လေးဆယ်ကျော် ရေးပြီးကာမှ ပိုင်နိုင် သည့် ဇာတ်ကွက် မချနိုင်ကြောင်း သိလာပြီး ရပ်ပစ်လိုက် သည်။ သူ ဇာတ်ကောင်ကို ဘယ်လို ဆက်ပြီး လှုပ်ရှား ခိုင်းရမှန်း မသိတော့။
"ဂျိန်း အရမ်း တုံးတာပဲ၊ ပြင်သစ်ကနေဒါ ကပြား ဆိုလို့ ဂျိန်းဘ၀မှ တစ်ကောင်တစ်မြီးမှ မသိဖူးဘဲနဲ့ သွား ရေးမိတယ်၊ ပြီးတော့ ဘယ်တံငါရွာကိုမှလည်း မရောက်ဖူးဘူ"
အဲလျော့ ကို ဖွင့်ပြောပြီး ကိုယ့်ကိုယ်ကိုယ် နှိပ်စက်ခန်း ရပ်ပစ်လိုက်တော့မှ စိတ်သက်သာရာ ရသွား သည်။
နောက်တစ်ပုဒ်က ဂျိန်း၏ ကိုယ်တွေ့ အပျိုဖော်စ ငယ်ဘ၀ ကို မသိမသာကလေး ပြောင်းပြီး ရေးခြင်း ဖြစ်၏။ ပွင့်လင်းသော ဂျိန်းသည် အပွင့်လင်းဆုံး ရေးချသည်။ စာမျက်နှာတစ်ရာလောက် ရေးပြီးတော့မှ ပုံနှိပ် ထုတ်ဝေသင့်သည့် စာအုပ်မျိုး မဟုတ်ကြောင်း သိလာပြီး ရပ်ပစ်လိုက်သည်။
"ကလေးသူငယ် တရားရုံးနဲ့ ပြဿနာဖြစ်မှာ၊ ပြီးတော့ ဂျီနီရူဘဲလ်ကလည်း တရား စွဲချင်စွဲနေဦး မယ်" ဟု ၀ီလ်မာ ကို ဂျိန်းက ပြောပြသည်။
တတိယတစ်ပုဒ် ကိုတော့ တစ်မျိုးရေးမည်ဟု ဂျိန်း ဆုံးဖြတ်သည်။ ရသစာပေတန်းဝင် ဇာတ်မျိုး ဖြစ် ရမည်။ အာဏာ၊ ငွေ၊ ရမ္မက်အားလုံး ဆုပ်ကိုင်ထားနိုင်သည့် အမျိုးသမီး အဓိက ဇာတ်မျိုး၊ သို့သော် တကယ် ရေးကြည့်တော့ ဟာရိုးရော်ဘင်လို ဇာတ်ကောင်မျိုး ထွက်မလာ၊ ဇာတ်ကောင်စရိုက်မပီ။
"အဲဒါ ဂျိန်းအပြစ်ပါ" ဟု အဲလျော့ ကို ဖွင့်ဟ ၀န်ခံသည်။
"မိန်းမတွေက ယောက်ျားတွေထက် တစ်ကိုယ်ကောင်းဆန်တယ်၊ ဆင်ခြင်တုံတရား မဲ့တယ်လို့မှ ဂျိန်း မယုံကြည် တာပဲ၊ ဘယ်ရေးလို့ ရမလဲ"
သုံးပုဒ် စကြည့်သည်။ သုံးပုဒ်စလုံး ခြင်းထဲရောက်သွားသည်။ ဂျိန်း လက်မြှောက်ရတော့မှာလား၊ စာရေးခြင်း ဟာ ဘေ့စ်ဘော ကစားသလို ဖြစ်နေမည်လား၊ စပေးဘောသုံးလုံး ချော်ထွက်သွားရင် ထွက်ဆိုတာမျိုးလေ။ သည်လို မဖြစ်နိုင်ပါဘူးဟု ဂျိန်း စိတ်ထဲက ဇွတ်ငြင်းသည်။ မိမိဝတ္ထုလက်တွေ ပုံနှိပ်ထုတ်ဝေခဲ့ဖူးသည်ပဲ။ အိုဝင်ကာဆယ်ကို ဂျိန်း ကူပေးလို့ ဝေဖန်ရေးဆရာတွေ လက်ခုပ်တီးပေး ကြရသည် မဟုတ်လား။ "ရွှေ့မြို့တော်" မှာ ရေးခဲ့တဲ့ ဆောင်းပါးတွေ အုတ်အော်သောင်းနင်း ဖြစ်ခဲ့ သေးတယ်လေ။
အစမကောင်းလို့ အဆုံးမသတ်နိုင်တာဟာ အနုပညာ ဖန်တီးမှုနဲ့ ဆိုင်တာပဲ၊ အစကောင်းလျှင် ပြီးအောင် ရေးနိုင်ရမည်ပေါ့။
စာရေးဆရာတစ်ယောက်ဟာ ဘယ်နှကြိမ် အစ မကောင်းခွင့် ရှိသလဲဆိုသည့် ပြဿနာကို ဂျိန်း စဉ်းစားသည်။
စိတ်ပျက်ပျက်နှင့် အဲလျော့ကို ဖွင့်ပြောသည်။
"ဂျိန်း ညံ့လို့ ရေးမရတာ၊ အစ နဲ့ မဆိုင်ပါဘူးနော်"
"မဟုတ်ဘူး၊ မင်းညံ့လို့ မဟုတ်ဘူး၊ မင်းမှာ ဇာတ်လမ်းကောင်းကောင်း မရသေးတာက ပြဿနာ"
ဂျိန်း ၀န်ခံသည်။ သူ့မှာ ဇာတ်အိမ်အခိုင်အမာ မရှိ၊ ဇာတ်ကွက်ချပြီးသား မရှိ၊ ဇာတ်ကောင် အပီအပြင် မရှိ"
"သွားပါပြီ ထင်တယ်၊ ဂျိန်း သွားပြီထင်တယ်"
"မင်း အပိုင်ဆုံး နဲ့ အသိဆုံးအကြောင်းအရာ ကို ရေးရင် ဖြစ်မှာပါ"
"လူတိုင်း အဲဒီလို ပြောနေကြတယ်"
ဂလင်ကရော ဟန့်ကပါ သည်အတိုင်း ပြောဖူးသည် မဟုတ်လား။
"ဘာကိုပိုင်ပိုင်နိုင်နိုင် သိမှန်းလည်း ကိုယ့်ကိုယ်ကိုယ် မသိတော့ဘူး"
"စူးစူးနစ်နစ် ခံစားရဖူးတဲ့အကြောင်း ပြန်စဉ်းစားလေ၊ ရင်ထဲမှာ လှုပ်လှုပ်ရှားရှားအဖြစ် ဆုံးဟာမျိုးပေါ့"
မိန်းမသားတို့၏ ခန္ဓာကိုယ် အစိတ်အပိုင်းများအကြောင်း ဆောင်းပါးရေးစဉ်က ဂျိန်းအောင်မြင်ခဲ့ပုံ များကို အဲလျော့က ထောက်ပြသည်။
"စဉ်းစားတာပဲ၊ မရဘူး" ဟု ဂျိန်းက စိတ်ပျက်အားလျော့သံဖြင့် ပြောသည်။
"ထပ် စဉ်းစား၊ ထပ်ကြိုးစား၊ ဘယ်တော့မှ လက်မလျှော့နဲ့"
အဲလျော့က အားပေးသည်။
ဆက်ရန်
.
No comments:
Post a Comment