Friday, June 3, 2011

မဝင်းမြင့် ၏ မြသေလာတောင် ဆွေးဖွယ်နှောင်သည် အပိုင်း (၂)

" ဟုတ်ကဲ့၊ အဖေ့ဆန္ဒကို သားဆန့်ကျင်ဘက် မပြုပါဘူးအဖေ ဘယ်လို အလုပ်မျိုးကို အဖေ က လုပ်စေချင် ပါသလဲ၊
ကိုစောခိုင်က ကြည်ဖြူစွာပင် ကတိပေးပြီး ပြန်မေးလိုက်သည်။

" မဟုတ်သေးဘူးလေ သားရဲ့၊ အဖေစိတ်မချမ်းသာမှာစိုးလို့ လိုက်လျောရတဲ့ဆန္ဒမျိုးကို အဖေမလိုလားဘူး၊ အဖေပြောမယ့် စကားကို သေသေချာချာနားထောင်၊ စဉ်းစားဝေဖန်ပြီးမှသာ စိတ်ကို ဆုံးဖြတ်ပါ "
အေးဆေးငြင်သာစွာ ပြောနေသော ဖခင်အား ကိုစောခိုင်က ချစ်ကြည်ညိုစွာ မော့ကြည့်ပြီး ...
" ဟုတ်ကဲ့အဖေ ... ပြောပါ၊ သား နားထောင်ပါ့မယ်"
ဟု ပြောလိုက်၏။

" အေး ... ဒီလိုကွယ့် သားရဲ့၊ ကုလားဖြူစာတွေကို တန်းကုန်အောင်သင်ပြီး သူတို့ပေးတဲ့ လခစား အလုပ် ကလေး ကို လုပ်နေရတော့ လူသက်သာတယ်၊ ပင်ပန်းမှုမရှိဘူး၊ မင်းစိုးရာဇာဆိုတဲ့ အရှိန်အ၀ါကြောင့် လူတွေ က ကြောက်ကြရ၊ ရိုသေကြရတယ်၊ ဒါပေမယ့် စိတ်ရောကိုယ်ရော လွတ်လပ်မှုမရှိဘူး၊ ကိုယ့် သဘော အတိုင်း မနေနိုင်၊ မလုပ်နိုင်ဘူး၊ အထက်အရာရှိတွေ ခိုင်းသမျှကို ဦးလည်မသုန် ထမ်းဆောင် နေရမယ် ...

" လူတွေက ကြောက်ကြ၊ ရိုသေကြတာက စေတနာပါလို့ မဟုတ်ဘူးကွယ့်၊ ရာထူးအရှိန်အ၀ါကြောင့်သာ လျှင် ကြောက်ရရိုသေရတာ ကိုး သားရဲ့၊ မတော်တဆ အမှားအယွင်းဖြစ်လို့ ရာထူးပြုတ်ခဲ့သော် သား စဉ်းစား ကြည့်စမ်း"
ဦးစောအေး ၏ မေးခွန်းကို ကိုစောခိုင်က အလွယ်တကူပင် ဖြေကြားလိုက်သည်။

" ရာထူးပြုတ်ရင် ကြောက်ခဲ့ ရိုသေခဲ့တဲ့ လူတွေကရော၊ ပတ်ဝန်းကျင်ကပါ သားကို အပြစ်ဆိုကြမယ်၊ မထီမဲ့ မြင်ပြုမူ ဆက်ဆံမယ်၊ ကဲ့ရဲ့ရှုတ်ချမယ်၊ လခစားအလုပ်ကလွဲပြီး ဘယ်လိုမှ သုံးမရတဲ့ ဒီပညာ ဟာ ရာထူး ပြုတ်နေ တဲ့ သားအဖို့ အလကားပဲဖြစ်မှာပေါ့ အဖေ "
" အေးကွယ့်၊ သားပြောတာမှန်တယ် " ဦးစောအေးက နှစ်ခြိုက်စွာ ထောက်ခံလိုက်ပြီး စကားဆက် လိုက် ပြန်၏။

" အဲဒီတော့ ကုလားဖြူစာ ကို တန်းကုန်အောင် အချိန်ကုန်ခံ သင်နေမယ့်အစား အနည်းငယ်ပင်ပန်းဆင်းရဲ ခံလိုက်မယ် ဆိုရင် နည်းနည်းတော့ စွန့်စားရမှာပေါ့ သားရယ် "
" ယောက်ျားတံခွန်၊ လူရည်ချွန်က၊ မိုးစွန်တမွတ်၊ ကြယ်ကိုဆွတ်လည်း၊ မလွတ်စတမ်း၊ ရမြဲ တမ်းတည့်လို့ ဆိုတဲ့ စကားအတိုင်း ဇွဲရှိရှိနဲ့ အပင်ပန်းခံကြိုးစားရင် ကြယ်ကိုဆွတ်ရမှာလောက်တောင် မခယဉ်းပါဘူးသား ရယ်၊ ရည်ရွယ်ချက် အထမြောက်သွားမယ်ဆိုရင် မြောက်မြားစွာသော သတ္တ၀ါတွေရဲ့ အသက်ကို ကယ်တင် နိုင်မယ်၊ ကုသိုလ်လဲရမယ်၊ လူတွေရဲ့ တကယ်ဖြူစင်တဲ့ စေတနာမေတ္တာကိုလဲ ခံယူနိုင်မယ်၊ သားအဖို့လဲ ဘေးကင်း ရန်ကင်း ကိုယ်ရောစိတ်ပါ လွတ်လပ်စွာ နေနိုင်မယ်၊ အဲဒီလိုဘ၀မျိုးက မကောင်း ပေဘူးလား သား"

ဖခင် ဦးစောအေး ဘာကို ရည်ရွယ်ပြောနေသည်ကို ကိုစောခိုင် နားမလည်ချေ။ သို့သော်လည်း ဦးစောအေး ပြောသော ဘ၀မျိုးမှာကား ကိုစောခိုင် အမှန်ပင် နေလိုသည်။
" အဖေပြောတဲ့ ဘ၀မျိုးမှာတော့ သားနှစ်နှစ်ခြိုက်ခြိုက်နေလိုတဲ့ ဆန္ဒရှိပါတယ် အဖေ၊ ဒါပေမယ့် အဖေ့ ရည်ရွယ်ချက် က သား စဉ်းစားလို့ မမြင်နိုင်သေးပါဘူး၊ ရှင်းပြပါအဖေ "
ကိုစောခိုင် က ကလေးငယ်သဖွယ် ဖခင်၏ ဒူးကိုဖက်ပြီး ပြောလိုက်၏။

" အေး ... အေး၊ လိပ်ပတ်လည်အောင် အဖေက မပြောသေးတော့၊ သား နားမရှင်းဘူးဆိုတာ ဟုတ်ပေ တယ်။ ဒီလိုကွယ့် သားရဲ့၊ အဖေ သားနားလည်သဘောပေါက်ရုံလောက်ပဲ ပြောပြမယ်၊ အခု အဖေတို့ နေထိုင် တဲ့ မြန်မာပြည်ထဲမှာပဲကွယ့်၊ လူသူအရောက်အပေါက်မရှိအောင် အင်မတန် တောတောင် ထူထပ်တဲ့ တစ်နေရာမှာ အလွန်မှ ချောမောလှပတဲ့ မိန်းမပျိုတစ်ပါးက ဘုရင်မအဖြစ် စိုးစံအုပ်ချုပ်နေတဲ့ သီးသန့် တိုင်းပြည် ကလေးတစ်ခု ရှိနေတယ်ဆိုတာ သား ကြားဖူးသလား "
ကိုစောခိုင် သည် များစွာ အံ့အားသင့်သွားလေသည်။

ဗြိတိသျှအစိုးရက မြန်မာတစ်ပြည်လုံးကို သိမ်းယူအုပ်စိုးနေတဲ့ အခုအချိန်မှာ ပဒေသရာဇ် ရှမ်းစော်ဘွားတွေ နေရာရှမ်းပြည်ကလွဲပြီး အခု အဖေပြောတဲ့ တိုင်းပြည်ကို လုံးဝမကြားဖူးသေးပါဘူး အဖေ၊ ကျောင်းမှာ သင် ခဲ့ရတဲ့ မြန်မာပြည်အကြောင်း ပထ၀ီဝင်စာအုပ်တွေလဲ မတွေ့ဖူးပါဘူး"

" သား မကြားဘူး၊ မသိဘူးဆိုတာ မဆန်းပါဘူး၊ သူများတိုင်းပြည်၊ သူများမြေရေ၊ သူများပစ္စည်းကို မတရား သောလောဘစိတ်နဲ့ ဘယ်နေရာ ဘာရှိပါလိမ့်လို့ နှံ့စပ်အောင် လိုက်ရှာနေတဲ့ ကုလားဖြူတွေတောင်မှ မသိ သေးတာကဘဲ၊ အဲဒီတိုင်းပြည်ကလေးက အင်း ... တိုင်းပြည်ကလေး ဆိုပေမယ့် ကျယ်ဝန်းလှတဲ့ မြေပြန့် ဒေသ တော့ မဟုတ်ပေဘူး သားရဲ့။ တောင်တန်းကြီး တစ်ခုပေါ့ကွယ်၊ အဖေတို့ရဲ့ ဘေးတော်တဲ့ တပ်မှူး  မောင်ဗလ ကတော့ " နတ်မိစံရာ မြသေလာ" လို့ အမည်ပေးခဲ့တယ် သားရဲ့ "

ဖခင်၏ ဒူးပေါ်မှာ မေးတင်ပြီး မျက်လုံးစင်းနေသော ကိုစောခိုင်၏ ဦးခေါင်းသည် မတ်မတ်ထောင်သွားသည်။ စင်းနေသော မျက်လုံးများကလည်း ပြူးကျယ်လာသည်။
" နတ်မိစံရာ၊ မြသေလာ ဟုတ်လား အဖေ၊ နေပါဦး၊ ကျွန်တော်တို့အမျိုးက စစ်မှုထမ်းအမျိုးလား၊ အဖေပြော တဲ့ကျွန်တော်တို့ ဘေးတော်တဲ့ တပ်မှူး မောင်ဗလဆိုတာနဲ့ အဲဒီ နတ်မိစံရာ မြသေလာနဲ့ ဘယ်လိုဆက်နေ သလဲအဖေ " ကိုစောခိုင်က စိတ်ဝင်စားစွာ သိလိုဇောနှင့် အလောတကြီး မေးလိုက်၏။

" ဖြည်းဖြည်းသားရဲ့၊ ဖြည်းဖြည်း၊ နားလည်အောင် အဖေ ပြောပြမှာပေါ့၊ အဖေ့ဖို့ သောက်ရေ တစ်ခွက် လောက် ခပ်ချေစမ်း သား "
စောစောက အေးစက်စက် အမူအရာ လုပ်နေရာမှ ယခု သိလိုဇော ပြင်းထန်သောသား၏ အမူအရာကို ဦးစောအေး က ကောင်းစွာ အကဲခတ်မိသည်။ ဈေးကိုင်သောသဘော ဖြင့် ရေခပ်ခိုင်းလိုက်၏။ ကိုစောခိုင် သည် ပေါ့ပါးလျင်မြန်စွာ ရေတစ်ခွက်ကို သွားခပ်လာပြီး ဖခင်အား ရိုသေစွာ ပေးလိုက်သည်။

ဖခင်သောက် ပြီးသောရေခွက်ကို ကိုစောခိုင်သည် နေရာရောက်အောင်ပင် ပြန်မထားနိုင်ချေ။ ဖခင် ထိုင်နေ သော ပက်လက် ကုလားထိုင်အနီး စားပွဲပေါ် လှမ်းတင်လိုက်ပြီး မူလထိုင်ခဲ့သောနေရာမှာ ပြန်ထိုင်လိုက်၏။ ဖခင် ၏ ပေါင်ပေါ် မှာ လက်နှစ်ဖက်ကို တင်ပြီး ...
" ဆက်ပြောပါ အဖေ၊ သား သိချင်လိုက်တာ " ဟု ပွဲတောင်းလိုက်၏။
ဦးစောအေး က သားမျက်နှာကို ချစ်ခင်စွာ စေ့စေ့ကြည့်ပြီး အေးဆေးသောအသံဖြင့် ဆက်လက်ပြောလိုက် ပြန်သည်။

" အဖေတို့ရဲ့ ဘေးတော်တပ်မှူး မောင်ဗလနဲ့ အဲဒီနတ်မိစံရာ မြသေလာ" အဆက်အသွယ် အတ္ထုပ္ပတ္တိက တော်တော်လေး ရှည်လျားတယ်၊ အဲဒီ အကြောင်းတွေကို ဘေးတော်တပ်မှူး မောင်ဗလကိုယ်တိုင် ရေး သား ထား ခဲ့တဲ့ ပေစာ ပုရပိုက်ကြီးရှိတယ်ကွယ့်၊ ဒီစာပေတွေကို ဖတ်ကြည့်ရင် သားသိပါလိမ့်မယ်"
" အဲဒီပေစာတွေ အဖေ့ဆီမှာ ရှိလား အဖေ "

" အေး ... ဘိုးဘွားမိဘတွေ သေဆုံးကုန်လို့ အမွေအနှစ်ခွဲဝေကြတဲ့အခါ ဒီပေစာက ဟိုလူ့ နောက်ပါသွား၊ ဒီလူ့ နောက်ပါသွားနဲ့ ရထားတဲ့လူကလဲ ဂရုတစိုက် ဖတ်ရှုလေ့လာခြင်း မရှိဘဲ ချောင်ထိုးပစ်ထားခဲ့တယ်၊ နောက်ဆုံး အဖေ့မွေးသဖခင်လက်ထဲ ရောက်တော့မှ အဘက အမှတ်မထင် ဖတ်ရှုကြည့်ရာက စိတ်ဝင်စား လာတယ်၊ ဒါပေမယ့် အဘ စိတ်ဝင်စားတဲ့အရွယ်က ဇရာပိုင်း ရောက်နေတော့ ပေစာမျာပါတဲ့အတိုင်း အောင်မြင်အောင် မကြိုးစားနိုင်ခဲ့ဘူး၊ အဘက အဖေ့ကို ဒီပေစာ အပ်သွားတယ်၊ ဖြစ်နိုင်အောင် ကြိုးစားပါ လို့လဲ မှာသွားတယ်၊ ဒါပေမယ့် အဖေက ကျန်းမာရေး ချို့ယွင်းလို့ လရွှေ့ နှစ်ရွှေ့နဲ့ အသက်က တဖြည်း ဖြည်း ကြီးလာတော့ ပေစာအတိုင်း မဆောင်ရွက်နိုင်ပြန်ဘူး၊ ဒါကြောင့် သားကို ကြိုးစားခိုင်းမယ် စိတ်ကူး ကြည့်မိတာကွယ့်၊ သားကြိုးစားလို့ အောင်မြင်ရင် အခုတင်က အဖေပြောတဲ့ ဘ၀မျိုးကို သား ရောက် နိုင်မယ်"

ဦးစောအေးက စကားကို ခေတ္တဖြတ်ကာ မောသွားဟန်ဖြင့် နားလိုက်၏။
" အဲဒီပေစာက ဘယ်မှာထားလဲအဖေ "
စကားပြတ်သွားသည်ကို မချင့်မရဲ ဖြစ်ဟန်ဖြင့် ကိုစောခိုင်က မေးလိုက်သည်။
" ဟောဟို အခန်းထောင့်မှာထားတဲ့ သစ်သားဗီရိုကြီးထဲမှာ .... "
ဦးစောအေးက သူ့ရှေ့တူရူရှိ သစ်သားဗီရိုကြီးကို မေးငေါ့ပြပြီး ပြောလိုက်သည်။

" ကျွန်တော် သိပ်သိချင်တယ်အဖေ၊ ဖတ်ကြည့်မယ် "
ကိုစောခိုင်က ပြောပြောဆိုဆို ထမည် ဟန်ပြင်လိုက်ရာ ဦးစောအေးက သူ့ပေါင်ပေါ်တွင် တင်ထားသော သား၏ လက်ကို အသာအုပ်ပြီး ကိုင်လိုက်၏။
" နေဦးသားရဲ့၊ အဖပြောမယ့်စကားတွေကို ဆုံးအောင် နားထောင်ပါဦး၊ ပြီးမှ ပေစာကိုဖတ်၊ ဖတ်ပြီးမှ သေသေချာချာ စဉ်းစားဆုံးဖြတ်၊ စိတ်ကို နိုင်ပြီဆိုတဲ့အခါမှာ အဖေ့ကို ပြော၊ ဟုတ်လား "
ဦးစောအေး၏ စကားကြောင့် ကိုစောခိုင်က မထတော့ဘဲ ထိုင်မြဲထိုင်နေလိုက်၏။

" ပြောပါအဖေ "
သိလိုဇောဖြင့် ဗီရိုကြီးရှိရာသို့ ကိုစောခိုင်က မျက်လုံးကြီးတစ်ချက် ဝေ့ကြည့်ရင်း ဖခင်အား စကားဆက်ရန် ပန်ကြားလိုက်သည်။
" အဲဒီ နတ်မိစံရာ မြသေလာမှာ မြသားအစစ် ရတနာတွေ၊ မြသားတောင်ထွတ် ဂူကြီးနဲ့ဗုဒ္ဓရုပ်ပွား မြသား အစစ်ဆင်းတုတော်ကြီးတစ်ဆူ ရှိရုံသာမကဘူး၊ ကံကုန်နေ့စေ့ ရောဂါဝေဒနာနဲ့ ၀ဋ်ကြွေးခံစားရတဲ့ ဝေဒနာ ကလွဲရင် ဘယ်လို အနာရောဂါ ဝေဒနာကိုဖြစ်ဖြစ် တစ်မုဟုတ်ချင်း ပျောက်ကင်းချမ်းသာစေတဲ့ ဗုဒ္ဓဆေးပင် လဲရှိတယ်လို့ ပေစာမှာပါတယ်၊ မြရတနာတွေကတော့ မယူထိုက်တဲ့ ပစ္စည်းလို့ ပေစာမှာ ဆိုထားတယ်ကွယ့်၊ အဲဒီတော့ ဗုဒ္ဓဆေးပင်ကို ရအောင် သား ကြိုးစားဆောင်ယူချည်ပါလား၊ ဒီဆေးပင် တွေကိုသာ ရလိုက်ရင် သက်ရှိသတ္တ၀ါတွေရဲ့ အသက်သခင် ကျေးဇူးရှင်အဖြစ်နဲ့ မြင့်မြတ်စွာ နေရမယ့် သားရဲ့ ဘ၀အဖို့ ဘယ်လောက် ကြည်နူးစရာကောင်းမလဲ သားရဲ့ "

ဦးစောအေးက စကားကို ရပ်ပြီး သား၏ မျက်နှာကဲကို ခတ်လိုက်သည်။ ကိုစောခိုင်ကား အထူး တိုက်တွန်း ရန်ပင်မလိုတော့ချေ။ ပင်ကိုကပင် စွန့်စားလိုသော စိတ်ရှိပြီးသူဖြစ်၍ ဖခင်၏ စကားအတိုင်း လိုက်နာ ဆောင်ရွက်မည်ဟူသော အဓိပ္ပာယ်သည် မျက်နှာတွင် ထင်ထင်ရှားရှား ပေါ်လွင်နေသည်။
" ကျွန်တော် ဒီလို ထူးထူးဆန်းဆန်း စွန့်စားရမယ့် ကိစ္စမျိုး ၀ါသနာပါတယ် အဖေ၊ ကျွန်တော် ကြိုးစားမယ် "
ကိုစောခိုင်က တည်ကြည် ခိုင်မာသော အသံဖြင့် အဖြေပေးလိုက်၏။

" အေး ... အောင်မြင်ပါစေလို့လဲ အဖေ ဆုတောင်းမယ်၊ အဲဒီ နတ်မိစံရာ မြသေလာက လူတွေရဲ့ နေထိုင် စားဝတ်မှုကဖြင့် တော်တော်လေး ထူးဆန်းတယ်လို့ ပေစာမှာ ပါတယ်၊ ပေစာ အဆိုအတိုင်းမှာဖြင့် အဲဒီ လူတွေဟာ သူတော်ကောင်းစင်စစ်တွေပဲ သားရဲ့၊ ဒါပေမယ့် သူတို့ တိုင်းပြည်ရဲ့ စည်းကမ်းဥပဒေကို မလိုက်နာရင်တော့ အသက်ဆုံးအောင် ရက်ရက် စက်စက် စီရင်တယ်လို့ ဆိုထားတယ်၊ သာမည လူသား တစ်ယောက်အဖို့လဲ သူတို့ တိုင်းပြည်ထဲဝင်ဖို့ သူတို့ စည်းကမ်းကို လိုက်နာဖို့ရာ အတော် ခဲယဉ်းသားပဲ ကွယ့်၊ အပြင် လူစိမ်း သူစိမ်းကို လုံးဝ အ၀င်မခံတာကြောင့်၊ သူတို့ကလဲ အပြင်လောကနဲ့ အဆက်အသွယ် မပြုတာလဲ တစ်ကြောင်းပေါ့၊ အဖေတို့ဘေးတော် တပ်မှူး မောင်ဗလ တစ်ယောက်သာ ဘယ်လို ကုသိုလ်ကံ လှည့်စားမှန်း မသိလို့ ရောက်သွားတာကိုးကွယ့် "
" အဲဒီ နတ်မိစံရာ မြသေလာက ဘယ်မှာ ရှိလဲ အဖေ၊ ဒီတိုင်းပြည်ရှိရာကို ပေစာမှာ ညွှန်းထားသလား "

" မညွှန်းဘူး သားရဲ့၊ မညွှန်းဘူး ဆိုတာက လမ်းစဉ် ခရီးမြေပုံ ပြမထားဘူး၊ ဘေးတော် တပ်မှူးကလဲ အတိအကျ မသိဘူးတဲ့ကွယ့်၊ ဆင်ဖြူရှင် မြေဒူးမင်းတရား ထိုင်းကို စစ်ချီတော်မူစဉ်က သူပါသွားတာကို၊ ဇွဲ ကပင်တောင်နဲ့ ဒီတောင်ရဲ့ အဆက်တောင်စွယ် တောင်တန်းတွေ ကျော်မိတော့ အင်မတန် တောတောင် ထူထပ်တဲ့ တစ်နေရာမှာလို့သာ ဆိုထားတယ်၊ သြော် ... ဒါထက် သားကို အဖေ သင်ပေးထားတဲ့ ကရင် စကား ကရင်စာတွေ ကောင်းကောင်း မှတ်မိသေးရဲ့လား"     ကိုစောခိုင်က နှစ်နှစ်ခြိုက်ခြိုက် ရယ်လိုက်၏။

    'အဖေက ကရင်စကားနဲ့ ကရင်စာသာဆိုတယ်၊ ကျောင်းမှာ ကျွန်တော့်သူငယ်ချင်း ကရင်တွေက ဒီစာနဲ့ ဒီစကား နားမလည်ကြဘူး၊ အဖေရဲ့၊ သူတို့သုံးနေတဲ့ ကရင်စာနဲ့ ကရင်စကားက တစ်မျိုးပဲ၊ အဖေသင်ထားတာနဲ့ မတူဘူး အဖေရဲ့'
    'ကရင်ဘာသာအစစ်ပဲသားရဲ့'
    ဦးစောအေးက ခပ်ပြုံးပြုံးမျက်နှာဖြင့် ပြောလိုက်၏။
    'ဒါပေမယ့် အဖေ့ကရင်ဘာသာကို အခုကရင်တွေက နားမလည်ဘဲအဖေ'
    'သူတို့နားလည်တာမလည်တာ အရေးမကြီးဘူးသား၊ သားအဖို့ ကောင်းကောင်းနားလည်ဖို့ အရေးကြီးတယ်'
    'ဘာကြောင့်လဲအဖေ'
    ကိုစောခိုင်က အံ့အားသင့်ဟန်ဖြင့်  မေးလိုက်သည်။

'ပေစာတွေကို ဖတ်ကြည့်ရင် ဘာကြောင့်ဆိုတာ သားသဘောပေါက်လာမှာပေါ့၊ နတ်မိစံရာ မြသေလာကို သွားရင်သား တစ်ယောက်တည်းသွားလို့မဖြစ်ဘူး သစ္စာရှိတဲ့ မိတ်ကောင်းဆွေကောင်း တစ်ယောက် လိုလိမ့်မယ်၊ ပေစာတွေကို ဖတ်၊ ခေါင်းအေးအေးထားပြီး စဉ်းစားဆုံးဖြတ်၊ စိတ်ကိုနိုင်ရန် ယုံကြည်ရတဲ့ မိတ်ဆွေကောင်း တစ်ယောက်ရှာ၊ ပြီးရင် အဖေ့ကို ပြော လိုအပ်တဲ့ ပစ္စည်းတွေဝယ်ဖို့ အဖေ ငွေလုံလောက် အောင် ထုတ်ပေးမယ်ဟုတ်လားသား'

    'ဟုတ်ကဲ့အဖေ'
    'ကဲ....ကဲ ပေစာတွေ ဖတ်ပေရော့၊ အဖေလဲ ခြံထဲဆင်းပြီး အညောင်းပြေလမ်းလျှောက်ရင်း ပုတီးစိတ် လိုက်အုံးမယ်'
    ဦးစောအေးက ပြောပြီးအခန်းတွင်းမှ ထွက်သွားလေသည်။ ကိုစောခိုင်သည် ပေါ့ပါးလွတ်လပ်စွာ ဗီရိုကြီးရှိရာသို့ ထသွားပြီး ဗီရိုတံခါးကို ဆွဲဖွင့်လိုက်၏။ ကျွန်းသေတ္တာငယ်ကလေးကို ဗီရိုအဆင့်ပေါ်မှ ဆွဲယူကာ ကြမ်းပြင်ပေါ်သို့ ချလိုက်သည်။ သေတ္တာကလေးမှာ သော့ခတ်မထားသဖြင့် အလွယ်တကူဖွင့်၍ ရလေသည်။ ပါးလွှာပျော့ပျောင်းသော ငွေပြားပေလွှာ အချပ်ကလေးများကို အထပ်လိုက်တွေ့ရ၏။ အဆက် အစပ် မမှားစေရန် နံပါတ်စဉ် ထိုးထားသော ပေလွှာချပ်များကို တစ်ခုပြီးတစ်ခုယူကာ ကိုစောခိုင် စိတ်ဝင်စား စွာ ဖတ်နေသည်မှာ ထမင်းဟင်းကိုပင် မေ့လျော့နေလေတော့၏။

သင်္ကြန်ရက်အတွင်းဖြစ်၍ မန္တလေးမြို့ ဓားတန်းရပ်ရှိ 'နေပြည်တော်သုံး ရွေပန်းထိမ်ဖို'မှာ ပိတ်ထားသော သစ်သား နှစ်ထပ်အိမ်ကြီး၏ အတွင်းမှာကား ဆူသံပူသံ ကြိမ်းမောင်းမာန်မဲသံများ ထွက်နေ၏။

'တောက်...ခွေးပါးစပ်က နတ်စကားထွက်လို့၊ မင်းကိုယ်မင်း ဘယ်လောက်များ အဖိုးတန်မြင့်မြတ်တယ်လို့ ထင်နေသလဲဟင်'
နေပြည်တော်သုံး ရွှေပန်းထိမ်ဖိုပိုင်ရှင် စိန်ရွှေ ရတနာကုန်သည်ကြီး ဦးစိန်အိုးသည် အခန်းတွင်းဝယ် လက်နှစ်ဘက် ကို နောက်ပစ်ခါ ခေါက်တုံ့ခေါက်ပြန် လျှောက်ရင်း အခန်းထောင့်တစ်နေရာတွင် ထရံကို ကျောမှီကာ ညှိုးငယ်သော မျက်နှာဖြင့် ကျုံ့ကျုံ့ကလေးရပ်နေသော တူဖြစ်သူ ကိုဘဆွေ အား တစ်ချက် တစ်ချက် မျက်စောင်းထိုးကြည့်၍ ဒေါသဖြစ်စွာ ရေရွတ် မြည်တွန်နေသည်။ ကိုဘဆွေနှင့် မျက်နှာချင်းဆိုင်ရှိ ကုလားထိုင်ပေါ်မှာကား ဦးစိန်အိုး၏ ချစ်ဇနီး ဒေါမေက သနပ်ဖက် ဆေးလိပ်ကြီးကို မီးခိုးထောင်းထောင်း ထအောင်ဖွာနေရာမှ ကိုဘဆွေအား မျက်စောင်းထိုးကြည့်လိုက်သည်။

    'အခုစာမေးပွဲလဲမအောင်ဘူး၊ တို့က ကောင်းရာကောင်းကြောင်း စီမံတာလဲ နားမထောင်ဘူး၊ မင်းမှာ ဘာ အားကိုး ရှိလို့ တို့ကို ဆန့်ကျင်နေတာလဲကွ'
    ဦးစိန်အိုးက ငေါက်ငန်းမာန်မဲသော လေသံဖြင့် မေးကာ အနီးအနားရှိ ကုလားထိုင်မှာ ထိုင်လိုက်သည်။
    ကိုဘဆွေသည် ဦးလေးကိုတစ်လှည့် ဦးလေး၏ဇနီး ဒေါ်မေကိုတလှည့် မျက်နှာငယ်လေးဖြင့် ကြည့်ကာ...
    'ကျွန်တော်အားကိုးရှိလို့ ဦးလေးတို့ကို ဆန့်ကျင်တာမဟုတ်ပါဘူး ဦးလေးနဲ့အဒေါ် သဘောတူ ပေးစား ချင် နေတဲ့ မိန်းမက အပျို...'
    မ၀ံ့ရဲသောလေသံဖြင့် လျှောက်လဲချက် တင်နေသော ကိုဘဆွေ၏စကားမဆုံးမီ....
    'ဟေ့ကောင်းတိတ်၊ မိန်းကလေးကို မဟုတ်တန်းတရား အပြစ်အနာတွေဖော်ပြီး ငြင်းမလို့မဟုတ်လား'

    ဟူသောဒေါ်မေ၏ မိုးချုန်းသလို ခက်ထန်စွာ ပြောလိုက်သော အသံက လွှမ်းမိုးထွက်လာသဖြင့် ကိုဘဆွေမှာ စကားတစ်ပိုင်းတစ်စဖြင့် မဆက်ဝံ့တော့ဘဲ ဖြစ်သွားလေသည်။ ဒေါ်မေက ခင်ပွန်းသည် ဘက်လှည့်ပြီး သာလိကာ ရှုံးလောက်အောင် သွက်သွက်လက်လက် အဆက်မပြတ် ပြောလိုက်၏။

'အဲဒါပဲကြည့်တော့ ကိုစိန်အိုး၊ ရှင့်တူဘယ်လောက် အာခံနေတယ်ဆိုတာ၊ သူ့မှာ အားကိုးအားထား ပြုစရာ ကျူပ်တို့က လွဲပြီး မရှိရှာဘူးဆိုတာသိလို့ ကြင်နာစိတ်၊ သနားစိတ်နဲ့ သူတို့သမီးနဲ့လဲ ကြည်ကြည်ဖြူဖြူ လက်ထပ် ပေးဦးမယ်၊ ကျုပ်တို့အတွက်လဲငွေတစ်ထောင်ကန်တော့ဦးမယ်၊ ဒီလိုပစ္စည်း အသင့်အတင့် ရှိနေတဲ့ မိန်းကလေးစားမျိုါ်ကို ရှင့်တူက ငြင်းနေတယ်ဆိုတော့ ဘယ်လောက် ကျုပ်တို့ မျက်နှာပျက်အောင် လုပ်နေတယ် ဆိုတာ ရှင်စဉ်းစားကြည့်ပေါ့၊ ပညာကလဲ ဟုတ်တိပတ်တိမတတတ်၊ လက်ထဲမှာ ကိုယ်ပိုင်ပစ္စည်းဆိုလို့ ကြေးနီပြားတစ်ပြားမှ မရှိတဲ့အကောင်က စိတ်ကြီးဝင်ပြီး ဒီလိုမိန်းကလေးမျိုးကို အရိုး များသော ချေးခါးသော ဟင်း.....'

ဒေါ်မေက ပြောပြီး ဆေးလိပ်ကြီးကို ဖွာနေပြန်သည် ဦးစိန်အိုးနှင့် ဒေါ်မေက သဘောတူနေသော မိန်းကလေးအကြောင်းကို ကိုဘဆွေ ကောင်းစွာသိသည်။ ရည်းစားပေါင်းသောင်းခြောက်ထောင် ထားပြီး အကောင် အထည် မဖော်နိုင်သော ပဋိသန္ဓေကို ဖျက်ဆီးမရသောအခါ ငွေကြေးမက်မောသော ဦးစိန်အိုးနှင့် ဒေါ်မေ အား ငွေထုပ်ကလေးပြကာ ကိုဘဆွေအား အကောင်အထည်ဖော်နေသည်။ သူများ လှည်းကျိုးကြီး ကိုကား ကိုဘဆွေမထမ်းလိုရှာပေ။

    'အေး...မင်းဘာကြောင့် ဒီမိန်းကလေးကို ငြင်းနေရတာလဲ....'
    ဦးစိန်အိုးက မေးလိုက်၏ မိန်းကလေးအကြောင်းကိုကား ဦးစိန်အိုးမသိပေ၊ ဇနီးသည်စကားကို နားဝင် နေသည့် အတွက် ဖြူသည်မည်းသည် မစဉ်းစားဘဲ မျက်စိမှိန် သဘောတူနေခြင်းဖြစ်၏။
    'မိန်းကလေး နာမည်လဲပျက်နေတယ်၊ နောက်ပြီးတော့ သူတို့မျိုးရိုးကလဲ မသန့်ဘူးလို့ ပြောသံ ကြားရ လို့ပါ ဦးလေး'
    ကိုဘဆွေက အရဲစွန့်ပြီး အကြောင်းပြလိုက်၏။ ဒေါ်မေက ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။

'အောင်မာ ကြီးကျယ်လိုက်တာ မင်းလို ဘာအရည်အချင်းမှ မရှိဘဲ ဖွတ်ကျောပြာစု ခရုဆံကျွတ်လို အကောင် ကများ ချမ်းချမ်းသာသာမိန်းမကို အပြစ်အနာဖော်ရတယ် ရှိသေးလား'
ဦးစိန်အိုးက တူတော်မောင်အား ရှုတ်ချစွာ ပြောလိုက်၏။ တူတော်သည် ဆိုတော်လည်း ရင်းရင်းချာချာမဟုတ်ဘဲ၊ ဆွေရိပ်မျိုးရိပ်မကင်းသော တကောင်ကြွက်ပေမို့ မလွှဲသာ လွှဲသာ ကောက်ယူ မွေး ထားရ၍လည်း ဤသို့ ပြောရက်ခြင်းဖြစ်ရာ ကိုဘဆွေမှာ ရင်ထဲ၌ နာသွားမိလေသည်။ ဒေါ်မေက ရယ်ရာ မှ ဆေးလိပ်ကြီးကို ခပ်ဆောင့်ဆောင့် ချလိုက်ပြီး...

'သြော်... မင်းကိုယ်က အဖိုးတန် အမျိုးမြတ်တဲ့ ယောက်ျားကိုးကွယ့်၊ ဒါကြောင့် နာမည်ပျက် အမျိုး မသန့် တာ ကို မလိုချင်ဘူးပေါ့၊ ဒါဖြင့် တို့မန္တလေးမှာ မဟာဆွေတော် မျိုးတော်လဲဖြစ်၊ အဆင်းရော အချင်းပါ ပြည့်စုံပြီး ပစ္စည်းလဲအသင့်အတင့်ချမ်းသာ၊ ဣနြေ္ဒသိက္ခာလဲရှိတဲ့ ရွှေရေးဆောင် မိဖုရားကြီးရဲ့ အနွယ်တော် ထိပ်တင်မျိုး သမီး ခင်မျိုး လို မိန်းမမျိုးကိုမှ မှန်းတာလား၊ ဟား....ဟား..ဟား ရှင့်တူ စိတ်ကူးစိတ်မှန်း မဆိုး ဘူးတော့ ကိုစိန်အုံးရဲ့'

ဟုသရော်ပြောင်လှောင်သော လေသံဖြင့် နားသာခံခက်အောင် ပြောလိုက်၏ ကိုဘဆွေ၏ စိတ်ထဲမှာ နင့်သွားရှာပြန်သည်။ မခင်မျိုး၏ အခြေအနေနှင့် သူ့အခြေအနေမှာ မိုးနှင့်မြေလို ဘယ်လိုမှ နီးစပ်နိုင်ဖွယ် မရှိသည်ကို ကိုဘဆွေ ကောင်းကောင်းးသိသဖြင့် မခင်မျိုးကို စိတ်ပင်မကူးမိပေ။ ယခုမူ ပစ္စည်းဥစ္စာမက်မောလှသော ဤဦးလေးနှင့် ဤအဒေါ်က မိမိအား အညွန့်မထွက်နိုင်သည့် သစ်ငုတ်တို အအိုအဆွေးလို သဘောထားကာ ငွေရဖို့လောက်သာ ကြည့်ပြီး လှည်းကျိုးကြီးထမ်းခိုင်းရုံသာမက မှိုချိုး မျှစ်ချိုး ပြောနေသဖြင့် ဦးလေးနှင့်အဒေါ်အား ကြောက်ရွံ့ရိုသေသောစိတ်ကို ၀မ်းနည်းမခံချိသည့် စိတ်က လွှမ်းမိုးသွားလေသည်။

'ကျွန်တော် ယောကျာ်းတစ်ယောက်ပါအဒေါ်၊ တစ်နေ့ ကျွန်တော် အညွန့်မထွက်ဘူးလို့ မထင်ပါနဲ့၊ မခင်မျိုး လို အဖိုးတန်မြင့်မြတ်တဲ့ မိန်းမကိုရမှ ကျွန်တော်ယူမယ်'
ပြောသမျှဆိုသမျှ ခေါင်းငုံ့ခံလာခဲ့သောသူက ယခုရှိစုမဲ့စု သတ္တိကို ဖျစ်ညှစ်ထုတ်ပြီး ရဲရဲတောက် ပြန်ပြော လိုက်သော အခါ ဦးစိန်အိုးနှင့်ဒေါ်မေတို့ အကြီးအကျယ် အံ့အားသင့်သွားလေသည်။ နှုတ်လှံ ထိုးရပါမည် လားဟု ဒေါသလည်း ထွက်လာကြသည်။

    'ဟေ့ကောင် ခွေးစကားမပြောနဲ့၊ ရာဇဂိုဏ်းသင့်ပြီး ဒုက္ခဖြစ်နေဦးမယ်'
    'ကဲ... ဘာဘာညာညာ ပြောမနေနဲ့ဘဆွေ ငါက ကိုယ့်တူသားမို့ စီမံရာနာခံလိမ့်မယ်ထင်လို့ တစ်ထစ်ချ ယုံကြည်ပြီး မိန်းကလေးဘက်ကို ကတိထားခဲ့ပြီးပြီ၊ ဒီမိန်းမကို ယူရမယ်'
    တစ်ယောက်တစ်ခွန်းပြောနေသော အဒေါ်နှင့်ဦးလေးကို ဘဆွေက စူးစူးစိုက်စိုက်ကြည့်ပြီး...
    'ကျွန်တော်မယူဘူး' တိုတိုတုတ်တုတ်ပင် ပြောလိုက်၏ မိမိအား နှိမ့်ချလွန်းလှသဖြင့် စိတ်ထဲမှာ နာခြင်း၊ ခံပြင်းခြင်းတို့ကို ချုပ်တည်း၍ မရတော့ချေ။
'ငါစီမံတာ မနာခံရင် ငါ့အိမ်ပေါ်ကဆင်း၊ နင်က လူပါးဝစကားပြောလို့၊ နင့်အခြေအနေ အစွမ်းအစမျိုါ်နဲ့ ဒီမိန်းမ မယူရင် သူဖုန်းစားမပဲ ရမယ် နားလည်လား၊ ခင်မျိုးလို မဟာသွေးရဲ့ ထဘီနားကို နင်အသက် သေသည် တိုင်အောင် မသီနိုင်တဲ့ နင့်ဘ၀ကို နင်မရှက်မကြောက် ပြောပလေ...ထွီ'

ဒေါ်မေက ပြောကာ ဆေးလိပ်ကို ကောက်ဖွာလိုက်သည်။ ကိုဘဆွေက ဦးလေးအား လှမ်းကြည့်လိုက်၏။ ဦးစိန်အိုးက တူတော်မောင်အား မဲ့မဲ့ရွဲ့ရွဲ့ ရှုတ်ချစွာ ကြည့်ပြီး မျက်နှာလွှဲနေသည်။ ကိုဘဆွေသည် အံကို တင်းတင်းခဲလိုက်၏။
    'စောင့်ကြည့်ကြဦးပေါ့ဗျာ'
    နာကြည်းလှသော အသံဖြင့် ပြတ်ပြတကြီးပြောကာ ကိုဘဆွေသည် ဦးလေးနှင့် အဒေါ်မျက်မှောက်မှာ ချာခနဲ လှည့်ထွက်လာခဲ့သည်။ ဖြစ်ချင်ရာဖြစ်၊ ရောက်ချင်ရာရောက်ဟူသော စိတ်ဖြင့် အိမ်ပေါ်မှ အ၀တ်တစ်ထည်ကိုယ်တစ်ခုဖြင့် ဆင်းလာခဲ့လေ၏။

ဘ၀အခြေအနေချင်း ကွာခြားလှသဖြင့် မန္တလေး မြို့၏ မျက်နှာဖုံး စင်းလုံးချော အပြစ်အနာအဆာ ကင်းမဲ့ သည့် မဟာနွယ် မခင်မျိုးအား မူလက စိတ်နှင့်ပင် မပြစ်မှားခဲ့သော်ငြားလည်း ဦးလေးနှင့်အဒေါ် ဖိနှိမ် ရှုတ်ချသော အပြောများကြောင့် ဒေါသစိတ်၊ ခံပြင်းစိတ်၊ နာကြည်းစိတ်တို့သည် အစိုင်အခဲကြီး ဖြစ်လာသည်နှင့်အမျှ ကြီးပွားချမ်းသာအောင် ကြံဆောင်ကြိုးစားကာ မခင်မျိုးအား ရအောင်ယူမည်ဟူသော ဆုံးဖြတ်ချက် ကို ခိုင်မာစွာ ချလိုက်မိသည်။

ဆက်ရန်
.

3 comments:

လရိပ်အိမ် said...

အရမ်းကြိုက်တယ်ဗျာ

KMC@ချင်းလေး said...

မောင်ဘဆွေကိုအားပေးရမှာပေါ့ဗျာ.. ယောင်္ကျားကောင်းတို့စိတ်ဓတ်ကိုးဗျ..

မေသိမ့်သိမ့်ကျော် said...

မခံချင်စိတ်နဲ့ ကိုဘဆွေကြိုးစားပြတော့မယ်ပေါ့....။ ငွေပေစာချပ်တွေကစာကို ကျွန်မလည်း ဖတ်ဖူးကြည့်ချင်ပါတယ်။ ဇာတ်လမ်းကတကယ်ကို စိတ်ဝင်စားဖို့ ကောင်းနေပြီ။

ခင်မင်လေးစားလျက်