အခန်း (၃၈)
အိုဝင်
အိုဝင်
လျှမ်းလျှမ်းတောက် ဖြစ်နေသည့် သတင်းမဂ္ဂဇင်းတိုက်အဖို့ အလုပ် ပြန်ဝင်ရသည့်အခါတွင် ၃၉ မျဉ်းပြိုင် နှင့် ကိုးရီးယား အဖြစ်အပျက်များသည် ခေါင်းထဲတွင်သာ အောင်းနေပြီး လက်က ချရေးဖို့ လုံးဝ မဖြစ်နိုင်ဘဲ ရှိ နေသည်။ အချိန်လည်း မပေးနိုင်။ ဂျာနယ်ထဲတွင် တစ်ချိန်လုံး နစ်နေသည်။ ဒီဇင်ဘာလ စောစောပိုင်းတွင် ဆရာသမား နှင့် တွေ့ပြီး ခွင့်တောင်းသည်။
" ဒါးလက်စ်မှာလည်း ကျွန်တော် ပြဲလန်နေအောင် အလုပ်လုပ်ခဲ့ရတယ်၊ ခွင့်လေးဘာလေး နားချင်တယ်၊ ခြောက်လ လောက် နားပါရစေလား "
ရေးဂျက်ဆပ်က " ဘာ ခြောက်လ ဟုတ်လား၊ ခွင့်ဆိုတာ အိုနာကျိုကန်းတွေ အတွက်ကွ၊ မင်းတို့ လူငယ် တွေ အတွက်မဟုတ်ဘူး၊ အထူးသဖြင့် ပူလစ်ဇာဆု မှန်းနေတဲ့ မင်းတို့လူမျိုးတွေအတွက် မဟုတ်ဘူး"
" ဗျာ ပူလစ်ဇာဆု ဟုတ်လား "
" ကိုယ် ဘာမှတော့ သိပ်မပြောချင်သေးဘူး၊ အပေါ်ထပ်က ငနဲတွေတော့ အရမ်းသဘောကျနေကြတယ်၊ သမ္မတလုပ်ကြံမှု စာအုပ်ဟာ အနည်းဆုံး ပူလစ်ဇာ ချိန်တဲ့ အထဲတော့ ပါနိုင်တယ်၊ မင်းကို တွန်းပို့ကြဖို့ လုပ် နေတယ်၊ မင်းက ခွင့်ယူပြီး အလေလိုက်နေရင် သူတို့ ဆက်တွန်းကြတော့မှာ မဟုတ်ဘူး အိုဝင်၊ ၀တ္ထု ရေးဖို့ ဆိုရင် မင်းကိုယ်ပိုင် အချိန်တွေထဲက ဖဲ့ရေးပေါ့ "
အိုဝင်က ရေးဂျက်ဆပ် ပြောသည့်အတိုင်း ဂျိန်းကို ပြန်ပြောပြသည်။ ပြီးတော့ မကျေနပ်သည့် သရော်သံဖြင့် " ကိုယ့် ကိုယ်ပိုင် အချိန် တဲ့၊ ဘယ်မှာ ကိုယ်ပိုင်အချိန်ရှိမှာလဲ" ဟု မကျေမချမ်း ရေရွတ်နေသည်။
ဘော့စတွန်၊ နယူအော်လင်း၊ ၀ါရှင်တန် သတင်းတောတစ်ခွင်ကို ပြဲပြဲစင်လိုက်နေရသည့် " မုဆိုး ဘ၀တွင် မည်သို့ ကိုယ်ပိုင်အချိန် ရှိနိုင်ပါမည်လဲ။
" ဒါဆိုလဲ အလုပ်ထွက် လိုက်ပေါ့။ ဒါဆို အချိန်ပြည့် ၀တ္ထုရေးနိုင်ပြီလေ "
အိုဝင် မတင်မကျ ဖြစ်နေသည့် ကိစ္စကို ဂျိန်းက လွယ်လွယ်ကလေး အဖြေရှာပေးလိုက်သည်။
ဝတ္ထုရေးဖို့အတွက် သတင်း မဂ္ဂဇင်းမှ ထွက်ဖို့စိတ်ကူးသည့်အကြောင်း ပြောတော့ အယ်လီက လက်တွေ့ ကျသည့် မေးခွန်းတစ်ခုမေးသည်။
" အဲဒီအချိန်မှာ စားဝတ်နေရေးအတွက် မောင့်မှာ ပိုက်ဆံ စုပြီးသားရှိသလား "
အိုဝင် ခေါင်းညိတ်သည်။
" မျက်မြင်သက်သေ" က အဲဒီအချိန်လောက်ဆို ပိုက်ဆံ ရလောက်ပါပြီ" သမ္မတ လုပ်ကြံမှု စာအုပ်၏ အမည် ကို ရည်ညွှန်းပြီး အိုဝင်က ပြောခြင်းဖြစ်သည်။ ဟန့်ဂရင်နီနှင့် အဖုံးပျော့ထုတ်ဖို့ စီစဉ်ထားပြီးပြီလေ။
ဒါးလက်စ်မှာကတည်းက ပူပူနွေးနွေး စခဲ့ပြီး နယူးယောက် ပြန်ရောက်မှ အဆုံးသတ်လိုက်ခြင်းဖြစ်၏။
သတင်းမဂ္ဂဇင်း တွင် ရေးသည့် လျှပ်တစ်ပြတ် ဆောင်းပါးများကို စုစည်းပြီး အသေးစိတ် ပြန်မှုန်းထားသော စာအုပ်၊ ဂျိန်း၏ စူးစမ်းမှုများကို အများအားဖြင့် အခြေခံပြီး ကွန့်မြူးထားခြင်းဖြစ်သည်။
သတင်းမဂ္ဂဇင်း က မောင် တကယ်ထွက်မှာလား၊ သေသေချာချာ စဉ်းစားရမယ့် ကိစ္စနော်"
အယ်လီ က ချစ်သူကို ပျော်ပျော်ရွှင်ရွှင်နေစေ့ချင်သည်။ အမှားမှား အယွင်းယွင်း မဖြစ်စေချင်ပါ။
" ဆုံးဖြတ်ချက်တော့ မကျသေးပါဘူးကွာ " ဟု အိုဝင်က မရေမရာနှင့် ပြန်ပြောသည်။ အိုဝင်သည် ဘယ်တုန်း က မှ မရေမရာ ဖြစ်တတ်သည့် လူစားမဟုတ်။ သူက သတင်းစာသမားဘ၀၊ သတင်းမုဆိုးဘ၀ကို ပျော်ပိုက်သူ။ သတင်းမဂ္ဂဇင်းမှ သူ့ဆောင်းပါးများကြောင့် သူ့အခြေအနေမှာ အထွတ်အထိပ်သို့ ရောက်နေ ချိန်။
သည်ကြားထဲတွင် ပူလစ်ဇာ ဆုကိုတောင် ချိန်နိုင်သည် ဟူသော " ရေး " ထံမှ ကြားရသည့် သတင်းကြောင့် သတင်းမဂ္ဂဇင်း ကို စွန့်ရသည့် ကိစ္စမှာ အဆီနှင့်ဝင်းဝင်း ဖြစ်နေ၏။ တစ်ဖက်တွင်လည်း ဟဲမင်းဝေး၏ အမွေ ကို ဆက်ခံချင်နေသည်။
တစ်ပတ်လုံးလုံး အိုဝင်တစ်ယောက် ဘယ်လမ်းကို လိုက်ရမှန်းမသိဘဲ အူကြောင်ကြောင် ဖြစ်နေသည်။ စိတ် ချရသည့် လက်ရှိ ဘ၀က တစ်လမ်း၊ စွန့်စားခန်း ဖွင့်ပြီး ကဏ္ဍသစ်ဖွင့်ရမည့် မရေမရာ လမ်းက တစ်လမ်း၊ အချိန်တန် လျှင် လခ မှန်မှန်ရနေသော စာနယ်ဇင်းသမားဘ၀နှင့် ၀မ်းရေးအတွက် မသေချာလှသော စာရေးဆရာ ဘ၀၊ အမျိုးမျိုး ချိန်ထိုးသည်။ ချတွက်သည်။ ကျေနပ်လောက်သည့် အဖြေမထွက်။
" ဒါ သင်္ချာ တွက်နေတာမှ မဟုတ်တာ၊ ဒါ ဘ၀နဲ့ ဆိုင်တဲ့ကိစ္စပဲ၊ ၀တ္ထုရေးဆရာ တကယ် ဖြစ်ချင်ရင် စွန့် စား ရမှာ ပေါ့ "
ဂျိန်းက ဒိုးဒိုးဒေါက်ဒေါက် ထောက်ပြသည်။
အယ်လီကတော့ " သတင်းမဂ္ဂဇင်းက ထွက်ပြီး စာရေးချင်တယ်ဆိုရင်လည်း အဲဒီ အတိုင်းဖြစ်အောင် လုပ် ပေါ့" ဟု အားပေးသည်။
၃၉ မျဉ်းပြိုင် သည် ခုချိန်တွင် ရေးဖြစ်လျှင် ရေးဖြစ်၊ မဟုတ်လျှင် နောင် ဘယ်တော့မှ ရေးဖြစ်မည် မဟုတ် တော့ဟု အိုဝင်က သူ့ကိုယ်သူ ပြောနေ၏။ အဖေ့ အကြောင်း ပြန်တွေးကြည့်သည်။ တစ်သက်လုံး သတင်းစာ သမားဘ၀ဖြင့် အချိန်ကုန်သွားခဲ့၏။ ရသစာပေ ရေးမသွားနိုင်ခဲ့။ အဖေ့လိုမျိုး အချိန်ကုန်ခံနိုင်ပါ။
" မျက်မြင်သက်သေ" ၏ အောင်မြင်မှုနှင့် ဂျိန်းနှင့် အယ်လီတို့၏ အားပေးမှုကြောင့် ဆုံးဖြတ်ပြီးပြီ ဖြစ် ကြောင်း ရေးဂျက်ဆပ် ကို ထုတ်ပြောလိုက်သည်။
" ကျွန်တော် ဇွတ်မိုက်မဲရာ ကျမလားတော့ မသိဘူး ရေး၊ ဒါပေမယ့် ကျွန်တော် ဆုံးဖြတ်ပြီးပြီ။ ဒီဝတ္ထုကို ခု ရေးချင်ရေး၊ မရေးဖြစ်ရင် နောက်ရေးလို့ ရတော့မှာ မဟုတ်ဘူး၊ ဒါကြောင့် ဇန်န၀ါရီ တစ်ရက်နေ့မှာ ထွက်ဖို့ ကျွန်တော် ဆုံးဖြတ်လိုက်တာ ရေးက ခေါင်းရမ်းပြီး
" စီမံခန့်ခွဲရေးအပိုင်း က သိပ်ပြတ်သားတယ်နော်၊ မင်း ထွက်ရင် ပြန်လာဖို့ အခွင့်အလန်း ရှိတော့မှာ မဟုတ် ဘူး၊ အဲဒါ သတင်းမဂ္ဂဇင်း တိုက် ရဲ့ မူပဲ။ လူဟောင်း ကို ဘယ်တော့မှ ပြန်မခေါ်ဘူး "
" ကျွန်တော် သိပါတယ် ရေး၊ ဆုံးဖြတ်ပြီးပါပြီ "
နှုတ်ဆက်ပွဲတွင် လုပ်ဖော်ကိုင်ဖက်များနှင့် တိုက်သားများ ကို လက်ဆွဲနှုတ်ဆက်သည်။ မူးအောင်လည်း သောက်ပစ် လိုက်မိ၏။
အလုပ်ထွက်လိုက်တာ မှန်မှ မှန်ရဲ့လားဟု နောက်တစ်နေ့တွင် ပူပူပင်ပင် ဖြစ်နေမိကြောင်း အံ့သြစွာ တွေ့ရ သည်။ သဘောဝကျပါ့မလား သတင်းထောက်ဘ၀က စာရေးဆရာဘ၀ကို ချက်ချင်း ပြောင်းလို့ ရနိုင်ပါ့မ လား။ ထိုင်နေအကောင်းသား၊ ထသွားမှ ကျိုးမှန်းသိ ဆိုသလို ဖြစ်နေမလား။ မဖြေနိုင်သည့် မေးခွန်းပေါင်း များစွာသည် အာရုံ ကို လွှမ်းခြုံလျက် ရှိသည်။
အရက်နာကျနေသည့် ဦးခေါင်းကို အနားမပေးအားဘဲ အတင်း စဉ်းစားခိုင်းနေပြန်၏။ ဘယ်သူ့ကိုမှ ဖွင့်မ ပြောဘဲ ဘယ်သူနှင့် မှ မတိုင်ပင်ဘဲ တစ်ယောက်တည်း ကြိတ် စဉ်းစား၏။ ထိုအခါ ပို၍ ခေါင်းခဲရ၏။
ဤသို့ဖြင့် မရေမရာ စိုးရိမ်စိတ်များကို မောင်းထုတ်ပြီး မြာကလေးများနှင့် ခပ်ပွေပွေ မျှောလိုက်နေမိပြန်၏။
သတင်းမဂ္ဂဇင်း သတင်းထောက်ဘ၀၏ နောက်ဆုံးနေ့များ ဖြစ်သော စိတ်မချမ်းသာစရာ ကောင်းလှသည့် ဒီဇင်ဘာလ ထဲတွင် အိုဝင်သည် ဂျိန်းနှင့်ရော အယ်လီနှင့်ပါ မှန်မှန် ချိန်းတွေ့လျက်ရှိ၏။
သမ္မတ လုပ်ကြံခံရမှုကြီး အပြီးတွင် အိုဝင်သည် အခြားအခြားသော အမေရိကန် နိုင်ငံသားများနည်းတူ ရက် သတ္တပတ်ပေါင်း များစွာ စိတ်တွေ လေးလံလျက်ရှိ၏။
အနာဂတ် အလားအလာကောင်းပြီး နောင်ရေး စိတ်အေးရသည့် မရေမရာ မဂ္ဂဇင်းမှ ကိုယ့်သဘောနှင့်ကိုယ် ထွက်ခဲ့ပြီးသည့် နောက်ပိုင်းတွင် တစ်စတစ်စ မရေမရာ ဖြစ်လာသောအခါ တစ်စုံတစ်ယောက်၏ နှစ်သိမ့်မှု၊ ယုယမှု ပို၍ ပို၍ လိုအပ်လာ၏။ သည်အတွက် ဂျိန်းနှင့် အယ်လီတို့က သူ့အား ဖြည့်ဆည်းပေးလျက်ရှိကြ သည်။
" မင်းနဲ့ နေရတာ ကိုယ် သိပ်စိတ်ချမ်းသာတာပဲ"ဟု အယ်လီအား ပြောတတ်ပြီး "မင်းဟာ ကိုယ့်အတွက် ခွန်အားပဲ၊ မင်းကြောင့် ကိုယ် အကောင်းဆုံးတွေ ဖန်တီးနိုင်ခဲ့တာ" ဟု ဂျိန်းကို ပြောတတ်သည်။
အယ်လီ့ဆီ မလာနိုင်သည့် ရက်များတွင် မဂ္ဂဇင်း ဖောင်မပိတ်မီ ဆောင်းပါး တွန်းရေးနေရလို့ဟု အကြောင်း ပြသည်။ အိုဝင့် ကို ပေးထားသည့် တာဝန်မှာ လုပ်ကြံမှု၊ နောက်ဆက်တွဲ သတင်း၊ ဇာတ်လမ်းများ ဆက်ရေး ရန် ဖြစ်သည်။ ၀ါရန်ကော်မရှင်၏ သုံးသပ်ပုံများကို တိုင်းပြည်က သဘောတွေ့နေကြသည်။
သည်သတင်းများကို လိုက်ရသည်မှာ တနှံတလျား ဖြစ်ကြောင်းကိုလည်း အယ်လီ့ကို အမှန်အတိုင်း ပြောပြ သည်။ ၀ါရှင်တန်နှင့် ဒါးလက်စ်ကို လွန်းပျံပြေးလွှားနေရ၏။ မက်ဆာချူးဆက်မှ ကနေဒီ မိသားစုဆီကိုရော၊ လီးဟာဗေး နေသည့် နယူးအော်လင်းနှင့် မက်ဆီကို စီးတီးသို့ပါ လူးလာခတ်နေခဲ့ရသည်မျာလည်း အမှန်။
ဂျိန်းဆီ မရောက်နိုင်သည့် ရက်များအတွက်လည်း အိုဝင်က အလားတူ ရှင်းပြသည်။ အိုဝင်က ခရစ္စမတ် အဖိတ်နေ့ တွင် ဂျိန်းနှင့်နေပြီး ခရစ္စမတ်နေ့တွင် အယ်လီ့ဆီသွားသည်။ " မျက်မြင်သက်သေ " သားရေဖုံးစာ အုပ် နှင့် ဂျွိုင်းရေမွှေးတစ်ပုလင်း လက်ဆောင်ပေးတော့ အယ်လီ ပျော်မဆုံးနိုင်တော့။
အထုပ်ကလေး ကမ်းပေးရင်း ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံး ရေမွှေးလေ၊ မင်းနဲ့ပဲ အလိုက်ဆုံးပေါ့" ဟု အိုဝင် က ပြောသေးသည်။ ထိုနေ့မှ စ၍ စံပယ်နံ့ သင်းပျံ့ပျံ့ရှိသည့် ရေမွှေးကို အယ်လီ အမြဲတမ်း ဆွတ်ဖျန်းလေ တော့သည်။ သည် ရနံ့ကလေး သင်းနေလျှင် အယ်လီ့ ရင်ထဲတွင် အချစ်စိတ်ဖြင့် တသိမ့်သိမ့် လန်းဆန်း နေတတ်၏။ သည် ရေမွှေး ပုလင်းကလေးကို အယ်လီက အချစ်၏ ထာဝရသစ္စာ သင်္ကေတအဖြစ် အမြတ် တနိုး တန်ဖိုးထားလေသည်။
ဂျိန်းကိုမူ အော်လီဗာတီ လက်နှိပ်စက် အသစ်တစ်လုံး ၀ယ်ပေးသည်။ လက်နှိပ်စက်ကလေးက ချစ်စရာ၊ လှ မှ လှ။
" မင်းရဲ့ စမစ်ကော်ရိုနာ အဟောင်းကြီးကို လွှင့်ပစ်လိုက်တော့နော် "
ဂျိန်း ကျောင်းသူဘ၀ ကတည်းက သုံးလာသည့် လက်နှိပ်စက်အိုကြီးကို အိုဝင် ရည်ညွှန်းပြောခြင်းဖြစ်သည်။ ဂျိန်းက ဖြစ်ကတတ်ဆန်း ရိုက်တတ်သည့် အတွက်တော့
" ဒါပေမယ့် အမှန် ရိုက်မှ အမှန်အတိုင်း ထွက်မှာနော် " ဟု ခပ်ရွှင်ရွှင်ကလေး ထပ်ဖြည့် ပြောသေး၏။
အိုဝင်က နှစ်ဟောင်းကုန်သည့် ညတွင် အယ်လီနှင့်အတူ နှစ်သစ်ကို ကြိုပြီး နှစ်သစ်ကူးနေ့တွင် ဂျိန်းနှင့် ပျော်သည်။ နှင်းမှုန်ဖွဲဖွဲကျသည့် ဇန်န၀ါရီလတွင် ဗားမောင့်သို့ ခရီးထွက်ပြီး စိတ်ကူးယဉ်ချင်စရာ ကောင်း သည့် ရှေးဟောင်း တည်းခိုခန်းကြီး တစ်ခုတွင် အယ်လီနှင့် ခဏ အတူနေသည်။
" နှစ်ဦးမှာ မင်းနဲ့ စရတာ ကိုယ့်အတွက် အဓိပ္ပာယ် အများကြီးရှိတယ် "ဟု အယ်လီ့ကို ပြောတော့ အယ်လီ က "အယ့်လီ အတွက်လည်း အတူတူပါပဲ မောင်ရယ် "ဟု တသသ ပြန်ပြောမိလေသည်။
နောက်တစ်ပတ် ရုံးအားရက်တွင် နွေးထွေးသည့် မွန်တီရို ပင်လယ်ကွေ့သို့ ဂျိန်းကို ခေါ်သွားပြီး အနားယူ သည်။
အခန်း (၃၉)
ဂျိန်း
ဂျိန်း
နှစ်သို့ဝင်ချိန်တွင် သမ္မတသစ်က ကျမ်းသစ္စာကျိန်ဆိုသည်။ ဆင်းရဲခြင်း လွတ်ကင်းအောင် စစ်ဆင်ရေးကို ကြွေးကြော်ချိန် တွင် အိုဝင်က စာရေးဆရာဘ၀ထဲသို့ စတင် ခြေချလေသည်။
သတင်းမဂ္ဂဇင်းတုန်းက အယ်ဒီတာများနှင့် လက်ပွန်းတတီးနေပြီး ရေးသမျှ ဆောင်းပါးတွေကို ကြိုဖတ်ခိုင်း သည့် အကျင့် ပါနေ၍ ၃၉ မျဉ်းပြိုင် စာမူကြမ်းများကို ဂျိန်းအား ဦးဦးဖျားဖျား ပေးဖတ်သည်။
စစ်မြေပြင် တိုက်ပွဲများ အကြောင်း ရေးလျှင် ၀ါကျတွေကို တိုတိုတုတ်တုတ်နှင့် စက်သေနတ်ပစ်သလို ရေးဖို့ ဂျိန်း က အကြံပြုသည်။
ဝါကျရှည်တွေကိုတော့ အတွေးအခေါ်ပိုင်း ဒဿနပိုင်းတွင် သုံးဖို့ ကောင်းကြောင်း လည်း တိုက်တွန်းသည်။ လူမည်းဇာတ်ကောင်တစ်ကောင် ထည့်ဖို့ ကောင်းကြောင်း ပြောသည်ကိုလည်း အိုဝင် သဘောတူသည်။ သူ့ဇာတ်ကောင် တွေထဲမှာ အမျိုးသမီး တစ်ယောက်ပါဖို့လိုကြောင်း ပြောသည်ကို တော့ အိုဝင် က လုံးဝ လက်မခံ ဘဲ ခါးခါးသီးသီး ငြင်းပစ်လိုက်သည်။
" ဒါ စစ်ဝတ္ထုကွ၊ တိုက်ပွဲတွေအကြောင်း ရေးမှာ "
သူ့ကို ခပ်ဆတ်ဆတ်ကလေး ဝေဖန်လျှင် ခံပြင်းတတ်သူ အိုဝင်၏ စွဲမက်ချင်စရာမျက်နှာမှာ တင်းမာလျက် ရှိ၏။
" စစ်သားတွေမှာ အချစ်မရှိရတော့ဘူးတဲ့လား "
ဂျိန်းကို သူ ခဏ တွေကြည့်နေသည်။ ထို့နောက် သူတို့တစ်တွေ၏ နောက်ကြောင်းပြန် အခန်းများတွင် အမိ နိုင်ငံတွင် ကျန်ရစ်ခဲ့သည့် သူတို့ ချစ်သူ မိန်းကလေး ဇာတ်ကောင်များ ထည့်ဖို့ ဆုံးဖြတ်လိုက်သည်။
" မင်းပြောတာ မှန်တယ် ဂျိန်း။ မိန်းကလေး ဇာတ်ကောင်တွေ ထည့်ဖို့လေ "ဟု ပြောတော့ ဂျိန်းက ရှုပ်ထွေး နေသည့် ဆံပင်တွေကို ဆောင့်ကြီး အောင့်ကြီး ဖြီးနေရင်း ပြန်ပြောသည်။
" မှန်ရမှာပေါ့ မိန်းမ မပါဘဲ ယောက်ျားတွေချည်းဆိုရင် ငကြောင် တွေချည်းဖြစ်ကုန်မှာပေါ့ "
အိုဝင်က အယ်လီ့ကိုလည်း စာမူတွေ ဖတ်ခိုင်းသည်။ အယ်လီ့ တုံ့ပြန်မှုကတော့ အမြဲတမ်း ရာနှုန်းပြည့်ချည်း ဖြစ်၏။
" မိုးတွေ လေတွေထဲမှာ သွေးချောင်းစီးပြီး တောင်ကုန်းကို စွန့်ခွာခန်း ဖတ်ပြီး အယ်လီ ငိုချလိုက်မိတယ်၊ မောင့် အဖွဲ့အနွဲ့တွေက အရမ်းပီပြင်တာပဲကွယ်၊ အယ်လီဖတ်ပြီးသမျှတွေကို တစ်ကမ္ဘာလုံး မြန်မြန် ဖတ် စေချင်လှပြီ "
" သူ့ကိုယ်သူ ဘာအတွက် စစ်တိုက်နေရမှန်း မသိတဲ့ ကပ္ပလီ တပ်ကြပ်ကြီး အာမို့စ်ကလည်း ဘယ်လိုမှ မေ့ မရနိုင် တဲ့ ဇာတ်ကောင်မျိုးပဲ။ မောင်ဟာ ရှာမှရှားတဲ့ စာရေးဆရာမျိုးနော်၊ အယ်လီတော့ မောင့်အတွက် ဂုဏ်ယူလို့ မဆုံးဘူး သိလား "
အယ်လီ အပြောချင်ဆုံးနှင့် အကြားချင်ဆုံး အကြောင်းအရာမှာ မိမိအနေဖြင့် အိုဝင့်ကို ဘယ်ရွေ့ဘယ်မျှ စွဲ စွဲ နစ်နစ် ချစ်နေပြီဖြစ်ကြောင်းနှင့် ချစ်သူကလည်း မိမိအပေါ် အလားတူ ချစ်ခြင်း ငယ်ပြိုင်နေမည့် ခွန်းတုံ့ စကားများ ဖြစ်ပါ၏။
" မောင်က ဒီတစ်ခါ မခွဲသွားနဲ့တော့လို့ ပြောတာကို အယ်လီ အမြဲသတိရနေတယ်၊ ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး "
" နှစ်သစ် မှာ အယ်လီနဲ့ စဖြစ်တာ မောင့်အတွက် အဓိပ္ပာယ် အများကြီးရှိတယ်လို့ ပြောတာ တကယ်လား ဟင်"
နာမည်ကျော် သတင်းထောက်ဘ၀မှာ စုတေပြီး စာရေးဆရာဘ၀သို့ ကူးလာသည့် ဇန်န၀ါရီလထဲတွင် အယ်လီသည် အိုဝင့်အတွက် အနှောင်အဖွဲ့ တစ်ခုလို ဖြစ်လာပြီး။ ဂျိန်းနျင့်တော့ ခါတိုင်းလိုပင် လွတ်လပ် ပျော်ရွှင် လျက် ရှိလေသည်။
နှစ်ယောက်စလုံးနှင့် ဆက်၍ တွဲမြဲ တွဲနေသော်လည်း အိုဝင်သည် ဂျိန်းနျင့် ပို၍ အတွေ့များလျက်ရှိသည်။ ၃၉ မျဉ်းပြိုင်အကြောင်း ဆွေးနွေးချိန် မဟုတ်လဆင် နှစ်ယောက်သား အချစ်ပလူးနေချိန်များသာ ဖြစ်လေ သည်။
တစ်နေ့တွင် နှစ်ယောက်သား စန်ဂျူအန်မှ ည လေယာဉ်ဖြင့် ပြန်ခဲ့ကြသည်။ သူတို့နှစ်ယောက် ခပ်မှောင် မှောင် နောက်တန်းတွင် ကဲနေကြသည်ကို ဒါမျိုးတွေ ရိုးနေပြီဖြစ်သည့် လေယာဉ်မယ်က မမြင်ချင်ယောင် ဆောင် ပေးနေ၏။
" သိပ်ချစ်တယ်ကွယ် အိုဝင်ရယ် " ဟု ပြန်ပြောလိုက်သည်။ သည်အချိန်တွင် ကောင်းကင်ကြီးလည်း ပြိုဆင်းကျ လာသလို မခံစားရ၊ လေယာဉ်တစ်ခုလုံး သိမ့်သိမ့်တုန်သွားအောင်လည်း ရင်ခုန်၍ မနေကြောင်း ဂျိန်း သတိထားမိလေသည်။ သည့်အတွက် ဂျိန်းက သူ့ကိုယ်သူ အံ့သြနေ၏။ ဒါကို ဖုံးကွယ်လိုသဖြင့်
" ချစ်တယ်ကွယ်၊ ချစ်တယ်ကွယ်" ဟု ပြောမိ၏။ အိုဝင်က စိတ်လှုပ်ရှားစွာဖြင့် အနမ်း မိုးရွာပြန်တော့၊ အင်း ငါ ဘယ်ဆိုးလို့လဲ" ဟု ဂျိန်း စိတ်ထဲက ကြိတ်ပြီး ကိုယ့်ကိုယ်ကိုယ် အမှတ်ပေးလိုက်သည်။ ပြီးတော့ တကယ် ပျော်သွား ပြန်လေသည်။
" နင်တို့ နှစ်ယောက် ဘယ်တော့ ယူကြမှာလဲ" ဟု ၀ီလ်မာက မေးတော့ " နင်ကလဲဟာ၊ ငါ့ကို လောကနီတိ တွေ လာလုပ်မနေစမ်းပါနဲ့"ဟု ပြန်တွက်သည်။
ဂလင်းကတော့
" မင်း တိမ်တိုက်တွေထဲက ဘယ်တော့ ဆင်းလာမှာပဲ"ဟု မေးသည်။ ဂျိန်းက လက်ကလေး တစ်ဖက် ကို လေဟုန်စီး သလို လုပ်ပြပြီး ဆရာသမားကို ဖြေသည်။
" ဘယ်တော့မှ မဆင်းဘူး "
သို့သော် သူတို့နှစ်ယောက်အကြားမှ တိုက်ပွဲများသည် အချစ်ဆိုသော ထိုအရာကြောင့် ဆုံးခန်းတိုင် သွား ခြင်း မှု မရှိပေ။
၃၉ မျဉ်းပြိုင်အပေါ် ဂျိန်း ဝေဖန်ပေးမှုများသည် တဖြည်းဖြည်း ထုနှင့် ထည်နှင့် ကြီးမားလာ၏။ ထိုအခါ တင်းတင်း မာမာ ဖြစ်လာပြန်၏။
" ဟာလူးမြစ်ကမ်းနဖူးပေါ်က ညတိုက်ပွဲတွေအကြောင်း မင်းဘာတစ်ခု သိလို့လဲ၊ အဓိပ္ပာယ်မရှိ "
အိုဝင်က အော်ပြောသည်။ အခန်းတစ်ခန်းကို ပြင်ရေးဖို့ လိုသည်ဟု ဂျိန်းက ထောက်ပြသဖြင့် အိုဝင် ဒေါကန်ခြင်း ဖြစ်၏။
" သိပ်အရေးမပါတဲ့ ဇာတ်ကောင် တစ်ကောင် လည်ပင်းကို သေနတ်မှန်တဲ့အကြောင်း အရှည်ကြီး ရေးထား တော့ ပျင်းစရာကြီး ပဲ " ဟု ဂျိန်းထပ်ရှင်းပြသည်။
" မရေးဘူးကွာ၊ ပြန်မရေးနိုင်ဘူး "
အိုဝင် ထပ်အော်ပြောသည်။ ပင်လည်း ပင်ပန်းလှပြီ။ ည ဆယ်နာရီထိုးနေပြီ။
" ဒါဆို မရေးနဲ့ပေါ့ "
ဂျိန်း က ပြန်အော်သည်။ တံခါးကို ၀ုန်းခနဲ ဆောင့်မပိတ်ခင် ထပ်ပြောသည်။
" နောက်ကို ဂျိန်းရဲ့ အယူအဆကို နားမထောင်ဘူးဆိုရင် ဘယ်တော့မှ အကြံဥာဏ် မတောင်းနဲ့ "
ဂျိန်း အခန်းပြန်ရောက်တော့ တယ်လီဖုန်းသံ မြည်နေသည်။
" ကိုယ် အရမ်းပင်ပန်းသွားလို့ပါကွာ "
အိုဝင် က တောင်းပန်သံနှင့် လေပြေထိုးသည်။
" ဂျိန်းလည်း ပင်ပန်းနေလို့ ဖြစ်မှာပါ "
ဤသို့ဖြင့် တွေ့ကြသည့်အခါ၊ အပြန်အလှန် ယုယရင်း နွေးထွေးစွာ ကျေအေးသွားကြပြန်၏။
" တို့ လက်ထပ်ပြီးရင် ဒေါပွတိုင်း မင်း အဲဒီလို တံခါးကို ဆောင့်ကန် မပိတ်နဲ့နော်"
အိုဝင်က ဂျိန်းကို ဖက်ထားရင်း ပြောနေခြင်းဖြစ်၏။
" ခု လက်မျ မထပ်သေးတာ "
ဂျိန်း က ထုံးစံအတိုင်း ဒိုးဒိုးဒေါက်ဒေါက် ချေပသည်။
" ဒါဆို လက်ထပ်ကြမယ်လေ "
" မဖြစ်ဘူး ထင်ပါတယ်၊ အိုဝင်နဲ့ ဂျိန်းက ချစ်လိုက်၊ ရန်ဖြစ်လိုက်နဲ့။ ဒီနှစ်ခုထဲလုပ်နေသလိုပဲ၊ တည်ငြိမ်တဲ့ ဆက်ဆံရေးမျိုးမှ ဖြစ်မလာတာပဲ။ ဒီအတိုင်းပဲ ကောင်းပါတယ်၊ ဒါထက် ရှင့် ဟိုတစ်ယောက်ကိစ္စ ဘယ်လို ရှင်းမလဲ၊ သူ့ကို ဘယ်လို ပြောမလဲ "
" ဘယ်က ဘယ်တစ်ယောက်လဲ "
" ဂျိန်း နဲ့ မတွေ့တဲ့အချိန် တွေ ရှင် တွေ့တွေ့နေတဲ့ ကောင်မလေးလေ "
" အဲဒါ ဘာမှ အရေးမကြီးဘူး "
" ဒီမယ် အိုဝင်၊ ရှင် ဂျိန်းကို မဖြီးနဲ့နော် "
" နေပါဦး၊ အဲဒါ မင်း ဘယ်လိုလုပ် သိသလဲ "
" ရှင့်စာပို့ သေတ္တာထဲမှာ သူရေးရေးထားခဲ့တဲ့ စာရွက်ကလေးတွေ ဂျိန်းတွေ့နေတာပဲ။ ဂျိန်းနဲ့ မတွေ့တဲ့ နေ့တွေမှာ ရှင်တို့ စားကြသောက်ကြတဲ့ ဆိုင်က ဖြတ်ပိုင်းတွေ တွေ့နေတာပဲ။ ရေချိုးကန်မှာ ရွှေရောင်ဆံပင် တွေလည်း အမြဲ တွေ့နေတာပဲ၊ ဆေးသေတ္တာ နောက်ဆုံးအတန်းက ပန်းရောင် နှုတ်ခမ်း ဆိုးဆေး တောင့် ကရော ဂျိန်းတွေ့မှာစိုးလို့ ၀ှက်ထားတာ မဟုတ်လား "
" ဟေ့ နေပါဦး၊ မင်းက စီအိုင်အေလား "
" ဂျိန်း က စူးစမ်းတတ်တယ်လေ "
" ဒါဖြင့် လက်ထပ်မယ်လေ၊ ပြီးရောပေါ့၊ တစ်သက်လုံး အတူတူနေမယ်၊ ထာဝရ လက်တွဲမယ်၊ အမြဲတမ်း မခွဲတမ်း ချစ်မယ် "
နေ့စဉ် ရက်ဆက် အိုဝင် နားပူသည်။ ရက်သတ္တပေါင်းများစွာ ဂျိန်းကို နားချသည်။ အယ်လီ သူ့ကိုပြော သည့် စကားလုံး တွေ သုံးသည်။ ထာဝရတို့၊ သက်ဆုံးတိုင်တို့၊ သည်စကားလုံးများကို အယ်လီ့ဆီမှာ ကြားရ စဉ်ကမူ အနှောင်အဖွဲ့တွေဟု ထင်ခဲ့၏။ ခု ကိုယ်တိုင် ပြောကြည့်တော့ အားမာန်ပါသည့် စကားလုံးများဟု ထင်ရ၏။
ဖေဖော်ဝါရီလဆန်းလောက် ရောက်တော့ အိုဝင် က " မင်း ခုတလော အကျောက်အကန် မငြင်းတော့ဘူး၊ ဒါဆိုရင် ခေါင်းညိမ့်တော့မယ်ပေါ့ ဟုတ်လား "
အိုဝင် ထင်သည့်အတိုင်း မှန်ပါသည်။ ဂျိန်း ကို သူ ရတော့မည်၊ ကတိ သစ္စာတွေ အမျိုးမျိုးပေးပြီး ဂျိန်း၏ မေတ္တာ ကို တောင်းခံနေသော အိုဝင်။ ဟစ်ပီ ဆန်ဆန် ဘ၀ကို ဆက်မနေသင့်တော့ဟု မြင်စပြုနေသော ဂျိန်း။
သမားရိုးကျ လမ်းကြောင်းဖြင့် အိမ်ထောင်တစ်ခု တည်ထောင်လျှင်ကော ဘာကြောင့် ပျော်ရွှင်မှု မရနိုင်ရ မည်လဲ။ စည်းလွတ် ၀ါးလွတ် နေသူတစ်ယောက်နှင့် ချစ်မိုးကြီး ရွာပြီး၊ ဘာကြောင့် အိမ်ထောင်ရေး သုခ မရ နိုင်ဘဲ ရှိရမည်လဲ။
အိုဝင် သည် သိပ်ချစ်ဖို့ ကောင်းသည့် အားကောင်းမောင်းသန် ယောက်ျား တစ်ယောက်ဖြစ်သည်။ ပြီးတော့ စာရေးဆရာတစ်ယောက်လည်း ဖြစ်သေးသည်လေ။ ပြီးတော့ မိမိကို နှစ်နှစ်ကာကာ ချစ်နေသေးသည် မဟုတ်လား။ အိုဝင်သည် တွေ့ဖူးသမျှ ယောက်ျားများထဲတွင် ပျော်ဖို့ အကောင်းဆုံး အထက်မြက်ဆုံးဟု ဂျိန်း ယုံကြည် လေသည်။
သူ မရောက်ဖူးသည့် နေရာမရှိ၊ မမြင်ဖူးသည့် အရာမရှိ၊ မလုပ်ဖူးသည့် ကိစ္စမရှိ၊ သူနှင့် လက်ထပ်လိုက်လျှင် ဘ၀သည် ပို၍ ပို၍ သစ်လွင်နေမည် ထင်၏။ ရင်ခုန်စရာတို့ဖြင့် ပြည့်နှက်နေမည် ထင်၏။ လက်တစ်ကမ်း တွင် ရှိနေသည့် စာရေးဆရာမ ဘ၀ကိုလည်း ရနိုင်မည် ထင်၏။ မိမိကြောင့် သူစာတွေ ရေးဖြစ်သလို၊ သူ့ ကြောင့်လည်း မိမိ ဈာန်ဝင်မည် ထင်၏။
သည် အခြေခံ အကြောင်းတရားများအပြင် ထပ်ဆောင်း စဉ်းစားမိသည်များလည်း ရှိသေးသည်။ အိုဝင်က မိမိအား လက်ထပ်ခွင့် တောင်းသည်။ သူက စာရေးဆရာ၊ မိမိသည်လည်း စာရေးဆရာမ၊ နာမည် မကျော် သေးသည့် တိုင်အောင်ပေါ့လေ။ သူက အမေရိကန် အနောက် အလယ်ပိုင်းသား၊ ဂျိန်းကလည်း အနောက် အလယ်ပိုင်းသူ။ တစ်ရပ်တည်းသားတွေ။ သူက ချစ်ရေး ချစ်ရာတွင် သောင်းကျန်းသူ။ မိမိကလည်း ထိုနည်း ၄င်း ရုပ်ရှင်ကိုကော စာအုပ်ကိုပါ အကြိုက်ချင်းတူကြ၏။ အစားအသောက် ဆိုင်ရွေးရာတွင်လည်း ဘယ်တော့မှ သဘောကွဲဖူးသည်မရှိ။ ပြီးတော့ သူက မင်းသား ရှုံးအောင် ချောမော ခံ့ညားသူ။ သည်တော့ မိမိနှင့် အိုဝင်သည် နေနှင့်လ ရွှေနှင့်မြ။
သူနှင့် ရန်ဖြစ်ရသည်ကိုက ပျော်စရာ၊ ရန်ဖြစ်ပြီး အိပ်ရာ ၀င်လျှင်တော့ ဆိုဖွယ်ရာ မရှိပြီ။
အင်း ခုမှပဲ ဘ၀ကို စဖြစ်တော့မည်ပေါ့။ လိပ်စာ အတည်တကျ ရှိတော့မည်၊ ကာမပိုင် လင်ယောက်ျားနှင့် အခြေတကျ ဖြစ်လာတော့မည်။ ဘယ်လောက် ပျော်စရာ ကောင်းလိုက်မည်လဲ။
" ကဲ ဒါဖြင့်လည်း လုပ် "
အိုဝင့် အခန်းတွင် တရုတ်စာမှာပြီး စားသောက်နေရင်း ဂျိန်းက ဆိုင်းမဆင့် ဗုံ မဆင့် ပြောလိုက်သည်။
အိုဝင်က ခပ်ကြောင်ကြောင် ဖြစ်နေရာမှ " ဘာလုပ်ရမှာလဲ " " လက်ထပ်မယ်လေ " ဂျိန်းက ညှို့အား ပါသည့် သူ့အသံ အက်တက်တက်ကလေးဖြင့် ပြောလိုက်သည်။
" တကယ်ပြောတာ "
" တကယ်ပေါ့ "
အိုဝင်က လက်ထဲမှ တူနှစ်ချောင်းကို လေထဲသို့ ၀ဲပစ်လိုက်သည်။ တူတွေ ကြမ်းပြင်ပေါ် ပြန်မကျမီ ဂျိန်းကို ဆွဲလှဲချလိုက်၏။
အစားအသောက်တွေ အေးကုန်သည်အထိ သူတို့နှစ်ယောက် စားဖို့ သတိမရကြ။
သြော် အကြင်လင်မယား ဖြစ်ကြရတော့မှာပါလား။
ဆက်ရန်
.
No comments:
Post a Comment