Friday, June 3, 2011

တင်မောင်မြင့် ဘာသာပြန် အချစ်များစွာနဲ့ပါဆရာ အပိုင်း (၁၁)

အခန်း (၁၁)

အင်္ဂါနေ့ မနက်။
အတန်းထဲတွင် ခါတိုင်းနှင့် မတူဘဲ တင်းမာမှုက လွှမ်းမိုးနေသယောင်။ နားချိန်တွင် သူတို့တစ်တွေ ဟိုတစ်စု သည်တစ်စု ရပ်ကာ တီးတိုး တိုင်ပင်နေကြ၏။ ကျွန်တော် ၀င်လာတော့ ရုတ်ခြည်း ရပ်ပစ်လိုက်ကြသည်။
ကျွန်တော်က ဘာမှ အလေးအနက် မထားဘဲ စာဆက်သင်သည်။ ဘာမှ ထူးထူးခြားခြား မဖြစ်ပါ။ သို့သော် စိတ်ထဲ လေးတေးတေးဖြစ်နေ၏။

နေ့လည်ပိုင်း ပီတီချိန်တွင် ထုံးစံအတိုင်း ကျွန်တော်တို့ အားကစားရုံထဲသို့ ဆင်းခဲ့ကြသည်။ စားသောက်ခန်း ထဲတွင် အားကစားပစ္စည်းတွေ စီစီညီညီ ရှိနေ၏။
လက်ဝှေ့ထိုးသည့် လက်အိတ်တွေကို မြင့်ခုန်ဘားပေါ်တွင် ချိတ်ထားသည်။ ယောက်ျားကလေးများက ဘောင်းဘီတိုနှင့်။ ဆာပီယာနို၏ ညာလက်ကို ပတ်တီးဖြင့် မြင်ရ၏။

" အားလုံး ... တန်းစီ "
စနစ်တကျ တန်းစီကြသည်။ ဒင်ဟန်က ရှေ့တစ်လှမ်းတိုးပြီး -
" တစ်ဆိတ် ဆရာ "
" ဘာလဲ ဒင်ဟန် "
" ဒီနေ့ လက်ဝှေ့နဲ့ စရအောင်လား ဆရာ "
" ဟေ ... ဘာပြုလို့လဲကွ "

" ဘာရယ်လို့ မဟုတ်ပါဘူး ဆရာ၊ ကျွန်တော်တို့ လက်ဝှေ့က စဆော့ချင်လို့ပါ။ အပြောင်းအလဲပေါ့ ဆရာ ရယ် "
" ဒါဖြင့် လုပ်လေ၊ မင်းတို့ ဗလတူတဲ့ လူချင်း တွဲကြ "
တစ်ခဏ အတွင်း နှစ်ယောက်တစ်တွဲ တွဲပြီးသား ဖြစ်သွားသည်။ ဒင်ဟန် တစ်ယောက် သာ ဘက်ပဲ့နေ၏။ သူက ဆာပီယာနို ကို လက်ညိုးထိုးပြပြီး -
" ကျွန်တော့် အတွဲက လက်ကျိုးနေတယ် ဆရာ၊ ဆရာ ကျွန်တော်နဲ့ တွဲပေးပါလား "

ကျွန်တော့်အဖြေကို အားလုံးငြိမ်ပြီး နားထောင်နေကြ၏။
" ခဏ စောင့်ပါကွာ၊ ပေါ်တာဖြစ်ဖြစ် တစ်ယောက်ယောက် နားရင် မင်းနဲ့ ပြန်တွဲပေါ့ "
သူဆင်သည့် အကွက်ထဲကို ကျွန်တော် တန်းတန်းမတ်မတ် ၀င်မိလေပြီ။
" ကျွန်တော် ဆရာ နဲ့ ချရဲပါတယ်၊ တစ်ပွဲလောက် စမ်းကြည့်ရအောင်လား ဆရာ "
အားလုံး က ၀ိုင်းထောက်ခံသည်။

" ဆရာ ... လုပ်ပါ ဆရာ၊ ချပါ ဆရာ "
" မလုပ်ပါနဲ့ ဒင်ဟန် ရယ်၊ ဒီနေ့ မင်းအတွဲမရှိလည်း နားလိုက်ပေါ့ကွာ "
ဒင်ဟန် မဲ့ပြုံးပြုံးသည်။ အောင်နိုင်သူတစ်ယောက်လို ကျွန်တော့်ကို ကြည့်သည်။ လက်အိတ်ကို ဟန်ပါပါ ချွတ်သည်။ ပြီးတော့မှ ကျွန်တော့် ခြေရင်းကို ဖုတ်ခနဲ ပစ်ချသည်။ တစ်ပြိုင်တည်းတွင် အခြားကျောင်းသား များကို သူ ဝေ့ကြည့်သည်။ "ငါကွ" ဟူသည့် မျက်နှာပေးဖြင့်။ ချာတိတ်တွေ ကျွန်တော့်ကို အထင်သေးသည့်  မျက်လုံး များဖြင့် ၀ိုင်းကြည့်နေကြ၏။ ဒင်ဟန် ကို ကျွန်တော် မယှဉ်ရဲဟု သူ တို့ ထင်သွားလေပြီ။

" ကဲ ... ကဲ ... ဒါဖြင့်လဲ လာ "
မြင်းခုန်ဘားတွင် ချိတ်ထားသည့် လက်အိတ်တစ်စုံကို ကျွန်တော်သွားယူသည်။ ပေါ်တာက ကြိုးများကို ကျွမ်းကျင်စွာ ချည်ပေး၏။
ဒင်ဟန်ကို လျင်မြန်ကျွမ်းကျင်စွာ လက်အိတ်ကြိုး ချည်ပေးနေသူက တံတောင်ဆစ်မှ လက်ချောင်းကလေး များ ထိ ပတ်တီးစည်းထားသည့် လက်ကျိုးဟန်ဆောင်ထားသော ဆာပီယာနို။
အခြား ကျောင်းသားများက နံရံတွင် ငြိမ်ပြီး တန်းစီရပ်ကာ ကျွန်တော်တို့ နှစ်ယောက်ကို အသက်မရှူဘဲ ကြည့် နေကြ၏။

စပြီ ဆိုကတည်းက ဒါကြောင့် သူ့ကိုယ်သူ လက်ဝှေ့သမားအဖြစ် ခံယူထားတာကိုးဟု ကျွန်တော် သဘော ပေါက် လိုက်၏။ သွက်သည်။ အမှတ်ကောင်းကောင်း ယူတတ်သည်။ လက်သီးချက် ပြင်းဖို့တော့ သူကျင့်ရဦးမည်။ ကျွန်တော်က သူ့လက်သီးချက်များကို အကွက်ကျကျ ရှောင်သည်။ ခဏလောက်ဆို သူ စိတ်ကျေနပ်သွားမည်ထင်၏။ ကျွန်တော်က မြန်မြန် ပွဲပြီးပါစေဟုပဲ စိတ်ကူးပြီး ဆက်ကစားနေရ၏။ ဤသို့ ပေါ့ပေါ့ တန်တန် သဘောထားမိခြင်းက ကျွန်တော့်အမှားပင်။

" ထိုးပါ ဆရာ ... ထိုးစမ်းပါ "
ပက်ထရစ်ဖာမင် ၏ အသံဟု ကျွန်တော် မှတ်မိလိုက်သည်။ သူတို့တစ်တွေ အားမလိုအားမရ ဖြစ်နေကြ၏။ ကျွန်တော့် ကို ညံ့ရန်ကောဟုလည်း ထင်နေပုံရကြသည်။
ထိုစဉ် ဒင်ဟန် ၏ လက်သီးတစ်လုံးသည် ၀ှီးခနဲ ၀င်လာကာ ကျွန်တော့်မျက်နှာကို တည့်တည့်မတ်မတ် ထိ သွားသည်။ ပူခနဲ ခံလိုက်ရသည်။ မျက်လုံးထဲတွင် မျက်ရည်တွေ ပြည့်လျှံလာ၏။ 

ပါးစပ်ထဲတွင် ငန်ငြိငြိအရ သာကို သတိထားမိလိုက်သည်။ ကျွန်တော် စိတ်မထိန်းနိုင်တော့ပါ။ ပျော်စရာ လေ့ကျင့်ခန်း ကလေး မဟုတ် တော့ပါ။ သူက တကယ် ဆော်ပြီကိုး။ ကျွန်တော့် ပါးစပ်မှ သွေးစကို မြင်သည် နှင့် ဒင်ဟန်၏ နောက်လိုက် နောက်ပါတို့ အားတက်ကာ ၀ိုင်းအော်ကြသည်။

" ချကွာ ... ဒင်ဟန်ကွ "
ဒင်ဟန် အားတက်လာပုံရသည်။ ကျွန်တော့်ကို အလဲထိုးရန် ဇွတ်ဝင်လေတော့သည်။ လွတ်လွတ်ကြီး ဖွင့် ၀င်လာခြင်းဖြစ်၏။ အရှိုက်ကို ခပ်ဆတ်ဆတ်ကလေး ကျွန်တော် ပစ်ထောက်လိုက်သည်။ လက်ဝှေ့ကျော် သည် တစ်ချက်တည်း ဒူးညွတ်ကာ ကြမ်းပြင်ပေါ်သို့ ခွေကျသွားလေ၏။
အော်ဟစ် အားပေးနေသည့် အသံတွေ ငြိမ်ကျသွားပြီး ပေါ်တာနှင့် ကျောင်းသားတချို့ ဒင်ဟန်ကို ထူဖို့ ပြေးလာကြသည်။

" ဟေ့ ... သွားကြ၊ သူ့ဘာသာသူ ထားလိုက်၊ မင်းတို့ တန်းစီ၊ တန်းခုန်လေ့ကျင့်ခန်း စတော့။ ဟေး ကလပ် ... လက်အိတ်တွေ ပြန်သိမ်းပြီးတော့ တံခါးနားမှာ သွားစီထား "
သူတို့အားလုံး ကျွန်တော့် အမိန့်အတိုင်း လိုက်လုပ်ကြသည်။ တစ်ယောက် တလေမျှ ဂျစ်ကန်ကန် မလုပ်သဖြင့် ကျွန်တော် အံ့သြရသေး၏။ ဒင်ဟန့်ကို ကျွန်တော် ဆွဲယူပြီး နံရံတွင် မှီပေးလိုက်သည်။ သူ အသက်ရှူမှန်လာမှ ပီတီချိန်ကို ကျွန်တော် ကောင်းကောင်း ပြန်စရသည်။

ကျွန်တော် ခိုင်းသည့်အတိုင်း တစ်သဝေမတိမ်း လိုက်နာကြ၏။ သူတို့ မျက်လုံးများကို ကျွန်တော် အကဲခတ် ကြည့်လိုက်သည်။ ကျွန်တော့်ကို ပို၍ တလေးတစား ဖြစ်လာသည်ဟု ကျွန်တော် ခံစားရပါ၏။
" ဘယ်လိုလဲ ဒင်ဟန်၊ နေသာသွားပြီလား၊ ဆရာ မင်းကို တကယ်ထိုးတာ မဟုတ်ပါဘူးကွ၊ ဖြည်းဖြည်း ကလေး ဆတ်လိုက်တာပါ၊ မျက်နှာသွားသစ်လိုက်ပါလား ... ကောင်းသွားမှာပါ "
" ဟုတ်ကဲ့ ဆရာ "

သူ့အသံက တုန်တုန်ယင်ယင်။ " ဆရာ " ဟု ခေါ်ရာတွင်လည်း တုံ့နှေးနှေး မဟုတ်တော့။ ခပ်သွက်သွက် ထွက်လာသည်။ သူ့ကို ဆွဲထူပေးပြီး ပေါ်တာ့ကို လှမ်းခေါ်လိုက်သည်။ ပေါ်တာ သူ့ကိုတွဲပြီး ရေချိုးခန်းဆီ ခေါ်သွား၏။
သည်အဖြစ်အပျက်မှာ ကလေးများနှင့် ကျွန်တော်၏ ဆက်ဆံရေး မဟာတံတိုင်းကို ဖြိုချပစ်လိုက်သလို ဖြစ် သွားသည်။ ဒင်ဟန်တစ်ယောက် အပြောင်းအလဲကြီး ပြောင်းလဲသွားလေပြီ။ ခေါင်သူကြီး လုပ်သူနှင့်အတူ သူ့နောက်လိုက် များလည်း တစ်ပါတည်း ပါလာကြတော့၏။

ဒင်ဟန် သည် ရွှတ်နောက်နောက် ဉာဉ်ကိုတော့ မဖျောက်နိုင်ရှာပေ။ အကွက်ဝင်လျှင် ၀င်သလို ၀င်ဖောက် တတ်သည်။ သို့သော် သူ့ဟာသများသည် စောစောပိုင်းကလို မဟုတ်တော့ဘဲ အများ လက်ခံနိုင်စရာ ဖြစ်လာသည်။ အနေအထိုင်လည်း သပ်သပ်ရပ်ရပ် ဖြစ်လာသည်။ စုပေါင်း ညီညာမှုတွင် ပါဝင်လာသည်။ အပြောအဆို ယဉ်ကျေးလာသည်။ ဤသို့ တော်လှန် ပုန်ကန်ရေး အင်အားစု အားနည်းသွားသည်နှင့်အမျှ စာသင်ရာ တွင် သိသိသာသာ ခရီးရောက်လာသည်။

ကျွန်တော် ကိုယ်တိုင် သူတို့အပေါ် ဆက်ဆံရေး ပြောင်းလဲလာကြောင်းကိုလည်း ကိုယ့်ကိုယ်ကိုယ် သတိ ထား မိလာ၏။
သူတို့တစ်တွေ ကျိုးကျိုးနွံနွဲ ဖြစ်လာရုံမက ကျွန်တော့်ကို သူတို့ ဆရာအဖြစ် အသိအမှတ်ပြုကြပါပြီ။ ကျွန်တော်ကလည်း သူတို့ ကလေးတွေကို တစ်တန်းလုံးရော၊ တစ်ဦးချင်းကိုပါ ခင်တွယ်နေမိပြီ။ သံယောဇဉ် ဖြစ်နေမိပြီ။

အစပိုင်းတွင် ကျောင်းလာတိုင်း ဒီနေ့ ဘာပြဿနာနဲ့များ ကြုံရမှာပါလိမ့်ဟူ၍ ပူပင်ခဲ့ရသည်။ ပူပင်စိတ်၏ နောက်ကွယ်တွင်တော့ ထိတ်လန့်ကြောက်ရွံ့မှုကလေး မသိမသာ ခိုတွဲလျက်။ မည်သို့ဖြစ်စေ ကျွန်တော့် အလုပ် အတွက် တာဝန်ကျေကျေ လုပ်ဖို့တော့ ကျွန်တော် အမြဲ အာရုံပြုခဲ့ပါသည်။
ခုတော့ ကျွန်တော့်အမြင် တစ်မျိုးဖြစ်လာပြီ။ ကျွန်တော့်အလုပ်အတွက် မဟုတ်တော့။ ကျွန်တော့်အတွက် မဟုတ်တော့။ သူတို့အတွက် ဖြစ်လာပြီ။ သူတို့အတွက် စာသင်ရာ တွင် အောင်မြင်လေလေ၊ ကျွန်တော် ပီတိ ဖြစ်ရလေလေ။

သူတို့နှင့်ဆိုလျှင် ကျွန်တော် ပျော်နေသည်။ သူတို့ကလေးတွေ ရင့်ကျက်လာပုံ၊ လိမ္မာရေးခြား ရှိလာပုံမှာ အံ့သြစရာ ကောင်းလောက်အောင်ပင်။ ဆရာနှင့်တပည့် အပြန်အလှန် နားလည်မှု ရလာခြင်းပင်။ အားလပ် ချိန်များတွင် အချို့ ကျောင်းသားများ အပြင်မထွက်ကြတော့။ ကျွန်တော်နှင့် ထိုင်ပြီး အကြောင်းအရာ ပေါင်း စုံကို ပြောဆို ဆွေးနွေးနေတတ်ကြ၏။
သူတို့ တစ်တွေသည် အများအားဖြင့် ညီအစ်ကိုမောင်နှမများသည့် မိသားစုဝင်တွေ ဖြစ်ကြောင်း ကျွန်တော် သိလာရသည်။ ငွေရေးကြေးရေး ပြေလည်သူများ မဟုတ်ကြပါ။ အချို့ဆိုလျှင် မိဘ လုပ်သူများကို တစ်ဖက်တစ်လမ်း က ကူလို၍ အလုပ်ထွက်လုပ်ဖို့ပင် စိတ်ကူးနေကြပါပြီ။

သူတို့အိမ်တွင် လူကျပ်ကြောင်း၊ အစ်ကိုအစ်မများ၏ အိမ်ထောင်ရေး အကြောင်း၊ ကလေးငယ်များ အကြောင်း အိတ်သွန်ဖာမှောက် ပြောပြကြသည်။ ကလေးမကလေး တစ်ယောက်ဆိုလျှင် သူ့အမေက မမျှော်လင့်ဘဲ မောင်လေးတစ်ယောက် မွေးပေးသည့် အကြောင်းနှင့် အမေကို ကူရကြောင်းများကို လူကြီး ကလေး တစ်ယောက်လို ပြေပြရှာသည်။
ကျောင်းစာတွေကို ကျွန်တော် အချိန်မီ တွန်းသင်သည်။ စာသင်ရာတွင် သူတို့ နေ့စဉ်ဘ၀နှင့် ရောထွေး သင်ကြားသည်။ အချိန်အတွယ် သင်လျှင် သူတို့ နေ့စဉ်စားသောက်နေသည့် စားသောက်ကုန်များကို ပုစ္ဆာ လုပ်ပေးသည်။ အလားတူ အတိုင်းအထွာ သင်လျှင် အ၀တ်အထည်၊ ဖယောင်းပုဆိုး၊ ကော်ဇော စသည် တို့ကို ပုစ္ဆာလုပ်ပေးသည်။ သည်နည်းဖြင့် သူတို့ ပိုပြီးနားစွဲကြသည်။

ပထ၀ီဝင်နှင့် သမိုင်းကို သင်ကြားရာတွင် စာအုပ်ဖတ်လိုက်၊ ဆွေးနွေးလိုက် လုပ်ပေးသည်။ သည်နေရာတွင် ကျွန်တော် ကံကောင်းသည်ဟု ဆိုရမည်။ ကျွန်တော့်ဘ၀ အတွေ့အကြုံတွေက များစွာ အထောက်အကူပြု လေသည်။ သူတို့ အထူးတလည် စိတ်ဝင်စားစွာ နားထောင်ကြ၏။ မေးကြ၏။ ခေါင်းလောင်းသံကို မကြား လိုက်သည့် အခါတွေ မနည်းတော့ပေ။
ဆရာကြီးက အမှတ်မထင် ပေါက်ချလာတတ်သည်။ ဆွေးနွေးပွဲကလေးထဲသို့ သူကိုယ်တိုင် ၀င်ပါချင် ပါတတ်သည်။ ကျွန်တော့် လုပ်ဆောင်ချက်များအတွက် ဆရာကြီး အကျေနပ်ကြီး ကျေနပ်နေ၏။ တစ်နေ့တွင် ဆရာကြီး အခန်းထဲသို့ ၀င်လာစဉ် ကလေးများအား ပြတိုက်သို့ လိုက်ပို့ချင်ကြောင်း ကျွန်တော် ဆွေးနွေးသည်။

" ဖြစ်ပါ့မလား၊ အတန်းထဲမှာ ထိန်းလို့ရပေမယ့် လန်ဒန်မြို့ထဲ ရောက်သွားရင် တစ်မျိုး ဖြစ်ချင်ဖြစ်မယ် "
" ဖြစ်မှာပါ ဆရာကြီး၊ စိုးရိမ်စရာ မရှိပါဘူး "
" ကလေးတွေ အတွက် အကျိုးရှိမယ့် အလုပ်ပဲ၊ လုပ်သင့်ပါတယ်၊ ဒါပေမယ့် ၄၆ ယောက်လုံးကို ဆရာ ထိန်း နိုင် ပါ့ မလား"
" ကျွန်တော် ကြိုးစားကြည့်ပါရစေ ဆရာကြီး "
" မဖြစ်နိုင်ပါဘူးကွယ်၊ တစ်ခုရှိတယ်၊ တခြား ဆရာမတစ်ယောက်ကို အကူအညီ တောင်းကြည့်ပါ၊ တစ်ယောက်တည်း တော့ မဖြစ်ဘူး၊ ကျောင်းကောင်စီရဲ့ ဥပဒေနဲ့ မညီညွတ်ဘူး"
" ဒါဖြင့် ကျွန်တော် ဆရာမ တစ်ယောက် ယောက်ကို မေတ္တာရပ်ခံကြည့်ပါ့မယ် ဆရာကြီး"

" ကောင်းပြီလေ၊ ရမယ်ဆိုရင် ဆရာ့ကို ပြော၊ သွားရေးလာရေး စီစဉ်ပေးမယ် "
နေ့လယ်စာ စားချိန်တွင် ဆရာမ ဘလင်းချဒ်နှင့် ကျွန်တော် တိုင်ပင်သည်။
" ဆရာမ ကျွန်တော့်ကို ကူညီနိုင်ပါ့မလား"
" ဂျီလီယံပဲ ခေါ်ပါ ဆရာရယ် "
" ဟုတ်ကဲ့။ ကျွန်တော့်ကိုလည်း ရစ်ကီလို့ ခေါ်ပါ။ ဘယ်လိုလဲဟင်၊ လိုက်နိုင်ပါ့မလား "
" ရပါတယ်၊ ဘယ်တော့ သွားမှာလဲ"
" ဆရာကြီး အစီအစဉ် လုပ်ပေးပြီးရင် သွားတာပေါ့"

" ဘာပြုလို့ ဆရာမ ကလင်တီကို မခေါ်သလဲ"
" ဘာရယ်လို့ မဟုတ်ပါဘူး ဆရာမ"
" ဟုတ်လား"
သူ့မျက်လုံးများက လှောင်ပြုံးပြုံးနေသယောင်။
နေ့လယ်စာ စားပြီးလို့ ဆရာ၊ ဆရာမတွေ အခန်းထဲ ပြန်ဝင်လာကြသည်။ ကျွန်တော့် လေ့လာရေး ခရီးစဉ် အကြောင်း၊ မစ္စဘလင်းချဒ်လိုက်ပြီး အကူအညီပေးမည့် အကြောင်းများကို ပြောပြလိုက်သည်။
သူတို့ တစ်တွေ ဇဝေဇ၀ါ ဖြစ်နေကြ၏။ သူတို့ တုံ့ပြန်မှုကို ကျွန်တော် စောင့်နေချိန်တွင် အခန်းတံခါးခေါက်သံ ပေါ်လာသည်။ ဆရာ ၀က်စတန် ထ ဖွင့်ပေးသည်။ ၀င်လာသူက ကျွန်တော့်အတန်းမှ ပက်ထရစ်ဖာမင်။

" မစ္စဒဲယားက ဘက်စကက်ဘော တောင်းခိုင်းလိုက်လို့ပါ ခင်ဗျ "
" မစ္စ ဘယ်သူကွ "
ဆရာ ၀က်စတန်က အံ့သြသည့် အသံဖြင့် မေးလိုက်သည်။
" မစ္စဒဲယားပါ ခင်ဗျ၊ ပါမလာဒဲယားပါ "
ဝက်စတန်က ဘာမှ မပြောတော့ဘဲ ပြန်လှည့်လာပြီး မီးလင်းဖိုပေါင်ပေါ်တွင် မှီရပ်သည်။ မျက်နှာတွင် အံ့သြ ခြင်းအမူအရာ ပိုကဲစွာဖြင့်။ ကျွန်တော်က ဗီရိုထဲမှ ဘက်စကက်ဘောကို ပက်ထရစ်အား ယူပေးလိုက် သည်။ တံခါးပိတ်ပြီး ပက်ထရစ်ဖာမင် ပြန်ပြေးထွက်သွား၏။

ဝက်စတန်က သရော်ပြုံး ပြုံးပြီး -
" ဒုက္ခတော့ ဖြစ်ကုန်ပါပြီ၊ မစ္စဒဲယား တဲ့ "
ပြဇာတ်ဟန်ပါပါဖြင့် ကျွန်တော့်ကို ဆေးတံနှင့် ညွှန်ပြပြီး -
" နေပါဦး၊ ဆရာ့အတန်းမှာ ဘာတွေ ဖြစ်ကုန်ကြပြီလဲ၊ တောဆန်ဆန် ယဉ်ကျေးနေကြတာကို ပြောတာပါ၊ ဒါမှ မဟုတ် နိုင်ငံခြားဆန်နေတာလား "
" ခင်ဗျားက အဲဒီလို ထင်နေတယ် ဟုတ်လား၊ ဆရာ ၀က်စတန် "
ကျွန်တော့်ကလေးတွေ တိုးတက် ယဉ်ကျေးလာခြင်းအတွက် ကျွန်တော် ဘာမှ ဖြေရှင်းချက် ပေးနေဖို့ မလို။ သို့သော် သူ ဘာကို ရည်ရွယ်ပြီး ပြောနေတာပါလိမ့်။

" ဘာအဓိပ္ပာယ်လဲဗျ၊ ခင်ဗျားအတန်းက ယဉ်ကျေးမှု စမ်းသပ်ခန်းလား ဆရာ ဘရိတ်ဝိတ် "
စာခြောက်ရုပ် တစ်ခုကို ကိုင်လှုပ်သလို ခြေကားရား လက်ကားရားနှင့် ပြောနေခြင်းဖြစ်၏။
" မဟုတ်ပါဘူး၊ လူမှုရေး ကကြီး ခခွေးလောက်ကို လေ့ကျင့်ပေးတဲ့ သဘောပါ၊ နေပါဦး၊ ခင်ဗျားနဲ့ ဘာဆိုင် သလဲ"
စိတ်ချဉ်ပေါက်လာပြီ ဖြစ်၍ ကျွန်တော် ပြန်ပက်လိုက်သည်။

" ဆိုင်တော့ မဆိုင်ပါဘူး၊ ဒါထက် ခင်ဗျားကလည်း ကျောင်းသူတွေကို မစ္စလို့ ခေါ်သလား၊ ခင်ဗျားက ကျုပ် တို့ အထဲမှာ အထူးခြားဆုံးမို့ ထူးခြားအောင် လုပ်နေတာလား "
ကျွန်တော်တို့ နှစ်ယောက်ကို ဆရာမတွေ ၀ိုင်းကြည့်နေကြသည်။ ကျွန်တော် အနေရ ကျပ်လာသည်။
" ဟုတ်တယ်လေ၊ မစ္စ တပ်ခေါ်တာ ဘာဖြစ်သလဲ "

" တော်တော် ခေတ်မီတာပဲ၊ အတုယူစရာ ကောင်းလိုက်ပါဘိတော့။ ဒါထက် နေပါဦး၊ ကျန်တဲ့ ပေါက်လွှတ် ပဲစား တွေက လိုက်လုပ်မယ်လို့ ဆရာ ထင်နေသလား "
" အဲဒါ ကျွန်တော် မသိဘူး၊ ကျွန်တော့် အတန်းနဲ့ ကျွန်တော်တော့ နားလည်မှု ရနေပြီ"

" ဘုရားသခင် ဂုဏ်ကျေးဇူးတော်ပေပဲ၊ ကမန်တော်တော့ ဒီနန့်တန့်တန့် ကောင်းမလေးတွေကို ဒင်ဟန်တို့ လူသိုက် ခေါ်သလို မစ္စလို့ ခေါ်ဖို့ စဉ်းစားလို့ မရပါဘူးဗျာ "
" ဒါဆို အဲဒီကလေးတွေဆီမှာ ဆရာ လူမှုရေးသင်တန်းသွားတက်သင့်တာပေါ့ "

ကျွန်တော့်နားကို ကျွန်တော် မယုံနိုင်အောင် ဖြစ်သွားသည်။ ကျွန်တော့်ဘက်က ၀င်တွယ်သူမှာ မစ္စဒေါစ်။ မစ္စဖီးလစ် အတွက် မဟုတ်လျှင် ဘယ်သူ့အတွက်မှ ၀င်မပြောသည့် ဆရာမ။
" လူမှုရေးသင်တန်းကို ကျွန်တော် ကလေးတွေဆီကလည်း သင်ဖို့ မလိုဘူး၊ ဟိုလိုလို ဒီလိုလို မိန်းမတွေ ဆီကလည်း သင်ဖို့ မလိုဘူး "
မစ္စဒေါစ် မျက်နှာနီသွားသည်။ သို့သော် ကက်ကက်လန် ပြန်ပြောသည်။

" ဒါပေမဲ့ တစ်ယောက်ယောက်ဆီကတော့ ရှင် သင်ဖို့လိုတယ်။ ဘယ်သူ့ဆီ သင်သင် အကြောင်းမဟုတ်ဘူး "
" မင်းထောက်တာ သိပ်မိတာပဲ ဂျိုစီ "
ဆရာမ ကလင်တီ က ၀င်ပင့်ပေးသည်။ ၀က်စတန်ကလည်း အလျှော့မပေး။

" အင်းလေ၊ လူတချို့အတွက်တော့ နှုတ်ချိုဖို့ လိုတာပေါ့၊ သူတို့က ဟုတ်ကဲ့ မမ၊ ဟုတ်ကဲ့ ဆရာနဲ့ ထမင်း စားကြတာကိုး "
သူက နီဂရိုး အစေခံတို့၏ အမူအရာ လုပ်ပြသည်။ ကျွန်တော်ပင် ပြုံးမိမတတ် ဖြစ်သွား၏။ သို့သော် သူက ရယ်စရာ အဖြစ် ပြောခြင်းမဟုတ်ကြောင်း ထင်ရှားနေပါ၏။ တော်ပါသေးသည်။ ဆရာမ ဂရေ့စ်က ထုံးစံ အတိုင်း ပါးနပ်စွာဖြင့် ကျွန်တော့်ကို လှမ်းမေးသည်။

" သြော် ... ဒါထက်ဆရာ၊ "လှုပ်တုတ်"ကို ဘာပြောထားလဲ "
" ဘာလဲ ဆရာမ၊ "လှုပ်တုတ်" ဆိုတာ "
" သြော် ဆရာကလဲ၊ ဆရာ့အတန်းက ဂျိန်းပါဆယ်လေ၊ ဘယ်တော့မှ အတွင်းခံ မ၀တ်တဲ့ ကောင်မလေး"
" သြော် ... ကျွန်တော် ဘာမှ မပြောမိပါလား ဆရာမ "

" ခုမှ သူ့ကိုယ်သူ သိလာတယ်တဲ့၊ သူ့ရဲ့ အဲ ... ဟို မ အကျိတ်တွေက သူများတွေထက် ထွားကျိုင်း နေတာ ကိုလေ "
ဂရေ့စ်က ပြောရင်း ရယ်နေသည်။ တစ်ခန်းလုံး ပြုံးစိစိ ဖြစ်သွားကြ၏။
" ဘယ်လို ဘရာစီယာ ၀တ်ရမယ်ဆိုတာ ကျွန်မနဲ့ လာတိုင်ပင်တယ်လေ၊ အဲဒီ ဘရာစီယာဆိုတဲ့ စကားလုံးကြီး ကို ကျွန်မ မကြိုက်ပါဘူး၊ မီးသွေး အိတ်ခွံ ကျနေတာပဲ "
" အင်း ... ဟုတ်တယ်နော် " ကလင်တီက ၀င်ထောက်ခံ၏။

" ကလေးမက မဆိုးပါဘူး၊ ဆရာမ ကို ရွေးပြီး တိုင်ပင်တာ သိပ်မှန်တာပေါ့ "
ဝက်စတန်က ဆရာမ ဂရေ့စ် ဒေးလ်အီဗန်၏ ခပ်ကြွားကြွားရင်သားများကို ဝေ့ကြည့်ပြီး ပြောလိုက်သည်။
" ကောင်မလေး ကို ပြုပြင်သလို ရှင့်ကိုလည်း ပြုပြင်ရဦးမယ် "
ဆရာမ ဂရေ့စ် ၏ အသံက ကျွဲမြီးတိုသံ ပါလာသည်။ သည်တော့မှ ၀က်စတန် ပါးစပ်ပိတ်သွား၏။

ဆရာများ အခန်းထဲတွင် တင်းမာမှု တစ်မျိုးဖြင့် တိတ်ဆိတ်သွားသည်။ ကျွန်တော် တွေးကြည့်သည်။ ကျွန်တော် က အ၀တ်နီနှင့် တူပြီး ၀က်စတန်က နွားရိုင်းနှင့်တူနေသည် ထင်၏။ သို့သော် ကျွန်တော် တဖြည်း ဖြည်း သိလာသည်။ ကျွန်တော် မရောက်ခင်ကတည်းက သည်အခန်းထဲတွင် သည်လိုပဲ ရှိနေခဲ့ သည်ဆိုသည့်အချက် ဖြစ်ပါ၏။
သည်အခန်းထဲတွင် ယောက်ျားဆရာဆို၍ ၀က်စတန် တစ်ဦးတည်းသာရှိသည်။ သူက ကတ်ဖဲ့လုပ်ဖို့၊ လှောင်ဖို့ ပြောင်ဖို့က လွဲပြီး ဘယ်တော့မှ ဆရာမများ၏ စကားဝိုင်းထဲသို့ မ၀င်။
ဆရာမ ဘလင်းချဒ်က ၀က်စတန်ကို မမှုသလို နေကြောင်း ကျွန်တော် သတိထားမိသည်။ စကားဝိုင်းထဲ မ၀င်ဘဲ လေ့လာသူ အဖြစ်သာနေသည်။ ကောင်းသည်၊ ဆိုးသည် ၀င်မပြော။ သူ့သိက္ခာနှင့်သူနေသည်။

မစ္စဖီးလစ်လည်း ခပ်ကင်းကင်း နေသူပင်။ သို့သော် အခြေခံချင်း မတူကြ။ ဆရာများ အန်းတွင် နားနေချိန် တစ်ချိန်လုံး မစ္စဖီးလ် ဂရုစိုက်သူမှာ မစ္စဒေါစ် တစ်ယောက်သာ ဖြစ်သည်။ သူတို့ နှစ်ဦးစလုံး ယနေ့ အရေး အခင်းတွင် ၀င်မပါဘဲ အခန်းထောင့်မှ သီးခြား ကမ္ဘာလေးထဲတွင်သာ "နှစ်ယောက်တည်းနေ" နေကြသည်။
မည်သို့ပင် ဖြစ်စေ ဆရာများ အခန်းထဲမှ ဆရာအချင်းချင်း ပုဂ္ဂိုလ်ရေး ပဋိပက္ခသည် အရေးကြီးလှသည် မဟ်ုတ်ပါ။ စာသင်ခန်းများထဲထိ ဂယက်မရိုက်ဖို့တော့ လိုသည်ပေါ့လေ။ အရေးကြီးသည်က ကျောင်းသူ ကျောင်းသားများ ဖြစ်ပါသည်။
----------------------------

ဆက်ရန်
.

No comments: