Monday, June 27, 2011

မဝင်းမြင့် ၏ မြသေလာတောင် ဆွေးဖွယ်နှောင်သည် အပိုင်း (၂၃)

ဒါနဲ့ အ၀တ်ဖြူဝတ် အဘိုးကြီးက မင်းသမီးလေးကို ကျော်ပေါ်က ဆင်းစေပြီး အစိမ်းရောင် အရုပ်ကြီးကို ပြကာ၊ အဲဒါ ဗုဒ္ဓလို့ အမည်ရှိတဲ့ ပုဂ္ဂိုလ်ပဲ ချစ်သမီး၊ ဗုဒ္ဓစကားတွေကို ဓမ္မလို့ခေါ်တယ်၊ ဗုဒ္ဓလိုဝတ်ဆင်ပြီး ဗုဒ္ဓ ရဲ့ အဆုံးမတော်ကို ကျင့်သုံးသူကို သံဃာလို့ ခေါ်တယ်၊ ဗုဒဓ၊ သံဃကို ချစ်သမီးနှင့်တကွ ရံရွှေတော်များကပါ ကြည်ညိုကိုးကွယ်ပါ၊ အခုကြုံတွေ့ရသော ဘေးဒုက္ခက လွတ်ကင်းလိမ့်မယ်လို့ ပြော တယ်တဲ့ ဗားလားရဲ့၊ နားလည်လား "

" နားလည်ပါတယ် အဖေ "
အေး ... မင်းသမီးလေးလဲ ဒီအတိုင်း ဖြစ်ရပါစေမယ်လို့ မေးပြီး ချက်ချင်းပဲ ဗုဒ္ဓ၊ ဓမ္မ၊ သံဃလို့ ကြည်ညိုစွာ ရွတ် အစိမ်းရောင် ဗုဒ္ဓကို ရှိခိုးကာ သူသစ္စာပြုခဲ့တာကို ပြန်တင်လျှောက်ပြီး သူ့လူတွေ အသက်ကို ချမ်းသာစေဖို့ တောင်းတယ်တဲ့၊ အဲဒီလိုလဲ ဆုတောင်းရရော အင်မတန် ကြည်ညိုဖွယ်ရာ သာယာလှပတဲ့ အသံနဲ့ ချစ်သမီး၊ သင်သစ္စာတည်ပါစေ ...
ဤဗုဒ္ဓ၊ ဓမ္မ၊ သံဃဆေးပင်ကိုသာ တိုက်ကျွေးပါ၊ ဝေဒနာအားလုံး ကင်းကွာလိမ့်မယ်လို့ ပြောသံကို ကြားရပြီး မင်းသမီးလေးဟာ ဗုဒ္ဓဆေးပင်တွေကို မြင်ရတယ်တဲ့၊ အဲ့ဒီအခါမှာ ဥဒေါင်းကြီးရဲ့ သာယာလှတဲ့ မြည်တွန်သံ ကို မင်းသမီးလေးကြားရတော့မှ အိပ်ရာက နိုးလာသလိုဖြစ်ပြီး ကြည့်လိုတဲ့အခါ ဝေဒနာခံစားနေရတဲ့ သူ့ အခြွေအရံ တွေ အနား သူရှိနေကြောင်း သိရတယ် ...

" မင်းသမီးလေးလဲ သူ့အာရုံမှာ ထင်မြင်ခဲ့ရတာကို ---- တဲ့စိတ်နဲ့ တွေးတော စဉ်းစားနေဆဲမှာ ဥဒေါင်းတွန် သံကို ထင်ထင်ရှားရှား ကြားရတယ်တဲ့၊ အဲဒီတော့ မင်းသမီးလေး သူ့ရံရွှေတော်ကို ကယ်တင်ဖို့ စွန့်စားတော့ မယ် လို့ စိတ်ဆုံးဖြတ်ပြီး အာရုံထဲမှာ ထင်မြင်တဲ့အတိုင်း ဗုဒ္ဓ၊ ဓမ္မ၊ သံဃလို့ လှိုက်လှဲကြည်ညိုစွာ ရွတ်ဆိုရင်း ဥဒေါင်းတွန်သံ ကို မှန်းဆကာ လိုလာတယ်တဲ့ ဗားလားရဲ့ ...
" ဥဒေါင်းတွန်သံကလဲ လမ်းပြသလို မင်းသမီးရှေ့ အဆက်မပြတ် ကြားတယ်တဲ့၊ နောက်ဆုံးတော့ မြဗုဒ္ဓ၏ တောင်ထိပ်ရောက် အာရုံထဲကအတိုင်း မြဗုဒ္ဓကို ဖူးမြော် ဗုဒ္ဓဆေးပင်တွေ တွေ့တာပေါ့၊ လူတွေအားလုံး အသက် ချမ်းသာ ရာရအောင် မင်းသမီးလေး နန့်နောင်ခါရီက ဆေးပင်တွေ ယူဆောင် တိုက်ကျွေးပြီး အကျိုး အကြောင်း ပြောပြတော့ အားလုံးသောအခြွေအရ့များကာ အစကတည်းက အရှင်သခင်အဖြစ် မြတ်နိုးချစ် ခင်လာ တဲ့ မင်းသမီးလေး အသက်သခင် ကျေးဇူးရှင်အဖြစ် ဆထမ်းပိုးတိုးကာ ကြည်ညိုပြီး မင်းသမီးလေး အဆုံးအမ မှာ နာခံပြီး၊ မြဗုဒ္ဓရဲ့ ရိပ်ခိုလှုံကာ ဒီ နောင်စငဲ့ဒေသမှာ တိုင်းပြည်တည်ထောင်နေထိုင်ကြတယ် ...

" နန့်နောင်းခါရီ မင်းသမီးလေးကို ဘုရင်မအဖြစ် တင်မြောက်ထားခဲ့တယ်၊ ဘုရင်မရဲ့ သီလ၊ သစ္စာတန်ခိုး ကြောင့် နောင်စငဲ့ဒေသကို သူစိမ်းရောက်လာတယ်ဆိုရင် ဒီဥဒေါင်းကြီးက တွန်ကျွေး သတိပေးတတ်တယ် ဗားလား ရဲ့၊ ငါတို့တစ်တွေ သက်သတ်လွတ်စားခဲ့တာ ဒီတိုင်းပြည်တည်စ ဘိုးစဉ်ဘောင်ဆက်က စလာ တာပေါ့ "
ဖူးသာကိုကွီသည် မောသွားဟန်ဖြင့် စကားကို ရပ်နားလိုက်သည်။ သို့သော် ကျွန်ုပ်သိလိုသော အချက် အလက် ကား မပြည့်စုံသေးချေ။ ဖူးသာကိုကွီ အမောပြေသလောက်ရှိမှ ကျွန်ုပ်က မေးလိုက်၏။
" အဖေ ဒီ နောင်စငဲ့မှာ အုပ်ချုပ်သူဟာ အစဉ်အဆက် ဘုရင်မတွေချည်းပဲလား။ ဘုရင်မနာမည်ကို နန့် နောင်ခါရီ လို့ပဲ အမြဲမှည့်ရသလား "
" အေး ... ငါတို့ဒေသမှာ ဘုရင်မပဲ အုပ်ချုပ်ခဲ့တယ်၊ ဘုရင်ထီးတစ်ခါမှ မအုပ်ချုပ်ခဲ့ဘူး၊ အစဉ်အဆက် အုပ် ချုပ်ခဲ့ သမျှ ဘုရင်မတွေကိုလဲ ပထမဦးဆုံး တိုင်းပြည်တည်ခဲ့တဲ့ ကျေးဇူးရှင် ဘုရင်မကို အစဉ်သတိရရိုသေ အောင် ဘုရင်မ ကိုယ်ကလဲ နန့်နောင်းခါရီလို သစ္စာသမာဓိရှိအောင် နန့်နေခါရီ ဆိုတဲ့ဘွဲ့ကိုပဲ ခံယူစေခဲ့ တယ် "

" ဒါဖြင့် ဘုရင်မရဲ့ ခင်ပွန်းသည်တွေက .... "
ကျွန်ုပ်၏ စကားမဆုံးမီ ဖူးသာကိုကွီက ...
" ဟိတ် ... ဘာတွေ လျှောက်ပြောနေတာလဲ၊ တို့ဘုရင်မက အားလုံးအပျိုစစ်စစ်တွေဟဲ့ ဗားလား "
ဟု မနှစ်မြို့သောအသံဖြင့် ဖြေရှင်းလိုက်၏။
" မသိလို့ပါအဖေ၊ ငါမှားသွားပါတယ် "
ဟု ကျွန်ုပ်က တောင်းပန်လိုက်ရ၏။

" ဗားလား ... နောက်ကို နင်မသိဘဲ အရမ်းမပြောနဲ့ "
" ကောင်းပါပြီ အဖေ၊ နောက်ကို အရမ်းမပြောရအောင် ငါလဲ ဒီတိုင်းပြည်သားဖြစ်နေတာကြောင့် စုံအောင် သိထားပါရစေ၊ ဘုရင်မက အပျိုစစ်စစ်တွေချည်းဆိုတော့ အုပ်ချုပ်မယ့် မင်းအဆက်ကို ဘယ်လိုရှာမလဲ "
" ပြောမှာပေါ့ ဟဲ့ ဗားလား၊ နင်က မြွေနဂါး နင့်နောက်လိုက်သလို မြန်မြန်မေးနေတာကိုး၊ ငါပြောမယ် လာခဲ့ ဒီနေရာကို "
ဖူးသာကိုကွီ က ပြောကာ ထိုင်ရာမှထပြီး ဥဒေါင်းရုပ်ကြီးနှင့် နှစ်လံကွာမျှဝေးသော ဂူနံရံဆီသို့ခေါ်သွားသ ဖြင့် ကျွန်ုပ်သည် လိုက်ပါသွားပါသည်။

" ဒါတွေကြည့်စမ်း ဗားလား "
ဖူးသာကိုကွီ၏ စကားကြောင့် ကျွန်ုပ်သည် ဂူနံရံဆီသို့ ကြည့်လိုက်သည်။ ကျောက်ခုံကြီးတစ်ခုပေါ်တွင် ရှည် မျောမျော ကျောက်တုံးကြီးတစ်ခု တင်ထားသည်ကို တွေ့ရ၏။
" ဘာကြီးလဲ အဖေ "
ကျွန်ုပ်က မေးလိုက်သည်။
" ထိုင် ... ငါ့လိုပဲ ရှိခိုးဦး၊ ပြီးမှပြောမယ် "
ပြောပြောဆိုဆို ဖူးသာကိုကွီက ထိုင်ပြီး ကျောက်ခုံပေါ်မှ ရှည်မျောမျောသဏ္ဍာန် ကျောက်တုံးကြီးကို ထိုင်ရှိ ခိုးလိုက် သဖြင့် ကျွန်ုပ်သည်လည်း တစ်စုံတစ်ရာ မသိဘဲ ရှိခိုးလိုက်ရပါသည်။
ထို့နောက် ဖူးသာကိုကွီသည် ထိုင်ရာမှထကာ ကျောက်တုံးရှည်ကြီးပေါ်မှ ပါးလွှာသော စိမ်းလဲ့လဲ့ ရောင် ကျောက်ချပ် ကို ဘေးသို့ အသာအယာ တွန်းဖယ်ကာ ...

" လာကြည့်ဟေ့ ဗားလား "
ဟု ခေါ်သဖြင့် ထကြည့်လိုက်မိသော ကျွန်ုပ်မှာ ရုတ်တရက် စကားမပြောနိုင်အောင် အံ့အားသင့်သွားပါ တော့သည်။
ကျောက်တုံးရှည်ကြီးဟု ကျွန်ုပ်ထင်ခဲ့မိသောအရာမှာ စိမ်းညို့ရောင် ကျောက်သားခေါင်းကြီးဖြစ်၍ ခေါင်း အတွင်းဝယ် ပက်လက်အနေအထား လဲလျောင်းနေသော အသက်ဝိညာဉ်ကင်းမဲ့နေသော မိန်းမပျိုတစ် ယောက် ၏ ရုပ်ဆင်း ရူပကာ၊ ကိုယ်ခန္ဓာ၊ မျက်နှာ ပုံပန်းသဏ္ဍာန်ကား အခုတင်ကပင် ကျွန်ုပ်အား ချိုလွင် သာယာ သော အသံဖြင့် စကားပြောလိုက်သော ဘုရင်မ နန့်နောင်းခါရီ ဖြစ်နေသည်ကို တွေ့ရသည်။

ညိုမှောင်ရှည်လျားသော ဆံပင်များကို အိပ်နေသော ကိုယ်ခန္ဓာအလိုက် ဘေးသို့ မြှောင်ချထားသည်။ ရှည်လျား ကော့မြူးသော မျက်တောင်များကိုယှက်ကာ မျက်လုံးမှာ မှေးမှိတ်နေသော်လည်း မျက်နှာ ကလေး မှာ ပြုံးယောင်သမ်းကာ အိပ်ပျော်နေသကဲ့သို့ ထင်ရ၏။
" ဘယ်လိုဖြစ်တာလဲ အဖေရယ် "
ကျွန်ုပ်က ၀မ်းနည်းစွာ မေးလိုက်မိ၏။
" ဒါ ငါတို့ရဲ့ဘုရင်မ နန့်နောင်းခါရီပဲ ဗားလားရဲ့ "
ဖူးသာကိုကွီက ပြောလိုက်၏။

" အခုတင်ပဲ ငါနဲ့ စကားပြောနေခဲ့ရသေးတယ် အဖေ၊ ဘုရင်မက လူသားစင်စစ်မှ ဟုတ်ပါလေရဲ့လား "
ကျွန်ုပ်သည် အံ့သြခြင်း၊ စိတ်မကောင်းခြင်းဖြင့် မေးလိုက်မိ၏။
" ဟဲ့ ... ငါတို့ဘုရင်မ လူသားစင်စစ်ပေါ့၊ ဒီကျောက်ခွက်ထဲက ရုပ်ခန္ဓာက ငါတို့ နောင်စငဲ့ဒေသကို ပထမဆုံးတိုင်းပြည်တည်ပြီး အုပ်စိုးခဲ့တဲ့ ဗုဒ္ဓဆေးပင်နဲ့ လူတွေအသက်ကို ကယ်ခဲ့တဲ့ ပထမဆုံး ဘုရင်မ နန့်နောင်းခါရီ တဲ့ ဗားလား "
ဖူးသာကိုကွီ ၏ အဖြေကို ကြားရသော် ကျွန်ုပ် ချစ်ခင်မြတ်နိုးနေသော ဘုရင်မအား ပကတိ အသက်ရှင် နေကြောင်း ကား သိရပေပြီ၊ သို့သော် ပြဿနာကား မရှင်းသေးချေ။

" သက်ရှိ ဘုရင်မရဲ့ ရုပ်ရည်နဲ့ သက်မဲ့ ဘုရင်မ ရုပ်ရည်က ခွဲခြားမရအောင် တူလှချေလား အဖေ၊ သူ တို့က အမြွာညီမလား "
ကျွန်ုပ်၏ အမေးကြောင့် ဖူးသာကိုကွီက ကျောက်ခေါင်းကြီးကို ကျောက်ချပ်လွှာဖြင့် အသာအယာ ပြန်ဖုံး လိုက်ပြီး ...
" ထိုင်ဟဲ့ ဗားလား၊ ငါပြောပြမယ် "
ဟု ဆိုသဖြင့် ကျွန်ုပ်သည် ဖူးသာကိုကွီနှင့်အတူ ထိုင်ချလိုက်ပြီး စိတ်အားထက်သန်စွာ နားထောင်လိုက် ပါသည်။

" ဒီကျောက်ခွက်ထဲက ဘုရင်မနဲ့ အခုအုပ်စိုးနေတဲ့ ဘုရင်က အမြွာညီအစ်မ မဟုတ်ဘူး၊ ပထမဦးဆုံး နန့် နောင်းခါ ဘုရင်မနောက် လေးဆက်မြောက် ဘုရင်မဖြစ်တယ် "
" ဒါဖြင့် ပထမ နန့်နောင်းခါရီရဲ့ သားစဉ် မြေးဆက်မို့ တို့ ရုပ်ချင်းတူတာပေါ့နော် အဖေ၊ ဒီကျောက်ခွက်ထဲက ဘုရင် ကံတော်ကုန်တာ ဘယ်လောက်ကြာပြီလဲ။ သူ ကံတော်ကုန် အရွယ်က ငယ်ငယ်လေးပဲ ရှိသေးတယ် "
" ကျောက်ခွက်ထဲက ပထမ နန့်နောင်းခါရီ ဘုရင်မ ကံတော်ကုန်တာ နှစ်ပေါင်း နှစ်ရာကျော်ပြီ၊ ဘုရင်မ ကံတော် ကုန်တော့ အသက်ကိုးဆယ်ရှိပြီတဲ့ ဗားလားရဲ့ "
ကျွန်ုပ်သည် စကားမပြောနိုင်အောင် ဖြစ်သွားပါတော့သည်။

လွန်ခဲ့သော နှစ်ပေါင်း နှစ်ရာကျော်က ၀ိညာဉ်ကင်းမဲ့သော ရုပ်ခန္ဓာသည် နေရာမပျက်၊ ချို့ယွင်းချက်မရှိဘဲ အိုပျော်နေဘိသို့ လတ်လတ်ဆတ်ဆတ်တွေ့ရသည်။
အသက်ကိုးဆယ်မှာ ကံတော်ကုန်ပါသည်ဆိုသော နန့်နောင်းခါရီ ဘုရင်မ၏ ၀ိညာဉ်ကင်းမဲ့သော ရုပ်ကလပ် ကားယခု ကျွန်ုပ် မျက်စိပသာဒ၀ယ် အသက်နှစ်ဆယ်ကျော်မျှသာ ထင်ရအောင် နုပျို ချောမောလှပဘိ၏။
ကျွန်ုပ် သည် ဖူးသာကိုကွီအား ပါးစပ်ဟကာ အကြောင်သား ကြည့်နေမိပါတော့၏။
" ဗားလား ... နင် ဘာမှ နားမလည်ဘူး ဟုတ်လား "
ကျွန်ုပ်၏ အံ့သြသော အမူအရာကို ရိပ်စားမိဟန်တူသော ဖူးသာကိုကွီက မေးလိုက်သည်။

" ဟုတ်တယ် အဖေ၊ ငါ ဘာမှ နားမလည်ဘူး၊ ငါ့ကို စုံအောင် ပြောပါနော် အဖေ "
ကျွန်ုပ်သည် အံ့သြစိတ်၊ သိလိုစိတ်ဖြင့် ဖူးသာကိုကွီအား ကလေးငယ်သဖွယ် တောင်းပန်လိုက်ပါသည်။
" အေး ... ပြောမှာပေါ့၊ နင်က တို့ပြည်သား ဖြစ်နေမှ တို့ဘုရင်မတွေအကြောင်း သိထိုက်တယ်၊ ဘုရင်မကလဲ ငါ့ကို တာဝန်ပေးလိုက်တယ်၊ နားထောင် ဗားလား ... တို့ လူမျိုးတွေ အစဉ်အဆက်အုပ်ချုပ်ခဲ့ တဲ့ ဘုရင်မတွေ အားလုံး အပျိုစင်အစစ်တွေချည်းပဲ "
ကျွန်ုပ်မှာ အံ့သြပြီးရင်း အံ့သြရပါသည်။ ဘုရင်မတွေအားလုံး အပျိုစင်အစစ် တွေချည်းဆိုရင် နန်းဆက် ဘုရင်မ တွေ ဘယ်က ပေါက်ဖွားလာသနည်း။

ကျွန်ုပ် အံ့သြစွာ တွေးတောနေစဉ်မှာပင် ဖူးသာကိုကွီက စကားပြောလိုက်ပြန်သည်။
" ကံတော်ကုန်သွားပြီးတဲ့ တို့ဘုရင်မများ အားလုံးကို တို့လူမျိုးများက နှမြောကြတယ်၊ သူတို့ရဲ့ ၀ိညာဉ် ကင်းမဲ့တဲ့ ရုပ်ခန္ဓာကို မဖျက်ဆီးဘဲ အကြာကြီးလှနေအောင် ဆေးနဲ့စီမံပြုပြင်ပြီး သိမ်းထားခဲ့တယ် ဗားလား အခု နင် ဦးဆုံးမြင်ရတာကအသက်ကိုးဆယ်မှာ ကံတော်ကုန်သွားတဲ့ ပထမ နန့်နောင်းခါရီပဲ၊ ဒုတိယနဲ့ တတိယ ဒီမှာ လာခဲ့ ငါပြမယ် "
ဖူးသာကိုကွီက ပြောဆိုခေါ်ငင်ကာ ထသွားသဖြင့် ကျွန်ုပ်သည် သိလိုဇောဖြင့် လျင်မြန်စွာ ထလိုက်သွား သည်။

ပထမ နန့်နောင်းခါရီ ရုပ်ကလပ်နှင့် သုံးလံကွာလောက်တွင် ဒုတိယနန့်နောင်းခါရီကိုလည်းကောင်း၊ ဒုတိယ နန့်နောင်းခါရီ ရုပ်ကလပ်နှင့် သုံးလံကွာတွင် တတိယ နန့်နောင်းခါရီကိုလည်းကောင်း၊ စိမ်းလဲ့လဲ့ အရောင် ကျောက်ခေါင်းကြီး များနှင့် ထည့်ထားသည်ကို တွေ့ရပါသည်။
ကျောက်ခေါင်းကြီးများကို တစ်ခုပြီးတစ်ခု ဖူးသာကိုကွီနှင့် ကျွန်ုပ်သည် ရှိခိုးကန်တော့ကာ စိမ်းလဲ့လဲ့ရောင် ပါးလွှာသော ကျောက်ချပ်အဖုံးကို ဖူးသာကိုကွီက ဖွင့်လှစ်ပြပါသည်။
ပထမ၊ ဒုတိယ၊ တတိယ နန့်နောင်းခါရီ ဘုရင်မများ၏ ၀ိညာဉ်ကင်းမဲ့သော ရုပ်ခန္ဓာများသည် ပကတိ အိပ်ပျော်နေဘိသို့ နုပျိုချောမောစွာဖြင့် နတ်သိကြား ထုလုပ်ထားသော အရွယ်အဆင်း တူညီညာသည့် ရွှေ စင်ရုပ်များကဲ့သို့ ရွေးမရအောင် တူလှချေသည်။

ကျွန်ုပ်မှာ ကြည့်ရှု၍ အားမရ-မရောင့်ရဲနိုင်အောင် ဖြစ်မိ၏။ ဘုရင်မများမှာ အပျိုစင်အစစ်များသာ ဖြစ်သည် ဆိုလျှင် နန်းဆက်အလို့ငှာ တစ်ယောက်ပြီး တစ်ယောက် မိုးပေါ်က အလိုအလျောက် ကျလာလေရော့ သလားဟု ကျွန်ုပ်တွေးမိ၏။
" ဟိုဘက်ကကျောက်ခွက်ကို ကြည့်လိုက်ဦး ဗားလား "
ဖူးသာကိုကွီက ညွှန်လိုက်သဖြင့် ကျွန်ုပ် လှည့်ကြည့်လိုက်သည်။ တတိယ နန့်နောင်းခါရီ ရုပ်ကလပ်နှင့် သုံး လံကွာမျာ ကျောက်ခေါင်းကြီးတစ်ခုကို တွေ့ရပြန်၏။
အားလုံးသော ကျောက်ခေါင်းများမှာ အမြင့် တညီတညာတည်းရှိသော ကျောက်ခုံပေါ်မှာ တင်ထားကြလေ သည်။

" အဲဒါက အခုအုပ်ချုပ်နေတဲ့ လေးဆက်မြောက် ဘုရင်မ နန့်နောင်းခါရီအတွက် အဆင်သင့်လုပ်ထားတာ ဗားလား ရဲ့ "
ဖူးသာကိုကွီ၏ စကားကြောင့် ကျွန်ုပ်သည် ကြီးစွာသော စိတ်မချမ်းမြေ့မှု ဖြစ်ရပါသည်။
မည်သည့်နည်းနှင့်မှ မျှော်မှန်း၍မရနိုင်သော ဘုရင်မအား ကျွန်ုပ်စိတ်ထဲတွင် တိတ်တဆိတ် ချစ်နေမိပြီဖြစ်ရာ ကျွန်ုပ် ချစ်သော ဘုရင်မ အသက်ဝိညာဉ်ကင်းမဲ့လျှင် ထည့်ဖို့ရန်အဆင်သင့်ပြုလုပ်ထား သောကျောက်ခေါင်းကြီးအား ကျွန်ုပ်မကြည့်ရက်၊ မကြည့်ချင်တော့ချေ။

လျင်မြန်စွာ မျက်နှာလွှဲလိုက်မိပါသည်။
" ထိုင် ဗားလား ... ငါပြောပြမယ် "
ဖူးသာကိုကွီကပြောရင်း ထိုင်လိုက်သည်။ ကျွန်ုပ်သည် စိတ်မချမ်းမြေ့စွာဖြင့် ကျောက်ခေါင်းကြီးကို နောက် ခိုင်းကာ ဖြည်းလေးစွာ ဖူးသာကိုကွီနှင့် မျက်နှာချင်းဆိုင် ထိုင်လိုက်ပါသည်။
" တို့ပထမကျေးဇူးရှင် နန့်နောင်းခါရီဘုရင်မဟာ လင်ယူသားမွေးဖို့ စိတ်မကူးဘဲ စင်ကြယ်သန့်ရှင်းတဲ့ ကိုယ် ခန္ဓာ၊ စိတ်သဘောနဲ့ နောင်စငဲ့ တိုင်းသူပြည်သားတွေကို အုပ်ချုပ်လာရာက ဘုရင်မ သက်တော် ခုနစ်ဆယ် အရွယ် မှာ တိုင်းသူပြည်သားတွေစိတ်မှာ စိုးရိမ်ပူပန်မှုဖြစ်လာတယ်၊ ဘယ်လိုပူပန်သလဲဆိုတော့သူတို့ကျေး ဇူးရှင် ဘုရင်မ အရွယ်တော် ကြီးရင့်လို့ ကြွေခါနီးနေပြီ ...
အပျိုစင်ဖြစ်နေလို့ နန်းမွေဆက်ခံရန်လဲ တစ်ယောက်မှမရှိ၊ အကယ်၍ ဘုရင်မကြွေလွင့်ခဲ့သော် အုပ်ချုပ်သူ ကင်းမဲ့သော ငါတို့ တိုင်းပြည်သည် ပျက်စီးမည်လောဆိုတဲ့ စိုးရိမ်မှုကြီးပဲ ဗားလားရဲ့ "
" စိုး၇ိမ်သင့်တာပေါ့ အဖေ " ကျွန်ုပ်က ထောက်ပြောလိုက်၏။

" အေး ... ဘုရင်မကလဲ ဒီအကြောင်းကို စဉ်းစားမိတယ်။ ဒါကြောင့် ဘုရင်မဟာ တောင်ထွတ်ပေါ်တက်ပြီး မြဗုဒ္ဓရှေ့တော်မှာ စင်ကြယ်မြင့်မြတ်သော အကျင့်သိက္ခာကို ဆောက်တည်ပြီး တစ်လတိုင်တိုင် နေထိုင် တော်မူကာ နန်းဆက်ပေါ်ပေါက်စေဖို့ ဆုတောင်းတယ်တဲ့ ...
" အဲဒီအခါမှာ နောင်စငဲ့ ဒေသကို ဘုရင်မ စတင်ရောက်ရှိခဲ့စဉ်က ပထမဦးစွာ ဘုရင်မအာရုံမှာ ထင်မြင်ခဲ့တဲ့ ၀တ်ဖြူ စင်ကြယ် အဘိုးအိုကြီးပေါ်လာပြီး ပြောတယ်တဲ့ ဗားလားရဲ့ ...
" ချစ်သမီး နန်းမွေကို ဆက်ခံရန်အတွက် ဘုရင်မလောင်းသည် ချစ်သမီးအုပ်စိုးရာ နောင်စငဲ့ဝယ် တစ်ဦး သောအိမ်ရှင် မိန်းမ၏ ၀မ်းမှာ ပဋိသန္ဓေတည်နေသည်။ မကြာမီ ရက်ပိုင်းအတွင်းမှာ ဖွားမြင်ပေလိမ့်မည်။ ထို ဘုရင်မလောင်းသည် အရွယ်ရောက်လာသောအခါ၌ ချစ်သမီးနှင့် ရုပ်ဆင်းသဏ္ဍာန် ခွဲမရအောင် တူညီပေ လိမ့်မည်။

" ထိုမိန်းမမြတ်သည်သာလျှင် ချစ်သမီးကိုယ်စား နောင်စငဲ့ ဘုရင်မအဖြစ် စိုးစံထိုက်သူဖြစ်ပေသည်လို့ မိန့် ကြားသည်တဲ့၊ ဘုရင်မလဲ ၀မ်းမြောက်ဝမ်းသာစွာနဲ့ တိုင်းသူပြည်သားတွေ သိကြားစေပြီး အထူးဂရုစိုက်ကာ စောင့်ကြည့်စေခဲ့တယ်၊ မကြာမီပဲ တစ်ဦးသော အိမ်ထောင်ရှင် နောင်စငဲ့ သူမှာ ရုပ်ဆင်းသဏ္ဍာန် ထူးခြားတဲ့ မိန်းကလေးတစ်ယောက် ဖွားမြင်တယ် ...
" ဘုရင်မ ကိုယ်တိုင်ဒီကလေးကို ယုယပိုက်ထွေး မွေးမြူတော်ခဲ့ရာမှာ အသက်အရွယ်တဖြည်းဖြည်း ကြီးလာတာနဲ့အမျှ ဘုရင်မနဲ့တူလာပြီး အသက်တစ်ဆယ့်ရှစ်နှစ် အရွယ်ရောက်တော့ ဘုရင်မနဲ့ ရွေးမရ အောင် ရုပ်ဆင်းသဏ္ဍာန် တူညီနေရာတွေ့ရတယ်၊ ဘုရင်မ နဲ့တကွ တိုင်းသူပြည်သူးတွေမှာ ၀မ်းသာ မဆုံးပေါ့ ဗားလားရဲ့၊ အဲ ... ပထမ နန့်နောင်ခါရီ ဘုရင်မ အဖြစ် တိုင်းပြည်ကတင်မြှောက်ခဲ့ကြတယ် "

အဲ့ဒီအတိုင်းပဲ တတိယ နန့်နောင်းခါရီတို့ဟာ သူတို့ နန်းကအတိုင်း အလိုအလျောက် ပေါ်လာကြတဲ့ ဘုရင်မဘဲ ဗားလားရဲ့ အားလုံး အကျင့်သိက္ခာဖြူစင်တဲ့ အပျိုစင်တွေချည်း ဖြစ်တယ် "
" သူတို့ဘုရင်မတွေ ဘာ့ကြောင့် ယောက်ျားမယူတာလဲအဖေ "
ကျွန်ုပ်အတွက် မျှော်လင့်ချက်သဲလွန်စ ရလိုရငြား ကျွန်တော်က မေးလိုက်သည်။
" ပထမ နန့်နောင်းခါရီဘုရင်မက ကိုယ်ကျင့်တရားဖြူစင်သူသစ္စာဆို ဆုတောင်းတဲ့အတိုင်း ပြည့်စုံ တာချည်း မဟုတ်လားဟဲ့၊ ဒါကြောင့် နောက်ဘုရင်မတွေကလဲ သူ့ခြေနင်းပြီး ယောက်ျားမယူဘဲ ဖြူစင်စွာနေကြတယ်၊ ယောက်ျားယူရင် သူတို့ ကျင့်သိက္ခာလဲပျက်၊ တိုင်းပြည်လဲ ပျက်မှာပေါ့ သူတို့ အသက်သာအသေခံမယ် အကျင့်သိက္ခာကိုတော့ အပျက်မခံဘူး ဗားလားရဲ့ "
ကျွန်ုပ်အတွက် မျှော်လင့်ချက်ကား ဝေးသည်ထက် ဝေးလေပြီ။

" ငါသိချင်တာ တစ်ခုရှိသေးတယ် အဖေ "
" မေးစမ်း ... ပြောသင့်ရင် ငါပြောမယ် "
" ဒီနောင်စငဲ့မှာ ဘုရင်မကလွဲပြီး ဘာဖြစ်လို့ ယောက်ျားမိန်းမအားလုံး ခေါင်းတုံးရိတ်ထားရတာလဲအဖေ၊ နောက်ပြီး ကလေးလူကြီးမကျန် အားလုံးဟာ အနီနဲ့အနက်စင်း သင်တို့တွေချည်း ဆင်တူဝတ်နေရတာက ဘာအဓိပ္ပာယ်လဲ "
" အေး အေး ... နင်ကိုယ်တိုင်လဲ ခေါင်းတုံးရိတ်ရပြီး ဒီအ၀တ် ၀တ်နေရတော့ သိချင်တာ ဟုတ်ပေလိမ့်မယ်၊ ဒီလိုဗားလား သင်တိုင်းတွေ ဆင်တူဝတ်ထားရတာကတော့ မဆန်းပါဘူးတို့တိုင်းသူပြည်သားတွေ ကြောင် ကြောင် ကြားကြား မဖြစ်အောင် တခြားကလူတွေ မတော်တဆ၀င်လာရင် မရောမိအောင် ကိုယ့်လူကို မှတ် မိအောင် ၀တ်တာပါပဲ၊ ခေါင်းတုံး ပြောင်နေရတာကတော့ " သစ္စာစူးလို့"ဟဲ့ "

" ဟင် ... ဘယ်လိုသစ္စာစူးတာလဲ အဖေ "
ကျွန်ုပ်က အံ့အားသင့်စွာ မေးလိုက်ပါသည်။
" အစကတော့ အားလုံးဆံပင်ရှည်တွေချည်းပါပဲ၊ တောင်စွယ်ပေါ်က မြဗုဒ္ဒကို နင်ဖူးခဲ့ရတယ်မဟုတ်လား၊ မြေုဒ္ဒ ခေါင်းတော်ကသိပ်လှတော့ လူတွေက သဘောကျကြတယ်၊ နောင်စငဲ့ကို ရောက်ခါစဆိုတော့လဲ လူ တွေက နက်နက်နဲနဲ စဉ်းစားမိသေးဘူးပေါ့ ...
မြဗုဒ္ဒ ဦးခေါင်းတော်လှတာကို သဘောကျပြီး အဲဒီအတိုင်း ဆံပင်ကိုထုံး၊ မြကျောက်တွေကို ကောက်ယူ သွေးကာ အပေါက်ဖောက်၊ ကြိုးနဲ့သီပြီး ဦးခေါင်းကိုတန်ဆာဆင်ရတယ်၊ ပထမ နန့်နောင်းခါရီ ဘုရင်မ တစ်ပါး သာ ဒီလိုမလုပ်ဘဲ မြဗုဒ္ဓကို ရိုသေသောအားဖြင့် ဆံပင်လဲမထုံး၊ မြကျောက်လဲ ဦးခေါင်းကို တန်ဆာမဆင်ဘူး ...

" လူတွေက မအပ်မရာဆင်ပြင်တာကို ဘုရင်မက အသာတကြည် တားမြစ်တာ မနာခံတော့ ၀မ်းရောဂါတွေ ဖြစ်လာတယ်၊ မတန်မရာ မနှိုင်းယှဉ်အပ်တာကို လိုက်ပြီး နှိုင်းယှဉ်ပြင်ဆင်နေတဲ့ မိုက်မဲသူတွေ သေကြေပျက်စီးတော့မျာပါကလားလို့ မိုက်မဲသူတွေ သေကြေ ပျက်စီးတော့မှာပါကလားလို့ တွေးမိတဲ့ ဘုရင်မ က သစ္စာဆိုတယ်တဲ့ ...
" ဒီလူတွေ ဦးခေါင်းကို မတူမတန်သော အပြင်အဆင်မျိုး ဘယ်အခါမှမလုပ်နိုင်အောင် ဦးခေါင်းပြောင်ကြပါ စေ၊ မြဗုဒ္ဓကို ကြည်ညိုရိုသေသော ငါ့စေတနာအကျိုးကြောင့် ရောဂါလဲ ကင်းပျောက်ကြပါစေလို့ သစ္စာဆို လိုက်တော့ လူတွေ ရောဂါလဲပျောက်၊ ဆံပင်တွေလဲကျွတ်ပြီး အားလုံး ကတုံးပြောင်ဖြစ်ကုန်ကြတာ ပထမ နန့်နောင်းခါရီဘုရင်မ လက်ထက်ကတည်းကပဲ ဗားလားရဲ့"
စကား ဆုံးလျှင် ဖူးသာကိုကွီသည် ထိုင်ရာမှထလိုက်ပြီး

" ကဲ ... နင် သိသင့်သိထိုက်တာကုန်ပြီ၊ သွားကြစို့၊ ငါကတော့ သတိပေးမယ်နော်၊ တို့ နောင်စငဲ့က မြရတနာတွေ ယူဆောင်ခိုးဝှက်ဖို့တော့ စိတ်မကူးနဲ့၊ တစ်သက်လုံး စိတ်မချသာတဲ့ ဘ၀မျိုးနဲ့ရူးပြီး ခွေးသေ ၀က်သေ သေရမယ်၊ နားလည်လား "
ဟု ပြောလိုက်ပါသည်။
ကျွန်ုပ်သည် ထိုင်ရာမှထကာ ဖူးသာကိုကွီနောက်မှ လိုက်ပါလာရင်း နောက်ဆုံး မေးခွန်းတစ်ခုမေးလိုက်ပါ သည်။
" အခု စတုတ္ထနန့်နောင်းခါရီ ဘုရင်မက အသက် ဘယ်လောက်ရှိပြီလဲ အဖေ "
ဖူးသာကိုကွီက ကျွန်ုပ်အား လှည့်မကြည့်ဘဲ ရှေ့မှ စိုက်စိုက်သွားနေရင်းက ...

" ပထမ နန့်နောင်းခါရီက အသက်ကိုးဆယ်၊ ဒုတိယနန့်နောင်းခါရီက ရှစ်ဆယ့်ငါးနှစ်၊ တတိယ နန့်နောင်း ခါရီ တစ်ရာနှစ်ဆယ့်ငါးနှစ်၊ အခု ဘုရင်မ နန့်နောင်းခါရီက အသက်ခုနစ်ဆယ်ကျော်ပြီ ...
" ဒါပေမယ့် နောက်အုပ်စိုးမယ့် ဘုရင်မလောင်း မပေါ်သေးဘူး၊ ဘုရင်မလောင်း အသစ်တစ်ယောက် မပေါ်သေးဘူး"
ဖူးသာကိုကွီ စကားကြားရသောအခါ ကျွန်ုပ်၏ စိတ်တွင် ဘုရင်မက သူ့အပါးတွင် ခစားခွင့်ပေးလိမ့်မည် လား ဟု တွေးကာ ...
" ဘယ်လို ချီးမြှောက်မှာလဲ အဖေ " ဟု ၀မ်းသာအားရ မေးလိုက်သည်။

" နင် နေပုံထိုင်ပုံက မပျော်ရွှင်သလိုကြီးမို့ ဘုရင်မက နားနေတယ်၊ အခု ဘုရင်မအပါးမှာ ခစားနေရတဲ့ ရံရွှေ တော်နန့်မထေ့ကလဲ အလှည့်စေ့ပြီမို့ နက်ဖြန်ကာ အိမ်ပြန်တော့မယ်၊ နင်ကလဲ သူတို့အိမ်မှာ နေတာဆိုတော့ တစ်လုံးတစ်စည်းတည်း ဖြစ်သွားအောင် နင်လဲပျော်အောင် နန့်မထေ့ လက်ထပ်ပေးဖို့ အမိန့်ပေးလိုက်ပြီ၊ တို့ဘုရင်မတွေဟာ ဘယ်တော့မှ လင်ယူ မယားယူ ကိစ္စမှာ မဆောင်ရွက်ခဲ့ကြဘူး၊ အခု နင်က သူ့အသက်သခင်မို့ ကိုယ်တော်တိုင် စီမံပြီး ချီးမြှင့်တော်မူတယ်၊ တို့တိုင်းပြည်မှာ ဘုရင်မကိုယ်တော် တိုင် လက်ထပ် ပေးတာ နင်နဲ့ နန့်မထေ့တို့ ပထမဆုံးပဲ၊ ဘယ်လောက်ဝမ်းသာစရာ ဂုဏ်ယူစရာကောင်းလဲ ဗားလားရဲ့ "

ဖူးသာကိုကွီက အားပါးတရ ပြောနေသော်လည်း ကျွန်ုပ်က စိုးစဉ်းမျှ ၀မ်းမမြောက်မိပါ။ ဘုရင်မ၏ တစ်ချက် လွှတ် ခဏမှာ မတည် ငြင်းဆန်သူအား မင်းဒဏ်သင့်ရသည်ကို သိပြီးသောကျွန်ုပ်အဖို့ မချမ်းသာသောစိတ် နှင့် ဆိတ်ဆိတ်သာ နေလိုက်ရပါသည်။
ကျွန်ုပ်၏ ဇာတ်ကြောင်းကို အကျဉ်းချုံးရမည်ဆိုလျှင် နင်မထေ့နှင့် လက်ထပ်သည့်နေ့ကစ၍ ဘုရင်မသည် ကျွန်ုပ်အား ကိုယ်ရံတော်တပ်တွင် အမှုထမ်းခြင်းမှ နားခွင့်ပေးလိုက်သဖြင့် အိမ်မှာ ပြန်နေရသည်။
နဂိုကခင်ရင်းစွဲဖြစ်သော စောဝေဖော်ကလေးအား ဘုရင်ကိုယ်တိုင်က လက်ထပ်ပေးသော ယောက်ဖဖြစ်၍ ကျွန်ုပ်အား ပိုမိုခင်မင်ကာ ၀မ်းမြောက်ဝမ်းသာ ဖြစ်နေပါသည်။

နန့်မထေ့ ကိုယ်တိုင်ကလည်း သူတို့အမျိုးတူ ယောက်ျားများထက် ရုပ်ဆင်းအင်္ဂါ ပြေပြစ်သော ကျွန်ုပ်အား မြတ်နိုးယုယပြုစုရှာပါသည်။ သို့သော် ကျွန်ုပ်ကား တစ်နေ့မှမပျော်ချေ။
နန့်မထေ့အား နှမသားချင်းအနေထက် ချစ်ခြင်းမပိုသည့်အလျောက် စိတ်နှင့်လည်း မပြစ်မှားခဲ့၊ ကိုယ်ထိ လက်ရောက်လည်း မကျူးလွန်ဘဲ စင်ကြယ်သန့်ရှင်းစွာသာ နေပါသည်။
နန့်မထေ့ကား ကျွန်ုပ်အား စွဲစွဲလမ်းလမ်း မြတ်နိုးသည့်အလျောက် ကင်းရှင်းစွာနေသော ကျွန်ုပ်အား ငြိုငြင် ခြင်းအလျင်းမရှိဘဲ အရိပ်တကြည့်ကြည့်ဖြင့် ၀တ္တရားကျေအောင် ပြုစုဆောင်ရွက်ပေးရှာပါသည်။
တစ်နေ့တစ်နေ့နှင့် အချိန်ကုန်ခဲ့သည်နှင့်အမျှ ကျွန်ုပ်မှာ မပျော်မွေ့ခြင်းပြင်းပြစွာ နှိပ်စက်လာပါတော့သည်။

ရတာမလိုသော နန့်မထေ့နှင့် စောဝေဖော်တို့ မောင်နှမအား ကြင်နာ အားနာစိတ်၊ ဘုရင်မအား စွဲလမ်းပူ ဆွေးသောစိတ်၊ နေပြည်တော် ရတနာသိင်္ခနှင့်တကွသော မိဘဆွေမျိုးသားချင်းများအား လွမ်းဆွတ်တမ်းတ သောစိတ်ကြောင့် လူမှာ တဖြည်းဖြည်း ချုံးလာပါတော့သည်။
" ဗားလားရယ် ... နင် ဘာဖြစ်လို့ မရယ်မပြုံးနေတာလဲ၊ ငါ့ကို စိတ်ဆိုးစရာရှိလားကွယ် "
ကျွန်ုပ်သည် ၀ါးရုံပင်ကြီးအောက်မှာ ခြေပစ်လက်ပစ်ထိုင်ပြီး ငေးမှိုင်တွေးတောနေစဉ်မှာ နန့်မထေ့နှင့်စော ဝေဖော်တို့ မောင်နှမ ရောက်လာပြီး။ ကျွန်ုပ်နှင့် မျက်နှာချင်းဆိုင်မျာ ထိုင်ကာ နန့်မထေ့က သနားစဖွယ် မေးရှာပါသည်။

အရိုးအရိုင်းပီပီ ကျွန်ုပ်ကို အားသွန်ချစ်ရှာသော နန့်မထေ့၏ ဖြူဖပ်ဖြူရော် မျက်နှာကလေးကိုကြည့်ကာ ကြင် နာသနားခြင်းဖြင့် ရင်တွင်းမှာ နာမိသည်။
သို့သော် နှမသားချင်းအဖြစ်သာ မေတ္တာထားနိုင်သူကလေးအား ဇနီးမယားအဖြစ်နှင့် ချစ်နိုင်ဘဲလျက်နှင့် ဆန္ဒအလိုကို လိုက်ကာ စိတ်ဖြေရုံအသုံးပြုမည်ဟူသော ယုတ်ညံ့သည့် သဘောကို ကျွန်ုပ် မထားနိုင်ချေ။
ကျွန်ုပ်သည် နန်းမထေ့အား စိတ်မကောင်းစွာ ငေးစိုက်ကြည့်နေမိသည်။

" နင့်စိတ်ထဲမှာဘယ်လိုလဲ ဗားလား၊ ပြောသာပြောပါ၊ မောင်နှမကနင့်ကို သိပ်ချစ်တာ နင်သိသားပဲ၊ နင် စိတ်ကောင်းအောင် တို့လုပ်ပေးပါမယ် "
ကျွန်ုပ်က ဘာမှပြန်မပြောဘဲ ငြိမ်နေသဖြင့် စောဝေဖော်က သနားစဖွယ် မေးပြန်ပါသည်။ စိတ်ဆင်းရဲမှုကို မျိုသိပ်က မပျော်မွေ့သော အရပ်ဒေသတွင် ကြာရှည် အသက်ရှင်မနေလိုသော ကျွနင်္ုပ်သည် ဖြစ်လိုရာဖြစ် စေ ပြောတော့မည်ဟုစိတ်ကဆုံးဖြတ်ကာ လေးလံသော သက်ပြင်းကို ချလိုက်မိပါ၏။
" ပြောလေ ဗားလား ... ငါဘယ်လိုပဲဖြစ်ဖြစ် နင် စိတ်ကောင်းအောင် လုပ်ပေးမယ် "
နန့်မထေ့က ပြောလိုက်သည်။

ဆက်ရန်
.

No comments: