Sunday, June 26, 2011

တင်မောင်မြင့် ဘာသာပြန် သတင်းမုဆိုး အပိုင်း (၄၉)

အခန်း(၆၇)
အယ်လီ

၃၉မျဉ်းပြိုင်ထွက်ပြီးကတည်းက အိုဝင်၏ အိပ်မက်တို့ တဖြည်းဖြည်း လွင့်ပြယ်ခဲ့သည်။ ကလေး ဘ၀ထွက် လာတော့ ပို၍ စိတ်ဓာတ်ကျသွားသည်။ မိုးမခတိုက်မှ စာအုပ်ထုတ်လုပ်ပုံက ခပ်ချာချာ။ တစ်ခဏအတွင်း အဟောင်း ဈေးကွက် ထိုးဆင်းသွားသည်။

သတင်းစာ ဂျာနယ်လောကသို့လည်း အိုဝင် ပြန်လာ၍ မရတော့။ သူ့ကို ဟိုဘက်လောကမှ မေ့သွားကြပြီ။
"ခုခေတ် သတင်းလိုက်ရတာ အရင်နဲ့မတူတော့ဘူး၊ အရမ်းမြန်တယ်၊ မင်းလိုက်မီတော့မှာ မဟုတ်ဘူး"
"သတင်းထောက် အလုပ်ဟာ လူငယ်တွေရဲ့ အလုပ်ပါကွာ၊ မင်း လေးဆယ်ပြည့်တော့မယ်၊ ဒီဘက်ကို ပြန်လာ ဖို့ စိတ်မကူးနဲ့၊ အဲဒီဘက်မှာပဲ ဆက်ကြိုးစားပါ"
စသည်ဖြင့် စသည်ဖြင့် ရေး၊ ဂျက်ဆပ်နှင့် အပေါင်းအသင်းများက သူ့ကို ဖျောင်းဖျသည်။

ဟန့်ဂရင်နီ၏ အားပေးမှုကြောင့် နာမည်အမျိုးမျိုးဖြင့် တီဗွီဇာတ်ညွှန်းတွေ ရေးဖြစ်သေးသည်။ ဆူလွယ် နပ်လွယ် လျှို့ဝှက်သည်းဖို့ ၀တ္ထုတွေလည်း ရေး၏။ ဂလင်ဆင်ကလဲယားလို ဖြစ်မလာ။
"ဒါတွေ ရေးရတာ ကိုယ်စိတ်ကုန်လာပြီ" ဟု အယ်လီ့ကို ထုတ်ပြောသည်။
"ဒါဖြင့်လည်း တခြားဟာ ရေးပေါ့"
"ရေးတာပဲ၊ ဘာမှ ဖြစ်မလာတာ မင်းအမြင်ပဲ"
"ရှင်နဲ့ကျွန်မ" ကို ဖတ်ဖို့ အိုဝင်က ပထမ ငြင်းသည်။ ကြားရသလောက် အလကားအပေါစား ၀တ္ထုပါကွာဟု အယ်လီ က ပြောထား၏။ ရောင်းအစွံဆုံး စာအုပ်စာရင်း၏ အပေါ်ဆုံးသို့ ရောက်သွား မှ သူကောက်ဖတ်ခြင်း ဖြစ်သည်။

မိဘစကားကို တော်လှန်ခြားနားပြီး အယ်လီအိမ်မှ ဆင်းခဲ့သည်မှာ ဆယ်နှစ်ပြည့်ခဲ့ပြီ။ ဆန္ဒပြပွဲတွင် ကလေး ပျက်ကျ ခဲ့သည့်က ခြောက်နှစ်ပြည့်ခဲ့ပြီ။ သားကလေးဘရိန်နှင့် သမီးကေလး အင်ဂျလာ နှစ်ယောက် မွေးပြီးပြီ။ သားက လေးနှစ်၊ သမီးက နှစ်နှစ်။
၃၉မျဉ်းပြိုင်ထွက်ခဲ့သည်မှာ ဆယ်စုနှစ်တစ်ခု ပြည့်ခါနီးပြီ၊ ရွှေထီးဆောင်းခဲ့တဲ့သည့်ကာလများ အိုဝင်နှင့် ဟို အဝေးကြီး တွင် ကျန်ရစ်သလို ဖြစ်နေ၏။
"ရှင်နှင့်ကျွန်မ" ဖတ်ပြီးလျှင် သူပို၍ အနေဆိုးဦးမည် မုချ။

"ရှင်နှင့်ကျွန်မ" သည် အိုဝင်နှင့် ဂျိန်းတို့၏ ဇာတ်လမ်းဖြစ်ပြီး တောက်လျှောက် ဂျိန်း၏ ရှုထောင့်မှ ရေးသွားခြင်း ဖြစ်သည်။ သူတို့အချစ် သည်းခဲ့ပုံများ၊ ရန်ပွဲများ၊ လမ်းခွဲခဲ့ကြပုံများ။
ဂျိန်း ၏ အတွေးအမြင်များကို သူကိုယ်တိုင် ဖြစ်လေဟန် အိုဝင် ခိုးချပုံများကို အသေးစိတ် ရေးထား ၏။  အလုပ်အကိုင် တွေ နာမည်တွေ လွှဲရေးထားသဖြင့် တရားစွဲလို့လည်း မဖြစ်။
ရှင် နဲ့ ကျွန်မသည် ၀တ္ထုတစ်ပုဒ်မဟုတ်၊ အတ္ထုပ္ပတ္တိတစ်ခုကို အသာကလေး မှုန်းခြယ်ထားသည့် တကယ့် ဖြစ်ရပ်မှန် ဇာတ်လမ်းမျိုး ဖြစ်၏။ ပူပူလောင်လောင် အခန်းကလေးများဖြင့် အဆာသွတ် ထား၏။ ခြုံကြည့်လျှင် ယောက်ျား မုန်းတီးရေးပညာပေး စာအုပ်မျိုးဟု အိုဝင်က နာမည်ပေးလိုက် သည်။

ဂျိန်းက သူတို့နှစ်ယောက်၏ အတွင်းအကျဆုံးအတွင်းရေးများကို ဖွင့်ချထားသည်။ ခံစားမှု မရှိ သည့် အချစ်စက်ရုပ်တစ်ခုအဖြစ် သူ့ကို သရုပ်ဖော်၏။ အတ္တကြီးလွန်းသည့် ဟဲမင်းဝေ၏ ဇာတ်လိုက်များ ဂိုက်ဖမ်းနေသည့် ပုံဖော်၏။
သူ့မိန်းကလေး အတွဲအဖက်များထံမှ ရသည့် ဇာတ်လမ်းဇာတ်ကွက်များကို သူ့ကိုယ်ပိုင် ပစ္စည်း အဖြစ် သုံး၏။ နောက်ဆုံးဘာမှ မကျန်တော့ မီးဇာကုန် ဆီခန်းဖြစ်ကာ ဘ၀ဆုံးရ၏။ နောက်ဆုံး အချက်မှာ အနာဆုံး ထိုးနှက်ချက် ဖြစ်လေသည်။

သူ့ရည်းစားဟောင်းတစ်ယောက်က သူ့အား သူခိုးပါဟု စွပ်စွဲခြင်းကို တရားစွဲခွင့်ရှိသည့်တိုင် စွဲလို့ မဖြစ်၊ ၀န်ခံရာ ရောက်သွားမည်။ ပြီးတော့ သူ့ကို ပို၍ နာမည်ကြီးအောင် လုပ်ပေးသလို ဖြစ်သွား မည်။
သည်ထက် ပို၍ အခံရခက်သည့် ကိစ္စ ပေါ်လာသည်။ လင်ကီက ဂျိန်းအး အဖုံးပျော့ ထုတ်ဝေခွင့် သက်သက်ချည်း ဒေါ်လာ နှစ်သန်း ပေးလိုက်ခြင်း ဖြစ်၏။ ဂျိန်းက စံချိန်သစ်ချိုးခြင်းပင်။ ကမ္ဘာကျော်သွားသည့် "ဂျော့" ဒါဘယ်ဒေးစာအုပ်တိုက်က ၁.၅၈ သန်းသာ ပေးခဲ့သည် မဟုတ်လား။
"အလကား ၀တ္ထု၊ ဆွေးနွေးဖို့တောင် ပါးစပ် သနသေးတယ်"
ဒေါ်လာ နှစ်သန်းအကြောင်း သတင်းနှင့် အိမ်ပြန်လာသည့် အယ်လီ့ကို အိုဝင်က ပြောလိုက်ခြင်း ဖြစ်သည်။

"ဝေဖန်ရေးဆရာ အများစုက အဲဒီလို မထင်ကြဘူး၊ သန်းနဲ့ချီတဲ့ စာဖတ်ပရိသတ်ကလည်း အဲဒီလို မထင်ဘူး၊ အဲဒီလို မထင်တဲ့ အထဲမှာ အယ်လီလည်း ပါတယ်၊ တကယ်ကောင်းတဲ့ ၀တ္ထုပဲ"
"အဲဒီဝတ္ထုနဲ့ ပတ်သက်နေတဲ့အတွက် မင်းရှက်သင့်တယ် အယ်လီ"
အိုဝင် အနိုင်နိုင် စိတ်ထိန်းထားရပုံ ရ၏။ စီးကရက် ညှိနေသည့် သူ့လက်တွေ တုန်နေသည်။
"ရှက်ရမယ် ဟုတ်လား၊ မဟုတ်လိုက်တာ၊ အယ်လီက ဂုဏ်ယူနေတာ၊ ဒါလောက်ကောင်းတဲ့ စာအုပ်ကို ပံ့ပိုးခွင့် ရလို့လေ"
"မင်းယောက်ျားအကြောင်း အပုပ်ချထားတာကို မင်းက ဂုဏ်ယူတယ် ဟုတ်လား"
"စာရေးဆရာတွေရဲ့ စာအုပ်တိုင်းကို ရောင်းကောင်းအောင် လုပ်ပေးရမှာက အယ်လီ့ တာဝန်ပဲ၊ အဲဒီအထဲမှာ ဂျိန်းဂရက်ခ်ျ လည်း ပါတယ်၊ ရှင့်အတွက်လည်း အယ်လီ ကြိုးစားခဲ့တာပဲ၊ ဖြစ်မှ ဖြစ်မလာတာပဲ"
"သြော် အဲဒါ ကိုယ့်အပြစ်ပေါ့ ဟုတ်လား"

၃၉မျဉ်းပြိုင် ဒဏ်ရာ ဒဏ်ချက်များသည့် အိုဝင့် ရင်ထဲတွင် ယခုထိ အကင်းမသေကြသေးပေါ။
"ဂျိန်းက ဆွေးနွေးလို့ ရတယ်၊ ပူပေါင်းလို့ရတယ်၊ ပြီးတော့ အရမ်း အလုပ်လုပ်တယ်၊ ရှင်က ကိုယ့်ကိုကိုယ် အရမ်းအထင်ကြီးပြီး ကြောငြာကိစ္စပြောတိုင်း မလိုပါဘူး အမြဲ ပြောတယ်"
"အဲဒီတုန်းက မင်းတို့နှစ်ယောက်ကြားမှာ ကိုယ် ဗျာများနေတာကိုးကွ"
"အဲဒါက အဆန်းလား၊ ရှင်ခုလဲ နောက်တစ်ယောက်နဲ့ တွဲနေတာပဲ မဟုတ်လား၊ ဟိုပွဲတုန်းက တွေ့တဲ့ အတွင်းရေးမှူး ကောင်မလေးလေ"
"အကြောင်းပြချက် မခိုင်လုံဘဲ သူပျောက်ပျောက်နေ၏။ သူ ခြေလှမ်း မမှန်ပုံကို အယ်လီ သတိထားမိသည်မှာ ကြာပြီ"။
"ဟုတ်တယ်လေ၊ အဲဒါ ဘာဖြစ်လဲ၊ လွတ်လပ်တဲ့ အိမ်ထောင်ရေးဆိုတာ မင်း ကြားဖူးမှာပေါ့"
"သိပ် ကြားဖူးတာပေါ့၊ ဒါပေမယ့် ရှင်နဲ့ကျွန်မဟာ အဲဒီ အိမ်ထောင်ရေးမျိုး လက်ခံဖို့ ဆွေးနွေးဖူးလို့ လား"

အိုဝင်နှင့် အီဗန် တစ်ယောက်တည်းဖြစ်ကြောင်း ကြာလေပေါ်လွင်လာလေ ဖြစ်လာသည်။ တစ်ကိုယ်ကောင်း ဆန်ပုံ၊ နှလုံးသားမဲ့ပုံ၊ သစ္စာမရှိပုံ အားလုံးအတူတူချည်း ဖြစ်၏။
"နင် ပြောတာ ဟုတ်တယ်၊ အိုဝင်ဟာ အရူးတစ်မျိုးပဲ၊ ငါ့ကို ဒုက္ခပေးမယ့်လူတွေကိုမှ ငါက ရွေးပြီး ချစ်မိတယ်၊ ဘယ်လို ၀ဋ်ကြွေးပါလိမ့်" ဟူ၍ အစ်မ လုပ်သူမာဂရက်ကို ခုမှ အယ်လီ ၀န်ခံဖြစ်လေ သည်။
"နင် အမှန်ကို မမြင်နိုင်လို့ပါ။ အဲဒါ အချစ်မှ မဟုတ်တာ"
ညီမလုပ်သူကို မာဂရက်က ဘယ်လို ကူညီရမှန်း မသိ ဖြစ်နေ၏။၏
စိတ်ညစ်နေရသူက အယ်လီ တစ်ယောက်တည်းမဟုတ် အိုဝင် ကိုယ်တိုင်လည်း မပျော်ပိုက်တော့၊ ဘ၀သည် ပြောင်းပြန် တစ်ပတ်လည်သွားလေပြီ။ စာအုပ် ဝေဖန်ခန်းတွေ၊ ကြော်ငြာတွေ၊ ရောင်းအစွံဆုံး စာအုပ်စာရင်း တွေကို မကြည့်ချင်အောင် မုန်းတီးနေသူက အိုဝင် ဖြစ်နေသည်။ မနာလို ၀န်တိုမှုဖြင့် ရူးမလိုလိုဖြစ်နေသူက အိုဝင်၊ အိုဝင်သည် အပြင်မှ အတွင်းသို့ ကြည့်နေရသူ။
ဂျိန်းက အတွင်းမှ အပြင်ကို ကြည့်နေသူ။
မြင်ကွင်းနှစ်ခုသည် အလွန်မတန်မှ ကွာခြားလေသည်။
 
အခန်း(၆၈)
ဂျိန်း

"ဆုတောင်းပြည့်လျှင် ပို၍ သတိထားရမည်" ဟု ပညာရှိ စိန့်ထရီဇာ၏ အဆိုအမိန့်ရှိသည်။ "အရမ်း ဆု မတောင်း နဲ့၊ ရတတ်တယ်" ဟုလည်း လောကကို အရွဲ့တိုက်သူတို့ ပြောတတ်ကြ၏။
"ဂျိန်း က အရမ်းနာမည်ကျော်ချင်တာ" ဟူ၍ စကားလုံးကို ဂျိန်း မှတ်မိသည့် အရွယ်ကစ ပြောခဲ့ခြင်း ဖြစ်သည်။
"မင်းကို ကိုယ် အရမ်း နာမည်ကျော်စေချင်တာ၊ အောင်မြင်စေချင်တာ" ဟု ပြောသူက လင်တော်မောင် အဲလျော့။
သို့သော် သူတို့နှစ်ယောက်လုံး ဂျိန်း၏ ၀တ္ထု သည်မျှ ၀က်ဝက်ကွဲ စွံလိမ့်မည် အထင်ခဲ့ကြ။ ယခုတော့ "ရှင်နဲ့ကျွန်မ" သည် ဂျိန်း၏ အိပ်မက်များကို ကျော်တက်သွားလေပြီ။ အဲလျော့၏ ရည်မှန်းချက်များကို ဖြတ်သန်း သွားလေပြီ။ ဂျိန်းသည် အားလုံး၏ အာရုံ စုဝေးရာ နိုင်ငံကျော် စာရေးဆရာမ ဖြစ်သွားပြီ၊ သည်တော့လည်း အဲလျော့သည် ရေမြင့်တော့ ကြာတင့်ကာ သူမ မျှော်မှန်းခဲ့သည့် လောကထဲသို့ ခြေချရတော့မည်ပေါ့။

သူတို့နှစ်ယောက်၏ အကြားတွင် ပြဿနာလုံးဝ မရှိတော့ဟု တွက်လိုက်ကြ၏။ သို့သော် သည်လို အောင်မြင်မှု ဒီလှိုင်းလုံးကြီးကို ရင်ဆိုင်ဖို့ နှစ်ယောက်စလုံး အသင့် မဖြစ်ကြပေ။
"လင်ကီ က အဖုံးပျော့ ရိုက်နှိပ်ရေးအတွက် ဒေါ်လာ နှစ်သန်းရခဲ့သည်။ ပြီး ဂျိန်းက ဝေစုတစ်သန်း ရမည့် အကြောင်း အကြောင်းကြားလာသည်။ ဂျိန်းသည် နေ့ချင်း ညချင်း သူဌေးမကလေး ဖြစ်သွား လေပြီ။
"ဘာ ဒေါ်လာ တစ်သန်း၊ ဟုတ်လား"
လင်ကီက ၀မ်းသာစရာ သတင်းကို လှမ်းပေးတော့ ဂျိန်းက သူ့နားကိုသူ မယုံသလို ပြန်မေးသည်။
"ဂျိန်းအတွတ် ဟုတ်လား" ဟု ထပမေးသည်။

"ဟုတ်တယ်၊ ဂျိန်းအတွက်"
"သေချာရဲ့လား လင်ကီရယ်"
"သေချာပါတယ်"
"ဘုရား၊ ဘုရား"
ရင်ထဲတွင် ဘယ်လိုဖြစ်သွားမှန်း မသိလိုက်၊ အရမ်းကြောက်သွားသလိုကြီး ခံစားလိုက်ရ၏။ အဓိပ္ပာယ်တော့ သိပ်မရှိ၊ ဘာကြောက်စရာရှိလဲနော်။
"ဟုတ်တယ် ဂျိန်း ဘုရားတပေတော့၊ စံချိန်သစ်ပဲ၊ ကဲ သုံးပေတော့" ဟု လင်ကီက အားပေးသည်။
လင်ကီုဖန်းချလိုက်သည်နှင့် ဂျိန်းက အဲလျော့ကို ခေါ်သည်။ ခုထက်ထိ သူ့စိတ်ထဲတွင် ဇဝေဇ၀ါ ဖြစ်နေဆဲ။
"ဒေါ်လာတစ်သန်းတဲ့"
"မယုံနိုင်စရာ၊ ဂုဏ်ယူပါတယ် မိန်းမရယ်"

အလွန်တည်ငြိမ်သည့် အဲလျော့အသံတွေ တုန်ချင်ချင် ဖြစ်နေသည်။ သူက အလွန် ချမ်းသာချင်သူ မဟုတ်လား။
"ဂျိန်းက ဘာလုပ်ကြမလဲ ဟင်"
ခြေထောက်အောက်မှ ကော်ဇောကို တစ်ယောက်ယောက်က ဆွဲယူလိုက်သလို ဂျိန်း ခံစားလိုက်ရ ၏။
"သုံးပေါ့"
"အင်း လင်ကီကလည်း အဲဒီအတိုင်း ပြောတယ်၊ ဂျိန်းသားမွေးအင်္ကျီ ၀ယ်နိုင်ပြီလားဟင်" ဂျိန်း တောင့်တ နေသမျှ ဇိမ်ခံပစ္စည်းထဲတွင် မြွေပါရေသားမွေးအင်္ကျီ တစ်ထည် ပါသည်။
"သုံးထည်တောင် ၀ယ်နိုင်သေး"
"တစ်ထည် ဆို တော်ပါပြီကွယ်" ဟု ပြောပြီးမှ ထပ်ဖြည့်ပြောသည်။
"ပွဲဦးထွက် မဟုတ်လား"
သန်းကြွယ်သူဌေးမကလေးဆိုတော့ သူ့နေရာနှင့်သူ သူ လိုက်လျောညီထွေရှိရတော့မည်လေ။

ဒေါ်လာတစ်သန်းက အစမျှသာ ရှိသေး၏။ ထပ်၍ ထပ်၍ ရိုက်ရလေ၊ အခြားရပိုင်ခွင့်တွေက တိုးလာလေလေ၊ ကတ္တူဖုံး ရိုက်ဖြန့်တော့ ဒေါ်လာ နှစ်သိန်းခွဲ  ထပ်ရသေးသည်။ လင်ကီ့လက်ရာ များ ဖြစ်သည်။
ဟန့်က ရုပ်ရှင်ကုမ္ပဏီကြီးလေးခုကို ဈေးပြိုင်စနစ်ဖြင့် ရောင်းပေးမည် ပြောတော့ ဂျိန်းက ပြန်မေး သည်။
"နောက်ထပ် တစ်သန်းထပ်ရဦးမှာလားဟင်၊ ဂျိန်း ရမယ့်ဈေးက ဘယ်လောက်လဲ ဟန့်"
"သိပ် လောဘမကြီးနဲ့လေ၊ နိုင်ငံခြား ပြသခွင့်ပါ ပါမှ သန်းဝက်ပဲရမှာ"
"သန်းဝက် ဟုတ်လား၊ တစ်ဝက်တောင် လျှော့သွားတယ်နော်"
ခြောက်လအတွင်း ဂျိန်းရသည့် ၀င်ငွေမှာ သူ့အဖေတစ်သက်လုံး ရှာလာသည့် ၀င်ငွေထက် ပိုနေပြီ၊ ဂျိန်း၏ ဘဏ္ဍာရေးအခြေအနေက ကောင်းကင်သို့ ရောက်နေ၏။ ဂျိန်းသည် အမြင့်ကြောက်သူ တစ်ယောက်လို မူးရီ မူးဝေ ဖြစ်နေ၏။

ပိုက်ဆံတွေ လျှောက်သုံးသည်။ အ၀တ်အစားတွေ၊ အိမ်အသုံးအဆောင်တွေ လှိမ့်ဝယ်သည်။ မောင်လေး အတွက် ကားတစ်စီး ၀ယ်ပေးသည်။ အဖေနှင့်အမေ့ကို ဥရောပသို့ အပန်းဖြေခရီး ထွက်ခိုင်းသည်။ ရင်းနှီး သူတွေကိုရော၊ သာမန်အသိအကျွမ်းတွေကိုပါ အကောင်းဆုံး စားသောက် ဆိုင်ကြီးများတွင် ညစာ ဖိတ်ကျွေး သည်။ ပိုက်ဆံ ထုတ်မသုံးတော့၊ အမေရိကန် အိပ်စက်ပရက်စ် ကုမ္ပဏီအကြွေးဝယ် ကတ်ပြားဖြင့် စားသောက်ဆိုင်တွင် ငွေချေသည်။

ဒေါ်လာသောင်းနှစ်ထောင်ကျသည့် ငွေတောင်းလွှာကို ကြည့်ပြီး ဂျိန်း မေ့မြောမတတ် လန့်သွား သည်။
"မင်း ပိုက်ဆံ မင်းသုံးတော့ သုံးပေါ့။ ဒါပေမယ့် များလွန်းတယ် ထင်တယ်" ဟု အဲလျော့က သတိပေးသည်။
သည်တော့မှ ဂျိန်းက သူ့အသုံးစရိတ်ကို ထိန်းပေးဖို့ အဲလျော့ကို တောင်းပန်သည်။
"အင်း အဲလျော့သာ မရှိရင် ဂျိန်းဘာတွေ ဖြစ်ကုန်မလဲ မသိဘူးနော်"

ဂျိန်း ကြုံနေရသည့် ပြဿနာမှာ ငွေအကြောင်းချည်း စဉ်းစား ပြောဆိုနေရခြင်း ဖြစ်၏။ ဂျိန်း၏ ဘ၀ တစ်ခုလုံးကို ငွေက  လွှမ်းမိုးထားသလို ဖြစ်လာ၏။ အဲလျော့က ဖြစ်စေ၊ ဟန့်က ဖြစ်စေ၊ ငှားထား သည့် စာရင်းကိုင် က ဖြစ်စေ၊ ငွေရေးကြေးရေးအကြောင်း၊ အခွန်အခများအကြောင်း ပြောလျှင် နားမထောင် ချင်တော့၊ အရမ်းညည်းငွေ့သည်။
"၀င်ငွေကို ဇန်န၀ါရီလထဲကျမှ ပြမယ်၊ ငွေ ဆယ့်ခြောက်လ လှည်သုံးနေလို့ရတယ်၊ အခွန်က ဧပြီလကျမှ တင်ရမှာလေ"
၁၉၇၄ ခုနှစ် ဧပြီလထဲတွင် ဟန့်က ဂျိန်းကို ရှင်းပြသည်။ ဥတ္တရကြယ်မှ ၀င်လာစရာ ရှိသည့် နောက်ထပ် ငွေတွေကို နောက်နှစ်ကျမှ စာရင်း ပြောင်းပေးဖို့ သူ့ကို နားလည်အောင် ပြောနေခြင်း ဖြစ်သည်။
"ဂျိန်း ကို အင်္ဂလိပ်လို ရှင်းအောင်ပြောပါလား ဟန့်ရယ်"

"ဟာ သေတော့မှာပဲ၊ ကိုယ် အရှင်ဆုံး အင်္ဂလိပ်စကားနဲ့ ပြောနေတယ် ဂျိန်းရဲ့"
ဟန့်က စိတ်ပျက်လက်ပျက် ပြန်ပြောသည်။
"မင်းက ငါးဆယ်ရာခိုင်နှုန်း ဆောင်ရမယ့် အုပ်စုဝင် ဖြစ်နေတယ်။ ဒါပေမယ့် အခွန်လွတ် ငွေချေး စာချုပ်တွေကိုယ် ၀ယ်ထားတယ်၊ ဆယ့်နှစ်ရာခိုင်နှုန်း၊ သုံးဆရယ်၊ နှစ်ဆယ်ရာခိုင်နှုန်း မင်းဆီ ပြန်ဝင် လာမယ်"
အဲလျော့က နယူးယောက်စတိတ်  ငွေချေးစာချုပ် နှစ်ဆယ့်ငါသိန်းဖိုး ၀ယ်ပြီး ရင်းနှီးမြှုပ်နှံထားပေး သည့် ကိစ္စ နှင့် အခွန်ကိစ္စကို ရှင်းပြနေခြင်း ဖြစ်၏။

"ဟုတ်လား၊ သေချာတယ်နော်"
စင်စစ် ဂျိန်း ဘာမှ နားမလည်၊ သူ ဘာတွေ ပြောနေမှန်းလည်း မသိ။
"ဘာလို့ မသေချာရမှာလဲ၊ မင်း မေ့နေပြီလား၊ ကိုယ် စတော့ပွဲစားလုပ်ငန်းလုပ်ခဲ့ဖူးတယ်လေ"
"နယူးယောက် ပြည်နယ်ခွန်ကို ကြိုဆောင်ထားရင် ပြည်ထောင်စုကို ပေးရမယ့် အခွန် လွတ်ငြိမ်း ခွင့်ရတယ်"
ဟု စာရင်းကိုင်က ရှင်းပြပြီး တစ်သိန်းနှစ်သောင်းတန်  ချက်လက်မှတ်ကို လက်မှတ်ထိုးခိုင်းတော့ ဂျိန်းက
"ကျွန်မ ထောင်တော့ မကျပါဘူးနော်" ဟု ပြန်မေးသည်။ စာရင်းကိုင် ပြောသမျှ မရိုးသားဟု ထင်ပြီး မသင်္ကာ ဖြစ်နေ၏။

"ကျွန်တော့်အလုပ်က အလုပ်ရှင် ကို ထောင်ထဲ ပို့တဲ့ အလုပ်မျိုး မဟုတ်ပါဘူး ခင်ဗျာ" ဟု စာရင်းကိုင်က ပြန် ပြောသည်။
လက်မှတ်ထိုးပြီး ချက်ကို ဆွဲထုတ်ပေးတော့ ဂျိန်း လက်တွေ တုန်နေသည်။
"ဒါလောက်များများ တစ်ခါမှ လက်မှတ် မထိုးဖူးဘူး" ဟု အဲလျော့ကို ပြန်ပြောပြသည်။ ဖျားချင်သလိုလို ဖြစ်နေ၏။ ပယ်ရီလမ်းတိုက်ခန်းတွင် ၀ီလ်မာနှင့် ပေါင်းနေတုန်းက တိုက်ခန်းလခ ကို သွားသတိရသည်။ တစ်လ ကိုးဆယ့်ရှစ်ဒေါ်လာ။
ဂျိန်းသည် ရှုပ်ထွေးလှသည့် အမြတ်ခွန်ပုံစံတွေ၊ ရင်းနှီးမြှုပ်နှံစာချုပ်တွေကို တစ်လုံးတစ်ပါဒမှ နားမလည်။ လက်မှတ်တွင် ထိုးပေးနေရသည့် အခြား အခြားသော ငွေကြေးကိစ္စများကိုလည်း ဘာမှမသိ။
"ဒါလောက် ရှုပ်တဲ့ကိစ္စတွေကို ဘယ်သူမှလည်း သိမှာ မဟုတ်ပါဘူး" ဟု စိတ်ထဲ နောက်ကျိရီဝေ စွာ တွေးမိ တတ်၏။

"ဂျိန်း ရမှာ သေချာရဲကလားဟင်"
ဟန့်နှင့် လင်ကီတို့က နောက်ထပ် ရိုက်မည့် အကြိမ်များအတွက် သုံးနှစ် ငွေ ၀င်နေဦးမယ် ပြောတော့ ဂျိန်းက မယုံကြည်စွာ ပြန်မေးသည်။
"သေချာပါတယ် ဂျိန်းရဲ့၊ မင်းရမှ ကိုယ်က ဆယ်ရာခိုင်နှုန်းရမှာလေ" ဟု ဟန့်က ရှင်းပြရသည်။
"ပျှမ်းမျှ ၀င်ငွေ ဟုတ်လား၊ တစ်ခါမှ မကြားဖူးဘူး"
စာရင်းကိုင် ၏ တင်ပြချက်ကို ဂျိန်း ဇဝေဇ၀ါ ဖြစ်နေသည်။

"အဲဒီကိစ္စဟာ လူတိုင်း သိပါတယ်၊ အခွန်သက်သာအောင် လုပ်တဲ့ တရားဝင်နည်းလေ"
စာရင်းကိုင်က အလုပ်ရှင် အမျိုးသမီး ဂျိန်းကို စိတ်ပျက်စပြုနေပြီ။ ထို့ကြောင့် နောက်ပိုင်းတွင် အဲလျော့နှင့်သာ တိုင်ပင် တော့သည်။ နောက်နေ့တွင်
"အစ်မရဲ့ အမျိုးသား ရှိပါသလား ခင်ဗျာ"ဟု စာရင်းကိုင်က မေးတော့သည်။
"ဂျိန်း ပိုက်ဆံတွေကို မုန်းလာပြီ၊ ဟိုတုန်းက ဂျိန်းရဲ့ အခန်းခ ဝေစု လေးဆယ့်ကိုး ဒေါ်လာပဲ ထည့်ရတယ်၊ ဖုန်းဖိုး က ကိုးဒေါ်လာ အဲဒီတုန်းက ငွေရေးကြေးရေးဟာ ဘာမှ နားမလည်စရာ မရှိဘူး"
ပြည်တွင်း အခွန် ဦးစီးဌာနမှ စာရွက်တွေ တစ်ထပ်ကြီး ရောက်လာတော့၊ ဟိုလှန်၊ သည်လှန် လုပ်ရင်း ဂျိန်း ချွေးပြန် လာသည်။

"ဂျိန်းက ဆင်းရဲခဲ့တဲ့ အကြောင်း ပြန်တမ်းတနေတာလား"
အမှန်ကို မြင်လာအောင် ဂျိန်းကို ပြော၍လည်း သဘောမပေါက်။ ရယ်စရာပြောလျှင်လည်း ဂျိန်း မရယ်တော့၊ ဟာသဥာဏ်ရွှင်သည့် ဂျိန်းကိုယ်တိုင်လည်း ရယ်စရာ မလုပ်တတ်တော့။ ငွေသည် ဂျိန်း၏ ပျော်ရွှင်မှုကို ဖျက်ဆီးပစ်လိုက်ပြီ ထင်၏။
"ဟိုတုန်းက ဘ၀ဟာ သိပ်ပျော်စရာ ကောင်းတာပဲ၊ ဘာမှ ရှုပ်ရှုပ်ထွေးထွေး မရှိဘူးလေ၊ ခုတော့ အခွန်ကိစ္စ တွေ တန်ဖိုးလျော့တွေ၊ ဟာ ဘာတွေမှန်းကို မသိဘူး၊ စာရင်းကိုင်ငှားရ၊ အခွန် ရှေ့နေ ငှားရ၊ ရင်းနှီးမြှုပ်နှံမှု အကြံပေး ငှားရနဲ့ ရှုပ်ယှက်ကို ခတ်နေတာပဲ၊ ဟိုတုန်းကဆိုရင် တိုက်ခန်းခရယ် တစ်ခါတစ်ခါ ဆံပင်ညှပ်ဖို့ ရယ်လဲ ပူရတယ်၊ တခြား ဘာမှ မရှိဘူး၊ အဲဒီဘ၀ကိုပဲ ဂျိန်း အောက်မေ့ တယ်"
အဲလျော့ ပြောသည်ကို မကြားသလိုနှင့် မျက်ရည်တွေ ကျလာသည်။

အမြတ်နိုးဆုံး သိုးမွေးအင်္ကျီကိုတောင် ဂျိန်း မုန်းလာသည်။
"မင်း သားမွေးအင်္ကျီကို ၀တ်တာ မတွေ့ရပါလား၊ ဘာဖြစ်လို့လဲ"
အဲလျော့က မေးကြည့်သည်။ အဲလျော့က ဇနီးလုပ်သူကို အလှအပဆုံး ၀တ်စား ဆင်ယင်စေကာ ဧည့်ခံပွဲများ၊ စားသောက်ဆိုင်ကြီးများသို့ ခေါ်သွားချင်သည်။ သို့သော် ဂျိန်းက အပေါစား ခြုံထည် နှင့် လက်တိုဂါဝန် ဖားဖားကြီး ချွတ်သည်မရှိတော့။

"အဲဒီ သားမွေးအင်္ကျီကြီးက ခေတ်နောက်ကျနေပါပြီ။ အဲဒါကြီး ၀တ်လိုက်ရင် စိတ်ထဲမှာ အမေ့အင်္ကျီ ၀တ်ထားသလိုပဲ" ဟု လင်တော်မောင်ကို ပြန်ပြောသည်။
"မင်း စိတ်ကြိုက် ၀ယ်တာပဲလေ"
"အဲဒီအကြောင်း ပြန်မပြောပါ နဲ့တော့၊ အရမ်းလည်း ဈေးကြီးသေးတယ်"
"ပုံမကြိုက်ရင်လည်း ပြန်ချုပ်လိုက်ပါလား"
"ဟာ ထပ်ကုန်ဦးမှာပေါ့"
သည် အင်္ကျီကြီးကို ဘီဒိုထဲမှာ ချိတ်ထားတာ မြင်တိုင်း ဂျိန်း စိတ်ပျက်ရသည်။

ဆက်ရန်
.

No comments: