Monday, June 27, 2011

ဆရာဦးသုခနှင့် သူ့ခေတ်ပြိုင် စာဆိုတို့အမြင် အပိုင်း (၁)

ဆရာဦးသုခနှင့် သူ့ခေတ်ပြိုင် စာဆိုတို့အမြင် 
စာအုပ်မှ စာရေးသူ အားလုံး၏ စာများကို ဖော်ပြပေးပါမည်

ကြိုး နဲ့ အိုး
မဟာဆွေ

"ကဲ - ကဲ သောက် သောက်၊ နဲနဲစီပေါ့ကွာ၊ ဆရာလဲ သောက်ပါ့မယ်၊ ပြီးတဲ့အခါကျတော့ ထင်သလို သောက်ကြ တာပေါ့။"
ကန်တော်ကြီးစောင်း သစ်တပင်ရင်းတွင် ပုလင်းထောင်ကြကာ၊ ဤစာရေးသူက အသောက် ၀ါသနာပါသော စာရေးဆရာ လူရွယ် ၃-၄ဦးအား ပြောဆိုနေခြင်း ဖြစ်ပါသည်။
လွန်ခဲ့သည့်နေ့က သူတို့အနည်ငယ် အမူးလွန်သဖြင့် ခြေ ကန်ခံရသူ၊ ဆောင့်ဆွဲခံရသူတို့ မသက်သာလှ၊ စာရေးဆရာ မြို့မအုန်းမှာ မျက်မှန်ပင် ကျိုးသွားကာ ဘေးအောင့်အောင် အကန်ခံ ရသည်။
ထိုစဉ်အခါတုန်း က ဆိုလျှင် မြိုင်ရိပ်သာနှင့် မြိုင်ဇာတ် ရုံကြီးကို ဟိန်းလို့ ပတ်ဝန်းကျင်တွင် ဈေးဆိုင် ကန္နားများပြား ပါဘိ၊ လူသွားလူလာတွေကလည်း ဥဒဟို စိမ်း-နီ-၀ါ-ပြာ ရောင်စုံဟပ်၍ နေတော့သည်။
ဤစာရေးသူမှာ ထိုအချိန်ကမှ ဇာတ်သဘင်နှင့်နီးစပ်သည် တစ်ဦးနှင့်တစ်ဦး ပြောဆိုဆက်ဆံပုံ၊ ပြုမူပုံ စသည် တို့ကိုလည်း ကောင်းစွာ အကဲခတ်ခဲ့မိသည်။ နောင်လည်းနှစ်စဉ် နှစ်စဉ် ဇာတ်ဆရာ မောင်မောင် နောက်ပိုင်း က စီးခဲ့ရသည်။

ခရာဇစ်နှစ် ၁၉၄၅ ခု၊ ဖေဖော်ဝါရီ ၁ရက်၊ ကြာသပတေးနေ့၊ မြန်မာသက္ကရာဇ် ၁၄၀၆ ခု၊ တပို့တွဲ လဆုတ် ၅ရက် နေ့သည်ကား၊ မြန်မာနိုင်ငံ စာရေးဆရာအသင်းကြီးမှ ကန်တော်ကြီးစောင်း မြိုင်ရုံ တော်ကြီးတွင် ၀ိဇယ ပြဇာတ် ကို စတင်ကပြသောနေ့ ဖြစ်ပါသည်။

ဂျပန်လက်ထက် ဖြစ်သည်။ ဖက်ဆစ်ဂျပန်တို့ ပြုမူပုံကို သရုပ်ဖော်သော ဇာတ်ထုတ် ဟု တွေးမိ သူတိုင်း နားလည် ကြသည်။ ပရိသတ်လည်း နေ့စဉ်ကြိတ်ကြိတ်တိုး စည်ကားလှသည်။
မဟာမိတ် တို့ကလည်း လက်သံပြောင်ပြောင်နှင့် လေယာဉ်ပျံပေါ်မှ စက်သေနတ်ဆွဲလိုဆွဲ ဗုန်းကြဲ လိုကြဲ၊ ထို အထဲက ဇွဲကောင်းကောင်းနှင့် လာဖြစ်အောင် လာကြည့်ကြသည်မှာ အံ့သြဘွယ်ရာ ပါပေ။
ပွဲကသည့် အချိန်မှာ၊ မွန်းလွဲ ၂နာရီမှ ၅နာရီဟု စီစသ်ထား၏။ ထိုအချိန်ကား လေယာဉ်ပျံလာခဲ့ သည်ဟု တွက်ဆထားကြသည်။ သို့ရာတွင် ရွှေပွဲလာတို့မှာ ၁၂နာရီလောက်ကတင် ကူးလာကြ သဖြင့် တခါတရံ ဥသြ ဆွဲ၍ လေယာဉ်ပျံသံကြားသဖြင့် ကန်စောင်းတွင် ပုန်းအောင်ကြရသေးသည်။

ထိုစဉ်က အဖြစ်အပျက်ကို တသက်တာတွင် မမေ့နိုင်တော့ပါ။ စလေဆရာကြီး ဦးပုည၏ ၀ိဇယ ပြဇာတ် ခင်းကျင်း ပြသသည်ကို ကြည့်ဖူးသူတို့ မှတ်မိပေလိမ့်မယ်။
ဝိဇယပြဇာတ် မူလစာကိုယ်တွင် ၀ိဇယနှင့်တကွ ကျေးကျွန်တွေ ဆိုးခိုးသတ်ဖြတ်သောင်းကျန်းချင် သလို သောင်းကျန်းနေကြောင်းလောက်သာပါသည်။
သည်ဟာကို အခြေခံထား၍ ၀ိဇယ၏ ကျေးကျွန်များဆိုးသွမ်းပုံကို ဇာတ်ရှေ့ပိုင်းတွင် နောင်ဂျိမ်းနှင့် ထည့် ပေးထားသည်။ အပြစ်မဲ့ ရွာသူရွာသားတွေအပေါ် အရက်ပုလင်းထောင်၊ ပါးရိုက် ဘဲတွေဆွဲ၊ မိန်းမပျိုတွေ အတင်းဆွဲ စသည်ဖြင့် ဂျပန်ဖက်ဆစ်တို့ ပြုမူပုံများကို သရုပ်ဖော်ပြထားသည်။

သည်အခန်းပါဝင်ကပြသူများကား အနည်းငယ်လိုလျှင် ခပ်ပိုပို အော်ငေါက်ကန်ကျောက် တကယ်ပင် ရမ်းကြ သဖြင့် ဤစာအစတွင် ဖော်ပြခဲ့သည့်အတိုင်း ဤစာရေးသူကိုယ်တိုင်ပါ ရောနှောသောက်ပြီးလျှင် အမူး ဒီကရီ လျှော့ပေးရခြင်း ဖြစ်ပါသည်။
သူတို့ တသိုက်ကို အမြဲသတိပေးရသည်။ ဟေ့နော် "ခူးရား"တို့ "ဘာဂဒိုး" များယောင်လို့မှ မအော်လိုက်ပါနဲ့ဟု နေ့စဉ် နှင့် အမျှ အထပ်ထပ်မှာရသေးသည်။
မူးလိုက်ပါတဲ့ ငှက်ခါးတောင် ငှက်ခါးတောင် ဒီမောင်မောင်မှာဗျာ၊ ဟန်မထိန်းနိုင်ဟု၊ ယိမ်းယိုင်လို့လဲ-လဲ။
ဝိဇယမင်းသားအဖြစ်နှင့် သုခ၏ ဆိုတေးသံကို ရှေးဦးစွာ ကြားရခြင်း ဖြစ်သည်။ သုခသည် ထိုဝိဇယကစပြီး နာမည်ကြီး သည်ထက်ပိုမို ကြီးလာသည်ဟု ဆိုချင်သည်။ မီးခဲပြာဖုံး သူ၏ လူမသိ သေးသော ပြဇာတ်သဘင်၊ ၀ါ ဂီ နစ် စွမ်းရည်တို့ကို အသုံးခံခွင့် (၀ါ) အစွမ်းပြခွင့်ရသောကြောင့် ဖြစ်သည်။

မယ်ကုဝဏ်လုပ်သော မင်းသမီး (သီတာ) ခင်ထွေးမှာလည်း ထိုဝိဇယပြဇာတ်၌ သူ့တသက်သာ အစွမ်းကုန် စံချိန် ဟု ဆိုရဲသည်။
သံသရာကျင်လည်ပုံ ဒုက္ခနှင့် ရင်ဆိုင်တွေ့ကြုံ၊ မျိုးဇာတ်မတူတယ်၊ မကြည်ဖြူနိုင်ကြပုံ။
မောင်တော် ၀ိဇယနှင့် ကွဲရခါနီး ခင်ထွေး၏ ဆိုတေးသံကို ယခုတိုင်ကြားယောင်လျက် ရေးပြနိုင် ခြင်း ဖြစ်သည်။ ခင်ထွေး အလွမ်းအသယ်ကောင်းပုံမှာ ပရိသတ်တွေ မျက်ရေ မျက်ခွက် ဖြစ်ရသည်။ အလွမ်းနာ လှသည်ဟု နောက်ပိုင်း ရာမဇာတ်တစိတ်ဒေသနှင့် ဖြေသော်လည်း မပြေခဲ့ ပေ။

ဝိဇယပြဇာတ်ကို ၅ရက်လောက်သာ ကပြရ် စာရေးဆရာအသင်း အမှုဆောင်အဖွဲ့က စဉ်းစားထား ၏။ သို့ရာတွင် ပရိသတ် ဒင်းကြမ်းဖြစ်၍ နောက်ထပ်ကပြရန် တောင်းပန်သဖြင့် ၇ရက်အထိ ကပြ ရန် ဆုံးဖြတ်၏။
ထိုအချိန် ၌ သုခ အသံနာလုလုဖြစ်နေသဖြင့် ဤစာရေးသူမှာ နေ့စဉ် ကျားတံဆိပ် ဘရန်ဒီတစ်လုံး ဖန်ခွက် ကြက်ဥ အသင့်ဆောင်ကာ ရှေ့တစ်ပိုင်းအပြီး သုခအား ကြက်ဥနှင့် ဘရန်ဒီ စပ်တိုက်ပေးရ သည်။ ခင်ထွေး အသံနာမှာ စိုးပြန်သဖြင့် သူ့အားလည်း သုခနည်းတူ နေ့စဉ်တိုက်ကျွေးရသည်။

ဤစာရေးသူမှာ ရုံအတွင်း ရှေ့တန်းသို့ ကြွရောက်လာကြသော လူကြီးလူကောင်းများအား ဧည့်ခံ စကား ပြောရ၊ ဇာတ်စင်နောက်ပိုင်းသို့သွားကာ လူငယ်များအား ထိန်းသိမ်းရနှင့် အမောဆုံး ဖြစ်ခဲ့ ရသည်။
အထူးသဖြင့် ဇာတ်စင်နောက်ပိုင်းတွင် အနေများသည်။ ကားကြားထဲက ရှေ့ပိုင်းကပြသည်ကို ကြည့်ရသည်။ ဘာ လိုနေသည်တွေ့လို့ သတိပေးရသည်။

"ဆရာ ခင်ထွေး ခုထက်ထိ မလာသေးဘူး"
ဇာတ်ပြနေစသ် တစ်ရက်အခက်အခဲ တွေ့ရခြင်း ဖြစ်သည်။ ပွဲစထွက်ရန် အလွန် နီးကပ်နေပြီ ဖြစ်သည်။ ရုံအတွင်း ၌ ပရိသတ်ဒင်းကြမ်း အုတ်အုတ်ကျက်ကျက် ဖြစ်နေသည်။ ကြာဇံကြီး၊ ခေါက်ဆွဲ၊ ရေခဲရေသယ်တို့၏ အော်သံ၊ ခေါ်သံ၊ လိမ္မော်သီး၊ မြေပဲလှော်၊ ဇီးသီးသယ်တို့၏ ဟစ်ကြွေးသံ၊ ကျံကျံကျာကျာ ညံစာစာ ဖြစ်နေ ကြဆဲ။
အကယ်၍ ခင်ထွေးမလာက ၀ိဇယဇာတ် မကနိုင်တော့ပေ။ ရောင်းပြီးသားလက်မှတ်တွေအတွက် ငွေပြန်ပေး ရမည်။ ဤတွင်လည်း တင်ကူးဝယ်ထားသူများ၊ နေ့ချင်းဝယ်ထားသူများ ရှုပ်ယှက်ခတ် ဖြစ်နေသည်။

"ဒီလိုဆရာရေ မနေ့က သုခ နဲ့ ခင်ထွေးနှစ်ပါးသွားခန်း မှာ ခင်ထွေး က အမူ သုခ က ခင်ထွေး ပါးကိုင်ပြီး လှဲ့လိုက် သတဲ့၊ အဲဒါကို မြင်တဲ့သူတစ်ဦးက တင်ငွေ ပြောပါရော၊ တင်ငွေ လည်း ဘဲခတ်ထိုထို နဲ့ မနေ့ညက ဗုန်းကျင်းထဲ ခင်ထွေး ကို ကြိမ်းမောင်း ဆဲဆိုပြီး မကရဘူးလို့ ပြောသတဲ့"
စာရေးဆရာဝဇီရာက ဖြစ်ကြောင်း ကြားသိသမျှ ပြောပြခြင်း ဖြစ်ည်။ (တင်ငွေမှာ ရုပ်ရှင်မင်းသား တင်ငွေ၊ သီတာ ခင်ထွေး၏ လင်ယောက်ျား (၀ါ) ခင်ပွန်းသယ် ဖြစ်သည်)

သုခ ဟာ တကယ့်ဇာတ်မင်းသားမှ မဟုတ်ဘဲ၊ အကိုင်အတွယ် မှားချင်မှားမှာပေါ့။ တင်ငွေက ရုပ်ရှင် မင်းသား မို့။ ဒီပြင်မင်းသမီးတွေ သူကိုယ်တွယ်လာတာ ဒါထက် ဆိုးသေးတယ် မဟုတ်လား၊ အခု ခင်ထွေးဘယ်မလဲ။

"ဗမာ့ခေတ် ဦးအုန်းခင်တို့ အိမ်မယ် သိမ်းထားတယ်လို့ ကြားတာပဲ"
ထိုအချိန်ကမူ ဗမာ့ခေတ်ဦးအုန်းခင်နှင့် ဒဂုန်ခင်ခင်လေးသည် စာရေးဆရာအသင်းကြီး၏ အမှုဆောင် လူကြီးများဖြစ်သည့်အပြင် အသင်းကြီးအား ကိုယ်ဖိရင်ဖိ၊ ငွေအားလူအား အကူအညီ ဆုံး ဖြစ်သည်။
ဦးအုန်းခင်တို့လည်း ဇာတ်လမ်းနှင့်အချိန်ကို နားလည်သည်။ သင့်သလို စီမံထားကောင်းပါရဲ့။ တစ်ခုခက် နေသည်က ထိုနေ့တွင် တင်ငွေ ခတ်ထိုထိုနှင့် မြိုင်ရုံနားကမခွာ၊ တင်ငွေမြိုင်ရုံတွင်ရှိက ခင်ထွေး က၀ံ့မည် မဟုတ်။

ရှေ့ပိုင်းလည်းဆွဲ၊ မိန်းမပျိုဆွဲ၊ ပါးရိုက်နောင်ဂျိမ်ခန်း ထွက်နေသည် တိုင်အောင် ခင်ထွေး မရောက်လာသေး။ ရွာသား တွေ ဟစ်တိုင်ကဟစ်။ သီဟဗာ ကို မင်းကြီးသားဆိုးကြောင်း မေးချိန်ကျ မှ မော်တော်ကားနှင့် ခင်ထွေး ရောက်လာသည်။ မိတ်ကပ်လုပ်ပြီးဖြစ်၍ တော်သေးသည်။
ခင်ထွေး သည် ဤစာရေးသူအနားသို့ အပြေးကလေး ကပ်လာကာ ကျီးကန်းတောင်မှောက် အမူအရာနှင့် "အစ်ကိုကြီး ကိုမောင်ငွေ ဒီမှာရှိရင်တော့ အထွေး က၀ံ့မှာ မဟုတ်ဘူး၊ ကြည့်စီစဉ်ပါ အုံး" ဟု ပြော၏။ အေး-အေး အစ်ကိုကြီး စီမံလိုက်မယ်။ ညည်းအခန်းသာ စိတ်ချလက်ချ က ပေတော့" ဟု အားပေးစကား ပြောလိုက်ရသည်။

ဖိုးတင်ငွေ သည် ငါ့အားလေးစားပုံရသည်။ ခင်မင်ပုံရသည်၊ ငါ့စကားကို နားထောင်မှာပါပဲ။ ဤသို့ ယုံကြည်ချက်ဖြင့် တင်ငွေအားခေါ်ကာ အနှောင့်အယှက် မပေးရန် တောင်းပန်သည်။ သူကလည်း လူကြီး လူကောင်း သားတစ်ယောက်ပါ။ ဤမျှရမ်းကားမည် မဟုတ်ကြောင်း ပြော၏။

သို့နှင့် စိတ်မချသေး၊ မောင်ရင် ဒီအနားရှိရင် ခင်ထွေး ကောင်းကောင်းက၀ံ့မှာ မဟုတ်ဘူး၊ ဒီတော့ ဒီနားမှာ မနေစေချင်ဘူးဟု ပြောရရာ၊ နောက်ဆုံး ခင်ထွေးရခွင့်ရှိသော ငွေထဲမှ ငွေ ၅၀၀ိ/ ထုတ်ပေးလိုက်ရသည်။ သူလည်း ဒလ ဘက် ပို့ထားသော သူ့မြင်းများ ရှိရာသို့ သွားပါမည်ဟု ဆိုက်ကားတစ်စီးနှင့် ထွက်ခွာ သွား တော့ရာ မျက်စိတဆုံး လိုက်၍ ကြည့်ရသေးသည်။
ခင်ထွေးလည်း သည်တော့မှ စိတ်ချလက်ချ ကပြနိုင်သည်။ သုခရော ခင်ထွေးရော မနေ့က နှစ်ပါး သွားဖြစ်ပုံ မေးကြည့်တော့ သုခ ကလဲ သူဘာမှမသိ၊ ခင်ထွေးကလည်း ဘာမှ မဟုတ်ပါဘူး၊ ကိုမောင်ငွေ ဂြိုဟ်ထိုးတာ ပါဟု ပြောသည်။

ဤသည်လျှင် ခေါင်းစဉ်တပ်ထားသည့်အတိုင်း ကြိုးနှင့်အိုး သဘောကို ဆင်ခြင်သုံးသပ်မိသည်။
ဝိဇယ ပြဇာတ်မှာ၊ ၇-ရက်နှင့် မပြီးသေး။ နောက်ထပ် ၅ရက် ဆက်၍ ပြရသည်။ ခရစ် ၁၉၄၅ ခု၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့။ မြန်မာ ၁၃၆၀ ခု၊ တပေါင်းလဆန်း ၂ရက်၊ တနင်္လာနေ့သည် နောက်ဆုံးနေ့ ဖြစ်၏။ အဓိပတိ ဒေါက်တာဘမော် နှင့်တကွ။ ၀န်ကြီးများ ကြွရောက်ကြည့်ရှု့ကြ သည်။

ထိုပြဇာတ်ကြောင့်။ အသင်းအမှုဆောင်လူကြီး ၁၅ယောက်အား ဂျပန်ကင်ပေတိုင်က ဆွဲမလိုလို သတင်းပြေး နေသည်။ ထိုစဉ်က ဥက္ကဌမှာ ဦးသိမ်းမောင် ဖြစ်၏။ စာရေးသူမှာ အမှုဆောင်ဖြစ်ရာ၊ ဆွဲလျှင်လည်း မသက်သာ အမှုဆောင်ဖြစ်ရာ၊ ဆွဲလျှင်လည်း မသက်သာ အမှုဆောင် လူကြီးများ သဘောတူညီချက်အရ၊ ဦးသိမ်းမောင်သည် ထိုနောက်ဆုံးနေ့၌ စင်မြင့်ကနေပြီးလျှင် မြန်မာပြည် အစိုးရက အင်္ဂလိပ်နှင့် အမေရိကန် တို့အား စစ်ကျေညာသည်ကို ဤစာရေးဆရာအသင်းကြီးက ထောက်ခံပါကြောင်းဟူ၍ အကျယ်တ၀င့် ဖတ်ကြား လေတော့သည်။
ဝိဇယပြဇာတ် ကို ၁၂ ရက် တိုင်တိုင် နောက်ပိုင်းကစီးနေရတော့ ပြဇာတ်အဖွဲ့ဝင် အချင်းချင်း ရင်းနှီး ဆက်သွယ်ပုံ ကို ကောင်းစွာအကဲခတ်နိုင်သည်။

ရှေးလူကြီးများကတော့ သွေးသားမတော်စပ်သည့် မိန်းမယောက်ျားနီးနီးကပ်ကပ်ထားလျှင် တစုံတခု ဖြစ် တတ် သည် ဟု၊ ကြိုးချင်းထားလျှင် ကြိုးချင်းညိတတ်ည်။ အိုးချင်းထားလျှင် အိုးချင်းထိ တတ်သည်ဟု စကားပုံ ထားခဲ့ခြင်း စြဖ်သည်။
တကယ့် ကြိုးချင်း အိုးချင်းထိတော့ ...
ပြဇာတ်တွေမှာ ဖြစ်သည်။ မညိဘဲ မထိဘဲ ဖြစ်ကို မဖြစ်တော့ပေ။
သုခ က ခင်ထွေးပါးကိုင်သည်။ တင်ငွေ က သုခ မရိုးဟု စိတ်ဆိုးသည်။ သုခ တွင် မယားကြီး မငွေရင် ရှိသည်။ ခင်ထွေး သည်လည်း လင်ယောကျာ်း တင်ငွေ နှင့် ဒု၊ သ၊ န၊ သော အထိ။ ကြဲဝံ့ကြ ပါ့မလား သုခနှင့် ခင်ထွေး အဖို့ မှာတော့ ဘာမျှ မဖြစ်ပေ။ ရိုးရိုးသားသားပင်။

သို့ရာတွင် ကြားသိရသမျှ ပြဇာတ်နှင့် ရုပ်ရှင်နယ်တွင် ကြိုး၊ အိုး၊ လွန်းကြသည်အတွက် ဒု သ န သော။ မရှောင်ဖြစ်ကြသည်ကို နာမည်စုံတွဲနှင့် တကွ။ အတွင်းရေးသိသူများက ပြောပြဖူး၏။
တယောက်နှင့်တယောက် ရယ်စရာမောစရာ ပြောလိုက် ပြောင်လိုက်နောက်လိုက်၊ ပုတ်လိုက် ခတ်လိုက်။ ဆွဲလိုက်ငင်လိုက်၊ ဇာတ်စင်ကြားတွင် လက်ပွန်းတတီး ရင်းနှီးနေကြရာ အများအားဖြင့် တခုခု ဖြစ်တတ်သည်။ သွေးနှင့်ကိုယ် သားနှင့်ကိုယ် ညိ၊ ထိ၊ ဖန် များတော့ တခါမဖောက်၊ တခါဖောက် တတ်သည်။ ဤသို့နှင့်ပင် မှတ်ချက် ချမိသည်။

စာရေးသူ - မဟာဆွေ
(မင်္ဂလာစာစောင်မှ ကူးယူဖော်ပြပါသည်။)
.

1 comment:

မေဓာဝီ said...

ဒီပို့စ်ဖတ်မှပဲ မင်းသမီးကြီး ဒေါ်သီတာခင်ထွေးကို ပြန်သတိရသွားတယ်။ မေ့နေတာကြာပေါ့။ ရာမဇာတ်မှာ သီတာမင်းသမီးနေရာက သရုပ်ဆောင်တာ အောင်မြင်သွားလို့ ဒေါ်ခင်ထွေးကို သီတာခင်ထွေးလို့ ခေါ်ကြတယ်လို့ ကြားဖူးခဲ့တယ်။ ဟုတ်မဟုတ်တော့ မသိဘူး။ ပြဇာတ်ခေတ်ကို မမီလိုက်တာ နာတာပဲ။ ပြဇာတ်ကမှ တကယ်ကို live သရုပ်ဆောင်ရတာမို့ ပညာပိုပါတယ်လို့ ထင်တယ်။

ဒေါ်သီတာခင်ထွေးကို သိတဲ့ အချိန်ကျတော့ ရုပ်ရှင်ခေတ် ရောက်နေပြီ။ အရင်ခေတ်က အဖြူအမဲ ရုပ်ရှင်ဇာတ်ကားတွေမှာ ဦးသိန်းမောင်တို့ ဒေါ်သီတာခင်ထွေးတို့ အဖေခန်း အမေခန်း သရုပ်ဆောင်ရင် ကြည့်လို့ သိပ်ကောင်းတာပဲ။ ခုခေတ်ကလေးတွေတော့ သီတာခင်ထွေးဆို သိကြပါ့မလားပဲ ... ။