အခန်း(၁၉)
ကျောင်းသည် ကျွန်တော့်အတွက် အပျော်ဆုံးနေရာ ဖြစ်လာသည်။ ကျောင်းဆရာဘ၀ရောက်မှ ယုံကြည်မှု အသစ် တွေ၊ ခွန်အားသစ်တွေ ကျွန်တော် ရလာသည်။ မကြာမီ အချိန်အတွင်း ကျွန်တော်သည် ကျောင်းသားလောက နှင့်သာမက ကျောင်းပတ်ဝန်းကျင်နှင့်ပါ ထိတွေ့ကာ သူ့တို့ဘ၀ကို အတွင်းကျကျ သိရှိ နားလည်ခွင့် ရလာသည်။
တစ်ခါတစ်ရံ ၀တ်တနေလမ်းကို ကျွန်တော် ဖြတ်လျှောက်ဖြစ်သည်။ တစ်ဖက်တစ်ချက်တွင် ဆိုင်ခန်းငယ် ကလေးတွေ၊ တွန်းလှည်းဆိုင်ကလေးတွေနှင့် ပြည့်ကျပ် ပြွတ်သိပ်နေသည့် ဈေးလမ်း ကလေး။ ရောင်းကုန် တွေက မျိုးစုံလှသည်။ သစ်သီးဝလံ၊ သား၊ ငါး ပုစွန်၊ ကုန်စိမ်း ကုန်ခြောက်၊ မုန့်မျိုးစုံမှ အထည်ဆိုင်များအထိ ရှိသည်။
အချို့ တွန်းလှည်းများကို ဆိုင်ရှေ့ မျက်နှာစာအဖြစ် ခင်းကျင်းထားကြသည်။ မကြာခင် ဈေးသူ ဈေးသားတွေ ကျွန်တော် ဘယ်သူဘယ်ဝါ ဆိုတာ သိသွားကြသည်။ ကျွန်တော့်ကို ပြုံးပြုံးရွှင်ရွှင် နှုတ်ဆက်ကြသည်။ တစ်ခါတစ်ရံ သူတို့အချင်းချင်း ပြောကြသံများကိုလည်း ကြားရတတ်၏။
"အဲဒါ မာရီတို့ ဆရာလေ"
"အဲဒါ ဂရင်းစလိတ်က ဆရာပေါ့၊ ဂျုံးက သူ့အတန်းမှာလေ၊ ကျောင်းသူ ကျောင်းသားတွေအပေါ်မှာ သိပ် စေတနာ ရှိတာတဲ့အေ့"
တစ်နေ့ သစ်သီးဆိုင်တစ်ဆိုင်ရှေ့တွင် ကျွန်တော် ရပ်လိုက်သည်။ ဆိုင်ရှင် မိန်းမကြီးက ၀၀တုတ်တုတ်ကြီး။ ပန်းသီး တွေ ချိန်တွယ်နေရင်း ကျွန်တော့်ကို ပြုံးပြပြီး။
"မော်တစ်ယောက် တနင်္ဂနွေနေ့က စေ့စပ်လိုက်ပြီး ဆရာ"
မော်ဆိုသည့် မိန်းကလေးကို ကျွန်တော် မကြားဖူး၍ အူကြောင်ကြောင် ဖြစ်သွားသည်။ အဒေါ်ကြီးက ဒါကို ချက်ချင်း အကဲခတ်မိပြီး -
"ဆရာ့အတန်းက၊ အင်း ... ဘလိုးကို သိတယ် မဟုတ်လား၊ သူ့အစ်မပေါ့ ဆရာရဲ့၊ အမေရိကန် စစ်သား တစ်ယောက် နဲ့ လေ၊ ကောင်လေးက ရည်ရည်မွန်မွန်ပဲ ဆရာရဲ့"
တစ်ခါတစ်လေ လည်း "ဆရာ ဒီလမ်းကလာမှာပဲဆိုပြီး ကျွန်မ စောင့်နေတာ" ဟု ဆိုကာ ကျောင်းပျက်သည့် ကလေး မိဘများ ကျွန်တော့်ကို နှုတ်ဖြင့် ခွင့်တောင်းတတ်သည်။
ဤသို့ဖြင့် ကျွန်တော်သည် တစ်နေ့တခြား သူတို့တစ်တွေနှင့် အကျွမ်းတ၀င် ဖြစ်လာရသည်။ ရံခါတွင် သူတို့ အပြုအမူ ကြောင့် ကျွန်တော် မျက်နှာ အထားရခက်သည့်အခါလည်း ရှိသည်။
တစ်နေ့တွင် ပန်းသီးဝယ်ပြန်ချင်သည်နှင့် သစ်သီးဆိုင်တစ်ဆိုင်ရှေ့တွင် တန်းဝင်စီလိုက်သည်။ ဆိုင်ရှင် ဂျူး အမျိုး သမီးကြီး မစ္စက်ဂျိုးဇက်က တန်းနောက်ဆုံးတွင် ရပ်နေသော ကျွန်တော့်ကို မြင်သွားပြီး ရှေ့သို့လာခဲ့ဖို့ ခေါ်သည်။ ကျွန်တော့်အတွက် အလျင် ချိန်တွယ်ပေးရင်း မျက်မှောင် ကုတ်နေကြသည့် ကုန်ဈေးဝယ်သူ တွေကို တောင်းပန်သည်။
"သမီး မွိုင်ရာ တို့ ဆရာမို့ပါရှင်၊ သည်းခံကြပါ၊ ဆရာ အရေးကြီးလာပုံ ရလို့ပါနော်"
တစ်ပြိုင်တည်း တွင် ကလေးများနှင့် ကျွန်တော့် ဆက်ဆံရေးမှာလည်း တစ်နေ့တစ်ခြား တိုးတက် လာခဲ့သည်။ တစ်ဖက် နှင့် တစ်ဖက် သံယောဇဉ် ကြီးလာကြသည်။ အပြန်အလှန် ချစ်ခင်ရင်းနှီးမှု တွေ ရလာကြသည်။ သည်အတွက် ကျွန်တော့်မှာ ပျော်လို့မဆုံး၊ အားတက်လို့ မဆုံးနိုင်အောင် ဖြစ်ရပါ၏။
သူတို့ စိတ်ဝင်စားမည့် အကြောင်းအရာအသစ်တွေကို ကျွန်တော် နေ့စဉ် ချပေးသည်။ အပြန်အလှန် ဝေဖန် ဆွေးနွေး ခိုင်းသည်။ အကြောင်းအရာကို သူတို့ ချဉ်းကပ် တွေးခေါ်ပုံတွေ၊ ဝေဖန် သုံးသပ်ပုံတွေ သိသိသာသာ တိုးတက် လာသည်။ တစ်ယောက်နှင့်တစ်ယောက် အမြင်ချင်း မတူဘဲ အငြင်းအခုံ ဖြစ်သည့်အခါ များတွင် လည်း သည်းခံတတ်လာကြသည်။
သူတို့ကို သင်ကြားရင်း သူတို့ဆီမှ ကျွန်တော် ပညာ ပြန်ယူရသည့်အခါများလည်း ရှိပါသည်။ သူတို့ကို သူတို့ ပတ်ဝန်းကျင် နှင့် ယှဉ်ပြီး ကျွန်တော် တဖြည်းဖြည်း နားလည်လာသည်။ ပထမပိုင်းတွင် သူတို့ ၀တ်စား ဆင်ယင်မှုနှင့် ပတ်သက်ပြီး ကျွန်တော် လုံးဝ ဘ၀င်မကျခဲ့ပါ။ ကျောင်းသူကျောင်းသားများနှင့် လားလားမှ မသင့်သည့် ဆွယ်တာကျပ်ကျပ်၊ ဘောင်းဘီ ကျဉ်းကျဉ်း၊ စကတ် တင်းတင်းတွေ။
ခုတော့ သူတို့တစ်တွေ အ၀တ်အစားထက် တစ်ကိုယ်ရေ သန့်ရှင်းရေးကို အလေးပေးလာကြပါပြီ။ သူတို့ ဘာကြောင့် ဒီလို အ၀တ်အစားမျိုးတွေကို ကြိုက်ကြပါလိမ့်။ ဒါမျိုးတွေ ၀တ်လျှင် သူတို့၏ ကာယ အရည်အသွေး တွေ ပေါ်လွင်လာမည်ဟု ထင်နေကြ၍ ဖြစ်ပါလိမ့်မည်။
ထိုစဉ်တွင် ဆရာအသစ်တစ်ယောက် ကျောင်းကို ရောက်လာသည်။ ဆရာ့နာမည်က မစ္စတာဘဲလ်။ လက်ရှိ ဆရာအင်အားကို ယာယီ ထပ်ဖြည့်ပေးခြင်း ဖြစ်၏။ မစ္စတာဘဲလ်မှာ ပိန်ပိန် ပါးပါးနှင့် အသက် လေးဆယ်ခန့် ဖြစ်သည်။ ပိန်သော်လည်း ကျစ်လျစ်တောင့်တင်းသည်။ တပ်တွင်း ပညာရေးဌာနတွင် ကျောင်းဆရာ လုပ်ခဲ့ဖူးသည် ဆို၏။
စာသင်ချိန်အချို့နှင့် အတန်းကြီးများ ပီတိချိန်ကို ယူဖို့ ဆရာသစ်အာ ဆရာကြီးက တာဝန်ချထား လိုက်သည်။
ဆရာဘဲလ်၏ ၀ါသနာတစ်ခုမှာ ဓားခုတ် လေ့ကျင့်ခြင်း ဖြစ်၏။ သူသည် တင်းတင်းကျပ်ကျပ် အုပ်ချုပ်ပြီး လေ့ကျင့်ခန်း များကို တိတိကျကျ လုပ်စေသူ ဖြစ်၏။ ပီတိ လေ့ကျင့်ခန်းတစ်မျိုးကို အထပ်ထပ်အခါခါ လေ့ကျင့် ခိုင်း၏။ မနားမနေ လုပ်ခိုင်း၏။
ဆရာ၏ တင်းကျပ် ပြင်းထန်လှသော စည်းမျဉ်းများကို မကျေနပ်ကြသော်လည်း ကျောင်းသားတွေ ဇွဲနပဲဖြင့် ကြိတ်မှိတ် လိုက်နာကြသည်။
သို့သော် ဒင်ဟန်လို၊ ဆီးလ်လို၊ ဖာမင်လို အမာခံ ကျောင်းသားကြီးများအတွက် မထောင်းတာသော် လည်း အားကစား တွင် အားနည်းလှသည့် ရစ်ချတ်ဘာကလေအတွက် မချောင်တော့ပေ။
ရစ်ချတ်ဘာကလေး မှာ ပုပုဝ ချာတိတ်တစ်ယောက် ဖြစ်၏။ ကျောင်းစာတွင်ရော အားကစားတွင်ပါ အားနည်း သူ ဖြစ်၏။ သို့သော် လူချစ်လူခင် ပေါသည်။ သူ့ကို ဘယ်လောက်စစ စိတ်မဆိုးတတ်။ အတန်း ထဲတွင် သူ့ကို မညှာမတာ နောက်ပြောင် ကျီစယ်ကြသော်လည်း တခြားတစ်ယောက် ယောက်က ယင်းသို့ ပြုမူလျှင် သူ့ဘက် ၀ိုင်းရပ်ဖို့ အားလုံးအသင့် ရှိကြသည်။
ဘာကလေး သည် ပင်ကိုနှိုက်က အားကစားတွင် အထုံပါရမီနည်းသည့်ကလေး ဖြစ်၏။ သူ့ခန္ဓာကိုယ် ဖွဲ့စည်းပုံ ကိုက သိသာလှသည် ဒါကို ဘာကလေ က လူ့သဘာဝအရ တုံ့ပြန်ရသည်။ အားကစား ကဏ္ဍတိုင်းတွင် မပါ မနေ ကြိုးစားသည်။
သူ့ခန္ဓာကိုယ်နှင့် အခုန်အပျံ အလူးအလိမ့် လေ့ကျင့်ခန်းများတွင် ခရီးမတွင်ဘဲ ရယ်စရာသက်သက် ဖြစ်နေ တတ်သည်။ သို့သော် ဘာကလေက ဘယ်တော့မှ လက်မြှောက် အရှုံးမပေး။ အရာထင်သည် ဖြစ်စေ၊ မထင် သည်ဖြစ်စေ ခိုင်းသမျှ လုပ်သည်။
တဖြည်းဖြည်းနှင့် ဘာကလေသည် ဆရာဘဲလ်၏ အနှိပ်စက်ခံ ကျောင်းသားတစ်ယောက် ဖြစ်လာ သည်။ မဖြစ် ထွန်းနိုင်မှန်း သိလျက်နှင့် ကလေးကို မြှောက်ပင့်ပေးပြီး ခဲရာခဲဆစ် လေ့ကျင့်ခန်းများ ကို လုပ်ခိုင်း၏။ ဤသို့ဖြင့် ဘာကလေသည် ငပေါက်ကလေးတစ်ယောက် ဖြစ်မှန်းမသိ ဖြစ်လာ သည်။ တစ်တန်းတည်း သားတွေ က ဆရာဘဲလ် ၏ အပြုအမူကို ကန့်ကွက်ကြသည်။ သို့သော် ဆရာက လက်မခံဘလဲ သူတို့ကို ပြန်မဲ သည်။
သည်တော့မှ ကျောင်းသားတွေက သူတို့ အပတ်စဉ် ဝေဖန်ခန်းမှာ ထည့်ရေးကြသည်။ ဆရာကြီး အနေဖြင့် ဆရာ များ အစည်းအဝေးတွင် ချ ဆွေးနွေးရတော့၏။ ဆရာဘဲလ်ကို ကြည့်ပြီး -
"ကျောင်းသား တွေကတော့ ဆရာ့ ပီတိလေ့ကျင့်ခန်းကို ဝေဖန်ကုန်ကြပြီ၊ သူတို့ သိပ်ဘ၀င်မကျဘူး ထင်တယ်"
"ဘယ်လို ဝေဖန်ကြလို့လဲ မစ္စတာဖလောရင့်"
ဆရာဘဲလ် က ဆရာကြီးကို အမြဲတမ်း နာမည်ကို ခေါ်သည်။ မထီမဲ့မြင် ဆက်ဆံလေ့ရှိ၏။
"သူတို့ ရေးတဲ့အတိုင်း ဆိုရင် သူတို့ကို ဆရာ မလိုအပ်တာတွေ ဝေဖန်တယ် ထင်တယ်"
"အနံ့အသက် နဲ့ ပတ်သက်လို့လား"
"အင်း ... အဲဒါရယ်၊ သူတို့ အ၀တ်အစားတွေရယ်ပေါ့"
"ကျွန်တော် သူတို့ကို ရေမှန်မှန် ချိုးခိုင်းတာပါ"
"ကဲ ... ဒီမှာ ကျောင်းသားတစ်ယောက်က ဆရာပြောတကို ပြန်ရေးထားတာ ကြည့်ရအောင်"
ဆရာကြီးက ဖာမင်၏ စာအုပ်ကို ဖွင့်ပြီး -
"မင်းတို့ကိုယ်က အနံ့ဟာ အမှိုက်ပုံးစုတ်စော် နံနေတာပဲ" တဲ့။
ဆရာကြီးအသံက အေးစက်စက်။
"ကျွန်တော်က သူတို့ခြေထောက်တွေကို ပြောတာပါ။ ဖိနပ်ချွတ်လိုက်တဲ့အခါ ထွက်လာတဲ့ အနံ့က မခံ နိုင်အောင်ပဲ"
"တစ်ခုရှိတယ် ဆရာ၊ ဒီကလေးတွေထဲက တော်တော်များများ ရေပေါတဲ့ အရပ်မှာ မနေနိုင်ကြဘူး"
"ခြေထောက်ဆေးဖို့လောက်တော့ ရေရှိရမှာပေါ့ဗျာ"
"ဒါပေမဲ့ ဆရာ အနံ့မခံနိုင်တဲ့ ခြေအိတ်တွေကိုပဲ ပြန်ဝတ်တော့ ဘာထူးမှာလဲ"
"ဆရာ ဒီရပ်ကွက်ထဲမှာ နေဖူးသလား"
"ဟာဗျာ ... မဟုတ်တာ"
"ဒါဆို ဒီရပ်ကွက် အခြေအနေကို ဘယ်သိနိုင်မလဲ၊ ဆရာ အမှတ်မထင် ပြောပြောနေတဲ့ ရေဆိုတဲ့ ပစ္စည်းဟာ ဆရာထင်သလို သူတို့ စည်ပိုင်းတွေ၊ သူတို့ ရေချိုးကန်တွေထဲမှာ ရှိမနေပါဘူး၊ ချက်ဖို့ ပြုတ်ဖို့ သုံးလောက်ရုံကိုတောင် အနိုင်နိုင်ရယ်၊ အပေါ်ထပ်တွေဆိုရင် ရေတက်တာ မဟုတ်ဘူး။ လေးငါးအိမ်အတွက် တစ်ခုလောက်ရှိတဲ့ ရေပိုက်ခေါင်းမှာ ဆင်းခပ်ရတာ။ ဒီတော့ ဆရာပြောတဲ့ ဘာမှ မဖြစ်လောက်တဲ့ ခြေဆေး ဖို့ ကိစ္စကလေးဟာ သူတို့အတွက် အခက်အခဲတွေ အများကြီး"
ဆရာဘဲလ် ဘာမှ မပြောတော့ဘဲ ငြိမ်သွားသည်။
"ဆရာ့ တာဝန်ပိုင်းကို ကျုပ် ၀င်မစွက်ချင်ပါဘူး၊ အထူးသဖြင့် ပီတီ မှာ ဆရာဟာ ကျုပ်ထက် အပုံကြီး နားလည်တာပဲ၊ အဲဒီနေရာမှာလည်း သူတို့ဘက်က အခက်အခဲကလေးတွေကို ထည့်စဉ်းစားစေချင်တယ်"
ဆရာကြီးက ရုတ်ခြည်း စကားဖြတ်ပြီး တခြားအကြောင်းအရာ တစ်ခုကို လမ်းကြောင်း ပြောင်းပစ် လိုက်သည်။ ဆရာဘဲလ် မှာ မကျေမနပ် အမူအရာဖြင့် သုန်မှုန်နေ၏။
တနင်္လာနေ့ ညနေပိုင်းတွင် ပြဿနာခေါင်ခိုက်အောင် တက်လာတော့သည်။ အချင်းဖြစ်ပွားစဉ်က အားကစား ရုံထဲတွင် ကျွန်တော် ရှိမနေသော်လည်း ကျောင်းသားများထံမှ ကြားရပုံနှင့် မစ္စတာဘဲလ် ပြောပုံကို ကြည့်ပြီး အဖြစ်မှန် ကို ကျွန်တော် ပုံဖော်ကြည့်နိုင်ခဲ့ပါသည်။
မြင်းခုန်ဘား လေ့ကျင့်ခန်း လုပ်နေကြစဉ် ဖြစ်၏။ ဘာကလေ အတွက် အလွန်မလွယ်သည့် လေ့ကျင့်ခန်း။ ထို့ကြောင့် အသာ ချောင်ခိုနေလိုက်သည်။ သို့သော် ဆရာဘဲလ် မြင်သွားသည်။
"ဟေ့ ... ဘာကလေ" ဟု လှမ်းအော်ခေါ်သည်။
"ဟုတ်ကဲ့ ဆရာ"
"လာလေကွာ၊ မင်း မခုန်ရသေးပါဘူး၊ ငါ မင်းကို စောင့်နေတာ"
ဆရာက ထုံးစံအတိုင်း မြင်းခုန်ဘားနံဘေးတွင် ရပ်စောင့်နေသည်။ မတော်တဆ မဟန်နိုင်ဘဲ အရှိန်လွန် ကျလာလျှင် ၀င်ထိန်းပေးရန် ဖြစ်၏။ ဘာကလေက မလှုပ်။ ဆရာဘဲလ်က ဒေါတသကြီး စိုက်ကြည့်နေသည်။ ဤတွင် ဒင်ဟန်က ကြားဝင်ပြီး -
"ဘာကလေ ခုန်နိုင်မှာ မဟုတ်ဘူး ဆရာ၊ သူ့အတွက် သိပ်မြင့်လွန်းတယ်"
ဆရာဘဲလ် လှမ်းအော်သည်။
"မင်းပါးစပ် ပိတ်ထားစမ်း ဒင်ဟန်၊ ငါ မတောင်းမချင်း မင်းဘာအကြံဥာဏ်မှ ၀င်မပေးနဲ့"
ဆရာဘဲလ် က ဘာကလေဆီသို့ လျှောက်သွားသည်။ ဘာကလေသည် ဆရာလုပ်သူကို ထိတ်လန့် ကြောက်ရွံ့ သည့် မျက်လုံးကြီးများဖြင့် စိုက်ကြည့်နေ၏။ ဆရာက သူ့အပေါ် မိုးရပ်လိုက်ပြီး-
"ကဲ ... မင်း ငါပြောတဲ့အတိုင်း လုပ်မလား၊ မလုပ်ဘူးလား"
"လုပ်ပါ့မယ် ဆရာ"
အားလုံး အသက်မရှူဘဲ မြင်းခုန်ဘေးကို အာရုံစိုက်ကြည့်နေကြသည်။ ဘာကလေက နှုတ်ခမ်းကို လျှာဖြင့် တစ်ချက် သပ်လိုက်ပြီး ဆရာ သူ့နေရာ ပြန်ရောက်သည်အထိ စောင့်နေသည်။ ရင်တွေ တဒိုင်းဒိုင်း ခုန်လျက်။
ပြီးမှ ကြောက်ကြောက်လန့်လန်နှင့် တအားပြေးချေသွားပြီး မြင်းခုန်းဘားပေါ်ကို လက်နှစ်ဖက်ဖြင့် အားပြုကာ ခုန်ချ လိုက်သည်။ ဘားတန်းခြေထောင်တစ်ဖက်သည် ဖြောင်းခနဲ ကျိုးထွက်သွားသည်။ ဘာကလေသည် လက်ဆန့် ထားသည့် ဆရာဘဲလ်ဘက်သို့ မရောက်တော့ဘဲ မြင်းခုန်ဘားနှင့် ရောထွေးကာ ကြမ်းပြင်ပေါ်သို့ ၀ုန်းခနဲ ကျသွားတော့သည်။
မြင်ကွင်းကြောင့် တစ်တန်းလုံး ကြက်သေ သေနေကြ၏။ ဘာကလေ ခမျာ မလှုပ်နိုင်တော့ဘဲ ကျသည့် အနေအထား အတိုင်း ငြိမ်သွားသည်။ စက္ကန့်ပိုင်းအတွင်း သတိဝင်လာပြီး အတန်းသား တွေ သူ့ဆီသို့ ပြေးသွား ကြသည်။
သို့သော် ဘာကလေဆီသို့ ပြေးသွားသည့် အုပ်စုထဲတွင် ပေါ်တာတစ်ယောက် မပါ။ အလွန် သဘော ကောင်းသော ပေါ်တာ ဆိုသည့်ကောင်ကြီး စိတ်ဆိုးလေပြီ။ သူ့မျက်လုံးများထဲတွင် ဘာမျှ မမြင်တော့။ ကျိုးထွက် လွင့်စဉ် လာသည့် ဘားတန်းခြေထောက်ကို ကောက်ပြီး ဆရာဘဲလ်ဆီသို့ ပြေးဝင်သွားသည်။
"အသုံးမကျတဲ့ ဆရာ၊ သေပေတော့"
"ဟေ့ ပေါ်တာ၊ လွှတ်ချလိုက်စမ်း၊ မင်း ဘာကောင်လဲ"
ဆရာဘဲလ် က ဒေါသအိုး ပေါက်ကွဲနေသည့် ပေါ်တာအား အော်ပြောရင်း နောက်ဆုတ် နောက်ဆုတ်နှင့် ရှောင်သည်။
"သူ မလုပ်နိုင်တာကို ခင်ဗျား ဇွတ်လုပ်ခိုင်းတယ်"
ပေါ်တာ က အသံကုန်ပြောရင်း ရှေ့တိုးသွားသည်။
"မမိုက်ချင်ပါနဲ့ ပေါ်တာ၊ မင်းလက်ထဲက ဟာကို လွှတ်ချလိုက်ပါ"
ဆရာဘဲလ်က တောင်းပန်သည့်အသံ စွက်ပြီး ပြောသည်။
"ခင်ဗျားဟာ လူသတ်သမား၊ ခင်ဗျားကို ကျုပ် ပြန်သတ်မယ်"
ဆရာဘဲလ်သည် ဗလသေးသူ မဟုတ်။ သို့သော် ဒေါသအမျက် ခြောင်းခြောင်းထွက်နေသည့် ပေါ်တာနှင့် စာလျှင် သေးငယ်သွားသလို ထင်ရ၏။ ပေါ်တာသည် ဧရာမ သစ်သားချောင်းကြီးကို အားပါးတရ လွှဲပြီး ...။
ထိုစဉ် ကျွန်တော် ရောက်သွားခြင်း ဖြစ်၏။
တစ်ဂျက်ဆင်က ကြောက်အား လန့်အားဖြင့် ကျွန်တော့် အခန်းထဲအထိ ပြေးတက်လာပြီး ...
"ဆရာ ... မြန်မြန်လုပ်ပါ ဆရာ၊ အောက်မှာ ချကုန်ပြီ၊ အားကစားခန်းမထဲမှာ ဆရာ ... မြန်မြန်လုပ်ပါ ဆရာ"
ကျွန်တော် ရောက်သွားချိန်တွင် နောက်ဆုတ် နောက်ဆုတ်နှင့် ရှောင်နေသော ဆရာဘဲလ်အတွက် ထပ်ဆုတ်စရာ မရှိတော့။ နောက်တွင် နံရံခံနေပြီ။ ပေါ်တာကလည်း စိတ်နှလုံး တုံးတုံးချထားသည့် ပုံစံဖြင့် တအား လွှဲရိုက်တော့မည်ဆဲဆဲ ...
"ဟေ့ ... ပေါ်တာ၊ မလုပ်နဲ့"
ကျွန်တော့်အသံ ကြားတော့ ပေါ်တာ လှည့်ကြည့်သည်။ သူတို့နှစ်ယောက်ကြားကို ကျွန်တော် ချက်ချင်း ရောက်သွားပြီး ၀င်ရပ်လိုက်သည်။
"ပေး ... အဲဒါ ဆရာ့ကို ပေး"
ကျွန်တော်က လက်ဆန့်ပေးပြီး တောင်းလိုက်သည်။ သို့သော် ကျွန်တော့်နောက်က ဆရာဘဲလ်ကို ကျော်ကြည့်ပြီး တဟီးဟီးနှင့် သူအံကြိတ်နေဆဲ။ သူ့ကို ဒေါသစိတ်က လုံးဝ လွှမ်းမိုးထားလေပြီ။ ကြောက်စရာ အတိ ဖြစ်နေ၏။
"ပေးလေကွာ၊ အဲဒါ ထားခဲ့ပြီး ဟိုမှာ ဘာကလေ ဆီ မင်း သွားကူလိုက်"
သည်တော့မှ သူငယ်ချင်းတစ်သိုက်ဘက်သို့ သူ လှည့်ကြည့်သည်။ ကျွန်တော်က သူ့အနား တိုးသွားပြီး သစ်သားချောင်းကို ဆွဲယူလိုက်သည်။ သစ်သားချောင်းကြီးကို အသာတကြည် ပေးပြီး ဘာကလေဆီသို့ ပြန် သွားသည်။
ဤတွင်မှ ဆရာဘဲလ် အခန်းထဲမှ ထွက်သွားနိုင်တော့၏။ သူတို့ တစ်သိုက် ရှိရာသို့ ကျွန်တော် လျှောက် သွားသည်။ ဒင်ဟန်က ထပြီး ကျွန်တော်နှင့် မျက်နှာချင်းဆိုင် ရပ်သည်။ သူ့မျက်နှာမှာ ဒေါသဖြစ်လွန်းသဖြင့် ဖြူရော်ရော် ဖြစ်နေ၏။
"ဆော်ထည့်လိုက်ဖို့ကောင်းတာ ဆရာ၊ ဘာကလေ မခုန်နိုင်ပါဘူးလို့ ကျွန်တော် ပြောရက်သားနဲ့"
ကျွန်တော် အသာ နားထောင်နေလိုက်သည်။ သူတို့တစ်တွေ ဒေါသဖြစ်နေကြချိန်မို့ အဆဲအဆိုး ကလေးတွေ ပြန်ပါ လာခြင်း ဖြစ်ပါ၏။
ဆာပီယာနိုနှင့် ဆီးလ်တို့က ဘာကလေကို တွဲထူးပြီး ကြမ်းပြင်ပေါ်တွင် ထိုင်ပေးလိုက်ကြသည်။ ကျွန်တော် ငုံ့ကြည့်တော့ ဘာကလေက ရှက်ကိုးရှက်ကန်း ပြုံးသည်။
"ဟေ့ကောင်ကြီး၊ ဘယ့်နှယ်နေသေးလဲ"
"တော်တော် နာသွားတယ် ဆရာ"
သူက ပြုံးပြီး ဖြေသည်။
"ဆရာ မြင်စေချင်တယ်၊ လူရော မြင်းရော တစ်ခါတည်း ၀ုန်းခနဲ ပစ်ကျသွားတာ ဆရာ"
"မြင်းခုန် ဘားကြီး ခြေထောက်ကျိုးသွားတဲ့ အသံက တအားပဲ ဆရာ"
"အလကား ဆရာဘဲလ်၊ ဘာကလေကို လုံးဝ မဖမ်းနိုင်ဘူး"
သူတို့ တစ်တွေ ကျွန်တော့်ကို လုပြောနေခြင်း ဖြစ်သည်။
"ဘာကလေကို အမြဲ နှိပ်စက်တယ် ဆရာ"
ဆာပီယာနို ၏ ဝေဖန်သံ ဖြစ်၏။ မော်လတာကျွန်းသားပီပီ သွေးဆူလွယ်သူ ဖြစ်၏။
"ငါ့လက်ထဲမှာသာ တုတ်ရှိရင် ဘယ်သူဆွဲဆွဲရမှာ မဟုတ်ဘူး"
ဒင်ဟန်က လက်စားမချေလိုက်ရ၍ တနုံ့နုံ့ ဖြစ်နေဆဲ။
"မင်း ရပ်နိုင်မလား ဘာကလေ"
ကျွန်တော် မေးလိုက်တော့ ဆီးလ်နှင့် ဆာပီယာနိုကို အားပြုပြီး ဘာကလေ ထရပ်သည်။ မျက်နှာ ဖြူဖပ်ဖြူရော် နှင့် ဒယီးဒယိုင် ဖြစ်နေ၏။ ကျွန်တော်က ဒင်ဟန့်ဘက် လှည့်ပြီး ...
"ဒင်ဟန်၊ မင်းပါ ၀င်တွဲကွာ၊ မစ္စက်ဒေးလ်အီဗန်ဆီ ခေါ်သွား၊ လက်ဖက်ရည်တစ်ခွက်လောက် တိုက်ဖို့ ဆရာ ပြောလိုက်မယ်၊ ပြီးတော့ သူ့ကို အဲဒီမှာ ထားခဲ့၊ မင်းတို့ အတန်းထဲ ပြန်ကြ၊ ဆရာ ခုပဲ လာခဲ့မယ်"
ပြောပြောဆိုဆို လှည့်ထွက်လာခဲ့ပြီး ဆရာများအခန်းသို့ ဘဲလ်ကို ရှာရန် ကျွန်တော် ထွက်ခဲ့သည်။ အပြင်ပန်းအားဖြင့် ဘာကလေမှာ စိုးရိမ်စရာမရှိပေ။ သို့သော် သေသေချာချာ စစ်ဆေးဖို့ လိုသေး သည်။ အတွင်းကြေဒဏ်ရာမျိုး ရှိကောင်းရှိဦးမည်။ ကျောင်းကောင်စီ စည်းမျဉ်းအရ ထိခိုက် ဒဏ်ရာရမှုအားလုံး ဆရာကြီးထံ အစီရင်ခံရမည်။ သည်ကိစ္စကို အရိပ်အမြွက် သတိပေးထားလျက် က ဖြစ်သည်ဆိုတော့ ဆရာဘဲလ်အပေါ် ဆရာကြီး ခွင့်လွှတ်ချင်မှ ခွင့်လွှတ်လိမ့်မည်။
အခန်းထဲတွင် ဆရာဘဲလ် မျက်နှာသစ်နေသည်ကို တွေ့ရ၏။
"ဘာကလေကို ကျွန်တော် အပေါ်ပို့လိုက်ပြီ၊ လက်ဖက်ရည်အတိုက် ခိုင်းထားလိုက်တယ်၊ ဘာမှ မဖြစ်ပါစေနဲ့ လို့ ဆုတောင်းရတာပဲ"
"အဲဒီတော့ ..."
သူ့လေသံက ရန်လိုနေသည့် လေသံမျိုး။
"အဲဒီတော့ လုပ်စရာရှိတာ လုပ်မှာပေါ့ဗျာ၊ ခင်ဗျားလည်း ဥပဒေ နားလည်သားပဲ၊ ဆရာကြီးဆီ သတင်းပို့ ရမှာပေါ့"
"ကောင်းပြီ၊ ကျုပ် ခုချက်ချင်း သွားမယ်၊ ချာတိတ်ကို လုပ်စရာရှိတာ လုပ်ပေးမလို့ပါ၊ ဟိုတစ်ကောင် ၀င်ရှုပ် နေလို့၊ ခင်ဗျား ၀င်လာတာ ကျေးဇူးတင်ပါတယ်လေ"
"အဲဒါ ထားလိုက်ပါ၊ ဆရာ ဘာပြုလို့ဒီကလေးကို ဇွတ်ကြီး အခုန်ခိုင်းရတာလဲ"
"သူများ ခုန်ရင် သူလည်း ခုန်ရမှာပေါ့၊ အမိန့်ကို မနာခံလိုတော့ ဘယ်ရမလဲ၊ အားလုံးကလည်း ကျုပ်ကို ၀ိုင်းကြည့် နေကြတယ်လေ။ ကျုပ်ဘက်က တစ်ခုခုတော့ လုပ်ရမှာပေါ့"
သူ့ကိုယ်သူ ကာကွယ်နေခြင်း ဖြစ်၏။
"ကျွန်တော် ဆရာ့ကို ဝေဖန်နေတာ မဟုတ်ပါဘူး။ မေးရုံ မေးကြည့်တာပါ။ ဘာကလေဟာ တစ်တန်းလုံးရဲ့ အချစ်တော် ဗျ၊ ဒါကြောင့် ပေါ်တာ မခံမရပ်နိုင် ဖြစ်သွားတာ"
"သူ ခုန်တာ ပုံမကျလို့ ဖြစ်သွားတာပါ၊ ကျွန်တော် ဘယ်လိုမှ မဖမ်းလိုက်နိုင်ဘူး"
"သူ ဒီဘက်မှာ လုံးဝ ပါရမီ မရှိပါဘူး။ အဲဒါ ဆရာသိတယ် မဟုတ်လား၊ ဒါပေမဲ့ ဖြစ်ပုံကို ပြောပြရင် ဆရာကြီး နားလည် မှာပါလေ"
"သူ ဟိုနေ့က သတိပေးလျက်နဲ့ ဖြစ်သွားတော့ အဘိုးကြီး ဒေါပွမယ် ထင်တယ်"
"မတော်တဆ ဖြစ်တာပဲဗျာ၊ ချာတိတ် ပြင်းပြင်းထန်ထန် ဒဏ်ရာ မရတာ သိပ်ကံကောင်းတယ်နော်"
ဆရာဘဲလ် က လက်သုတ်ပြီး ပြတင်းပေါက်တွင် သွားရပ်နေရာမှ ...
"အပတ်စဉ် ဝေဖန်ခန်းမှာ သူတို့ ကျွန်တော့်ကို အကြီးအကျယ် ဆော်ကြဦးမှာပေါ့ ဟုတ်လား"
"ကျွန်တော် ချာတိတ်တွေကို အတတ်နိုင်ဆုံး ထိန်းပေးပါ့မယ် ဆရာ၊ ပေါ်တာလည်း သွေးအေးသွားရင် ငြိမ်သွား မှာပါ"
အခန်းထဲမှ ဆရာဘဲလ် ထွက်သွားသည်နှင့် ဆရာမ ကလင်တီ ၀င်လာသည်။
"ဘာတွေ ဖြစ်နေကြတာလဲ ဆရာ၊ ဘာကလေကို အပေါ်ထပ် တွဲတက်သွားတာလည်း တွေ့လိုက်တယ်"
အဖြစ်အပျက် ကို ကျွန်တော် ပြောပြလိုက်သည်။
"ဆရာဘဲလ်တော့ ဆရာကြီးအခန်း သွားလေရဲ့"
ဆရာမက ရယ်ပြီး ...
"ပေါ်တာက ဆရာဘဲလ်ကို ရိုက်တော့မလို့၊ ဟုတ်လား ဆရာ၊ ကျွန်မ ဒီချာတိတ်ကို လူအေးကလေး ထင်နေတာ။ အင်း .. အကဲခတ်ရခက်တယ်နော်"
"သူတစ်ယောက်တည်း မဟုတ်ဘူး ဆရာမ၊ ဆာပီယာနိုနဲ့ ဒင်ဟန်တို့လည်း ဒေါပွကြတာပဲ၊ ဘာကလေ အနား မှာ အလုပ်ရှုပ်နေကြလို့ပေါ့၊ မဟုတ်ရင် အဲဒီဆရာ မချောင်ဘူး"
"ဒီဆရာ ကြည့်ရတာ တစ်မျိုးပဲ၊ သိပ် အတွေ့အကြုံ ရှိဟန် မတူပါဘူး၊ ဒါကြောင့် မလုပ်သင့်တာတွေ သူ စွတ်လုပ်နေတာပေါ့"
"ပီတိမှာ စည်းကမ်းကြီးရုံ၊ အမောင်းကြမ်းရုံလောက်နဲ့ ကလေးတွေ မဖြုံပါဘူး ဆရာမ၊ ဘာကလေ ကိစ္စကြောင့် သူတို့ မခံမရပ်နိုင် ဖြစ်ကြတာပါ။ ဘာကလေနေရာမှာ ဒင်ဟန်လိုကောင်ဆိုရင် မလွယ်ဘူး ဆရာမ"
"အင်း ... သူ့ကို တိုင်ရုံးက ဘယ်လောက်ကြာကြာများ ဒီမှာ ဆက်ထားဦးမယ် မသိဘူး၊ သူက စပြီး ရန်လိုမနေပါစေနဲ့လို့ ကျွန်မတို့ ဆုတောင်းရမှာပဲ"
"သွေးအေးသွားရင် ငြိမ်သွားမှာပါ ဆရာမ၊ ကျွန်တော် အတန်းထဲ သွားလိုက်ဦးမယ်"
ဆရာမကို ခပ်သွက်သွက် နှုတ်ဆက်ပြီး ကျွန်တော် ထွက်ခဲ့သည်။ ဆရာမကလင်တီနှင့် ကျွန်တော် နှစ်ယောက်တည်း နေရာမှာ ခပ်လန့်လန့် ဖြစ်နေ၏။ ကျွန်တော့်ကို ပြောစရာရှိနေသည် ထင်၏။ ကျွန်တော် နား မထောင်ချင်ပါ။
အတန်းထဲတွင် ကျောင်းသားတွေ ပူးပူးကပ်ကပ် စုထိုင်နေကြသည်။ သူတို့မျက်နှာတွင် အောင့်သက်သက် ဖြစ်နေကြပုံ ရသည်။ သူတို့အနေဖြင့် မကျေမနပ် ဖြစ်မည်ဆိုက ဖြစ်သင့်ပါသည်။ ဆရာမက ငြိမ်ငြိမ် မနေရင် ကြက်ဆူဆီ တိုက်မယ်ဆိုမှ ငြိမ်သွားတယ် ဆရာ၊ အော့ ..."
ဆီးလ်ကို ကြည့်ပြီး အားလုံး ပြုံးကြသည်။
"အေး ... ကောင်းတယ်၊ သူ ဘာမှ ဖြစ်ပုံ မရပါဘူး၊ ဒါပေမဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီး မင်းတို့ကို ဆရာ ပြောစရာ ရှိတယ်"
ကျွန်တော်က ဖာမင်၏ စားပွဲစွန်းတွင် တင်ပါးလွှဲ ထိုင်လိုက်သည်။
"ပေါ်တာ၊ အားကစားရုံထဲမှ ဆရာတစ်ယောက်ကို မင်းရိုက်မောင်းပုတ်မောင်း လုပ်တာတော့ ခွင့်လွှတ်ဖို့ လွယ်တဲ့ကိစ္စ မဟုတ်ဘူးလို့ ဆရာထင်တယ်"
ပေါ်တာ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ ကျွန်တော့်ကို တအံ့တသြ ကြည့်သည်။ တံတွေး အကြိမ်ကြိမ် မျိုချပြီးမှ အထစ်ထစ် အငေါ့ငေါ့ဖြင့် အယူခံဝင်သည်။
"သူ ... ဆရာဘဲလ်ကြောင့် ဖြစ်ရတာပါ ဆရာ၊ သူ့ကြောင့် ဘာကလေ ကံကောင်းလို့ ဇက်ကျိုးမသေတာ"
သူ့ ကို ကျွန်တော် စွဲချက်တင်လိမ့်မည်ဟု လုံးဝ မျှော်လင့်ထားဟန် မတူပေ။ ပေါ်တာ၏ အသံမှာ ဒေါသ ကြောင့် စူးရှနေ၏။
"မစ္စတာဘဲလ် ဆရာလေ၊ အားကစားရုံထဲမှာ ဖြစ်တဲ့ကိစ္စ အဆိုးအကောင်း အားလုံး သူ တာဝန်ယူလိမ့်မယ်။ ဘာကလေ မတော်တဆ ဖြစ်တာနဲ့ မင်း ဆရာတစ်ယောက်ကို ရန်ရှာခွင့် မရှိဘူးလေ"
"ဒါပေမဲ့ ဘာကလေက မခုန်နိုင်ပါဘူးလို့ ပြောတယ်လေ ဆရာ၊ သူ ဇွတ်ခိုင်းတာ ဆရာ"
ပေါ်တာ ပြောရင်း မျက်ရည်လည်လာသည်။ ကျွန်တော် က မတရားသည့်ဘက်မှ လိုက်နေသည်ဟု သူမြင် သွားပြီး ပို၍ မံခမရပ်နိုင် ဖြစ်နေပုံရသည်။ အခြားကျောင်းသားများလည်း ထိုနည်းတူစွာ ကျွန်တော့်ကို ၀ိုင်းကြည့်နေကြ၏။
"ဟုတ်ပြီ၊ မင်းပြောတဲ့အတိုင်းပဲ ထားပါတော့၊ ဒါပေမဲ့ မစ္စတာဘဲလ်ရဲ့ အပြုအမူကိစ္စက ဆရာနဲ့ တိုက်ရိုက် မဆိုင်ဘူး၊ မင်းရဲ့ အပြုအမူနဲ့ပဲဆိုင်တယ်။ မင်းဟာ ကိုယ့်စိတ်ကို ကိုယ်မထိန်းနိုင်တာနဲ့ ကြောက်ဖို့ ကောင်းအောင် ကြီးလေးတဲ့ ပြစ်မှုတစ်ခုကို ကျူးလွန်မိလုနီးနီး ဖြစ်သွားတယ်။ ပေါ်တာ နှုတ်အမူအရာနဲ့သာ ရိုင်းပျ ဆဲဆို ရုံမကဘူး၊ ဆရာတစ်ယောက်ကို သေလောက်တဲ့ လက်နက်နဲ့ ရိုက်ဖို့ ကြိုးစားသေးတယ်။
"မင်းလိုပဲ တစ်တန်းလုံး ဒေါသမထိန်းနိုင်ဘဲ မစ္စတာဘဲလ်ကို ၀ံပုလွေတစ်အုပ်လို ၀ိုင်းပြီး ခဲကြရင် ဘာတွေ ဖြစ်ကုန် မယ် ထင်သလဲ"
"သူလုပ်တာနဲ့ ဘာကလေ သေပြီလို့ ကျွန်တော် ထင်လိုက်လို့ပါ ဆရာ"
"အေး ဟုတ်ပြီ၊ ဘာဖြစ်တယ်ဆိုတာ မင်း သေသေချာချာ မကြည့်ဘဲ တုတ်ကိုင်ပြီး ပြေးဝင်သွား တယ်။ လမ်းသရဲ လူဆိုးတစ်ယောက်ကို ဆရာဘဲလ်ကို ရိုက်သတ်ဖို့ မင်းကြိုးစားတယ်။ ဒီလို မဟုတ်လား။ မင်းသူငယ်ချင်း ကို သတ်ဖို့ ကြိုးစားလို့ မင်းက ပြန်သတ်မယ် ဟုတ်လား။ မင်းလက်ထဲမှာ ရောက်သွားတဲ့ လက်နက် ဟာ သစ်သားချောင်း မဟုတ်ဘဲ လှမ်းပေါက်လို့ရတဲ့ ဓားတို့၊ သေနတ်တို့ဖြစ်နေရင် ငါ့တပည့် ခုလောက် ဆို ဘာဖြစ်နေမလဲ"
ပေါ်တာရော တခြားကျောင်းသားများပါ မျက်နှာ ပျက်သွားကြသည်။
"အဖြစ်အပျက် ကို ကြည့်ပြီး ပေါ်တာ ဖြုန်းခနဲ ဘာမှ မမြင်နိုင်အောင် ဖြစ်သွားလို့ပါ ဆရာ၊ ကျွန်တော်တို့ အားလုံး လည်း အတူတူပါပဲ"
ဒင်ဟန်က ၀င်ပြီး ရှေ့နေလိုက်ပေးသည်။
"မင်း ဘေးချော်ထွက်သွားပြီဒင်ဟန်၊ မင်းတို့အားလုံး နည်းနည်းလွဲနေကြတယ်၊ ဆရာတို့တစ်တွေ ဒီအခန်း ထဲမှာ တစ်နေ့တစ်နေ့ ထိုင်ပြီး သင်ကြားဆွေးနွေးခဲ့ကြတာတွေ ဘာအတွက်လဲ ဆိုတာ မင်းတို့ အားလုံး သိကြတယ်၊ မင်းတို့တစ်တွေ လိမ္မာရေးခြားရှိဖို့၊ ပညာတတ်ဖို့၊ ဆင်ခြင်တုံတရား မြင့်မားဖို့ မဟုတ်လား။ ဒါပေမဲ့ ပြဿနာတစ်ခုပဲ လက်တွေ့ရင်ဆိုင်ရသေးတယ်။ မင်းတို့ အဲဒါတွေ မေ့ကုန်ကြရော၊ မကြာခင် မင်းတို့ တစ်တွေဟာ အလုပ်ခွင်ကို ၀င်ကြရတော့မယ်။ လူ့လောကထဲ တိုးကြရတော့မယ်။ အဲဒီမှာ စိတ်ဆိုးစရာတွေ၊ ဒေါသ ဖြစ်စရာတွေ ဒုနဲ့ဒေး ထပ်တွေ့ကြရဦးမယ်။ အဲဒီလို အခါတိုင်းမှာ မင်းတို့ ခုလိုပဲ စိတ်လွတ်လက်လွတ် လုပ်ကြ မှာလား၊ လက်လွတ်စပယ် တုတ်တပြက် ဓားတပြက် လုပ်ကြမှာလား"
ကျွန်တော် မတ်တတ် ထရပ်လိုက်ပြီး ...
"မင်းတို့တစ်တွေ ကြီးကြပ်ရေးမှူးနဲ့ဖြစ်ဖြစ်၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ဖြစ်ဖြစ် တစ်နေ့မဟုတ် တစ်နေ့ ထိပ်တိုက် တွေ့ကြမှာပဲ၊ အဲဒီလိုအခါမှာ ဘယ်လို ဖြေရှင်းမလဲ ဒင်ဟန်၊ တို့ဆရာကြီးဟာ အုပ်ချုပ် ရေးပိုင်ရဲ့ အဝေဖန်ကို လှိမ့်ပိန့် ခံနေရတယ်။ ဘာပြုလို့လဲဆိုတော့ မင်းတို့အပေါ်မှာ သူ ယုံကြည်လို့၊ မင်းတို့တစ်တွေဟာ ဒီကျောင်း က ထွက်သွားရင်း လူတော်လူကောင်းကလေးတွေ အဖြစ်နဲ့ ရပ်တည်နိုင်ကြမယ်လို့ ယုံကြည်လို့။ သူ အောင်မြင် သလား၊ မအောင်မြင်ဘူးလား ဆိုတာတော့ မင်းတို့အပေါ်မှာပဲ တည်တယ်၊ ဒီနေ့ ပုံစံအတိုင်း ဆို ရင်တော့ ဆရာ တယ် မထင်ဘူး"
ထိုအချိန်တွင် ဘာကလေ အတန်းထဲ ၀င်လာသည်။ ဘာမှ မဖြစ်သလို ပြုံးဖြဲဖြဲနှင့်။ သူ နေရယူပြီး သည့်အထိ ကျွန်တော် စောင့်နေလိုက်သည်။
"ဒီကိစ္စအတွက် ဆရာ မင်းတို့ကို အပြစ်မပေးပါဘူး၊ ဒါပေမဲ့ ဒီအတိုင်း ပြီးသွားဖို့တော့ မသင့်ဘူး ပေါ်တာ၊ ဆရာ တစ်ယောက်ကို စော်ကား မော်ကား ပြုမိခဲ့တဲ့အတွက် မင်း တောင်းပန်ဖို့သင့်တယ် လို့ ဆရာ ထင်တယ်"
ပေါ်တာ ပါးစပ်အဟောင်းသား ဖြစ်သွားပြန်သည်။ သို့သော် သူ ဘာမှ မပြောနိုင်ခင် ဒင်ဟန်က ၀ုန်းခဲနဲ ထရပ်ပြီး ... "တောင်းပန်ရမယ် ... ဟုတ်လား ဆရာ" သူ့အသံမှာ ဒေါသကြောင့် ပိုကျယ်နေသည်။
"ပေါ်တာက ဘာပြုလို့ တောင်းပန်ရမှာလဲ ဆရာ၊ သူ ကိုယ်ထိလက်ရောက် ကျူးလွန်တာမှ မဟုတ်ဘဲ၊ ဒီ အသုံးမကျ တဲ့ ဆရာကို အဖက်လုပ်ပြီး တောင်းပန်ဖို့ လိုသလား ဆရာ"
ဒင်ဟန်က ခြေထောက်နှစ်ဖက် ခပ်ချဲချဲထား ရပ်ပြီး ကျွန်တော့်ကို စူးစူးရဲရဲ ကြည့်နေသည်။ တစ်တန်းလုံး ကလည်း ဒင်ဟန့်ကို ထောက်ခံသည့် အနေဖြင့် ကျွန်တော့်ကို ၀ိုင်းကြည့်နေကြ၏။ သူတို့၏ တင်းမာမှု အတိုင်းအတာ ကို ကျွန်တော် ခံစားကြည့်နိုင်ပါသည်။
"ကဲ ... ဒင်ဟန် ထိုင်ပါ။ တို့ ဒီအတန်းထဲမှာ ဘယ်လောက် ကြီးကျယ်တဲ့ ပြဿနာဖြစ်ဖြစ် အေးအေးဆေးဆေး ဆွေးနွေး လို့ ရပါတယ်၊ အော်ဟစ်ပြောစရာ မလိုဘူးလေ"
ကျွန်တော်တို့၏ ကြည်နူးစရာ လက်ရှိ ဆက်ဆံရေး ကမ္ဘာကလေးပျက်သုဉ်းသွားမည်ကို ကျွန်တော် စိုးရိမ် ထိတ်လန်စွာဖြင့် ဒင်ဟန့်ကို စောင့်ကြည့်နေသည်။
ဒင်ဟန် သည် နံဘေးပတ်လည်ကို ဇဝေဇ၀ါ လှမ်းကြည့်ပြီး ထိုင်ချလိုက်သည်။ သည်တော့မှ ကျွန်တော်က အချိုသာဆုံး အသံဖြင့် ...
"ဒင်ဟန့်အနေနဲပ ဒီလိုမေးတာ သဘာဝကျပါတယ်၊ တင်ပြပုံ တင်ပြနည်းတော့ နည်းနည်းလိုတာ ပေါ့လေ။ ပြီးတော့ ဒီ့ထက် သိမ်မွေ့ဖို့လည်း လိုတာပေါ့ ... မဟုတ်ဘူးလား"
ကျွန်တော်က ဒင်ဟန့်ကို ကြည့်ပြီး ပြုံးလိုက်သည်။ ဒင်ဟန့်မျက်နှာတွင် ဒေါသရိပ်တို့ မတွေ့ရတော့ ဘဲ ကျွန်တော့် ကို ပြန်ပြုံးပြသည်။
"ပေါ်တာ မင်းကို ဆရာ မေးပါရစေဦး၊ ပီတီဆရာ့အပေါ်မှာ မင်းရဲ့ အပြုအမူနဲ့ ပတ်သက်ပြီး မင်းကိုယ်မင်း ကျေနပ် နေသလား"
ပေါ်တာ ပထမ ကျွန်တော့်ကို ကြောင်ကြည့်နေသည်။ နောက်မှ မပွင့်တပွင့် လေသံဖြင့် ...
"မဟုတ်ပါဘူး ဆရာ"
"သူ့အနေနဲ့ စိတ်မထိန်းနိုင်လို့ ဖြစ်သွားတာပါ ဆရာ"
ဒင်ဟန် က ဖြတ်ပြောသည်။
"ဟုတ်ပါပြီလေ၊ သူကိုယ်တိုင်က သူ့အပြုအမူကို မကျေနပ်ကြောင်း ထုတ်ပြောနေပြီပဲ"
"ဒါဖြင့် ဆရာဘဲလ်ကကော ဘာကလေကို တောင်းပန်ဖို့ မလိုဘူးလား"
ဒင်ဟန် က လွယ်လွယ်နှင့် အလျှော့ပေးတတ်သူ မဟုတ်။ တစ်ဖက်မှ လှည့်လာပြန်သေးသည်။
"ဟုတ်တယ်၊ ဒါ မေးသင့်တယ်"
ဆာပီယာနိုက ဒင်ဟန့်ကို ထောက်ခံသည်။
"ဆရာက မင်းတို့နဲ့ပဲ ဆိုင်တယ်လေ၊ မစ္စတာဘဲလ်နဲ့ မဆိုင်ဘူး"
အင်း ... မလွယ်ပါလားဟု ကျွန်တော် နားလည်လိုက်၏။ ခေါ်နေကျ "ဆရာ" ဟူသည့် စကားလုံးကို ဒင်ဟန်နှင့် ဆာပီယာနို တို့ ဖြုတ်ထားခဲ့ကြောင်း ကျွန်တော် သတိထားလိုက်မိ၏။
"ဆရာ့အနေနဲ့ ပြောတော့ လွယ်ပေမယ့် ကျွန်တော်တို့ ခံရတဲ့ကောင်တွေ အနေနဲ့ မလွယ်ဘူး၊ ဆရာက ခံရတဲ့လူ မှ မဟုတ်ဘဲကိုး၊ ဆရာ တစ်ခါမှ အစော်ကား မခံရဖူးဘူးလား"
ဆီးလ်၏ အသံက တည်ငြိမ်သည်။ ဒေါသသံ မစွက်။ အားလုံးသူ့ကို ၀ိုင်းကြည့်ကြသည်။ အမူအရာ ဖြင့် ဆီးလ်ကို ထောက်ခံကြသည်။ ဆီးလ် ပြောပုံကြောင့် ကျွန်တော့်ရင်ထဲတွင် နင့်ခနဲ ဖြစ်သွား သည်။ လပေါင်း များစွာ ငုပ်လျှိုးနေခဲ့သည့် ရင်နာစရာ အဖြစ်တွေကို ပြန်လည် မြင်ယောင်လာသည်။ ကျွန်တော့်ကိုယ် ကျွန်တော် ဘာလုပ်မိမှန်း မသိလိုက်ဘဲ ဆီးလ်၏ စားပွဆြီ သို့ လျှောက်သွားနေ၏။
"ဆရာ သိပ်ခံရဖူးတာပေါ့ ဆီးလ်"လေသံအေးအေးဖြင့် ကျွန်တော် ရှင်းပြသည်။
ဘယ်နည်းဘယ်ပုံ ခံရတယ်ဆိုတာတွေတော့ ဆရာ မပြောပါရစေနဲ့တော့၊ ဆရာ့ဘ၀မှာ လူလူချင်း အနိုင်ကျင့် မှုကို ဘယ်လောက်ခံရသလဲဆိုရင် လူတွေကို မုန်းလာတဲ့အထိ၊ ကျားနာလိုမျိုး တွေ့ရာ မြင်ရာကို သတ်ချင် ဖြတ်ချင်စိတ် တွေ ၀င်လာတဲ့အထိ ခံရဖူးတယ်။ ဒီတော့ ဆရာသိပ် ကိုယ်ချင်းစာတတ်တာပေါ့ ဆီးလ်။
"ဒါပေမဲ့ ဆရာ ခံရဖန်များတော့ အသိတစ်ခု တိုးလာတယ်။ ကိုယ့်ကိုယ်ကိုယ် သူတို့တွေထက် အဆင့်အတန်း မြင့်တယ်၊ ကြီးမားတယ်ဆိုတဲ့ အမြင်မျိုး မြင်နိုင်အောင် လုပ်ရမယ်ဆိုတဲ့ အသိ၊ သူတို့ကို အပေါ်စီးက ကြည့်နိုင် မယ့် အသိမျိုးပေါ့။ လက်နက်အားကိုး စိတ်လိုက်မာန်ပါ လုပ်ဖို့ကိစ္စက လွယ်ပါတယ်။ ဒါပေမဲ့ ဓားဆွဲမိပြီး ဒါမှမဟုတ် သေနတ် ကိုင်မိပြီး ကိုယ်ထိ လက်ရောက် လုပ်မိရင် ဘာဖြစ်သွားမလဲ၊ လက်နက်က လူ့ရဲ့စိတ်ကို ခိုင်းစေတဲ့သဘော ရောက် မသွားဘူးလား၊ လက်နက်ရဲ့ ကျေးကျွန်ဖြစ်မသွားဘူးလား၊ ပြဿနာတစ်ခုကို ဖြေရှင်းမပြီးခင် နောက်တစ်ခု ထပ်တိုးမလာဘူးလား"
ဘာ့ကြောင့် ကလေးတွေ ရှေ့မှာ စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ပါလိမ့်ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ဒေါသ ဖြစ်မိခြင်းနှင့် အတူ သတိပြန်ဝင်လာပြီး ကျွန်တော့် စားပွဲဆီသို့ ပြန်လျှောက်လာသည်။
ကျွန်တော် ဘယ်လိုခံစားနေရသည်ကို ကျွန်တော့်တပည့်ကို နားလည်သွားပုံရသည်။ ကျွန်တော်နှင့် အတူ နင့်နင့် နဲနဲ ခံစားပြီး စာနာစိတ်တွေ ၀င်လာဟန်လည်း တူ၏။ ကျွန်တော် စကားဆက်လိုက် သည်။
"ပေါ်တာ့ ကို ဆရာပြောချင်တဲ့ အဓိပ္ပာယ်က မင်းအနေနဲ့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ပြီ လား၊ ဆရာ ပြောတဲ့ အမြင်မျိုး မြင်နိုင်ပြီလား ဆိုတာပါပဲ။ အပြင်လောကထဲကို မင်းရောက်လို့ ဆရာ ပြောသလို အဖြစ်မျိုး တွေနဲ့ ကြုံတဲ့အခါ မင်း ဘာလုပ်မလဲ၊ ဆရာတို့ ကျောင်းရဲ့ အဓိက ရည်ရွယ်ချက်က ကိုယ့်ကိုယ်ကိုယ် စည်းကမ်း ထိန်းသိမ်းဖို့ပဲ၊ မိမိကိုယ်ကို ကောင်းအောင် ကြိုးစား ဖို့ပဲ။
"ခု တစ်ကြိမ်မှာတော့ မင်းအနေနဲ့ စိတ်မထိန်းနိုင်ဘဲ မင်းရဲ့ဆရာကို တော်တော်ကလေး ဆိုးဆိုးဝါးဝါး ပြုမူ ခဲ့မိတယ်။ အဲဒီအတွက် ဆရာဘဲလ်ကို တောင်းပန်လောက်အောငေ် မင်းကိုယ်မင်း လူလားမြောက်ပြီလို့ မထင် ဘူးလား"
ပေါ်တာသည် ထိုင်ခုံပေါ်တွင် စိတ်လှုပ်ရှားစွာ တလှုပ်လှုပ်တရွရွ ဖြစ်နေသည်။ အတန်ကြာမှ အဖြေ ထွက်လာသည်။
"ဟုတ်ကဲ့ ဆရာ၊ ကျွန်တော် တောင်းပန်ပါ့မယ်"
"တောင်းပန်တယ်ဆိုတာ သိပ်တော့ လွယ်တဲ့ကိစ္စ မဟုတ်ဘူး၊ အထူးသဖြင့် ကိုယ်မနှစ်မြို့တဲ့ လူတစ်ယောက်၊ ကိုယ်မကြည်ညို တဲ့ လူတစ်ယောက်ကို တောင်းပန်ဖို့ ပိုမလွယ်ဘူး။ ဒါပေမဲ့ ငါ့တပည့် စိတ်ထဲမှာ စွဲထားရမှာက ခုလို လုပ်ရတာဟာ ဆရာဘဲလ်အတွက် မဟုတ်ဘူး၊ မင်းအတွက်ဆိုတဲ့ အချက်ပဲ"
ကျွန်တော် ထိုင်ချလိုက်သည်။ သူတို့အားလုံး ငြိမ်သက်နေကြ၏။ ကျွန်တော့် ဦးတည်ချက်ကို သူတို့ နားလည် သွားကြပြီဟု ကျွန်တော် သဘောပေါက်လိုက်၏။
ပေါ်တာ က မတ်တတ် ထရပ်ပြီး ...
"ခု သူ ဆရာတွေ အခန်းမှာ ရှိမလား မသိဘူး ဆရာ"
"ခုလောက်ဆို ပြန်ရောက်လောက်ပါပြီ"
ဒင်ဟန် နှင့် ဆီးလ်တို့ပါ ပေါ်တာနှင့်အတူ ထွက်သွားကြသည်။ သူတို့ ထွက်သွားသည်နှင့် ကျွန်တော် ဘာကလေ ကို လှမ်းကြည့်ပြီး ...
"ဘယ့်နှယ်နေသေးလဲ ဘာကလေ"
"ကောင်းပါတယ် ဆရာ၊ ဘာမှ မဖြစ်ပါဘူး"
ခါတိုင်းလိုပင် သူ့မျက်နှာက ချိုသာ ပြုံးရွှင်လျက်။
"မင်းအိမ်က လူကြီးတွေ ဒီကိစ္စ သိသွားရင် ဘာပြောကြမလဲ မသိဘူးနော်"
ကျွန်တော်က ပူပူပင်ပင် မေးမိသည်။ ကြံဖန် တွေးပူမိခြင်းမျိုး။
"ကျွန်တော် ပြန်မပြောပါဘူး၊ ပြောဖို့လိုလို့လား ဆရာ"
"ဒါတော့ မင်းသဘောပဲ ဘာကလေ၊ မင်းကိုယ်မင်း ဘာမှ မဖြစ်ဘူးဆိုတာ သေချာရင်တော့ မလိုဘူးပေါ့။ ဒါပေမဲ့ နောက်ပိုင်း နာလာမယ်၊ ကိုက်လာမယ် ဆိုရင်တော့ ပြောပြလိုက်ရင် ကောင်းမယ်"
ခဏအကြာတွင် ပေါ်တာတို့ သုံးယောက် ပြန်ဝင်လာကြသည်။ ပေါ်တာမှာ မျက်နှာတစ်ခုလုံး နီရဲပြီး အနေရ ကျပ်နေဟန်။ သူတို့နောက်မှ ဆရာဘဲလ် ၀င်လိုက်လာသည်။
"ဆရာ ဘရိတ်ဝိတ်၊ ဆရာ့တပည့်တွေကို ခဏ စကားပြောခွင့်ပြုပါ" ဟု ကျွန်တော့်ဆီ ခွင့်တောင်း သည်။ ကျွန်တော် ခေါင်းညိတ်ပြလိုက်၏။
"စောစောက ဖြစ်တဲ့ကိစ္စနဲပ ပတ်သက်ပြီး တပည့်တို့ အားလုံးကို ဆရာ စကားနည်းနည်း ပြောပါရ စေ၊ ဆရာတို့ တစ်တွေ မထင်မှတ်ဘဲ ဖြစ်သွားရတဲ့ ကိစ္စအတွက် ဆရာ သိပ်ဝမ်းနည်းပါတယ်။ ဒီတော့ ဒီကိစ္စကို အမြန်ဆုံး မေ့ပစ်နိုင်လေ ကောင်းလေပဲလို့ ဆရာထင်တယ်"
ဆရာဘဲလ် က ဘာကလေဘက် လှည့်ပြီး ...
"မင်း ဘယ့်နှယ်နေသေးလဲ ဘာကလေ"
"ကောင်းပါတယ် ဆရာ၊ ဘာမှ မဖြစ်တော့ပါဘူး"
"တော်သေးတာပေါ့ကွာ၊ ကဲ ... ဆရာတို့ ခါတိုင်းလိုပဲ နောက်အပတ်မှာ ပြန်တွေ့ကြတာပေါ့"
ဆရာဘဲလ်သည် ယင်းသို့ တိုတိုတုတ်တုတ် ပြောပြီး တရင်းတနှီး အမူအရာဖြင့် တစ်တန်းလုံးကို နှုတ်ဆက် ထွက်သွားသည်။ စိတ်လှုပ်ရှားနေသဖြင့် ခပ်တိုတို ဖြတ်သွားမှန် သိသာလှသည်။
သူပြောသည့်အတိုင်း ကျောင်းသားများအနေဖြင့်လည်း ဒီကိစ္စကို မေ့လိုက်ချင်ပုံ ရပါသည်။ ယခုမှ ကျွန်တော် တို့ အခြားအကြောင်းများဆီသို့ ဦးတည်ဖြစ်ကြ၏။
-----------------------
ဆက်ရန်
.
No comments:
Post a Comment