Saturday, June 11, 2011

မဝင်းမြင့် ၏ မြသေလာတောင် ဆွေးဖွယ်နှောင်သည် အပိုင်း (၁ဝ)

ဆယ်နှစ်ကျော်မျှ မျိုသိပ်လာခဲ့ရသော စိတ်ဆင်းရဲမှုကို ဦးဘဆွေသည် သည်းမခံနိုင်တော့ချေ။ ယနေ့အဖို့ ဇနီးသည် ဒေါ်ခင်မျိုးအား တင်းတင်းပင်ပြောတော့မည်ဟူသော စိတ်ဖြင့် ဇနီးသည်ရှိရာ အခန်းတွင်းသို့ ဦးဘဆွေဝင်သွားသည်။

" ဟေ့ … ခင်၊ မင်းငါ့ကို အရွဲ့တိုက်နေတာတော့ လွန်လွန်းပြီထင်တယ်။ လင်ရယ် မယားရယ်လို့ စဖြစ်တဲ့ ရက်ကစပြီး ငါ့မှာ တစ်နေ့မှ စိတ်ချမ်းသာခဲ့ရတယ် မရှိဘူး "
ဦးဘဆွေသည် စိတ်မချမ်းသာလှသောအသံဖြင့် လှိုက်လှဲစွာ ပြောလိုက်၏။ သို့သော် … ဇနီးဖြစ်သူ ဒေါ်ခင် မျိုးကား ဦးဘဆွေ ပြောစကားများမှာ သူနှင့် ဘာမှ မဆိုင်သလို ဂရုလည်းမစိုက်၊ လှည့်၍လည်းမကြည့်။ အလျား အနံ ခြောက်လက်မမျှရှိသော ငွေသေတ္တာကလေးကို အ၀တ်ဗီရိုအတွင်းသို့ တယုတယ ထည့်သွင်း သိမ်းဆည်း နေသည်။ ဒေါ်ခင်မျိုး၏ အမူအရာကို အိပ်ရာခုတင်ဘေးရှိ ကုလားထိုင်တစ်လုံးပေါ်မှာထိုင်နေ သောဦးဘဆွေက ခံပြင်းခြင်း၊ ဒေါသထွက်ခြင်းတို့ ရောပြွမ်းနေသောမျက်နှာဖြင့် စူးစူးစိုက်စိုက် ကြည့်နေ၏။

သေတ္တာကလေးကို သေချာစွာ သိမ်းပြီးသောအခါ ဒေါ်ခင်မျိုးက ဗီရိုတံခါးကိုပိတ်ခါ သော့ခတ်လိုက်သည်။ သော့ကို အတွင်းခံ ဘော်ဒီအင်္ကျီအိတ်ထဲ သေချာစွာ ထည့်ပြီး ဗီရိုတံခါးကို ကျောမှီကာ ခင်ပွန်းသည် ဦးဘဆွေ ဘက်သို့ မျက်နှာ တင်းတင်းထားပြီး ရပ်လိုက်သည်။ ဒေါ်ခင်မျိုး၏ မျက်နှာထားမှာ ဦးဘဆွေအား သရော် သလိုလို၊ ရှုတ်ချသလိုလို၊ စက်ဆုတ်သလိုလို၊ အသက် သုံးဆယ့်လေးနှစ်မျှသာ ရှိသေးသော်ူလည်း အရွယ်နှင့် မလိုက်အောင် နုနယ် ချောမောသော ဒေါ်ခင်မျိုး မျက်နှာကို ဦးဘဆွေက စူးစူးစိုက်စိုက် ကြည့် လိုက်သော်လည်း၊ အသက်အရွယ်နှင့် မလိုက်အောင် အိုမင်းရင့်ရော်ကာ ဆံပင်ဆွေဖြူပြီး အဘိုးအိုပုံသဏ္ဍာန် ပေါ်နေသော ဦးဘဆွေကိုမူ ဒေါ်ခင်မျိုးက စူးစူးစိုက်စိုက်ပင် မကြည့်၊ တစ်ချက်မျှသာ စက်ဆုတ်သော မျက်နှာထားဖြင့် ကြည့်ပြီး အံကို တင်းတင်းခဲကာ မျက်နှာလွှဲလိုက်သည်။

" ငါ့ကိုတော့ ဂရုမစိုက်၊ ဒီငွေ သေတ္တာကလေးထဲက ပစ္စည်းကိုပဲ အမြတ်တနိုး ဂရုစိုက်ပြီး ကြည့်မ၀ ရှုမ၀ ဖြစ်နေတာ ငါ လင်ယောက်ျားတစ်ယောက်အနေနှင့် ဘယ်လောက် ခံရခက်တယ်ဆိုတာ မင်းစဉ်းစားဖို့ ကောင်းတယ် "

ခံပြင်းဖွယ်ကောင်းလှသော အမူအရာဖြင့် မျက်နှာလွှဲနေသော ဒေါ်ခင်မျိုးအား ကိုဘဆွေက ခပ်တင်းတင်း ပြောလိုက်ပြန်၏။ ဒေါ်ခင်မျိုးကား မလှုပ်မယှက်။ စကားလည်း တစ်လုံးမှမထွက်။ နေမြဲတိုင်းပင် …
" ဒီမှာခင်၊ ငါ့ကို ကြည့်စမ်းပါဦး၊ မင်းကို အသက်နဲ့ ထပ်တူ မြတ်နိုးကြင်နာခဲ့ရတာနဲ့အမျှ မင်းက စိမ်းစိမ်း ကားကား ပြုနေလို့ ငါ့မှာ စိတ်ထောင်းကိုယ်ကျေဖြစ်ပြီး ငါ့ရုပ်ရည်ဘယ်လောက် ပြောင်းလွဲနေတယ် ဆိုတာ မျက်မြင်ပဲ မဟုတ်လား၊ ငါ့မှာ ကျန်းမာရေးကလဲ ချို့ယွင်းနေပြီ၊ ငါ သက်ဆိုးရှည်မယ့်လူ မဟုတ်ပါ ဘူး၊ ဒါလောက် မင်းက ကြင်နာမှု နည်းနေတာတော့ မင်းကိုယ်မင်း ကောင်းသလား၊ ဆိုးသလား ပြန် စဉ်းစား ကြည့်စမ်း "

ဦးဘဆွေက ကြေကွဲလှိုက်လှဲစွာ ပြောနေသော စကားသံများသည် ကပ်လျက်ရှိသော စာကြည့်စခန်း အတွင်း မှ ဦးဘဆွေ ဒေါ်ခင်မျိုးတို့၏ တစ်ဦးတည်းသောသား တက္ကသိုလ်ဝင်တန်းအတွက် စာကြည့်နေသော အသက် ဆယ့်ခုနစ် အရွယ်ရှိ မောင်မျိုးခိုင်ကလေး၏ ရင်ထဲဝယ် နင့်ခနဲဖြစ်သွားရှာလေသည်။

မောင်မျိုးခိုင်သည် စာကြည့်ခန်းထဲ ရောက်သည့်အချိန်ကစ၍ တစ်ဘက်ခန်းမှ ဖခင်၏ စကားများမှာ နားထဲ သို့ စူးစူးပြီး ၀င်ရောက်လာသောကြောင့် စာကို စိတ်မ၀င်စားနိုင်ဘဲ နားစွင့်နေခဲ့သည်။ မောင်မျိုးခိုင်သည် အစစအရာရာကို သတိထားနိုင်သောမှတ်ဥာဏ် ရှိလာသည့် ခုနှစ် ရှစ်နှစ် အရွယ် လောက်မှစပြီး မိခင်နှင့် ဖခင် တို့ ဘယ်အခါမှ သင့်မြတ်ကြည်သာစွာ ပြောဆိုနေထိုင်သည်ကို မမြင်ခဲ့ရဘူးပေ။ ဖိင် ဦးဘဆွေက ကြင်နာ ယုယသလောက် မိခင် ဒေါ်ခင်မျိုးက စိမ်းကားတင်းမာစွာ နေခဲ့သည်ကိုချည်း တွေ့မြင်ခဲ့ရ၏။

မောင်မျိုးခိုင်ကလေးအား ဦးဘဆွေက ချီပိုး ယုယနေသည့်အခါ ဒေါ်ခင်မျိုးသည် မည်သည့်အခါမှ အနား မလာချေ။ ဒေါ်ခင်မျိုးနှင့် မောင်မျိုးခိုင်တို့ သားအမိချင်း ကြည်သာ ရွှင်ပျနေသည့်အချိန် ဦးဘဆွေ အနား ရောက်လာလျှင် ဒေါ်ခင်မျိုးသည် ရွာတော့မည့်မိုးလို အုံ့မှိုင်းသော မျက်နှာအသွင်သို့ လျင်မြန်စွာ ပြောင်းကာ ထွက်ခွာသွားတတ်သည်။ မောင်မျိုးခိုင်၏ အမြင်မှာ မိခင် ဒေါ်ခင်မျိုးသည် အလွန်ဆိုးလှချေသည်ဟု ယူဆ ခဲ့၏။

ယခုလည်း ဖခင်ဦးဘဆေါ၏ ကြေကွဲလှိုက်လှဲစွာ ပြောလိုက်သော စကားသံကြောင့် မောင်မျိုးခိုင်မှာ နင့်နေ စဉ် မိခင် ဒေါ်ခင်မျိုး၏ ဟက်ဟက် ပက်ပက် ရယ်လိုက်သံကြောင့် မောင်မျိုးခိုင်သည် အထူး သတိထားကာ နားစွင့် နေမိ၏။ ဒေါ်ခင်မျိုးရယ်သံမှာ သရော်ရှုတ်ချ ပြောင်လှောင်သည့်ရယ်သံပါတကား။
ဒေါ်ခင်မျိုးသည် ဟက်ဟက်ပက်ပက်ရယ်ကာ ဦးဘဆွေအား စေ့စေ့ကြည့်လိုက်သည်။

" တော်တော့ကို သနားစရာကောင်းနေပါတကား "
ဒေါ်ခင်မျိုး၏အသံမှာ အေးစက်မာကြောလှ၏။ စာကြည့်ခန်းမှ မောင်မျိုးခိုင်မှာ မိခင်ဖြစ်နေ၍သာ စိတ်ကို အနိုင်နိုင် ချုပ်တည်းထားရ၏။ မိထွေးသာဖြစ်ခဲ့ပါမူ … အခန်းတွင်းမှ ထွက်ပေါ်လာသော စကားသံကြောင့် မောင်မျိုးခိုင် နားစွင့်ထားလိုက်ပြန်၏။
" မင်း ငါ့ကို ဒီလို မသရော်ပါနဲ့ကွာ "
" သြော် … ရှင့်ကို သရော်နေမှန်းတော့လဲ ရှင် အသိသားကိုး … "
ဒူးထောက်အရှုံးပေးနေသောရန်သူကို အနိုင်ရသောသူ၏ လေသံဖြင့် ဒေါ်ခင်မျိုးက ပြောလိုက်သည်။

ထင်ထင်ရှားရှား သရော်နေတာကို ထမင်းစားနေတဲ့ လူမှန်ရင် သိတာပေါ့ကွာ၊ မင်းကို ငါ ဘာများ အပြစ်ဖြစ် အောင် လုပ်ဖူးလို့ ငါ့ကို ဒီလိုရက်စက်တဲ့ သဘောထားနေရတာလဲဟင်၊ ပြောစမ်းခင် "
ဦးဘဆွေက ချစ်လှသော ဇနီးအား မချိတင်ကဲ မေးလိုက်၏။ စာကြည့်ခန်းမှ နားစွင့်နေသော မောင်မျိုးခိုင် မှာ ဖခင်အတွက် ရင်ထုမနာ ဖြစ်မိသည်။ မိခင်အားလည်း များစွာ စိတ်ဆိုးမိ၏။ သို့သော် ဇာတ်ရေလည် အောင် ဆိတ်ငြိမ်စွာပင် နားထောင်နေလိုက်သည်။

 ဘာ … ရှင့်မှာ အပြစ်တစ်ခုမှမရှိဘဲ စင်းလုံးချောလူသူတော်ကောင်းကြီးပေါ့လေ၊ ကျုပ်ကို ဘယ်လို ကြံစည် ယူခဲ့ သလဲ ပြောစမ်း "
ချုပ်တည်းမနိုင်တော့သည့် ဒေါ်ခင်မျိုး၏အသံက စူးရှစွာ ထွက်ပေါ်လာသည်။ ဦးဘဆွေ ခေါင်းငိုက်စိုက် ကျသွား လေသည်။ စာကြည့်ခန်းမှ မောင်မျိုးခိုင်ကား မျက်လုံးပြူးသွား၏။ ဒေါ်ခင်မျိုး၏စကား ဆက်မည် အပြုတွင် …
" တော်ပါတော့ခင်၊ ဒါတွေ ပြန်မပြောပါနဲ့တော့၊ ပြီးတာပြီးပါစေ၊ ငါက မင်းကို ချစ်ခင်ကြင်နာရင် မင်းကလဲ ပြန်ပြီး ချစ်ခင်ကြင်နာဖို့ရာ ၀တ္တရားရှိပါတယ်။ ငါ တောင်းပန်ပါတယ်ကွာ၊ ဒီအကောင်ကို မေ့လိုက်ပါတော့ကွာ "
ဦးဘဆွေက တောင်းပန်လိုက်ခါမှ ဒေါ်ခင်မျိုးမှာ မျိုသိပ်ထားရသည်များကို ဖွင့်ချလိုက်လေသည်။

" ခေါ်ပုံ နင့်သီးလှချည်လား၊ ကိုစောခိုင်ကို ဒီအကောင်လို့ ခေါ်ထိုက် မခေါ်ထိုက်၊ ရှင့်ကိုယ်ရှင် အသိဆုံးပါ၊ ပြီးခဲ့တာတွေ ပြန်မပြောနဲ့လို့ ရှင်ပြောစရာ မလိုပါဘူး၊ မပြောချင်တော့လို့ အခုလို တိတ်တိတ် ဆိတ်ဆိတ် ကင်းကင်းရှင်းရှင်းနေ နေတာကို ဘာဖြစ်လို့ လူနားကပ်ပြီး စိမ်းကားသလေး၊ ရက်စက်သလေးနဲ့ အပြစ် ပြောနေရတာလဲ။ ဒီအခန်းဟာ ကျွန်မ သီးသန့်နေတဲ့ အခန်း၊ သား သုံးနှစ်သားအ`၇ွယ်ကတည်းက ရှင်နဲ့ ကင်းကင်းရှင်းရှင်း နေလာတာ ရှင်အသိဆုံးပါ၊ သားကလေးမျက်နှာထောက်ပြီး ဒီအချိန်ထိ ကမန်မ စိတ်ဆင်းရဲ ခံခဲ့ရတယ်၊ ကျွန်မ မြတ်နိုးတဲ့ ပစ္စည်းကို ရှင်တစ်ခွန်းမှ မပြောပါနဲ့၊ ကျွန်မ အခန်းထဲက အခု ထွက် သွား … "

ဒေါ်ခင်မျိုး အသံမှာ တင်းမာလွန်းလှသည်။ ကြင်နာယုယသော လင်ယောက်ျားအား ဤမျှ ရက်စက်သည် မှာမသင့်လွန်းလှချေဟု မောင်မျိုးခိုင် ယူဆကာ ထိုင်နေရာမှ ထလိုက်မိ၏။ မိဘနှစ်ပါးအကြား ၀င်ရကောင်း နိုး ချိန်ဆနေဆဲဝယ် …

" မင်းက ဒီလိုရက်စက်လေ ငါ စိတ်ဆင်းရဲလေ ပေါ့ကွာ၊ ဒီမှာ ခင် ငါနောက်ဆုံး စကားတစ်ခွန်း … "
ဦးဘဆွေ၏ အသံမဆုံးမီ … "
ရှင် စိတ်ဆင်းရဲတာ၊ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတာ ကျွန်မကြောင့် မဟုတ်ပါဘူး၊ ရှင် မပြစ်မှားအပ်တဲ့ ကျေးဇူး ရှင်ကို ပြစ်မှားခဲ့တယ်၊ မယူထိုက် မစားထိုက်တဲ့ ပစ္စည်းကို ယူခဲ့စားခဲ့တယ်၊ ရှင့်မှာ ကျိန်စာသင့်နေ တာ သိရဲ့လား … မြတောင် ကျိန်စာသင့်နေတာ "

ဟု ပြောလိုက်သော ဒေါ်ခင်မျိုးစကားကြောင့် ဦးဘဆွေသည် ထိုင်နေရာမှ ကင်းမြီးကောက် ထိုးလိုက်သလို ရုတ်ခနဲ ထလိုက်၏။ တစ်ကိုယ်လုံးမှာ နတ်ဝင်သလို တုန်ရီနေသည်။ စကားပင် ရုတ်တရက် မပြောနိုင်ဘဲ ဇနိးသည် ဒေါ်ခင်မျိုးအား ပြူးပြူးကြီး ကြည့်နေသည်။ စာကြည့်ခန်း အတွင်းမှ မောင်မျိုးခိုင်သည် မတ်တတ် ရပ်နေရာ မှ ပြန်ထိုင်လိုက်မန၏။ မိခင် ဖခင် တို့၏ အတွင်းရေးကား ရှုပ်ထွေးသော ဇာတ်လမ်းတစ်ခုပေ တကား ဟု ဆိတ်ငြိမ်စွာ နားစွင့်နေလိုက်ပြန်၏။

" မင်းကို ဘယ်သူပြောလဲ "
ဦးဘဆွေက တုန်ရီထိတ်လန့်စွာ မေးလိုက်၏။
" ကိုစောခိုင် လ
ဒေါ်ခင်မျိုးက သံပြတ်ဖြင့် ဖြေလိုက်သည်။
" ဟင် … သူ … သူ … အသက်ရှင်နေလား … မင်းနဲ့ဘယ်တုန်းကတွေ့လဲ "
ဦးဘဆွေ သည် ထစ်ထစ်ငေါ့ငေါ့ မေးကာ၊ သူ့အား သတ်ရန် လာသော ရန်သူတစ်ယောက်အနီးမှာ ရောက်၍ ပြေးပေါက် ရှာနေသူအလား ပြင်းစွာသော ထိတ်လန့်ကြောက်ရွံ့ခြင်းဖြင့် မျက်လုံးများမှာ ကျီးကန်း တောင်းမှောက် ဖြစ်နေသည်။

" ဟား ဟား ဟား ဟား "
ဒေါ်ခင်မျိုးက အားရပါးရ သရော်ရယ်နည်းမျိုး ရယ်လိုက်၏။
" သိပ် ကြောက်သွားပြီလား၊ ကိုစောခိုင်က ရှင့်လို ယုတ်မာတဲ့ လူမဟုတ်လို့ တဘက်သားကို ဒုက္ခရောက် အောင် မလုပ်ပါဘူး၊ သူနဲ့တွေ့တာ သားသုံးနှစ်သားအရွယ်က တွေ့လိုက်ရတာကြောင့် ဆယ်နှစ်ကျော် ကြာခဲ့ပါပြီ၊ ရှင် ယုတ်မာတာတွေ အားလုံး ဇာတ်စုံခင်းပြသွားတယ်၊ သူ အင်မတန် ချစ်ခဲ့တဲ့ ကျွန်မကို ရှင့် မယားဖြစ်နေလို့ ဘယ်လိုမှ မပြစ်မှားသွားပါဘူး။ အလွန်သစ္စာရှိတဲ့ လူတစ်ယောက်ပါ၊ အဲဒီ အချိန်ကစပြီး မလွဲသာ လို့ ယူခဲ့ရတဲ့ ရှင့်ကို ရွံလလည်း ရွံမုန်းလဲမုန်းတာကြောင့် လင်မယား အမည်ခံပြီး တစ်အိမ်တည်း နေပေမယ့် ကျွန်မ အခန်းသီးသန့်ထားပြီး ကင်းကင်းနေခဲ့တာ သိတယ်မဟုတ်လား "

ဒေါ်ခင်မျိုး၏ အသံမှာ နာကြည်းသံ၊ ကြေကွဲသံ ရောနေသည်။ စာကြည့်ခန်းထဲမှ မောင်မျိုးခိုင်မှာ ပါးစပ် အဟောင်း သားဖြစ်နေသည်။
" အခု သူ ဘယ်မှာနေလဲ "
ဦးဘဆွေက အံကြိတ်ပြီးမေးလိုက်၏။
" ကျွန်မ ပြောခဲ့ပြီကော၊ ဆယ်နှစ်ကျော် ကြာခဲ့ပြီလို့၊ ဘယ်မှာ နေတယ်မသိဘူး၊ သိလဲ မပြောဘူး၊ ရှင်က သွားသတ်ဦးမလို့လား "
" သတ်ရမယ်ကွ … သတ်ရမယ်၊ ငါ့အေးချမ်းသာယာတဲ့ အိမ်ထောင်ကို ပျက်စီးအောင် လုပ်တဲ့ကောင်၊ ငါ့ မယား က ငါ့ကို ရန်သူကြီးလို ရွံမုန်းသွားအောင် လုပ်တဲ့ အကောင် … ငါ သတ်ရမယ် "
ဦးဘဆွေ က စားပွဲကို လက်သီးဖြင့် ထုပြီး ဒေါသကြီးစွာ ပြောလိုက်သည်။ ဒေါ်ခင်မျိုးက ဦးဘဆွေအား စက်ဆုတ် ရွံရှာစွာ မဲ့ရွဲ့ကြည့်လိုက်ပြီး …

" ရှင့်ဘ၀ ရှင် စဉ်းစားကြည့်စမ်း၊ သူဌေးအမည်ခံနေပေမယ့် ကိုယ်ချမ်းသာစိတ်ချမ်းသာ ရှိရဲ့လား၊ ခရီးသွား တိုင်း ကားမှောက် ကားတိုက်လို့ ဆေးရုံ ခဏခဏ တက်ရ၊ အိမ်မှာနေလဲ မကြီးမငယ်နဲ့ အိမ်ပေါ်ထပ်က လိမ့်ကျ၊ ရေချိုးခန်းထဲချော်လဲ ထိပ်ပေါက် ခေါင်းကွဲဖြစ်လို့ ဆရာဝန် ခဏခဏ ခေါ်ရ၊ ထိတ်စရာ လန့်စရာ အိပ်မက်တွေမက်။ သွေးပျက်ပြီး သေကောင်ပေါင်းလဲ ဖျားရနဲ့ ဖြစ်နေတာတွေဟာ ကျေးဇူးရှင်ကို ပြစ်မှားတဲ့ အကုသိုလ်တွေ၊ မယူထိုက်တဲ့ ပစ္စည်းယူခဲ့လို့ မြတောင်က ကျိန်စာသင့်နေတာတွေ ဆိုတာ မစဉ်းစားမိဘူး လား၊ ဒါတွေကို သတိတရားမရဘဲ၊ ကျေးဇူးရှင်ကို ထပ်ပြီး ပြစ်များဦးမယ်ကြံတယ်၊ လောကမှာ ရှင့်လောက် ယုတ်မာတဲ့လူ ရှိကိုမရှိတော့ဘူး "

ဟု နစ်နစ်နာနာ ပြောလိုက်၏။ ဒေါ်ခင်မျိုးအား အပြူးသာ ကြည့်နေသော ဦးဘဆွေ၏ မျက်လုံးများသည် ချာချာ လည်လာသည်။
ကျွန်မရှေ့မှာ အရူးလိုလို အပေါလိုလို ရုပ်ကြီးမျိုးနဲ့ရပ်မနေဲ့၊ ကျွန်မ အခန်းထဲက အခုထွက် "
ဒေါ်ခင်မျိုး၏ စကားဆုံးလျှင် ဦးဘဆွေသည် ကျားအုပ်သလို ဒေါ်ခင်မျိုးအား ခုန်အုပ်ပြီး ဒေါ်ခင်မျိုး၏ လည်မျိုကို ဖမ်းညှစ်လိုက်သည်။ ထိတ်လန့်စွာ အော်လိုက်သော ဒေါ်ခင်မျိုး၏ အသံနှင့် ၀ုန်းဝုန်းဒိုင်းဒိုင်း အသံများကြောင့် မောင်မျိုးခိုင်သည် မိဘများရှိရာ အခန်းတွင်းသို့ ပြေးဝင်လာသည်။

" ဖေဖေ လွန်မယ် လွန်မယ် "
မောင်မျိုးခိုင်သည် ပြောပြောဆိုဆို မိခင်၏ လည်မျိုကို ညှစ်ထားသော ဘခင်၏လက်များကို ဖြေကာ ဆွဲယူ လိုက်၏။ ဒေါ်ခင်မျိုးကား သတိလစ်နေသည်။
" သေပြီလား ဟင် ခင်မျိုးသေပြီလား "
ဦးဘဆွေသည် မူမမှန်သော အသံဖြင့်ပြောကာ အသံကုန် ဟစ်အော်လိုက်သည်။ ဆူဆူညံညံ အသံများ ကြောင့် အိမ်အောက်ထပ်မှ အိမ်ဖော် ဒေါ်မှုံနှင့် ကားဒရိုင်ဘာတို့ အပြေးအလွှား တက်လာကြသည်။ ဒရိုင် ဘာအား ဆရာဝန် အခေါ်ခိုင်းလိုက်ပြီး မောင်မျိုးခိုင်သည် မိခင်အား ပွေ့ချီကာ ခုတင်ပေါ်သို့ တင်ထား လိုက်သည်။ ထိုအခိုက် တဟီးဟီး ငိုနေသော ဦးဘဆွေသည် တဟားဟား အော်ရယ်လိုက်ပြန်၏။ မောင်မျိုး ခိုင်နှင့် ဒေါ်မှုံတို့က အထိတ်တလန့် လှည့်ကြည့်လိုက်ကြသည်။

" နတ်မိစံရာ … မြသေလာတောင်၊ အိုလေ … စိမ်းညို့ညို့မောင် "
ဦးဘဆွေသည် သံနေသံထားဖြင့် အော်ဟစ်သီဆိုရင်း ကွေးနေအောင် ကခါ အခန်းတွင်းမှ ပြေးထွက် သွားလေသည်။
" ဒေါ်မှုံ … မေမေ့ကို စောင့်ကြည့်နေပါအုံး "

မှင်သက်မိသလို မောင်မျိုးခိုင်နှင့် ဒေါ်မှုံတို့ ငိုင်ပြီး ဦးဘဆွေအား ကြည့်နေကြရာမှ ဦးဘဆွေ အခန်းထဲမှ ပြေးထွက်ပျောက်ကွယ်သွားသည့် အချိန်တွင် ဦးဘဆွေ ချာချာလည်အောင် ရူးသွားပြီဖြစ်ကြောင်းကို မောင်မျိုးခိုင်နှင့် ဒေါ်မှုံတို့ စဉ်းစားလိုက်မိ၏။ မောင်မျိုးခိုင်သည် မိခင်အား စောင့်ကြည့်ရန် ဒေါ်မှုံအား အရေး တကြီး မှာကြားပြီး အိမ်ပေါ်မှ ကပျာကသီ ပြေးဆင်းလိုက်သွားသည်။
သို့သော် နဂိုကပင် လူသူ မော်တော်ကား အသွားအလာ ရှုပ်ထွေးစည်ကားလှသော ရန်ကုန်မြို့ ပန်းဆိုးတန်း လိုနေရာမျိုးမှာ ယခုကဲ့သို့ အလုပ်ဆင်းချိန်၊ ရုံးဆင်းချိန်တွင် တိုးမပေါက်အောင် များပြားလှ သည့် အလုပ်သမားထုက ပိုမိုလာသည့်လူများ၊ မော်တော်ကားများ အကြားတွင် ဦးဘဆွေ အား မည်သို့ အလွယ် တကူ တွေ့နိုင်ပါမည်နည်း။ ကိုမျိုးခိုင်သည် ဖခင်၏ အရိပ်အရောင်ကိုပင် မတွေ့ရတော့ချေ။ သေမည် ရှင်မည် မသိဖြစ်နေသော မိခင်ထံ ပြန်ပြေးရမည်လော၊ ဖခင်ကိုပင် တွေ့အောင် မတွေ့မချင်း လိုက်ရှာ ရမည်လော၊ ကိုမျိုးခိုင်သည် ရူးချင်သလိုလိုပင် ဖြစ်နေမိရှာလေ၏။
----------------------
ပျောက်သောသူ ရှာလျှင်တွေ့ ဆိုသောစကားပုံ ရှိသော်ငြားလည်း ဦးဘဆွေကိုကား သတင်းအစအနပင် မရအောင် ရှာမတွေ့ဘဲ ဖြစ်နေလေသည်။ ဦးဘဆွေ ပျောက်ဆုံးသွားသည့် အချိန်မှစ၍ ဒေါ်ခင်မျိုးသည် ဦးဘဆွေအကြောင်း ယောင်၍မျှ လေသံမဟချေ။ ဦးဘဆွေ၏ စိန်ရွှေရတနာဆိုင်ကို ဖျက်သိမ်းကာ လက်ရှိ နေထိုင်သော တိုက်နှင့်တကွ အိမ်ထောင်ပရိဘောဂအားလုံးကို ဖြစ်သလိုဈေးနှင့်ရောင်းပြီး ဒေါ်ခင်မျိုးသည် မည်သူ့ နာမည်ကိုမှမဖော်ထုတ်၊ ကမ္ဗည်းမထိုးဘဲ အားလုံးကို လှူပစ်လိုက်သဖြင့် ဒေါ်မှုံနှင့် ကိုမျိုးခိုင်တို့မှာ စဉ်းစားမရအောင် ဖြစ်နေကြလေသည်။ သို့သော် ဦးဘဆွေက လည်မျိုညှစ်ခြင်းခံရသည့်နေ့မှစ၍ ဒေါ်ခင်မျိုး၏ ကျန်းမာရေးမှာ ချို့ယွင်းလာသည်ဖြစ်၍ သူ စိတ်ချမ်းသာသလို လုပ်ပါ ဟူသော သဘောဖြင့် ဒေါ်မှုံနှင့် ကိုမျိုးခိုင်တို့က တစ်ခွန်းတလေမှ ကန့်ကွက်စကား မပြောခဲ့ကြချေ။

ဒေါ်ခင်မျိုးသည် အင်းလျားကန်ဘက်တွင် ခြံဝင်းကျယ် ဆိတ်ငြိမ် အေးချမ်းသော အိမ်တစ်ဆောင်ကို ၀ယ်ယူ ပြောင်းရွှေ့ နေထိုင်လာခဲ့သည်။ ဆယ်တန်း စာမေးပွဲ အောင်မြင်ပြီဖြစ်သော သား ကိုမျိုးခိုင်အား တက္ကသိုလ်သို့ ဆက်လက် ပညာသင်ရန် တိုက်တွန်းလိုက်၏။

" ဖြစ်ပါ့မလား မေမေ၊ ပစ္စည်းတွေရှိသမျှ ဖေဖေ့ဆိုင်က ရွှေရတနာပါမကျန် မေမေလှူပစ်လိုက်ပြီ မဟုတ်လား၊ တက္ကသိုလ်မှာ ကျွန်တော် ပညာဆက်သင်နေမယ်ဆိုရင် တစ်နှစ်တစ်နှစ် မှန်မှန် အောင်တယ်ထားအုံး၊ လေးနှစ်တိတိ ၀င်ငွေမရှိဘဲ ထိုင်စားနေလို့ အလျင် မမီဘဲ ဖြစ်သွားမှာ စိုးပါတယ်။ ရရာ အလုပ်ကျွန်တော် ရှာပါ့မယ်။ အလုပ်လုပ်ရင်းက ဖြစ်နိုင်မယ်ဆိုရင် ကြိုးစားပြီး အလွတ်နဲ့ ဖြေယူပါ မယ်"
ရှေ့ရေး နောက်ရေးကို တွေးပူတတ်သော သားလိမ္မာ စကားကြောင့် ဒေါ်ခင်မျိုးက နှစ်သိမ့်စွာ ပြုံးလိုက်၏။ သို့သော် နေသွေ့ သောပန်းလို နွမ်းလျော် ညိုးခြောက်နေသော ဒေါ်ခင်မျိုး၏ မျက်နှာပေါ်က အပြုံးကား လန်းလန်းစိုပြည်ခြင်းကား မရှိချေ။ နွမ်းနေသောပန်းကို ရေဆွတ်ထားသလိုနှင့် သဏ္ဍာန်တူပေသည်။

" ကျွန်တော် တကယ်ပြောတာပါ မေမေရယ် "
သူ့စကားကိုမယုံ၍ မိခင်က ပြုံးသည်ထင်ပြီး ကိုမျိုးခိုင် လေးလေးနက်နက် ပြောလိုက်၏။
ယုံပါတယ် သားရယ်၊ လိမ္မာလှတဲ့ သားရဲ့ အဖိုးတန် စကားကြောင့် မေမေအားရလို့ ပြုံးတာပါ၊ သား ပညာကို အေးအေးဆေးဆေး သင်ယူဖို့လောက် ပစ္စည်းအင်အားတော့ မေမေ့မှာ ရှိပါသေးတယ်ကွယ် "
ဒေါ်ခင်မျိုးက သား၏ဦးခေါင်းကို ချစ်ခင်ယုယစွာ လက်ကိုပွတ်သပ်ပြီး ပြောလိုက်၏။ ကိုမျိုးခိုင်က မယုံပေ။ ပညာသင်စေလိုငသာ ပြောနေသည်ဟု ထင်၏။

" ဟုတ်ပါ့မလား မေမေ၊ ဘာပစ္စည်းမှမချန်ဘူလို့ မေမေ ကိုယ်တိုင်က ပြောပြီး လှူလိုက်ပြီးမှပဲ "
" ခက်လိုက်တာ သားရယ်၊ မေမေလှူတာက မယူထိုက်၊ မစားထိုက် ကျိန်စာသင့်နေတဲ့ ပစ္စည်းတွေကိုသာ လှူတာကွယ့်၊ မေမေ ဘိုးဘွားမိဘ လက်ထက်က အမွေရတဲ့ စင်ကြယ်တဲ့ပစ္စည်း၊ သုံးထိုက်စားထိုက်တဲ့ ပစ္စည်းကို မလှူပါဘူး၊ မေမေပိုင် စင်ကြယ်တဲ့ ပစ္စည်းက သုံးသောင်းခင်း ပျော့ပျော့လောက် ကျန်ရှိနေပါ သေးတယ်။ ငွေတစ်ကျပ်ရဖို့ ပင်ပန်းကြီးစွာ ရှာဖွေနေရတဲ့ အခုခေတ်မှာ သုံးသောင်းခင်းလောက် ပစ္စည်းရှိရင် သူဌေးကလေးပဲ မဟုတ်လား သားရဲ့၊ ပညာသင်စရိတ် နေရေး၊ စားရေး ဘာပူစရာရှိသလဲ၊ ပညာဆက်သင်နော် သား "

ဒေါ်ခင်မျိုးက စိတ်ရှည်လက်ရှည် ဖြည်းဖြည်းဆေးဆေး ပြောပြသည်။ ကိုမျိုးခိုင်သည် မိခင်ပြောစကားကို ငြိမ်၍ နားထောင်နေသော်လည်း စိတ်ထဲမှာကား ဖခင် ဦးဘဆွေ ပျောက်ဆုံးသွားသည့်နေ့က မိခင်နှင့် ဖခင် တို့ ခိုက်ရန် ဖြစ်ပွားခဲ့သည်များကို ပြန်လည်သတိရကာ ထိုအချိန်က မိခင်ပြောသည့် စကားများကို ပြန် လည် ကြားယောင် မိ၏။
" ရှင် စိတ်ဆင်းရဲတာ၊ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတာ ကျွန်မကြောင့် မဟ်ုတ်ပါဘူး၊ ရှင် မပြစ်များအပ်တဲ့ ကျေးဇူးရှင်ကို ပြစ်မှားခဲ့တယ်၊ မယူထိုက် မစားထိုက်တဲ့ပစ္စည်းကို ယူစားတယ်၊ ရှင့်မှာ မြတောင်ကျိန်စာ သင့်နေတာ သိရဲ့လား၊ မြတောင်ကျိန်စာ သင့်နေတာ" ဟူသော မိခင်၏ စကားကို ကြားယောင်လာ၏။ မိဘ နှစ်ပါး၏ နောက်ကြောင်း ရာဇ၀င်ကို သိလိုသောစိတ်သည် ပြင်းပြစွာ ပေါ်လာ၏။ ဘာပဲ ဖြစ်ဖြစ် မိခင်အား မေးတော့မည်ဟု စိတ်ကို ဆုံးဖြတ်ခါ …

" မေမေ့ စကားကို နားထောင်ပြီး ပညာ ဆက်သင်ပါ့မယ်။ ဒါပေမယ့် သားစိတ်ထဲမှာ မရှင်းမလင်း ဖြစ်နေ တာ တစ်ခုကို မေးပါရစေ မေမေ "
မိခင် မျက်နှာကို မော့ကြည့်ပြီး စကားပလ္လင် ခံလိုက်၏။
" ဘာ အကြောင်းများလဲ သားရယ် "
ဒေါ်ခင်မျိုးက အမှတ်မထင်မေးလိုက်၏။ ကိုမျိုးခိုင်က ရဲဆေးတင်သလို တံတွေးတစ်ချက်မျိုးလိုက်ပြီး …
" ဟို အခုနက မေမေပြောတဲ့ ကျိန်စာသင့် ပစ္စည်းဆိုတာရယ်၊ နောက်ပြီး မြတောင်က ကျိန်စာ "

ကိုမျိုးခိုင်၏ စကားမဆုံးမီ ဒေါ်ခင်မျိုးက …
" ဒါတွေ မမေးပါနဲ့လို့ သားကို မေမေ တောင်းပန်ပါတယ်ကွယ်၊ အဟောင်းက အသစ်မဖြစ်ပါရစေနဲ့တော့၊ ပြန်ပြောနေရင်လဲ သားအဖို့ စိတ်ဆင်းရဲရုံ၊ ရှက်ရုံကလွဲပြီး အကျိုးမရှိပါဘူး။ မသိချင်ပါနဲ့နော် သား "
ဟု တောင်းတောင်းပန်ပန် ပြောနေသော ဒေါ်ခင်မျိုး၏ အသံသည် အက်ကွဲ ဆွေးမြေ့လှသည်။ မျက်လုံး အတွင်းမှ မျက်ရည်များပင် ဝေလာသည်ကို တွေ့ရသော ကိုမျိုးခိုင်သည် စိတ်မချမ်းသာသော မိခင်အား ထပ်မံညစ်ညူးအောင် ပြုလုပ်မိချေပြီဟု များစွာ နောင်တရလိုက်မိ၏။

" သားကို ခွင့်လွှတ်ပါ မေမေ၊ မေမေ စိတ်ညစ်စေမယ့် စကားမျိုးကို ဒီအချိန်ကစပြီး သား မပြောတော့ပါဘူး လို့ ကတိပေးပါတယ် "
ကိုမျိုးခိုင်က မိခင်၏ ရင်ခွင်မှာ မျက်နှာအပ်ပြီး လှိုက်လှိုက် လှဲလှဲ တောင်းပန်လိုက်၏။ ဒေါ်ခင်မျိုး၏စိတ်တွင် မေ့ပျောက်ထားခဲ့သောအတိတ်သည် အရိပ်လို ပေါ်လာဘိသကဲ့သို့ ရင်ခွင်မှာ မျက်နှာအပ်ထားသော သား၏ ဦးခေါင်းကို ဖက်ကာ မျက်ရည်များ မှိုင်းမှုံနေသော မျက်လုံးဖြင့် သူ့ရှေ့ တူရူသို့ အဓိပ္ပာယ်ကင်းမဲ့စွာ ငေးကြည့် နေရှာ သည်။

ဆက်ရန်
.

No comments: