Saturday, June 11, 2011

တင်မောင်မြင့် ဘာသာပြန် သတင်းမုဆိုး အပိုင်း (၃၅)

အခန်း(၄၇)
လင်ကီ

အိမ်ထောင်သက် လေးနှစ်ပြည့်ချိန် လင်ကီ့ဘ၀သည် အလုပ်ထဲတွင် လုံးဝ နစ်နေချိန် ဖြစ်သည်။ နေ့တိုင်း ရုံးဆင်း နောက်ကျသည်။ နေ့တိုင်း ရုံးချိန်မတိုင်မီ ရုံးရောက်သည်။
လင်ကီ ရုံးမှာ မရှိချိန်များသည် စာရေးဆရာများ၊ စာပေ ပွဲစားများနှင့် အစည်းအဝေး လုပ်နေချိန်၊ သို့မဟုတ် အလုပ်အကြောင်း ဆွေးနွေးရင်း နေ့လယ်စာ စားချိန်သာ ဖြစ်သည်။ ပြီးတော့ နာရီပေါင်း များစွာ စာအုပ် တွေကို လျှောက်ကြည့်သည်။ စာအုပ်စင်တွေပေါ်မှ အထားအသိုကို လေ့လာသည်။  ရောင်းအစွံဆုံး စာရင်းဝင် စာအုပ်များ၏ အရောင်းစံချိန် အခြေအနေကို အရောင်းစာရေးများဆီ ကပ်မေးသည်။

ဘယ်စာအုပ်က စာအုပ်စင်၏ ရှေ့တန်းမှ နောက်တန်းသို့ ရွှေ့သွားသည်၊ ဘယ်စာအုပ်က ရောင်း အသွက်ဆုံး နေရာ ဖြစ်သည့် ငွေသွင်းကောင်တာနားသို့ ရောက်လာသည်။ ဘယ်စာအုပ်ကို ပြတင်းပေါက်တွင် ထောင် သည် စသည်များကိုလည်း မှတ်သား၏။
ညပိုင်း လင်ကီ ဖုန်းပြောလျှင် အခြားအခြားသော အမျိုးသမီးများလို ဟင်းလျာအကြောင်း၊ အ၀တ် အစား အကြောင်း မပြော။ စာအုပ်လောကအကြောင်းနှင့် ထုတ်ဝေရေးကိစ္စများကိုသာ ပြောဖြစ်၏။
ဘယ်စာရေးဆရာက ဘယ်တိုက်နှင့် ကွဲတော့မည်။ ဘယ်တိုက်က အယ်ဒီတာ ဘယ်တိုက်သို့ ရောက်မည်။ ဘယ်တိုက် က ဘယ်စာမူခကို ဘယ်လောက် တိုးပေးလိုက်သည် စသည် စသည်များ။
အခွေတွေ ကြည့်ရသည်မှာ ကြာတော့ စိတ်ပျက် ငြီးငွေ့စရာ ဖြစ်လာသည်။ ပီတာက သူ့လိုများ အလုပ်ကို ညည်းငွေ့ မည်အထင်ဖြင့် တစ်နေ့တွင် လင်ကီကို မေးသည်။

"မင်း စာအုပ်ထုတ်ရတာကို မညည်းငွေ့သေးဘူးလား"
"လုံးဝ မပျင်းဘူး၊ စာအုပ်တိုင်း စာအုပ်တိုင်းဟာ အသစ်အဆန်းချည်းပဲလေ၊ စာရေးဆရာတိုင်း လည်း ကိုယ်ရည် ကိုယ်သွေး တစ်မျိုးစီပဲ၊ စာမူတွေဆိုရင်လည်း ဘယ်တော့မှ တစ်ခုနဲ့တစ်ခု မတူဘူး"
လင်ကီက စိတ်ဝင်စားစရာ စွဲလန်းစရာ ကောင်းသည်။ စာအုပ်လောကအကြောင်းကို လင်တော် မောင်အား ရှင်းပြ ဖို့ ကြိုးစားသည်။
"မင်းဟာ အလုပ်မှ အလုပ်၊ အလုပ်ကလွဲပြီး ဘာမှ စိတ်မ၀င်စားတော့ဘူးလား၊ ဈေးလေး ဘာလေး မ၀ယ် တော့ ဘူးလား"
"ဈေးဝယ်ရမယ်၊ ဟုတ်လား"

လင်ကီက မယုံကြည်နိုင်စွာ ပြန်မေးသည်။ လင်ကီက စိတ်မပါ လက်မပါဖြင့် တစ်ခါ နှစ်ခါ ဈေးဝယ် ထွက်သည်။ ပြီးလျှင် ၀ယ်လာသမျှ အ၀တ်အစားများကို လုံးဝ သတိမရတော့။
"ဈေးဝယ် ဖို့ ဘာလိုလို့လဲ၊ ရုံးတက်တယ်၊ စာအုပ်ကိစ္စတွေ လုပ်တယ်၊ အိမ်ပြန်လာရင်လည်း စာမူတွေ ဖတ်ရ သေးတယ်လေ"
"တခြား မိန်းမတွေ ဈေးဝယ်ကြတာပဲ"
ပီတာ့ အသံက အေးစက်စက်
"လင်ကီက တခြားမိန်းမမှ မဟုတ်တာ"

ပီတာ ခေါင်းညိတ်သည်။ နားလည်ပါပြီ။ အမိကို ကျုပ် ကောင်းကောင်း နားလည်ပါပြီ ဆိုသည့် သဘော။ သည်လို အဖြစ်နှင့် ကြုံတိုင်း သည်လို မဖြစ်ပါစေနှင့် ဟု ဆုတောင်းခဲ့ရသည်မှာ အကြိမ်ကြိမ်။ လင်ကီ့ဘ၀တွင် မိမိနှင့် အပြိုင် အရေးကြီးသည့် ကဏ္ဍတစ်ခု ရှိနေပြီကော။ ထိုကဏ္ဍ မှာ သူ့အလုပ်ဖြစ်၏။ မိမိမပေးစွမ်း နိုင် သည့်  စိတ်ကျေနပ်မှုမျိုး စိတ်လှုပ်ရှားမှုမျိုးကို သူ့အလုပ်က ပေးစွမ်းနိုင်နေခြင်းပါလား။

သည်လို တွေးမိသည်နှင့် ပီတာ လက်မြှောက် အရှုံးပေးလိုက်တော့သည်။ မည်သို့မှ မနိုင်နိုင်ပါ။ မပြိုင်နိုင် တော့ပါ။ သည်တော့ ပီတာသည် ရုံးမှာ ဆူးပေါက်နေသလို အိမ်မှာလည်း မပျော်ပိုက် တော့။ "မင်းလက်ထပ်တာ ဟာ ကိုယ့်ကိုလား၊ အဲဒီ စာမူတွေကိုလား" ၁၉၆၆ ခုနှစ် စက်တင်ဘာလ စနေနေ့ နံနက်ခင်းတစ်ခုတွင် ပီတာက လင်ကီ့ကို  မေးသည်။ ပီတာက ယူအက်စ်အိုပင်း တင်းနစ် ပြိုင်ပွဲအတွက် လက်မှတ် ၀ယ်လာသည်။ လင်မယား နှစ်ယောက် အတူကြည့်မည်ပေါ့။ လင်ကီက ထုံးစံအတိုင်း တည်းဖြတ် စရာ စာမူတွေ ပါလာသဖြင့် မလိုက်နိုင်တော့ ပြဿနာစခြင်း ဖြစ်သည်။

"အို ပီတာကလည်းကွာ၊ မောင့်ကို လက်ထပ်တာပေါ့၊ ဒါပေမယ့် ဒီစာမူက တနင်္လာနေ့ လက်နှိပ် စက်ကို ချပေးရမှာ"
လင်ကီ့ အသံက အေးအေးဆေးဆေး။ ပီတာနှင့် ရန် မဖြစ်ချင်ဘူးလေ။
ပီတာ့အတွက် စာမူသည် ဘာမှ ထည့်တွက်စရာ ကိစ္စမဟုတ်။ သည်ပွဲက နှစ်စဉ် အတူတူသွား ကြည့်နေကျပွဲ။ လင်တစ်ယောက်လုံးကို စာမူလောက် အလေးမထားတဲ့ သဘောလား။
အငြင်းပယ်ခံ ဘ၀မျိုးဖြင့် ပီတာတစ်ယောက်တည်း ထွက်လာခဲ့ရ၏။ ဒေါသဖြစ်ခြင်း၊ အထီးကျန် နိုင်ခြင်းတို့ဖြင့် ရင်ထဲ တွင် ဘလောင်ဆူလျက်။
ဆဋ္ဌမပွဲ မပြီးခင် ထပြန်လာခဲ့သည်။ ချောချော ကောင်မလေးတစ်ယောက်နှင့် တွေ့ပြီး နေ့လယ်စာ စားရင်း အပျော် ကျူး ဖြစ်လေသည်။

ဇနီးသည်အပေါ် ပထမဆုံးအကြိမ်အဖြစ် ပီတာ သစ္စာသွေဖည်ခဲ့ခြင်း ဖြစ်လေသည်။ လင်ကီ့ကို ပီတာ ချစ်ပါသည်။ ထို့ကြောင့် ဖြစ်မိသမျှအတွက် စိတ်မကောင်း ဖြစ်ရပါ၏။ တင်းနစ်ကွင်းထဲတွင် တွေ့ပြီး ခေါ်လာခဲ့ သည့် ကောင်မလေးမှာ မျက်လုံးပြာကလေးနှင့် ဖြစ်၏။ စင်စစ် အမျိုးသမီး ကောလိပ်မှ ဘွဲ့ရပြီးသား။ သို့သော် မိမိ ဘယ်တုန်း ကမှ စိတ်မကူးခဲ့သည့် ပုံစံမျိုး။
သူ မလိုက်လို့ သည်လိုဖြစ်ရတာဆိုပြီး လင်ကီ့အပေါ် ပုံချကြည့်သော်လည်း စိတ်ထဲ ပေါ့မသွား။ သို့သော် လင်ကီ့ ကို မကျေနပ်ချက်များက ပိုများလာ၏။
ရံခါတွင် လင်ကီသည် မိမိမှ လွဲလျှင် အားလုံးကို ပိုကြိုက်သည် ထင်လာ၏။ သူ့အလုပ် သူ့စာမူ၊ စာအုပ် လောကမှ သူ့အပေါင်းအသင်းတွေ၊ ဇနီးလုပ်သူကို ချစ်မြတ်နိုးပါ၏။ ထို့ကြောင့် အသွင်တူဖို့ ဖိကြိုးစား ပါ၏။ မအောင်မြင်သောအခါ ကိုယ့်ကိုယ်ကိုယ် စည်းအပြင်ကလူလို့ မြင်လာ၏။

မျက်လုံးပြာနှင့် ကောင်မလေးအပြင် အခြားကောင်မလေးတွေနှင့် တွဲစပြုလာသည်။ ဘယ်လို ယှဉ်ယှဉ် လင်ကီ့ ခြေဖျားမမှီသ်ည့ မိန်းကလေးများ။ ကိုယ့်ကိုယ်ကိုယ် ဘာလုပ်နေမှန်းမသိဘဲ ဆက်လုပ်နေမိ၏။ ရပ်၍ မရတော့။

"တစ်ခါတစ်လေ ကိုယ် ဘာဆုတောင်းမိသလဲ သိလား၊ မင်းနဲ့ ဂေါ်ဒွန်နဲ့ဖြစ်နေပါစေလို့ ဆုတောင်းတယ်"
လပေါင်းများစွာ ကြာပြီးနောက် စိတ်ချဉ်ပေါက်နေသည့် ပီတာက အိမ်ပြန်နောက်ကျသော လင်ကီကို ဆီး ပြောသည်။ ဆုတောင်းတိုင်း ဖြစ်လာမှ မိမိအနေဖြင့် အပြစ်ပေါ့မည် မဟုတ်လား။
"မင်းနဲ့ သူနဲ့ တွဲနေတယ်ဆိုရင် ကိုယ် ဘာမှ တွေးပြီး သံသယဖြစ်စရာ မရှိတော့ဘူး။ ပြီးတော့ နောက်ကျသည့်တိုင်အောင် အချိန်မှန်မှန် မင်း အိမ်ပြန်မှာ"
"လင်ကီ တောင်းပန်ပါတယ် မောင်ရယ်"

ဖြစ်ခဲ့ဖူးသည့် ဇာတ်လမ်းကို သတိရပြီး လင်ကီ တောင်းပန်သည်။ ဘုရား မ, သဖြင့် သည်ကိစ္စကို ပီတာ လုံးဝ မရိပ်မိ ခဲ့ပါ။
"ဘယ်လိုမှ ပြန်လို့ မရလို့ပါကွယ်၊ စာအုပ်လေလံကတစ်ဖက်၊ စာရေးဆရာအသစ် ဖီးလစ်ဝှက်နေရဲ့ စာမူကိစ္စ ..."
"အသေးစိတ် တွေ ကိုယ် မသိချင်ပါဘူး၊ ကဲ ကိုယ်ဆာပြီကွာ စားကြရအောင်"

ပီတာ က စကားဖြတ်ပြီး လက်မြှောက်ကာ ညည်းညူလိုက်သည်။ လင်ကီ့ အလုပ်အကြောင်း၊ ရုံးအကြောင်း တွေ လုံးဝ နားမထောင်ချင်တော့။ အမျိုးသမီးလောကမှာ လုပ်တုန်းက သတင်းများ အတင်းများကို စိတ် ၀င်စား ခဲ့သည်။ ခုတော့ ဒါမျိုးတွေ နားမှ လေသံ မကြားချင်ပြီ။
စာအုပ်လေလံပွဲတွင် မိမိ ဘာမှ မဆိုင်သည်ကို လင်ကီ မသိလေရော့သလား။ မိမိကို ဂရုစိုက် စေချင်မှန်း သူ မသိ ဘူးလား။ လင်သည် ဇနီးတစ်ယောက်၏ အိမ်ဦးနတ်ဆိုတာကော။
"ဆာရင်လည်း တစ်ခုခု မှာစားလိုက်ကြရအောင်နော်"
လင်ကီက အကြံပြုသည်။
"ဆိုင်က မှာစားဖို့ မင်းကို ကိုယ် လက်ထပ်ထားတာ မဟုတ်ဘူး"

"အင်း ကလေးယူလိုက်ရင်တော့ ကိုယ်တို့ဘ၀ တစ်မျိုး ဖြစ်သွားမယ် ထင်တယ်"
ကြက်ချဉ်စပ်နှင့် နိရိုး ချိုချဉ် ဟင်းပွဲများ ချထားသည့် ညစာဝိုင်းတွင် ထိုင်ရင်း ပီတာက ခပ်တိုးတိုး ပြော လိုက်သည်။ ပြင်သစ် ဟင်းလျာ ဆန်းဆန်းပြားပြားတွေကို ဟိုယခင်က လင်ကီ ချက်ကျွေး တတ်သည်ကို သတိရနေ၏။ အကောင်းဆုံး ၀ိုင်နှင့် လွေးခဲ့ရပုံများကို လွမ်းနေ၏။ ယခုတော့ ဆူလွယ်နပ်လွယ် တရုတ် ဟင်းလျာတွေ။
လင်ကီက ပီတာ ပြောသည်ကို မကြားချင်ယောင် ဆောင်နေလိုက်သည်။ ပြဿနာစရင် ကလေး ယူရေး မယူရေး ကိစ္စမှာ ထိပ်ဆုံးက ရောက်လာသည်ချည်း။
တစ်ရံရောအခါက ဇနီးလုပ်သူကို အစစအရာရာ မြတ်နိုးခဲ့သည့် ပီတာသည် ခုတော့ မြင်မြင်သမျှ ဝေဖန်စရာ တွေချည်း ဖြစ်နေ၏။

သူ့ကျောင်းနေဖက် ယေးလ်တက္ကသိုလ် သူငယ်ချင်းများ လာလျှင် ဂရုမစိုက်ဟု စွပ်စွဲ၏။ ဝေါစထရိမှ အပေါင်း အသင်း များကို စိတ်မ၀င်စားဟု ဝေဖန်၏။ အိမ်တွင် တိတ်ဆိတ်သော ညနေခင်းများကို ခံစားရမှန်း မသိတော့ ဟု အတေးအမှတ် ပြု၏။ သူ့အသက်အရွယ် ရလာလို့ စိတ်ကုန်ခန်းလာတာ လားဟု မေး၏။ ၁၉၆၆ ခုနှစ်တွင် ပီတာ သုံးဆယ် ပြည့်ပြီ။ ပီတာ စကားများများ လာ၏။ ကလေးယူဖို့ အကြောင်းအပ်ကြောင်း ထပ်ထပ်လာ၏။

တနင်္ဂနွေတစ်နေ့တွင် ကက်နတ်တီကတ်မှ ဆိုစတင်နာ  လင်မယားဆီသွားလည်ရာမှ အပြန် ကားမောင်း နေရင်း ပီတာ စကားစသည်။
"တို့အထဲမှာ ကလေးမယူတာ တို့ပဲ ရှိတယ်"
ပြောနေကျအကြောင်းအရာမို့ မဆန်းသော်လည်း တည်ငြိမ် အေးစက်သည့် ပီတာ့လေသံမှာ စွပ်စွဲသံ ပါနေသည် ကို လင်ကီ ထင်သည်။ ကလေးမယူခြင်းကိစ္စမှာ လင်ကီ သက်သက် လုပ်နေခြင်း ဟု ပီတာက နားလည် ထားသည်။
"ဘယ်လိုဘ၀မျိုးနဲ့ လင်ကီ အဆုံးမသတ်နိုင်ဘူး"

ဘသ်စကင်နာမှာ ပေါက်စကလေး နှစ်ကောင်ထိန်းဖို့ တီဗွီလုပ်ငန်းကြီးတစ်ခု၏ လက်ထောက် ထုတ်လုပ် ရေးမှူး ရာထူးကို စွန့်ခဲ့ရသည်။ ပီတာနှင့် ဘို အိမ်ပြင်ဘက် ရောက်နေစဉ် လင်ကီက မီးဖိုဆောင်တွင် ဘသ်ကို ၀င်ကူသည်။ ဘသ်က အပျိုဘ၀ မှာနေခဲ့သည့် တိုက်ခန်းကျယ်ကြီးကို လွမ်းကြောင်း၊ လွတ်လွတ်လပ်လပ် ပြပွဲတကာ များ သွားခဲ့ရသည့် ကာလများကို တမ်းတကြောင်း များ ပြော၏။
"နောက် ပြောသေးတယ် သိလား၊ နှစ်ပေကျော် လူပေါက်စကလေး နှစ်ယောက်ကို တစ်နေကုန် စောင့်ကြည့် ရတဲ့ အလုပ်ဟာ သွင်သွင်ရူးသွားလောက်တယ်တဲ့"
"မင်းကျရင် အဲဒီလို မဖြစ်စေရဘူးလေ"

လင်ကီ့ စိတ်ထဲတွင် မသေချာပါ။ ဘသ်စကင်နာ ဖြစ်လျှင် မိမိက ဘာသားနှင့် ထုထာသည့်မို့လဲ။ မိမိနှင့် ဘတ်သ် ဘာထူးလို့လဲ၊ ဘာကြောင့် မိခင်ဆိုသည့် ချောက်ကမ္ဘားထဲသို့ မကျအောင် မရှောင်ကွင်းနိုင်ရမှာလဲ။
လင်ကီက သူ အဆုံးအဖြတ် မြန်ဆန်မှန်ကန်ပုံကို အမြဲ ဂုဏ်ယူတတ်သူ။ ဈေးဝယ်ပုံကို ကြည့်လေ၊ အရောင်း သမား တွေ လက်ဖျားခါရလော်ကအောင် မြန်သူ ဖြစ်၏။
မင်္ဂလာဆောင် ၀တ်ဖို့ ၀တ်စုံကို ဆယ်မိနစ်အတွင်း အပြီး ရွေးသည်။ အခန်းမှာ ခင်းဖို့ ကော်ဇော ရွေးတုန်းက ဆယ်မိနစ်၊ သားမွေးအနွေးထည် ၀ယ်တုန်းက နှစ်မိနစ်။

လင်ကီက အရွေးမြန်၊ အ၀ယ်မြန်ခြင်းအတွက်သာ ဂုဏ်ယူခြင်း မဟုတ်။ ၀ယ်ပြီး ရွေးပြီး ယခုတိုင် စိတ်တိုင်းကျ ဖြစ်နေသည်ချည်းမို့ ကျေနပ်သေူးသည်။
မင်္ဂလာဝတ်စုံ မှာ ခါးကျဉ်ကျဉ်ကလေးနှင့် ကွတ်တိ ဖြစ်ပြီး၊ အသားရောင်နှင့် လိုက်ဖက်လွန်းသဖြင့် ၀တ်လိုက်သည့် အခါ လင်ကီ့ အသားအရေမှာ နို့နှစ်ရောင်ပြေးကာ လှချင်တိုင်း လှနေတော့ သည်။ ၀ယ် လာသည့် မီးခိုနုရောင် ကော်ဇောမှာလည်း အခန်းရောင်နှင့် ဟပ်မှဟပ်။ သားမွေးဝတ်စုံ ကလည်း နုမှနု ညက်မှညက်၊ ၀တ်လိုက်တိုင်း ကိုယ့်ကိုယ်ကိုယ် ရုပ်ရှင်မင်းသမီးတစ်လက်လို ထင်သွားသည်ချည်း။

သည်တော့ အိမ်ထောင်သက် ခြောက်နှစ်ထဲ ရော်ကလာပြီ။ ဘာကြောင့် ယူရေး မယူရေးကို ယတိပြတ် မဆုံးဖြတ် နိုင်ရမှာလဲ။ သည်နေရာတွင်တော့ လင်ကီ တစ်ယောက် လင်ကီ မဟုတ်သလို တွေဝေနေသည်။ ဆုံးဖြတ်ချက် မချနိုင်ဘဲ ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေသည်။ သူ့ခန္ဓာကိုယ်တစ်ပိုင်က ကလေး လိုချင်သည်။ ကျန်တစ်ပိုင်းက မလိုချင်။ လင်ကီ့ စိတ်ပိုင်းဆိုင်ရာ တစ်ဝက်က ပီတာနှင့် သေတပန် သက်ဆုံး၊ ရိုးမြေကျ ပေါင်းသင်းချင်၏။ ကျန်တစ်ဝက်က မသေမချာ။ မရေမရာ။

လင်ကီ၏ ဘ၀ပြဿနာများက ၀ိုးတ၀ါး ဖြစ်နေလင့်ကစား ဥတ္တရကြယ်နှင့် ပတ်သက်၍ကား တိကျ ရှင်းလင်းသည်။ အပျော်ဖက် အဖုံးပျော့များသည် အရောင်းသွက်ပြီး လုပ်ရကိုင်ရသည်မှာ ပျော်စရာ ကောင်းပါ၏။ သို့သော် လင်ကီ့တွင် ထို့ထက်ပို၍ လေးနက်သော အတွေးအခေါ် အစီအစဉ်များ ရှိလေသည်။
ဂေါ်ဒွန့်ကို လင်ကီ အကြံပေးပြန်သည်။

"လင်ကီတို့ ကတ်ထူဖုံး စထုတ်ဖို့ အချိန်တန်ပြီ၊ ရှေ့တန်း စာရေးဆရာတွေ လင်ကီတို့ တိုက်ကို ရောက် လာကြမှာ၊ ဒါဆို အဖုံးပျော့ ထုတ်တဲ့ တိုက်တွေနဲ့ ကတ်ထူဖုံး ထုတ်ဖို့ ပြိုင်စရာ မလိုတော့ဘူးလေ။ ခု ကြာလေ ကြာလေ အေးဂျင့်တွေ လုပ်ပုံက ပညာပါလာလေပဲ။ သူတို့က အဖုံးပျော့နဲ့ ကတ်ထူဖုံး ထုတ်ဝေခွင့်ကို တစ်ပြိုင်တည်း လုပ်လာကြတယ်လေ"
"သိပ် မလောနဲ့ဦး လင်ကီ၊ ကတ်ထူးဖုံး ထုတ်ပြီး ရောင်းဖို့ အင်အား တို့မှာ မရှိသေးဘူး၊ ပြီးတော့ ထားဖို့နေရာလည်း လိုသေးတယ်၊ ပေါက်မယ့် စာမူတွေလည်း အဆင်သင့် တန်းစီထားတာ မရှိသေးဘူး၊ ကိုယ်ကြား ထား သလောက်တော့ တိုက်ပေါက်စကလေးတွေက ထုတ်တဲ့ သည်းထိတ် ရင်ဖို ဇာတ်လမ်း တွေကို စာအုပ်ဆိုင်တွေက ငွေချန်တယ်ဆို"
"အဲဒါတွေ အားလုံး လင်ကီ စဉ်းစားပြီးသား ဂေါ်ဒွန်"
"ဆိုပါဦး"

"ကတ်ထူးဖုံး ဖြန့်တဲ့ ဧရာမတိုက်ကြီးတစ်တိုက်နဲ့ စကားပြောထားပြီးပြီ၊ ကော်မရှင်စားနဲ့ ဖြန့်ပေး မယ်တဲ့၊ သူတို့ မှာ အရောင်းကိုယ်စားလှယ်တွေ၊ စာအုပ်ဂိုဒေါင်တွေ ရှိပြီးသား"
"ဖြစ်နိုင်ပါ့မလား လင်ကီရယ်၊ တို့မှာ ရိုက်စရာ စာအုပ်မရှိသေးဘဲနဲ့၊ ဘယ်တိုက်က"
"တိုက်သုံးတိုက် နဲ့ လင်ကီ ညှိထားပြီးပြီ၊ လင်ကီတို့ တိုက်က အဖုံးပျော့ကို သူတို့ မျက်စိကြနေကြ တယ်၊ ဒါပေမယ့် လင်ကီ ဘယ်သူ့ကိုမှ အပြတ်မပြောသေးဘူး၊ ဂေါ်ဒွန်က ဆုံးဖြတ်ရမယ့်လူ၊ လက်မှတ်ထိုး ရမယ့် လူလေ၊ အဲဒီအတိုင်း သူတို့ကို ပြောထားတယ်။
လင်ကီ့ကို ဂေါ်ဒွန် ငေးကြည့်နေသည်။ စိတ်ထဲတွင် ကျိတ်ပြီး ကျေနပ်နေ၏။ 

"တကယ် အလုပ်ဖြစ်မယ်လို့ မင်းထင်လား"
"ထင်တယ်၊ ငါးနှစ်အတွင်းမှာ ဂေါ်ဒွန် ထိပ်ပိုင်းရောက်မယ်၊ အားလုံး ကိုယ်တိုင် လုပ်နိုင်တဲ့ အဆင့် ရောက် ရမယ်၊ အရောင်း ကိုယ်စားလှယ်တွေ သိုလှောင်ရုံတွေအားလုံး ဥတ္တရကြယ်အောက် ရောက် စေရမယ်၊ အဲဒါ လင်ကီ တို့ လျှောက်ရမယ့် လမ်းပဲ"

"ဂေါ်ဒွန် လျှောက်ရမယ့်လမ်းအစား လင်ကီတို့ လျှောက်ရမယ့် လမ်း" ဟူသည် အသုံးအနှုန်းကို ဂေါ်ဒွန် သတိထားမိ၏။ သိပ်တော့ သဘောမတွေ့။ သို့သော် ကြိုက်သလိုလိုလည်း ဖြစ်သွားသည်။ အလွန် ထက်မြက် သည့် လင်ကီ သည် ဥတ္တရကြယ်ကို တွန်းပို့ရာတွင် အဓိက အင်အား ဖြစ်နိုင်လေ သည်။
"ကိန်းဂဏန်း တွေကို ကိုယ်လေ့လာချင်သေးတယ်"
"ဒါပေါ့၊ လေ့လာရမှာပေါ့"

ဆက်ရန်
.

No comments: