Tuesday, June 28, 2011

တင်မောင်မြင့် ဘာသာပြန် သတင်းမုဆိုး အပိုင်း (၅ဝ)

အခန်း (၆၉)
ဂျိန်း

အိမ်ပြောင်းဖို့ အကြံရသူက အဲလျော့ဖြစ်သည်။ အခန်းရှာပုံတော် ကို သူ ကိုယ်တိုင် ဖွင့်သည်။ စိတ်ကြိုက် တွေ့တော့ ၀ယ်ဖို့တိုက်တွန်းသည်။ အခန်းခုနစ်ခန်းပါသည့် ဧရာမ တိုက်ခန်းကြီး။ မြစ်၏ မြင်ကွင်းကို စီးမိုး ကြည့်မြင်နိုင် သည့် အပေါ်ဆုံးထပ် မိုးပျံတိုက်ခန်းကြီး။
နေရာလွတ် တွေကလည်း အများကြိး ကလေးအတွက် အခန်းတစ်ခန်း၊ အိမ်ဖော်အတွက် အခန်းလည်း ပါ၏။ ဂျိန်း တွင် ကိုယ်ဝန်လည်း မရှိသေး။ ကလေးယူဖို့ ဂျိန်းစိတ်ကူးထဲပင် မထည့်။
" ပြီးတော့ မင်းဖို့ ရုံးခန်းအကျယ်ကြီးလည်းပါတယ် " အဲလျော့ ပြောသမျှ သဘောကျချင်စရာချည်း။

သည်အခန်းကြီးကို ၀ယ်လိုက်တော့ အပေါင်းအသင်းအားလုံးက သဘောမတူကြ။
ကုန်လိုက် သည့် ပိုက်ဆံတွေက နည်းနည်း နောနော မဟုတ်။ ဒေါ်လာ ငါးသောင်းကြီးများတောင် ကုန်သွား သည်။ မတန်တဆ ပေးလိုက်ရခြင်းဖြစ်ကြောင်း အားလုံးသိသည်။ အခွန်ရှေ့နေက သူတို့ကို ကနက်တီကတ် တွင် သွားနေသင့်ကြောင်း အကြံပြုသည်။
" ခင်ဗျားတို့ လင်မယား ကနက်တီကတ်ကို ပြောင်းနေရင် နယူးယောက်မြို့တော်အခွန်ရော၊ လုပ်ငန်းဝင် ငွေခါန်ပါ သက်သာသွားမယ် "
စာရင်းကိုင်ကတော့ မြို့ပြအခြေအနေကျဆင်းနေကြောင်း ရာဇ၀တ်မှု ထူပြောပြီး လေကောင်း လေသန့်လည်း မရ တော့ကြောင်း ဘယ်ကိုမှ ပြောင်းမနေနိုင်သူများသာ ကျိတ်မှိတ်နေကြခြင်း ဖြစ်ကြောင်း များဖြင့် တွက်ပြသည်။

" ကျွန်တော့်အလုပ်ရှင် စာရေးဆရာ တော်တော်များများတော့ ကနက်တီကတ်ကို ပြောင်းကုန်ကြပြီ ခင်ဗျ"
စာရင်းကိုင်က သူတို့လင်မယားကို ဖျောင်းဖျသည်။
" ကျွန်တော့် ဆေးခန်းက ဒီမှာ၊ အပေါင်းအသင်းတွေကလည်း ဒီမှာဆိုတော့မပြောင်းချင်ပါဘူးဗျာ" ဟု အဲ လျော့က ပြန်ပြောသည်။ ဂျိန်းကလည်း အဲလျော့ကို ထောက်ခံသည်။
" ဂျိန်းလည်း မပြောင်းချင်ဘူး၊ ဂျိန်းက မြက်ခင်းတွေ သစ်ပင်တွေကို မုန်းတယ်၊ အဲဒါတွေ ကြည့်ရတာ ပျင်း တယ်၊ ပိုက်ဆံချွေတာဖို့အတွက် ဘာလို့ အပျင်းခံမှာလဲ၊ " ရှင်နဲ့ကျွန်မ"ကို ရေးဖြစ်တာမြို့မှာ နေပြီး မြို့က အတွေ့ အကြုံ တွေ ရလို့ မဟုတ်လား " စာရင်းကိုင်နှင့် အခွန်ရှေ့နေတို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့် လိုက်ကြသည်။ တော်တော်တုံးတဲ့ လင်မယားပဲ ဟူသည့် အဓိပ္ပာယ်။
အဲလျော့ က ဂျိန်းကို ထပ်ရှင်းပြသည်။

" တိုက်ခန်းကြီးက နေလို့ ကောင်းရုံမကဘူး၊ နယူးယောက်တိုက်တာ မြေယာဈေးက အမြဲတမ်း တက်နေတာမို့ ရင်းနှီးမြှုပ်နှံထားတဲ့ သဘောလည်းပါတယ် "
အဲလျော့ ခါတိုင်းလိုပင် အမြော်အမြင်ကြီးပါပေသည်ဟု ဂျိန်းက ကျိတ်ပြီး အမှတ်ပေးလိုက်ပြန်၏။ ဂျိန်းတွင် ကဏ္ဍနှစ်ခုရှိ၏။ တစ်ခုက အဲလျော့ ပြောသမျှ နားထောင်ခြင်းဖြစ်ပြီး ကျန်တစ်ခုက သူများတွေပြောတာကို နားထောင်ခြင်း ဖြစ်လေသည်။

တိုက်ခန်းဖိုး ငွေချေဖို့ စာအုပ်လက်မှတ်ထိုးရမည့် အချိန်ရောက်တော့ ဂျိန်းက
" ဂျိန်းတို့ ဒါလောက် မချမ်းသာဘူးလေ၊ နည်းတဲ့ ပိုက်ဆံတွေ မဟုတ်ပါလား၊ စာရင်းကိုင်ပြောတာ မှန်တယ်၊ ဈေး သိပ်များတယ်၊ မတန်ဘူးတဲ့ "
" စာရင်းကိုင်ဆိုတဲ့ ငနဲက ဇနပုဒ်မှာ နေတာ၊ ဘယ်လိုလုပ်ပြီး မင်းဟက်တန်ဈေးကို သူ သိနိုင်မလဲ "
" ဂျိန်းနေခဲ့တဲ့ အိမ်ကို အဖေနဲ့အမေ ၀ယ်တုန်းက ဒေါ်လာတစ်သောင်းပဲပေးရတယ်၊ တစ်အိမ်လုံးနော်၊ ခု ဟာက တိုက်ခန်းတစ်ခန်းကို ငါးသောင်းဆိုတော့ "
" မင်း သဘောမတူရင်လည်း တို့ နောက်ပြန်ဆုတ်လိုက်ကြတာပေါ့ "

" ဂျိန်းတို့ တတ်နိုင်ပါ့မလား၊ ၀ယ်သင့်တာ သေချာရဲ့လားဟင် "
" သိပ်တတ်နိုင်တာပေါ့ဂျိန်းရဲ့၊ မင်းက သုံးသန်းနီးပါး ရထားတာ၊ ကိုယ်ကလည်း လမ်းပေါ်က ငမွဲတစ် ကောင်မှ မဟုတ်တာပဲ "
" တကယ်လို့ ဂျိန်းက နောက်ထပ် ပိုက်ဆံမ၀င်တော့ဘူး၊ အိမ်လခလည်း မတတ်နိုင်တော့ဘူးဆိုရင်ကော "

" ဒါဆို စာချုပ်ကို ကိုယ်တစ်ယောက်တည်း လက်မှတ်ထိုးလိုက်ရမလား "
" ဒါဆို အိမ်လခ တာဝန်ကို အဲလျော့ ယူရတော့မှာပေါ့ "
" ဒါပေါ့၊ တိုက်ခန်းလည်း ကိုယ့်နာမည်နဲ့ ဖြစ်သွားလိမ့်မယ် "
" အဲဒါဆို အဲလျော့ တာဝန်ပိုမနေဘူးလား "
ဂျိန်းက လင်တော်အပေါ် တာဝန်ပုံချသလို ဖြစ်နေမလား ထင်ပြီး စိုးရိမ်ပြီး မေးလိုက်ခြင်းဖြစ်၏။

" ပြဿနာ မရှိပါဘူး၊ မင်းက အိမ်လခအတွက် စိုးရိမ်နေတာကိုး "
တိုက်ခန်းကြီးက လှလှပပ ပြင်ဆင်ထားသော်လည်း အဆောက်အအုံမှာ အိုနေပြီဖြစ်၍ ပြန်လည်မွမ်းမံရ၊ မီး ကြိုးတွေ ထပ်ဆွဲရ၊ လေအေးစက်တွေ ထပ်ဆင်ရနှင့် နောက်ထပ် ငါးသောင်းထွက်သွားပြန်၏။ အဲလျော့က ဗိသုကာ ငှာပြီး ကန်ထရိုက်ကိုပါ သူကိုယ်တိုင် ရှာသည်။
ခန့်မှန်းကုန်ကျစရိတ်စာရင်းကို ကြည့်ပြီး
" ဆေးသုတ်တာချည်း ဒေါ်လာ ခြောက်ထောင် ဟုတ်လား "

" ဧရိယာကနည်းမှ မနည်းတာ၊ ပြီးတော့ နံရံတွေက မကောင်းတော့ဘူး၊ အားလုံးခွာပြီး ပတ်တီးပြန်ရိုက်ရမှာ "ဟု အဲလျော့က ရှင်းပြသည်။
" ဆေးအဖွဲ့က အကောင်းဆုံးနာမည်ကြီးအဖွဲ့လေ "
" အင်း အင်း ကောင်းမှာပါ "
ဂျိန်းက ပြန်ပြောရင်း မနှစ်က အထိ နေ့လယ်စာကို ထမင်းထုပ် ၀ယ်စားပြီး တက္ကစီ မစီးနိုင်၍ ဘတ်စ်ကားသာ အားထားရာဖြစ်ခဲ့သည်ကို စဉ်းစားနေမိ၏။

ဗြုန်းကနဲ ပြောင်းလဲသွားသည့် မိမိဘဏ္ဍာရေး အခြေအနေနှင့် ဂျိန်းလုံးဝ အထာမကျနိုင်ဘဲ ဖြစ်နေ၏။ ပိုက်ဆံတွေ ကုန်သွားပြီး ဒေ၀ါလီခံရမည်ကို ကြောက်နေ၏။ ကြွေးတွေ ပတ်လည်ဝိုင်းပြီး မဆပ်နိုင်လို့ ထောင်ထဲ ၀င်ရမည့် အရေးကိုလည်း စဉ်းစား၏။ လန့်နေ၏။ ပြီးတော့ အခြားအခြားသော စီးပွားပျက်ကပ် ဆိုက်ပုံများလည်း စဉ်းစား၏။
အဲလျော့က သေသေချာချာ ချတွက်ပြသည်။ တိုက်ခန်းလခအတွက်လည်း မပူရ၊ အခန်းကိုလည်း ကြိုက် သလောက်ပြင်၊ ကြိုက်သည့်ပစ္စည်းတွေ ၀ယ်သည်။ ဘယ်လို သုံးသုံး ပိုက်ဆံတွေ အများကြီး ကျန်ဦးမှာ ဖြစ်ကြောင်း အကြိမ်ကြိမ်ရှင်းပြသည်။

ပြီးတော့ သူ အလုပ်ကလည်း ပို၍ပို၍ ၀င်ငွေကောင်းလာကြောင်း ပြောပြသည်။
" မင်းမှာလည်း ၀င်ငွေ အထိုက်အလျောက် ဆက်ရှိနေမှာပဲ၊ ဘာပူစရာရှိလဲ၊ ပူစရာ ရှိရင်လည်း တို့မှာ ငွေ ရေးကြေးရေး ကိစ္စမဖြစ်နိုင်ဘူး "

တိုက်ခန်းသစ်ကြီးကို ပြောင်းရွှေ့လာခဲ့ကြပြီးတော့လည်း ဂျိန်း၏ စိုးရိမ်စိတ်တွေ လျော့မသွား။ တိုက်ခန်းကြီးက ကြီးမှကြီး ကျယ်မှကျယ်။ ဟဒ်ဆင်မြစ်ကို စီးကြည့်နေရသည့် မြင်ကွင်းမှာ ရင်သပ်ရှုမောဖွယ် လှပသည့် မြင်ကွင်းဖြစ်ပါ၏။ ဧည့်ကြိုခန်းမဆောင်တစ်ခုလုံး ကျောက်ဖြူသားစစ်တွေ အပြည့်ခင်းထား၏။ မျက်နျာကျက်မြင့်မြင့်တွင် ဧရာမ ဖန်မီးဆိုင်းကြီးက အခန်းနှင့် ပနံရလှသည်။ ကော်ဇော တွေက အားလုံး အရှေ့တိုင်းဖြစ်တွေ။

ဓာတ်လှေကားဝမှ တံခါးမှူးနှင့် ဓာတ်လှေကားမောင်းသမားများက ၀တ်စုံပြည့်ဖြင့် ပယ်ရီလမ်းတိုက်ခန်းပေါ် ကို ကိုယ့်အားကိုယ်ကိုးတက်ခဲ့ရသည့် အချိန်တွေသည် ဟိုအဝေးတွင် ကျန်ခဲ့သလိုလိုပါလား။
အဲလျော့နှင့် လက်ထပ်ပြီးနောက် နေခဲ့ရသည့် ၇၄ လမ်းတိုက်ခန်းကလေးပေါ်မှသည် မိုးပျံခန်းမကြီးပေါ်ကို ခုန်တက်လိုက်ရသလို စိတ်ထဲ ထင်နေ၏။
" စိတ်ထဲမျာ မတန်မရာနေရာကို ရောက်နေသလိုပဲ "

ဟုဂျိန်းက စိတ်ထဲရှိသည့်အတိုင်း သစ်လွင်တောက်ပနေပြီး အထက်တန်းကျလှသည့် အခန်းကြီးကို ပြောင်း လာသည့် နေ့က အဲလျော့ကို ထုတ်ပြောသည်။ စိတ်ထဲတွင် ကိုယ်နှင့်မဆိုင်သည့် နေရာကို ခိုးကြောင်ခိုးဝှက် ရောက်နေ သလို ခံစားနေရဆဲ။
" ဘာလို့ အဲဒီလို တွေးရတာလဲ၊ မင်းရတဲ့ ပိုက်ဆံတွေနဲ့ ၀ယ်တဲ့အိမ်ပဲ၊ ကိုယ်ပိုင် အိမ်ကို ကိုယ့်ဘာသာ ပြောင်း လာတာပဲ "
" အဲလျော့ ရှင်းပြတော့မှ ဂျိန်းက အံ့သြမဆုံးသေးသည့် အမူအရာဖြင့်
" ဟုတ်လား၊ တကယ်နော် " ဟု ပြန်မေးသည်။

ပျော်တော့ ပျော်ပါသည်။ သို့သော် " ရှင်နဲ့ကျွန်မ" မှ ငွေတွေ ဒါလောက် ရလာသည် ဆိုသည်ကို ရံဖန်ရံခါ အိပ်မက် များလားဟု ဂျိန်းထင်နေဆဲ။ သည်ကိန်းဂဏန်းတွေကို မျက်စိထဲ မြင်လာတိုင်း ဂျိန်း သွေးပျက်ချင် သလိုလို ဖြစ်ရ၏။

အဲလျော့က မာသာရှနိုက်ဒါကို ကျေးဇူးတင်နေသည်။ အကြီးအကျယ် ပြောင်းလဲခဲ့သည့်ဘ၀နှင့် အဲလျော့ ခွင်ကျသွားလိမ့်မည်ဟု ဟောကိန်း ထုတ်ပေးသောကြောင့်ဖြစ်၏။
အဲလျော့သည် အားလုံး နှင့် အဆင်ပြေသူ ဖြစ်သည်။ အိမ်အတွင်းပိုင်းမှ အလှဆင် အင်ဂျင်နီယာများနှင့်ရော အိမ်ဖော်၊ တံခါးမှူးတို့နှင့်ပါ ပြေလည်သူဖြစ်သည်။ " ရှင်နဲ့ကျွန်မ" နံပါတ်တစ် ရောက်သွားချိန်တွင် ကမ်းခြေ အပန်းဖြေ အိမ်တစ်လုံးဝယ်ဖို့ အဲလျော့ လွယ်လွယ်ပင် ဆုံးဖြတ်နိုင်ခဲ့လေသည်။
" ၀ယ်ဖို့ ကောင်းကောင်း လုံလောက်တယ်လေ " ဟု မိန်းမကို စည်းရုံးသည်။
" ၀ယ်လောက်တယ်၊ ဟုတ်လား " ဟု ဂျိန်းက မသေမချာသလို ပြန်မေးသည်။
 
အခန်း (၇၀)
ဂျိန်း

ငွေဘုံပေါ်မှာ စံရခြင်းနှင့် မယုံကြည်လောက်သော ဘ၀အပြောင်းအလဲများသည် ဂျိန်း၏ အောင်မြင်မှု ရရှိ သည့် ရုပ်ပိုင်း ရလဒ်အပိုင်းအစ ဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ ရလဒ်များလည်း ထင်ကျန်ခဲ့သေးသည်။ ယင်းမှာ ဂျိန်း အရင်ကလို အဟုတ်တော့ခြင်းဖြစ်၏။ ဂျိန်း၏ စိတ်အနေသည် ပုံမှန် အနေအထားတွင် မရှိတော့ပေ။
ဥပမာ သည်အိမ်ကြီးကို သူ့အိမ်ပါဟု သဘောမထားနိုင်ခြင်းမျိုး။ " ရှင်နဲ့ကျွန်မ" သည် သည်လောက်အထိ ပေါက်ရမည့် ၀တ္ထုမျိုးမဟုတ်ဟု မြင်လာခြင်းမျိုး။ ပိုက်ဆံတွေကို လုံးဝ မကြည့်ချင်တော့သည့် အဖြစ်မျိုး။

" သိပ်ဆန်းတဲ့ကိစ္စမှ မဟုတ်တာ၊ အိုဝင်နဲ့ ဖြစ်ခဲ့တဲ့ ဇာတ်လမ်းကို ပြန်ရေးတယ်၊ လူတွေ ကြိုက်ကြတယ်၊ အဲဒါက ကြက်ကန်းဆန်အိုးတိုးတာမျိုး ဖြစ်နေရင်ကော"
ဂျိန်းက အဲလျော့ကို မေးသည်။
" ဘာဖြစ်လို့ မင်းအဲဒီ အတွေးတွေ ၀င်နေတာလဲ၊ မင်းမှာ အနုပညာ ဓာတ်ခံရှိလို့၊ ပါရမီရှိလို့ ရေးနိုင်တာလို့ မတွေးမိဘူးလား "
" အင်း အင်း အနုပညာပါရမီတော့ ဂျိန်းမှာရှိတယ်၊ ဒါပေမယ့် ကံစွတ်သွားတာလည်း ပါတယ်၊ မိုးကြိုးပစ်သလိုလေ၊ မိုးကြိုးက နှစ်ခါ မပစ်ဘူး "
ဂျိန်းက ခပ်ပေါ့ပေါ့ ပြောတတ်သော်လည်း အတွင်းစိတ်က ရေပွက်ပမာ အောင်မြင်မှုမျိုး ဖြစ်နေမည်ကို အကြောက်ကြီး ကြောက်နေသည်။

" အင်းလေ၊ ရှစ်ဆယ်ပြည့်နှစ် တောင်းဆိုသံကို ဂျိန်း ဘယ်လောက် တုံ့ပြန်နိုင်မလဲ ကြည့်သေးတာပေါ့ "
ဂျိန်း သည် သူ့အရည်အသွေးကို သူအမြဲ သံသယဖြစ်လျက် ရှိသည်။ ရံခါတွင် ပတ်ဝန်းကျင်တစ်ခုလုံးက သူ့ပါရမီ ကို အတည်ပြု ချီးမြှောက်ကြလျှင် မလုံမလဲနှင့် သူတို့ ပြောသည့်အတိုင်း ဖြစ်ပါစေဟု ကျိတ်ပြီး ဆု တောင်း တတ်သည်။

"ရှင်နဲ့ကျွန်မ" ကို စာနယ်ဇင်းစာအုပ်ကဏ္ဍတွေက ၀ိုင်းပို့နေကြတာပဲ၊ ဝေဖန်ရေး ဆရာအားလုံးလိုလိုကလည်း ကောင်းတယ်၊ ပင်ကိုရေးစစ်စစ်ဖြစ်တယ်၊ ထူးထူးခြားခြား ထိုးဖောက်ထားတဲ့ ၀တ္ထုမျိုးဖြစ်လို့ ဝေဖန်နေကြတာပဲ၊ ဂျိန်းက ထိပ်သီးနာမည်ကြီး စာရင်းဝင်ပဲ "
စိတ်ကောင်းဝင်သည့်အခါ အဲလျော့ကို သည်လို ပြောတတ်ပြီး သူ စိတ်တွေတိမ်းတိမ်းပွေပွေဖြစ်နေသည်ကို ကူညီဖြေရှင်းပေးဖို့လည်း တောင်းပန်တတ်၏။

" ဘာဖြစ်လို့၊ ဂျိန်း စိတ်ဓာတ်တွေ ကျနေတာလဲဟင်၊ ဘာဖြစ်လို့ သူများ ပျော်သလို မပျော်နိုင်ရတာလဲ၊ ဘာဖြစ်လို့ ဂျိန်း ကြောက်နေရတာလဲ "
" ကိုယ်မြင်သလောက်ကတော့ ဟိုတုန်းကထက် မင်းဘ၀က ပိုပြီး ရှုပ်ထွေးလာလို့ ဖြစ်ရမယ်" ဟု အဲလျော့ က မှတ်ချက်ချသည်။ ဈေးပေါပေါ ရပ်ကွက်မှ အသက်သာဆုံး တိုက်ခန်းကလေးတွေ နေခဲ့ရသည့်ဘ၀ကို ဂျိန်း ပြန်သတိရသည်။

ပြီးတော့ အားကိုးအားထားပြုလောက်သည့် ဆရာသမားထံတွင် ပုံမှန်ဝင်ငွေရသည့် အလုပ်ကလေးဖြင့် တင်းတိမ် နေသည့်ဘ၀။
 နောက်တစ်ခုက " ရှင်နဲ့ကျွန်မ" လောက် အောင်မြင်တဲ့ နောက်တစ်ပုဒ် မင်းထပ်မရေးနိုင်မှာကို ကြောက် နေတာလည်း ဖြစ်နိုင်တယ် "
အဲလျော့ ပြောသမျှ အာရုံစိုက် နားထောင်နေရင်း မမျှော်လင့်ဘဲ ဂျိန်း မျက်ရည်တွေ ကျလာသည်။ ဂျိန်း ကြောက်နေသည့် ကိစ္စကို အဲလျော့ အတည်ပြုလိုက်၏။
" ဟုတ်တယ်၊ ဂျိန်း ကြောက်တယ်၊ ဂျိန်း ဘာလုပ်ရမလဲဟင် "

" ပထမဆုံး အောင်မြင်မှုနဲ့ အသားကျအောင် မင်းလုပ်ယူရမယ်၊ တဖြည်းဖြည်းနဲ့ ငွေရေး ကြေးရေးတွေ မင်း ရိုးသွားလိမ့်မယ်၊ အဲဒိအခါ နောက်တစ်အုပ်ရေးဖို့ ဇာတ်လမ်းတစ်ပုဒ် ထပ်ရလာလိမ့်မယ်၊ အကောင်းဆုံးက အဲဒါတွေ အားလုံးအတွက် မင်းလောဖို့ မလိုဘူး၊ ဖြည်းဖြည်းချင်း သူ့ဘာသာသူ ဖြစ်လာလိမ့်မယ်၊ မင်း ဇိမ်နဲ့ စောင့်နေရုံပဲ "
" ဂျိန်း စောင့်နိုင်ပါတယ် "
ဂျိန်းသည် အရာရာကို ရှင်းပြမှ နားလည်သည့် ကလေးလေးလို ဖြစ်နေပြန်သည်။
အဲလျော့ နောက်ထပ် ဘာမှ မပြောနိုင်ခင် သူ့ကို တအားဖက်ကာ တ၀ကြီး မွှေးမွှေးပေးလိုက်သည်။

" မောင့်ကို အရမ်းချစ်ပါတယ်၊ မောင်က ဂျိန်း စိတ်သက်သာရာရအောင် အမြဲပြောတတ်တယ်၊ အမြဲ လုပ်ပေးတတ်တယ် "
အဲလျော့ ပြုံးနေသည်။ ခံစားမှုပေါင်းစုံ ရောထွေးနေသည့် အပြုံးမျိုး။ သူသည် လူတွေကို ဂရုစိုက်တတ်သူ ဖြစ်သည်။ သူ့အသက်မွေးဝမ်းကျောင်း ပညာရပ်ကိုက လူတွေကို ဂရုစိုက်ဖို့က အခြေခံမဟုတ်လား။ တစ်ခုပဲ စိုးရိမ်မိ ရသည်။ အိမ်ထောင်ရေးမှာပါ သည်အခြေခံပညာရပ်ကို အသုံးပြုနေရမှာလား။

ဆေးခန်းတွင် လူနာတွေကို ဂရုစိုက်ရသလို အိမ်ပြန်ရောက်လျှင် ဂျိန်းကို ဂရုစိုက်နေရကြောင်း တဖြည်းဖြည်း သိလာသည်။ ခဏနေမှပါလေ၊ မကြာခင် ဂျိန်း ပုံမှန်ရောက်သွားမှာပါဟု ကိုယ့်ကိုယ့်ကိုယ် နှစ်သိမ့်သည်။ သို့သော် အဲလျော့ ထင်သလို ဖြစ်မလာခဲ့ပေ။ ဂျိန်းသည် " တစ်အုပ်ရေး" ကောက်ရိုးမီး စာရေးဆရာမဘ၀ဖြင့် နိဂုံး ချုပ်မည်ကို လွန်လွန်ကဲကဲ ကြောက်ရွံ့နေဆဲ။ ဒုတိယစာအုပ်ကိုတော့ ရေးဖြစ် အောင် ရေးမည်။ သို့သော် ဘာရေးရမည် မသိသေး။
၁၉၇၅ ခုနှစ်တွင် အဲလျော့ကို ဖွင့်ပြောသည်။

" ဘာဇာတ်လမ်းမှ ခေါင်းထဲ ၀င်မလာဘူး၊ ရင်ထဲမှာ ဟာလာဟင်းလင်းကြီးပဲ"
" စိတ်အေးအေးထားလေ၊ အပင်ပန်းမခံနဲ့ "
" ရှင်နဲ့ကျွန်မ တုန်းက မောင်ရေးခိုင်းတာနော်၊ ခုလည်း ပြောလေ ဘာရေးရမလဲ "
" အဲဒီတုန်းက အကြာကြီး မင်းတွေဝေနေတယ်လေ၊ ကိုယ်က စိတ်ပညာရှုထောင့်က မင်းကို ရေးဖြစ်အောင် အကြံပေးခဲ့တာပဲရှိတာပါ။ ကိုယ်က စာရေးဆရာ မဟုတ်ဘူးလေ။ ဘယ်မှာ ဇာတ်လမ်းပေးနိုင်မှာလဲ "
သူလိုတာ မရတော့ ဂျိန်း ဒေါပွပြန်၏။

"ရှင်နဲ့ကျွန်မ"ကို ဂရုမစိုက်ပါဘူး၊ နောက်တစ်အုပ် ရေးဖြစ် မရေးဖြစ်လည်း ရှင် စိတ်မ၀င်စားပါဘူး "

ဆရာကြီး ဘားလက်ခရစ္စပန်၏ ရွှေမြို့တော်ဂျာနယ် ဆောင်းပါးနောက်ကို လိုက်ပြီး ဝေဖန်ရေးဆရာတို့ ဂျိန်းကို လက်ခုပ်တီးပေးကြသည်။ လက်ခုပ်တီးသံများ စဲသွားချိန်တွင် ထုံးစံအတိုင်း တုံ့ပြန်ချေပ ခံရချိန်သို့ ရောက်ခဲ့လေ၏။
ဂျိန်းတစ်ယောက် အကာအကွယ်မဲ့စွာ အကြောက်ကြီး ကြောက်နေချိန် " ရှင်နဲ့ ကျွန်မ"ကို အားလုံး ၀ိုင်းကြိုက်နေကြချိန်တွင် သည်ဝတ္ထုကို လုံးဝ ရစရာမရှိအောင် ဝေဖန်သွားသည့် အမျိုးသမီးတစ်ယောက် ဘွားက နဲ ပေါ်လာသည်။

" ပင်နီလု" ဟူသည့် အမေရိကန်စာရေးဆရာမ။ တနင်္ဂနွေနေ့ထုတ် တိုင်းမ်သတင်းစာ စာအုပ်ကဏ္ဍတွင် "ဘာမှ မလေးနက်သည့် အပေါစားဝတ္ထု"ဟု ခေါင်းစဉ်ပေး ရေးသားသည်။ သည်ဆောင်းပါးကို ထောက်ခံပြီး ချီကာဂိုထရီဗျွန်းတွင် ဝေဖန်ရေးဆရာတစ်ဦးအမည်ဖြင့် တစ်ပုဒ် ထပ်ပါလာသည်။ သူကတော့
" ဖတ်သင့်သည့် စာအုပ်မျိုး မဟုတ်၊ အောက်တန်းကျလွန်းသည်၊ အဆင့်ရှိ" စသည်ဖြင့် ပက်ပက်စက်စက် ဝေဖန်ထားသည်။
" ပင်နီလု ရေးတာတွေက သိပ် ထိတယ်၊ သူ့ အယူအဆတွေကို ဂရုစိုက်ရမယ်" ဟု ဂျိန်းက လင်ကီနှင့် တိုင် ပင်သည်။ ချက်ချင်း အယ်ဒီတာမဆီ ပြေးပြီး မျက်ရည်စက်လက်နှင့် ရင်ဖွင့်ခြင်းဖြစ်၏။
" ဒါက သူတစ်ယောက်တည်းနဲ့ အမြင်ပဲ၊ ပြီးတော့ သူက စာအုပ်ခြောက်အုပ်လောက် ထွက်ဖူးတာ၊ တစ်အုပ် မှ စာရင်း မ၀င်ဘူး၊ သူမနာလိုဖြစ်ပြီး ရေးတာလို့ မင်းမတွေးမိဘူးလား" ဟု လင်ကီက ရှင်းပြသည်။

လင်ကီနှင့် စကားပြောရတော့ ရင်ထဲ ပေါ့သလိုလို ဖြစ်သွားသည်။ သို့သော် တဒင်္ဂမျှသာ။

" အောက်တန်းကျတယ်တဲ့၊အပေါစားတဲ့၊ " ချီကာဂို" ထရီဗျွန်းဆိုတာ တကယ်သြဇာကြီးတဲ့ သတင်းစာကြီး၊ လူတိုင်းက "ရှင်နဲ့ကျွန်မ"ကို အလကားစာအုပ်လို့ ထင်ကြတော့မှာ "
လင်တော်မောင်ကို ဂျိန်း တိုင်တည်နေခြင်းဖြစ်သည်။
" မင်းကကော သူတို့ပြောတဲ့အတိုင်း ထင်လို့လား "
" အင်း တစ်ခါတလေတော့ ထင်တယ် " ဂျိန်းက ပြောရင်း ငိုချလိုက်သည်။

ဂျိန်း၏မာနသည် တံခွန်တိုင်ထိပ်သို့ ရောက်ချင်လည်း ရောက်နေတတ်သည်။ မိုးမခတိုက်မှ ထုတ်သည့် ၀တ္ထုတစ်ပုဒ်ကို "ရှင်နဲ့ကျွန်မ"လို စာအုပ်မျိုး ဟူသည့် ကြော်ငြာကို ဖတ်ပြီး
" လင်ကီက ပြောတယ်၊ ဂျိန်းရဲ့ ၀တ္ထုဟာ အမျိုးသမီးဟု တစ်ရပ်လုံးရဲ့ ကြွေးကြော်သံပဲတဲ့"ဟု ပြောရင်း စာအုပ်ကြော်ငြာကို အဲလျော့ ရှေ့သို့ ဖြန့်ချလိုက်သည်။
စာအုပ်တိုက်တွေက သူတို့စာအုပ်ကြော်ငြာများတွင် ဂျိန်း၏ စကားလုံးများ သုံးခွင့်ပြုဖို့ ဂယ်လီပရုဖ်တွေ ပို့ပြီး ခွင့်တောင်းကြသည်။
" တွေ့လား၊ ဂျိန်းဂရက်ခ်ျရဲ့ စကားလုံးနဲ့ ဆိုရင် ရောင်းစွဲမှာချည်းပဲ "

လဲလျော့က အောင်မြင်မှုတွင် ယစ်မူးချင်၏။ ရသည့်ငွေတွေနှင့် ပျော်ချင်၏။ ဂျိန်းက ခပ်လျှိုလျှို နေချင်သည်။ အဲလျော့က သူ့ဘ၀ အ၀န်းအ၀ိုင်းကို ချဲ့ထွင်ချင်သည်။ ဂျိန်းက သည်အတိုင်း ပိုနေမြဲ ကျားနေမြဲ နေချင်သည်။
အဲလျော့က ဧည့်ခံပွဲမှန်သမျှသို့ တက်ချင်သည်။ အိမ်မှာ ဧည့်ခံပွဲတွေ လုပ်ချင်သည်။ ဂျိန်းက အပြတ်ငြင်းသည်။
" ပတ်" ရိပ်သာ ဧည့်ခံပွဲကြီးတစ်ခုကို မသွားဖို့ တားရင်း ဂျိန်းက အဲလျော့ကို ဝေဖန်နေသည်။

" ရှင် ဒီလိုပွဲတွေကို ဒါလောက် ၀ါသနာပါလိမ့်မယ်လို့ မထင်ခဲ့ဘူး "
ဆရာ ဆင်မြူရယ်ဝေါ်လင်ဘတ် နှစ်စဉ် သွားသည့် ကာရီဘီယံကျွန်းကလေးကို နှစ်ပတ်လောက် အပန်းဖြေ ခရီးထွက်ဖို့ စည်းရုံးတာလည်း မရ။ ဂျိန်းက ပယ်ချသည်။
" အဲဒီလို နေရာတွေ သွားပြီး လူချမ်းသာတွေနဲ့ ဂျိန်းမှာ ပြောစရာ ဘာမှ မရှိတာ "
သူတို့ပိုင် ပိုက်ဆံတွေကို လင်မယားဘ၀အတွက် မသုံးဖြစ်သော်လည်း အလှူအတန်းတော့ လုပ်ဖြစ်သည်။
မင်ဟက်တန် စိတ္တဇဆေးရုံကို အဲလျော့က ငွေတွေ အများကြီးလှူသည်။

" ကုသိုလ်လည်းရတယ်၊ အခွန်လျှော့ပေါ့ခွင့်လည်း ရတယ်၊ ပြီးတော့ ဘုတ်အဖွဲ့ဝင် လူကြီးဖြစ်ဖို့လည်း ကိုယ့်အတွက် လမ်းပွင့်သွားတယ် "
" ဒါဆို ပျင်းစရာကောင်းတဲ့ အစည်းအဝေးတွေ တက်ရဦးမှာပေါ့ "
" ကိုယ်တော့ အစည်းအဝေးတွေကို ပျင်းစရာလို့ မထင်ပါဘူး "

ဂျိန်း စိတ်ပျက်လက်ပျက် ဖြစ်နေသည်။ နောက်ကိစ္စတစ်ခုမှာ သူ့စာတိုက်ပုံးဖြစ်၏။ လာသည့်စာတွေကို သုံး မျိုးသုံးစား ခွဲခြားလို့ရ၏။ အချို့က အမျိုးသမီးများဘက်မှ ရပ်တည်ပေးလို့ ကျေးဇူးတင်ကြောင်းဖြင့် စပြီး သူတို့ဘ၀ ဇာတ်ကြောင်းများကို ရင်ဖွင့်ကြသည်။ အများအားဖြင့် ယောက်ျားတို့ ဖောက်ပြားကြသဖြင့် အသည်းကွဲနေကြသူတွေ။
မည်သို့မည်ပုံ သူတို့ အသည်းကို ကုသရပါမည်လဲဟု ဂျိန်းကို မေးကြ၏။

" သူတို့ကို ဂျိန်း ကူညီချင်ပါတယ် "
တစ်ဦးချင်း လက်က စာမပြန်ဖြစ်သော်လည်း စိတ်ထဲကတော့ ပြန်စာတွေ စီဖြစ်သည်ချည်း။
" အင်း အချိန်ဖြုန်းလို့ မဖြစ်ဘူး၊ နောက်စာအုပ်ရေးဖို့ ပြင်ဆင်ရတော့မယ်" ဟု လဲလျော့ကို ပြောသည်။
အချို့စာတွေကတော့ ဆဲစာတွေ၊ "ရှင်နဲ့ကျွန်မ" ကိုရိုင်းပါသည်။ ကြမ်းပါသည် စွပ်စွဲပြီး သူတို့ရေးသည့်စာ များက မကြားဝံ့ မနာသာ အသုံးအနှုန်းတွေ ထုနှင့်ထေး။
" သူတို့ကပဲ ဂျိန်းကို အပြာစာရေးဆရာမလို့ စွပ်စွဲသေး "
ဟု ဒေါသစွက်ပြီး ပြောသော်လည်း စိတ်ထဲက ကြောက်နေ၏။

တတိယအမျိုးအစားက သိပ်တော့ မများ၊ သို့သော် ပို၍ စိတ်အနှောင့်အယှက်ဖြစ်ရ၏။ ယောက်ျားကလေး များ ရေးသည့်စာတွေ၊ စာရွက်ပုံစံကမျိုးစုံ၊ ဂျိန်းဆီသို့ သူတို့ ချစ်ခန်းကြိုက်ခန်းများ ရေးပြသည့် စာတွေ။ သည်စာတွေဖတ်ပြီး " ရှင်နဲ့ကျွန်မ" ကို တစ်မျိုးပြန်မြင်လာသည်။ ရောဂါပိုးတစ်မျိုး ထုတ်လွှတ်လိုက်ပြီး သည်ပိုးတွေ ငါ့ဆီ ပြန်ရောက်လာတာများလား။

မကြားဝံ့မနာသာ တယ်လီဖုန်းတွေလည်း လာ၏။ ဖုန်းနံပါတ်ကို ခဏခဏ ပြောင်း၏။ ဘယ်ဖုန်းစာအုပ်မှာမှ မပါအောင် လုပ်၏။ သို့သော် မရ၊ ဘယ်နည်း ဘယ်ပုံ သူတို့ ရမှန်းမသိ။ သည်တော့မှ သူ့ဖုန်းနှင့် အ၀င်စာ တွေကို စိစစ်ပေးဖို့ အဲလျော့ကို တောင်းပန်သည်။
" အကျိုးရှိမယ့် စာလောက်ပဲ ဖတ်မယ်လေ။ ကျန်တာတွေ လွှင့်ပစ်လိုက်ပါ"
အောက်ဆုံးထပ် ပလက်ဖောင်းတွင် လူတစ်ယောက် အပေါ်ကို မော့ကြည့် မော့ကြည့် လုပ်နေသည်ကို ရက်ဆက်မြင်ရတော့ ဂျိန်း ငိုချလိုက်သည်။

အောင်မြင်မှုကြောင့် အမြင့်သို့ ရောက်သွားသော ဂျိန်းသည် အောင်မြင်မှုကြောင့်ပင် တစ်စစီ ကြေမွပျက်စီး သလိုဖြစ်နေ၏။
လူစိမ်းသူစိမ်းများက မကြားတကြား မြူဆွယ်စကားများ ဆိုကြ၏။ တစ်နေ့ညနေ ၆ နာရီ သတင်းတွင် ရုပ်သံ အမေးအဖြေခန်းရိုက်ဖို့ အသွားတွင် အယ်ဒီတာ တစ်ယောက်က ဆီးပြောသည်။
" ခင်ဗျားစာအုပ် ဖတ်ပြီး ခင်ဗျားကို ကျုပ်က အရမ်း နိပ်မယ် ထင်နေတာ၊ လက်စသတ်တော့ဖက်တီးပဲ "
တစ်နေ့ အပေါ်ထပ်တက်ဖို့ ဓာတ်လှေကားထဲတွင် တစ်တိုက်တည်းနေ အမျိုးသမီးတစ်ယောက်နှင့်ဆုံသည်။

" မင်း စာအုပ်ကို ကြိုက်တဲ့အထဲမှာ တို့မပါဘူးနော်" ဟု ကပ်ပြောသွားသည်။
" မင်း ရေးသလောက် မင်း စွမ်းရဲ့လား" ဟု လူစိမ်းတစ်ယောက်က ကပ်ပြောသွားသေးသည်။ ရုပ်သံတွေ ခဏခဏ မြင်ဖူး၍ ဂျိန်းကို မှတ်မိနေခြင်းဖြစ်သည်။

စင်စစ်ဂျိန်းသည် စားပွဲပေါ် တက်ပြီး စကက်ကို ပင့်ကာ ကနေခြင်းဖြစ်၏။ သို့သော် သည်တစ်ကြိမ် ၀ိုင်းကြည့် နေသူတွေ မရယ်ကြတော့။
ဂျိန်းသည် ဝေဖန်မှုအောက်တွင် ပိပြား ကြေမွနေပြီ။ အများပိုင် ပစ္စည်းလို တစ်ခါမှ အပြစ်မခံဖူး၍လည်း ပို၍ ဆောက်တည်ရာ မရဖြစ်ရ၏။
ပြေးစရာ မြေမရှိတော့သလို ဖြစ်လာသည့်အခါ ဒေါသတွေ ပိုကြီးလာသည်။ အပြစ်အားလုံးကို အဲလျော့ အပေါ် ပုံချသည်။

" ရှင် လုပ်နေတာ၊ ဂျိန်း ဘ၀တစ်ခုလုံးကို ရှင် ကြိုးကိုင်နေတာ "
အချိန် သီးသန့်ယူပြီး နောက်စာအုပ်အတွက် စဉ်းစားခန်းဝင်ဖို့ အဲလျော့ အကြံပေးသည်ကို ငိုကြီးချက်မနှင့် ဂျိန်းက ပြန်ပက်သည်။
" မင်းဘ၀ကို ကြိုးကိုက်ဖို့ ကိုယ်စိတ်မ၀င်စားဘူး၊ ကိုယ်က မင်းကို ကူညီနေတာလေ "
" ကူညီနေတာ ဟုတ်လား၊ ဒီဟာလုပ်၊ ဟိုဟာလုပ် ဘယ်အချိန်မှာလုပ် အမျိုးမျိုးခိုင်းနေတာ ကူညီတာလား"

စာပြန်ရေးဖြစ်အောင် မဂ္ဂဇင်း တစ်စောင်စောင်တွင် ဆောင်းပါး ၀င်ရေးဖို့ အဲလျော့ တိုက်တွန်းတော့လည်း ဂျိန်းက လက်မခံ။
" ဆောင်းပါးကလေးတွေရေးပြီး ဘာလို့ အချိန်ကုန်ခံမလဲ "
" တစ်ခုခု ရေးဖြစ်နေရင် မင်းအတွက် အထောက်အကူ ရမလားလို့ပါ"
" အထောက်အကူ ဟုတ်လား၊ အထောက်အကူတွေ၊ အကူအညီတွေ အားလုံးကို ဂျိန်း စိတ်ကုန်နေပြီ "

အဲလျော့အကြောင်း ပို၍ ပို၍ သိလေ ဂျိန်း ဒေါသဖြစ်လေဖြစ်ကာ ဆူးတွေ တစ်ချောင်းပြီးတစ်ချောင်း ပေါက်လာသည်။ လွတ်လပ်မှုရှိသည်လည်း မထင်တော့၊ အဲလျော့ကို ချစ်သူလို မမြင်တော့၊ လင်ယောက်ျားလို့ မမြင်တော့၊ အားကိုး အားထားရလို့လည်း မထင်တော့။ ကျူးကျော်စော်ကားသူ၊ သူများ အရေးကိစ္စတွင် ၀င်ရောက် ချယ်လှယ်သူဟု မြင်လာ၏။ မိမိစိတ်သည် မိမိနှင့်အတူ မရှိတော့သလိုလည်း ခံစားနေရ၏။

အဲလျော့သည် ဂျိန်းကို စိတ်ဝင်စားခြင်း မဟုတ်ဘဲ ဂျိန်း၏ ငွေတွေကိုသာ စိတ်ဝင်စားခြင်းဖြစ်သည်ဟု စွတ်စွဲ၏။
" ရှင် စိတ်ဝင်စားတာက ဂျိန်းမဟုတ်ဘူး၊ ဟောဒီ တိုက်ခန်းကြီးရယ်၊ ကမ်းခြေက အပန်းဖြေ အိမ်ရယ်၊ အဲဒါ တွေ ဂျိနိး မပါဘဲ ရှင် တစ်ယောက်တည်း ဘယ်တော့မှ ထိန်းမထားနိုင်ဘူး "
" ကိုယ် ၀ယ်ထားပေးတဲ့ ငွေချေးစာချုပ်တွေ၊ စတော့တွေ၊ အရမ်း အခြေအနေကောင်းနေပြီလေ၊ အဲဒီ ၀င်ငွေတွေ မရှိရင် မင်းလည်း တစ်ယောက်တည်း မတတ်နိုင်ပါဘူး "
" ဟုတ်တယ် ရှင် တွက်တွက်နေတာ ငွေချည်းပဲ၊ ရှင် ကျွန်မကို ချစ်တာ မဟုတ်ဘူး၊ ပိုက်ဆံကိုချစ်တာ"
" ကိုယ မင်းကို ချစ်ပါတယ် ဂျိန်း၊ အဲ ပိုက်ဆံကိုလည်း ချစ်တယ်၊ ပိုက်ဆံကို ချစ်တာ အပြစ်လား၊ မင်း စိတ် မ၀င်စားလို့ ကိုယ်က တိုးပွားအောင်လုပ်တာ အပြစ်လား၊ ကိုယ် လုပ်မပေးရင် မင်းပိုက်ဆံတွေ တစ်နှစ်တောင် မခံဘူး၊ ခုလောက်ဆို ဘာဖြစ်မလဲ တွေးတောင် မတွေးရဲဘူး "

ဤသို့ အတွေးမတူ အယူမမျှ ဖြစ်လာကြသောအခါ ကြင်နာမှုလည်း ခေါင်းပါးလာကြတော့၏။

အဲလျော့က ငွေတွေရလျှင် ပျော်မည်ထင်ခဲ့၏။ အောင်မြင်သည့် မိန်းမမျိုးရလျှင် သုခရိပ်ငြိမ် စံအိမ်တစ်ဆောင် တည်ထောင်နိုင်မည် ထင်ခဲ့၏။ သို့သော် တကယ့် တကယ် ရလာတော့မှ ထင်သည့်အတိုင်း တစ်ခုမှ ဖြစ်မလာကြောင်း စိတ်ပျက်စရာအတိ တွေ့ရတော့၏။
လူတကာကို ကျေနပ်အောင် ဖြည့်ဆည်းနိုင်ပါလျက် အိမ်က မိန်းမ အလိုကျအောင် မည်သို့မှ မတတ်နိုင် ဖြစ်နေ၏။

တဖြည်းဖြည်းနှင့် ကိုယ့်ကိုယ်ကိုယ် ချောင်ပိတ် အမိခံနေသူလို့ အဲလျော့ ထင်လာ၏။ ဂျိန်းနှင့် ဆက်ဆံရေး တွင် သူသည် လင်ယောက်ျားတစ်ယောက် အဖြစ်လည်း မအောင်မြင်၊ စိတ်ကုဆရာဝန်အဖြစ်လည်း ခွင်မကျ ဖြစ်နေရ၏။
ကိုယ့်ကိုယ်ကိုယ် ပြန်လည် အဖတ်ဆယ်ဖို့ အိမ်ထောင်ကို ပြန်လည် တည့်မတ်ဖို့ ဆရာဝန်က မာသာထံသို့ ခြေဦးလှည့်ရပြန်၏။
" ကျွန်တော်လုပ်တာ မှန်သမျှ ဘာတစ်ခုမှ အရာမထင် ဖြစ်နေတယ်၊ ကျွန်တော် စိတ်ကုဆရာဝန်ရင့်မာကြီး တစ်ယောက် ပါဗျာ၊ ဒါပေမယ့် မိန်းမကြောင့် ရူးချင်သလိုလို ဖြစ်နေတယ်" ဟု ရင်ဖွင့်သည်။
" လူတိုင်း ၁၅ မိနစ်တော့ ကျော်ကြားနိုင်တာချည်းပဲ၊ ဂျိန်းရဲ့ ၁၅ မိနစ်ပြည့်တော့ ထင်တယ်" ဟု ဒေါက်တာ ရှနိုက်ဒါ က ကောက်ချက်ချသည်။

ဆက်ရန်
.

No comments: