အခန်း(၄၅)
လင်ကီ
လင်ကီ
၁၉၆၄ ခုနှစ်ဦးပိုင်းမှ စပြီး လင်ကီ ငိုသည်။ ဆက်တိုက် ငိုသည်။ နေ့စဉ် ငိုသ်ည။ စိတ်ကု ဆရာဝန် အဲလျော့လန်ဒေါ နှင့် တစ်ပတ်လျှင် သုံးကြိမ်သွားတွေ့သည်။ ဆရာဝန်အသက်က သုံးဆယ် လောက်ပဲ ရှိဦးမည်။ မိမိ အခက်အခဲနှင့် ဝေဒနာကို နားလည်နိုင်လောက်သည့် အရွယ်ဟု လင်ကီ ခန့်မှန်းသည်။
လူက ကိုယ်လုံးကိုယ်ထည် ခပ်သွက်သွက်၊ ဆံပင်က အနက်ရောင်၊ မျက်လုံးအစုံက လူနှင့် မလိုက်အောင် ပြူးကျယ်ကျယ်။ ချောတော့ ချောသည်။ တစ်ခုခု ထူးခြားသည့် ရုပ်သွင်မျိုး။
သူ့ကိုများ ကြိုက်နေမိပြီလား၊ သူနှင့် လက်ထပ်ရလျှင် ဘယ်လိုနေမလဲဟု ဝေေ၀၀ါးဝါး စဉ်းစားမိ တတ်၏။ ဆရာဝန်က လင်ကီကို သိပ် ဂရုစိုက်သည်။ သူလည်း မိမိလိုပဲ အိမ်ထောင်ရေး ဒုက္ခသည် ပဲ ဖြစ်နေမလားဟု လင်ကီ တွေးပြန်၏။ လန်ဒေါသည် လူနာများ၏ အခက်အခဲများကို ဖြေရှင်းပေး ပြီး သူ့ကိုယ်တိုင်က ပြဿနာ သောင်းခြောက်ထောင်နှင့်လူမျိုး ဖြစ်၏။
အင်္ဂါ၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့များမှာ သူ့ဆေးခန်းမှာ ၁၂း၁၀ မိနစ်တိတိတွင် လင်ကိ ရောက်လာ စမြဲ။ မီးမှိန်မှိန် ကလေး ထွန်းထားပြီး သဲရောင်နုနု သုတ်ထားသည့် သူရုံးခန်းထဲ ရောက်ပြီဆိုလျှင် လင်ကီက ဆိုဖာခုံရှည် ပေါ်သို့ ပစ်လှဲချကာ အားပါးတရ ငိုသည်။ ၁၉၆၁ခုနှစ် စက်တင်ဘာလ ကတည်းက ကျူးလွန် ခဲ့သည့် အပြစ်များအတွက် မြိုသိပ်စိတ်တို့ ပွင့်အန် ပေါက်ကွဲခြင်း ဖြစ်၏။
"လင်ကီ ဟာ လူသတ်သမား၊ အိမ်ထောင်ရေးမှာ သစ္စာမဲ့ မိန်းမယုတ်၊ အမေနဲ့ အဖေကို သတ်ခဲ့တယ်၊ လင်ယောက်ျား အပေါ်မှာ ဖောက်ပြန်တယ်" ဟု ဆရာဝန်ကို ရင်ဖွင့်သည်။
"လူသတ်တယ် ဟုတ်လား၊ မတော်တဆ ဖြစ်တာ မဟုတ်လား"
ဒေါက်တာ အဲလျော့လန်ဒေါ၏ အသံက အေးမြတည်ငြိမ်သည်။ အားထားချင်စရာ ကောင်းသည်။
"လေယာဉ်ပျက်ကျတာပါ။ ဒါပေမယ့် လင်ကီ့ အပြစ်လိုပဲ စိတ်ထဲ စွဲနေတယ်၊ ဘယ်တော့မှ ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်နိုင် မှာ မဟုတ်ဘူး၊ အဖေနဲ့ အမေမှာ လင်ကီ တစ်ယောက်တည်းရှိတာ၊ တစ်ယောက်တည်း ဘယ် ထားခဲ့ချင် မလဲ။ သူတို့ ဘယ်မှာ ဒီလို လုပ်ချင်ပါ့မလဲ"
ဆရာဝန် က လင်ကီ၏ အမှောင်မိုက်ဆုံး အပိုင်းကို ရောက်အောင် တဖြည်းဖြည်း ခေါ်သွားသည်။ ပြီးမှ အာရုံ ကြည်လင် လာအောင် လုပ်သည်။ စောင်းစောင်းရွဲ့ရွဲ့ ဖြစ်နေသည့် အသိဥာဏ်၊ အမှတ်ဥာဏ်တွေကို တဖြည်းဖြည်း မတ်ပေးသည်။ အတိတ်မှ ပစ္စုပ္ပန်သို့ တဖြည်းဖြည်း ခေါ်လာ သည်။ အိမ်ထောင်သည်ဘ၀မှ ချစ်သူ ထားသည့် ဘ၀သို့ ဆွဲယူလာသည်။
"ယောက်ျားကို ချစ်ပါတယ်၊ သူ့ကို ဒါထက်ပျော်ရွှင်စေချင်တယ်၊ သူက သူ့အလုပ်မှာ မပျော်ဘူးလေ၊ ဒါပေမယ့် ထွက်လို့ မဖြစ်ဘူးဆိုပြီး စိတ်ထဲစွဲနေတယ်၊ ကလေးယူလိုက်ရင် ရုံးက သူ့ပြဿနာတွေ အားလုံး မေ့သွားမယ်လို့ သူက ပြောတယ်။ ဒါပေမယ့် လင်ကီက အလုပ်လုပ်ချင်သေးတော့ မယူချင်သေးဘူး၊ ဒါပေမယ့် ခုတော့ လင်ကီ အဲဒါတောင် မသေချာတော့ပါဘူး။ ဟန့်ဂရင်နီကို ကျေးဇူးတင်မရလို ဖြစ်နေပြီ၊ သူက လင်ကီ့ ကို စိတ်ညှို့ထားသလိုပဲ" ဟု အစချီပြီး ဟန့်ဂရင်နီကို မချစ်ဘဲနဲ့ လွန်ဆန်လို့ မရ ဖြစ်နေကြောင်းကို ၀န်ခ ပြောဆို လေသည်။
"စိတ်ညှို့ထားသလိုပဲ ဟုတ်လား၊ လင်ကီ အဲဒီအကြေငြ်း နည်းနည်းကလေး ဖြည့်ပြောပြပါလား"
ဆရာဝန်က ရေလာမြောင်းပေး လုပ်ပေးသည်။
"ဟန့်နဲ့ဆိုရင် အထီးကျန်ဘ၀ကို မေ့နေတတ်တယ်၊ အဖေ အမေမရှိတဲ့ နောက်ပိုင်းမှာ လင်ကီရဲ့ ခံစားမှုတွေ ထုံထိုင်း သွားသလိုပဲ။ ဟန့်က ခပ်ကြမ်းကြမ်း ခပ်ရိုင်းရိုင်းသမားလေ၊ ဒါပေမယ့် သူက လင်ကီ့အနားကို အနီးဆုံး ရောက်လာသလိုပဲ၊ အဖေနဲ့ အမေကလွဲရင် ဟန့်က လင်ကီနဲ့ အနီးကပ် ဆုံးပဲ၊ သူနဲ့ ဝေးဝေး မပြေးနိုင် သလိုပဲ၊ ဒါပေမယ့် သူနဲ့ မဖြတ်ရင် လင်ကီ အိမ်ထောင် ပျက်စီးတော့ မယ်လေ"
"ခု မင်းသူနဲ့ တွေ့နေတုန်းပဲလား"
"ဟင့်အင်း မတွေ့တော့ဘူး"
"မင်းတို့ ဇာတ်လမ်း ဘယ်လို အဆုံးသတ်သွားတာလဲ"
"သူ လင်ကီ့ ကို အလုပ်ဖြုတ်လိုက်တယ်"
ပြောရင်း မျက်ရည်တွေ ကျလာ၏။
"လင်ကီ့ ဘ၀မှာ ဟန့်ဂရင်နီနဲ့ ဖြစ်ရတဲ့အဖြစ်ဟာ အဆိုးဆုံးပဲ"
"အဆိုးဆုံး ဟုတ်လား"
ရှိုက်သံ ရပ်သွားတော့မှ ဆရာဝန်က မေးခြင်း ဖြစ်၏။
"ဟုတ်တယ်၊ အဆိုးဆုံးပဲ"
လင်ကီ ချက်ချင်း ဖြေသည်။ ခဏ နားပြီးမှ ထပ်ဖြည့်ပြောသည်။
"ဒါပမေယ့် အကောင်းဆုံးလားလည်း မသိပါဘူးလေ"
ဆရာဝန် ဘာမှ ဆက်မမေးတော့
လင်ကီစိတ်တွေ နောက်ကျိရီဝေလျက် ရှိသည်။ ဘယ်အရာမှ မသေချာတော့။ ဘ၀တစ်ခုလုံး ရှုပ်ထွေး ရောနှော နေဘိသို့ ရှိ၏။ ဟန့်က အလုပ်ဖြုတ်ပစ်လိုက်သည်မှာလည်း ဆန်းသည်ဟု မဆိုသာ။ အလုပ်တစ်ခု ထပ်မရှာဘဲ သည်ဆရာဝန်ဆီမှာ ငွေတွေ သောက်သောက်လဲ အကုန်ခံ နေသည်မှာလည်း ဘာမှ အံ့သြစရာ မဟုတ်။ ပီတာကမူ မိမိအား ယောက်ျားများထက် ရည်ရွယ် ချက်ကြီးသည်ဟု ဆိုသည်။
ဆရာဝန် ကို လင်ကီ တောင်းတောင်းပန်ပန် မေးသည်။
"ဆရာရယ် လင်ကီ့ကို ပြောစမ်းပါ လင်ကီ ဘယ်သူလဲဟင်၊ လင်ကီ ဘာဖြစ်စေချင်တာလဲ ဟင်"
စင်စစ် လင်ကီသည် သူကိုယ်တိုင် ဖြစ်ချင်သည်နှင့် ဆန့်ကျင်ဘက်ကို ဖြစ်နေသည့် မိန်းကလေး သာ ဖြစ်သည်။
"အဲဒါတော့ လင်ကီက ဆရာ့ကို ပြောပြရမှာ၊ ဆရာက အကူအညီလေး ပေးဖို့ အဆင်သင့်လေ"
"လင်ကီက လောဘ ကြီးတယ် ဆရာရဲ့၊ တာဝန်အကျေဆုံး အိမ်ရှင်မတစ်ယောက် ဖြစ်ချင်တယ်၊ အိမ်ကို ဖိတ်ဖိတ်တောက်နေအောင် ကြမ်းတိုက်ချင်တယ်၊ လင်ယောက်ျားကို လျှာရင်းမြက်အောင် အမြဲ ချက်ကျွေးချင်တယ်။ ပြီးတော့ တစ်သက်မှာ အတော်ဆုံး အယ်ဒီတာဖြစ်ချင်သေးတယ်လေ။ တိုက်မှာလဲ စံပြ လုပ်သား ဖြစ်ချင်လိုက်သေးတယ်။ ငယ်ငယ်တုန်းက ဆရာမ ပြောဖူးတယ် မင်းဟာ အလှဆုံးရော၊ အတော်ဆုံး ရော တစ်ပြိုင်တည်း မဖြစ်နိုင်ဘူးတဲ့။ ဆရာမပြောတာ ဟုတ်တယ်နော်။ နှစ်ခုစလုံးကို တစ်ပြိုင်တည်း မရနိုင်ဘူး"
"ဒါပေမယ့် ကိုယ်ကတော့ မင်းကို လှလည်းလှတယ်၊ တော်လည်း တော်တယ်လို့ ထင်တယ်"
"ဟုတ်လား၊ အဖေနဲ့ အမေလည်း အဲဒီလို ပြောဖူးတယ်"
သို့သော် လင်ကီ့ စိတ်ထဲတွင်တော့ မယုံမရဲ ဖြစ်နေဆဲ။
"လင်ကီက အိမ်ရှင်မကောင်းတစ်ယောက် ဖြစ်ချင်တယ်၊ လုပ်ငန်းခွင်မှာလည်း အောင်မြင်ချင်တယ်၊ အဲဒါ မဖြစ်နိုင် ဘူး ထင်တယ်နော် ဆရာ"
"မဖြစ်နိုင်ဘူးဆိုတာ မင်းပြောတာနော်၊ ကိုယ်မပြောဘူး"
အဲလျော့ကမူ အောင်မြင်သည့် ဇနီးကောင်းတစ်ယောက်ကို တမ်းတနေသူ ဖြစ်သည်။ မိမိ အိမ်ထောင်ရေး ဘ၀၏ ပြဿနာမှာ သည်လစ်ဟာမှုပင် ဖြစ်သည်။
"မဖြစ်နိုင်ဘူးလို့ လင်ကီ ယုံနေတယ်၊ အမျိုးသမီးလောကမှာတုန်းက မိန်းမဆိုလို့ အယ်ဒီတာအဖွဲ့ ထဲမှာ နှစ်ယောက် ပဲ ရှိတယ်၊ တစ်ယောက်က အလှကမ္ဘာ အယ်ဒီတာ၊ ယောက်ျားနဲ့ ကွဲသွားတယ်။ နောက်တစ်ယောက် က မီးဖိုဆောင် အယ်ဒီတာ၊ သူက တစ်ခါမှ လက်မထပ်ဖူးဘူး၊ ဟန့်ဂရင်နီရဲ့ တိုက် မှာတော့ အတွင်းရေးမှူး အလုပ်ကလွဲရင် စာရင်းကိုင်ပဲ အမျိုးသမီး ရှိတယ်။ မကြာခင် သူလည်း လက်ထပ်တော့မှာ၊ နှစ်ဖက်စလုံး အောင်မြင်တယ်ဆိုတာ မရှိနိုင်ပါဘူး ဆရာရယ်၊ တီဗွီ ဇာတ်လမ်း တွေ မှာလည်း မရှိဘူး၊ တကယ့်ဘ၀မှာလည်း မရှိဘူး။ လင်ကီက ဘာသားနဲ့ လုပ်ထား လို့လဲ"
"မင်း ကို အများတကာနဲ့ တူရမယ်လို့ ဘယ်သူပြောလဲ"
"ကဲ ဒါဆို ဘ၀မှာရော အိမ်ထောင်ရေးမှာရော အောင်မြင်တဲ့ အမျိုးသမီးတစ်ယောက် လင်ကီ့ကို ပြစမ်းပါ"
"ရှိတာ ပေါ့၊ မင်းအမေလေ"
လင်ကီက ဆရာဝန်ကို လှည့်ကြည့်ပြီး ပြုံးသည်။
"ကြည့်စမ်း၊ လင်ကီ အဲဒီလို လုံးဝ မစဉ်းစားမိဘူး"
၁၉၆၄ ခုနှစ်ဦးပိုင်းဆီက လင်ကီ ငိုလို့မဆုံး ဖြစ်နေချိန်တွင် အမျိုးသမီး အခွင့်အရေးတောင်းဆိုမှု များ အသံ သဲ့သဲ့ ထွက်လာသည်။ လူမည်းတို့ အခွင့်အရေးတွေ ပို၍ ရလာသည်နှင့်အမျှ အမျိုးသမီး တို့၏ တောင်းဆိုသံ များလည်း လူးလွန့် လှုပ်ရှားလာလေသည်။
အမျိုးသမီးများ၏ သွားရာလမ်းတွင် တံခါးများစွာ ပိတ်နေ၏။ တရားဥပဒေရေး၊ စီးပွားရေး အသက်မွေး ၀မ်းကျောင်းပညာရေး၊ လိင်ဆက်ဆံမှု၊ အားကစားနှင့် အနုပညာ ထုတ်လုပ်ရေး၊ စသည် စသည့် လမ်းများ။
လင်ကီသည် စိတ်ကုဆရာဝန် အဲလျော့လန်ဒေါ၏ ကြင်နာမှုပါပြီး လက်တွေ့ကျသည့် ကုသမှုများ ကြောင့် မိမိ အပါအ၀င် မိမိကြီးပြင်းလာရသည့် ခေတ်ပြိုင် အမျိုးသမီးများ၏ ဘ၀ ပြဿနာနှင့် ပတ်သက်၍ မည်သို့မည်ပုံ ကျော်လွှား ဖြတ်သန်း ရမည်ကို တဖြည်းဖြည်း မြင်လာ၏။
ရင်တွင်း ဝေဒနာများကို ပို၍ ပို၍ ထိန်းနိုင်လာ၏။ ကလေးမယူသေးဖို့ ထပ်ပြီး ဆုံးဖြတ်လိုက်သည်။ အယ်ဒီတာတစ်ယောက်ဖြစ်ဖို့သာ စိတ်အားထက်သန်လျက် ရှိကြောင်း ကိုယ့်ကိုယ်ကိုယ် အခိုင်အမာ နားလည် လာ၏။
"လင်ကီ အလုပ်တစ်ခု မရရအောင် ရှာနေတယ် ဆရာ၊ မိုးမခ တိုက်မှာရော ပါမင်းနိုက် နဲ့ ဥတ္တရကြယ်မှာရော လျှောက် ထားတယ်" ဟု လင်ကီက စိတ်ကုဆရာဝန်ကို ထုတ်ပြောသည်။
"ကိုယ့်မှာတော့ လက်ထောက် အယ်ဒီတာ တစ်ယောက် လိုနေတယ်"
တက်ဒ်ပင်းဒေါ့က သူ နှုတ်ခမ်းမွေးကြီးကို ဇိမ်ယူပြီး ပွတ်သတ်ရင်း ပြောသည်။
"ဒါပေမယ့် မင်းက ချာလီလင့်ဆီမှာရော ဟန့်ဂရင်နီဆီမှာပါ လုပ်ခဲ့တဲ့ အတွေ့အကြုံက ကိုယ်လို ချင်တာထက် ပိုမြင့် နေမလားလို့"
သို့သော် တက်ဒ်က အယ်ဒီတာချုပ်ဆီသတင်း ပို့တော့ တစ်မျိုး။ ဘယ်နည်းနှင့်မှ လင်ကီကို သူ မယူနိုင်။
"မလွယ်ဘူးဗျ၊ ခြောက်ပတ်လောက်ဆိုရင် ကျွန်တော့်နေရာ သူ လုယူနိုင်မှာတဲ့လေ။
လင်ကီက ဒေါက်တာ လန်ဒေါကို ဤသို့ မှတ်ချက်ချပြကီး ပြောသည်။
"လင်ကီက သူလိုချင်တာထက် အတွေ့အကြုံများနေလို့တဲ့၊ သူ လင်ကီ့ကို ကြောက်နေတာ ဖြစ်မှာ ပါ"
အဒရီယံ ဟော်လန်ကမူ လင်ကီ့ကို ဤသို့ ကြိုဆိုလေသည်။
"တို့ မင်းကို သိပ်လိုချင်တာပေါ့ကွာ၊ မင်း အရည်အချင်းမျိုး၊ မင်းအတွေ့အကြုံမျိုးဟာ တို့ရဲ့ တိုက်အတွက် တအား ပေါ့၊ အယ်ဒီတာ အလုပ် မင်းကို ပေးမယ်၊ လစာကတော့ တစ်ပတ် ဒေါ်လာ ရှစ်ဆယ်ပေါ့"
"ဟန့်ဂရင်နီ ဆီမှာထက် နည်းတယ်နော်"
လင်ကီ က သတိပေးသလို ထောက်ပြလိုက်သည်။
"တို့က ထုတ်ဝေသူတွေလေ၊ လင်ကီ အေးဂျင့်တွေ ပွဲစားတွေလောက် ဘယ်ချမ်းသာမလဲကွာ"
"ဒီလိုနဲ့ တိုက်နှစ်တိုက်မှာ အလုပ်မဖြစ်ခဲ့ဘူး ဆိုပါတော့၊ ဂေါ်ဒွန်ဂေဂျာကတော့ လင်ကီ အလုပ်လက်မဲ့ ကံဆိုးမဘ၀ကို အဆုံးသတ်ပေးတန် ကောင်းပါရဲ့" ဟု လင်ကီက ဆရာဝန်အား ပြောပြနေသည်။
ဆက်ရန်
.
No comments:
Post a Comment