ဆရာဝန် ၏ ဂရုတစိုက် ကြပ်မတ် ကုသမှုကြောင့် ကိုဘဆွေမှာ တဖြည်းဖြည်း ကျန်းမာလာသည်။ ခပ်စိမ်း စိမ်း ဆက်ဆံ လာခဲ့သော ဇနီးက မကျန်းမမာ ဖြစ်နေချိန်မှာ ကြင်နာယုယစွာ ပြုစုပေးခြင်းကို ကိုဘဆွေသည် များစွာ ကျေနပ်နှစ်သိမ့်နေသည်။ မခင်မျိုးသည် ထင်သလောက်မဆိုးဘဲ သူ့အား အချစ်ကြီး ချစ်နေရှာသည် ဟု ကိုဘဆွေ က ယူဆ၏။ မခင်မျိုးကမူ ချစ်လွန်း ကြင်နာလွန်းသော စိတ်နှင့် ပြုစုခြင်းကားမဟုတ်ပေ။ လင်ယောက်ျား တစ်ယောက်လုံး ဖြစ်နေ၍ သံယောဇဉ်ရှိသလောက်လည်း ရှိသည်။
အဆိုးထဲ မှ အကောင်းကိုရှာကာ ကျေးဇူးတရားကို ထောက်ထား၍ တစ်ကြောင်း၊ မျက်စိ အောက်မှာ အသည်း အသန် မကျန်းမမာ ဖြစ်နေသူအား ရက်စက်စွာ ပစ်ထားလောက်အောင် ဆိုးယုတ်သည့်စိတ်မျိုး မရှိ၍ တစ်ကြောင်း၊ စိတ်ရှည်လက်ရှည် အပင်ပန်းခံ ပြုစုနေခြင်းကိုကား ကိုဘဆွေမသိပေ။ မခင်မျိုးအား တိုး၍ပင် ချစ်မြတ်နိုး လာ၏။
" ခင်ရေ … ကိုဆွေ၊ တော်တော်လေး အားရှိလာပါပြီကွယ် အပြင်ခန်းကို ထွက်ချင်တယ်၊ အိပ်ခန်းထဲမှာချည်း နေနေ ရတာ ငြီးစီစီကြီးကွယ့် "
အငွေ့ တစ်ထောင်းထောင်းထနေသော ဘဲပေါင်းပန်းကန်ကိုယူပြီး အခန်းထဲဝင်လာသော မခင်မျိုးအား ကိုဘဆွေ ကို မြတ်နိုးစွာကြည့်ပြီး ပြောလိုက်၏။
" ဖြစ်ပါ့မလား ကိုဘဆွေ၊ လေစိမ်းတိုက်တာမိပြီး ပြန်ဖျားနေပါအုံးမယ် "
မခင်မျိုးက ပြောရင်း ဘဲပေါင်းပန်းကန်ကို ကိုဘဆွေ ခုတင်အနီးရှိ စားပွဲပေါ်မှာ နေရာတကျ တင်ထားပြီး …
" ကဲ … ပူပူနွေးနွေးကလေး ဖြစ်နေတုန်း သောက်လိုက်ပါ ကိုဘဆွေ၊ အရေသောက် အစားအစာဆိုတာ ပူပူ ကလေး သောက်မှ အရသာရှိတာ "
ဟု ကိုဘဆွေအား တိုက်တွန်းလိုက်သည်။ ကိုဘဆွေသည် ခုတင်ပေါ် လဲလျောင်းနေရာမှ ထလိုက်၏။ နာလံထစ မို့ ခွန်အား မပြည့်ဝသေးသော်လည်း အကူအတွဲမပါဘဲ သူအလိုအလျောက် ထသွားနိုင်အောင် အခြေအနေ က ကောင်းမွန်နေပြီဖြစ်သည်။
" ကိစ္စမရှိပါဘူး ခင်ရယ်၊ ကိုဘဆွေ ကောင်းကောင်းနေကောင်းနေပြီပဲ၊ မနက်က ဆရာဝန် လာစမ်းကြည့် ပြီး အဖျားသွေး မရှိတော့ဘူးလို့ ပြောသွားတာ ခင်အကြားသားပဲ။ နည်းနည်း အားရော့နေတာတစ်ခုပါပဲ၊ အပြင် ထွက်မယ်နော် ခင် "
ကိုဘဆွေက ကလေးကြီးလို ချစ်ဇနီးအား ပူဆာခွင့်တောင်းလိုက်၏။
" ထွက်ချင်လဲ ထွက်ပေါ့၊ သိပ်ကြာကြာကြီး မနေရဘူးနော်၊ ကဲ … ဘဲပေါင်းလေး သောက်လိုက်အုံး "
မခင်မျိုးက ပြောကာ ကိုဘဆွေထလာခဲ့သဖြင့် ခုတင်ပေါ်ပုံပြီး ကျန်ရစ်သောစောင်ကို ခေါက်နေသည်။
" ကိုဆွေ အိပ်ရာထဲ လဲလိုက်တာ ဒီနေ့ပါဆိုရင် ကိုးရက်ရှိသွားပြီ၊ အောက်ထပ်ကဆိုင်လဲ ပိတ်ထားရတာ ကြာ လှပေါ့၊ အရောင်းအ၀ယ်တော့ နည်းနည်း ထိုင်းသွားတယ်နော် ခင် "
ဘဲပေါင်းကို ဖြည်းဖြည်းချင်း သောက်နေရာက ကိုဘဆွေက ခုံမင်မြတ်နိုးလှသော သူ့ ရတနာဆိုင်အကြောင်း စကား စလိုက်သည်။
" လူ မကျန်းမမာဖြစ်နေချိန်မှာ ပစ္စည်းဥစ္စာ အရေးကို မတွေးပါနဲ့ ကိုဘဆွေ၊ လူထက် ဘာအရာဝတ္ထုမှ အဖိုး မတန် ပါဘူး၊ ကိုယ့်ကိုယ်ကိုသာ ကျန်းမာအောင် ဂရုစိုက်ပါ၊ ဖျားနေချိန်ကလဲ ဆိုင်ကို စိတ်စွဲနေတာထင်ပါရဲ့၊ ပြော လိုက်တာ စုံနေတာပဲ "
မခင်မျိုးက စောင်ခေါက်ပြီးပြီဖြစ်၍ ကိုဘဆွေဘဲပေါင်း သောက်နေသော စားပွဲတစ်ဘက်ရှိ ကုလားထိုင်မှာ မျက်နှာချင်းဆိုင် လာထိုင်ပြီး ပြောလိုက်သည်။ မခင်မျိုး၏ သဘောက ပစ္စည်းဥစ္စာကို ခုံမင်မက်မောလှသော ကိုဘဆွေအား များစွာ မနှစ်မျို့ချေ။ ကိုဘဆွေ၏ စိတ်ကမူ လင်ယောက်ျားထက် ဘာကိုမှ တန်ဖိုးမထားတဲ့ ငါ့မယား ပါလားဟု ချစ်အားပင်ပိုလာသည်။
" ဟဲ ဟဲ ဟဲ ဟဲ … ကိုဆွေ အခုလို ပင်ပင်ပန်းပန်း ရှာဖွေစုဆောင်းနေတာ ခင်တို့ သားအမိအတွက်ပါ ခင်ရဲ့၊ ဒါထက် ဖျားနေတဲ့အချိန်က ဆိုင်ကို စိတ်စွဲနေတယ်လို့ ခင်ပြောတာ ကိုဆွေ ဘာတွေပြောနေလို့လဲ ခင် " ကိုဘဆွေ က ကြည်နူးနှစ်သိမ့်စွာ ရယ်သွမ်းကလေးသွေးပြီး မေးလိုက်၏။
" အို … စုံနေတာပဲ၊ မြတစ်လုံးထဲက ရတီ ဘယ်လောက်ဆိုလဲ၊ နောက်ပြီး ဒီမြတွေယူရင် သူဌေးဖြစ်မယ်၊ မင်း မိုက် လို့ မယူဘူးဆိုတာလဲ ပါရဲ့ "
မခင်မျိုးက အမှတ်မထင် ပြောနေစဉ်မှာ ကိုဘဆွေ၏ မျက်နှာပေါ်မှ ကြည်နူးမှုအပြုံးသည် တဖြည်းဖြည်း မှေးမှိန် ၍ ပျောက်ကွယ်သွားသည်။ မခင်မျိုးက သတိမထားမိဘဲ စကားကို ဆက်လိုက်ပြန်သည်။
" ပြီးတော့လဲ ကြောက်စရာတွေ ပြောသေးတယ်၊ မှားပါပြီတဲ့၊ မြတောင်က ဘီလူးကြီးတဲ့၊ အဲဒါကိုဘဆွေ ပစ္စည်းဥစ္စာ ကို ခုံမင်လွန်းလို့ ရတနာသုံးပါးနဲ့ သက်ဆိုင်တာမမြင်ဘဲ၊ မဟုတ်တာတွေ လျှောက်မြင်နေတာ ဖြစ်မှာပေါ့ "
မခင်မျိုးက ဒိုးဒိုးဒေါက်ဒေါက် ပြောနေစဉ်မှာ စောစောက ကြည်လင်နေသော ကိုဘဆွေ၏ မျက်နှာသည် သွေးဆုတ်သလို ဖြူရော်သွားသည်။ စကားတစ်ခွန်းမှလည်း မထွက်တော့ချေ။ မခင်မျိုး၏ မျက်နှာကိုလည်း မကြည့်ဘဲ စားပွဲရှေ့ရှိ ပိတ်ထားသောမှန်ပြတင်းမှ လှမ်းမြင်နေရသော မိုးကောင်းကင်ကို ပြူးကြောင်သော မျက်လုံးဖြင့် ငေးမောကြည့်နေ၏။ မခင်မျိုးကမူ စကားပြော၍ဆုံးလျှင် နံရံကပ်ဗီရိုကြီးရှိရာကို ထသွားကာ အနွေးထည် တစ်ထည်ကို ထုတ်ယူလာခဲ့ပြီး ကိုဘဆွေအနားမှာ လာရပ်လိုက်၏။
" အပြင်ခန်းမှာ ထွက်နေမယ် ဆိုရင် ဟောဒီ အနွေးထည်ကလေးဝတ် ကိုဘဆွေ၊ မတော်တဆ လေစိမ်း ပက်မိရင်လဲ ခံနိုင်အောင်ပေါ့၊ ဘဲပေါင်း ထောက်လို့ ပြီးပြီ မဟုတ်လား "
မခင်မျိုးက ပြောလိုက်၏။ ငေးမောနေသော ကိုဘဆွေသည် ခေါင်းကို တစ်ချက်နှစ်ခကျ ရမ်းလိုက်ပြီး …
" အလကားပါ၊ ဒါတွေ ငါ အယူမရှိပါဘူး၊ ဘာဖြစ်လို့စွဲလန်းပြီး ကြောက်နေရမှာလဲ " ဟု သူ တစ်ယောက်တည်း ရှိနေ သလို လွှတ်ခနဲ ပြောလိုက်သည်။
" ကိုဘဆွေ ဘာပြောနေတာလဲ ဟင် "
မခင်မျိုးက ကိုယ်ကို ကိုင်းညွှတ်ကာ ကိုဘဆေါ၏ မျက်နှာကိုကြည့်ပြီး မေးလိုက်မှ ကိုဘဆွေသည် မခင်မျိုး အား ဆတ်ခနဲ လှည့်ကြည့်လိုက်၏။
" အပြင်ခန်း ကို မထွက်ချင်တော့ဘူး ခင်၊ အိပ်ရာပေါ်မှာပဲ ငြိမ်ညငိမ် လှဲလိုက်ဦးမယ်၊ ဒါထက် ကိုဆွေ ရင်ထဲ က နည်းနည်း ပူသလိုပဲ၊ သပျစ်သီး တစ်ခိုင်လောက် ရေခဲစိမ်ပေးပါ ခင် "
ကိုဘဆွေက ပြောကာ ထိုင်နေရာမှ ဖြည်းလေးစွာ ထလာခဲ့ပြီး အိပ်ရာပေါ်သို့ လဲလျောင်းလိုက်သည်။ အမှန် မှာ ကိုဘဆွေ၏ ရင်ထဲမှာ ပူနေခြင်းမဟုတ်၊ တုန်လှုပ်နေခြင်းသာဖြစ်သည်။ မခင်မျိုးသည် အပြောင်း အလဲ လျင်မြန် သော ကိုဘဆွေ၏ အမူအရာကို အနည်းငယ်အံ့သြသော်လည်း အထွေအထူး မေးမြန်းမနေ တော့ဘဲ …
" ကောင်းပါတယ် ကိုဘဆွေ၊ အပြင်ခန်း ထွက်နေဖို့ ကမန်မကလဲ သိပ် သဘောမတူပါဘူး "
ဟုပြောကာ စောင်တစ်ထည်ကို ဆွဲယူပြီး ကိုဘဆေါ၏ ကိုယ်ခန္ဓာအောက်ပိုင်းကို လွှမ်းခြုံပေးလိုက်သည်။
" သပျစ်သီးက အိမ်မှာ ကုန်နေပြီ ကိုဘဆွေ၊ မနက်ခင်းက မောင်မောင်တိုးကို ရှာခိုင်းတာ မရခဲ့ဘူး၊ အခု ကျွန်မ ကိုယ်တိုင် သွားရှာဝယ်လိုက်မယ်၊ နည်းနည်းတော့ ကြာမလား မသိဘူး "
ပြောပြောဆိုဆိုပင် ကိုဘဆွေ သောက်ပြီးသော ဘဲပေါင်းပန်းကန်ကို ယူကာ အခန်းတွင်းမှ ထွက်သွားသော မခင်မျိုး အား ကိုဘဆွေသည် စူးစူးစိုက်စိုက်ကြည့်ရင်း တစ်စုံတစ်ရာကို တွေးတွေးမိသလို မျက်လုံးကို စုံမှိတ် လိုက်လေသည်။
-----------------------
ကောင်းမွန်စွာ ကျန်းမာလာပြီဖြစ်၍ စိတ်ရွှေရတနာ ဆိုင်ကို ယခင်က အတိုင်းပင် နိုင်နင်းစွာ ပြန်လည် လုပ်ကိုင်နေသော်လည်း ကိုဘဆွေသည် တစ်နေ့မှ စိတ်မချမ်းသာတော့ပေ။ မကျန်းမမာ ဖြစ်စဉ်က တယု တယ ပြုစုခဲ့သော ချစ်ဇနီးသည် မခင်မျိုးသည် သပျစ်သီး ၀ယ်ရန် ထွက်သွားပြီး ပြန်လာသည့်အချိန်မှစ၍ ကိုဘဆွေ အနား ကို လုံးဝ မလာတော့ချေ။ ထိုနေ့ညမှစပြီး …
" ရှင့်ဘာသာရှင် ဒီအခန်းထဲမှာ တစ်ယောက်တည်းပဲ လွတ်လွတ်လပ်လပ် အိပ်ပေရော့ ကိုဘဆွေ၊ ကျွန်မ တို့ သားအမိ ဟိုဘက်ခန်းမှာ ခွဲအိပ်မယ်၊ ရှင့် အနားမှာ ညစောင့်အိပ်ဖို့ မောင်တိုးကို ပြောထားတယ် "
ဟု မခင်မျိုးက စကားကို တုံးတိတိပြောကာ အခန်း ခွဲသွားလေတော့သည်။
" ဘာဖြစ်လို့လဲ ခင်ရယ် "
ကိုဘဆွေက ချစ်လှသော ဇနီးအား မျက်နှာငယ်လေးဖြင့် မေးမြန်းလိုက်၏။
" ဘာမှ မဖြစ်ပါဘူး ရှင်လဲ ကောင်းကောင်း ကျန်းမာလာပြီပဲ၊ ကျွန်မ အိပ်ပျက် စားပျက် ခံပြီး ပြုစုခဲ့ရတာ ပင်ပန်း လို့ အနားယူချင်လို့ပါ "
အကြောင်းပြ ကောင်းသော မခင်မျိုး၏ စကားကြောင့် ကိုဘဆွေက ခွင့်မပြုချင်ဘဲ ခွင့်ပြုလိုက်ရသည်။
ကိုဘဆွေ ကောင်းစွာ ကျန်းမာ၍ ဆိုင်အလုပ်ကို ပြန်လည် လုပ်နိုင်သည့် တိုင်အောင် မခင်မျိုးကား အခန်း မပြောင်းတော့ချေ။ ယခင်က ခပ်စိမ်းစိမ်း နေလာသည် ဆိုစေကာမူ တာဝန်ကျေအောင် ပြုစုသေးသည်။ မျက်နှာချင်းဆိုင် ထမင်းစားသေးသည်။ စကား အတူထိုင်ပြောသည်။ ယခုမူ ဘယ်အချိန် ထမင်းစားပြီး၊ ဘယ်အချိန် အိပ်သည်မသိ၊ ကိုဘဆွေ အိမ်မှာ ရှိနေသည့်အခါတွင် မခင်မျိုးသည် သူ့ အခန်းတွင်းမှ လုံးဝ မထွက်ချေ။ သုံးနှစ်ရွယ်ပင် ရှိပြီဖြစ်၍ စကားပြောတတ်နေသော သားကလေးကို မယ်မှုံမှတစ်ဆင့် ကိုဘဆွေ ထံ ရောက်သည်။ မခင်မျိုး ကိုယ်တိုင် ဘယ်အခါမှ ကိုဘဆွေထံ ချီပိုး ယူဆောင်လာခြင်း မရှိချေ။
" ကိုမျိုးဆွေရေ … သားသားလေး "
တစ်နေ့တွင် မခင်မျိုးသည် သူ့အခန်းထဲတွင် သားကလေးနှင့် ကလူကျီစယ်နေစဉ်မှာ ကိုဘဆွေ ရုတ်တရက် ၀င်လာပြီး သားကလေးကို ခေါ်လိုက်၏။ ဖခင်ကို မြင်လိုက်သော သားကလေးက မိခင်နှင့် ဆော့ကစား နေရာမှ …
" ဖေ ဖေ "
ဟု ရွှင်မြူးစွာ ခေါ်ကာ ဖခင်ထံ ပြေးသွားလေသည်။ ကိုဘဆွေက သားငယ်ကို ဆီးကြိုချီပိုက်ကာ အားပါး တရ နမ်းလိုက်စဉ် မခင်မျိုးသည် မယောင်မလည်ဖြင့် အခန်းတွင်းမှ ထွက်မည့်ဟန် ပြင်လိုက်၏။ အကင်းပါး သော ကိုဘဆွေ က ကပျာကသီ တံခါးပေါက်ဝဘက် သွားကာ ပိတ်ဆီးရပ်လိုက်၏။
" ခင် ဘယ်လို ဖြစ်နေတာလဲကွယ် ကိုဆွေ့ကို မုန်းနေပြီလား၊ ခင့် စိတ်မှာ ဘာသဘောမကျ ဖြစ်နေတယ် ဆိုတာ ဖွင့်ပြောမှ ကိုဆွေ သိပြီး ပြုပြင်နိုင်မှာပေါ့၊ ပြောပါလား ခင် "
ကိုဘဆွေ က သားငယ်ကို ချီရင်း မချိတင်ကဲ အသံဖြင့် မေးလိုက်ရာ မခင်မျိုးက ကိုဘဆွေ၏ မျက်နှာကို စေ့စေ့ ကြည့်ပြီး ပြုံးလိုက်၏။ ကိုဘဆွေကို ချစ်ကြင်နာသော အပြုံးမျိုး မဟုတ်ဘဲ၊ တစ်စုံတစ်ရာ အဓိပ္ပာယ် ကို နက်နက်နဲနဲ ဆောင်နေသော အပြုံးမှန်းကို ကိုဘဆွေ အကဲခတ်မိသည်။
" အဲဒီလို မပြုံးပါနဲ့ ခင်ရယ်၊ ကိုဆွေမှာ ဘာအပြစ်ရှိလဲ … ဟင်၊ ခင့်ကို စိတ်မချမ်းသာအောင် ကိုဆွေ ဘာ များ မှားမိထားသလဲကွယ် "
ကိုဘဆွေက အပြစ်ကင်းသော ကလေးငယ်ကဲ့သို့ ချစ်လှသော ဇနီးသည်အား တောင်းတောင်းပန်ပန် မေး နေသည်။ မခင်မျိုးက အေးစက်စက် အပြုံးဖြင့် ပြုံးမြဲတိုင်း ပြုံးကာ … ကိုဘဆွေ၏ မျက်နှာကို စေ့စေ့ စပ်စပ်ကြည့်ပြီး ဦးခေါင်းညိတ်လိုက်ပြီး …
" ရှင့်မျာ ဘာအပြစ်မှ မရှိတဲ့ စင်းလုံးချော လူသူတော်ကောင်းကောင်းကြီး တစ်ယောက် ဖြစ်နေပါတယ်ဆိုတာ ကျွန်မ က ပြောနေစရာတောင် မလိုပါဘူး၊ ရှင့်ကိုယ်ရှင် အသိဆုံးမဟုတ်ဘူးလား "
ဟု ပြောလိုက်၏။ မခင်မျိုး၏ လေသံမှာ လှောင်သရော်သံ အရွဲ့တိုက်သံက ထင်ထင်ရှားရှား ပေါ်နေသည်။
ဘယ်လို ခင်… ကိုဆွေကို ဒီလို အရွှံ့မတိုက်ပါနဲ့ကွယ် … ပွင့်ပွင့်လင်းလင်း ပြောပါလား ခင်ရယ် … "
ကိုဘဆွေ က နားမလည်ဟန်ဖြင့် မခင်မျိုးကို ကြောင်တက်တက်ကြည့်ပြီး မေးလိုက်၏။ မခင်မျိုးက ဘာမှ ပြန်မပြောချေ။ ၀င်းလက်သော မျက်လုံးဖြင့် စိမ်းစိမ်း ကြည့်နေသော မခင်မျိုး၏ မျက်လုံးဒဏ်ကို ကိုဘဆွေ သည် အလိုလိုရွံ့ကာ စိတ်မလုံသလို ဖြစ်လာသည်။ မခင်မျိုး၏ အကြည့်ကို မခံဝံ့သည့်အလား၊ ချီထားသော သားငယ် ဘက်ကို မျက်နှာလှည့်ကာ ဖောင်းမို့သော သားငယ်၏ ပါးပြင်ကို တစ်ချက်နမ်းလိုက်ပြီး …
ခင့်ကို ကိုဆွေ ဘယ်လောက် အလိုလိုက်သလဲခင်၊ သားငယ်နာမည်ကို မောင်မျိုးဆွေလို့ ကိုဆွေ မှည့်ထား တာ ခင်မနှစ်သက်ဘူးဆိုလို့ ခင့်အကြိုက် မောင်မျိုးခိုင်လို့ ပြောင်းပေးရတယ် မဟုတ်လား၊ ကြင်နာမှုလိုက် လျောမှု ကို အတုံ့အလှဲ့ထားဖို့တော့ သင့်ပါတယ်ကွယ် … "
ဟု ကိုဘဆွေက သာယာ ညင်းပျောင်းစွာ ပြောလိုက်ပြန်၏။ မခင်မျိုးက မျက်နှာပေါ်က အေးစက်စက် အပြုံး ကိုဖျောက်ဖျက်လိုက်ပြီး ဘာမှ မဖြစ်သလို မျက်နှာထားမျိုးပြင်ကာ …
" ဒီလို စကားမျိုးတွေ မပြောပါနဲ့တော့လေ၊ ကျွန်မလဲ ဘာမှ မပြောလိုတော့ ပါဘူး၊ ရှင်နဲ့ကျွန်မ လက်ထပ် ပြီးတဲ့ အချိန်ကစပြီး ရှင်ပိုင်တဲ့ ပစ္စည်းကို တစ်ပြားမှ ကျွန်မ မသုံးစားခဲ့ဘဲ၊ ဘဘနဲ့ မယ်မယ်ပိုင် ပစ္စည်းကိုသာ သုံးစားလာခဲ့တယ် ဆိုတာတော့ သိတယ် မဟုတ်လား၊ ရှင်ပိုင်ပစ္စည်းကို ကျွန်မသုံးတာဆိုရင် ဒီတိုက်ပေါ်မှာ နေတာ တစ်ခုပဲ ရှိပါတယ်။ ကျွန်မ ကံကောင်းချင်လို့ ရှင့်ပစ္စည်းကို မသုံးမိ မစားမိတာ၊ အနန္တော အနန္တငါးပါးနဲ့ နတ်ကောင်း နတ်မြတ်များ ဂုဏ်ကျေးဇူးပါပဲရှင် "
လေသံအေးအေးဖြင့် ပြောလိုက်ရာ၊ ကိုဘဆွေ အ့အားသင့်သွားသည်။
" ခက်ပါလားခင်၊ ကိုဆွေ့ပစ္စည်းကို မသုံးမစွဲ ရဘူးလို့ ပြောဖူးသလားခင်ရဲ့၊ ရှိသမျှ ပစ္စည်းဥစ္စာ အားလုံး ခင့်သဘောပါလို့ ပြောပြီး စာရင်းရော သော့တွဲရော အပ်ခဲ့သားပဲ၊ ခင်က မကိုင်ချင်ဘူးလို့ ငြင်းတယ် မဟုတ်လား "
ကိုဘဆွေ၏ စကားကြောင့် မခင်မျိုးက ခြောက်သွေ့သော အသံဖြင့် ရယ်လိုက်ပြီး …
" ဟုတ်ပါတယ်လေ၊ ရှင် အပ်နှံစဉ်က ကျွန်မ လက်မခံမိခဲ့တာများကိုဘဲ အနန္တောအနန္တငါးပါးနဲ့ နတ်ကောင်း နတ်မြတ်များ ဂုဏ်ကျေးဇူးလို့ ပြောတာပေါ့။
ဟု စကားကို တုံးတိတိပြောကာ ကိုဘဆွေက မတားဆီးနိုင်မီ မခင်မျိုးသည် လျင်မြန်စွာ အခန်းတွင်းမှ ထွက်သွားလေသည်။ ကိုဘဆွေမှာ သားငယ်ကိုချီကာ ထူးဆန်းသော မခင်မျိုး၏ စကားကြောင့် အံ့အား သင့်ပြီး ကျန်ခဲ့လေသည်။
တစ်နေ့တစ်နေ့နှင့် တရွေ့ရွေ့အချိန်ကုန်ကာ ဆယ်နှစ်ပင်ကျော်လာခဲ့လေပြီ၊ မခင်မျိုးကား မူမပြောင်း။ ဤ အချိုးအတိုင်းသာ နေလာခဲ့၏။ ကိုဘဆွေက ချော့မရသောအခါ တင်းကြည့်သည်။ မခင်မျိုးက ကိုဘဆွေ တင်းလျှင် ကွာရှင်းလိုသော အဓိပ္ပာယ်ပါသည့် စကားမျိုး ပြောလာ၏။ ကိုဘဆွေမတင်းဝံ့၊ လျော့ရပြန်သည်။ မခင်မျိုး သူ့လက်က လွတ်ပြီး မန္တလေး ပြန်ရောက်သွားမည်ကို ကိုဘဆွေ အကြီးအကျယ် စိုးရိမ်နေသည်။
ကိုဘဆွေ၏ စိတ်ကို မခင်မျိုးကလည်း ရိပ်မိသည်။ ကွာရှင်းပြီး ပြန်ရန် မဆိုထားဘိ၊ ဆွေတော် မျိုးတော် များထံ အလည်အပတ် ပြန်မည်ကိုပင် ကိုဘဆွေက ခွင့်မပြုချေ။ မခင်မျိုးသည် ကိုယ့်စိတ်ကိုယ့်သဘောဖြင့် ဇွတ်အတင်း ပြန်မည်ဟန်ပြင်တိုင်းကိုဘဆွေက သွားလေသူ ဘဘနဲ့ မယ်မယ်၏ ဂုဏ်သိက္ခာ မသိမသာ သတိပေးနေ၍လည်း မခင်မျိုးသည် စိတ်မချမ်းလျက်နှင့် ဇွတ်မှိတ် နေရလေသည်။
ဤ ဆယ်နှစ်ကျော်မျှသော အချိန်အတွင်းမှာ အိမ်ထောင်ရေးသည် တစ်နေ့မျှ သာယာသည်ဟူ၍ မရှိခဲ့။ အသက် အရွယ် လူလားမြောက်၍ ရှေ့ရှေ့နောက်နောက်ကို ဆင်ခြင်သိမြင်နိုင်သော အရွယ်သို့ ရောက် လာပြီ ဖြစ်သော သား- ကိုမျိုးသည်ပင် မိခင်နှင့် ဖခင်တို့၏ အခြေအနေကို ရိပ်စားမိလာခြင်းဖြစ်၏။
-----------------------
ဆက်ရန်
.

1 comment:
like it ,want to know will be continue.
Post a Comment