အခန်း(၁၈)
နိုဝင်ဘာလ ၁၈ရက်၊ ကြာသပတေးနေ့မှာ ဂျီလီယံ၏ မွေးနေ့ ဖြစ်သည်။ တနင်္လာနေ့ညနေတွင် ကဗျာစာအုပ် ကလေး တစ်အုပ် ကျွန်တော် ၀ယ်ထားလိုက်သည်။ ကြာသပတေးနေ့တွင် နေ့လယ်စာ စားရင်းမှ ပေးမည်ဟု စိတ်ကူးပြီး ကျွန်တော့် လက်ဆွဲအိတ်ထဲ ထည့်ထားလိုက်၏။ မနက်ပိုင်း အားလပ်ချိန်တစ်ခုတွင် သူ ကျွန်တော့် စာသင်ခန်း ထဲကို ရောက်လာသည်။ ထုံးစံအတိုင်း ကျွန်တော့် အနားတွင် ၀ိုင်းဝိုင်းလည် နေ၏။ ဂျီလီယံ ၀င်လာတာ မြင်တော့ သူတို့အားလုံးကို ခွင့်တောင်းပြီး ကျွန်တော် ထနှုတ်ဆက်လိုက်သည်။
"ဆရာနဲ့ ကျွန်မ ခဏကလေး တွေ့ချင်လို့ပါ"
"ရပါတယ် ဆရာမ"
စူးစမ်းသည့်အကြည့်ဖြင့် ၀ိုင်းကြည့်နေကြသည့် သူတို့အားလုံးကို ထားခဲ့ပြီး ကျွန်တော်တို့ နှစ်ယောက် အပြင်ထွက်လာကြသည်။ အပြင်ရောက်သည်နှင့် ဂျီလီယံက - "အံ့သြစရာသတင်း ပြောမလို့" "ဟုတ်လား၊ ဘာများ ပါလိမ့်" "ဒီကြာသပတေးနေ့က ဂျီလီယံ မွေးနေ့လေ" "ဒါ အံ့သြစရာလား၊ သိသားပဲ"
"ညစာစားဖို့ စီစဉ်ထားတယ်၊ ၀ိုင်လည်း ပါမယ်၊ "ပိုဆင်ဒိအော" မှာ"
"ကောင်းတာပေါ့၊ ပိုဆင်ဒီအောက ဘယ်မှာလဲ"
"ချယ်လ်စီမှာ၊ ဆိုင်သစ်လေ၊ ရုပ်ရှင် အရင် ကြည့်မယ်၊ ပြီးမှ ညစာ စားမယ်"
ပြုံးပြုံးကလေး ပြောပြီး ဂျီလီယံ ထွက်သွားသည်။ အခန်းထဲ ကျွန်တော် ပြန်ဝင်လာသည်နှင့် တစ်ဂျက်ဆင်က ဆီးပြောသည်။
"မစ္စ ဘလင်းချဒ်က သိပ်ချောတာပဲ ဆရာ၊ ဆရာ စွံနေပြီ ထင်တယ်"
ကျွန်တော် "အင်း ... ချောပါတယ်" ဟု သာမန်ပြန် ပြောပြီး ကျန်သည့်အပိုင်းကို ၀ိုးတိုးဝါးတာ လုပ်နေ လိုက်သည်။ မိန်းကလေးများက ဂျီလီယံ၏ ဆံပင်ပုံ၊ အ၀တ်အစားနှင့် ဖိနပ်ကအစ ဝေဖန် နေကြ၏။ ပါမလာ က ဘာမှ ၀င်မပြောဘဲ ခပ်မဆိတ်နေသည်။
ကြာသပတေးနေ့ရောက်တော့ လူပျိုပေါက်ကလေးတစ်ယောက်လို ကျွန်တော် ရင်တွေ ခုန်နေ သည်။ ကျောင်းဆင်း ခေါင်းလောင်းထိုးမှ ရင်ငြိမ်စပြု၏။
ဂျီလီယံ မီးခိုးနုရောင် ၀တ်စုံဖြင့် လှချင်တိုင်း လှနေ၏။ ဦးထုပ်အနက်ကလေးကို ကပိုကရို ဆောင်း ထားသည်။ ဆရာဝက်စတန် က ကျောင်းဂိတ်ဝအထိ ကျွန်တော်တို့နှင့်အတူ လျှောက်လိုက်လေ သည်။ သူကျွန်တော်နှင့် နေရာ လဲချင်နေမည်မှာ မုချ ဖြစ်ပါသည်။
ဘတ်စ်ကား ဆိုက်လာတော့ အပေါ်ထပ်က ကျွန်တော်တို့ စီးလာခဲ့ကြသည်။ ဂျီလီယံက ကျွန်တော့် လက်မောင်း ကို မှီနွဲ့နွဲ့ခိုတွဲလျက်။ လောကသည် နှလုံးမွေ့လျော် ပျော်ဖွယ်ရာ အတိပါကလား။ ဘာမှ အရေးမကြီး သည့် အကြောင်းအရာကလေးများကို ကျွန်တော်တို့ ခပ်တိုးတိုး ပြောလာကြ၏။ ပျော်တပြုံးပြုံး ဖြင့်။
ရုပ်ရှင် ၀င်ကြည့်သည်။ ပြီးမှ ချယ်လ်စီသို့ ဘတ်စ်ကားဖြင့် ထွက်ခဲ့ကြ၏။ ပိုဆင်ဒီအောမှာ အဆင့်မြင့် စားသောက်ဆိုင် ကလေး ဖြစ်၏။ စားပွဲထိုးတွင် ပန်းအိုးအစား လေ့ထောင့် မှန်သေတ္တာ ကလေးများ ချထား သည်။ အထဲတွင် ရွှေရောင် ငါးကလေးများ ဆော့ကစားနေကြ၏။ မှန်သေတ္တာ ကလေး၏ အတွင်းဘက် ပတ်ပတ်လည် ကို ရေအောက်ကမ္ဘာနှင့်တူအောင် သန္တာကျောက်တန်း ကလေးတွေ၊ ရေအောက်အပင် စိမ်းစိမ်း ကလေးတွေနှင့် တည်ဆောက်ထားသည်။ အစား အသောက်ကတော့ ဈေးကြီးမည့်ပုံ။
မန်နေဂျာ လုပ်သူက ကျွန်တော်တို့အတွက် သီးသန့်စားပွဲကို လိုက်ပို့ပေး၏။ ကျွန်တော့်ကို အကဲခတ်သည့် မျက်လုံးဖြင့် ကွက်ကြည့်ကွက်ကြည့် လုပ်နေသည်။ နှစ်ယောက်သား ထိုင်ပြီး အေးအေးဆေးဆေး စကား ပြောကြ၏။ ငြိတွယ်နေပြီ ဖြစ်သည့် ထူးထူးခြားခြား ခံစားမှုတစ်မျိုးကို နှစ်ယောက်စလုံး သိသည်။ သို့သော် ဘယ်သူမှ ထုတ်မပြောကြ။
ကျွန်တော်တို့ စားပွဲအတွက် စားပွဲထိုး တော်တော်နှင့် ပေါ်မလာ။ အခြား စားပွဲတွေမှာတော့ ခြေချင်း လိမ် နေ၏။
အတန်ကြာမှာ တစ်ယောက်ပေါ်လာပြီး ဈေးနှုန်းနှင့် ဟင်းလျာ စာရင်းကို စားပွဲပေး လာတင်ပြီး ချက်ချင်း ပြန်ထွက်သွားသည်။ ဂျီလီယံ ဒေါပွစပြုလာသည်။ ကျွန်တော်က မသိဟန်ဆောင်ပြီး ကတ်ပြားကို ကောက်ယူ ၍ ဟင်းလျာ ရွေးနေသည်။
စားပွဲထိုး ပြန်ရောက်လာသည်။ မှာသည့် ဟင်းလျာများကို မှတ်ယူသွားသည်။ သို့သော် သူ့အမူ အရာက လေးလေး စားစား မရှိ။ မထီမဲ့မြင် မျက်နှာပေးမျိုး။ ပြီးတော့ တော်တော်နှင့် ပြန်ပေါ်မလာ ပြန်။ ကျွန်တော်လည်း စိတ်အနှောင့်အယှက် ဖြစ်စ ပြုလာပြီ။ ဘာအဓိပ္ပာယ်ပါလိမ့်။
မေ့လောက်မှ စွပ်ပြုတ်ပန်းကန်နှင့် ပြန်ရောက်လာသည်။ ကျွန်တော့် ရှေ့တည့်တည့်တွင် ပန်းကန် ကို ချသည်။ မတော်တဆလား၊ တမင်လုပ်ခြင်းလား မသိ။ ဟင်းရည်တွေ စားပွဲခင်းပေါ် ဖိတ်ကျ ကုန်သည်။ ကျွန်တော် က သုတ်ပေးမည့်အထင်ဖြင့် နံဘေးသို့ အသာငဲ့ပေးလိုက်၏။ ကိုရွှေစားပွဲထိုးက ဘာမှ မလုပ်ဘဲ လက်ပိုက်ပြီး ကျွန်တော့်ကို ရန်လိုသည့် မျက်နှာပေးဖြင့် ကြည့် န၏။
ဂျီလီယံ က သွက်လက်စွာ တုံ့ပြန်သည်။ လက်အိတ်တစ်စုံနှင့် လက်ပွေ့အိတ်ကို ကောက်ယူပြီး ၀ုန်းခနဲ ထရပ်သည်။
" လာ ... သွားစို့ ရစ်ကီ "
ဦးခေါင်းကို ခပ်မော့မော့ထားကာ ဂျီလီယံ ထွက်သွားသည်။ ကျွန်တော် နောက်မှ လိုက်သွားရတော့၏။ အပြင် ရောက်တော့ ကျွန်တော့်ဘက် လှည့်ကြည့်သည်။ မျက်နှာကလေးမှာ ဖြူဖပ်ဖြူရော် ဖြစ်နေ၏။ မျက်လုံး နက် များကမူ တဖျပ်ဖျပ် အရောင်တောက်လျက်။
" အိမ်ပြန်မယ် ... ရစ်ကီ၊ ပြန်ပို့ပေးတော့ "
ကျွန်တော် တက္ကစီတစ်စီး လှမ်းခေါ်လိုက်သည်။ ဂျီလီယံက ကားပေါ်တွင် ကျွန်တော့်အား သူစိမ်း ပြင်ပြင်ပမာ တစ်ဖက်ကို အတတ်နိုင်ဆုံး တိုးကပ်ပြီး စီးသည်။ သူ့မျက်လုံးတွေက ရှေ့သို့ ငေးကြည့် နေ၏။ သို့သော် ဘာကို မှ မြင်ဟန်မတူပါ။ သူနှင့်ဝေးပြီဟု ကျွန်တော့် စိတ်ထဲတွင် နင့်နင့်နဲနဲ ခံစား လိုက်ရ၏။
သူနှင့်ရော၊ ကျောင်းနှင့်ရော အားလုံးနှင့်ပါ ဝေးရာသို့ ကျွန်တော် သွားလိုက်ချင်ပါ၏။ လျင်မြန်စွာ လွင့်မျောသွားလိုက်ချင်ပါ၏။
ကိုယ့်မှာ ဘာအပြစ်ရှိလို့လဲ ဂျီလီယံရယ်၊ စားပွဲထိုးတစ်ယောက်ရဲ့ မယဉ်ကျေးမှုဟာ ကိုယ့်အပြစ် လားကွယ်။ ကျွန်တော် ယူကျုံးမရ တွေးနေမိ၏။ သည်နေရာကိုလည်း သူကိုယ်တိုင် ရွေးခြင်းပါ။ သည်အဖြစ်အတွက် ကျွန်တော့် အဖြစ် ဟုတ်နိုင်ပါမည်လား။
ဆိတ်ငြိမ်ရပ်ကွက်ရှိ ဂျီလီယံ၏ တိုက်ခန်းရှေ့တွင် ကားရပ်လိုက်သည်။ ကားပေါ်မှ ဆင်းပြီး လှေကားဆီသို့ ပြေးချသွားသည်။ ကျွန်တော် ဆို့နင့်စွာဖြင့် သူ့ကို ငေးကြည့်နေမိ၏။ နောက် ပြန်မှ တွေ့နိုင်ပါတော့မည်လား။
လှေကားရင်း ရောက်မှ ပြန်လှည့်လာပြီးမေးသည်။
" မဆင်းတော့ဘူးလား "
ဒေါသစွက်နေသည့် အသံဖြင့် မေး၏။ စောစောပိုင်းက ဂျီလီယံ မဟုတ်တော့ပေ။ အေးစက်စက် နှင့် အမုန်းတရားတွေ လွှမ်းခြုံနေသည့် မိန်းကလေးတစ်ယောက်။ ကျွန်တော် ထွက်ပြေးချင်လှပါပြီ။ သို့သော် ဂျီလီယံကို ကျွန်တော် လွယ်လွယ်နှင့် မေ့ပစ်နိုင်မည် မဟုတ်ပါ။
တက္ကစီခ ပေးပြီး သူနှင့်အတူ အဆောက်အအုံအတွင်းသို့ လိုက်ဝင်သွားသည်။ ဂျီလီယံအခန်းမှာ မြေညီထပ် တွင် ဖြစ်ပါသည်။ အခန်းမှာ ခပ်ကျဉ်းကျဉ်း ဖြစ်သော်လည်း နေပျော်အောင် ပြင်ဆင် မွမ်းမံထားသည်။ ဇောက်နက်နက် ကုလားထိုင်များနှင့် ရှေးခေတ် ပုံစံ ဆိုဖာကြီးတွေကို စီချထား သည်။ ခပ်နိမ့်နိမ့် သွန်းထု ထားသည့် ပန်းပုရုပ် အမျိုးမျိုး။ နံရံတွင်လည်း ခေတ်သစ် ခံစားမှု ပန်းချီ ကားများ ချိတ်ဆွဲထား၏။ မွေးရှည်ကော်ဇောကမူခန်းလုံးပြည့်။
အခန်းမှာ စိတ်ကြည်လင်ရွှင်ပျစရာအတိဖြစ်ပါသည်။ သို့သော် အခန်းထဲမှ ကျွန်တော်တို့နှစ်ဦးစလုံးမှာ နောက်ကျုရီဝေနေကြ။
ဂျီလီယံက လက်ပွေ့အိတ်နှင့် လက်အိတ်တွေကို ဆိုလာပေါ်သို့ လွှင့်ပစ်လိုက်သည်။ ကျွန်တော့် ကို ထိုင်ဖို့ နေရာပေးပြီး သူက ဆောက်တည်ရာမရ ဟိုလျှောက်လိုက် သည်လျှောက်လိုက်၊ စာအုပ်ဗီရိုပေါ်မှ ပန်းပုရုပ် တွေကို ဟိုရွှေ့လိုက် သည်ရွှေ့လိုက်နှင့်။
ဘာပြော ရမှန်း မသိသိဖြင့် ကျွန်တော် သူ့ကို အကြောင်သား ငေးကြည့်နေမိသည်။ ပေါက်ကွဲတော့ မည့်အချိန်ကို ကျွန်တော် စောင့်နေရခြင်းဖြစ်ပါသည်။ နောက်ဆုံးတွင် အိပ်ခန်းတံခါးကို ၀ုန်းခနဲ ဆွဲ ဖွင့်ကာ အတွင်းသို့ ၀င်သွားသည်။
ကျွန်တော်က လက်ဆွဲအိတ်ထဲမှ ကဗျာစာအုပ်ကလေးကို ထုတ်ပြီး စားပွဲနိမ့်ကလေးတစ်ခုပေါ်တွင် တင်ထား လိုက်သည်။ ပျော်စရာ ညနေခင်း ကလေး အစိတ်စိတ် အမြွှာမြွှာ ပျက်စီးခဲ့ရပါလေပြီ။ ကျွန်တော့် လက်ဆောင် ကဗျာစာအုပ်ကလေး ပေးဖို့လည်း အခြေအနေ မလှတော့ပြီ။
ခဏနေတော့ သူ ပြန်ထွက်လာသည်။ စိတ်ကို ကြိုးစားပြီး ထိန်းလာခဲ့ပုံ။ လှလှပပ ထုပ်ထားသည့် စာအုပ်ကလေးကို ကောက်ယူပြီး ပန်းစက္ကူကလေးများကို သူ ခွာသည်။ စာအုပ်ကို သေသေချာချာ ကြည့်ပြီး သည် နှင့် သူ့လက်နှစ်ဖက် နံဘေးသို့ လျော့ရဲစွာ ပြုတ်ကျသွားသည်။
" အလကားပဲ၊ သိပ်ရှက်ဖို့ကောင်းတယ်"
နာကြည်းစွာ ထွက်လာသည့် စကားလုံး ဖြစ်ဟန်ရှိသည်။
"ဘာပြုလို့ ငြိမ်ခံလာတာလဲ"
" သြော် ... စောစောက ဖြစ်တဲ့ကိစ္စကို ပြောတာလား "
" ဟုတ်တယ် ၊ ရှင် ... ဘာလို့ ငုံ့ခံနေတာလဲ "
" ငုံ့မခံလို့ ကိုယ် ဘာလုပ်ရမလဲ ဂျီလီယံ၊ ထ ထိုးရမှာလား၊ အဲဒီလို နေရာမျိုးမှာ ရုန်းရင်းဆန်ခတ် ဖြစ်တာ မင်းမြင်ချင်လို့လား "
" ဟုတ်တယ်၊ မြင်ချင်တယ်၊ အသေအလဲ ချတာကို ကြည့်ချင်တာ "
တစ်တစ်ခွခွ ရင့်ရင့်သီးသီး ထွက်လာသည့် စကားလုံးများ။ သူ့မျက်လုံးများက ကျွန်တော့်ကို စူးစူးရဲရဲ ကြည့် လျက်။
"အဲဒီလိုလုပ်တော့ ဘာအကျိုးထူးမှာလဲ ဂျီလီယံ "
" အဲဒါ မသိဘူး၊ လိုချင်တာက ဒီလို ကောင်မျိုးကို ဆုံးမဖို့ပဲ၊ သေတဲ့အထိ ရိုက် .... "
ဒေါသကြီးလွန်းလာပြီး စကားမဆက်နိုင်တော့ဘဲ ငိုချလိုက်တော့။
" မထူးပါဘူး ... ဂျီလီယံရယ်၊ ဘာမှ အကြောင်းမထူးနိုင်ပါဘူး "
" ဘာလို့ မထူးရမှာလဲ၊ ရှင့်ကိုယ်ရှင် ခရစ်တော်များ အောက်မေ့နေလား၊ ခန္တီပါရမီနဲ့ လည်စင်းခံနေ တယ်၊ ရှင်ကြောက်လို့လား ရစ်ကီ၊ ဒီဘာမဟုတ်တဲ့ စားပွဲထိုးနဲ့ ရှင် ရင်မဆိုင်ရဲဘူးလား "
" မင်း သိပ်စိတ်ဆိုးနေတယ် ဂျီလီယံ၊ လူတစ်ယောက်ကို ရိုက်နှက်ဆုံးမလို့ ပြဿနာ မပြီးဘူး ထင်တယ်"
" ကောင်းပြီ၊ ဒါဖြင့် ဘယ်လိုပြီးအောင် လုပ်မလဲ၊ ဒီလိုပဲ တစ်သက်လုံး ခေါင်းငုံ့ခံသွားမှာလား၊ ရှင့်မှာ သတ္တိ နည်းနည်း ကလေးမှ မရှိဘူးလား "
သူ့အသံက စူးသထက် စူးလာသည်။ ငါးစိန်းသည်လေသံ ပေါက်လာသည်။
"တစ်ယောက်ယောက်က ရှင့်ကို အမြဲ အကာအကွယ်ပေးနေရမှာလား၊ ကလင်တီက ၀က်စတန်ကို ရှင့်အတွက် တိုက်ပွဲဝင်ပေးရတယ်၊ ရထားပေါ်မှာလည်း ရှင့်ရှေ့က ပါမလာဆိုတဲ့ ကောင်မလေး ၀င်ရပ် ပေး ရတယ်၊ ဒီညလည်း ရှင့်ကို ကျွန်မက အကာအကွယ် ပေးရဦးမှာလား"
ကျွန်တော် စိတ်အပျက်ကြီး ပျက်သွားသည်။ အားလုံးကို စိတ်ကုန်သွားသည်။
"အဲဒီအကြောင်း တော်ကြပါစို့ ဂျီလီယံ"
"အရှုံးပေးတာနဲ့ အတူတူပေါ့"
"သြော် ဂျီလီယံကလည်းကွာ၊ မေ့လိုက်ကြရအောင်ပါ"
"မေ့လိုက်ကြရအောင် ... ဟုတ်လား၊ ဒီနေ့ ဘာနေ့လဲ၊ မေ့သွားပြီလား၊ အပျော်ဆုံးနေ့ဖြစ်အောင် ဒီက ကြိုးစားလိုက်ရတာ၊ အိမ်ကိုတောင် မပြန်ဘဲ သူနဲ့ ... ခုတော့ မေ့လိုက်ကြရအောင်တဲ့။ မုန်းတယ်၊ မုန်းတယ်၊ ရှင့်ကို ကျွန်မကို မုန်းတယ်၊ှင်ဟာ နီဂရိုး ..."
ငယ်သံပါအောင် အော်ပြီး လက်ထဲမှ စာအုပ်နှင့် ကျွန်တော့်ကို ပေါက်သည်။ အားမရသေးဟန်ဖြင့် လက် နှစ်ဖက် ဆန့်တန်းကား ကျွန်တော့်ကို ကုတ်ဖို့ ပြေးဝင်လာသည်။ သွင်သွင် ရူးသွားသည့် အရူးမ တစ်ယောက် နှင့် မခြား။
လက်နှစ်ဖက်ကို ဖမ်းပြီး မနည်း ချုပ်ထားသည်။ ဒေါသတကြီး ၀င်လာသည့်အရှိန်ကို ပြင်းထန်လွန်း ၍ လဲကျမသွားအောင် မနည်းထိန်းထားလိုက်ရ၏။ ပထမတော့ အကျောက်အကန် ရုန်းနေသေး သည်။ နောက်မှ ပျော့ခွေသွားပြီး ကျွန်တော့်ရင်ခွင်ထဲသို့ တအင်းအင်း ညည်းညူကာ ညွှတ်ကျလာ တော့၏။
လုံးဝ ထိန်းနိုင်ခါမှ ကျွန်တော် လွှတ်ပေးလိုက်ပြီး ကုလားထိုင်တစ်လုံးတွင် ထိုင်ခိုင်းလိုက်သည်။ ကျွန်တော့်ကို မျက်နှာ ခပ်လွှဲလွှဲထားပြီး တရှုပ်ရှုပ် ငိုနေ၏။ စလယ်ဝင် ဖင်မမည်းခင်က ကွဲကြရ မည့် ဖြစ်ကို ရင်နင့်စွာ တွေးရင်း ကျွန်တော် ငေးကြည့်နေ၏။ ဘာမှ ဆက်ပြောစရာမရှိတော့။ ကျွန်တော် ထပြန်သင့်ပြီ။ သို့သော် အပြီး အပိုင် မခွဲခွာမီ အချိန်ကလေးကို တမင် ဆွဲနေခြင်း ဖြစ်ပါ ၏။
ဤတွင် သူ ကျွန်တော့်ဘက် လှည့်ပြီး မေးသည်။
"ဂျီလီယံတို့ ဘာဆက်လုပ်ကြမလဲဟင် ... ရစ်ကီ"
"မသိဘူး ဂျီလီယံ"
ကျွန်တော် ဘာပြောရမည်နည်း။ စိတ်ထဲကတော့ မျှော်လင့်ချက် မှိန်မှိန်ကလေး ထားနေသေး၏။ သူ့နှုတ်မှ ထွက်လာ မည့် စကားလုံးလေးများကို အသက်မရှူဘဲ နားစွင့်နေ၏။
"အဲဒီ ပြဿနာ က တစ်သက်လုံး ရင်ဆိုင်သွားရမှာလား ဟင်"
"ဒီညဖြစ် တဲ့ ပြဿနာမျိုး ပြောတာလား"
"ဟုတ်တယ်လေ၊ အဲဒီလိုပဲ ခဏခဏ ဖြစ်တတ်သလား ရစ်ကီ"
"ဟင့်အင်း၊ ကိုယ် လေတပ်ထဲမှာတုန်းကတော့ လုံးလုံး မဖြစ်ခဲ့ဖူးဘူး၊ တပ်က ထွက်ပြီးတော့လည်း ဒီလို အခြေ အနေ မျိုးနဲ့ တစ်ခါမှ မသွားဖူးဘူးလေ"
ဘာဆက်ပြောရမှန်း မသိသဖြင့် သူ့အခြေအနေကိုသာ စောင့်ကြည့်နေလိုက်သည်။ စားပွဲထိုး တစ်ယောက်၏ အစော်ကားခ့လိုက်ရ၍ ဂျီလီယံ ယူကျုံးမရ ဖြစ်နေ၏။ အရှက်ခွဲခံရသည်ဟု ထင်နေ ၏။ သည်အဖြစ်မျိုး ရှိနိုင်သည် ဟု သူမ မသိခြင်းလား၊ မမျှော်လင့်ခြင်းလား။ ဂျီလီယံသည် အင်္ဂလန် ပြည်ပေါက် အင်္ဂလိပ်စင်စစ် ဖြစ်သည်။ တကယ်ပင် အသားရောင် ခွဲခြားမှုကို သူ သည်းမခံနိုင်ခြင်း လား။
"ဒီလို ကိစ္စမျိုးတွေ ရှိနိုင်တယ်ဆိုတာ မင်း မသိဘူးလား ဂျီလီယံ"
"၀တ္ထုတွေထဲမှာတော့ ဖတ်ဖူးတယ်၊ ဒါပေမဲ့ ဂျီလီယံနဲပ တိုက်ရိုက် ပတ်သက်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ဘူး"
"ဟုတ်တယ်ပေါ့လေ၊ ကိုယ်နဲ့ မဟုတ်ရင် မင်း ဒါမျိုး ဘယ်ကြုံရမလဲ"
သူ ကျွန်တော့် ကို ဖျတ်ခနဲ လှည့်ကြည့်သည်။
"အဲဒါ ဘာဆိုလိုတာလဲ ရစ်ကီ"
"နောက် ဒီကိစ္စမျိုး မင်း မတွေ့ရတော့ပါဘူး"
ရင်ထဲတွင် အသက်ရှူမရအောင် နာကျင်စွာဖြင့် ပြောလိုက်ရခြင်း ဖြစ်ပါ၏။
"ရစ်ကီ က အဲဒီအတိုင်း ဆုံးဖြတ်ချင်လို့လား"
ကျွန်တော် ရုတ်တရက် မဖြေနိုင်အောငေ် ဖြစ်နေ၏။ အရာအားလုံးသည် ရုတ်ခြည်း အလွန့်အလွန် ကြီးကျယ်သွားလေပြီ။ အကြီးအကျယ် ရှုပ်ထွေးသွားလေပြီ။ ကျွန်တော် တစ်ဦးတည်းအရေး မဟုတ်တော့။ သန်းပေါင်း များစွာသော ကျွန်တော်နှင့် ဘာမှမဆိုင်သော လူတွေနှင့် ဆိုင်လာပြီ။
ဂျီလီယံ နှင့် တွဲသွားလျှင် ကျွန်တော့်ကို မုန်းတီး ရန်လိုကြမည့် လူတွေ၊ ဂျီလီယံ လှ၍ မဟုတ်။ ဂျီလီယံ ချစ်စရာ ကောင်း၍ မဟုတ်။ စိတ်ထားမြင့်မြတ်၍ မဟုတ်။ အသားဖြူနေခြင်း တစ်ခုတည်း အတွက်သာ ဖြစ်ပါ၏။
"ကိုယ်ကတော့ ဘယ် ဒီလို ဆုံးဖြတ်ချင်ပါ့မလဲ ဂျီလီယံရယ်"
ကျွန်တော့် အသိစိတ်က ရင်ဆိုင်ရမည့် အန္တရာယ်နှင့် အခက်အခဲတွေကို မြင်နေ၏။ သို့သော် အသည်းနှလုံးက ရဲဝံ့စွာ ဖြေကြားလိုက်ခြင်း ဖြစ်သည်။ သူ ထလာသည်။ ကျွန်တော့် ကုလားထိုင် လက်တန်းပေါ်တွင် လာထိုင်သည်။
"ရစ်ကီကို ဂျီလီယံ ချစ်နေပြီ ... သိလား"
"ကိုယ်လည်း မင်းကို ချစ်နေမိပါပြီ ... ဂျီလီယံရယ်"
"ဒါပေမဲ့ ခုတော့ ဂျီလီယံ သိပ်ကြောက်လာတယ်၊ ရစ်ကီ၊ အရင်တုန်းက အဲဒါတွေ လုံးဝ မစဉ်းစားမိခဲ့ဘူး၊ ရစ်ကီ ဘာပြု လို့ သည်းခံနေတာလဲဟင်၊ စိတ်အနှောင့်အယှက် လုံးဝ မဖြစ်မိဘူး လား"
"သြော် ... ဂျီလီယံရယ်၊ မဖြစ်ဘဲ နေပါ့မလားကွာ၊ ဒါပေမဲ့ ဒီကိစ္စကို ဘယ်လို သဘောထားရမယ် ဆိုတာ ကိုယ် နားလည်လာပြီလေ။ ပထမတော့ သိပ်ခံရတာပေါ့၊ ဒါပေမဲ့ အခုတော့ အရေထူလာပြီ၊ ဒီအသားရောင်နဲ့ လူ့လောက မှာ ဘယ်လိုသိက္ခာရှိရှိ နေသွားရမယ်ဆိုတာ ကိုယ် နားလည်လာပြီ လေ"
သည်တော့မှ အင်္ဂလန်ရောက် ကျွန်တော့်ဘ၀ အထွေထွေကို အိတ်သွန်ဖာမှောက် ပြောပြ ဖြစ်တော့၏။ ကျောင်းဆရာ ဘ၀ ရောက်ပြီး သူနှင့် တွေ့သည့်ကာလအထိ ကျွန်တော် ရင်ဖွင့်လိုက် သည်။
ဂျီလီယံ ငြိမ်ငြိမ်ကလေး နားထောင်နေသည်။ အတန်ကြာမှ သူလက်ဖ၀ါးကလေး တစ်ဖက် ကျွန်တော့်လက်ထဲ ရောက်လာသည်။ တစ်ဖက်က ကျွန်တော့်လက်ကို ဆုပ်နယ်နေ၏။ ကျွန်တော့် ဇာတ်လမ်းဆုံးသည်နှင့် -
"ဂျီလီယံ စိတ်မကောင်းပါဘူး ရစ်ကီရယ်"
"ဘာမှ စိတ်မကောင်း မဖြစ်နဲ့ ဂျီလီယံ၊ ဖြစ်ခဲ့တာတွေ အားလုံး မင်း သိထားသင့်လို့ ကိုယ် ပြောပြ တာပါ၊ နောင်လည်း ထပ်မဖြစ်ဘူးလို့ မပြောနိုင်ဘူး"
"ဂျီလီယံ စိတ်မကောင်းဘူး ပြောတာက အဲဒီအတွက် မဟုတ်ဘူး ရစ်ကီ၊ ဒီည ဂျီလီယံ ပြောခဲ့မိတာ တွေအတွက် ပြောတာပါ"
"ကိုယ် နားလည်ပါတယ်လေ၊ အဲဒါ မေ့လိုက်ပါတော့၊ ဘာမှလည်း မဖြစ်လောက်ပါဘူး"
နှစ်ယောက်သား အတွေးကိုယ်စီဖြင့် အတန်ကြာ စကားပြတ်နေကြသည်။ ခဏနေမှ ဂျီလီယံ ပြုံးလာသည်။ ကျွန်တော့်လက်ကို တင်းတင်းဆုပ်ပြီး -
"မနက်ဖြန် မေမေ့ဆီ စာရေးရမယ်၊ ရစ်ကီ့အကြောင်းတွေ အများကြီး ပြောပြထားပြီးသားလေ။ သိပ်အံ့သြမယ် မထင်ဘူး"
"ဖြစ်နိုင်ပါ့မလား ဂျီလီယံရယ်"
"မေမေ ကန့်ကွက်မယ် မထင်ပါဘူး၊ မေမေက သိပ်ပြည့်ဝတာ ပြောထားလက်စလည်း ရှိပြီးသားပဲ"
"အဖေ့အတွက်ကကော"
"အဖေ့ကို အမေ စည်းရုံးလိမ့်မယ်လေ၊ နောက်အပတ် အိမ်ကို ခေါ်ခဲ့မယ်လို့ စာကြိုရေးလိုက်မယ်၊ တွေ့ရင် အဖေ နဲ့ အမေကို ရစ်ကီ သဘောကျမှာပါ ၊ နှစ်ယောက်စလုံး သိပ်သဘောကောင်းတာ"
ပြတင်းပေါက်ဘက်သို့ ကျွန်တော် ငေးကြည့်နေမိ၏။ အပြင်တွင် ညသည် မည်းမည်းမှောင်နေ၏။ ဘ၀ဆိုသည်မှာ ကြိုတင်စီမံထားလို့ ရစကောင်းသည့်အရာမျိုး မဟုတ်ပါလား။
ချစ်စဖွယ် ကျွန်တော့်ချစ်သူ နုနုနယ်နယ်ကလေးကို ကျွန်တော် နမ်းပင် မနမ်းဖူးသေးပါ။ သို့သော် အလေးနက် ကြီး လေးနက်နေပြီ။
"ရစ်ကီ"
"ဟင်"
"ဂျီလီယံ ပတ်ဝန်းကျင်ကို ဆန့်ကျင်ရဲတဲ့ သတ္တိတော့ မရှိပါဘူး၊ ဒါပေမဲ့ ရစ်ကီကို ချစ်နေပြီ၊ ရစ်ကီ စိတ်ချမ်းသာအောင် ဂျီလီယံ ကြိုးစားပါ့မယ်နော်၊ ပျော်မှာပါနော်"
"ကြိုးစားရမှာပေါ့ ဂျီလီယံရယ်"
တိုးတိုးကလေး ရှိုက်ကာ ငိုပြန်သည်။ ခုမှ ကျွန်တော် ဆွဲယူထွေးပွေ့ ဖြစ်သည်။ ချစ်သူကို အန္တရာယ်ပေါင်းစုံမှ အကာအကွယ် ပေးချင်ပါ၏။ ကျွန်တော် မကြောက်စဖူး ကြောက်စိတ်တွေ ၀င်လာသည်။ ကျွန်တော့်အတွက် ကြောက်ရွံ့ခြင်း မဟုတ်ပါ။ ခရောင်းလမ်းကို ကျွန်တော်နှင့်အတူ ဖြတ်သန်းမည်ဟု လက်တွဲလာသည့် ချစ်သူ အတွက် ဖြစ်ပါ၏။
သည်လို ပြဿနာမျိုးတွေကို ကြုံတွေ့ဖြတ်သန်းဖူးသူတွေ အများအပြား ရှိခဲ့ကြပါသည်။ ကျွန်တော်လည်း သူတို့ နည်းတူ ကြိုးစားရပါမည်။ ကျွန်တော်တို့ နှစ်ယောက်စလုံး ကြိုးစားရမည် ဖြစ်ပါ၏။
ဆက်ရန်
.
No comments:
Post a Comment