Tuesday, June 7, 2011

နိဗ္ဗါန်သွား တောလား (၂)

 ဒီဓမ္မာရုံကြီး ထဲမှာ တရားထိုင်ရပါတယ်

ဆွမ်းစားကျောင်း မှာ အလုပ်ပေး တရားနာ ရတာက ကက်ဆက် နဲ့ပါ... အမှန်အတိုင်း ပြောရရင် အသံ ကြည်ကြည် လင်လင် မကြားရတာ ရယ်... ပဆစ်တုပ် ပြီး ကြာကြာ  မထိုင်တတ် တဲ့ အတွက် ခဏခဏ ပြောင်းထိုင် နေရတာ ရယ်  နဲ့ ဘာမှန်း ကို သိပ်မသိလိုက်ပါဘူး ......။

ကျနော် ရိပ်သာ သွားမယ် ဆိုတော့ ချစ်ညီမ နဲ့ ချစ်ချစ်ကြီး ကို အရင်မေးပါတယ်ဗျာ... ဘာစာတွေဖတ်သွား ရမလည်း.. ဆိုတော့ ဘာမှ ဖတ်မသွားနဲ့ တဲ့ ကိုယ်တွေ့ က အကောင်းဆုံး ဆိုတာနဲ့ အလုပ်ပေး တရားလေး တောင် ကြိုတင် နာမသွားလိုက်ရ ဖတ်မသွားလိုက်ရပါဘူး ... အခုတော့ ကြားတချက် မကြားတချက် ဝါးတား ဝါးတား ဖြစ်နေတဲ့ အတွက် နောင်လာ နောက်သားများ အလုပ်ပေး တရား ကို ကိုယ့်အိမ် မှာ အေးအေး ဆေးဆေး ကြိုတင် နာသွားခဲ့ရင် ပိုပြီး အကျိုးရှိမယ်ထင်ပါတယ်.... ။

တနာရီခွဲလောက် ကြာတော့ တရားနာတာ ပြီးသွားပါတယ်.. ဝမ်းသာအားရ နဲ့ အဆောင် ကို ပြန်ခဲ့ကြ ပါတယ်... တရားနာ အပြီးမှာ ဓမ္မာရုံပေါ် တက်ပြီး တရားဆက်မှတ် နေရင်လည်း ရပါတယ်... ဒါပေမဲ့ ဒီနေ့ အဖို့တော့ အလုပ်ပေး တရားနဲ့ဘဲ ရောင့်ရဲတင်းတိမ် ပြီး အဆောင်ပြန် နားနေပါတယ်....။

ကျနော် တို့ ယောဂီ လေးယောက်စလုံး မနက်စာ ထမင်းစားချိန် က နေ့လည် ၂နာရီ လောက် မှာ ဖြစ်နေတဲ့ အတွက် ... ရိပ်သာမှာလည်း အလုပ်ပေး တရားအမှီ ဝင်ရမှာ ဖြစ်တဲ့ အတွက် ညနေစာ ကိုတော့ လက်လွှတ် လိုက် ရပါတယ်... တသက်လုံး စားလာတဲ့ ထမင်း တနပ် မစား ရတော့ ဘာဖြစ်လည်း ဆိုပြီး ဆာတာ ကို ဆာတယ် လို့ ဘဲ မှတ်နေရင်း ကျနော့် အဖိုး ရဲ့ ကိုယ့်တွေ့ တရားထိုင်ခဲ့တာလေး ကို ပြန်သတိရ နေ ပါတယ်...။

ကျနော့် မေမေ ရဲ့ ဖေဖေ ပါ... စိတ်ကောင်းရှိပြီး ပျော်ပျော် နေတတ်ပေမဲ့ ဘာဝနာ ကိုတော့ သေချာ အားထုတ် မသွားပါဘူး..၊ တနေ့တော့ သူ့ ယောက်ဖ အကြီး ကလာပြီး မင်းတို့ တရားထိုင်တာ အကျင့် ဖြစ် သွားအောင် ဆိုပြီး ထိုင်ပုံ ထိုင်နည်း လေး ပြောပြီး သူက ရှေ့ကထိုင် ပြီး နောက်က အဖိုး တို့ ကို ထိုင် ခိုင်းပါတယ်... ကျနော့် အဖိုး ကလည်း ထိုင်ဘူးထိုင်စ ကလည်း မရှိ တရားဖြုတ်ချင်တာလည်း သူ့ယောက်ဖ က ရှေ့က မဖြုတ်တော့ စိတ်ညစ်ညစ် နဲ့ တနာရီလောက် တရားထိုင် လိုက်ရပါတယ်တဲ့...။

အဲဒါနဲ့ တရားဖြုတ်ပြီး တဲ့ အချိန်မှာ သူ့ယောက်ဖ က ဝမ်းသာအားရ နဲ့ တရားစစ် ပါတယ်.. မင်း တရားထိုင် နေတုန်း ဘာမြင်လည်း ..ဘာပေါ်လည်း ဆိုတော့ နေ့လည် လဘက်ရည် သောက်ချိန် ကျော်သွားလို့ ဗိုက်ဆာ နေတဲ့ အဖိုး က လည်း ပေါင်မုံ့ မီးကင် ထောပတ်သုတ် လေး နဲ့ လဘက်ရည် ကျကျလေး မြင်ပါတယ် လို့ ပြောလိုက် တယ်တဲ့... ။

သူ့ယောက်ဖ က အလေးအနက် ထားလုပ်နေတာဆိုတော့ စိတ်ဆိုးပြီး ပြန် သွားပါတယ်..... အမှန်တော့ အဖိုး ကလည်း သူ တကယ်မြင်တာ ပြောတာပါ.. အခု ရွှေစင်ဦး ကတော့ တရားမထိုင် ရသေးခင်မှာဘဲ ... စားကောင်း သောက်ဖွယ် အားလုံး ကို တန်းစီ ပြီး မြင်ယောင် နေတဲ့ အတွက် အဖိုး ထက် သာတယ် လို့ ပြောလို့ရပါတယ်...။

အလုပ်ပေး တရား က ဘာမှန်းသိပ်မသိလိုက်ပေမဲ့... မနက်ခင်း ကိုယ်တွေ့ တရားလုပ်ရမှာ ဆိုတော့ စည်းကမ်း ချက် များကို ပြန်ဖတ်မိပါတယ်... မနက် ၃နာရီခွဲ ခေါင်းလောင်းထိုးရင် အိပ်ယာထပြီး ဓမ္မာရုံ ကို လေးနာရီထက် နောက်မကျ စေဘဲ သွားရမယ်လို့ ပါ ပါတယ်... မနက်စောစော ထ ရမှာ ဖြစ်တဲ့ အတွက်... အားလုံး ကို စောစောအိပ် ဖို့ သတိပေးပြီး အိပ်ယာဝင်ဖို့ ကျိုးစားပါတယ်..။

ယောဂီ လေး ပါး စလုံး က မနက်မလင်း ခင် ကြုံ တွေ့ ရမဲ့ အတွေ့အကြုံ အသစ် အတွက် ရင်ခုံ နေတာရယ်  မစားလိုက်ရတဲ့ ထမင်း တနပ် ကို လွမ်းမော နေတာ ရယ် နဲ့ တော်တော် နဲ့ အိပ်မပျော်ကြပါဘူး... ရွှေစင်ဦး ကတော့ ချစ်ညီမ ပြောတဲ့ အာရုံဆွမ်းကို တမ်းတ မျှော်လင့် နေပါတယ်... နို့စိမ်းခေါက်ဆွဲ လေးလား... ကိုယ် သိပ်ကြိုက်တဲ့ မုံဟင်းခါးလေး ကို ဘူးသီးကြော် လေး နဲ့ များ စားရမလား.. ပဲထပ်တရာ ပူပူလေး လား... ကော်ဖီ ရော ပါပါ့ မလား... အင်း မကောင်းပါဘူး တရားထိုင်ဘို့ မစဉ်းစားဘဲ အာရုံဆွမ်းကို ဘဲ အာရုံ ရောက်နေတဲ့ ကိုယ် ကို ကိုယ့် တောင် ရှက်မိပါရဲ့....။

ဒီလိုနဲ့ တညပြီးသွားပါတယ်... မနက်မှာ တော့ အိပ်ယာ က အစောဆုံး နိုးပါတယ်... အသက်အငယ်ဆုံး ဖြစ် တာ ရယ် (ကြွားတာ မဟုတ်ပါ) ကျနော့် ရဲ့ ကောင်းတဲ့ အကျင့် တခုရယ်ကြောင့်ပါ... ကျနော် စိတ်ထဲမှာ နိုး စေချင်တဲ့ အချိန် ကို နှိုးစက် မလိုဘဲ နိုးတတ်လို့ ဖြစ်ပါတယ်... ၊ သုံး နာရီခွဲ ခေါင်းလောင်းတီးမယ် ပြောပေမဲ့ ကိုယ် ဟာ အပ္ပကိစ္စောစ (နဲပါးသော ကိစ္စ) ရှိသူ မဟုတ်တဲ့ အတွက် အစောဆုံး ထပြီး ကိစ္စ အားလုံး ကို ကျန် ယောဂီ များ အသုံး မပြုခင် စိတ်အေး လက်အေး နဲ့  ပြီးစီးအောင် လုပ်ထားပါတယ်...။

ခဏနေတော့ ခေါင်းလောင်း ထိုးပြီး အားလုံး ဘဲ နိုးလာကြပါတယ်... ယောဂီလေးပါး အတွက် ပထမဆုံး တရား ထိုင် ဘို့  ခြေလှမ်းသစ် များဟာ တက်ကြွ လွန်းလှပါတယ်....။

သွားလာရာ ၌  
(က) မည်သည့် အခါမှ နှစ်ယောက်ယှဉ် ၍ မသွားရ၊ ရှေ့နောက် စဉ် လျက် တဦး နှင့် တဦး မထိစေဘဲ သွားလာ ရမည်။

(ခ) ရေးကြီးသုတ်ပြာ မသွားရ၊ မြန်မြန်မသွားရ၊ ဖြည်းဖြည်း ရှုမှတ်မှု မလွတ်စေဘဲ သွားလာရမည်။

(ဂ) ယောဂီ နှင့် မလျော်သော ဟိုကြည့်ဒီကြည့် ကြည့်လျှက် သွားလာခြင်း မရှိစေရ၊ ရှေ့ ၌ လေးတောင် ခန့်မျှ မျက်လွှာ ချကြည့်လျက် ရှုမှတ်မှု မလွတ်စေဘဲ သွားလာရမည်။



 ဆွမ်းချက်ကျောင်း လှေကား အတက်လေး မှာ 
ဓါတ်ဘူး လေး ထားခဲ့ရပါတယ်

ဓမ္မရုံ ကို သွားရင်း နဲ့ ကိုယ်ယူ လာတဲ့ ဓါတ်ဘူး လေးကို ဆွမ်းချက်ကျောင်း မှာ ဝင်ထားရပါသေးတယ်ဗျာ... ဆွမ်းစားပြီး ကိုယ့် အဆောင်မှာ ကော်ဖီလေးဘာလေး သောက်ရအောင်ပါ... လေးနာရီ မထိုးခင်ဘဲ အားလုံး ဓမ္မာရုံ ကို ရောက်ပါတယ်.... ။

တရားထိုင် ဖျာလေး ကို နောက်ဆုံး တန်း မှာ ခင်း ... ဆိုဖာဖုံ ထူထူလေး အပေါ်ကတင် ကိုယ် ယူလာတဲ့ အခင်းလေး အပေါ်ဆုံး က ထပ်ပြီးတော့... တရား ထိုင် ခြင်ထောင်လေး ထောင်ရပါတယ်... ဒီနေရာမှာ တော့ ရွှေမန္တလေး ထက် အများကြီး သာသွားပါပြီ ... နွေခေါင်ခေါင် မှာတောင် အနွေးထည်လေး ဝတ်ထား ရပါတယ်... ဒါပေမဲ့ တကယ် တရားထိုင် မယ်ဆိုတော့ စိတ်များ အိုက်မလား ဆိုပြီး အလုပ်မရှိ အလုပ်ရှာပြီး အနွေးထည် လေး ကို ဘဝမှာ အသေသပ် ဆုံး နဲ့ အကြာဆုံး ခေါက်ပြီး မှ အနားမှာ တင်ထား ပါတယ်...။

ကဲ.. စပါပြီဗျာ... 

အလုပ်ပေး တရား ကို သေချာ မနာလိုက်ရပေမဲ့... ဘုန်းကြီး အဖိုး (ဖေဖေ ရဲ့ ဖေဖေ ပါ) ရဲ့ အချစ်ဆုံး မြေးအကြီး ဆုံး ဆိုတော့ ဂလောက်တော့ ရပါတယ်ပေါ့လေ... သေချာ စထိုင်ပါတယ်... မထိုင်ခင် ကိုယ် ပတ် ထားတဲ့ နာရီလေး ကို ရှေ့မှာ ချွတ်ချပြီး အချိန်မှတ် ထားလိုက်ပါတယ်... တော်ကြာ စံချိန်ကျော် သွားရင် မသိလိုက် မှာ စိုးလို့ပါ.... ။

ကျနော် သမာဓိ စတင် ထူထောင် တာက နှာသီးဖျား မှာ သတိလေး ကပ်ပြီး ဝင်လေ ထွက်လေ နဲ့ ဖြစ် ပါတယ်... နူးညံသိမ့်မွေ့ တဲ့ အတွက် သေချာ ဂရုစိုက်ပြီး လုပ်ရပါတယ်... မဟာစည် ဆရာတော် ဘုရားကြီး ကတော့ စစခြင်း ဆိုရင် ထင်ရှားတဲ့ ဝမ်းဗိုက် ကို ရှုခိုင်း ပါတယ်.. ပိန်လိုက် ဖောင်းလိုက် ပေါ့ ... ကိုယ် သန်ရာ သန်ရာ နဲ့ စလို့ ရပါတယ်..။

သမာဓိ ထူထောင် တဲ့ အချိန်မှာ စိတ်ပျံ့လွင့်မှု့ နည်း ပါတယ်.... ဒါပေမဲ့ သိပ်မကြာခင်မှာဘဲ ဟိုနားက ယား သလိုလို... ဒီနားက ပုရွက်ဆိတ် တကောင် ဝင်လိုက်ထွက်လိုက် လုပ်နေသလိုလို နဲ့ တော်တော် အနေရ ခက်လာ ပါတယ်... အင်း ယားရင် ယားတယ် လို့ မှတ်ဆိုပြီး ဘယ်လိုများ ယားနေသလည်း ဆိုတာ သေချာ လေ့လာ အကဲခတ်ပါတယ်... အင်း ယား တာက တနေရာထဲ မဟုတ်ပါလား.... အယားဆုံး နေရာလေး ကို  စူးစိုက်ပြီး ယားနေတာ ကို သေချာ အာရုံခံပြီး ကြည့်ပါတယ်... ခဏနေတော့ ယားတာပျောက်သွားပါတယ်... ဘယ်အချိန် က ပျောက်သွားလိုက်မှန်း ကို မသိ လိုက်ပါဘူး... ယားတာကို သည်းခံနိုင် တဲ့ အတွက် ဝမ်းသာ တဲ့ ပီတိဖြစ်ရပြန်တယ်... ဒီ ပီတိ ကလည်း သိပ်မကြာလိုက်ပါဘူး.... နှာသီးဖျား ကို အာရုံပြန်ပို့ ရပြန် ပါတယ်... ။

နာကြင် တဲ့ ဝေဒနာတွေ စပါပြီဗျာ... ညာဘက်ခြေထောက် ထိပ်ပိုင်းက စပြီး ခြေသလုံး တလျှောက် ကျင်တက် လာပြီး မခံမရပ်နိုင်တဲ့ ဝေဒနာ ခံစားရပါတယ်... ခါးထိ နာတာကျင်တာ တက်လာပါတယ်.... ကြားဖြတ် ပြော ရရင် .... ကျနော် က တသက်လုံး ရောဂါ ဝေဒနာ ကြီးကြီးမားမား မဖြစ်ဘူးပါ... ဖျားတာ ... ခေါင်းကိုက် တာမျိုး ဆိုတာတောင် လက်ချိုးရေရ လောက်အောင် နည်း ပါတယ်...   ဒီလို ဝေဒနာမျိုး ကို ခံရတော့ စိတ်ထဲမှာ ကျနော် ကြားဘူးတဲ့  အချက်တချက် ကို သွားသတိရပါတယ်... မြတ်စွာဘုရား က ဒီလောက် ကြမ်းတမ်း ခက်ခဲ တဲ့ တရား ကို ပေးပါ့မလား ဆိုတာပါဘဲ.. အဲဒီ မဟုတ်တဲ့ သံသယ တချက် သွား ဝင် လိုက်တာ နဲ့ တရားထိုင်တာ ကို ဖြုတ်ပစ်လိုက်ပါတယ်...။

နာရီ လေးကို ဖြတ်ခနဲ့ တချက် အကြည့်ရောက်သွားပါတယ်... နာရီဝက်တိတိ ပါဘဲ... ဆက်ထိုင် လို စိတ် လည်း မရှိတော့ တဲ့ အတွက် ရယ် မေ့ပျောက်ထားတဲ့ အာရုံဆွမ်း က ပြန်လာ ချော့မြူတာရယ် နဲ့ အင်း စင်္ကြန် လျှောက်ရင်း နဲ့ဘဲ အာရုံဆွမ်း ကို စောင့်တော့မယ်... (အမှန်တော့ စင်္ကြန် တလှည့် လျှောက်အုန်း မယ် ဖြစ်ရမှာပါ) ဆိုပြီး.... ဘယ်လှန်းတယ် ညာလှန်းတယ် ဆိုတဲ့ ပထမ စင်္ကြန်လက်ချာ အတိုင်း မှန်ကန် အောင် လျှောက်ရပါတယ်... ။

 ဒါ ကစင်္ကြန် လျှောက် တဲ့ နေရာပါ 
အပြင်ရော အတွင်းမှာပါ လျှောက်လို့ ရပါတယ်

အာရုံ ထဲမှာ ဘယ် ခေတ်က စစ်သားတွေလည်း တော့ မသိ .... ဘယ် ညာ မှန်အောင် မသိတဲ့ အတွက် ဘယ် ဘက်မှာ ကောက်ရိုးချည် ညာဘက်မှာ မြက်ခြောက် ချည် ပြီး ကောက်ရိုးခြေထောက် မြက်ခြေထောက် လို့ ဘယ် ညာ အစား ဆို ရသတဲ့... ကျနော် လည်း လျှောက်ရင်း လျှောက်ရင်း ဘယ်ညာ လွဲ လွဲ သွားလို့ ကောက်ရိုး နဲ့ မြက်ခြောက် ရှာရမလားလို့ တောင် စဉ်းစားမိပါသေးတယ်... အမှန် ကတော့ ဝမ်းဗိုက် က အချက် ပေးလို့ အာရုံဆွမ်း ထဲ မှာ ကပ်ညိသွားတဲ့ အာရုံကြောင့် စိတ်တွေ ရောက်ရက်ခတ် တာပါ..။

မကြာမှီမှာ ဘဲ အာရုံဆွမ်း အတွက် အချက်ပေးခေါင်းလောင်းသံကြားရပါတယ်... တော်တော်ပျော်သွားပါတယ် ... ကဲ ဘာလေးများ စားရပါ့မလည်း ... ပထမဆုံး အာရုံဆွမ်း က ကျနော် အကြိုက် ဆုံး ... ဆန်ပြုတ် ပါတဲ့ ဗျာ.... ကြက်သားဖတ် များများ ပူပူနွေးနွေး နဲ့ တရုပ်နံနံများတောင် ပါလိုက်ပါသေးတယ်... အီကြာကွေး ကိုက်ပြီး သား တွေလည်း တပန်းကန်ကြီး ချပေး ပါတယ်... လိုက်ပွဲ များကလည်း အရံသင့် ပါ...။

ဆံပြုတ်ပူပူလေး သောက်ပြီးတဲ့ အခါမှာတော့ မုန့် နဲ့ ကော်ဖီ တိုက်ပါတယ်.. ရိပ်သာ ဘက်ကတော့ လိုလေးသေး မရှိပါဘူး... ယောဂီ ဘက်ကတော့ ....................... ။

ဌာန စည်းမျဉ်း၅ အရ 

သွားလာလှုတ်ရှား ပြုမူမှု မှန်သမျှ ကို ရှုမှတ်မှု မလွတ်စေဘဲ ပြုလုပ်ရမည် လို့ ပါ ပါတယ်... ချစ်ညီမ စကား အရ တချို့ ယောဂီ များ အမှတ် နဲ့ စားရင် တစ်နာရီလောက်တောင် ကြာသတဲ့... အင်း ကျနော် ကတော့ အမှတ် နဲ့ မစားနိုင်ခဲ့ပါ... တတ်နိုင် သမျှ လှုတ်ရှားမှု့ အားလုံး ကို ဖြေးလေးစွာ (အိနြေ္ဒ ကြီး စွာ) နဲ့ တော့ စား သောက်ခဲ့ ပါတယ်... တခါ တခါ အိနြေ္ဒ ကြီး လွန်း ခဲ့လို့ ဝ တယ်လို့တောင် မထင်ခဲ့ ရ ပါဘူး (ဝမ်းနည်း  စွာနဲ့ ပြောရခြင်းပါ)...။

ဆွမ်းစားပြီးတဲ့ အခါမှာတော့ ဓမ္မာရုံ ထဲ ပြန်သွားပြီး ဘုရားရှစ်ခိုး တရားနာ ရပါတယ်... ပြီးရင် ကိုယ့် တရားထိုင် တဲ့ နေရာဝန်းကျင်လေး ကို သန့်ရှင်းရေး လုပ်ရပါတယ်... အားလုံး တက်ညီလက်ညီ လုပ် ကြ ပါတယ်... ရွှေစင်ဦး လေး ကတော့ တံပျက်စီး လည်း မဦးနိုင်.. ဘုရားပန်း ကပ် တဲ့ အနားလေး လည်း တိုး မရ နိုင်တော့ တန်ရာတန်ရာ အိမ်သာဆေးတဲ့ နားသွားရပါတယ်.. ။

ဒါလည်း သဘောလောက်ဘဲ လုပ်နိုင် ခဲ့ ပါတယ်... မတိုးနိုင်ခဲ့ပါဘူး... တော်လိုက်တဲ့ ယောဂီများပါဘဲ... အိမ်သာ ထဲ စီးတဲ့ ဖိနပ် ကစပြီး ပြောင်နေအောင် တိုက်ချွတ် ဆေးထား ကြပါတယ်... ဓမ္မရုံ မှာ အိမ်သာနေရာ သုံး ခန်း .. တခန်းမှာ အိမ်သာ လေးလုံး လား မသိရှိပါတယ်... အနံ တစက် မှ မရှိအောင် တိုက်ချွတ်ဆေးကြော ထား တဲ့ အတွက် ဒီ နေရာ ကနေ သာဓု ထပ်ခေါ်ချင် ပါသေး တယ်.....။

ပထမ နေ့ မှာတော့ ကျနော်တို့ ယောဂီ အသစ်များ စံကျောင်း မှာ သွားပြီး အလုပ်ပေးတရား ကို ဘဲ ဗွီစီဒီ နဲ့ သေချာ ကြည့်ရပါတယ်.. ထိုင်ပုံထိုင်နည်း စင်္ကြန်လျှောက်ပုံလျှောက်နည်း အသေးစိတ် ပြတဲ့ အတွက် အင်မတန် အကျိုးရှိပါတယ်... ။

အဲဒီက အပြန် ၉နာရီ ထိ တရားပြန် ထိုင် ရပါတယ် ... ရွှေစင်ဦး လေး တရားဖြုတ် လိုက်တဲ့ အချိန်ကတော့  နာရီ နဲ့ ချိန်ကိုက် ထားတဲ့ အတိုင်းပါဘဲ... အပြောင်းအလဲ မရှိ နာရီဝက်ထက် တစက္ကန့် လေးတောင် မစွန်းပါဘူး... အင်မတန် သစ္စာရှိပါတယ်... နဲနဲလေး ပြင်ပြီး ပြန်ထိုင်လိုက်ရင် ရပေမဲ့ အထိုင်တရားဖြုတ်ပြီး စင်္ကြန် ဘဲ ထလျှောက် ခဲ့ပါတယ်... စင်္ကြန်လျှောက် တာ ကလည်း တနာရီ နီးပါးလောက်ဘဲ ရပါတယ်... နောက်ပြီး စင်္ကြန် လျှောက်တာ ဟာ ကျနော့် အတွက် တော့ စိတ်အင်မတန်ပျံ့ လွင့််ပါတယ်.... တခါပြန်ထိုင် ရပါတယ် ... နာရီဝက် ပါဘဲ... ဝေဒနာ ကို မကျော်ခဲ့ နိုင်ပါဘူး....။

ကိုးနာရီ ထိုးတဲ့ အချိန်မှာ တော့ အဆောင်မှာပြန်ပြီး နားနိုင်ပါတယ်... ရေလေး ဘာလေးချိုး အဝတ်လေး ဘာလေး လျှော်ဘို့ပါဘဲ.... ဆယ်နာရီခွဲ မှာ နေ့ဆွမ်းစားဘို့ ဓမ္မာရုံ ကို ပြန်ရပါတယ်... နေ့ဆွမ်း ကလည်း အင်မတန် ပြည့်စုံ ပါတယ်.. အသား ငါး ပုဇွန် ဟင်းသုံး ခွက် လောက်နဲ့ ဟင်းရည် အကြော်အလှော် လည်း ပါ ပါတယ်... မိုးထိအောင်စည် (မန္တလေး ) မှာ ကျနော် မထိုင်ဖြစ်တဲ့ အကြောင်းတခုက ငါးတမျိုးထဲ ကို ကျွေး တာလည်း ပါပါတယ်.. ကျနော် က ငါးကို တခါတလေ ကလွဲပြီး မစား ပါဘူး... ဒီရိပ်သာ မှာတော့ အားလုံး အစုံ ကျွေး ပါတယ်.. ကိုယ်စားချင်ရာစားနိုင်ပါတယ်... ဆွမ်းစားပြီး အချိုပွဲလည်း အမြဲပါ ပါတယ်... ။ ဆွမ်းစား အပြီး မှာ ကိုယ့် အခန်း ကို ပြန်နားနိုင်ပါတယ်...။

နေ့လည် ၁၂ နာရီ အရောက် ဓမ္မရုံကို ပြန်ပြီး တရားဆက်ထိုင်ရပါတယ်... ၂နာရီ မှာတော့ တနာရီ သီလယူ မေတ္တာပို့ အမျှဝေပြီး... ကျောင်းထိုင် ဘုန်းဘုန်း  ... တရားစစ် တဲ့ ဘုန်းဘုန်း တပါး ပါး က တနာရီလောက် တရားဟော ပါတယ်.... ဒါမှမဟုတ် ချမ်းမြေ့ ဆရာတော်ဘုရာ့း ရဲ့ တရားခွေ ကိုဖွင့်ပြပါတယ်... လေးနာရီ ထိုး သွားပါတယ်....၆နာရီလောက်ထိ အဆောင်မှာ ပြန်နားနိုင်ပါတယ်... ။

၆နာရီခွဲ မှာ ဘုန်းဘုန်း က တရားစစ်ပါတယ်... တရားမလျှောက် လို့ မရပါဘူး...  ယောဂီ - နှစ် ကတော့ တရားစစ် တာဘဲ ထောက်လှန်းရေး က ခေါ်စစ်တာ မှ မဟုတ်တာ မကြောက်ဘူး ဆိုပြီး ရဲရဲဝံ့ဝံ့ ကြွေးကြော် ပါတယ်... ယောဂီ - တစ် ကတော့  တရားစစ် တဲ့ အချိန်မှာ ကိုယ်မရှင်း တဲ့ အကြောင်းအရာတွေ ကို မေးနိုင်တယ် ဖြစ်နေတာတွေ ကို ပြောနိုင် တယ် ဆိုပြီး ဝမ်းသာနေပါတယ်... ။

ယောဂီ - သုံး ကတော့ ထူးခြား မှု့ မရှိတဲ့ တရားထိုင်ခြင်း အတွက် တရားလျှောက်ရမှာ ကို တော်တော် ဝန်လေး နေပါတယ်... ယောဂီ - လေး ကတော့ သိပ်တက်ကြွနေတယ်... သူဖြစ်နေတာ တွေကို တရားစစ် တဲ့ ဘုန်းဘုန်း အရင် နားထောင် ရတဲ့ ကျန် ယောဂီ တွေတောင် စိတ်ဓါတ် ကျသွားသလိုပါဘဲ.... အပြောလေးက တော်တော် ကောင်းပါတယ်... ။

 (ဌာနစည်းမျဉ်း ၁၇-ခ၊ ၂၂) အရ

ယောဂီအချင်းချင်း တရားမဆွေးနွေးရ၊ မမေးရ၊ စာမရေးရ၊ စာမဖတ်ရ၊ တရားကိုသာ အချိန်ပြည့် အားထုတ်ရမည်၊ တရား နှင့် ပတ်သက်၍ သိလိုမေးလိုလျှင် တရားပြဆရာတော် များ နှင့် စောင့်ကြပ်သူ ရဟန်းတော်များကိုသာ လျှောက်ထားမေးမြန်းရမည်။



ည၉နာရီ မှာ တော့ စခန်းသိမ်းပါပြီ... အဆောင်ပြန်ပြီး အိပ်နိုင်ပါပြီ... ဒါတွေအားလုံး ဟာ တရက်တာ အချိန် ဇယား ပါဘဲ... ။

နောက်ဆုံး (၃) မှာတော့ ရွှေစင်ဦး တရားစစ် ခံခြင်း နဲ့ ရောဂီ လေးယောက် တရားဘယ်လောက် ထိ တက် လာလည်း ဆိုတာ ပြောပြီး ဇာတ်သိမ်း ပါတော့မယ်ဗျာ.. အားလုံး သည်းခံဖတ်ကြ တဲ့ အတွက် ကျေးဇူးပါ...။

လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး
.

28 comments:

ချစ်ကြည်အေး said...

အမဇင်...ပထမတစ်ရက် တရားအတွေ့အကြုံ...ရယ်ရယ်ပြုံးပြုံးလေး ဖတ်သွားတယ်...၊ ၃ မျှော်နေပါ၏...

Thet Oo said...

နိဗ္ဗာန်သွားတောလား ၁ နဲ့ ၂ ကို ဖတ်ဖို့ကူးသွားပါတယ်။ ဖတ်ပြီးရင် ကွန်မန့်လာပေးပါဦးမယ်။

ahphyulay said...

အင်း...
ကျွန်တော်က ဦးဂိုအင်ကာမှာ ပထမဆုံး
ရိပ်သာဝင်ခဲ့ တာပြောပြမယ်။ မနက် လေးနာရီ
ထ ရတယ်။ အာရုံ စားပြီး လေးနာရီခွဲ စ, ထိုင်
ရတယ်။ တစ်နာရီလေ..၊ အစ ကတော့  ကြွ
တက်ပြီး မတ်,နေတာပဲ။ ထိုင်တာ၊ မေးကြောကြီး
တောင်တင်းနေသလိုပဲ၊ တဖြည်းဖြည်း မတ်တဲ့ 
ခါးကြီး ကုန်းကုန်းလာလိုက်တာ..၊ အမှန်တော့ 
ငိုက်ပြီး ပြုတ်ကျသွားတာ၊ နဖူးနဲ့  ကျမ်းပြင်
ဝုန်းကနဲပဲ။ တကယ်ဖြစ်တာပြောနေတာနော်၊
ဘေးဘီ ကြည့် တော့ လည်း တရှုးရှုးတရှဲရှဲနဲ့ 
နှာမှုတ်သံပြင်းပြင်းကိုယ်စီနဲ့  ငြိမ်တဲ့ သူငြိမ်
ပြီး လှုပ်တဲ့ သူတွေ လှုပ်လို့ ၊ ဘာရမလဲ ရှေ့ 
က အာစရိယ မမြင်ခင် မီးခဲလို ပူလောင်နေ
တဲ့  ခါးကြီးပြန်မတ်ရင်း နောက်တစ်ချီ ကြိတ်
ရပြန်တော့ တယ်။ ရိပ်သာ ၁၅ရက်ခရီးလည်း
ပြီးရော အဖြူလေး လဲ ပိန်ချုံး ကျသွားပါလေရောဗျာ...။ ဘာ ရ,ခဲ့ သလဲ..
လိုလို လိုလို နဲ့ ၊ အိမ်ရောက်တော့  အိမ်က
လူတွေ နဲ့  မတည့်တော့ ဘူးလေ...။
ကဲ.. အဲ့ ဒါ ကျွန်တော့် ပထမဆုံး ရိပ်သာ
ကိုယ်တွေ့  ပဲ မမရွှေစင်ရေ...။

ahphyulay said...

ပြောချင်တာက ..
တရားစစ်တာပါ။ ဆရာတော်ကြီး တစ်ချို့ က
အခု အဲ့ လို တရားစစ်နေတာကို နှစ်မြို့ တော်
မမူတော့ ပါဘူး၊ ဘာလို့ ဆို.. ဥာဏ်က
တကယ်ပဲ နှစ်နှစ်ကာကာ သဘောပေါက်မှ
တက်တာပါ။ မရသေးတဲ့ ရောဂီတွေက အဲ့ လို
စစ်နေမေးနေတာကို ကြားပြီး ငါတို့ လည်း အဲ့ 
လို ဖြစ်ရမယ်ဆိုပြီး လိုက်ကြိတ်ပါလေရော..။
သူများက ဖြူနေတာကို မြင်ပါတယ်ဆို၊ ငါလည်း
မြင်ရမယ်ပေါ့ ..။ ဝိပဿနာနဲ့  သမထ တွေ
ရောနေကုန်တာလေ၊ နာ ကျင် ယားနေတာ
တွေလည်း ပျောက်လာခဲ့ ဘူးတယ်၊ ကြာလာ
တော့  ထုံပျောက်၊ ကျင်ပျောက်တွေ ဖြစ်ခဲ့ 
တာပါပဲ။ အမှန်ကတော့  မပျောက်ဖူးနော်..
ရှိနေပါတယ်။ မမရွှေစင်ရေ... အမှန်က
ကျွန်တော်တို့ က ကပ်ကပ်လေးနဲ့  ရှုပ်နေခဲ့ 
မိတာပါ။ သိ အောင် များများ နာ ရပါမယ်
ထိုင် တာ အရင် မလုပ်သင့် ပါ တဲ့ ...။
ကဲ .. အမှားတွေ ပါလာတော့ မှာမို့ 
နောက်တစ်ပုဒ်ကျမှ လျှာ ထပ်ရှည် အုံးမယ်။

ခင်တဲ့  ...
အဖြေးလူ

ညိမ်းနိုင် said...

တရားစစ်တာကြီးကို ကျွန်တော်လည်းကြောက်တယ်ဗျ...။
ကိုယ်က ဘာမှမမြင်၊မသိဆိုတော့....:)

Anonymous said...

ဖောင်းတယ် ပိန်တယ် မှတ်ရင် ကျွန်တော်က ဝင်ထွက်နဲ့မှတ်တာ အကျင့်ဖြစ်နေတော့ ဝင်တယ်ထွက်တယ်ပဲ ပြန်ပြန်ဖြစ်သွားတယ်။ ငိုက်ပြီဟေ့ ဆိုရင်တော့ ဘာမှမရတော့ဘူး။ ငိုက်တယ်...ငိုက်တယ်..ငိုက်တယ်... အိပ်ပျော်သွားတယ်...ပေါ့။ ဝီရိယက ဒီလောက်ကောင်းတာ။

Anonymous said...

Thanks Sis.

Waiting for Part III....


Ray

An Asian Tour Operator said...

အစ်မရွှေစင် ရေးထားတာကွက်ကွက်ကွင်းကွင်းပဲ။ ဘာပဲဖြစ်ဖြစ် အထုံပါရမီ ဖြည့်ထားတယ်ပဲ သဘောထားပါ။ တဖြည်းဖြည်း နဲ့ တော့ နိဗ္ဗာန် ပန်းတိုင် ကို မမောမပန်းဝင် နိုင်မှာပါဗျာ။

ကော်ဖီကြိုက်သူ ညီမလေး (၀ါ) မုန့်သြဇာ မြို့သူ said...

မမက တကယ့်ကို အားလုံးမှတ်မိတာပဲ။ အဲဒီတုန်းက စိတ်အစဉ်ကို အခုလိုပြန်လည်ရေးသားနိုင်ပြီဆိုကတဲက တော်တော်ကို ပါရမီရှိလို့လို့ အားကျမိပါတယ်။

ဒီပိုစ်ထဲမှာ အကြိုက်ဆုံးကတော့ အီကြာကွေးကိုက်ထားတဲ့ ပုဂံကြီးနဲ့ ကော်ဖီပူပူလေး သရုပ်ဖော်ပုံလေးကိုပဲ မမ :))

နောက်တခါ အီကြာကွေးနဲ့ ကော်ဖီတိုက်ရမှာနော်းD

Anonymous said...

မမရွှေစင်ရေ...အတွေ့အကြုံလေးတွေ ဝေမျှတာ ကျေးဇူးပါ။အပိုင်း ၃ စောင့်နေပါ၏။ အနော်တော့ ခုလောလောဆယ် အလုပ်ပေးတရားများကို နေ့တိုင်း နာဖြစ်ပါတယ်။အချိန်တိုင်း နိုင်သလောက် နှလုံးသွင်း ဆင်ခြင်ပါတယ်။အချိန်ပြည့် အားထုတ်နိုင်အောင်လည်း ကြိုးစားရပါအူံးမယ်။
ခင်တဲ့ ညီမ
အနော်။

ငဘ said...

အီကြာကွေး ကိုက်ထားတယ်ဆိုတော့ 'သွားနဲ့ကိုက်ပြီးသား အီကြာကွေးတွေ'လို့ အဓိပ္ပာယ်ကောက်မိသွားသေး... အဟေးဟေး။ တောသားက ရွှေမန်းလေကို လိုက်မမီဘူး ဖြစ်သွားတယ်။
နေ့ဆွမ်း ဘာနဲ့တီးလဲ။ ကျနော့်တုန်းက အမှတ်နဲ့စားဆိုလို့ စားတာပဲ၊ ဝါးရတာအကြာကြီး။ ဘဲဥတို့ကန်စွန်းရွက်ကြော်တို့အစိမ်းကြော်တို့ဆို ဝါးရတာသက်သာတယ်။ အသားဆို အရိုးမစားတော့ဘူး။ အရိုးကြိုက်တဲ့ကောင်ပေမယ့် အကြာကြီးဝါးနေရမှာ။ ဖျော်ရည်များဆိုရင်တော့ မကြာဘူး ဂလုဂလုပဲ။
ကြွတယ်လှမ်းတယ် အမှတ်နဲ့လျှောက်ရင်း ခလုတ်တိုက်သေးတယ်ဗျ။ဘေးကကြည့်နေလို့ ခြေလှမ်းမှားသွားတာ။ တော်သေးတယ် ဒူးပြဲတယ်၊ ဆေးထည့်တယ် ဖြစ်မသွားလို့။

Anonymous said...

တရားစစ်တယ်ဆိုတာ အမှန်တော့ တရားအား
ထုတ်တဲ့ ယောဂီတစ်ဦးချင်းစီရဲ့ စရိုက်နဲ့ ကိုက်
ညီတဲ့ ရှုပုံရှုနည်း တွေကို တရားပြဆရာများက
ကူညီညွှန်ပြပေးနိုင်ဖို့ ရည်ရွယ်တာပါ...
လူတိုင်းမှာ ဘ၀များစွာကပါလာတဲ့ အထုံပါရမီ
များကြောင့် မတူကွဲပြားတဲ့စရိုက်တွေရှိပါ
တယ်..
တစ်ဦးနဲ့ တစ်ဦး ပါရမီမတူသလို တရားအား
ထုတ်ရာမှာကြုံတွေ့ ရ၊ ကြိုးစားရတာတွေလည်း
တူမှာမဟုတ်ပါဘူး...
အချိန်တိုအတွင်း ချမ်းသာလွယ်ကူစွာအားထုတ်
ပြီးတရားတွေ့ မည့် သူ ( ယခုခေတ်တော့မရှိသလောက်ရှားပါးမှာပါ )
ကြာရှည်လေးမြင့် စွာ၊ ဆင်းရဲဒုက္ခကြီးစွာ
( ဝေဒနာများစွာ )ခံစားပြီးမှတရားရမည့် သူ
ကြာရှည်မြင့် စွာ၊ ဆင်းရဲဒုက္ခကြီးစွာအပင်ပန်း
ခံတရားအားထုတ်သော်လည်း ယခုဘ၀မှာ
တရားမရပဲ အထုံပါရမီအဖြစ်သာရမည့် သူ
( အားထုတ်ကြိုးစားသမျှတော့ အလကားမ
ဖြစ်ပါဘူး...)
စသည်ဖြင့်ပါရမီအနုအရင့် အလိုက်လူအမျိုး
မျိုးရှိပါတယ်...
စာတတ်ပေတတ်ကမ္မဌာန်းပြဆရာများကို
လည်းတရားညာလျှောက်လို့ မရပါဘူး...
ဘယ်သူကဖြင့် ညာနေတယ်၊ ဘယ်သူကဖြင့် 
အမှန်တွေ့ တာကိုပြောတယ်ဆိုတာ ဆရာသ
မားများကသိကြပါတယ်...
အဲဒီလို trick ကလေးတွေသိနိုင်အောင်လို့ 
လည်း "ကမ္မဌာန်းဆရာတို့ ၏မှတ်တမ်း "
ကမ္မဌာနာစရိယလက်စွဲ စာအုပ်ကို မဟာစည်
ကမ္မဌာန်းနည်းပြဆရာကြီးနှစ်ဦးကရေးသား
ခဲ့ ဘူးပါတယ်...

Anonymous said...

တစ်ခုကျန်ခဲ့ တယ်...
အချိန်တိုအတွင်းပင်ပန်းဆင်းရဲစွာအားထုတ်ပြီး
တရားတွေ့ မည့် သူ ဆိုတာလည်းပါ ပါသေးတယ်...( ဒီလိုပါရမီရှင်မျိုးလည်းအခု
ခေတ်မှာတော်တော်ရှားပါဦးမယ်...)
ပါဠိလိုအခေါ်အဝေါ်တွေကတော့ စာအုပ်နဲ့ 
ပြန်တိုက်ကြည့် ရမှာမို့ မြန်မာလို ပဲရေးလိုက်ပါ
တယ်...

Anonymous said...

ဒါကြောင့် တရားစစ်တာကိုကြောက်ဖို့ မလို၊
အထင်လွဲဖို့ မလိုသလို ယူတတ်ယင် တစ်ခြား
ကြိုးစားအားထုတ်သူတွေရဲ့ သဒ္ဓါ၊ ၀ီရိယတွေကို
အားကျအတုယူနိုင်ခြင်းဆိုတဲ့ အကျိုးကျေးဇူး
တွေတောင်ရနိုင်ပါသေးတယ်...
သူတို့ မှားကွက်၊ ညံ့ ကွက်တွေကိုလည်းရှောင်
ရှားနိုင်တယ်လေ...

Anonymous said...

ကိုပီတာရေ- ဝင်ရှင်းပြသွားတာ အရမ်းကောင်းတယ်- သာဓုပါဗျာ-
ကျတော်ရိပ်သာဝင်တုံးကလဲ တရားစစ်ဆရာတော်က မိန့်ဖူးတ.ယ်-တရားစစ်တယ်ဆိုတာ လိုတာတွေ ပြောပြရအောင်-လွဲနေရင်ထောက်ပြရအောင်- လိုအပ်သမျှဖြည့်ဆည်းပေးရအောင်-စစ်တာဆိုတော့ ဘာမှ စိုးရိမ်ဖို့မလိုဘူးဆိုတာ--တရားထိုင်လို့မရဖူးဆိုပြီး စိတ်ညစ်နေရင် တရားစစ်တဲ့ ဆရာတော်တွေက အားပေးတယ်-ထိုင်ပြီး ကြာကြာမမှတ်နိုင်တဲ့လူဆို စင်္ကြလျှောက် များများမှတ်ဖို့ ပြောင်းပေးတယ်- စိတ်တိုစိတ်ဆတ်တဲ့လူဆို မေတ္တာကမ္မဌာန်း ပေးတယ်--အလှမက်လွန်းတဲ့ကောင်မလေးတွေဆို လိုအပ်ရင် အသုဘကမ္မဌာန်းပါ တွဲလုပ်ဖို့ ခိုင်းမယ်--တရားစစ်တာက ယောဂီကိုဂရုစိုက်တဲ့ သဘောပါပဲ။

ကိုဇော် said...

ဆွမ်းချက်ကျောင်း . . . က ဘာလို့ စောင်းနေရတာလဲ မသိဘူး အစ်မ။ လှေကားတွေပါ စောင်းနေတယ်နော်။

စိတ်ထဲမှာ နိုး စေချင်တဲ့ အချိန် ကို နှိုးစက် မလိုဘဲ နိုးတတ်လို့ ဖြစ်ပါတယ် . . . ဒီလို စိတ်မျိုးလည်း ကျနော့်မှာ ရှိတယ်ဗျ။ အားလုံးက အံ့သြကြတယ်။ တကယ်တော့ မသိစိတ်ရဲ့ လှုံ့ဆော်မှုကြောင့်ပါ။

အပိုင်း ၃ ကို မျှော်လျှက်. .

seesein said...

ကျောနံပါတ် ဘယ်လောက်မှန်းမသိတဲ့ တို့အမကြီး ပထမဆုံး အကြိမ်မှာ နာရီဝက်ကြီးများတောင် ထိုင်နိုင်တာ တော်တယ်ဗျာ နောက်ဆိုရင် ဒီထက်ပိုပြီး လုပ်နိုင်မှာပေါ့ နော

ချစ်ညီမ

sosegado said...

ကျနော်ကတော့ တရားထိုင်ရင် သင့်တင့်လျှောက်ပတ်စွာပဲ ထိုင်ချင်တယ်၊
သိပ်တင်းကျပ်လွန်းရင် အမြဲတမ်းဒီစည်းကမ်းတွေအပေါ်ပဲစိတ်ရောက်နေတော့မယ်၊
…မှတ်ရင်လဲ… ကြားတယ် ကြားတယ်… သိတယ်သိတယ်… စည်းကမ်းတွေ စည်းကမ်းတွေ…ဆိုပြီး ကျနော်ဆိုဖြစ်နေလိမ့်မယ်။

ချော(အစိမ်းရောင်လွင်ပြင်) said...

ညီမ တစ်သက်မှာတစ်ခါဘဲ ရိပ်သာဝင်ဖူးသေးတယ်
အဲဒီတုန်းကတော့ တရားစစ်တာ ဘာညာ မရှိဘူး
အရမ်းကြီးလည်း စည်းကမ်းမတင်းကြပ်တော့ စိတ်ထဲမလဲ တင်းကြပ်မှုမရှိဘူး.တရားထိုင်လို့ မှတ်လို့လည်းကောင်းတယ်။
သိပ်တင်းကြပ်တဲ့နေရာတော့ ညီမလည်း ထိုင်နိုင်ပါ့မလားမသိဘူး။ ကိုယ်တိုင်မကြုံဖူးသေးတော့ ပြောဖို့ခက်တယ်။
အစ်မရဲ့ အတွေ့အကြုံလေးတွေဖတ်ရတာ ပွင့်ပွင့်လင်းလင်းရေးတတ်တဲ့ အစ်မရဲ့ ဟန်အတိုင်း သိပ်ဖတ်လို့ကောင်းတယ်။
တစ်ကြိမ်လောက် ရိပ်သာ တူတူဝင်ကြစို့နော်း)

အကိန်း said...

ကျွန်တော့်ပထမဆုံးအကြိမ်တုန်းက ဘယ်နှစ်မိနစ် ထိုင်နိုင်မှန်း မမှတ်မိတော့ဘူး၊ ၁၅မိနစ် ထိုင်နိုင်ခဲ့ယင်တောင် ကျွန်တော်ငြိမ်တာ ၅မိနစ်တောင် ပြည့်မယ်မထင်ဘူး။ယားတာလဲမခံနိုင်၊လူပ်ရွနေတာ၊ ခုတော့လဲ ဝီရိယက သာမန်ညောင်ညပေမယ့် ဆရာကောင်းတွေကျေးဇူးနဲ့ တရားထိုင်တာကို အကျင့်လို စွဲသွားပြီ၊ အဂုင်္လိမာလချွတ်ခန်းလို ပြောရရင် လူဆိုးဂျီး လိမ်မာသွားခြင်းပေါ့ဗျာ။

Anonymous said...

သမီးကတာ့ သင်္ကြန်တွင်းကို ရိပ်သာဝင်တာ မိုးထိအောင်စည်မှာဝင်တာ သင်္ကြန်တွင်းဝင်တာမြတ်ပါတယ်ဆိုပြီးဝင်တာ ဟိုကို ညနေ၅နာရီသွားတာ
အဲမှာ အလုပ်ပေးတရားနာပီး ဆရာလေးက စင်္ကြန်ဘယ်လိုလျှောက်တယ်ဆိုတာသင်ပေးတယ်
အပြန်ကျတန်းစီပြီးပြန်တာ ကိုယ်ကလည်း ဘယ်လိုက်ရမှန်းကိုမသိဘူး အဲဒါနဲ့ အဲအတန်းနဲ့ပဲလိုက်သွားတာ မျက်လွှာချသွားရမယ်တယ့် ဟဲဟဲ လမ်းမှားမှာဆိုတော့ မျက်လွှာချလိုက် မျက်လုံးလေးလှန်ကြည့်လိုက်နဲ့လိုက်သွား ခြင်ကလည်းကိုက်လိုက်တာ
အသံမမြည်အောင်လည်းရိုက်ရသေးတယ် စင်္ကြန်လျှောက်ပီးတော့ ဘာလုပ်ရမှာလည်းမသိဘူးလို့ စင်္ကြန်က တစ်နာရီလျှောက်ရတယ်လေ ပီးတော့ တရားသွားထိုင်ရတယ် တရားကို ဘယ်လိုထိုင်ရမယ်ဆိုတာ မသိဘူး ဒီတိုင်းပဲထိုင်တာ ဒီတိုင်းထိုင်တော့ ခဏခဏငိုက်တာ တစ်ခါကဆို သရေတောင်ကျတယ်ငိုက်တာ ဟီးဟီး အဲဒါပီးတော့ စင်္ကြန်လျှောက်ရော စင်္ကြန်လျှောက်တာ အမှတ်မေ့သွားတော့ လျှောက်တယ်လျှောက်တယ်နဲ့လျှောက်ရွတ်တာ ဘာမှန်းတော့မသိဘူး ညကျ မေတ္တာပို့ အမျှဝေပြီး အဆောင်ကို ၉နာရီပြန်ရတယ် မနက်ကျ (၃)နာရီထရတယ် ဆရာမကဆို (၃)နာရီမထိုးခင်ထတော့ အဲချိန်လိုက်ထရတာ မျက်လုံးတွေကို ကျိန်းစပ်နေတာပဲ တရားထိုင်တယ့် အဆောင်ကို ရောက်တော့ တရားခဏထိုင်ကာရှိသေးတယ် ငိုက်တော့တာပဲ ကိုယ်ငိုက်လို့ဝသွားပီဆို သူများတွေလျှောက်ကြည့်နေတာ (၄)ရက်လောက်က ဒီအတိုင်းပေါ့ ၄ရက်နေ့က (၅-၆)နာရီမှာ တရားလျှောက်ရတယ် ဘုန်းဘုန်းဆီမှာ သမီးလည်းတွေးတာပေါ့ အင်းငါကဘာလျှောက်ကမှာလည်းပေါ့ မလျှောက်လည်း မလျှောက်တတ်ဘူး နံပါတ်စဉ်နဲ့ခေါ်တာကို သမီးလှည့်လည်းရောက်ရော ဆရာတော်က ဘာဖြစ်လဲ လျှောက်တင်တယ့် သမီးလည်းဘာလျှောက်ရမှန်းကိုမသိတာနဲ့ ဘေးနားက အန်တီကြီးလျှောက်တာကို မှတ်ထားလိုက်တာလေ အဲတာလျှောက်တာပေါ့ သူက တရားထိုင်တယ့်အကြောင်း လျှောက်တာ တခြားတယောက်ကတော့ စင်္ကြန်လျှောက်တာ တရားထိုင်တာ ကိုပဲလျှောက်လိုက်တယ် ဖောင်းတယ် ပိန်တယ် မှတ်ပီးထိုင်ပါတယ်လို့ လျှောက်တယ် အဲဒါနဲ့ ဘုန်းဘုန်းက ဘယ်လိုဖြစ်လည်းတယ့်
တပည့်တော် ငိုက်ပါတယ်လို့ ဘုန်းဘုန်း ပီးတော့ဘာဖြစ်လည်း တရားထိုင်တာ ဘယ်နှစ်ခါဖြုတ်လည်းပြောတော့ တပည့်တော် (၃-၄) ခါဖြုတ်ပါတယ် ဘုရားလို့ပြောတော့ ဘုန်းဘုန်းက (၂-၃)ခါဆိုရပါပီတယ့် ပိန်တယ်ဖေါင်းတယ်မှတ်ရင် ဗိုက်ပေါ်မှာ စိတ်ရောက်ရတယ်တယ့် မသိရင် ဗိုက်ကိုလက်ထောက်ထားတယ့် တရားလျှောက်ပီးတော့ ဘုန်းဘုန်းရှေ့ကထွက်တယ့်အခါကျတော့ တခါတည်းထပီး လက်အုပ်ချီပီး ဒီတိုင်းလှည့်ထွက်လိုက်တော့ ဘုန်းဘုန်းက အဲဒီတိုင်းမထွက်ရဘူးတယ့် လက်အုပ်ချီပီး နောက်ကို ခြေငါးလှမ်းဆုတ်ရတယ်တယ့် ပီးမှ လှည့်ပီး လျှောက်ရတယ်တယ့် အဲတော့မှ လှမ်းတယ်လှမ်းတယ်ပေါ့
ဘာလုပ်လုပ် အမှတ်နဲ့လုပ်ရတယ်တယ့် ရေသောက်ရင်လည်း သောက်တယ်သောက်တယ်တယ့် အဲလိုရွတ်တယ့် အဲနောက်ပိုင်းတော့ ဘုန်းဘုန်းပြောသလို တရားထိုင်တယ် မအိပ်ချင်တော့ဘူး (၂-၃)ခါတော့ တရားထိုင်တာဖြုတ်တယ် တရားဟောတွေကလည်း နာလို့ကောင်းတယ် တရားနာတာတော့ မငိုက်ချင်ပါဘူး တရားထိုင်တာတို့ စင်္ကြန်လျှောက်တာတို့က စိတ်ကိုတည်ငြိမ်စေတယ် သူများတွေလိုလည်း မလည်ချင်ဘူးလေ သင်္ကြန်ကို တရားထိုင်တာ ကုသိုလ်လည်းရတယ် စိတ်လည်းငြိမ်သွားစေတယ်။



ဝေခိုင်

ညီလင်းသစ် said...

တကယ့်ကို အသေးစိတ် ရေးထားလို့ ဗဟုသုတ အင်မတန် ရပါတယ် အမရေ..၊ စည်းကမ်းတွေနဲ့အတူ ကိုယ့်မှာ ဖြစ်နေတာတွေပါ တွဲဖတ်ရတော့ ဖြစ်စဉ်တခု လုံးနဲ့ တုံ့ပြန်ပုံကိုပါ မြင်စေပါတယ်၊ အပိုင်း (၃) ကိုလည်း စောင့်နေပါတယ်ဗျာ..။

Thet Oo said...

အီဖေကိုယ်တုံးကလည်း ဆေးလိပ်မဖြတ်သေးတော့ ဆေးပေါ့လိပ်ခိုးသောက်ခဲ့ရတယ်။ စွဲနေတဲ့ အကျင့်တွေ ရုတ်တရက်တော့ ဖြတ်ရခက်ပါတယ်။ အခုတော့ ဆေးလိပ်က ပြတ်သွားပါပြီ။ ဒါနဲ့ စကားမစပ် မရွှေစင်ဦးဘလော့ဂ်ကို မိုဘိုင်းဗားရှင်း လုပ်ပေးဖို့ တောင်းဆိုပါတယ်။ ဒါမှ တင်ထားတဲ့စာတွေ ဟန်းဖုန်းနဲ့ပါ ဖတ်လို့ရမှာ။

Bluegyi said...

ရာသီဥတုကလဲ စကားပြောတယ်ဗျ။ ကဆုန်လ နွေခေါင်ခေါင်မှာ ဘုရားဖြစ်အောင် ကြိုးစားသွားတဲ့ အလောင်းတော်ကို ကြည်ညိုတယ်ဗျာ။ ကျွန်တော့်မှာ ပူရင် ဆက်ထိုင်ရတာ တော်တော်ကို မလွယ်တာ။

မောင်မောင် ( Kabul City) said...

မရွှေစင်
တရားအားထုတ်ရတာအခုပထမဦးဆုံးမဟုတ်လား။
နောက်အကြိမ်တွေမှာ ဒီထက် ဒီထက် ပိုမိုလွယ်ကူ
လာပြီးတော့ အဆင်ပြေမှာပါ။
ကျွန်တော်ဆိုယင် ၇ မပြည့်ခင် နေ့မှာ တိုက်အုပ်
ဘုန်းဘုန်း ကို ၀မ်းသွားတယ် လို့ ညာပြီးတော့ယင်
သိမ်မှာဝင်အိပ်ပစ်လိုက်တာ။
:) အဲဂလို ကြိုးစားအားထုတ်ပါတယ်။

sayanyein said...

dear daw szu,
daw maw maw had read ur နိဗ္ဗာန်သွားတောလား(၂)။မှတ်ချက်မပေးသေးပါ။
နံနက်စာ စားချိ န်ပြင်ရန်ပြောပါတယ်။
ဦးလှမြင်.၊
မင်္ဂလာဈေး၊
မန္တလေး။

Anonymous said...

ကျွန်တော် မဟာစည်နဲ့ ဦးဂိုအင်ကာရိပ်သာတွေ ဝင်ရတာ အားရတယ်ဗျ။ မဟာစည်နည်း၊ ဦးဂိုအင်ကာနည်းလို့ မပြောတာက အကုန်လုံးက ဘုရားနည်းတွေပဲမို့လို့ ဒီလိုမသုံးချင်လို့။ ဖားအောက်ရိပ်သာလဲ အခွင့်ရတဲ့တစ်နေ့ကျ ဝင်ချင်တယ်။
မိုးကုတ်မှာ ပဋိစ္စသမုပါဒ်ကို စက်ဝိုင်းနဲ့ ရှင်းတာကျ ကျွန်တော့်အတွက် ပဋိစ္စသမုပါဒ် ကြောင်းကျိုးဖြစ်စဉ်ကို ဒီတိုင်းစာဖတ်ရသလောက်၊ စိတ်ထဲက စီးဖြန်းရသလောက် မလွယ်ဘဲ ရှုပ်နေသလိုပဲ။ ကျွန်တော်ညံ့လို့လဲ ဖြစ်နိုင်ပါတယ်။ ဒီနည်းနဲ့မှ ပိုနားလည်တဲ့သူတွေလဲ အများကြီး ရှိမှာပါ။ ဒါပေမယ့် တစ်ချို့တွေအတွက်ကတော့ ပဋိစ္စသမုပါဒ်ကို အရင်သင်မယ့်အစား တရားအရင်ထိုင်ခိုင်း၊ အနိစ္စ ဒုက္ခ အနတ္တ သဘောတွေ လက်တွေ့နားလည်လာအောင် အရင် အားထုတ်ခိုင်းတာက ပိုကောင်းမယ်ထင်တယ်။ နို့မို့ရင် နားတော့ယဉ်သွားတယ်။ သိသလိုလိုနဲ့ ဘာမှမသိ မဖြစ်သွားစေချင်လို့ပါ။ ကျွန်တော်မြင်တာ မှားရင်လဲ ထောက်ပြပေးရင် ကျေးဇူးတင်ပါတယ်။

Myanmar Good Knowledg Co., Ltd said...

အစ်မရွှေစင်
တရားအကြောင်းလည်းဖတ် ယောဂီတွေရဲ့ သဘာဝကိုလည်းမြင်ယောင်လာတယ်။
တရားစခန်းကိုလည်း တကယ်သွားချင်မိတယ် အစ်မရေ။
ကျွန်မ တရားထိုင်တဲ့ အခါ လူကငြိမ်လေ စိတ်ကလွင့်လေပဲ။