ပြင်းထန်သော စိတ်သောက အရှိန်ကြောင့် အစာ ရေစာကိုပင် နှစ်ခြိုက်စွာ မစားနိုင်၊ စိပ်ပုတီးကိုယ်စီဖြင့် ဘုရားခန်း ဆောင်အတွင်းမှသာ အနေများသော ဘဘနှင့် မယ်မယ်ရှိရာသို့ မခင်မျိုးသည် ညင်သာစွာ ၀င် လာသည်။ ၀င်လာသော သမီးမခင်မျိုးအား ပြူးကြောင်သောမျက်လုံးများဖြင့် ထိတ်လန့်စွာ ကြည့်လိုက်ကြ ၏။ မခင်မျိုး က မိဘနှစ်ပါးရှေ့မှာ ရိုသေစွာ ထိုင်လိုက်သည်။
" ဘဘ နှင့် မယ်မယ် စိတ်ချမ်းသာကြပါ ဟိုကိစ္စကြီးကဖြင့် အေးအေးချမ်းချမ်းနဲ့ ပြီးသွားပါပြီ "
ပြုံးချိုရင်လန်းစွာ ပြောလိုက်သော သမီး မခင်မျိုး၏ လေသံမျက်နှာထားကြောင့် ဘဘနှင့် မယ်မယ်က အံ့အား သင့် သွားကြသည်။ လက်ထဲမှာ ကိုယ်စီကိုယ်ငှ ကိုင်ထားသော စိပ်ပုတီးကို တိုင်ပင်ထားသကဲ့သို့ လည်ပင်း တွင် ပြိုင်တူ စွပ်လိုက်ကြပြီး ...
" ဘယ်လို ... သမီးငယ် "
ဟူသော ဘဘအသံနှင့် ...
" တကယ်လား သမီးငယ် "
ဟူသော မယ်မယ်၏ အသံများက တစ်ပြိုင်တည်း ထွက်ပေါ်လာကြသည်။
" တကယ်ပါ မယ်မယ်၊ သမီး မိတ်ဆွေတစ်ယောက်ကို ဒီအကြောင်းတွေ ဖွင့်ပြောပြီး အကူအညီတောင်းတော့ မိတ်ဆွေကလဲ သစ္စာရှိရှိနဲ့ ကူညီလို့ ဘဘနဲ့ မယ်မယ်တို့ ကိစ္စ အဲဒီမိတ်ဆွေကလွဲ ပြီး ဘယ်သူမှ မသိရဘဲ ပြီးသွားပါတယ် ... မယ်မယ် ... "
မခင်မျိုးက ကြညရွှင်ချမ်းမြေ့သော လေသံဖြင့် ပြောလိုက်ရာ အဘိုးကြီးနှင့် အဘွားကြီး၏ မျက်နှာမှာ ကြည် လင်လာလေသည်။
" ဘယ်လိုအကူအညီယူလဲ သမီး၊ ငွေပေးရသေးသလား၊ သမီးငယ်ကိုယ်တိုင် သွားပေးရသလား "
မယ်မယ်က သိလိုဇောဖြင့် မေးနေသော်လည်း ဘဘကမူ သမီးအား ရှက်ကြောက်အားနာဟန်ဖြင့် ငြိမ်သက် စွာပင် နားထောင်နေသည်။
" ငွေပေးရပါတယ မယ်မယ်၊ သမီးမိတ်ဆွေက ဒီအကြောင်းတွေသိတော့ အတော်ပဲ စိတ်မကောင်းဖြစ်ပြီး၊ ငွေ တစ်သိန်းကို အလွယ်တကူ ထုတ်ပေးပါတယ်။ မန္တလေးတောင်ခြေကို သမီးကိုယ်တိုင်ပဲ သွားရပါတယ မယ်မယ်။ ဒါပေမယ့် တစ်ယောက်လည်းမုတ်ပါဘူး၊ အဲဒီမိတ်ဆွေပါ ပါတယ်၊ ငွေထုပ်ပိုက်ပြီး လိုက်လာရှာ ပါတယ်မယ်မယ်။ ဟိုရောက်တော့ လူသုံးယောက်တွေ့ပါတယ်၊ မိတ်ဆွေက သူယူလာတဲ့ ငွေထုပ်ကို မပေးခင် မှာ နောင်ကို ဘဘတို့ ဂုဏ်သိက္ခာကို မထိခိုက်နိုင်အောင် နောက်တစ်ခါ ငွေမညှစ်နိုင်အောင်ပေါ့၊ ဓာတ်ပုံ ဖလင် ကော်ပြားတွေအားလုံး ပြန်ပေးပါလို့ တော်တော်လေး ချော့မော့ ထွက်သွားကြတာပဲ၊ မိတ်ဆွေက ဒီ ပစ္စည်းကို တစ်ခုမကျန် သမီးလက်ထဲ အပ်လို့ အားလုံးကို သမီးမီးရှို့ဖျက်ဆီးလိုက်ပါပြီ၊ အဘနဲ့ မယ်မယ်တို့ အတွက် စိတ်မချမ်းမြေ့ စရာအနှောင့်အယှက် ဘာမှ မရှိတော့ပါဘူး။ သမီးစိတ်ချမ်းသာလိုက်တာ မယ်မယ် ရယ်။ ဘဘနဲ့ မယ်မယ်ရော ၀မ်းမသာဘူးလားဟင် "
မခင်မျိုးက ၀မ်းသာအားရ ပြောနေသော်လည်း ဘဘနှင့် မယ်မယ်တို့က တစ်စုံတစ်ခုသော ၀န်ထုပ် ၀န်ပိုး ကြီးအတွက် ခေါင်းလေးနေဟန်ဖြင့် သမီးအား ငြိမ်သက်စွာပင် ကြည့်နေကြသည်။ အတန်ကြာမှ ...
" တို့ ပစ္စည်းအင်အားက သုံးလေးသောင်းခင်းလောက် ရှိတာပဲ ထားထား။ ဒီကြွးငွေတစ်သိန်းကို တို့မသေခင် ဆပ်ဖို့ တာဝန်ရှိတယ်။ သမီးငယ် မိတ်ဆွေထံက ယူတာ အတိုးနဲ့လား။ စာချုပ်ချုပ်ရသေးလား "
ဟု ဘဘက စဉ်းစဉ်းစားစား မေးလိုက်၏။
" အေး ... ဟုတ်သားပဲ၊ သမီးငယ် ဘယ်လို ယူတာလဲ " ဟု မယ်မယ်ကပါ မေးလိုက်သည်။
" အတိုးလဲ မရှိပါဘူး။ စာချုပ်လဲ မချုပ်ရပါဘူး ဘဘ၊ သူက သမီးကိုလဲ ခင်မင်တယ်၊ ဘဘနဲ့ မယ်မယ်ကိုလဲ ကြည်ညို လို့ပါတဲ့။ ဆပ်နိုင်လဲဆပ်၊ မဆပ်နိုင်လဲ အပူတပြင်း မတောင်းပါဘူးလို့ ပြောတာပဲ မယ်မယ် "
မခင်မျိုး က ဘဘနှင့် မယ်မယ်ကို တစ်လှည့်စီကြည့်ပြီး ရှင်းပြလိုက်၏။ ဘဘနှင့် မယ်မယ်က အတန်ကြာ ဆိတ်ငြိမ် နေပြီးမှ ...
" အဲဒီ မိတ်ဆွေက ယောက်ျားလား၊ မိန်းမလား၊ ဘယ်ကလဲ၊ ဘယ်သူလဲ " ဟု ဘဘက စဉ်းစားမိဟန်ဖြင့် မေးလိုက် သည်။
" ယောက်ျား မိတ်ဆွေပါ ဘဘ။ ကျောငးမှာ နေစဉ်ကလဲ မြင်ဖူး သိဖူးပါတယ်။ မန္တလေသား ဇာတိပါပဲ။ ဘဘနဲ့ မယ်မယ်တို့ သိပါလိမ့်မယ်။ နေပြည်တော်သုံး ရွှေပန်းထိမ်ဆိုတာ၊ အဲဒီ ပန်းထိမ်ဖို ပိုင်ရှင်ရဲ့ တူပါပ၊ အခုတော့ ရန်ကုန်မှာ စိန်ရွှေ ရတနာဆိုင်တည်ပြီး ချမ်းသာနေတယ်လို့ ကြားပါတယ။ သူ့နာမည်က ကိုဘဆွေတဲ့ ..."
ဘဘနှင့် မယ်မယ်တို့ ဆက်တိုက်မေးမည့် မေးခွန်းတွေကို ကြိုတင် သိသည့်အလား မခင်မျိုးက စုံလင်စွာ ဖြေကြားလိုက်၏။
" သြော် ... ဒီ သူငယ်က အခု မန္တလေးမှာပဲ ရှိသေးသလား "
ဘဘ မေးလိုက်ပြနသည်။
လေးငါးရက် နေရင် ရန်ုန် ပြန်မယ်လို့ ပြောသွားပါတယ်ဘဘ။ မပြန်ခင်တော့ လာ နှုတ်ဆက်မယ်လို့ ထင်ပါတယ် .... "
" အေး ... ဒီ သူငယ်လာရင် ဘဘတို့ကို အသိပေး သမီးငယ် ... "
" ဟုတ်ကဲ့ ဘဘ ..... "
မခင်မျိုးက အဖြေပေးပြီး ...
" ဒီနေ့ ညစာတော့ ဘဘနဲ့ မယ်မယ်တို့ ထမင်းမြိန်အောင် ဘဘနဲ့ မယ်မယ်တို့ကြိုက်တဲ့ ဟင်းလျာတွေ စီမံ ထားပါတယ်။ သမီး မီးဖိုဆောင် ၀င်လိုက်ပါအုံးမယ် "
ဟု ရွင်လန်းစွာပြောကာ ဘုရားဆောင်အတွင်းမှထွက်သွားသော မခင်မျိုးအား ဘဘှင့် မယ်မယ်က လှမ်း ကြည့်ပြီး သမီးနောင်ရေးကို စဉ်းစားမိသောအဓိပ္ပာယ်ဖြင့် တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်လိုက် ကြလေ သည်။
ဘုရားဆောင် အတွင်းမှ ထွက်လာသော မခင်မျိုးသည် ဘဘနှင့် မယ်မယ်ရှေ့မှာ ဟန်ဆောင်ခဲ့ရသော ရွင်လန်း သည့် အမူအရာ ပျောက်ကွယ်သွားလသည်။ မီးဖိုဆောင် ကိစ္စများစီမံပြီးပြီဖြစ်၍ သူ့အခန်းတွင်း ၀င်ကာ အိပ်ယာပေါ်သို့ ပစ်လှဲလိုက်မိ၏။ နောငခါလာနောင်ခါဈေး သဘောထားပြီး ဘဘနှင့် မယ်မယ်တို့၏ လတ်တလော အရေးကို ဖြစ်သည့် နည်းနှင့် ကာကွယ်လိုက်ရစေကာမူ ကြွေးငွေ တစ်သိန်း၏ တာဝန်က မသေးကြောင်း ကို စဉ်းစားမိ၏။
စာချုပ်စာတမ်းပင် မရှိစေကာမူ ဘာသာတရားကို လေးစား၍ ရိုးဖြောင့် တည်ကြည်သူများဖြစ်၍ ကြွေးငွေကို လျစ်လျူ မရှုနိုင်ရှာပေ။ မိမိက လျစ်လျူရှုနိုင်သည် ထားဘိဦး၊ ဘဘနှင့် မယ်မယ်တို့က မည်သည့် နည်းနှင့် မျှ သံသရာ ကြွေး အတင်ခံမည်မဟုတ်ချေ။ အကယ်၍များ ကိုဘဆွေက ဖောက်ပြန်သော စိတ် ၀င်လာပြီး မယ်မယ် နှင့် ဘဘတို့၏ အတွင်းရေးကို အကြပ်ကိုင်ကာ မိမိအား သိမ်းပိုက်မည်ဆိုပါလျှင် ...
မခင်မျိုး သည် ရှေ့ဆက်ပြီး တွေးရန် မရဲတော့သဖြင့် မျက်လုံးကို မှိတ်ထားလိုက်သည်။ မှိတ်ထားသော မျက် လုံးထဲတွင် ဘယ်ဆီ ဘယ်ဒေသ ရောက်နေပြီး သေမှန်း ရှင်မှန်း မသိရသော ချစ်သူ ကိုစောခိုင်၏ မျက်နှာ က ပေါ်လာသည်။
" သြော် ... ကိုစော ... ကိုစော ဒီအတိုင်းသာ အစပျောက်နေရင် ကိုစောနဲ့ခင်တို့ လွဲရလိမ့်မယ်ထင်တယ် ကိုစော၊ အသက်ထင်ရှားရှိမှ ရှိပါသေးရဲ့လား နော် ... "
မခင်မျိုးသည် ဆွေးမြေ့စွာ တွေးကာ မျက်ရည်များ ဝေလာလေတော့သည်။
သန့်ပြန့်သောရုပ်ရည်၊ ခံ့ညားသပ်ရပ်သောအ၀တ်အဆင်ဖြင့် ရိုသေကျိုးနွံသော အမူအရာကို ထင်ရှားစွာ ဖော်ပြကာ မိကောင်း ဖခင် သားသမီး ပီသသည့် အမူရာဖြင့် သိမ်မွေ့စွာ ထိုင်နေသော ကိုဘဆွေအား ဘဘ နှင့် မယ်မယ်က ကျေးဇူးတင် လေးစားအားကိုးသော အမူအရာဖြင့် ကြည်နေကြသည်။
" မောင်ဘဆွေက ကူညီထားတဲ့ ကျေးဇူးကို သမီးပြောပြထားလို့ အားလုံး သိပါပြီ။ ဦးတို့ ကျေးဇူးတင်လို့ မဆုံးပါဘူး တူမောင် အမှန်မှာတော့ ဦးတို့ ဒီလို ကိစ္စမျိုးနဲ့ လုံဝ ကင်းလွတ်ပါတယ် ဆိုတာ သစ္စာဆို ပြောရဲပါတယ်ကွယ် ... ။ အင်း ... ဘ၀က ၀ဋ်ကြွေးပေါ့လေ "
ဘဘက လးတွဲ့သော အသံဖြင့် ပြောလိုက်သည်။ မယ်မယ်ကား တစ်ခွန်းမှ စကားမစချေ။ ငြိမ်သက်စွာပင် ထိုင် နေသည်။
" ဟုတ်ကဲ့ဦး - မခင်မျုးက ကိစ္စကြီးကို ဖွင့်ဟပြီး အကူအညီတောင်းလိုက်တော့ ကျွန်တော် တော်တော်ပဲ စိတ်မချမ်းမသာ ဖြစ်သွားပါတယ်။ သူ့အဖို့ကလဲ ကျွန်တော်ကလွဲပြီး ရင်းနှီးရမယ့်လူ၊ ယုံကြည်အားကိုးရမယ့် လူ မရှိတော့၊ မခင်မျိုး စိတ်ချမ်းသာမှုအတွက်ဆိုရင် ဘာမဆို လုပ်မယ်လို့ ကျွန်တော် စိတ် ဆုံးဖြတ်ထားတဲ့ အတိုင်း ခဲခဲယဉ်းယ်း ဆောင်ရွက်ကူညီလိုက်တာပါပဲ ခင်ဗျာ .... "
ကိုဘဆွေက ယဉ်ကျေးသော စကားလုံး၊ သိမ်မွေ့ပျော့ပျောင်းသော အသံဖြင့် ပြောလိုက်သော စကားလုံး များမှာ သူနှင့် မခင်မျိုး သဘောတူ ရင်းရင်းနှီးနှီး ချစ်ကြိုက်နေပါပြီ ဟူသော အဓိပ္ပာယ်ကို သွယ်ဝိုက်သော နည်းဖြင့် ဖော်ပြလိုက်ခြင်းဖြစ်ကြောင်းကို ဘဘနှင့် မယ်မယ်တို့ ကောင်းစွာ သဘောပေါက်လိုက်ကြသဖြင့် တစ်ယောက် မျက်နှာ တစ်ယောက် မသိမသာ လှမ်းကြည့်လိုက်ကြသည်။ ထိုအခိုက် ကောင်းမွန်ကျနစွာဖြင့် ပြင်ထားသော လက်ဖက်ရည်ပွဲ လင်ပန်းကို မခင်မျိုး ကိုယ်တိုင်ယူပြီး ဧည့်ခန်းအတွင်းသို့ ၀င်လာသဖြင့် ဘဘ မယ်မယ်နှင့် ကိုဘဆွေတို့ စကားပြတ်သွားပြီး မခင်မျိုးအား လှမ်းကြည့်လိုက်သည်။
မခင်မျိုးက ဘဘနှင့် မယ်မယ်ကို လက်ဖ်ရည်ပန်းကန်များ၊ မုန့်ပန်းကန်များ ရိုသေစွာချပေးလိုက်ပြီးနောက် ကိုဘဆွေ ကိုလည်း ကျေးဇူးပြုထားသူတစ်ယောက်အနေဖြင့် လက်ဖက်ရည်ပန်းကန်၊ မုန့်ပန်းကန်များကို ရိုသေစွာ ချပေးလိုက်လေသည်။ ဘဘနှင့် မယ်မယ်တို့၏ အရှက်နှင့်အသက်ကို ကာကွယ်ရန် အကူအညီ တောင်းသည့်နေ့မှစပြီး ကိုဘဆွေသည် မခင်မျိုး၏ ချစ်မေတ္တာကို တောင်းခံသည့် အရိပ်အမြွတ်ပါသော စကားကိုမှ မပြောတော့ဘဲ သိက္ခာရှိစွာ တည်တည်ကြည်ကြည် ဆက်ဆံပြောလာသဖြင့်လည်း မခင်မျိုး သည် ကိုဘဆွေအား စိတ်ချယုံကြည် လေးစားလာသည်။ ထို့ကြောင့်လည်း ချိုသာသော မျက်နှာပေးဖြင့် -
" ချွေးကလေးစို့ပြီး ပေါ့ပေါ့ပါးပါးဖြစ်အောင် လက်ဖက်ရည် ပူပူကလေး သောက်လိုက်ပါဦး ကိုဘဆွေ "
ဟု သာယာသော အသံကလေးဖြင့် လောက၀တ် စကားကို ဆိုကာ နောက်ဖေးဆောင်သို့ ပြန်ဝင်သွားလေ သည်။ မခင်မျိုးက ကျေးဇူးရှင်တစ်ယောက်အနေဖြင့် ရိုးသားသော စေတနာဖြင့် ပြောသွားစေကာမူ ကိုဘဆွက မျက်နျာပူ စိတ်မလုံသော အမူအရာဖြင့် ဘဘနှင့် မယ်မယ်အား လှမ်းကြည့်လိုက်သည်။ ဘဘနှင့် မယ်မယ်က ကိုဘဆွေ၏ အမူအရာကို လည်းကောင်း၊ သမီးမခင်မျိုးက လောက၀တ်ပြုသွား သော စကားလုံး ကိုလည်းကောင်း တညီတညာတည်း အဓိပ္ပာယ် ကောက်ယူပြီး အထင်ရောက်လိုက်ကြသည်မှာ ကိုဘဆွေနှင့် မခင်မျိုးတို့ မေတ္တာရှိနေကြပြီ ဟူသတည်း။
" မောင်ဘဆွေက အခု အတည်တကျ ဘယ်မှာ အခြေစိုက် နေထိုင်သလဲကွဲ့ " မယ်မယ်က မေးလိုက်သည်။
" ရန်ကုန်မှာပဲ ဒေါ်ဒေါ်၊ ပန်းဆိုးတန်းမှာ စိန်ရွှေရတနာဆိုင် ဖွင့်ထားပါတယ်၊ နိုင်ငံခြားသားတွေနဲ့ အပြိုင်အဆိုင် အရောင်းအ၀ယ် လုပ်နေပါတယ်၊ ရန်ကုန်မှာ နေပေမယ့် မန္တလေးကို တစ်ပတ်တစ်ခါ မလာရ မနေနိုင်ဖြစ်လို့ အပတ်စဉ်လာပါတယ။ လာတိုင်းလဲ မခင်မျိုးကို နှုတ်ဆက်ပါတယ်။ ဦးနဲ့ ဒေါ်ဒေါ်တို့က တောရကျောင်းမှာ တရားအားထုတ်နေလို့ မသိတာပါ၊ အခုတစ်ပတ်အလာမှာတော့ မခင်မျိုး စိတ်ချမ်းလာ အောင် ကူညီလိုက်ရလို့ ကျွန်တော် ၀မ်းသာပါတယ် ခင်ဗျာ "
အဓိပ္ပာယ်တွေ ဖြစ်ချင်တိုင်း ဖြစ်နိုင်မည့် စကားမျိုးကို ကိုဘဆွေက မှင်သေသေ မျက်နှာပေးဖြင့် ပြောလိုက် ပြန်ရာ ဘဘနှင့် မယ်မယ်တို့စိတ်မှာ ပိုပြီး သေချာသွားကြပြန်သည်။
" မောင်ဘဆွေမှာ မိဘတွေ မရှိတော့ဘူးနော် "
နေပြည်တော်သုံး ရွှေပန်းတိမ်ပိုင်ရှင်ထံမှာ ကပ်ရပ်နေခဲ့ရသူအဖြစ် သတင်းသန့်သန့် ကြားဖူးသော ဘဘက သမီးနှင့်ပတ်သက်သော စကားကို မျက်နှာပူဟန်ဖြင့် စကားလွှဲမေးလိုက်သည်။ ထိုသို့ မေးလိုက်ခါမှ ကိုဘဆွေက အခွင့်ကောင်းယူပြီး ...
" မရှိတော့ပါဘူး ဦး၊ မိဘလဲရှိ၊ ဆွေမျိုးရင်းချာလဲမရှိတဲ့ ကျွန်တော့်အဖို့ ခင်မင်တွယ်တာစရာ ဦး၊ ဒေါ်ဒေါ်နဲ့ မခင်မျိုးတို့ပဲ ရှိပါတယ်၊ ဦးနဲ့ ဒေါ်ဒေါ်ကို မိဘအရင်းလို သဘောထားပြီး ကျွန်တော် ကြည်ညို ပြုစုပါရစေလို့ ခွင်တောင်းပါတယ် "
ဟု လိမ္မာစွာ စကားဆက်လိုက်၏။ ဘဘနှင့် မယ်မယ် တစ်စုံတစ်ရာမှမပြောဘဲ လက်ဖက်ရည ပန်းကန်ကို အသီးသီး ဆွဲယူကာ လက်ဖက်ရည် သောက်နေကြသည်။ လက်ဖက်ရည်သောက်နေရင်းလည်း တစ် ယောက်မျက်နှာ တစ်ယောက် အမူအရာကို ကိုဘဆွေက မသိဟန်ဆောင်ကာ လက်ဖက်ရည် ဣနြေ္ဒရရ သောက်နေသည်။ ဘဘက သောက်ပြီး လက်ဖက်ရည်ပန်းကန်ကို အသာအယာ ပြန်ချထားပြီး ဆက်ပြော လိုက်၏။
" မောင်ဘဆွေ ကုန်ကျထားရတဲ့ ငွေကို အခု လောလောဆယ်မှာတော့ ဦးတို့ သုံးသောင်းလောက် ပြန်ဆပ် မယ်၊ ထိုငွေခုနစ်သောင်းကိုတော့ ဆပ်နိုင်ဖို့အတွက်လဲ ဦးတို့ မိတ်ဆွေရင်း တစ်ယောက်နဲ့ သစ်လုပ်ငန်း တစ်ခု ထူထောင်ဖို့ စီစဉ်ထားတယ်ကွဲ့၊ တစ်နှစ် ကိုအနည်းဆုံး ခြောက်ထောင်ထက် မနည်းအရစ်ကျ ဆပ်သွားမယ်လို့ ကြိုးစားရည်မှန်းချက်ရှိတယ်၊ အဲဒီတော့ သန်ဘကခါကို နေ့ခင်းအခုလို အချိန်မှာ မောင်ဘဆွေလာခဲ့ပါ။ ဦး ငွေသုံးသောင်းလတ်တလော ဆပ်လိုက်ပါမယ် "
သမီးနှင့် မေတ္တာရှိနေသည် မှန်စေကာမူ ကြေးငွေကြောင့် သမီးကို အပ်လိုက်ရမည့် သဘောမျိုး မဖြစ် စေလိုသော ဘဘက ရင့်ကျက်သောမျက်နှာ တည်ကြည်သော အသံဖြင့် ပြောလိုက်သည်။
အို ... ထားထားတို့ မေ့နေလို့ မောင်မောင်၊ ဘွားတော်ဘုရား ကံတော်မကုန်မီက မြေးဦးအဖြစ်နဲ့ ချစ်တော် မူလို့ မြလည်ဆွဲကြီး သနားတော်မူခဲ့တာရှိပါလား၊ ဟို မျက်နှာဖြူ အရေးပိုင်က ဘိလပ်က သူ့ ဇနီးထံပို့ချင် လို့ သောင်းငါးထောင် ပေးပါ့မယ် ရောင်းပါလို့ စကားကမ်းထားချက် ရှိသားကပဲ၊ အဲဒါပါ ရောင်းလိုက်ရင် လေးသောင်းကျော် ဆပ်နိုင်မယ်လေ၊ မဟုတ်လား မောင်မောင် "
ဒေါ်ခင်ခင်ထားက တာဝန်ပေါ့သလောက် ပေါ့သွားမည်ဖြစ်၍ ရွှင်လန်းသော လေသံဖြင့် ပြောလိုက်၏။ သို့သော် မျက်နှာကား မကောင်းရှာပေ။
" အေး ... ထားထား ရောင်းချင်သပ ဆိုလဲ ရောင်းပေါ့ကွယ် "
ဘဘက ညိုးသောမျက်နှာကို မယ်မယ့် မမြင်စေရန် တစ်ဘက်သို့လွှဲပြီး ပြောလိုက်ရှာသည်။
" နေပါဦး ခင်ဗျာ၊ ဦးနဲ့ဒေါ်ဒေါ်ကို ကျွန်တော် အစီရင်ခံပါရစေ "
ကိုဘဆွေက ပျာပျာသလဲ စကားပြောလိုက်၏။
" ဘာများလဲ မောင်ဘဆွေ "
ဘဘက မေးလိုက်သည်။
" ဦးနဲ့ ဒေါ်ဒေကို ရိုသေ ကြည်ညိုတဲ့စိတ် ဦးထိပ်မှာထားပြီး အစီရင် ခံပါတယ၊ ဒီငွေတွေကို ပြန်ဆပ်ရမယ်လို့ ကျွန်တော် မရည်မှန်းခဲ့ပါဘူးခင်ဗျာ၊ ကျွန်တော့် ပစ္စည်းလဲ မခင်မျိုး ပစ္စည်းလို့ ယူဆစေလို ပါတယ်၊ သားနဲ့သမီးက မိဘတာဝန်ကို ထမ်းဆောင်ရတဲ့ ကိစ္စမို့ မွေးကျေးဇူးကို ဆပ်တယ်လို့ပဲ သဘော ထားပါခင်ဗျာ "
ကိုဘဆွေက ပကတိရိုးသားသော မျက်နှာထား လေသံဖြင့် မ၀ံ့မရဲသော အမူအရာကလေး ရှေ့ဆောင်ပြီး ပြောကာ ခေါင်းငုံ့နေသည။ ခေါင်းငုံ့နေသော်လည်း အမှုမဲ့ အမှတ်မဲ့ ငုံ့နေခြင်းကား မဟုတ်။ လျှပ်ပြက်သလို မျက်လွှာကို အထက်သို့ လှန်ကြည့်လိုက်ရာမှ အဘိုးကြီးနှင့် အဘွားကြီးတို့ ဘယ်လို သဘောရသည်ဟူ သောအဓိပ္ပာယ်ဖြင့် တစ်ယောက်ကို တစ်ယောက် မေးငေါ့ လိုက်ကြသည်ကို ကောင်းစွာ မြင်လိုက်သည်။
" ကဲ ... မောင်ဘဆွေက ဒီလောက်အထိ ပွင့်ပွင့်လင်းလင်း ပြောလာမှ ဦးကလဲ ပွင့်ပွင့်လင်းလင်း မေးရမှာ ပေါ့ကွယ်။ မောင်ဘဆွေနဲ့ သမီးတို့က စိတ်တူ သဘောတူ ရည်ငံနေကြပြီလား "
ဘဘက မထူးတော့ပြီဟု သဘောပိုကာ တစ်ဦးတည်းသော ချစ်မငြီးသည့် သမီးအရေးမို့ မေးလိုက်ရှာ၏။
" ဟုတ်ကဲ့ ... ဦး "
မူလကပင် ထင်ခဲ့ပြီးဖြစ်၍ ဘဘနှင့် မယ်မယ်တို့ အထူးတလည် အံ့သြမှု မဖြစ်တော့ချေ။
" မျက်နှာစုံညီ သမီးကို ခေါ်မေးရင် မသင့်လား မောင်မောင် "
မယ်မယ်က ပြောလိုက်ပြီး မခင်မျိုးကို ခေါ်မည့်ဟန်မျိုးဖြင့် အိမ်အတွင်းဘက်ဆီသို့ မျက်နှာ လှည့်လိုက်၏။ ကိုဘဆွေ မသိမသာ မျက်လုံးပြူးသွားသည်။
" ကျွန်တော် အစီရင်ခံပါရစေဦး ဒေါ်ဒေါ် "
ကိုဘဆွေက ပျာပျာသလဲဟန့်တာလိုက်သဖြင့် အိမ်အတွင်းခန်းဘက်သို့ လှည့်နေသော မယ်မယ်၏ မျက်နှာက ကိုဘဆွေဘက် ပြန်လှည့်သွားသည်။
" အင်း ... ပြောပါ မောင်ဘဆွေ "
မယ်မယ်က ပြောလိုက်သည်။
" ဒီလိုပါခင်ဗျာ၊ ဦးနဲ့ ဒေါ်ဒေါ် နားနဲ့မနာဖ၀ါးနဲ့နာပါတော့လို့ ကျွန်တော် ကြိုတင်တောင်းပန်ပါတယ်၊ ဦးနဲ့ ဒေါ်ဒေါ်အတွက် ဒါလောက် ငွေအတုံးအခဲကို ရက်ရက်ရောရော အကုန်ခံပြီး ကျွန်တော် ကြိုးစား ကာကွယ် ခဲ့တာဟာလဲ မခင်မျိုးအပေါ်မှာ ကြီးမားတဲ့ မြတ်နိုးမှုကြောင့ဖြစ်ပါတယ်၊ ကျွန်တော်ရဲ့ မြတ်နိုးမှုကိုလဲ မခင်မျုးက ကိုယ်လုံးပုံအပ်ခဲ့ပြီးပါပြီ၊ အတုံ့အပြန် ကြင်နာကြတာပါပဲ ခင်ဗျာ၊ ဒါပေမယ့် သူက ဦးနဲ့ ဒေါ်ဒေါ် တို့ စိတ်အေးချမ်းသာယာမှု အနယ်ထိုင်မှ ဒီကိစ္စကို အေးအေးဆေးဆေး အသိပေးပါလို့ မှာထားတော့ အခုလို သူမသိဘဲ ကျွန်တော်က ပြောနေတယ်ဆိုတော့ ကျွန်တော့်ကို သူ စိတ်ပျက်မှာ စိုးရိမ်တာလဲ တစ် ကြောင်း၊ နောက်တစ်ချက်က ကျွန်တော် ရှေ့မှာ မိဘနှစ်ပါးက မေးရင် သူသိပ်ရှက်ပြီး ငြင်းလိုက်ရင် ဦးနဲ့ ဒေါ်ဒေါ် အထင်လွဲသွားမှာလဲ ကျွန်တော် စိုးရိမ်လို့ မခင်မျိုးကို ခေါ်ယူမေးမြန်းခြင်း မလုပ်ပါနဲ့လို့ ဒေါ်ဒေါ်ကို ကျွန်တော် တောင်းပန်ပါတယ် "
ကိုဘဆွေက အစီရင်ခံချက်ကို ရှင်းလင်း နေစဉ်မှာ ဘဘက မျက်နှာပူဟန်ဖြင့် ကိုဘဆွေကို မကြည့်ဘဲ မျက်နှာကို မသိမသာ လွှဲနေသည်။ သမီး၏ ချစ်သူရည်းစားဆိုသူက ဤကဲ့သို့ မကွယ်မထောက် ပြောနေ သည်ကို ဘဘကဲ့သို့ ကိုယ်ကျင့်သိက္ခာကို တန်ဖိုးထားသူအဖို့ ရင်ထဲမှာ နာရှာသည်။ သို့သော် လူသိမခံဝံ့ သည့် မိမိ၏ ၀ဋ်ဒုက္ခကြီးကို ဖုံးဖိ ကယ်တင်သူ ဖြစ်၍သာ ငုတ်တုတ်ထိုင်နေရရှာခြင်းဖြစ်သည်။ မယ်မယ်ကမူ စဉ်းစားတွေးတောဟန်ဖြင့် အတန်ကြာငြိမ်နေပြီးမှ ...
" အေးလေ မောင်ဘဆွေက အခုလောလောဆယ် မပြောပါနဲ့ဆိုတော့ မောင်ဘဆွေ ဆန္ဒကို လိုက်လျော ရပေမပေါ့၊ ဒါပေမယ့် မမေးဘဲ မြုံထားလို့တော့ မဖြစ်ဘူး မောင်ဘဆွေ၊ သမီးက မောင်ဘဆွေ ပြောသလို ဟုတ် မဟုတ် ကို သိရအောင် မေးဖို့က ဒေါ်ဒေါ်တို့မှာ တာဝန်ရှိနေတယ်ကွယ့် "
မယ်မယ်က ပြောလိုက်သော လေသံမှာ သံသယ၀င်သံပါနေသည်။ ဣနြေ္ဒသိက္ခာ ရှိလှသော သမီးသည် မောင်ဘဆွေ ပြောသလို ပိုင်ပိုင်နိုင်နိုင် လူသိရှင်ကြား မဖြစ်မီမှာ မိုက်မိုက်မဲမဲ မှားယွင်းသည် ဆိုခြင်းကို မယ်မယ်က မယုံမရဲ ဖြစ်နေသည်။ ပါးနပ်သော ကိုဘဆွေ က မယ်မယ်၏ စကား အဓိပ္ပာယ်နှင့် လေသံကို ကောင်းစွာ သဘောပေါက်လိုက်၏။
ဆက်ရန်

.
No comments:
Post a Comment