Tuesday, June 7, 2011

တင်မောင်မြင့် ဘာသာပြန် အချစ်များစွာနဲ့ပါဆရာ အပိုင်း (၁၅)

အခန်း (၁၅)

အောက်တိုဘာလ တစ်မနက်တွင် စုဝေးပွဲပြီးသည်နှင့် ဆရာကြီးက ကျွန်တော့်ကို သူ့ရုံးခန်းထဲ လာခဲ့ဖို့ ခေါ် သည်။ ဆရာကြီး၏ မျက်နှာမှာ ညိုမှိုင်းနေ၏။ မနေ့ညက ပက်ထရစ်ဖာမင် ဓားထိုးမှုဖြင့် ရဲက ဖမ်းထားကြောင်း ဆီးပြောသည်။ ရန်ဖြစ်ရာမှ တခြားလူငယ်တစ်ယောက် ကို မောင်းချဓားဖြင့် ထိုးခြင်းဖြစ်၏။ တစ်ဖက်က အထိုး ခံရသည့် ကျောင်းသားမှာ မစ္စဖီးလစ်အတန်းမှ ဖြစ်ပြီး အတွင်းလူနာအဖြစ် ဆေးရုံတင် လိုက်ရသည် ဆို၏။

ဖာမင်ကို ရမန်တစ်ပတ် ချုပ်ထားပြီး ကလေးသူငယ် တရားရုံးတွင် တနင်္လာနေ့မှာ အမှုစစ်မည်ဖြစ်ကြောင်း သိရသည်။ ဒီနေ့က ကြာသပတေးနေ့။ ဆရာကြီးက ဖာမင်၏ အကျင့်စာရိတ္တ၊ အရည်အချင်း၊ စိတ်ဝင်စားမှု နှင့် ကျောင်းခေါ်ကြိမ် ကိုပါ အစီရင်ခံစာ တင်ဖို့ပြောသည်။

" အမှုက တော်တော်ကြီးမယ် ထင်တယ် ဆရာကြီး "
" ကြီးတာပေါ့၊ ဆရာ ထင်တာထက် ကို ကြီးသေးတယ်၊ ဒဏ်ရာက တော်တော်ပြင်းတယ်၊ ပြီးတော့ တစ် ကျောင်းတည်း က ကျောင်းနေဖက်ချင်း ဖြစ်နေပြန်တယ်။ နဂိုကမှ ဂရင်းစလိတ်ကို တရားသူကြီးက အထင် မကြီးရတဲ့ အထဲ ခုလို ဖြစ်တော့ ဆရာ စဉ်းစားကြည့်လေ။

" ဆရာတို့ ကျောင်းက စည်းကမ်းထိန်းသိမ်းပုံမျိုးကို အုပ်ချုပ်ရေးပိုင်းက လူတွေ မကြာခဏ ဝေဖန်ကြတယ် လေ၊ ဘယ်လောက်ထိ ပြောသလဲဆိုရင် ဆရာတို့ကျောင်းဟာ ဆိုးသွမ်းလူငယ် မွေးမြူရေးစခန်းတဲ့၊ ဒီကြား ထဲဒီ အမှုဖြစ်တော့ လက်ညိုးငေါက်ငေါက်ထိုးစရာ ဖြစ်သွားတာပေါ့ "
" သူတို့ ဒီကျောင်း ကို လာမကြည့်ဖူးဘူးလား ဆရာကြီး "

" သူတို့ထဲက တစ်ယောက်တလေတော့ တခြားကိစ္စနဲ့ လာဖူးပါတယ်။ အဓိပ္ပာယ်ကောက်တော့ မလွဲနဲ့နော်၊ ဒီကျောင်းပေါ်မှာ သူတို့မြင်တဲ့ အမြင်နဲ့ တရားဥပဒေရေးရာနဲ့ ဘာမှမဆိုင်ဘူး။ အဲ တစ်ခုရှိတယ်၊ ဆရာတို့ အပေါ်မှာ ဒါထက် အမြင်ကြည်လင်ရင်တော့ အပုံကြီး ပိုကောင်းတာပေါ့လေ၊ သူတို့ နားလည်ထားစေချင် တာက ဆရာတို့ ကျောင်းဟာ ဆိုးသွမ်းလူငယ်မွေးထုတ်တဲ့ ဌာနမဟုတ်ဘဲ ဆိုးသွမ်းလူငယ်ဖြစ်မယ့် ဆဲဆဲ ကလေး တွေကို ဖြတ်လမ်းနည်းနဲ့ ထိန်းနေတယ်ဆိုတဲ့ အချက်ပဲ "
" ကျွန်တော် ဘယ်လို အကူအညီပေးရမလဲ ဆရာကြီး"

" ဆရာတော့ ဘာမှ လုပ်လို့ရမယ် မထင်ဘူး "
" သူ့မိဘတွေဆီ တစ်ခေါက်လောက်သွားပြီး အားပေးစကားပြောရင်ကော ဆရာကြီး "
ဆရာကြီးက ခဏ တွေစဉ်းစားနေပြီးမှ -
" အင်း သွားတဲ့အတွက် အကျိုးတော့ မယုတ်နိုင်ပါဘူး၊ သွားချင်သွားလေ၊ ဆရာ စာတစ်စောင် ရေးပေး လိုက်မယ်၊ သွားတဲ့အခါ ယူသွားပေါ့ "
ဆရကြီး ရုံးခန်းမှ ပြန်လာခဲ့သည်။ သူတို့အားလုံးခေါင်းငုံ့ပြီး ရေးချွတ်နေကြ၏။ ဖာမင်အကြောင်း သူတို့ ကြားပြီး ဖြစ်ဟန်တူသည်။ သို့သော် ဘယ်သူမှ စကားမစကြ။

ကျွန်တော် အစီရင်ခံစာ ထိုင်ရေးသည်။ ဖာမင်၏ အရည်အချင်းကို အလေးအနက်ပြုပြီး ရေးသည်။ ချဲ့ကား ပြီး သာသာထိုးထိုး ရေးခြင်းမျိုး မဟုတ်ပါ။ ဖာမင်သည် လူကောင်းကလေး ဖြစ်ပါသည်။ စာတော်သည်။ ဥာဏ်ထက်သည်။ အားလုံးနှင့် အဆင်ပြေသည်။

ဒဏ်ရာရသွားသည့် ဘော်ဘီ အဲလစ်မှာ ၁၃ နှစ်သား လူဆိုးကလေးဖြစ်၏။ သူ့ကိုယ်သူ ဗိုလ်တင်မြှောက်ကာ သူ့ထက် အငယ်ကလေးတွေကို အမြဲတမ်း အနိုင်ကျင့်နေသူ ဖြစ်ကြောင်း စုံစမ်း သိရှိရ ပါသည်။
ဖာမင်အနေဖြင့် ဓားကို အသုံးပြုခြင်းအတွက် ကျွန်တော် မငြင်းနိုင်သော်လည်း သူ့ကိုယ်သူ ကာကွယ်သည့် အနေဖြင့်သာ သုံးခြင်းဖြစ်မည်ဟု ကျွန်တော် ယုံကြည်နေ၏။

နေ့လယ်စာ စားချိန်တွင် ဂျီလီယံကို အကျိုးအကြောင်း ပြောပြလိုက်သည်။ ဖာမင့်မိဘတွေနှင့် သွားတွေ့လျှင် သူပါလိုက်မည်ဟု ဆိုသည်။
ကျွန်တော်တို့ ရောက်သွားတော့ ဖာမင့်အမေက တံခါးလာဖွင့်ပေးသည်။ အမျိုးသမီး၏ မျက်နှာမှာ ငိုထား သဖြင့် အစ်နေ၏။ ကျွန်တော်တို့ကို သေသေသပ်သပ် ဧည့်ခန်း ခပ်ငယ်ငယ်ကလေးထဲ ခေါ်သွားပြီး နေရာပေးသည်။ ကျွန်တော်တို့ ဘယ်သူ ဘယ်ဝါတွေ ဖြစ်ကြောင်း ပြောပြီး ကိုယ့်ကိုယ်ကိုယ် မိတ်ဆက် ရသည်။ သူတို့မိသားစုက အလားတူ တုံ့ပြန်ပါသည်။ ဖာမင်၏ အဖေနှင့် အမေအပြင် အဘွားနှင့် ပါ တွေ့ခဲ့ရသည်။ အားလုံးသောကရောက်နေကြပုံ။

မစ္စတာဖာမင်က ဆရာကြီး၏ စာကို ဖတ်ပြီး ခုလို အားပေးသည့်အတွက် မိသားစုအနေဖြင့် ကျေးဇူးတင် ကြောင်း ပြောပေးဖို့မှာကြားသည်။ ပြီးမှ အဖြစ်အပျက်ကို ပြောပြရှာသည်။ မအေကြီးနှင့် အဘွားလုပ်သူက နံဘေး မှ တရှုပ်ရှုပ် ငိုလျက်။
အခင်း ဖြစ်ပွားသည့် ဓားမှာ ဘွားဘွားဖာမင်၏ ဓားဖြစ်သည်။ အမြတ်တနိုးထားသည့် ပစ္စည်းလည်း ဖြစ်၏။ ရက်ကန်းခတ်ရာတွင် ပိုးချည်မျှင် ကလေးများကို ဖြတ်သည့်ဓားဖြစ်သည်။ ဓားကို ဘွားဘွားက အမြဲ မြနေ အောင် သွေးထားလေ့ ရှိသည်။ လမ်းထိပ် ဆံပင်ညှပ်ဆိုင်တွင် ဓားသွေးဖို့ တာဝန်ယူရသူက ပက်ထရစ်ဖာမင်။

ပြဿနာဖြစ်ချင်တော့ ကတ္တီပါအိတ်နှင့် ဓားကလေးကို ဖာမင်က ဘော်ဘီအား ထုတ်ကြွားမိသည်။ ဘော်ဘီက ကိုင်ကြည့်ဖို့ တောင်းတော့ ဖာမင်က အကိုင်မခံဘဲ ပြန်သိမ်းသည်။ သည်မှ စပြီး အငြင်းပွားကာ ဘော်ဘီ အတင်းလုသည်။ ဘော်ဘီမှာ ဖာမင်ထက် ဗလကောင်းသူ ဖြစ်သည့်အပြင် အကြမ်းဖက်ဖို့လည်း ၀န်လေးသူ မဟုတ်။ လုရင်း လုရင်း ကတ္တီပါ ဓားအိတ်ကလေး ကြေမွသွားသည်။ ဓားကို လက်ထဲက မလွှတ်ဘဲ ဖာမင်က ဆုပ်ကိုင် ထား၏။ တစ်ဖက်က အတင်းကြမ်းလာတော့ ဖာမင် ဆောင့်ထိုး ထည့်လိုက်သည်။ သူ့လက်ကိုလည်း ဓားရှသွားသေးသည်။

ဘော်ဘီ့အော်သံ ကြားပြီး သွေးတွေ စီးကျလာတာ မြင်မှ ဖာမင်လည်း အလန့်တကြားဖြစ်ကာ အိမ်သို့ ပြန် ပြေးလာခဲ့သည်။ လက်မှ ဒဏ်ရာကလည်း သွေးတွေကျကာ ကတုန်ကယင် ဖြစ်နေ၏။ ဖလေ လုပ်သူ ဖာမင် က လမ်းထိပ်မှ ဆေးခန်းကို ခေါ်သွားကာ ဒဏ်ရာကို ပတ်တီးစည်းပေးပြီးမှ ရဲဌာနသို့ ခေါ်သွားခြင်း ဖြစ်သည်။ ဒဏ်ရာရသွားသည့် ဘော်ဘီအဲ လစ်ကိုမူ အနားရောက်လာသည့် မော်တော်ကားတစ်စီးက ဆေးရုံ ပို့ပေးသည်။ ဆို၏။

အဖြစ်အပျက်ကြောင့် ချစ်ချစ်ခင်ခင် ရှိကြည့် မိသားစုကလေးမှာ တုန်လှုပ်ချောက်ချားလျက် ရှိ၏။ ကျွန်တော်က ကျောင်းမှ ဆရာများလည်း များစွာ စိတ်မကောင်းဖြစ်နေကြကြောင်း၊ ပက်ထရစ်ဖာမင်မှာ လိမ္မာ ရေးခြားရှိသည့် ကလေးတစ်ယောက်ဖြစ်၍ ကျွန်တော်တို့အနေဖြင့် တတ်နိုင်သမျှ အကူပေးပါမည့် အကြောင်း အားပေး စကားပြောသည်။
ဂျီလီယံကလည်း ၀ိုင်းဝန်း အားပေးဖော်ရ၍ ကျွန်တော် ၀မ်းသာရပါသည်။ မိန်းမလှကလေး တစ်ယောက်က သူတို့ ဘာသာ စကားဖြစ်သည့် ရေ၀တီ စကားဖြင့် ချိုချိုသာသာ ပြောခြင်းဖြစ်၍ ဂျီလီယံ ပါလာသည်မှာ ကျွန်တော့် အတွက် များစွာ ခရီးရောက်နေသည်။

လူမှုရေး ထူးချွန်ဆုကို မှန်းပြီး သည်မိန်းကလေးက အကူအညီပေးနေခြင်း မဟုတ်ပါ။ ဂျီလီယံသည် ပင်ကို အားဖြင့် ရိုးသားမြင့်မြတ်သော စိတ်ထားဖြူစင်သော မိန်းကလေးတစ်ယောက် ဖြစ်ပါသည်။
နောက်တစ်နေ့ မနက်တွင် တရားခွင်ကို ကျွန်တော် သွားရောက် နားထောင်လိုကြောင်း ဆရာကြီးထံ ခွင့်ပန် လိုက်သည်။ ဥမမည် စာမမြောက် အရွယ်ကလေးတွေ တရားခွင်တွင် တရားခံဘ၀ဖြင့် သူတို့အရွယ်နှင့်မမျှ သည့်တရားပဒေ တည်းဟူသော အလျော့အတင်းမရှိ တရားစီရင်ရေး စက်ယန္တရားကြီးကို မည်သို့ မည်ပုံများ ရင်ဆိုင်ကြမည်ကို ကျွန်တော် လေ့လာမှတ်သားလိုပါသည်။

တနင်္လာနေ့ မနက် ၁၀ နာရီတွင် တရားရုံးသို့ ကျွန်တော် ရောက်သည်။ ဧည့်ခန်းထဲတွင် ကလေးသူငယ် တွေ၊ မိဘတွေ နှင့် ပြည့်ကျပ်နေသည်။ အများအားဖြင့် ပြစ်မှုကျူးလွန်သည့် ကလေးတွေမှာ ကျောင်းသား အဟုတ်ကြကြောင်းနှင့် ဖောက်ထွင်းမှု။ ခိုးယူမှု၊ မိန်းကလေးများအား အကြမ်းပတမ်းပြုမှုတွေ များပြားကြောင်း သိရသည်။
ကျွန်တော်က ရဲအရာရှိများကို လာရင်းကိစ္စပြောပြီး ဆိုင်ရာ တရားရုံးခန်းထဲသို့ ၀င်ခွင့်တောင်းသည်။ ဖာမင် ကို သူ့မိသားစုနှင့်အတူ ရုံးခန်းထောင့်တွင် တွေ့ရ၏။ သူနှင့်ရွယ်တူ တရားခံ ကလေးများမှာ ဘာကိုမှ ဂရုမစိုက်သလို ပျော်ပျော်ပါးပါးပင်။ သို့သော် ကျွန်တော့် တပည့်ကလေးဖာမင်မှာ သူ့မိဘများနှင့်အတူ ညိုးငယ်နေရှာသည်။

တရားရုံးခန်းမှာလုံးဝ ခမ်းခမ်းနားနား မရှိပါ။ တရားရုံးခန်းနှင့် မတူပါ။ လေးထောင့် အခန်းကျဉ်းကျဉ်းကလေး အလယ်တွင် ခပ်စုတ်စုတ် စားပွဲခင်း လွှမ်းထားသည့် ခေါက်စားပွဲများ ချထား၏။ စားပွဲသုံးဖက်မှာ ကုလား ထိုင်တွေ ချထားပြီး တစ်ဖက်တွင် မိဘနှင့် အုပ်ထိန်းသူများ ထိုင်ရန် ခုံတန်းရှည်များ ချထားပေးသည်။

အမျိုးသား တစ်ယောက်နှင့် အမျိုးသမီးနှစ်ယောက် ပါဝင်သည့် တရားရေးအဖွဲ့ နေရာယူလိုက်ကြသည်။ စားပွဲ တစ်ဖက်တစ်ချက်တွင် ရှေ့ဖက်စာရေးနှင့် ဘီလစ်စာရေးကြီးက နေရာယူသည်။ ကလေးသူငယ် များ စောင့်ရှောက်ရေးအသင်းမှ ကိုယ်စားလှယ်များလည်း ရုံးခန်းတွင်းသို့ ၀င်လာကြ၏။ ပြည်သူ့ရဲ အမျိုးသမီး၊ အမျိုးသား ၀န်ထမ်းများလည်း တံခါးဝတွင် စုပြုံ ရပ်နေကြသည်။
ပထမဆုံး ကြားနာစစ်ဆေးသည့် အမှုမှာ ၁၄ နှစ်အရွယ် ပါးအို့နီနီနှင့် ကလေးမတစ်ယောက်၏ အမှု။

ကိုယ်ခန္ဓာ ထွားကျိုင်းဖွံ့ဖြိုးပြီး ဂျစ်ကန်ကန် အမူအရာဖြင့်။ ခပ်ငယ်ငယ် အမျိုးသမီး ရဲတစ်ယောက် ရှေ့ထွက် လာပြီး စွဲချက်ကို အနိမ့်အမြင့် မရှိသည့် လေသံဖြင့် ဖတ်ပြသည်။ ဒုတိယအကြိမ် ကြားနာစစ် ဆေးသည့် အမှုဖြစ်သည်။ ကလေးမ၏ နောက်ကြောင်း ရာဇ၀င်ကို စုံစမ်းစစ်ဆေးနေစဉ် ရဲက ထိန်းသိမ်း ထားခြင်း ဖြစ်သည်။ စွဲချက်တွင် ကာယိနြေ္ဒမဲ့မှုကြောင့် အကြင် မိန်းကလေးအား အထိန်းအသိမ်း အစောင့အရှောက်နှင့် ထားသင့်ကြောင်း ဖော်ပြထားသည်။

လူငယ် လူရွယ်ပေါင်းများစွာကို လက်ခံပြီး ကိုယ်ဝန်ရှိလာသည့်အခါ ကလေးအဖေကို ကာယကံရှင် မိန်းကလေးကိုယ်တိုင် မသိတော့ဟု ဆို၏။ စွဲချက် တွင် မိန်းကလေး၏ ဖြစ်ကြောင်းကုန်စင်များကို အသေးစိတ် ဖော်ပြထားသည်။ တရားခံ မိန်းကလေးသည် နှုတ်ခမ်းကို တင်းတင်းစေ့ကာ နားထောင်နေ၏။ အရွယ်ငယ်သော်လည်း စွဲချက်ကို ဖော်ပြနေသည့် ရဲ အမျိုးသမီးထက် အတွေ့အကြုံ ရင်ကျက်နေပုံ။ ၁၄ နှစ်အရွယ်တွင် မိခင်လောင်း ဖြစ်နေသည့် မိန်းကလေး။

ဆင်းရဲမွဲတေခြင်းနှင့် အသိဥာဏ် နည်းပါးမှုကြောင့် ဘ၀ပျက်ရခြင်းဖြစ်သည်။ အတောင့်သား ထိုင်နေသည့် အဒေါ်လုပ်သူက ခွင့်မလွှတ်နိုင်သည့် အမူအရာကို ပြနေ၏။ စွဲချက်ထဲက စကားလုံးများကို ကလေးမ နား လည်ဟန်မတူ။ စိတ်ဝင်စားပုံလည်း မရ။ ဤသို့ အများပြည်သူ နားမလည်နိုင်သည့် စကားလုံးများကို သုံးနှုန်း ခြင်းကပင် တရားရုံးများ၏ အစဉ်အလာ ဖြစ်နေသည်ထင်၏။
အမှု၏ ခေါင်းစဉ်ကိုပင် ကြည့်ပါ။ " ကာယိနြေ္ဒမဲ့မှု " တဲ့။ ကလေးတွေ နားလည်လွယ်အောင် သည့်ထက် လွယ်သည့် စကားလုံး မရှိကြလေရော့သလား။

တရားသူကြီးက စိတ်မချမ်းသာစရာကောင်းသည့် အမှုကို ကြားနာပြီး နံဘေးမှ အဖွဲ့ဝင်များနှင့် တီးတိုး တိုင် ပင်နေသည်။ ပြီးတော့ တရားခံ ကလေးမကို ကြင်နာစွာ မေးသည်။
" ခု ဖတ်ပြသွားတာတွေ အားလုံး ကလေးမ နားလည်ရဲ့လားကွယ် "
" ဟုတ်ကဲ့ "
" မင်းမှာ ဘာများ ပြောစရာ ရှိသေးလဲ "
" ဘာမှ မရှိပါဘူး "
" မင်း ဒီလိုလုပ်တဲ့အတွက် မင်းအဒေါ် ဘယ်လောက် စိတ်ဆင်းရဲရတယ်ဆိုတာ မင်း သဘောပေါက် ရဲ့လား"
ကလေးမ က ပခုံးတွန့်ရုံ တွန့်ပြသည်။ သူ့အဒေါ် ဘာဖြစ်နေနေ စိတ်မ၀င်စားဟန်။

တရားသူကြီးမင်းက ရဲဝန်ထမ်း တစ်ယောက်ကို ကလေးမ၏ ကျောင်းထောက်ခံစာကို ဖတ်ပြခိုင်းသည်။ စာကြိုးစားကြောင်း၊ ဥာဏ်ကောင်းကြောင်း၊ အပေါင်းအသင်းများနှင့် သဟဇာတဖြစ်ကြောင်းများ ကျောင်း ထောက်ခံစာတွင် ဖော်ပြထားသည်။ အောင်ချက် အဆင့်လည်း မြင့်သည်။ ကျောင်းတက်လည်း မှန်သည်။
သည်မျှနှင့် လုံလောက်သည်ဟု ကျွန်တော် မထင်ပါ။ သူ့လိုပင် စာတော်သည့်၊ အဆင့်မြင့်သည့် ကျွန်တော့် အတန်းထဲမှ တပည့်ကလေးများနှင့် ယှဉ်ကြည့်မိပါသည်။

ကျောင်းချိန်ပြင်ပ သူတို့ဘ၀ကို ကျွန်တော်တို့ ဘယ်လောက်ထိ သိနိုင်ပါမည်လဲ။ သူတို့ အလွန်မတန် ဂုဏ် ယူဝင့်ကြွားသည့် အပျိုဘော်ဝင်စ သူတို့၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုတွေကို သူတို့ ထိန်းချုပ် ကြပုံကို ကျွန်တော်တို့ မသိနိုင်ပါ။ သူတို့ကို စည်းရုံးသိမ်းသွင်းသည့် သို့မဟုတ် အားကျစေသည့် အကျင့်ပျက် မိန်းမတွေ၊ ပေါ့ပေါ့နေ ပေါ့ပေါ့စားတွေ သူတို့ ပတ်ဝန်းကျင်မှာ မရှိဘဲနေမည် မဟုတ်ပါ။ ကျောင်း ဆရာတစ်ယောက် အနေဖြင့်သည်အထိ ကျွန်တော် မည်သို့ လွှမ်းမိုးနိုင်ပါမည်နည်း။

ကံမကောင်း အကြောင်းမလှသည့် မိန်းကလေးများသည် ယခု ကျွန်တော့်ရှေ့မှ မိန်းကလေးကဲ့သို့ပင် ရေတိမ် နစ်နိုင်ပါသည်။ ဆယ်ကျော်သက် အရွယ်မှ ရုန်းထွက်ပြီး အပျိုဘ၀ကို လုံးလုံးဝင်တော့မည့် သူကလေး တို့၏ စိတ်ဓာတ် အပြောင်းအလဲကို မည်သို့ သိနိုင်ပါမည်လဲ။
သည်နေ့ စာသင်ခန်းထဲတွင် ရှိနေပြီး အကြောင်းမလှသဖြင့် မနက်ဖြန် အလုပ်ခွင် ၀င်ကြရမည့် သူကလေးများအတွက် ကလေးဘ၀ ဘယ်မှာ ဆုံးပြီး လူကြီးဘ၀ ဘယ်မှာ စသည်ကို ဘယ်သူ ထောက်ပြ နိုင် ပါမည် လဲ။

ကိုယ့်ဝမ်းစာ ကိုယ်ရှာစားနိုင်သည့် အရွယ်ရောက်လျှင် ဘာကြောင့် သူတို့ကို အရွယ်ရောက်သူများအဖြစ် အသိအမှတ် မပြုနိုင်ရမည်လဲ၊ အရွယ်ရောက်သူများလို ဘာကြောင့် ပြုမူခွင့် မရှိခြင်းလဲ။
သမိုင်း၊ ပထ၀ီဝင်၊ သင်္ချာနှင့် ဘာသာရေး သင်ခန်းစာများကို သင်ကြားပေးနေကြ၏။ ဒါနဲ့ လုံလောက်နေပြီ လား။ ကျွန်တော်သည် တပည့်များနှင့် အတန်းထဲတွင် လူ့ဘ၀အကြောင်းကို ဆွေးနွေးပါသည်။
သို့သော် သူတို့အရွယ်နှင့် အတွေ့အကြုံ နုနယ်မှုကို ထောက်ပြီး အရိပ်အမြွတ်မျှသာ ပြောလို့ဖြစ်သည့် ကိစ္စ များရှိပါသည်။ ဥပမာ ဂရာဝါသကိစ္စ။ သူတို့ကို နိမိတ်ပုံလောက်ဖြင့်သာ ကျွန်တော် ပြောနိုင်ပါသည်။ သည် ကြားထဲမှပင် ကျွန်တော့် သင်ကြားမှုများကို သူတို့ တလွဲအဓိပ္ပာယ် ဖွင့်မည်ကို စိုးရိမ်နေရပါသေးသည်။

" ကဲ ကလေးမ၊ မင်းအဒေါ်က မင်းကို ပြန်ခေါ်ဖို့ အခြေအနေ မရှိဘူး၊ ဒီတော့ မင်း မွေးဖွားပြီးတဲ့အထိ အမျိုးသမီး စောင့်ရှောက်ရေးဂေဟာမှာ မင်းကို ထားပေးမယ်။ ဟုတ်ပြီလား "
တရားသူကြီး လုပ်သူက တကယ့် ဖခင်ကောင်းတစ်ယောက်လို စိတ်ထိခိုက်စွာ ပြောနေခြင်းဖြစ်၏။ အတွေ့ အကြုံရင့်ကျက်လှပြီဖြစ်၍ တရားသူကြီးသည် ကလေးမ၏ မထီမဲ့မြင် ဗဟိဒ္ဓသဏ္ဍာန် နောက်ကွယ်မှ အား ငယ်ခြင်း၊ ကြောက်ရွံ့ထိတ်လန့်ခြင်း စသည့် အဇ္ဈတ္တကို ထိုးဖောက်မြင်နေဟန်တူပါသည်။

စင်စစ် သည်ကလေးမ၏ ပြစ်မှုမှာ လောကအကြောင်း ဘာမှမသိခြင်းပင် ဖြစ်ပါ၏။ အမျိုးသမီး အစောင့် အရှောက်တွေ ခြံရံလျက် ကလေးမကို ချက်ချင်း တွဲခေါ်သွားသည်။
အမှုပေါင်းများစွာ ဆက်လက်စစ်ဆေးပြီးမှ ဖာမင် အလှည့်သို့ ရောက်သည်။ မိဘတွေရှေ့မှ ခေါင်းငိုက်စိုက် ချပြီး ဖာမင် ၀င်လာသည်။ ညာဘက် လက်ကို သိုင်းကြိုးဆိုင်းလျက်။
ရဲသားတစ်ယောက် စွဲချက်ကို ဖတ်ပြသည်။ သူ ဖတ်နေပုံက ဘာသာမျိုးခြား စာစကားကို ဖတ်ကြားနေသည့် အလား။ နောက်ဆုံးမှ အဓိက စွဲချက်များကို တန်းစီ ချပြသွားသည်။

တစ် ။    ။ အသွား ၈ လက်မရှိသည့် သေစေနိုင်လောက်အောင် လက်နက်ကို ကိုင်ဆောင်ခြင်းကိစ္စ၊
နှစ် ။    ။ ကိုယ်ထိလက်ရောက် အနာတရဖြစ်အောင် ပြုမူခြင်း။
သုံး ။    ။ တမင်တကာ ရည်ရွယ်ချက်ဖြင့် အနာတရ ဖြစ်စေခြင်း။

ဓားကလေးကို ရုံးတော်တွင် သက်သေခံပစ္စည်းအဖြစ် တင်ပြထားသည်။ ကျွန်တော့်အနေဖြင့် ဘာမှ အပြစ်မရှိသည့် ချစ်စရာ အရာဝတ္ထုကလေးအဖြစ်သာ မြင်နေမိပါသည်။ ဘော်ဘီ ဒဏ်ရာရပုံကို ရဲသားက အသေးစိတ် ဖတ်ပြတော့ ဖာမင့် မျက်နှာကလေး ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။ စာရေးကြီးက ရဲသားကို မကြာ ခဏ ကြားဖြတ်မေးသည်။
ဖာမင်၏ ကျောင်းထောက်ခံစာနှင့် စွဲချက်မိတ္တူများကို ရုံးတော်သို့ တင်ပေးလိုက်သည်။

" ဒီကလေးဟာ အရင်က ပြစ်မှုကျူးလွန်ခဲ့ဖူးသလား "
တရားသူကြီးက မေးတော့ အမှုလိုက် ရဲအရာရှိ တစ်ယောက်က ထ ဖြေသည်။
" မကျူးလွန်ဖူးပါဘူး ခင်ဗျာ။ ဒဏ်ရာ ရသွားတဲ့ သူငယ်ကတော့ ကျူးလွန်ခဲ့ဖူးပါတယ်။ သူ့အမေကို မီးဖုတ် ထားတဲ့ သံချွန်နဲ့ ထိုးတဲ့ သူငယ်ပါ။ သူ့ကို တစ်နှစ်အတွင်း ကောင်းမွန်စွာ နေဖို့ ရုံးတော်က အမိန့်ချမှတ်ထား ပါတယ် ခင်ဗျ "
" သူ ဆေးရုံမှာ ဘယ်လောက်ကြာကြာ နေရမတဲ့လဲ "

" ခြောက်ပတ်လောက် ကုရမယ်လို့ ဆရာဝန်တွေက ခန့်မှန်းပါတယ် ခင်ဗျ "
" ကျေးဇူးတင်ပါတယ် "
တရားသူကြီးက ဖာမင့်ဘက်ကို လှမ်းကြည့်လိုက်၏။ ဖာမင်ကလေးသည် ဒူးခွေကျသွားမတတ် ဖြစ်သွား သည်။
 " မင်းစွဲချက်က သိပ်ပြင်းထန်တယ် သူငယ်၊ သိပ်ကံကောင်းလို့သာ ဒီထက် မဆိုးတာ၊ ဆေးစာအရ ဒါထက် နည်းနည်း ကလေး အထဲဝင်သွားရင် ဒီထက် နည်းနညိးကလေး အားစိုက်လိုက်ရင် ဒီနေ့ မင်းဟာ လူသတ် သမားဖြစ်နေပြီကွယ် "

ဖာမင်ကလေးမှာ မြင်သာအောင်ပင် တုန်တုန် ယင်ယင် ဖြစ်လာသည်။ ရဲသားတစ်ယောက်က သူ့အနား တိုး သွားပြီ -
" တရားသူကြီးမင်း ခင်ဗျား၊ သူ့ကို ကုလားထိုင်ပေးဖို့ ခွင့်ပြုနိုင်ပါသလား ခင်ဗျာ "
" ပေးလိုက်ပါ။ ပေးလိုက်ပါ။ ထိုင်ပါစေ " ဟု အေးစက်စက်အသံဖြင့် လိုက်လျောသည်။ တရားသူကြီးမင်းက နံဘေးမှ အမျိုးသမီး တရားရေး အဖွဲ့ဝင်များနှင့် ခေါင်းချင်းရိုက်ပြန်၏။ ပြီးတော့ စားပွဲပေါ်က ဓားကလေးကို ကောက်ကိုင် ကြည့်သည်။

" ကျုပ်တို့နိုင်ငံမှာ ဒီလိုလက်နက်မျိုးနဲ့ ဒီလို ပြစ်မှုမျိုး ကျူးလွန်တာကို ပြင်းပြင်းထန်ထန် ရှုတ်ချကြတယ်။ အစိုးရအနေနဲ့ ဒီလို လူ့အသက်ကို အန္တရာယ်ဖြစ်စေတဲ့ လက်နက်မျိုး ထုတ်လုပ်ရောင်းချမှုကို လုံးဝ ပိတ်ပစ် သင့်တယ်။ ဒီလက်နက်မျိုးဟာ ဘာမှ အသိဥာဏ်မရှိတဲ့ မိုက်ရူးရဲ ကလေးတွေရဲ့ လက်ထဲမှာဆိုရင် ပိုပြီး အန္တရာယ်ကြီးတယ် "
ကြားနာသူတွေ တွေးတောစဉ်းစားချိန် ရရန် အချိန်ပေးသည့် အနေဖြင့် တရားသူကြီးက ခေတ္တ ရပ်ထား လိုက်သည်။

" မပေါက်ကွဲသေးတဲ့ ဗုံးတစ်လုံးကို ကလေးလက်ထဲ ဆော့ဖို့ ပေးထားတဲ့ မိဘကို ကျုပ်တိုပ ပြင်းပြင်းထန် ထန် ရှုတ်ချ ရလိမ့်မယ်၊ ကျုပ်တို့ ဆင်ခြင်တုံ တရားနဲ့ တွက်ကြည့်လို့ရတယ်၊ ဒီလို ပစ္စည်းကလေးဟာ ... "
တရားသူကြီးက လက်ထဲမှ ဓားကလေးကို မောင်းနှိပ်လိုက်သည်။ ၈ လက်မရှည်သည့် သံမဏိအသွား ကလေး လက်ခနဲ ခုန်ထွက်လာသည်။
" ဟောဒီလို ပစ္စည်းကလေးဟာ ခုတင်က ကျုပ်ပြောတဲ့ ကလေးလက်ထဲက ဗုံးလိုပဲ အန္တရာယ်ကြီးတယ်။ ဒီ လက်နက်ကလေးကို ဒီထက်များတဲ့ အားနဲ့သုံးလိုက်ရင် ဟိုတစ်ယောက်ရဲ့ အသက်တစ်ချောင်း ပစ်လိုက်ရပြီး၊ ၀ိုင်းငိုလို့လည်း ပြန်ရှင်လာမှာ မဟုတ်တော့ဘူး "

အဆောင်အယောင် အခမ်းအနား မလှပသည့် အခန်းကလေး မဟုတ်တော့ပေ။ အောင်မြင် လေးနက်သည့် အသံသည် သြဇာအာဏာ အပြည့်ဖြင့် နိမ့်လိုက်မြင့်လိုက် ပေါ်ထွက်နေ၏။ တရားဥပဒေ၏ ဂုဏ်သတ္တိသည် ခွန်နှင့်အားနှင့် လွှမ်းမိုးလာ၏။
" ရုံးတော်အနေနဲ့ ဒီသူငယ်နဲ့ သူ့မိဘတွေရဲ့ ထွက်ချက်ကို လော့သုံးသပ်ပြီးပါပြီ၊ ဒီဓားကလေးကို လက်နက် အဖြစ် ယူဆောင်သွားခြင်းမဟုတ်ကြောင်း ရုံးတော်က သံသယကင်းကင်းနဲ့ ယုံကြည်လက်ခံပါတယ်။ လူကြီး တွေက ခိုင်းလို့ ဆံပင်ညှပ်ဆိုင် ကို သွေးဖို့ ယူသွားတာပဲ၊ ဘာမှ ထူးဆန်းတဲ့ကိစ္စ မဟုတ်ဘူး၊ ခါတိုင်း လည်း ဒီကလေး ကို ခိုင်းနေကျပဲ။ ဒါပေမဲ့ ဒီတစ်ခါတော့ အလွန့်အလွန် စိတ်မချမ်းသာစရာတွေ ဖြစ်လာတယ်။

" ဘယ်သူမဆို အန္တရာယ်ပြုခံရရင်၊ အထူးသဖြင့် ကိုယ့်ထက် ခွန်အားကြီးမားသူရဲ့ ရန်ပြုခံရရင် ထိတ်လန့် ကြောက်ရွံ့စိတ်နဲ့ လက်လှမ်းမှီရာ လက်နက်ကို ဆွဲပြီး ခုခံတတ်ကြတာ ဓမ္မတာပါပဲ။ ဒီသူငယ်ဟာလည်း ဒီ အတိုင်းပဲ။ သူ့ထက် အားကောင်းမောင်းသန် တစ်ယောက်ကို သတ်ပုတ် ခုခံရာကနေ ရည်ရွယ်ချက် မရှိဘဲ ကိုယ့်ကိုယ်ကိုယ် ကာကွယ်မိရာက လက်လွန်သွားတာပဲ ဖြစ်တယ်။
" ကျုပ် မောင်ရင့်ကို သတိပေးချင်တယ် ပက်ထရစ်၊ နောင်ကို ဘယ်လို လက်နက်မျိုးကိုမှ မောင်ရင် မကိုင် ပါနဲ့။ မောင်ရင် ကိုယ်တိုင်ရော၊ မောင့်ရင့် မိဘတွေရော ဒီအဖြစ်အပျက်ကြောင့် အကြီးအကျယ် စိတ်ဒုက္ခ ရောက်ခဲ့ကြတာဟာ သင်ခန်းစာယူဖို့ အကောင်းဆုံး အချက်ပဲ "

တရားသူကြီးမင်းသည် ကျွန်တော်တို့ ကျောင်းဘက်ကို လှည့်လာသည်။ ကျောင်းနာမည်ကို ထုတ်ဖော် ကြေ ညာခြင်း မပြုသော်လည်း ဂရင်းစလိတ် ကို ရည်ညွှန်းနေကြောင်း သိသာပါသည်။ သူ့ဝေဖန်ချက်တွေက တဖြည်းဖြည်း ပြင်းထန်လာသည်။ " လွတ်လပ်စွာ စည်းကမ်းထိန်းသိမ်းမှု"ကို အပြတ်အသတ် သရော်သည်။

သည်စနစ်ကို သည်နယ်မြေထဲက ကျောင်းတစ်ကျောင်းတွင် ကျင့်သုံးနေကြောင်း၊ သည်လို ကျောင်းမျိုးတွေ ကလူသော့ လူသွမ်း လူသရမ်း ကလေးတွေ မွေးထုတ်နေကြောင်း၊ သည်လိုကျောင်းမှ စိတ်ကူးယဉ်သမား များသည် လူငယ်များ၏ အကျိုးထက် အပြစ်ကို ဦးတည်နေကြကြောင်း၊ သူငယ်များကို လမ်းလွဲလိုက်အောင် တွန်းပို့နေကြကြောင်း စသည်ဖြင့် တိုက်ခိုက်ဝေဖန်သည်။
" သူတို့ကို ယုံမှတ်လို့ ကလေးတွေကို မိဘတွေက ပုံအပ်ထားတာ ဖြစ်ပါတယ်။ ဒီလူတွေဟာ သူတို့ရဲ့ အပြစ်အတွက် သူတို့ ခံကြရမှာ ဖြစ်တယ် "

တရားသူကြီးမင်းသည် ဂရင်းစလိတ် ဝေဖန်ရေးကို ရပ်လိုက်ပြီး ဖာမင်ဆီသို့ အာရုံစိုက်လိုက်ပြန်သည်။ ပြင်း ထန်လှသည့် တရားသူကြီး၏ စကားလုံးများကြောင့် ဖာမင်ကလေးမှာ မျက်နှာပျက်ကာ ဇက်ကလေးပုပြီး ထိုင်နေသည်။ သိုပသော် သူ့ဘက်လှည့်ပြီး စကားပြန်စတော့ တရားသူဘကီး၏ အသံမှာ အေးမြနေပြန် သည်။ ဦးလေးသားချင်း တစ်ယောက်က တူသား နောင်မယ်ကလေးကို ဆုံးမနေသည့်အလား။

တရားသူကြီးက ဖာမင်အနေဖြင့် ၄င်းကိုယ်တိုင်ရော မိဘများပါ အကြီးအကျယ် စိတ်ဒုက္ခခံစားခဲ့ကြရပြီး ဖြစ် ကြောင်း၊ ဤသည်ပင်လျှင် ပြစ်ဒဏ်ဟု မိမိ သတ်မှတ်ကြောင်း။
သို့သော် သူငယ်အတွက် အကောင်းဆုံး စဉ်းစားပြီး တစ်နှစ်အတွင်း ကောင်းမွန်စွာ နေကြောင်း ရဲစခန်းတွင် အပတ်စဉ် သွားရောက် လက်မှတ်ထိုးရန်များ ပြောကြားပြီး သူတို့ မိသားစုကို ပြန်ခွင့်ပေးလိုက်သည်။ မိသားစုသည် မျက်ရည်တွေကြားထဲက တရားသူကြီးကို ကျေးဇူးတင်စွာ လှမ်းကြည့်ပြီး ရုံးခန်းထဲမှ ထွက် သွားကြသည်။

ကျွန်တော် သွားနှုတ်ဆက်လျှင် သူတို့ အနေရကျပ်မည်စိုး၍ သူတို့ ထွက်သွားပြီး အတန်ကြာမှ ကျွန်တော် ထွက်လာခဲ့သည်။
တရားရေးဌာနမှ ကျွန်တော်တို့ ကျောင်းအပေါ် တစ်ဖက်သတ် အမြင်ကို ကျွန်တော် လုံးဝ လက်မခံပါ။ သို့ သော် တစ်ခုတော့ ကျွန်တော် အမြတ်ရလိုက်သည်။ ကလေးတွေနှင့် ပတ်သက်ပြီး ကျွန်တော်တို့ တာဝန် သည် ကျွန်တော် ထင်သည်ထက် အပုံကြီး ပိုနေပါကလား ဟူသည့် အသိကို ရလိုက်ခြင်းဖြစ်ပါ၏။
------------------------------
ဆက်ရန်
.

1 comment:

စံပယ်ချို said...

မအားတာနဲ့ ၂ ရက်ရှိပြီ မရောက်ဖြစ်တာ
ခုမှရောက်ပြီးစာအကြွေးတွေဖတ်နေတာပါ
ဆက်ဖတ်နေတယ်လေအမရွှေစင်ရေ