Tuesday, June 7, 2011

တင်မောင်မြင့် ဘာသာပြန် သတင်းမုဆိုး အပိုင်း (၃၁)

အခန်း(၄၃)
ဂျိန်း

"စိန်လူးဝစ် တောမြို့ကလေး ဂျိန်းနှင့် မင်ဟက်တန် ရပ်ကွက်သူ ဂျိန်းသည် တစ်ယောက်စီလို ဖြစ်နေလေပြီ။ ဂျိန်းသည် ပဉ္စလက်အတတ်ဖြင့် ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲပစ်သလို ပြန်တွေ့ရ၏။
မင်ဟက်တန်တွင် လေးနှစ်နီးပါး နေပြီး နောက်တွင် ဂျိန်းသည် မြို့ကြီးသူတစ်ယောက်လို ဆင်ယင် ထုံးဖွဲ့တတ်လာ၏။ အနက်နှင့် မီးခိုးရောင်ကို ရွေးဝတ်လေ့ရှိ၏။ လိမ္မော်ရောင် တောက်တောက်နှင့် အစိမ်း ရင့်ရောင် ကိုလည်း ရံခါတွင် ၀တ်ဆင်၏။

ဧရာမ တင်ပါးနှင့် ပေါင်တံတွေကို အတွင်းခံ မျိုးစုံဖြင့် စည်းကျပ်တုတ်နှောင်ထားသည့်အခါ သူ့ပုံစံ သည် ခေတ်နှင့်အညီ ဖြစ်လာ၏။ အမြှုပ်သေဘီယာဖြင့် လိမ်းကျံ တောင့်တင်းစေပြီး ဆံပင်ကို ဆိုဒါဘူးခန့်  အလုံး အလုံးများ ဖြစ်အောင် ထုံးနှောင်၏။ နေသောခြောက်သွေ့သည့် နေ့များတွင် သူ့ဆံပင်သည် ဘယ်တုန်းက မှနှင့် မတူအောင် ရှုချင်စဖွယ် ရှိပြီး စိုထိုင်းဆများသည့် အိုက်စပ်စပ် နေ့များတွင်တော့ ထုံးစံအတိုင်း ရှုပ်ပွလျော့ပြေကာ အကြည့်ရဆိုးမြဲ ဆိုးလျက်။ မည်သို့ရှိစေ အေးမြမြနေသောရက်များတွင် ဂျိန်းသည် စိတ်ပျက် စရာ ကောင်းလှသည့် သူ့ဆံပင်တွေကို ကျေနပ် လျက် ရှိ၏။
 
မင်ဟက်တန်သူ ဂျိန်းသည် စိန်လူ့ဝစ်သူ ဂျိန်းနှင့် အပြောအဆို ကိုယ်နှုတ်အမူအရာတွင်လည်း ကွဲပြားခြားနား လေသည်။ "သောက်" ဆိုသည့် စကားလုံးကို လျှာတွေ့ပြီး နှုတ်ဖျားမှ မချသည့် ဂျိန်းသည် ယခု ဖရုဿဝါစာ ကို ရှောင်ကြဉ်တတ်နေပြီ မူးရီမူးဝေ ငြိမ့်ပြေပြေကလေး ဇိမ်ယူရသည့် စီးကရက်မျိုးကိုလည်း ရံဖန်ရံခါ ကြုံမှ ဆုံမှသာ သုံးစွဲဖြစ်တော့သည်။ ခြုံ၍ ဆိုရလျှင် ဂျိန်းသည် တဖြည်းဖြည်းနှင့် လောကနီတိ၏ သမီးပျို ဖြစ်မှန်း မသိ  ဖြစ်လျက် ရှိ၏။

ကာယိဝက ဝေဒနာခံစားရမှ ကမဂုဏ်စိတ် နိုးကြွမှု အကြောင်းများကို စိတ်ကုဆရာဝန်တစ်ယောက် လို ပြောတတ် လာ၏။ နာမည်ကျော် ၀ိုင်အရက်များအကြောင်းကို ၀ိုင်အမြည်းသမား တစ်ယောက် လို ပြောနိုင်၏။ စာပေလောက၏ ရာခိုင်နှုန်းအကြောင်း၊ ကိုယ်စားလှယ်ကြေးမှာ အကြောင်းများကို လည်း နှိုက်နှိုက်ချွတ်ချွန် ပြောနိုင်၏။ အနီးအဝေး၊ အသွေးအရောင်၊ အမှောင်အလင်းနှင့် အမြင် အင်ပရက်ရှင်နစ်ဇင် အကြောင်းကို အရှေ့ရွာ ပန်းချီဆရာတစ်ယောက်လို ခံစားပြနိုင်၏။ စိန်လူးဝစ် တွင် မကြားဖူးခဲ့သည့် ဘာသာခြား စကားလုံး များကိုလည်း ညှပ်ပြောတတ်လာ၏။

ဂျိန်း၏ ဗဟဒ္ဓိသဏ္ဍာန်သည် တောမြို့ကလေးဘ၀မှသည် မြို့ပြ၏ သမီးပျိုအဖြစ်သို့ ပြောင်းလဲ လျက် ရှိ၏။ စာလုံးပေါင်း အမျိုးမျိုးဖြင့် ခရမ်းရောင်၊ အစိမ်းရောင် ကလောင်များသုံးကာ လက်မှတ် တွေ မကျင့်တော့။ သို့ငြားလည်း မထင်မရှားဘ၀ဖြင့် သာမန် ဂျိန်း၊ ရွက်ကြမ်းရေကြို ဂျိန်း ဖြစ်မည် ကိုတော့ တွေးကြောက်နေဆဲ။
နယူးယောက်ကို ရောက်လာပြီးကတည်းက ၀တ္ထုတွေ ဆက်တိုက်ရေးပြီး မဂ္ဂဇင်း တိုက်ပေါင်းစုံသို့ ပို့သည်။ တစ်ပုဒ်မှ မစွံ၊ အိုဝင်နှင့် ရန်ဖြစ်ပြီး နောက်ပိုင်း ပိုဆိုးသည်။ ရေးသမျှ ဘယ်အပုဒ်ကိုမှ အဆုံးသတ်လို့မရ။

ဟိုတစ်စ သည်တစ်စ ၀တ္ထုတွေ စထားသည်။ ချီတုန်းကတော့ အဟုတ်။ နောက်ပိုင်း အဖျားရှူး သွားသည် ချည်း။
ပထမဆုံး ချရေးဖို့ အဖွင့်အကြောင်းတွေ မှတ်စုစာအုပ်ထဲတွင် အများကြီး တေးထားသည်။ စားသောက်ဆိုင်မှ စက္ကူလက်သုတ် ပ၀ါများပေါ်တွင်လည်း ရုတ်ခြည်းခေါင်းထဲပေါ်လာသည့် စကာလုံးတွေကို ကောက်ရေး ထားပြီး ဇာတ်လမ်းများဟု နာမည်ပေး၍ ဖိုင်တစ်ခု ဖွင့်ထားသည်။

စာအိတ်များပေါ်တွင်လည်း သွားရင်းလာရင်း နားထဲ ၀င်လာသည့် စကားလုံးများကို ရေးမှတ်သေး ၏။ တယ်လီဖုန်း သတင်းမှတ်သည့် စက္ကူ နောက်ကျောတွင်လည်း ဇာတ်သိမ်းပိုင်း လှည့်ကွက် ကလေးများကို ခေါင်းထဲ တွင် လျက်ပြက်သလို ပေါ်လာတိုင်း ခဲတံနှင့် ကောက်ခြစ်ထား၏။ မှတ်စု စာအုပ်ပေါင်း များစွာတွင်တော့ တစ်ပိုင်းတစ်စ ဇာတ်ကောင်စရိုက်များ၊ အချို့စာကြောင်းတွေက မဆုံး၊ အလယ်တွင် ရပ်ချင် ရပ်နေ၏။

ကနေဒီ လုပ်ကြံမှု ဆောင်းပါးတွေ ရေးပြီး ဇွဲကောင်းကောင်းနှင့် ရီဒါးဒိုက်ဂျက်စ် အပါအ၀င် တိုက်ပေါင်းစုံသို့ ပို့သည်။ သူကိုယ်ပိုင် စာတိုက်ပုံးထဲသို့ မှန်မှန် ပြန်ရောက်လာကြ၏။ အချို့တိုက် များက စာမူကို ကြိုက်နှစ်သက် ပါကြောင်း စာကလေးများ ပြန်ကြားပြီး ပုံနှိပ်ဖို့တော့ ဘယ်တိုက်ကမှ ယူမထားကြ။
အပယ်ခံစာမူတွေ များများလာသောအခါ တစ်ပိုင်းတစ်စ ရေးချခြင်းမျိုး သိပ်မလုပ်ဖြစ်တော့။ ငယ်ငယ်တုန်းက ဂီနီရူဘယ်လ် နှင့် ဖြစ်ခဲ့သည့် ကိစ္စကို ဘယ်တုန်းကမှ ဂျိန်း နောင်တ မရခဲ့။ ယခု စာရေးမရသည့်အတွက်မူ နောင်တ တွေ ရလို့ မဆုံး ဖြစ်နေသည်။

သည်လို ဖြစ်ရတာ သူ့ကြောင့် ဆိုပြီး အိုဝင်အပေါ် အပြစ်ပုံချသည်။
သူ့ကြောင့် သူ့ကြောင့် ဂျိန်း စာရေးလို့မရတာ ဟု ဆရာသမားလုပ်သူ ဂလင်ကို ဂျိန်းက မကျေ မချမ်း တိုင်တည်သည်။ ဂလင်က "ခု ဘာတွေ ရေးလဲ" ဟု မကြာမကြာ မေးတတ်၏။
ခုတလော လက်နှိပ်စက် စားပွဲတွင် ထိုင်တာ မတွေ့သဖြင့်၊ အကျိုးအကြောင်းမေးသည့် ၀ီလ်မာကို တော့ "သူ့လို ချစ်မိတော့ တိမ်းတိမ်း ပွေပွေ ဖြစ်တာပေါ့ဟာ၊ ခု ငါနေသားကျလာပါပြီ" ဟု ရင်ဖွင့် သည်။
အဖေနှင့် အမေက ဂျိန်း၏ စာမူတွေ အခြေအနေကို သိချင်ကြသည်။
"ဂလင် အတွက် လုပ်ပေးရတဲ့ အလုပ်က တာဝန်သိပ်ကြီးတယ်၊ စာရေးချိန် လုံးဝ မရဘူး" ဟု အိမ်ကို အကြောင်းပြ ထား၏။

ဂျိန်းအကြောင်းသိသည့် အပေါင်းအသင်း အားလုံးက ဂျိန်းလက်ရာ ဖတ်ဖို့ စောင့်နေကြသည်။ ၀တ္ထု ဖြစ်ဖြစ် ဆောင်းပါး ဖြစ်ဖြစ် တစ်ခုတော့ ထွက်လာမည်ဟု မျှော်လင့်နေကြ၏။ ဘာမှ ထွက်လာစရာ မရှိကြောင်းကို ဂျိန်းတစ်ယောက် သာ အသိဆုံး ဖြစ်လေသည်။
ဤသို့ဖြင့် ၃၉မျဉ်းပြိုင် ထွက်လာ၏။ မနာလို ခံပြင်းစိတ်ဖြင့် ဂျိန်းတစ်ယောက်လောင်ကျွမ်း ရူးသွပ် သွားမတတ် ဖြစ်သွား၏။ အိုဝင် ကာဆယ်သည် မိမိ၏ အနုပညာဗီဇကို ဖျက်ဆီးပြီး မိမိကို  ခုတုံး လုပ်ခါ အောင်မြင်မှု ယူသွား သူ မဟုတ်လား။

စာအုပ် ဝေဖန်ခန်းမှ ဆောင်းပါးများကို ဖတ်ပြီး အဖျားတက်ချင်သလို ဖြစ်လာ၏။ ၀ါကျ တိုတို ကလေးများကို တိုက်ပွဲခန်း များတွင် သုံးထားခြင်းကို ဝေဖန်ရေး ဆရာတို့ ထောက်ပြ ချီးမွမ်းသည့် အခါ ဂျိန်းက အသံကုန်ဟစ်ပြီး သူ့အတွေးအခေါ်များ ဖြစ်ကြောင်း သူ့ပစ္စည်းများဖြစ်ကြောင်း ကြွေးကြော်သည်။
ပြည်သူ့ အခွင့်အရေးတိုက်ပွဲတွင် အုပ်စုများက ၃၉မျဉ်းပြိုင်တွင် ပါသည့် လူမည်းတပ်သားများကို ကရုဏာ ဖြစ်ကြောင်း လေသံထွက်လာတော့ သည်အကွက်တွေ၊ သည်ဇာတ်ကောင်တွေ ဘယ်ကရတယ်ဆိုတာ မေးလိုက် ချင်တယ်ဟု ဂျိန်းက ဂလင်ကို ထုတ်ပြောသည်။

တိုင်းမ်စ် စာအုပ်ဝေဖန်ရေး အယ်ဒီတာသို့လည်း ဂျိန်း စာရေးပို့သေး၏။ ဤသည် ဤသည်တို့မှာ မိမိ၏ အကြံပြုချက်များဖြစ်ကြောင်း၊ မိမိ ဇွတ်အတင်းထည့်ခိုင်းသဖြင့် သူထည့်ရေးဖြစ်ခြင်းကြောင့် စသည် စသည်။ လုံးဝ ပြန်စာ မရခဲ့။
ဂျိန်းက တွေ့သမျှကို သူ့မကျေနပ်ချက်တွေ ရင်ဖွင့်၏။ သတင်းစာတိုက်က သူ့စာကို လျစ်လျူရှု သည့် အကြောင်း လည်း ထည့်ပြော၏။

၃၉မျဉ်းပြိုင်တွင် ဂျိန်း၏ လုပ်အားတွေ ပါဝင်ခဲ့သည်ကို မည်သူမှ မသိကြ။ မည်သူမှ မသိနိုင်။ သူ့နာမည်ကို စာအုပ်ထဲတွင် ရည်ညွှန်းဖော်ပြခြင်း လုံးဝ မရှိ။ ဂျိန်းသည် ဒြပ်မဲ့အရိပ်တစ်ခုလို ဖြစ်နေ ၏။
အိုဝင်ဆိုသည့် သကောင့်သားသည် မိမိအား ကျေးဇူးတင်ကြောင်း စာလေးတစ်ကြောင်းတလေမျှ ထည့် ရေးဖော် မရ။ တရားစွဲဖို့ပင် စိတ်ကူးသေးသည်။ သို့သော် ဂျိန်းတွင် ရှေ့နေခ မရှိ။
တွေ့သမျှလူကို ပြောဖန်များတော့ အပေါင်းအသင်းတွေ ဂျိန်းကို ငြီးငွေ့လာကြသည်။ အကြောင်းစုံ မသိသူများက ဂျိန်း ပြောသမျှကို မယုံကြ။

စာအုပ်ဆိုင်တွေမှာ ၃၉မျဉ်းပြိုင်တွေ စီတန်းနေသည်ကို မြင်လျှင် ဂျိန်း ဒေါသ အမျက်ချောင်းချောင်း ထွက်၏။ သည်နေရာတွင် ဘာကြောင့် မိမိစာအုပ်တွေ တန်းစီး မနေနိုင်တာလဲ။ သည်ငွေတွေ ဘာကြောင့် မိမိ မရနိုင် တာလဲ။ စာအုပ်နောက်ကျောဖုံးမှ အိုဝင့် ဓာတ်ပုံမှာ ချောမောလှပနေ၏။ နေပူထဲတွင် စစ်ဝတ်စုံဖြင့် စီးကရက်ကိုင်ထားသည့်ပုံ၊ သူ့ကို သွားသတ်ရမလား ကိုယ့်ကိုယ်ကိုယ် သတ်သေရမလား နှစ်ခုစလုံး လုပ်ရ မလား။ ဝေခွဲမရ ဖြစ်နေ၏။

တွေးလေ တွေးလေ တရားနည်းလမ်းမကျလေ ဖြစ်နေကြောင်း တွေ့နေရ၏။ အိုဝင်သည် ယောက်ျား တစ်ယောက် ဖြစ်၍ အောင်မြင်မှုရသွားခြင်း ဖြစ်လေသည်။ ယောက်ျားများသာ စစ်မြေပြင် ထွက်ခွင့်ရှိသည်လေ။ သူတို့တတွေ အကြုံတွေ ရေးပြ၏။ လူတွေက သူတို့ကို ပါရမီရှင် တွေဟု သမုတ်ကြ၏။ မိမိ လည်း သူတို့လို ရှေ့တန်းရောက်ဖူးလျှင် ဘာကြောင့် သည်လို ၀တ္ထုမျိုး မရေးနိုင်ရမည်လဲ။
ဒေါသ သည်းထန်နေသည့်ကြားမှ စာရေးရာတွင် အတွေ့အကြုံ မည်မျှလိုကြောင်း ပါမောက္ခ အင်လာ၏ အဆိုအမိန့် ကို သွားသတိရသည်။ ပြဿနာမှာ မိမိတွင် ရှိထားသည့် အတွေ့အကြုံမျိုး ကို ဘယ်သူမှ ဂရု မထားကြ။

အရှေ့ရွာလို ရပ်ကွက်တွင် ဈေးပေါပေါ အခန်းကလေးတစ်ခန်းကို အပေါင်းအသင်းများ အကူအညီ ဖြင့် ရှာဖွေရခြင်းမျိုး၊ ပုံမှန်အလုပ်အကိုင် မရှိဘဲ နယူးယောက်တွင် အသက်ရှင်နေထိုင်ဖို့ နည်းလမ်း ရှာဖွေရခြင်းမျိုး မိမိစာမူ ကို ထုတ်ဝေဖို့ စိတ်ဝင်စားမည့်သူ တစ်ယောက်တစ်လေမျှ မရှိဘဲ စာရေး ဆရာဖြစ်ဖို့ ကြိုးစား နေခြင်းမျိုးများကို ဘယ်သူ စိတ်ဝင်စားမည်လဲ။
အိုဝင့်ဆီ ဖုန်းဆက်ဖို့ အကြိမ်တစ်သိန်းလောက် စိတ်ကူးမိသည်။ သို့သော် မဆက်ဘဲ တင်းထား နိုင်ခဲ့၏။ ဆက်ပြီး ဘာပြောရမည်လဲ၊ ပိုက်ဆံတွေ ခွဲပေးဖို့ တောင်းဆိုရမည်လား၊ ဂျိန်းက ငွေအတွက် ပြောနေတာမှ မဟုတ်ဘဲ။ ဂုဏ်သိက္ခာနှင့် ကျော်ကြားမှုကို ခွဲပေးလို့ ပြောရမှာလား။ စာအုပ်က ထွက်နေပြီ။ ဘာတတ်နိုင် တော့မှာလဲ၊ ခုမှတော့ ဘာမှ လုပ်လို့ မရနိုင်ပြီ။ လုပ်သမျှ ကိုယ့်ကိုယ်ကိုယ် ဒုက္ခပေးသလိုသာ ဖြစ်တော့မည်။ အရှက် တကွဲ အကျိုးနည်း ဖြစ်ရုံသာ ရှိမည်။

တစ်ဖက်တွင် ဂျိန်းက စိတ်ဓာတ်တွေ အကျကြီး ကျနေသလို အိုဝင်က အခြားတစ်ဖက်တွင် အောင်မြင်မှု သရဖူတွေ ထပ်ကာ ထပ်ကာ ဆောင်းနေ၏။
မိမိ အထီးကျန်ဖြစ်နေခြင်းမှာလည်း အိုဝင့်ကြောင့်ဟု ဂျိန်းက ယူဆသည်။ စာရေးလို့မရအောင် စဉ်းစားဥာဏ် မကွန့်မြူးနိုင်ခြင်းမှာလည်း သူ့ကြောင့်၊ စိတ်တွေ နောက်ကျိပြီး လူပါး ၀လာခြင်း ကလည်း သူ့ကြောင့်ဟု စွပ်စွဲ ၏။

သူသည် လူလိမ် လူကောက်၊ သူခိုး၊ ဘယ်သူသေသေ မာချင်သည့်ငတေ၊ အသည်းခွဲသမား၊ စာနာမှု မရှိတဲ့ တစ္ဆေ သူရဲ။
"မင်းဟာက ကိုယ့်ကိုယ်ကိုယ် မီးလောင်တိုက်သွင်းနေသလို ဖြစ်မနေဘူးလား ဂျိန်း၊ မင်းလုပ်နေပုံ ကို အိုဝင့်ကို ဘာမှ မထိခိုက်ဘဲ မင်းကိုယ်မင်းပဲ ပြန်ထိနေတာပဲ" ဟု ဂလင်က သတိပေးသည်။ အိုဝင်နှင့် ဖြစ်ခဲ့သည့် ကိစ္စ ကို မမေ့နိုင်ဘဲ ဖြစ်နေခြင်းအတွက် ဂလင် စိတ်ပူစ ပြုလာပြီ။

ဂလင် ဂျိန်း၏ ပိုက်ဆံ မရသော စိတ်ကုသဆရာလို ဖြစ်နေ၏။ နာရီပေါင်းများစွာ သူ့ မကျေနပ်ချက် များကို နားထောင် ရသည်။ ပြီးဆုံးသည် မရှိတော့။
"ဒါဆို ဂျိန်း ဘာလုပ်ရမလဲ"
"ဒေါသကို ထိန်း၊ စိတ်သက်သာအောင်နေ"
ဂလင်က ဂျိုးကနေဒီ၏ စကားလုံးဖြင့် ဆုံးမသည်။
"ဘယ်လိုလုပ် ထိန်းမလဲ"
ဂျိန်းသည် ကိုယ့်ကိုယ်ကိုယ် တန်ဖိုး လုံးဝ မရှိတော့သည့် နလပိန်းတုံး တစ်ယောက်လို ခံစားနေရ သည်။ လုံးဝ ချစ်စရာမကောင်းတော့သည့် ဖက်တီးပုတ်။ သည်လိုဘ၀မျိုးနှင့် ဘယ်လို စိတ်သက်သာအောင် နေနိုင် ပါမည်လဲ။

"အဲဒီအကြောင်းတွေ ရေးချပေါ့၊ ဖွင့်အန်ထုတ်ပစ်လိုက်ပေါ့"
ကမ္ဘာပေါ်တွင် အရိုးဆုံးနည်းကို ဂလင်ကို ပြောပြနေခြင်း ဖြစ်သည်။
"ဒါဆို ဂျိန်း ခံရတဲ့ အကြောင်းကို ၀န်ခံသလို ဖြစ်မသွားဘူးလား" ဟု ဂျိန်းက ပြန်မေးသည်။ စင်စစ် ဂျိန်း၏ အတ္တတွေ ကြွေကျ မြေခပြီးသား ဖြစ်နေပြီ။
သနားစရာ အပယ်ခံဘ၀ကို အထုပ်ဖြေပြရမည့်အရေးကို တွေးပြီး ဂျိန်း ဖျားချင်သလိုလို ဖြစ်လာ ပြန်၏။

"ဒီအကြောင်းတွေ ရေးလို့ ဘယ်သူ စိတ်ဝင်စားမှာလဲ ဂလင်ရယ်"
မင်းလိုဘ၀တူတွေ သိန်းနဲ့ သန်းနဲ့ချီ ရှိတယ်လေ၊ သူတို့ ဖတ်ကြမှာပေါ့" ဟု ဂလင်က အားပေးသည်။
ဂျိန်း ကိုယ့်ကိုယ်ကိုယ် မယုံနိုင်အောင် ဖြစ်နေသည်။ ဘယ်လို ကြိုးစား ကြိုးစား ဘယ်လောက် အားထုတ် အားထုတ်၊ ရေးလို့ မရတော့။ စိတ်ကျရောဂါကို မည်သို့မှ တွန်းလှန်၍ မရတော့။ စိတ်ကုဆရာဝန်ဆီ သွားသည်။ သို့သော် အကြောင်းမထူး၊ အိုဝင် ဘ၀က တစ်ဖက်တွင် တိုးတက် အောင်မြင်နေလေလေ ဂျိန်းက  ကြိတ်မနိုင် ခဲမရ ဖြစ်လေလေ။ အယ်လီအဖြစ်က တစ်မျိုး။ ဘာတွေ ဖြစ်ကုန်ပါလိမ့်ဟု စိတ်မသက်မသာနှင့် အဖြေ ရှာမရ ဖြစ်နေ၏။

ဆက်ရန်
.

No comments: