" ဟင် ... ဘဘနဲ့ မယ်မယ် ပြန်လာပြီ၊ အဓိဋ္ဌာန်ရက်လဲ မစေ့သေးပါလား၊ သမီး ပျင်းတယ်လို့ ပြောမိတာ မှား သွားပြီထင်ပါတယ် မယ်မယ် "
ကြိုတင် အသိပေးခြင်း မရှိဘဲ အဓိဋ္ဌာန်ရက် မစေ့မီ ရုတ်တရက် အိမ်ပြန်လာသော ဦးတင်မျိုးနှင့် ဒေါ်ခင်ခင်ထား အား မခင်မျိုးက ၀မ်းသာအားရဆီးကြိုပြောလိုက်၏။ သို့သော် မိဘနှစ်ပါးကား ပြုံးရွှင် ကြည်လင်ခြင်း မရှိပေ။
" မပြန်မဖြစ်လို့ ပြန်ခဲ့တာပဲကွယ် "
ဟူသော စကားကို ခေါ်ခင်ခင်ထားက ခြောက်သွေ့သော အသံဖြင့် တိုတိုတုတ်တုတ် ဖြေကာ အိမ်ပေါ်ထပ်သို့သာ တန်းတန်းမတ်မတ် တက်သွားလေသည်။ ဦးတင်မျိုးကမူ စကားတစ်ခွန်းမှ မဆိုချေ။ ဒေါ်ခင်ခင်ထား နောက်မှ မရှေးမနှောင်း အိမ်ပေါ်တက်လိုက်သွားသည်။ မိဘနှစ်ပါး၏ မျက်နှာထားကား နေသွေ့ သော ပန်းလို နွမ်းလှချေသည်။
တောရကျောင်းမှ ပြန်သယ်ယူခဲ့သော အိပ်ရာလိပ် အစရှိသည့် ပစ္စည်းစုကလေးများကို အိမ်ဖော်မိန်းမက မြင်းရထား ပေါ်မှ သယ်ယူနေသည်ကိုပင် ဦးတင်မျိုးနှင့် ဒေါ်ခင်ခင်ထားတို့ လှည့်ကြည့ခြင်း မပြုနိုင်။ သမီးကို လည်း တယုတယ နှုတ်မဆက်နိုင်အောင် ဖြစ်နေကြသည်ကို မခင်မျိုးသည် မတွေးတတ်သော မျက်နှာဖြင့် အငေးသား ကြည့်နေပြီးမှ မိဘများ တက်သွားရာ အိမ်အပေါ်ထပ်သို့ လိုက်သွားသည်။
ဦးတင်မျိုး က ဘုရားဆောင်ထဲဝယ် ကြက်ကြီး လည်လိမ်ထားသလို ငိုင်ငိုင်ကြီး ထိုင်နေသည်ကို တွေ့ရ၏။
" ဘဘ... ဘယ်လို ဖြစ်သလဲ၊ ဘဘရယ် ... နေမကောင်းဘူးလား "
မခင်မျိုးက ဖခင်နောက်နားမှ ပုဆစ် ဒူးချထိုင်ကာ ရိုသေစွာ မေးလိုက်၏။ ဦးတင်မျိုးက စကားတစ်ခွန်းမှ မပြော ဘဲ အတန်ကြာ ငိုင်နေပြီးမှ -
" ဘဘ အနားကို မလာနဲ့ သမီးရယ်၊ ဘဘတစ်ယောက်တည်း နေချင်တယ် "
ဟု စိတ်မချမ်းမြေ့သောအသံဖြင့် ပြောလိုက်၏။ နဂိုကပင် ဖခင်အား ချစ်ကြောက် ရိုသေပြီး ဖြစ်ရာတွင် ယခုကဲ့သို့ စိတ်မချမ်းမြေ့ဖွယ် စကားကို ကြားရသောအခါ မခင်မျိုးသည် တစ်စုံတစ်ရာမှ ပြန်လည် မေးမြန်း ခြင်း မပြုတော့ဘဲ ဖခင်နားမှ ညင်သာစွာ ထ လာခဲ့ပြီး မိခင်အား ရှာပြန်သည်။ မိခင် ဒေါ်ခင်ခင်ထားကား အိမ်ခန်းတွင်းရှိ ခုတင်ပေါ်ဝယ် အင်္ကျီလုံချည်ပင် မလဲနိုင်ဘဲ ခြေပစ်လက်ပစ် လဲလျောင်းနေသည်ကို တွေ့ရ သည်။ မိခင်၏ ရုပဆင်းသဏ္ဍာန်သည် နှစ်ရှည်လများ မကျန်းမမာ ဖြစ်ခဲ့သော နာတာရှည် လူမမာကြီးနှင့် တူ လှချေသည် ဟု မခင်မျိုး ထင်လိုက်၏။ ချစ်လှသော သမီးငယ် ၀င်လာသည်ကိုပင် ဒေါ်ခင်ခင်ထားသည် လှည့်မကြည့် နိုင်အားဘဲ သူ့မျက်နှာမူရာကိုသာ စူးစိုက် ငေးမောနေလေသည်။
" မယ်မယ် "
မခင်မျိုးက ခုတင်ဘေး ကြမ်းပြင်ပေါ်မှာ ဒူးထောက်ပြီး မိခင်အား တိုးတိုးသက်သာ ခေါ်လိုက်၏။
" သမီးငယ် "
ဒေါ်ခင်ခင်ထားက ငိုသံပါကြီးဖြင့် တုံ့ပြန်လိုက်သည်။
" ဘဘနဲ့ မယ်မယ် ... ဘယ်လို ဖြစ်လာကြတာလဲ၊ သမီး စိတ်ထဲမှာ အင်မတန်မှ မချမ်းမသာ ဖြစ်ရပါတယ် မယ်မယ် ရယ်၊ အကျိုးအကြောင်း သိပါရစေ "
မခင်မျိုးက မိခင်အား တောင်းတောင်းပန်ပန် ပြောနေသည်။ ဒေါ်ခင်ခင်ထားသည် သမီးအား တွေတွေကြီး ကြည့်နေရာ မှ မျက်ရည်များ စီးကျလာလေသည်။
" ဘယ်လိုဖြစ်ကြတာလဲ မယ်မယ်ရယ် "
မိခင်၏ မျက်ရည်များကို မခင်မျိုးက ယုယစွာ သုတ်ပေးရင်း မေးလိုက်၏။
" မယ်မယ်တို့တော့ ကိုယ့်ကိုယ်ကို သက်သေချင်တဲ့ စိတ်တောင် ပေါ်လာပေါ့သမီးငယ် "
ဒေါ်ခင်ခင်ထား က မချိတင်ကဲ အသံဖြင့် ပြောလိုက်ရာ မခင်မျိုးမှာ ထိတ်လန့် တုန်လှုပ်သွားလေသည်။
" ဘယ်လို မယ်မယ်၊ သမီး ရေလည်အောင် သိပါရစေ "
" အေး ... ဒီကိစ္စက သမီးကို အသိမပေးရင် မဖြစ်တော့ဘူးလေ၊ မယ်မယ်နဲ့ သမီးဘဘ နှစ်ဦးလုံးရဲ့ အကျင့် သိက္ခာ စိတ်နေသဘောထားကို သမီး အရှင်းသိပြီမို့လဲ မယ်မယ် ပြောရဲတာပေါ့ကွယ်၊ ကဲ ... ဟောဒီ ဓာတ်ပုံတွေကို ကြည့်လိုက်စမ်းပါဦး သမီးလေးရယ်၊ မယ်မယ်နဲ့ ဘဘတို့ လူ့ပြည်မျာနေဖို့ ကောင်းသေးရဲ့လားဆိုတာ "
ဒေါ်ခင်ခင်ထားက ရှက်ကြောက်တုန်ယင်စွာ ပြောကာ အင်္ကျီအတွင်းထဲမှ ဓာတ်ပုံနှစ်ပုံကို မခင်မျိုးအား ထုတ်ပေးကာ မျက်စိ မှိတ်ထားလိုက်သည်။ မခင်မျိုးသည် သိလိုဇောဖြင့် ဓာတ်ပုံနှစ်ပုံကို စိတ်အားထက် သန်စွာ ကြည့်လိုက်သည်။ မင်မျိုး၏ မျက်လုံးများမှာ ပြာဝေကာ ဦးနှောက်များပင် ချာချာလည်သွားသည်ဟု ထင်လိုက်၏။ ငါများ မျက်စိ အကြည့်မှားလေသလား။ သေချာစွာ ထပ်မံ ကြည့်ရှုပြန်သည်။ မျက်စိအကြည့် မလွဲချေ။ ထင်ရှားကြည်လင်သော ဓာတ်ပုံကို ပြတ်သားစွာ မြင်နေရသည်။ တစ်ခုသော ဓာတ်ပုံကား ဘဘ ဦးတင်မျိုး နှင့် ခပ်ရွယ်ရွယ် မိန်းမ တစ်ယောက်တို့ တစ်ဦးကိုတစ်ဦး ဖက်ကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေ ဟန်ဖြစ်သည်။ ဘဘ၏ ကိုယ်မှ အ၀တ်အစားများနှင့် မိန်းမရွယ် ကိုယ်မှ အ၀တ်အစားများမှာ မသေမသပ် ဖရိုဖရဲ ဖြစ်နေကြသည်။ အဓိပ္ပာယ်ကား ရှင်းလှပါ၏။
အခြား ဓာတ်ပုံတစ်ပုံကား မယ်မယ် ဒေါ်ခင်ခင်ထားသည် ယောက်ျား တစ်ယောက်၏ ရင်ခွင်မှာ မှီတွယ်ကာ မော့ထားသော မယ်မယ်၏ မျက်နှာသည် ယောက်ျား၏ မျက်နှာနှင့် ပါးချင်းအပ်ထားသည်။ မယ်မယ်၏ မျက်လုံးများမှာ လောကတစ်ခွင်ကို မေ့လျော့ကာ စည်းစိမ် ယစ်မူးနေဟန်ဖြင့် မှေးမှိတ်နေသည်။
မခင်မျိုး သည် ဓာတ်ပုံများကို ကြည့်ရင်း မျက်လုံးတွင် မျက်ရည်များ ဝေလာသည်။
" ရှက်စရာကာင်းလျချည့် မယ်မယ်ရယ် "
မခင်မျိုးက ဓာတ်ပုံများကို လွှတ်ချပြီး မျက်နှာကို လက်ဝါးနှင့်အုပ်ခါ ငိုလိုက်သည်။ ဒေါ်ခင်ခင်ထားက မှိတ် နေသော မျက်လုံများကိုဖွင့်ခါ သမီးအား ကြည့်လိုက်၏။
" သမီးရှက်တာက တော်ရုံပါကွယ် ...၊ မယ်မယ်နဲ့ ဘဘတို့ ရှက်တာက "
ဒေါ်ခင်ခင်ထား က ထိုမျှသာပြောပြီး အောက်နှုတ်ခမ်းကို ပြတ်လုနီးပါး ကိုက်ထားလိုက်၏။
" ဘယ်လို သဘောလဲ မယ်မယ်၊ သမီးကို ရေလည်အောင် ပြောပါဦး "
မခင်မျိုးက မျက်ရည်သုတ်ရင်း မေးလိုက်၏။
" မယ်မယ်နဲ့ ဘဘတို့ ဒီလို ယုတ်မာ ညစ်ညမ်းတဲ့ အလုပ်မျိုး ဘယ်တော့မှ စိတ်မကူးဘူး။ ဘုရားမှာ သစ္စာဆို ပြောရဲတယ်။ ဒီဓာတ်ပုံတွေလဲ ဘယ်လိုလူက ဖန်ဆင်းလိုက်တယ်လို့လဲ မစဉ်းစားတတ်အောင်ပဲ။ အဲ ... မနေ့ က လူနှစ်ယောက်လာတယ်၊ ဘဘဓာတ်ပုံ မယ်မယ့်ကိုပေးတယ်၊ မယ်မယ့် ဓာတ်ပုံ ဘဘကိုပေး တယ်၊ ဒီလို ဓာတ်ပုံတွေနဲ့ ဖလင်ကော်ပြားတွေ လူတို့လက်ထဲမှာ ရှိကြောင်း၊ အရှက်မကွဲချင်ရင် တစ်သိန်း ပေးပါလို့ တောင်းတယ်၊ မယ်မယ်တို့ ချမ်းသာတာကမှ လေးသောင်းခင်းလောက်ရှတာ၊ ငွေတစ်သိန်းကို ဘယ်လို ပေးနိုင်မလဲ၊ ငွေတစ်သိန်းအပြည့်မရရင် ဒီဓာတ်ပုံတွေ အကြီးချဲ့ပြီး လူစည်ကားရာ နေရာတွေမှာ ကပ်မယ်လို့ ခြိမ်းခြောက်တယ်။
တစ်သက်လုံး မှည့်စွန်းမထင်အောင် အကျင့်သိက္ခာ စင်ကြယ်လို့ ရိုသေကြ၊ ကြည်ညိုကြ၊ ဆိုဆုံးမတာ နာခံကြ တဲ့ ဆွေတော် မျိုးတော်တွေအလယ်မှာရော၊ သူစိမ်းအကြားမှာရော၊ မယ်မယ်တို့ ခွေးလိုနွားလို ဖြစ်ရတော့မယ်။ သမီးငယ် သူတို့က ဆယ်ရက်ထဲ အချိန်ပေးတယ်။ ငွေခြောက်သောင်းကြီးကို ဘယ်လို ရှာနိုင်မလဲ။ ရှာနိုင်တယ် ထားပါဦး။ ရှိသမျှ စည်းစိမ် အကုန်ပြုတ်အောင် ပေးရမှာ၊ ဒီကြွေးတွေက သံသရာ ပါတော့မယ်။ မယ်မယ်နဲ့သမီးငယ်တို့ အခြေနေ ဘယ်လောက် ဆိုးသွားမယ် ဆိုတာ စဉ်းစားကြည့်ပါတော့၊ အကောင်းဆုံးနည်းကတော့ ဘဘနဲ့ မယ်မယ်တို့ ကိုယ့်ကိုယ်ကို သတ်သေဖို့ နည်းလမ်းပဲ ရှိတော့တယ်ကွယ် ..."
ဒေါ်ခင်ခင်ထားက သမီးလိပ်ပတ်လည်အောင် စုံစုံစေ့စေ့ ရှင်းပြပြီး ပြင်းထန်သော ဝေဒနာကြောင့် ရင်ကို လက်နှင့် ဖိကာ မျက်လုံးများ မှိတ်နေသည်။ မခင်မျိုးသည် မိခင်အား အငေးသားကြည့်နေ၏။ ဤလို ယုတ်မာ ညစ်ညမ်းသောအလုပ်ကို ဘဘနှင့် မယ်မယ်တို့ စိတ်ပင်ကူးမည် မဟုတ်ကြောင်း မခင်မျိုး အတတ်သိပါ၏။ သို့သော် မလိုမုန်းထားသော လူယုတ်မာ၏ လက်ချက်ကား ပိုင်ရှာပေသည်။ မည်ကဲ့သို့သော နည်းဖြင့် ဤ ဓာတ်ပုံများပေါ်ပေါက်လာပါသနည်း။ မခင်မျိုးသည် တွေလေ ချာချာလည်လေဖြင့် အဖြေရှာမရအောင် ဖြစ် ရတော့သည်။
အကူအညီတောင်းရအောင်ကလည်း ယုံကြည်စိတ်ချရမည့် သူရှိပါမည်လော။ အမှုပေါ်သည် မပေါ်သည် သာ မသေချာခင် ဓာတ်ပုံပြရမည်ဖြစ်၍ အရှက်ကွဲမှာက သေချာနေသည်။ အရှက်အကြောက်ကြီးလှသော ဘဘ နှင့် မယ်မယ် တို့ မတော်တဆများ သတ်သေသွားကြမှဖြင့် ...
မခင်မျိုးသည် ရှေ့ဆက် မတွေးရဲတော့ချေ။ ခုတင်ဘောင်ကို မှီကာ မျက်လုံးစုံမှိတ်ပြီး ဘဘနှင့် မယ်မယ်တို့ အသက် နှင့် အရှက်ကို ကယ်တင်ရန် နည်းလမ်းကို စဉ်းစားလိုက်သည်။ စိတ်ဆင်းရဲစရာ ကောင်းလှသော အမှောင် သည်သာ မခင်မျိုးကို ဖုံးလွှမ်းနေသည်။
တစ်နေ့တစ်နေ့နှင့် တရွေ့ရွေ့ အချိန်ကုနခဲ့၏။ ငါးရက်မြောက်သော နေ့ဝယ် စာတိုမှ စာတစ်စောင် ရောက် လာသည်။ စာ၏ အဓိပ္ပာယ်မှာ ရက်ချိန်းစေ့သော နေ့ဝယ် မခင်မျိုးကိုယ်တိုင် ငွေတစ်သိန်းကိုပိုက်ကာ မန္တလေး တောင်ခြေဓာတ်ပေါင်း စေတီတော်ကို တက်လာရာ လမ်းတွင် နေ့လယ်တစ်နာရီတိတိ အချိန်မှာ စောင့်နေရန်နှင့် အကူအညီလူများ ပါလာခဲ့လျှင် ငွေကို မယူတော့ဘဲ အရှက်သာလျှင် ကွဲမည်ဖြစ်ကြောင်း တင်းမာစွာ ရေးလိုက်သောစာဖြစ်သည်။
စာမှာဘဘနှင့်မယ်မယ်တို့ အိမ်ပေါ်ထပ်တွင် တစ်ယောက်တစ်ခန်း စိတ်ဆင်းရဲစွာ အောင်းနေစဉ် ရောက် လာသော စာဖြစ်၍ မခင်မျိုးသည် စာကို ဘဘနှင့် မယ်မယ်အား မပြတော့ချေ။ ပြလျှင်လည်း အကြောင်း ထူးမည်မဟုတ်။ ငွေရှာရသည် မရသည်ကို အပထားပြီး၊ လူယုတ်မာများ ချိန်းဆိုရာကို မခင်မျိုး တစ် ယောက်တည်း မည်သည့်နည်းနှင့်မှ ခွင့်ပြုမည်မဟုတ်ချေ။ သူတို့ကိုယ်သူတို့ အဆုံးစီရင်ရမည့်ဘက်ကို သေချာ သလောက် ဖြစ်နေ၏။
မခင်မျိုးသည် စာကို လုံခြုံစွာ သိမ်းပြီး မည်သူ့ထံ အကူအညီ တောင်းရပါမည်နည်းဟု ခေါင်းပူအောင် စဉ်းစား လိုက်သည်။
" ကိုထွန်းသစ် "
မခင်မျိုး၏ ဦးနှောက်ထဲဝယ် ကျောင်းနေဘက် သူငယ်ချင်းလဲဖြစ်၊ မောင်နှမရင်း ကဲ့သို့လည်း ခင်မင်နေ သောငွေတိုက်ဝန်ထောက် ဦးထွန်းသစ်ကို စဉ်းစားလိုက်မိသည်။ မခင်မျိုးသည် အချိန်ကြာအောင် မဆိုင်း နေတော့ဘဲ အင်္ကျီလုံချည် သင့်တင့်ရုံလဲလှယ်ကာ စာနှင့်ဓာတ်ပုံ နှစ်ပုံကို အတွင်းခံ ဘော်ဒီအိတ်တွင် သေချာစွာထည့်ပြီး ဘဘနှင့် မယ်မယ်တို့ကို အသိမပေးတော့ဘဲ အိမ်မှ တိတ်တဆိတ် ထွက်လာခဲ့လေ သည်။
မခင်မျိုးသည် မြင်းရထားတစ်စီးကို ငှားစီးလာသည်။ မခင်မျိုး နေထိုင်ရာ တောင်ပြင်မှသည် သူငယ်ချင်း ကိုထွန်းသစ်နေရာ ကျုံးကြီးနားအထိ လာရသည့် ခရီးမှာ အတန်းငယ်ဝေးလှ၏။ မြင်းရထား ပြတင်းပေါက် မှလှမ်းပြီး မန္တလေး တောင်ကို မြင်နေရသောမခင်မျိုးသည် လူဆိုးများ ခြိမ်းခြောက်သည့်စာကို သတိရနေ တော့သည်။ သေသည် ရှင်သည် မသိ။ သတင်း အစအနပင် မပေါ်အောင် ပျောက်ကွယ်နေသော ချစ်သူ ကိုစောခိုင် အား တမ်းတ လွမ်းဆွတ်သောစိတ၊ လတ်တလောအားဖြင့် အသက်ရော အရှက်ပါ ပျက်စိးကြ တော့မည့် မိဘနှစ်ပါးအတွက် စိုးရိမ်ပူပန်သော စိတ်တို့ ရောထွေးကာ မခင်မျုးသည် စိတ်ရှိသလောက် အော်ဟစ် ငိုကြွေး လိုက်ချင်တော့၏။ သို့သော် အံကို တင်းတင်းခဲကာ လက်ကိုင်ပ၀ါနှင့် အဆင်သင့်တွေ့ကာ ဤကိစ္စ ပေါ်ပေါက်အောင် ကူညီနိုင်ပါစေဟု ဆုတောင်းရင်းဖြင့် သူငယ်ချင်း ကိုထွန်းသစ်၏ အိမ်သို့ ရောက်လာ၏။
မြင်းရထားပေါ်မှ အဆောတလျင်ဆင်းကာ ရထားမောင်းသမားအား ခေတ္တစောင့်ရန် မှာကြားခဲ့ပြီး အားကိုး မျှော်လင့်စွာဖြင့် အိမ်ဝင်းထဲသို့ ၀င်သွားလေသည်။ အိမ်ကြီးမှာ တံခါးများ ပိတပြီး ဆိတ်ငြိမ်နေသည်။
" ကိုထွန်းသစ် ... ကိုထွန်းသစ် "
မခင်မျိုး က တံခါးကို လက်ဝါးဖြင့်ပုတ်ပြီး ခပ်ကျယ်ကျယ်ခေါ်လိုက်၏။ သို့သော် အိမ်တွင်းမှ လူသံလည်း မကြား၊ တံခါးလည်း ပွင့်မလာချေ။
" ဘာကိစ္စရှိလို့လဲ ကလေးမ "
ထိုအသံကြောင့် မခင်မျိုးက လှည့်ကြည့်လိုက်၏။ အိမ်ကြီး၏ တစ်ဘက်စွန်းထောင့်မှ အသက်လေးဆယ် ကျော်မျှ ရှိသော လူကြီးတစ်ယောက်ကို တွေ့ရသည်။
" ဒီအိမ်က ကိုထွန်းသစ် ရှိပါသလားဦးကြီး "
မခင်မျိုးက မေးလိုက်သည်။
" မရှိဘူးကလေးမ၊ ကိစ္စ အထူးရှိရင် ပြောခဲ့ပါ။ ၀န်ထောက်မင်း ပြန်လာရင် ပြောလိုက်ပါ့မယ် "
" ရှင် ... ဦးကြီး က ဒီအိမ်ကလား "
" ဟုတ်တယ် ကလေးမ၊ ၀န်ထောကမင်းတို့ မရှိခိုက် အိမ်စောင့်နေရတာ "
" ဟင် သူတို့ ဘယ်သွားကြလဲ၊ ဘယ်တော့ ပြန်လာမှာလဲ "
မခင်မျိုးက အသက်ပင် မရှူအားဘဲ မေးလိုက်၏။
" ရန်ကုန်သွားကြတယ်လေ၊ မင်းကတော်ပါ ပါသွားတယ်၊ မနက်ကမှ ထွက်သွားကြတာပဲ "
မခင်မျိုးသည် ပိတ်ထားသော တံခါးရွက်ကြီးကို အားပြုကာ မှီလိုက်၏။ မနက်ကမှ ထွက်သွားကြတာ၊ အခွင့် တစ်လဟူသော အဘိုးကြီး၏ စကားက နားထဲတွင် ပူလောင်စူးရှလှသည်။ အားခဲမျှော်လင့်ထားသော သူငယ်ချင်းကိုထွန်းသစ်၏ အကူအညီကို ရယူရန်ကား မျှော်လင့်ချက် မရှိတော့ပြီ။ မခင်မျုးသည် ဆူဝေ ပူလောင်သော စိတ်ဖြင့် အိမ်စောင့် အဘိုးကြီးအား နှုတ်ပင် မဆက်ခဲ့မိဘဲ လေးလံသော ခြေလှမ်းများဖြင့် ၀င်းခြံတံခါး ဖွင့်ပေးသည်ကိုပင် မတတ်နိုင်ဘဲ ယုံကြည်စိတ်ချမည့် အကူအညီကို မည်သူ့ထံမှ မရနိုင်ပါဦး မည်နည်း ဟု တွေတွေကြီးရပ်ကာ စဉ်းစားနေဆဲဝယ် မော်တော်ကားတစ်စီး ထိုးရပ်လိုက်သည်ကို တွေ့ရ၏။
" မခင်မျိုး "
ဝမ်းသာအားရ ခေါ်လိုက်သော အသံကြောင့် မခင်မျိုးက လှည့်ကြည့်လိုက်သည်။ ကြွားကြွားယားယား သား နား တင့်တယ်စွာ ၀တ်ဆင်ထားသော ကိုဘဆွေကို တွေ့ရ၏။ မခင်မျိုးက သူ့သောကနှင့်သူဖြစ်၍ ပြန်လည် နှုတ်မဆက် မိဘဲ အငေးသားပင် ခပ်ကြောင်ကြောင် ကြည့်နေသည်။ ကိုဘဆွေက ကားပေါ်မှ ဆင်းကာ မခင်မျိုးထံ မလာသေးဘဲ အိတ်ဲမှ ငါးကျပ်တန် ငွေစက္ကူ တစ်ရွက်ကို ဆွဲထုတ်ပြီး မြင်းရထားမောငးသမားအား ပေးကာ သွားခွင့်ပြုလိုက်သည်။ တစ်နေကုန် မြင်းရထားမောင်းရ၍မှ ငွေငါး ကျပ်ရရန် ခဲယဉ်းလှသော မြင်းရထားမောင်းသမားသည် ငွေစက္ကူကို သွက်လက်လျင်မြန်စွာ လှမ်းယူကာ မြင်းကို ကြိမ်တို့ပြီး ထွက်ခွာ သွားတော့၏။ ငေးငိုင်တွေဝေနေသော မခင်မျိုးသည် ထိုအခါမှ ....
" ရှင ဘာကြောင့် ကျွန်မ ငှားလာတဲ့ မြင်းရထားကို ပြန်လွှတ်ရတဲာ "
ဟု ကိုဘဆွအား ရန်တွေ့သလို ပြောပြီး မြင်းရထားကို ပြန်ခေါ်မည့်ဟန် ပြင်လိုက်၏။ သို့သော် မြင်းရထား ကား အတော်ကလေး လှမ်းသွားလေပြီ။
" ကိုယ့်မှာ မော်တော်ကား ပါတယ် မခင်မျိုးရယ်၊ အိမ်အရောက် လိုက်ပို့ပေးမှာပေါ့၊ လာ ... လာ ၊ ကားပေါ် တက်"
ကိုဘဆွက ရွှန်းရွှန်းဝေအောင် ပြောပြီး ခေါ်သော်လည်း မခင်မျိုးက ကားပေါ်သို့ မတက်ချေ၊ ကိုဘဆွေအား တစစုံတစ်ရာမှ ပြန်မပြောဘဲ ငိုင်တွေ အုံ့မှိုင်းသော မျက်နှာဖြင့် ခေါင်းငိုက်စိုက်ချကာ ခြေကျင်လျှောက်ရန် ခြေလှမ်း ပြင်လိုက်၏။
" အို ... ခြေကျင် မလျှောက်ပါနဲ့ မခင်မျိုးရယ်၊ လိုက်ပို့ပေးပါမယ်လို့ ပြောနေတာ၊ နေပါဦး၊ မခင်မျိုး ဘာ ဖြစ်နေလဲဟင်၊ နေမကောင်းဘူးလား၊ တစ်ခုခုများ စိတ်ဒုက္ခ ဖြစ်နေသလားကွယ်၊ ကိုယ် ကြည့်ရတာ စိတ် မကောင်း ပါဘူး "
စိတ်ရှည်လက်ရှည် ကြင်နာစွာပြောနေသော ကိုဘဆွေအား မခင်မျိုးက အားနာလာသဖြင့် ...
" နေကောင်းပါတယ် "
ဟု စကားတစ်ခွန်းမျှကို ကိုဘဆွအား ပြောလိုက်၏။ သို့သော် သွေ့ခြောက်သောလေသံ၊ ညိုးငယ်သော မျက်နှာ၊ မျက်ရည်လည်သော မျက်လုံးများကို ကောင်းကောင်း သတိထားမိသော ကိုဘဆွေက -
" နေပါဦး၊ မခင်မျိုးမှာ အကြီးအကျယ် စိတ်ဆင်းရဲစရာ အကြောင်းတစ်ခုတော့ ပေါ်ပေါက်နေပြီထင်တယ်၊ မခင်မျိုး လေသံနဲ့ မျက်နှာကို ကောင်းကောင်းကြီး အကဲခတ်မိပါတယ်ကွ်၊ ပြောပြပါလား မခင်မျိုးတင်၊ ကိုယ်ရေး ကိုယ်တာလား၊ ငွေရေးကြေးရေးလား၊ ကိုယ် ကူညီပါရစေလား မခင်မျိုးရယ် "
လှိုက်လှိုက်လှဲလှဲ ကိုဘဆွေအား လေသံဖြင့် ပြောဆိုမေးမြန်းနေသော ကိုဘဆွေအား မခင်မျိုးက တစ်စုံ တစ်ရာမျှ ပြန်မပြောသေးချေ၊ သို့သော် နဂိုက ၀မ်းနည်းမှု စိတ် မချမ်းသာမှု ဖြစ်နေသူသည် ယုယကြင်နာစွာ အားပေးမေးမြန်းသူရှိက ပိုပြီး ၀မ်းနည်းတတ်သော လူ့သဘာဝအတိုငး မခင်မျိုး၏ မျက်လုံးများမှ ဝေနေ သော မျက်ရည် များသည် လျှံကျလာလေသည။ မခင်မျိုးက မျက်ရည်ကို လက်ကိုင်ပ၀ါဖြင့် သုတ်လိုက်၏။ သို့သော် ခံစား နေရသော စိတ်မချမ်းသာမှုကိုကား လေသံမျှပင် မဟသေးချေ။
" ပြောပါ မခင်မျိုးရယ်၊ ကိုယ်ဘယ်လို ကူညီရမလဲ၊ အခုကိုယ်ပေးမယ့် အကူအညီက မခင်မျိုးရဲ့ ချစ်မေတ္တာ ကို မျှော်လင့် တဲ့ အကူအညီမျိုး မဟုတ်ပါဘူး၊ စေတနာ သန့်သန့်ထားမဲ့ အကူအညီဆိုတာ ယုံပါနော် "
တည်ကြည်သော မျက်နှာထားနှင့်ပြောနေသော ကိုဘဆွေအား မခင်မျိုးက ခေါင်းငုံ့ကာ မျက်ရည် သုတ်နေ ရာမှ မော်ကြည့်လိုက်သည်။ ရေနစ်နေသူသည် မြက်ကောက်ရိုး ကလေး တစ်ပင်မျှကိုပင် အားကိုးဖြင့် ဆုပ် ကိုင်တတ်ကြသည် မဟုတ်ပါလော။
" ကဲ ... လာ မခင်မျိုး ကားပေါ်တက် "
ကိုဘဆွေက မခင်မျိုးအား ကားပေါ် တက်ခိုင်းလိုက်သည်။ ထိုအချိန်အခါမှာ မခင်မျိုးအဖို့ ကိုစောခိုင်ကိုလည်း သတိမရနိုင်တော့။ ကိုဘဆွေကို မုန်းတီးရန်စကားလည်း မပြောနိုင်တော့။ မခင်မျိုး၏ စိတ်ထဲတွင် လေးငါးရက် မျှသာလိုတော့သော ဘဘနှင့် မယ်မယ်တို့၏ အရှက်နှင့် အသက်ကို မည်သည့်နည်းဖြင့် ကယ်တင်ရမည်နည်းဟူသော ပူပန်သော စိတ်သည်သာလျှင် ဆူဝေနေလေသည်။ သို့ သော် ... ဣနြေ္ဒသိက္ခာ ကို အထူးထိန်းထားသူကလေးဖြစ်၍ ကိုဘဆွေ၏ ကားပေါ် တက်ထိုင်ခါ ကိုဘဆွေ ခေါ်ရာ လိုက်ပါရန်ကား မသင့်တော်ကြောင်းကို စဉ်းစားမိသည်။
" ကိစ္စမရှိပါဘူး ကိုဘဆွေ၊ ကျွန်မဘာသာ မြင်းရထားနဲ့ဘဲ ပြန်မယ်၊ ဒါနဲ့ "
မခင်မျိုးက စကားတစ်ပိုင်းတစ်စနှင့်ရပ်ခါ ချီတုံချတုံအမူအရာဖြင့် ကိုဘဆွေကို ကြည့်လိုက်သည်။ အကင်း ပါးသော ကိုဘဆွေက ကောင်းစွာ အကဲခပ်လိုက်မိ၏။
" ပြောစရာရှိတာပြောပါလေ မခင်မျိုး အစွမ်းကုန် ကူညီမယ်လို့ ပြောထားပြီးပြီပဲ၊ ကိုယ်က အခုလို ကူညီ ပေးရတဲ့ အတွက် မခင်မျိုးဆီက ဘာကိုမှ မမျှော်လင့်ပါဘူးဆိုတာ သစ္စာဆိုပြောရဲပါတယ်။ ယုံယုံကြည်ကြည် နဲ့သာ အားကိုးပါ "
မခင်မျိုးသည် ခေတ္တမျှတွေကာ စဉ်းစားနေပြီး ကိုဘဆွေကို ယုံကြည်ဟန်ဖြင့် ကြည့်ကာ ...
" ဒီလိုဆိုရင် ဒီညနေ ကျွန်မအိမ်ကို လာနိုင်မလား ကိုဘဆွေ" ဟု မေးလိုက်၏။
" လာခဲ့မယ်လေ "
ကိုဘဆွေက ငန်းငန်းတက် ၀မ်းသာသော အမူအရာမျိုး အလျဉ်းမပြဘဲ ဣနြေ္ဒရရ တည်ကြည်စွာဖြင့် အဖြေ ပေးလိုက်သဖြင့် မခင်မျိုးစိတ်ထဲတွင် ကိုဘဆွေအား ကြည်ညိုအားကိုးသောစိတ် ပေါ်လာသည်။
" ကျွန်တော်သွားမယ် မခင်မျိုး၊ ညနေ ဆက်ဆက်လာခဲ့ပါမယ်၊ စိတ်ချနေပါ "
ကိုဘဆွေက နှုတ်ဆက်ပြီး သူစီးလာသော ကားပေါ်တို့ ပြန်တက်ခါ ထွက်သွားလေသည်။ မခင်မျိုးသည် တည်ငြိမ်သော ဣနြေ္ဒသိက္ခာဖြင့ ထွက်ခွာသွားသော ကိုဘဆွေအား လှမ်းမျှော်ကြည့်ရင်း လိုအပ်သော အကူအညီ ကို ချောချောမောမော ပေးနိုင်ပါစေဟု စိတ်တွင်းက ဆုတောင်းလိုက်လေသည်။
-------------------------------------
ဆက်ရန်
.

1 comment:
ကိုဘဆွေလုပ်ထားတာများလားမသိဘူးနော်
Post a Comment