အခန်း (၁၄)
သြဂုတ်လ ကျောင်းပိတ်ရက်များသည် ကျွန်တော့်အတွက် ပျင်းစရာအတိ ဖြစ်နေ၏။ စာဖတ်လိုက်၊ ပြပွဲ တကာ လည်ကြည့် လိုက်နှင့် အချိန်ဖြုန်းနေရသည်။ မကြည့်ရသေးသည့် ရုပ်ရှင်၊ ပြဇာတ် ဟူ၍လည်း မရှိ တော့။
ဂျီလီယံ ကျောင်းပိတ်ရက်တွင် သူ့အမေနှင့်အတူ ဂျနီဗာသို့ အလည်လိုက်သွားသည်။ ဂျနီဗာရောက်မှ ကျွန်တော့် ဆီ စာနှစ်စောင်ရောက်ပြီးပြီ။ ခပ်ရွှင်ရွှင် ရေးထားသည့် စာများဖြစ်သည်။ သူရောက်ခဲ့သည့် ဒေသ များမှ ရှုခင်းသာတွေ အကြောင်း ဖွဲ့ဖွဲ့နွဲ့နွဲ့ ရေုးခြယ်ပြသည်။ သူ ပြန်ရောက်လာမည့် အချိန်ကို မှန်းဆပြီး ကျွန်တော် ပျော်နေသည်။
ဒုတိယနှစ်ဝက် ကျောင်းပြန်ဖွင့်တော့ အတန်းတစ်ဝက် ကျောင်းပျက်နေသည်ကို တွေ့ရသည်။ နောက်မှ နှစ်စဉ် ဤသို့ပင် ပျက်ကွက်ကြောင်း သိရသည်။ ကျွန်တော့် ကျောင်းသားများသည် ကျောင်းပိတ်ရက်အတွင်း မပျော် နိုင်ကြရှာဘဲ တောဘက်မှ မိဘများ၏ ခြံလုပ်ငန်းများတွင် ကူညီ လုပ်ကိုင် ကြရသည်။
အတန်းထဲ မှ အမာခံ တော်တော်များများ ပြန်မရောက်သေး၍ အတန်းမှာ ခြောက်ကပ်ကပ် ဖြစ်နေ၏။ ကျွန်တော် တို့တစ်တွေ သူတို့ကို အောက်မေ့နေကြ၏။ သူတို့ အပြန်အလာကို လည်တဆန့်ဆန့် မျှော်နေ ကြ၏။ ကျောင်းပြန်ဖွင့်တော့ ပါမလာတစ်ယောက် အလျင်နှင့် မတူတော့ဘဲ တစ်မျိုး ဖြစ်လာသည်။
ပိုပြီး ငြိမ်သက်လာသည်။ ရှုတည်တည်နှင့် ဘာကိုမှ စိတ်ဝင်စားဟန် မရှိဘဲ ငိုင်တိငိုင်တိုင် လုပ်နေ၏။ သူ အလွန် ၀ါသနာ ပါသည့် အကသင်တန်းချိန်တွင်လည်း ဆင်းမကတော့။ သူ့အဖော် ဘာဘရာ မရောက်သေး လို့ ထင်ပါရဲ့ဟု ကျွန်တော် တွေးကြည့်သည်။ ဘာဘရာက သူ့အမေနှင့် သစ်သီးခူး လိုက်သွားရာက ပြန်မရောက်သေးပေ။ မကြာခင် ပုံမှန်အတိုင်း ပြန်ဖြစ်လာမည်ဟု ကျွန်တော် မျှော်လင့် ထားလိုက်သည်။
စက်တင်ဘာလ တတိယပတ်တွင်မှ အတန်းသားအားလုံး ပြန်စုံသည်။ ကျွန်တော် မျှော်လင့်ထားသလိုပင် အတန်း သည် ယခင်အတိုင်း ပြန်လည်အသက်ဝင်လာသည်။ သူတို့ အတွေ့အကြုံများ၊ စွန့်စားခန်းများကို ပြောပြ ကြသည်။ စုလာသည့် ငွေစကလေးများကို မည်သို့မည်ပုံ အသုံးချရမည့် အကြောင်းကိုလည်း ကျွန်တော့် ကို ၀ိုင်းပြောကြသည်။
ဘာဘရာ ပြန်ရောက်လာသော်လည်း ပါမလာတစ်ယောက် သိသိသာသာ ပြောင်းလဲလာသည်ကို မတွေ့ရ။ သူ့အပြုံး ကို မတွေ့ရသလောက် ဖြစ်လာ၏။ တစ်စုံတစ်ခုကို ကြိတ်မှိတ်ခံစားနေပုံ။ အလွန်ရွှင်သည့် ကလေး မကလေး သည် သုန်မှုန်ထိုင်းမှိုင်းနေ၏။ အားလပ်ချိန်များတွင်လည်း ဘယ်မှ မထွက်တော့ဘဲ အတန်းထဲတွင် ချန် နေတတ်၏။ သူ့ကို မခိုင်းဘဲ ကျွန်တော့် ဝေယျာဝစ္စတွေ လုပ်ပေးနေတတ်၏။
ကျွန်တော့်စားပွဲကို သိမ်းဆည်း သန့်ရှင်းပေးသည်။ ဆရာများအခန်းမှ လက်ဖက်ရည် သွားယူပေးသည်။ ကလင်တီ က ကျွန်တော့်ကို စသည်။
" ဆရာ့ ကျောင်းသူတွေ က ဆရာ့ကို ဆရာမတွေနဲ့ စိတ်မချလို့ ထင်တယ်၊ မျက်စိအောက် က အပျောက်မခံ တော့ဘူး "
" ဟာဗျာ ... ဆရာမကလဲ၊ ကတ်သီးကတ်သတ် "
ပြောမည်ဆိုလည်း ပြောစရာပင်။ သို့သော် မိန်းကလေးများချည်း မဟုတ်ပါ။ ယောက်ျားလေးများလည်း ပါပါ သည်။ အားလပ်ချိန် များတွင် ကျွန်တော့် စားပွဲမှာ ၀ိုင်းအုံကာ ကျွန်တော့်အကြောင်း မေးကြ၊ သူတို့ အကြောင်း တွေ ပြောကြနှင့်။ ဆရာများ အခန်းသို့ ကျွန်တော် အရောက်အပေါက် နည်းလာသည်။ ကျောင်း ကြီးပိတ်ဖို့က သုံးလ သာ လိုတော့၍ သူတို့တစ်တွေ အချိန်ရှိခိုက် လုံ့လစိုက်နေကြခြင်းဖြစ်ပါသည်။
ကြာတော့ သူတို့ မိသားစုရေးရာတွေကို ကျွန်တော် အကုန်အစင် နီးပါး သိလာသည်။ သူတို့ အစ်ကို အစ်မ များ ၏ အချစ်ဇာတ်လမ်းများ၊ အဖေ ဆိပ်ကမ်းသပိတ် မှောက်ကတည်းက စားဝတ်နေရေး ကျပ်တည်းလာ ပုံများ၊ အမေ က နောက်တစ်ယောက် မွေးတော့မည့် သတင်းများ။
ကျွန်တော်သည် သူတို့နှင့် တစ်သွေးတည်း တစ်သားတည်းလို ဖြစ်လာ၏။ ယင်းအတွက် ကျွန်တော် အပျော် ကြီး ပျော်မွေ့နေမိပါသည်။
မနက်မနက်တွင် ကိတ်မုန့်ထုပ်ကလေးတွေ ကျွန်တော့် စားပွဲပေါ်ရောက်နေတတ်သည်။ ဘယ်သူ လာထား မှန်းလဲ မသိ။ " ဆရာ့အတွက် " ဟူသည့် စာလုံးကလေးများမှ လွဲပြီး ဘာမှ မပါ။
အားလပ်ချိန်ကျမှ ကျွန်တော့်အနား လာပြီး သူတို့ မိသားစုထဲက ဘယ်သူ့မွေးနေ့၊ ဘယ်သူ့မင်္ဂလာဆောင် ဟူ၍ ပြောလေ့ရှိသည်။ သည်လို နေ့မျိုးတွင် လက်ဖက်ရည်ချည်းသာ မဟုတ်ဘဲ မုန့်နှင့် ဟန်ကျ ပန်ကျ လွေး ရတတ်သည်။
ပါမလာ တစ်ယောက်ကမူ အားလုံးနှင့် ဝေးလံနေဆဲ။ သူများတွေ ပြောသမျှ ရေငုံနှုတ်ပိတ်ကာ နားထောင်၍ သာနေ၏။ နေ့ချင်း ညချင်း မိန်းမကြီးတစ်ယောက် ဖြစ်သွားသလို ဣနြေ္ဒတစ်ခွဲသားနှင့်။ ဆံပင်ပုံစံက အစ မြင်ပြီးပုံစံ မဟုတ်တော့။ သိက္ခာရှိရှိ နောက်တွဲထုံးလာသည်။ သူ့ လှုပ်ရှားမှုတိုင်းသည် တည်ငြိမ်နေ၏။ ကျက်သရေ ရှိနေ၏။
သည်ကလေးမမှာ ဘာပြဿနာများ ရှိနေလို့ပါလိမ့်။ ပြဿနာဇစ်မြစ်ကို သိရလျှင် ကျွန်တော် ကူညီနိုင်မည် ထင်ပါသည်။ သို့သော် သူ၏ သီးခြားကမဍ္ဍဘာလေးထဲသို့ ကျွန်တော် ဇွတ်မ၀င်လိုပါ။ အခြေအနေကို စောင့် ကြည့်ရုံသာ ရှိပါသည်။ သည်ကလေးများ၏ ပြဿနာသည် ကျွန်တော့် ပြဿနာပင် ဖြစ်ပါ၏။ သူတို့၏ အခက် အခဲ သည် ကျွန်တော့် အခက်အခဲပင်ဖြစ်ပါ၏။
တစ်နေ့မနက်ခင်း အားလပ်ချိန်တွင် ဒင်ဟန်တစ်ယောက် ဘောလုံးအသစ်တစ်လုံးနှင့် ကျွန်တော့်ဆီ ၀င် လာသည်။ သူ့နောက်မှ ဖာမင်၊ ပေါ်တာ၊ ဂျက်ဆင်နှင့် ဆီးလ်တို့ပါလာကြ၏။
" ကျွန်တော်တို့ကို ကူပါဦး ဆရာ၊ လေထိုးပြီး ကြိုးထိုးရခက်နေလို့၊ ဆရာ ၀က်စတန်က လုပ်ပေးမယ် ပြော ပြီးမှ အလုပ် တွေ ရှုပ်နေလို့တဲ့ "
" ပေးလေ၊ ဆရာ လုပ်ပေးမှာပေါ့ "
သူတို့ လူသိုက် ၀င်လာတော့ မိန်းကလေးတွေ အခန်းထဲမှ ထွက်သွားကြသည်။ ပါမလာကမူ ထုံးစံအတိုင်း ကျန်ရစ်နေ၏။ ဘောလုံးကို တင်းသည်ထက် တင်းအောင် လေထပ်ထိုး၏။ ဘောလုံးကို စားပွဲပေါ် တင်ကာ ကျောင်းသား နှစ်ယောက်ကို ငြိမ်ငြိမ် ကိုင်ထားစေပြီး ကျွန်တော်က ကြိုးထိုးပြီးချုပ်သည်။ နောက်ဆုံး အပေါက် ရောက်ခါ မှ စူးက ချော်ပြီး ကျွန်တော့် လက်ချောင်းကလေး တစ်ခုကို စူးတော့သည်။ သွေးတွေ ပန်း ထွက်လာ၏။
" ဟာ ... ဆရာ သွေးတွေ ပန်းထွက်လာပြီ၊ နီရဲရဲတွေ ဆရာ "
ပေါ်တာ၏ မျက်နှာပြဲပြဲကြီး ပိုကြီးလာပြီး အလန့်တကြား အော်သည်။ တခြားကျောင်းသားများက သူ့ကို ကြည့်ပြီး ရယ်ကြသည်။ ပါမလာ ချက်ချင်း ရောက်လာပြီး -
" ဟဲ့ ... ဖက်တီး ရဲ့၊ သွေးပဲ ... နီမှာပေါ့၊ မင် မှ နက်တာ " ဟု ဒိုးဒိုးဒေါက်ဒေါက်ပြောကာ သူ့နေရာသူ ခပ် တည်တည် ပြန်ထိုင်နေသည်။ ဒင်ဟန် က မြွေဟောက်မ တစ်ကောင်လို ပါးပျဉ်းထောင်ကာ ထဟောက်သော ပါမလာ ကို ကြည့်ပြီး ပါးစပ်အဟောင်းသားနှင့် -
" ဟာ ... သေတော့မှာပဲ "
ဆီးလ်နှင့် ဖာမင်တို့က ပါမလာကို တစ်လှည့်၊ ပေါ်တာကို တစ်လှည့် အကြောင်သား ကြည့်နေကြ၏။ ပေါ်တာ က မျက်နှာပျက်ပျက်နှင့် -
" ကျွန်တော်က ဘာကိုမှ ရည်ရွယ်ပြီး ပြောတာ မဟုတ်ပါဘူး ဆရာ၊ တကယ်တော့ ဆရာရယ် ... ဖြူတယ် မည်းတယ် ဆိုတာ စပါးလုံးတစ်ထောက်လောက် ထူတဲ့ အရေခွံပေါ်က ပြဿနာပါ "
ပေါ်တာ ပြောသည်မှာ သဘာဝကျပါသည်။
" မင်းပြောတာ ဟုတ်ပါတယ်၊ အသားရောင်ဟာ သွေးထဲ မရောက်ပါဘူး၊ အရေခွံပေါ်တင်ပါ "
ဘောလုံး ကို ကြိုးထိုးချုပ်ပေးပြီး စားပွဲထဲမှ ဆေးပလတ်စတာ နှင့် ကျွန်တော့် လက်ချောင်းကလေးကို ကပ်လိုက်သည်။ ပေါ်တာ ကို အခြောက်တိုက် ၀င်ပြီး ရန်တွေ့သည့်အတွက် ပါမလာကို ကျွန်တော် မကျေ မနပ် ဖြစ်သွားသည်။ သို့သော် ကျွန်တော် ခပ်မဆိတ်ပင် နေလိုက်၏။
ချာတိတ်တစ်သိုက်က ပါမလာ ဆီကို လျှောက်သွားကြသည်။ ပါမလာက အေးစက်စက် မျက်လုံးများဖြင့် ပြန်ကြည့်နေ၏။
" မင်းဘာဖြစ်နေတာလဲ ဟင် "
ဒင်ဟန်က ရှေ့တည့်တည့်မှ ရပ်ပြီး မေးသည်။
" မင်းကိုယ့်ကို ပြောနေတာလား ဒင်ဟန်၊ ယဉ်ယဉ်ကျေးကျေးပြောလေ "
ကောင်းပါပြီ မစ္စဒဲယား၊ မင်း ဘာဖြစ်နေတာလဲ "
" ဘာကို ဆိုလိုတာလဲ ဒင်ဟန် "
" ပေါ်တာ့ကို ဆရာ့ရှေ့မှာ မင်းရန်လုပ်တယ်၊ ပြီးတော့ သူ့ကို ဖက်တီးလို့လည်း ခေါ်တယ်၊ အဲဒါ ကောင်းလား"
" သူက ဖက်တီး မို့ ဖက်တီးလို့ ခေါ်တာ နာစရာလား "
ပါမလာက ပေါ်တာ့ကို ခြေဆုံးခေါင်းဆုံး ကြည့်ပြီး ပြောသည်။
" ငါက ရိုးရိုး ပြောတာပါဟာ၊ ဆရာကလည်း ဘယ်လိုမှ သဘောမထားပါဘူး "
ပေါ်တာက ပါမလာ ၏ အကြည့်ကို မခံနိုင်သလို အထစ်ထစ် အငေါ့ငေါ့ ရှင်းပြနေရှာသည်။ ဤတွင် ပါမလာက ၀ုန်းခနဲ ထရပ်ပြီး ဒေါသ အမျက်ခြောင်းခြောင်း ထွက်နေသည့် မျက်လုံးများဖြင့် -
" ဘာ ... ဆရာက ဘယ်လိုမှ သဘောမထားဘူး ဟုတ်လား၊ ဆရာက ဆရာမို့ သဘောထားကြီးနေတာ နားလည်လား၊ ဆရာ့ ရင်ထဲမှာ ဘယ်လိုနေမလဲ၊ နင်တို့ ၀င်ကြည့်လို့ရသလား။ နင်တို့အားလုံး ဘာမှ နားမ လည်ဘူး၊ ငတုံးတွေ "
ဆံပင်နီနီနှင့် ကောင်မလေးကို ကြည့်ပြီး ကျွန်တော် ကြက်သေသေနေသည်။ မီးလျှံတစ်ခုနှင့်တူနေ၏။
" နင်တို့ကို အဲဒီလို ပြောရင် ခံနိုင်ကြမလား၊ ဟေ့ ငတုံးတွေရဲ့၊ ပြီးတော့ ဆရာ့ကို ခဏခဏ မေးကြသေး တယ်၊ ဆရာ့ဘ၀ အကြောင်းတွေ"
ပါမလာ စကားကို ခဏရပ်ပြီး မျက်နှာကို ရှေ့သို့ ထုတ်ကာ ယောက်ျားလေး အမူအရာ လုပ်၍ -
" ဆရာ ရေချိုးရဲ့လား၊ ဆရာ ချမ်းတတ်ရဲ့လား၊ ဆရာ ဆံပင်ညှပ် ရဲလားနဲ့၊ သိပ်တုံးတဲ့ ငတုံးတွေ၊ နင်တို့ အားလုံး တူတူပဲ"
တစ်ဂျက်ဆင်က ပါမလာ့ အမူအရာကို သဘောကျပြီး -
" တော်တယ်ဟေ့ ... ပါမလာက သိပ်အမူအရာ ကောင်းတယ် "
" ဘာ ... "
ပါမလာက တစ်ဂျက်ဆင် ဘက်သို့ ချာခနဲ လှည့်ပြီး ဟောက်လိုက်ပြန်သည်။
" သြော် .... မစ္စဒဲယားလို့ ပြောတာပါဟာ၊ မှားသွားလို့ "
" ဆရာက ပြောထားတာပဲ၊ တို့တွေကို ကြိုက်တာ မေးတဲ့၊ မင်းလည်း သိသားပဲ "
ဒင်ဟန်က အယူခံဝင်သည်။
" နင်လည်း ငတုံးပဲ။ အဲဒီလို မေးခွန်းမျိုးကို ဆရာ ဆိုလိုတာ မဟုတ်ဘူး၊ နင်တို့မေးခွန်းတွေက ဆရာ့ အသားရောင် ကို မျက်စောင်းထိုးပြီး မေးတဲ့ မေးခွန်းတွေချည်းပဲ၊ တခြားဘာမှ မမေးတတ်ကြတော့ဘူးလား"
တစ်ယောက်မှ အလွတ်မပေးလိုဟန်ဖြင့် ဘာမှ ၀င်မပြောဘဲ ပွဲကြည့်ပရိသတ်လုပ်နေသည့် ဆီးလ်ဘက်သို့ လှည့်လိုက်ပြန်၏။
" နင်လည်း အတူတူပဲ၊ နင်က ပိုနားလည်ဖို့ ကောင်းတယ် "
" ကိုယ် ဘာလုပ်လို့လဲ မစ္စဒဲယား၊ ဘာမှလည်း ၀င်မပြောရပါလား "
ဆီးလ် အထိတ်အလန့် ဖြစ်သွားသည်။
" မပြောလို့ ပြောနေတာပေါ့၊ နင်လည်း လူမည်းသွေး ပါတာပဲ၊ ဘာဖြစ်လို့ တေမိလုပ်နေလဲ၊ ဆရာ့ဘက်က ၀င် ရပ်ပါလား၊ နင် သူတို့ကို ကြောက်လို့လား "
ပါမလာ ရန်စွယ်နဲ့ ငေါငေါ ဖြစ်နေပုံက ကြည့်လို့လည်း ကောင်းနေ၏။ ဘွာဒီစီယာ ရှင်ပြန် ထမြောက်လာသည့်အလား။ ဆီးလ်က သူ့ကို လူကြီးဆန်ဆန် စိတ်ရှည်ရှည်နှင့် စောင့်ကြည့်နေ၏။
" သူတို့တစ်တွေ ဆရာ့ကို ထိခိုက်နစ်နာစေလိုတဲ့ ဆန္ဒနဲ့ မေးတာလို့ ကိုယ်တော့ မထင်ဘူး မစ္စဒဲယား၊ မသိ မနားလည်တာကို ရိုးရိုးမေးတာလို့ပဲ ကိုယ် ထင်တယ် "
ပါမလာက လွယ်လွယ်နှင့် မကျေနပ်နိုင်ဘဲ ဖြစ်နေ၏။
" ဒါဆို နင့်ကို သူတို့ မေးပေစေပေါ့၊ ဒါလောက် သိချင်နေရင် "
" ကိုယ်က ဆရာမှ မဟုတ်ဘဲ မစ္စဒဲယား၊ ဆရာ့ဘ၀ကို အားကျရုံ အားကျနေတာ "
ဒင်ဟန် က ၀င်ထိန်းဖို့ ထပ်ကြိုးစားသည်။
" နေပါဦး မစ္စဒဲယား၊ ဆရာက ဘယ်သူ့အကာအကွယ်မှ မလိုပါဘူး၊ မင်းက ဘာမို့ ဆရာ့ရှေ့ လာရပ်နေတာလဲ၊ မင်းကိုယ်မင်း ဘာများအောက်မေ့နေလဲ "
" ဆရာ့ကို ကာကွယ်တာ မဟုတ်ဘူး၊ နင်တို့ အလိုက်ကမ်းဆိုး မသိလုပ်တာတွေ များလွန်းလို့ ငါ ၀င်ပြောတာ၊ အေး ငါ့ကိုယ်င် ဘာထင်ထင် နင့်အလုပ် မဟုတ်ဘူး မစ္စတာ ငနီဒင်ဟန် "
ဓားသွားလို ထက်သည့် စကားလုံးများဖြင့် ပါမလာက ခုခံပစ်ပေါက်သည်။ ဤတွင်မှ ပေါ်တာက တစ်ဖက်ကို လှည့်လိုက်ပြီး -
" ကဲ အပေါင်းအသင်းတို့။ လာကြပါကွာ၊ သွားစို့၊ သူ့ကို နိုင်အောင် ပြောလို့ရမှာ မဟုတ်ဘူး "ဟု စည်းရုံးပြီး ခေါ်ထုတ်သွားသည်။
တံခါးဝ ရောက်ခါနီးမှ ဒင်ဟန်သည် တစ်စုံတစ်ခုကို ဖျတ်ခနဲ သတိရလိုက်ဟန်ဖြင့် ပြန်လှည့်ပြိး ခပ်တိုးတိုး ပြောလိုက်သည်။
တံခါးဝ ရောက်ခါနီးမှ ဒင်ဟန်သည် တစ်စုံတစ်ခုကို ဖျတ်ခနဲ သတိရလိုက်ဟန်ဖြင့် ပြန်လှည့်ပြီး ခပ်တိုးတိုး ပြောလိုက်သည်။
" နင့်ကိုယ်နင် ဘာဖြစ်နေတာလဲ ... နင် သိလား၊ ဆရာ့ကို အတင်းလိုက်ကြိုက်နေတာ။ အဲဒါကြောင့် ... အဲဒါကြောင့် "
တံခါးကို ၀ုန်းခနဲ ပိတ်ပြီး သူတို့တစ်သိုက် ထွက်သွားကြသည်။ ပိတ်သွားသည့် တံခါးရွက်ကို ငေးလျက် ပါမလာ ပါးစပ်အဟောင်းသား ဖြစ်ကျန်ရစ်သည်။ ပြီးမှ ကျွန်တော့်စားပွဲဘက် ပြန်လှည့်သည်။ သူနှင့် ကျွန်တော် မျက်လုံးချင်း ဆုံမိကြသည်။ ကျွန်တော့် မျက်နှာ ဘယ်လိုထားရမှန်း မသိတော့ပါ။ သူလည်း မျက်နှာတစ်ခုလုံး နီရဲကာ အခန်းထဲမှ ပြေးထွက်သွားတော့၏။
အပျက် အပျက်နှင့် နှာခေါင်းသွေး ထွက်ရတော့မည်။ စိတ်ထဲက ကြိုသိသလိုလို ရှိနေပြီး မဟုတ်နိုင်ပါဘူးဟု ကိုယ့်ကိုယ်ကိုယ် ငြင်းနေခဲ့သည့် ပြဿနာ။ ပါမလာသည် ကိုယ်လုံးကိုယ်ထည် အဘယ်မျှ ဖွံ့ထွားဆူဖြိုးနေ စေကာမူ ကျွန်တော့်အတွက် ကလေးတစ်ယောက်မျှသာ ဖြစ်ပါ၏။ ကျွန်တော့် ထိန်းသိမ်းမှုအောက်မှ တပည့်မ ကလေး တစ်ဦးသာ ဖြစ်ပါ၏။
မြီးကောက်ပေါက်ကလေးများ သည်အရွယ်တွင် စိတ်ကစားတတ်သည်ကို ကျွန်တော် နားလည်ပါသည်။ အိမ်ထောင်သည် ယောက်ျားများနှင့်ပင် ငြိစွန်းတတ်ကြသေးသည် မဟုတ်လား။
ကျွန်တော်သည် ပါမလာကို သဘောကျသည်။ ချစ်သည်။ တပည့်မကလေးတစ်ယောက်ကို ဆရာက ချစ် သည့်အချစ်မျိုးထက် တစ်ဆံခြည်မျှ မပိုပါ။ အခြား အခြားသော မိန်းကလေးများအပေါ်တွင်လည်း ထိုနည်းတူ ပင်။ ဖခင် တစ်ယောက်၏ မေတ္တာမျိုး၊ တာဝန် ၀တ္တရားမျိုးဟု ကျွန်တော် ရင်ဝယ်ပိုက်ထားပါ သည်။
ဒင်ဟန် မြင်သလို အားလုံးက မြင်လျှင်တော့ ပြဿနာတွေ ရှုပ်လာနိုင်စရာ ရှိပါသည်။ သို့သော် ဒင်ဟန်တစ် ယောက် ပါမလာနှင့် စကားနိုင်လု၍ မရတော့သည့်အဆုံး ပါးစပ်ထဲတွေ့ရာ စွတ်ပြောသွားခြင်းလည်း ဖြစ်နိုင်ပါသည်။ မည်သို့ဖြစ်စေ သည်ကိစ္စကို တစ်ယောက်ယောက်နှင့် တိုင်ပင်ဖို့ လိုလာပါပြိ။ ထို တစ်ယောက် ယောက်သည် ဂျီလီယံတော့ မဖြစ်နိုင်ပါ။ " အစောကြီးက သတိပေးသားပဲ "ဟု ဂျီလီယံ မုချပြောတော့မည် ဖြစ်ပါသည်။ ကျွန်တော် သည်လို အပြောမခံနိုင်ပါ။
ဂရေ့စ်အီဗန်နှင့် ဆိုလျှင် အဆင်ပြေမည်။ တမြေတည်းနေ တရေတည်းသောက်သည့် ကျောင်းသူကလေး များအကြောင်း သူက ပိုသိသည်။ စားသောက်ခန်းမှ ပြန်လာသည့် ဆရာမ ဂရေ့စ်ကို ကျွန်တော် တိုးတိုးကပ် ပြီး အေးအေးဆေးဆေး စကားပြောချင်ကြောင်း ပြောလိုက်သည်။ ဆရာမ၏ အခန်းထဲတွင် ဆုံပြီး ကျွန်တော် ဖြစ်ကြောင်း ကုန်စင် ပြောပြလိုက်၏။ ဆရာမက ကျွန်တော့် ဇာတ်လမ်း ဆုံးသည်အထိ နား ထောင်နေသည်။ ပြီးမှ -
" ဟုတ်ပြီ၊ အဲဒါ ဆန်းသလား ဆရာ "
" ဟာ ဆရာမကလည်း ဗျာ၊ နောက်မနေစမ်းပါနဲ့၊ ကျွန်တော့်ကို အကြံဥာဏ်ပေးပါဦး၊ ကျွန်တော့်တော့ ဘာ လုပ်ရမှန်း မသိတော့ဘူး "
" ကျွန်မ နောက်နေတာ မဟုတ်ဘူး ဆရာ၊ ဒါမျိုးက ဖြစ်နေကျပဲဟာ၊ ကျောင်းသူနဲ့ ဆရာတွေ ဖြစ်ခဲ့ကြတာ ကျောင်းပေါ်စကတည်းကပဲ။ ကဲ ... ထိုင်ပါဦး ဆရာရယ်၊ လက်ဖက်ရည် သောက်ပါဦး၊ ကျွန်မ သွားယူပေး ပါ့မယ်"
လက်ဖက်ရည် သောက်ကြပြီးမှ ဆရာမ စကားဆက်သည်။
" ဒီကျောင်းမှာ အားကိုးလောက်တဲ့ အမျိုးသားဆရာ မရှိတာ နှစ်နဲ့ချီကြာခဲ့ပြီ ဆရာ၊ အဘိုးကြီးကတော့ ထားပါတော့။ ရောက်လာတဲ့ ဆရာတွေ မနည်းတော့ဘူး၊ လာလိုက်မှဖြင့် ဖြစ်ကတတ်ဆန်းတွေချည်းပဲ။ အ၀တ်အစားက ကပိုကရို၊ သွားတောင် မှန်မှန် မတိုက်တဲ့ ပုံစံမျိုးတွေ၊ ဖိနပ်တိုက်ဖို့ဆိုတာ ဝေလာဝေး၊ စာသင်တော့လည်း ပေါက်တက်ကရ၊ ဘယ်လိုလုပ်ပြီး ဆရာဖြစ်အောင် လာကြသလဲ မသိဘူး။ သူတို့ ကြည့် ရတာ ကျောင်းဆရာနဲ့ မတူဘဲ လွန်ခဲ့တဲ့ တစ်ပတ်လောက်က ပစ်ထားတဲ့ စားကြွင်းစားကျန်နဲ့တူနေ တယ်"
ပြောရင်း ပြောရင်း ဆရာမ စိတ်ပါလက်ပါ ဖြစ်လာပုံရသည်။ မတ်တတ်ထပြီး လမ်းလျှောက်သည်။ လက်ကို တင်းတင်းပိုက်လျက်။ ကျွန်တော့်ရှေ့တွင် ဖျတ်ခနဲ ရပ်လိုက်ပြီး -
" အဲဒီမှာ မစ္စတာ ရစ်ကီဘရိတ်ဝိတ်ဆိုတဲ့ ဆရာတစ်ယောက် ရောက်လာတယ်။ ဖိနပ်တိုက်ရကောင်းမှန်း၊ အ၀တ်အစား ကို သေသေသပ်သပ် ၀တ်ရကောင်းမန်း သိတဲ့ ဆရာလေ၊ မုတ်ဆိတ်နေ့စဉ်ရိတ်ပြီး သွားတွေကို ဖွေးနေအောင် တိုက်ထားတတ်တဲ့ဆရာ။ လည်စည်း လက်ကိုင်ပုဝါက အစ အရောင်အသွေး လိုက်ဖက်အောင် ရွေးတတ် တဲ့ ဆရာ၊ သူက ယောက်ျား ပီသတယ်၊ ရုပ်ဖြောင့်တယ်။ ကဲ ... ဒီတော့ ခုလိုဖြစ်တာ ဘာဆန်းသလဲ ဆရာ။
" ဆရာဟာ သူတို့ အဖေတွေနဲ့ရော၊ သူတို့ ရပ်ကွက်ထဲက ကာလသားတွေနဲ့ရော သိပ်ခြားနားနေတယ်လေ၊ ပြီး ဆရာက သူတို့ကို တလေးတစား ဆက်ဆံတော့ သူတို့ ဆရာကို ချစ်ကြတယ်၊ ခင်ကြတယ်။ ကျွန်မ အချိန် မှာ သူတို့ ချက်ရင်း ပြုတ်ရင်း ဇာထိုးရင်း ဆရာ့အကြောင်းပဲ ပြောနေကြတာရှင့်။ ဆရာက ဘယ်လို၊ ဆရာက ဘယ်ချမ်းသာနဲ့ ဆရာချင်း မိုးမွှန်နေတာပဲ၊ နားကြားပြင်းကို ကက်ယူရော ... "
ဆရာမ ဂေရေ့စ် ခုလို စိတ်လိုက်မာန်ပါ ပြောသည်ကို ကျွန်တော် တစ်ခါမှ မမြင်ဖူးပါ။
" ဒီမယ် ဆရာရစ်ကီ၊ ဒီကျောင်းမှာ ကျွန်မ လုပ်လာတာ အနှစ် ၂၀ နီးပါး ရှိပြီ၊ ကျွန်မ ဒီကလေးတွေကြောင်း ချေးခါးအူမ မကျန်သိတယ်။ ဆူရာံကို သူတို့ ကိုးကွယ်ကြတာ အမှန်ပါ။ ဟိုနေ့ကတောင် ဆရာကြီးက ပြော နေသေးတယ်။ ဆရာ ဘရိတ်ဝိတ်က ကလေးတွေကို အကြင်နာနဲ့၊ အပြန်အလှန် လေးစားမှုနဲ့ ဆက်ဆံတာဘဲ၊ သိပ်အောင်မြင်တာပဲတဲ့။ ပါမလာနဲ့ ပတ်သက်လို့ကတော့ ဆရာ စိတ်ရှည်ဖို့ပဲ လိုတယ်။ ကောင်မလေး အနေနဲ့က အရွယ်ရောက်ခါစလေ၊ ဆရာက သူ့ရဲ့ ပထမဆုံးတွေ့ရတဲ့ သူရဲကောင်းဖြစ်နေ တာကိုး၊ ဆရာ့ ဘက်က မှန်မှန်ကန်ကန် ကိုင်တွယ်ရင် ဒီကလေးမ လမ်းမှန်ပေါ် ရောက်သွားမှာပါ"
ကျွန်တော် မတ်တတ်ထရပ်သည်။ ဆရာမကို ကျွန်တော် အများကြီး ကျေးဇူးတင်မိပါသည်။ ကျွန်တော် လိုချင်သည်ထက် ပိုပြီးရလိုက်သည် မဟုတ်ပါလား။
" သိပ်ကျေးဇူးတင်ပါတယ် ဆရာမ၊ ကျွန်တော့်အတွက် အများကြီး အထောက်အကူ ဖြစ်ပါတယ် "
ဆရာမက ရယ်ပြီး -
" ပြဿနာရှိရင် အန်တီဂရေ့စ်ဆီ အမြဲတမ်း လာဆွေးနွေးပါကွယ် " ဟု အရွှန်းဖောက်သည်။ အခန်းထဲမှ ထွက်မည့် ဆဲဆဲတွင် ထပ်ပြောသေးသည်။
" ဂျီလီယံ ကလေးက သိပ်တော်တာပဲ၊ ဆရာ သဘောမကျဘူးလား "
ကျွန်တော် ဘာမှမပြောဘဲ လစ်ထွက်ခဲ့၏။ ဂျီလီယံ ကို အသာထားပြီး ပါမလာကလေး၏ စိတ်လှုပ်ရှားမှုတွေ ပေါက်ကွဲမလာခင် ထွက်ပေါက် ရှာပေးဖို့ စဉ်းစားရဦးမည်။
နောက်တစ်နေ့မှ စပြီး ပါမလာ အချိုးပြောင်းလာ၏။ မကျေနပ်ချက် အချို့ကို အန်ထုတ်လိုက်ရ၍ ဖြစ်မည်။ ပုံမှန်အတိုင်း ပြန်ဖြစ်လာ၏။ အက သင်တန်းကိုလည်း မှန်မှန် ပြန်တက်၏။ ရံခါတော့ ခပ်တွေတွေကလေး ဖြစ်နေတတ်သေးသည်။ သို့သော် မကြာခင် ဒါတွေ ပျောက်ကွယ်သွားမည်ဟု ယုံကြည်နေ၏။ ကျွန်တော် စိတ်သက်သာရာ ရနေသည်။
ဆရာကြီးသည် ကျွန်တော့်အတန်းသို့ မကြာခဏ ရောက်လာတတ်ပြီး တိုးတက်မှုကို စစ်ဆေးသည်။ သူ အကျေနပ်ကြီး ကျေနပ်နေ၏။ ကျွန်တော့် တပည့်များသည် ဆရာကြီး ဆွေးနွေးသည့် အကြောင်းအရာများကို ရဲရင့် သွက်လက်စွာ ပြန်လည် ဆွေးနွေးနိုင်ကြသည်။ မကြာမီရောက်လာတော့မည့် အတန်းတင် စာမေးပွဲကြီး ကို သူတို့တစ်တွေ ယုံကြည်မှု အပြည့်ဖြင့် စောင့်နေကြပြီဖြစ်ပါ၏။
--------------------------
ဆက်ရန်
.
No comments:
Post a Comment