Sunday, June 12, 2011

တင်မောင်မြင့် ဘာသာပြန် သတင်းမုဆိုး အပိုင်း (၃၆)

အခန်း(၄၈)
ဂျိန်း

၁၉၆၇ ခုနှစ်သည် ထိုဆယ်စုနှစ်အကြောင်းကို လူတွေ ပြန်ပြောင်းပြောဆိုကြသည့်နှစ် ဖြစ်၏။ နွေကာလ ရှည်လျားသည့် နှစ်လည်း ဖြစ်၏။ အမေရိကန်တွင် လူမည်းတို့ ကြွေးကြော်သံနှင့် ဗီယက်နမ် စစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ရောထွေးကူးစက်သွားသည့် နှစ်လည်း ဖြစ်၏။ မူးယစ် ဆေးဝါး နှစ်ဟုလည်း ပြောနိုင်၏။ ကာလပေါ် တေးတစ်ခေတ်ဆန်းပြီး မေတ္တာတရား ထုံမွှမ်းသော နှစ်လည်း ဖြစ်၏။
အမေရိကန် မျိုးချစ်စိတ်တွေ မြောင်းထဲရောက်သည့်နှစ်လည်း ဖြစ်၏။ စစ်သွေးကြွကာ ဗီယက်နမ် ကို ကျူးကျော်ခြင်း ကို ပြည်သူတွေက မထောက်ခံ။ ဘာသာရေးကို အာရုံစိုက်မှု နည်းလာ၏။ ဘုရားရှိခိုး ကျောင်း များတွင် ၀တ်ပြု ဦးရေနည်းသည်ထက် နည်းလာပြီး ဘ၀ငြိမ်းချမ်းမှုကို ဘုရား ရှိခိုးကျောင်း ပြင်ပတွင် ထွက်၍ ရှာဖွေကြ၏။

အရင်းရှင် ၀ါဒဟူသည့် စကားလုံးကို ညစ်ညမ်းသည့် ဖရုဿဝါစာ အဖြစ် လူတွေ မြင်လာကြ၏။ စီးပွားရေး လုပ်ငန်း မှန်သမျှ ကြီးကြီးငယ်ငယ် မယုံကြည်ကြတော့။
အရက်သေစာ ရှောင်ကြဉ်ခြင်းသည် ခေတ်နောက်တွင် ကျန်ရစ်ကာ မူးယစ်ဆေးဝါးက ဟစ်ပီတို့ အသိုင်း အ၀န်း မှသည် ပြည်သူထဲသို့ ပျံ့နှံ့ပြီး တက္ကသိုလ်ပရိဝုဏ်ထဲအထိ ရောက်သွား၏။
၁၉၆၇ ခုနှစ်သည် အသက်ကို ဂျိန်း စတင်လိမ်ပြောသည့်နှစ်လည်း ဖြစ်သည်။ ကိုယ့်မျက်နှာကိုယ် မှန်ဘီလူး ဖြင့် ကြည့်သည်။ မျက်ဝန်းတစ်ဝိုက်တွင် တင်းတိပ်ကလေးတွေ စတင် ခြေချနေပြီ။ နှာခေါင်းနှင့် ပါးစပ် တစ်ဝိုက် တွင်လည်း မှဲ့ယင်ချေးကလေးတွေ ဥစပြုလာ၏။

ထိုအချိန်မှစ၍ အမျိုးသမီး မဂ္ဂဇင်းမျးမှ မျက်နှာအလှပြင် ဆရာဝန်များ၏ လိပ်စာတွေကို လိုက်ကူး သည်။
နှစ်ဆယ့် ခုနစ်ဆိုသည့် အရွယ်သည် ဂျိန်းအတွက် တောင်ကုန်းတစ်ခုသဖွယ် ဖြစ်လေသည်။ နှစ်ဆယ့်ခုနှစ် အရွယ် သည် ရှေ့ဆက်ခရီးသွားစရာ တစ်နံတစ်လျားကြီး ကျန်သေးသည့် အရွယ် လည်း ဖြစ်လေသည်။

ငယ်ငယ် နာမည်တွေ အမျိုးမျိုး ပြောင်းသလို ဂျိန်းက ယခု သူ အသက်ကို အမျိုးမျိုး ပြောင်းပြော သည်။ ဟိုတုန်း က မင်ရောင် အမျိုးမျိုး သုံးပြီး လက်မှတ်ထိုး ဆော့ကစားခဲ့သလို ယခု အသက်ကို တစ်မျိုးပြီးတစ်မျိုး လိမ်ပြော တမ်း ကစားသည်။
အများအားဖြင့် လူတွေကို ၂၅နှစ်ဟု ပြောလေ့ရှိပြီး သူတွဲချင်သည့် လူတွေ့လျှင်တော့ ၂၄နှစ်ဟု ပြောသည်။ သူတို့ အားလုံး ရမ္မက်၏ သားကောင်တွေဖြစ်လို့ ဂျိန်း၏ မျက်နှာမှ ကလ္ခဏာများကို သတိမထားမိကြ။ ဂျိန်း၏ အသက်မှန် ကိုလည်း ဘယ်သူမှ မစပ်စုကြ။

စကတ်ကို ဂုံညင်းပျောက်နေသည့် ဒူးဆစ်တုတ်တုတ်အပေါ်တွင် ဆယ်လက်မ တို ပစ်လိုက်သည်။ အတွင်းခံ ဘရာစီယာ မ၀တ်တော့၊ ချိုင်းမွေး နှင့် ခြေသလုံးမွေးလည်း မရိတ်တော့။ ဆံပင်ကို မညှပ်ဘဲ ဒီအတိုင်း ထား လိုက်သည်။
"ကိုယ်ဆံပင် က စကတ်ထက်တောင် ရှည်နေပြီ" ဟု ဂျိန်းက ဂုဏ်ယူစွာ ပြောတတ်သေး၏။ သည်လို လွတ်လွတ် လပ်လပ် လုပ်ချင်ရာလုပ်လေ လူတွေ သူ့ကို ဂရုစိုက်လာလေလေ ဖြစ်ကြောင်း တွေ့ရသည်။ ကြော်ငြာ တွေက "ရှိရင် ရှိတာ အကုန်ထုတ်ကြ" ဟု ဆိုလေ့ရှိ၏။ ဒါကို လိုက်နာဖို့ ဂျိန်းအတွက် အခက်အခဲ မရှိပါချေ။

၁၉၆၇ ခုနှစ်တွင် ဂျိန်း၏ စာမူတစ်ပုဒ် ဈေးဦးပေါက်သည်။ ပုံမှန် အတွဲမထားသဖြင့် ဂျိန်းတွင် စာရေးချိန် ရလေ သည်။ လောကထဲသို့ တိုးဝင်နေသည့် ဂျိန်း၏ ခြေလှမ်းတွေ ရဲတင်းလာသလို သူ့အရေးအသားတွေကလည်း ရဲတင်း လာသည်။
ဟိုမှီး သည်မှီး မလုပ်တော့။ ဘယ်သူ့ဟန်ကိုမှ အတုမိုးတော့။ အိုဝင်အား ပခုံးချင်း ယှဉ်ဖို့ ဆန္ဒက သည် ဆုံးဖြတ်ချက် ကို မီးလောင်ရာ လေပင့် ပေးနေသကဲ့သို့ ရှိ၏။

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို အမျိုးသမီးများ လွတ်လပ်ခွင့် လှုပ်ရှားမှုများနှင့် မိမိ၏ မူလယုံကြည်မှု ဖြစ်သော တစ်စုံတစ်ယောက် ဖြစ်ရမည်" ဟူသည့် ရည်မှန်းချက်က ထောက်ကူ အားပြုပေးလျက် ရှိ၏။
ဘေးထိုင် ဘိုင်ကျ ဘုပြောမနေဖို့ ဆုံးဖြတ်လိုက်ပြီး လူတွေ ဂရုစိုက်လာအောင် လုပ်တတ်သည့် ၀ါသနာကို အရင်းပြုကာ မိမိ ခံခဲ့သမျှတွေကို ဂျိန်း စတင်ရေးချလေတော့သည်။
"ကိုယ် သိတဲ့ အကြောင်းရေး၊ ကိုယ်တွေ့အဖြစ်အပျက်မျိုးတွေ ရေးနော်"

ဂလင်က ထပ်ပြောသည် ၁၉၆၇ခုနှစ် နွေဦးတစ်နေ့တွင် ဖြစ်သည်။ နောက်ဆုံး စာမူတစ်ခုကို ဂျိန်းက တည်းဖြတ် အပြီးတွင် ဂလင်၏ မီးဖိုခန်းထဲတွင် စကားပြောဖြစ်ခြင်း ဖြစ်၏။
ဂျိန်းက ကော်ဖီထဲသို့ သကြားထည့်ရင်း စိတ်ထဲရှိသည့်အတိုင်း ရင်ထဲတွင် ဖိစီးနေသည့် ဝေဒနာကို အန်ချ လိုက်သည်။

"ဂျိန်း သိတာကတော့ ဂျိန်း မတရား ၀လာတယ်ဆိုတာပဲ၊ မသိကျိုးကျွံ ပြုနေလို့ မရအောင် ဖြစ်လာ တာ၊ ဟောဒီ  စကတ်တိုတို ၀တ်ရတာ လုံးဝ အထာမကျတော့ဘူး၊ ကိုယ့်ပေါင်တွေကိုယ် မုန်းလာ ပြီ"
ဂလင် ညွှန်းသည့် ဓာတ်စာတွေ စားကြည့်သည်။ တစ်ခုမှ မအောင်မြင်၊ ဖတ်သမျှ မှတ်သမျှ အာဟာရဓာတ်နှင့် ထိန်းကြည့် သည်။ မရ။ ယခုလည်း နောက်ဆုံးပေါ်နည်းကို စမ်းကြည့်ရာ အကြောင်းမထူးသဖြင့် ဂျိန်း စိတ်ဓာတ် ကျနေသည်။

သည်ဆရာဝန်က တစ်မျိုး၊ ပရိုတင်း အများကြီး စားခိုင်းပြီး တစ်နေ့ ရေခြောက်ခွက် သောက်ခိုင်း သည်။ သည်နည်း ဖြင့် ကိုယ်အလေးချိန် ကျသည်ဆိုလျှင် စိတ်ဓာတ်ကြောင့် မဟုတ်နိုင်ဘဲ မိနစ် နှစ်ဆယ်လျှင် တစ်ကြိမ် ကျလောက် ရေအိမ်ပြေးကာ ၀ိတ်လျော့နေရသဖြင့် ကျခြင်းဖြစ်မည်ဟု ဂျိန်းက စိတ်ချဉ် ပေါက်ပေါက်ဖြင့် တွေးနေသည်။
"ဒါဖြင့်လည်း မင်းပေါင်တံအကြောင်း ရေးပေါ့" ဂလင်က အတည်ပေါက်ဖြင့် အကြံပြုသည်။

"ဟာ ဂလင်ကလည်း ပေါင်တံအကြောင်း ဘာရေးစရာရှိလဲ၊ ပြီးတော့ ဘယ်သူက ဖတ်မှာလဲ"
ဂျိန်း က သင်ကြားခဲ့ရသည့် ရသ စာပေတန်းဝင် စာပေမျိုးတွေ ရေးချင်သူ။
"ကိုယ်တွေ့ဖူးသမျှ မိန်းမတွေကတော့ ဖတ်မှာပဲ"
ဂလင်က အတည်ပေါက် လေသံဖြင့် ပြန်ပြောသည်။

ပေါင်တံအကြောင်း ဂျိန်း စဉ်းစားသည်။ ပြီးတော့ တစ်ဆက်တည်း မစဉ်းစားချင်သည့် အကြောင်း များ ကိုလည်း  စဉ်းစားသည်။ လွန်ခဲ့သည့် ခုနစ်နှစ်က ထုတ်ဝေဖြစ်သည့် နှုတ်ဆက်အနမ်း နောက်ပိုင်းတွင် မိမိလက်ရေး ကို ပုံနှိပ်စာလုံးဖြင့် တစ်ခါမှ ဂျိန်း မမြင်ရတော့။

အိုဝင့် စာအုပ်အတွက် ချီးမွမ်းခန်းဖွင့်နေသည့် ကိစ္စကို သွားစဉ်းစားမိပြနသည်။ နောက်တစ်အုပ် ရေးနေသည့် အကြောင်းလည်း ခေါင်းထဲ ၀င်လာ၏။ ပထမအုပ်ထက် စွံမည်ဟု သတင်းထွက်၏။ ပြီးတော့ ပေါင်တံ အကြောင်း ဆက်စဉ်းစားသည်။ ငယ်ငယ်က စားပွဲပေါ်တက်ပြီး စကတ်အောက်စ မျက်နှာကို လာဖုံးသည်အထိ ၀ဲနေအောင် ကင်းမြီးကောက်ထောင်ခဲ့ပုံကို ပြန်သတိရသည်။ ထိုစဉ် က အိမ်သားများ စိတ်ဝင်စားမှုကို ဂျိန်း ရယူနိုင်ခဲ့သည်။ ယခုလည်း ပေါင်တံများအကြောင်း ရေးရင်း ပရိသတ်ကို ဆွဲဆောင်နိုင်မည် ထင်သည်။ ဂျိန်း ထပ်စဉ်းစားသည်။ အို ဘာလို့ မဖြစ်နိုင်ရမှာလဲ။ စမ်းကြည့်မယ်၊ ဘာအရှုံး ရှိတာမှတ်လို့။

ဂလင်ဆီမှ သုတေသနလုပ်ငန်းအကြောင်းကို ထဲထဲဝင်ဝင် တတ်ကျွမ်းခဲ့သည့် ဂျိန်းသည် ပေါင်တံ များ အကြောင်း သုတေသနပြုလေတော့သည်။ စာကြည့်တိုက်တွင် သွားမွှေသည်။ ရှေးဟောင်း ခန္ဓာဗေဒကျမ်းကြီး ကျမ်းခိုင်းများမှအစ လူခန္ဓာအစိတ်အပိုင်းများပေါ် နှောင်းခေတ် ပန်းချီပညာရှင် တို့အမြင် စာအုပ်တွေပါ ရရှိခဲ့သည်။ မိုက်ယ် အန်ဂျလို ဂူဘင်မှသည် မိုဒီလျာနီတို့အထိ သူတို့၏ အယူအဆများ။ ပေါင်တံများ အကြောင်းကို အမျိုးသမီးများနှင့် သုံးပတ်တိတိ တွေ့ဆုံမေးမြန်း သည်။ ပြီးတော့ ဖတ်ထားသမျှ၊ ကြားထား သမျှ၊ လေ့လာထားသမျှတွေ ချရေးသည်။ ဂျိန်းက သူ့ မလှမပ ပေါင်တံများကို သတိပြုမိပြီး သူချစ်သူများက အငြင်းပယ် ခံရမည်ကို စိုးရိမ်ကြောင်းမှစ၍ ပွင့်ပွင့်လင်းလင်း ရေးသည်။ သည်ပေါင်တံတွေ သေးသွယ် လှပ လာအောင် သူ မည်သို့ လေ့ကျင့် သည်။ မည်သည့်ဆေးဝါးတွေ မှီဝဲသည်။ သို့သော် မည်သို့မျှ မထူးခြား ကြောင်း များကို အရှိအတိုင်း ရေးသည်။

သူ့ဆောင်းပါးကို "ပေါင်တံများ၏ တီးတိုးစကား" ဟု အမည်ပေးသည်။ "ရွှေမြို့တော်" ဟစ်ပီ အပတ်စဉ် ဂျာနယ် သို့ ပို့သည်။ အယ်ဒီတာ၊ ဘယ်ရီဂိုးလ် စမစ်က ဂျိန်း၏ ဆောင်းပါးကို လုံးဝ အဖြတ်အတောက် မရှိ၊ ၏ သည် မလွဲ ထည့်ပေးသည်။
ဘယ်ရီဂိုးလ်စမစ်၏  တစ်သက်တွင် သည်ဆောင်းပါးလောက် တစ်ခါမှ တုန့်ပြန်စာ များများစားစား မရဖူးပေ။ တစ်သက် တွင် ဂျိန်းကို နေ့လယ်စာ ဖိတ်ကျွေးပြီး နောက်တစ်ပုဒ် ရေးဖို့ တိုက်တွန်းသည်။ ကြိုက်သည့် ခေါင်းစဉ် ဖြင့် ရေးပါဟု ဖွင့်ပေးသည်။

"ငါ့ကို အကြံပေးစမ်းပါဦးဟယ်၊ ငါ နင့်အကူအညီ လိုနေပြီ"
ဂျိန်းက ၀ီလ်မာကို အပူကပ်သည်။
"နင့်ကိုငါ မေးခဲ့ဖူးတဲ့ မွေးခွန်းမှတ်မိလား၊ မိန်းမတွေ အနားမှာမရှိရင် ယောက်ျားတွေ ပြောလေ့ရှိတဲ့ အကြောင်း လေ၊ အဲဒီ အကြောင်း ရေးပေါ့၊ ပေါင်တံနဲ့လည်း ဆက်နွယ်နေတာပဲ"
ဂျိန်း ခဏ တွေ စဉ်းစားသည်။

"အေး ကောင်းတယ်၊ ဒါပေမယ့် ငါ အဲဒီ လှုပ်တုတ်လှုပ်တုတ် အကြောင်း ငါ ဘာမှ မသိသေးဘူး" ဟု ရယ်ကျဲကျဲ ပြန်ပြောသည်။
ဒုတိယ ဆောင်းပါး ပါလာတော့ ဂလင်ကက ဂျိန်းကို တိုက်တွန်းသည်။
"မင်း ကိုယ်စားလှယ်တစ်ယောက်ထားဖို့ တော်ပြီ ဂျိန်း၊ ဘာလို့ ဟန့်ဂရင်နီနဲ့ မဆက်သွယ်သေးတာ လဲ၊ သူက မင်းအတွက် အရမ်းကြိုးစားပေးမှာ၊ ကိုယ် ဖုန်းဆက်ပြီး မင်းအကြောင်း နည်းနည်းပါးပါး ကြိုပြော ထား ပေးမယ်လေ"

ဆက်ရန်
.

No comments: