Thursday, June 16, 2011

မဝင်းမြင့် ၏ မြသေလာတောင် ဆွေးဖွယ်နှောင်သည် အပိုင်း (၁၅)

" ပြောမယ်လေကွယ် ... မောင်ရင်က တယ်လောဘကိုး ကျုပ်ဆရာ ဦးစောအေး သေဆုံးပြီး ကိုစောခိုင်ကလဲ အစအန မတွေ့အောင် ပျောက်ကွယ်နေတော့ ကျန်တဲ့ ပစ္စည်းတွေကို ရင်းနှီးရာ ဆွေမျိုး များက တချို့ တ၀က်လှူပြီး တချို့တ၀က်ကို ထိန်းသိမ်းထားတယ်၊ ကိုစောခိုင် ပြန်ရောက်လာတော့ ထိန်း သိမ်းထားတဲ့ ဆွေမျိုး တွေက ပြန်ပေးကြပါရဲ့၊ ဒါပေမယ့် ကိုစောခိုင်က အကုန်ပြန်မယူတော့ဘဲ အချို့ တ၀က် လောက်သာ ယူတယ်၊ ဒီအိမ်နဲ့မြေကိုလဲ ကျုပ်ကို အပိုင် ပေးပစ်ခဲ့ပြီး မန္တလေးမှာ မနေချင်တော့ဘူး ဘဦးရေလို့ နောက်ဆုံး နှုတ်ဆက်ပြီး ဟောဟိုဂြိုလ်မွှေတဲ့ ပေစာထုပ် ပိုက်ထွက်သွားလိုက်ကာ အခုထက် သာတိုင်ပါရော၊ သေမှန်း ရှင်မှန်း ကို မသိတော့ဘူး၊ ကိုစောခိုင် ပေးကမ်းထားခဲ့တဲ့ ငွေလဲကုန်ရော ကျုပ်လဲ ဘူးသီးပဲသီး စိုက်စား နေတာပေါ့၊ ကျုပ်နာမည်က ဘိုးဦးတဲ့ ... မောင်ရင်ရဲ့၊ လူကလေး ကိုစောခိုင်ကကော ငယ်စဉ်ကတည်းက ဘဦး လို့ခေါ်တယ်၊

ကျုပ်မှာ လွမ်းလွမ်းရှိတိုင်း သူ့ဓာတ်ပုံကိုပဲ ကြည့်နေရတာကြောင့် မှန်ကို စင်စင်ကြယ်ကြယ် သုတ်ထား ရတယ်၊ အင်း ပေထုပ်ကြီး ပိုက်သွားတာကို ထောက်ရင် ဆေးပင်ရှိ ရာကိုပဲ ပြန်လိုက်ဟန်တူရဲ့၊ သြော် ... လူကလေး ကို စောခိုင် မသေမပျာက်ရှိသေးရင် ဘဦးဆီ တစ်ခေါက် လောက်ပြန်ခဲ့ပါလား လူလေး ရယ် "
အဘိုးကြီး က ဆွေးဆွေးမြည့်မြည့်ပြောပြီး ငိုကြွေးလိုက်သည်။ ကိုစောခိုင်၏ ဘ၀ဖြစ်စဉ် တစ်ပိုင်းတစ်စကို ဘေးလူ အနေဖြင့် ကြားရလျှင် သနားကရုဏာသက်မိမှာ မှန်သော်လည်း ကိုမျိုးခိုင်၏စိတ်ထဲမှအစိုင်အခဲကား ကျေပျက်မသွားချေ။

" သာလေး သုံးနှစ်သားအရွယ်က ကိုစောခိုင်နဲ့ တွေ့ခဲ့ရတယ် "
ဟူသော မိခင် ဒေါ်ခင်မျိုး၏အသံကို ပြန်လည်ကြားယောင်လာသည်။
ယခု အဘိုးဘကီးက ပြောပြသော စကားထဲမှာ ထွက်သွားပြီး လေးငါးနှစ်ကြာတော့ တစ်ခေါက် ပြန် လာသည် ဟု ပြောခဲ့သည်။ မေမေနဲ့ တွေ့တယ်ဆိုတာ အဲဒီအချိန်ကပဲ ထင်တယ်ဟု ကိုမျိုးခိုင်စိတ်ထဲက ယူဆလိုက်၏။
" နေနှင့်ဦးပေါ့ ကိုစောခိုင်၊ မေးပါများ စကားရသတဲ့၊ အခု ခင်ဗျားအကြောင်း သိသင့်သလောက်သိရပြီ၊ ခင်ဗျား ရုပ်ရည်ကိုလဲ မှန်းဆမိနေပြီ၊ ခင်ဗျားမသေသေးရင်တော့ လွတ်အောင်ပြေးပေရော့ "
ဟု ကိုမျိုးခိုင်စိတ်ထဲက ကြိမ်းဝါးလိုက်၏။

" အဲဒီ ဆေးပင်ဆိုတာ ဘယ်မှာ ရှိပါလိမ့်ဦးကြီးရယ်၊ ပေစာထဲမှာ ဘယ်နေရာကို ညွှန်းထားလဲ၊ ဦးကြီး နည်း နည်း ပါးပါး မသိဘူးလား "
ကိုမျိုးခိုင်က ဟန်မပျက် မေးလိုက်၏။ ဆေးပင်ရှိရာကိုလျှင် ကိုစောခိုင်ကို ခြေရာခံလိုက်ရန် လွယ်ကူ ပေ မည်။ ကိုမျိုးခိုင် က စဉ်းစားမိ၏။
" မပြောတတ်ဘူး မောင်ရင်၊ ကိုစောခိုင် ခရီးမထွက်ခင် ဆရာ ဦးစောအေးနဲ့ သားအဖချင်း စကားပြောရာမှာ ဇွဲကပင် တောင်တန်းဘက်လို့ ကြားမိတာဘဲ၊ ဒီတောင်ဘယ်နားမှာရှိမှန်း ကျုပ်လဲမသိဘူး "
" ခရီး ထွက်သွားတာ ဦးစောခိုင် တစ်ယောက်တည်းလား "
ဆက်ရာဆက်ကြောင်း ခြေရာခံလွယ်ကူစေရန် ကိုမျိုးခိုင်က မေးလိုက်ပြန်၏။

" သူ့ သူငယ်ချင်းတစ်ယောက်လဲ ပါတယ်လို့ ပြောတာပဲ။ ဘယ်သူမှန်းမသိဘူးကွယ့်၊ နှစ်ယောက်လုံး အစ ပျောက်သွားတော့တာပဲ၊ နေပါဦး၊ မောင်ရင်က ဘာလဲ ပုလိပ်တော်မင်းလား၊ မေးမြန်းစစ်ဆေးချက် တယ်များ သကိုး "
အဘိုးကြီးက စိတ်မရှည်ဟန်ဖြင့်ပြောကာ ကိုမျိုးခိုင်အား ဆက်လက် စကားမပြောလိုဟန်ဖြင့် ...

" ကျုပ် ပဲသီးခူးဦးမယ်၊ နောက်ထပ် မောင်ရင်မေးလဲ ဒါလောက်ကလွဲပြီး ကျုပ် ဘာမှမသိတော့ဘူး၊ မောင်ရင့် ကို လက်ခံ စကားပြောနေတာနဲ့ ပဲသီးခူးချိန် လစ်ဟင်းသွားပြီ။ ထမင်းငတ်တော့ ဘယ်သူကမှ လာကျွေးတာ မဟုတ်ဘူး၊ ကျုပ် အားကိုးစရာ လူကလေးတို့ သားအဖမရှိတော့ဘဲ "
ဟု အဘိုးကြီးသည် နှုတ်မှ ရေရွတ်မြည်တမ်းကာ မျက်ရည်သုတ်ပြီး ကိုမျိုးခိုင်အပါးမှထ၍ လှေကားမှ ကုန်း ကုန်းကုန်း ကုန်းနှင့် ဆင်းသွားလေသည်။
ကိုမျိုးခိုင် သည် အဘိုးကြီး ဆင်းသွားပြီးလျှင်ပင် ထိုင်ရာမှ ထလိုက်၏။ ကိုစောခိုင်၏ ဓာတ်ပုံကိုတစ်ချက်မျှ စိုက်ကြည့် ကာ အိမ်ပျက်ကြီးပေါ်မှ ဆင်းလာခဲ့သည်။ စိတ်ကား ဇွဲကပင်တောင်ဆီသို့ ရောက်နေ၏။
---------------------------
မန္တလေးမှာ နျစ်ရက်မျှ သာကြာသည်။ ကိုစောခိုင်၏ ခြေရာကို တက်သုတ်ရိုက်ရှာနေသော ကိုမျိုးခိုင်သည် အချိန်မဖြုန်းတော့ဘဲ အဘိုးကြီး ဦးဘိုးဦး အိမ်မှဆင်းလျှင်ပင် ကားတစ်စီးကို ငှားကာ ပဲခူးသို့ ခရီးပြင်းနှင် လေသည်။
ဇွဲ့ပင် တောင်ဆီသို့ လိုက်ရာ ခရီးလမ်းတွင်ရှိသော သထုံသို့ ၀င်စခန်းချကာ လမ်းခရီးစဉ်ကို စုံစမ်းရဦးမည် ဖြစ်၏။ သထုံမှာ ကျောင်းနေဘက် သူငယ်ချင်းကိုသန်းနိုင်တစ်ယောက် မြို့ပိုင်ဖြစ်နေသည်ဟု သိရပြီးဖြစ်၍ တည်းခိုရန် မခဲယဉ်းချေ။

ကြိုတင် အကြောင်းကြားခြင်းမရှိဘဲ ဘွားခနဲ ရောက်လာသော ကိုမျိုးခိုင်ကို တွေ့လိုက်ရသောအခါ ကိုသန်း နိုင်မှာ အံ့သြမိ၏။
" အံပါရဲ့ သူငယ်ချင်းရယ်၊ လာမယ်ဆို ကြိုတင်အကြောင်းကြားပေါ့၊ ကျွန်တော် လာမကြိုရလား၊ ခင်ဗျား လုပ်လိုက် မှဖြင့် ဒီလိုချည်းပဲ "
ကျွန်တော်လဲ ဘာရယ်လို့ မဟုတ်ပါဘူးဗျာ၊ မေမေဆုံးပြီး အိမ်မှာ နေရတာ စိတ်မကောင်းတာနဲ့ အေးချမ်း ဆိတ်ငြိမ် တဲ့ နေရာဒေသကို ခရီးထွက်မယ်လို့ စိတ်ကူးပေါက်မိတယ်၊ ဒါနဲ့ တောတောင် စိမ့်စမ်းသာယာတဲ့ သထုံမျာ ခင်ဗျားရှိတာ သတိရလာတော့ ရုတ်တရက် စိတ်နောက်ကိုယ်ပါ ထွက်လာခဲ့တာပေါ့ဗျာ "
ကိုမျိုးခိုင် က အဆင်ပြေအောင် ဖြေကြားလိုက်၏။

" ခင်ဗျား အလုပ် မလုပ်သေးဘူးလား "
ကိုသန်းနိုင်က မေးလိုက်သည်။
" မလုပ်သေးဘူးဗျာ "
ကိုမျိုးခိုင်က ဖြေလိုက်သည်။
" ခင်ခင်လေးက အခုလို ခင်ဗျားအလုပ် မလုပ်ဘဲ လျှောက်သွားနေတာ သဘောတူပါ့မလား "
ကိုသန်းနိုင်က အကြောင်းသိရင်းဖြစ်၍ မေးလိုက်၏။
" မကန့်ကွက် ပါဘူး၊ ကျွန်တော် စိတ်ပြေလက်ပျောက်ဖြစ်မှ လက်ထပ်ကြဖို့ တိုင်ပင်ပြီးသားပါ ကိုသန်းနိုင် "
ကိုမျိုးခိုင် က ဖြေလိုက်သည်။

ကိုမျိုးခိုင် မှာ မိဘနှစ်ပါးအတွက် အမြဲ စိတ်မချမ်းမြေ့ဖြစ်ခဲ့သည်ကို သိပြီးဖြစ်သော ကိုသန်းနိုင်က စိတ်မ ကောင်းဖြစ်မိသည်။
" အေးဗျာ ... ဒါဖြင့် သထုံမှာ အေးအေးဆေးဆေး ကျွန်တော်နှင့်အတူ နေဦးပေါ့၊ ကျွန်တော်လဲ တစ်ကိုယ် ရေ တစ်ကာယပဲရှိနေပါသေးတယ်၊ ထမင်းချက် တပည့်တစ်ယောက်နဲ့ နေနေရတာပဲ၊ ခင်ဗျားရောက်လာ တော့ ၀မ်းသာတယ်ဗျာ၊ နောက်ပြီးတော့ အခု တန်ခူးလဆန်းဆိုတော့ သထုံမျာ ဒူးရင်းသီးပေါ်ပြီဗျ၊ မိုးရေ မ၀င် ခင်မို့ စားရတာ လေးလေးပင်ပင် အရသာရှိတယ်၊ ခင်ဗျား ဒူးရင်းသီး ရစ်ပြီး သထုံကမပြန်နိုင်အောင် ကျွေး လိုက်ဦးမယ် "
ကိုသန်းနိုင်က အားရပါးရ ပြောလိုက်၏။

" ဒူးရင်းသီးပင်ကို တစ်ခါမှ ကျွန်တော် မမြင်ဖူးသေးဘူး ကိုသန်းနိုင်၊ သထုံရောက်တဲ့အခိုက် ဒူးရင်းပင်ကို မြင်ဖူးတယ် ရှိအောင် ကြည့်သွားဦးမယ် "
ကိုမျိုးခိုင် ၏ စကားကြောင့် ကိုသန်းနိုင်က အားရပါးရ ရယ်ပြီး ...
" ဖြစ်ရလေ ကိုမျိုးခိုင်၊ ခင်ဗျားထိုင်နေတဲ့ ပြတင်းပေါက်နားကအပင်ဟာ ဒူးရင်းပင်ပေါ့ဗျ၊ စားပြီးသား အစေ့ ပစ်ထားလိုက် လို့ အလေ့ကျပေါက်နေတာ၊ အပင်နုသေးတော့ အသီးမသီးသေးဘူး "
ဟု ဒူးရင်းပင်ပျို ကိုပြပြီး ပြောလိုက်သည်။
" သြော် ... ဒီအပင်လား "
ကိုမျိုးခိုင် က ပြောပြီး မမြင်ဖူးသည့်အလျောက် စူးစူးစိုက်စိုက် ကြည့်လိုက်၏။

" ဒီအပင်က ပေါက်ချင်သလို ပေါက်ပြီး ဖြစ်ချင်ရာပုံမျိုးဖြစ်နေလို့ မလှဘူးဗျ၊ မြသပိတ်တောင်ခြေမှာ ဒူးရင်း ခြံကြီး တစ်ခြံရှိတယ်၊ အသီးလဲ သိပ်ကောင်းတယ်ဗျ၊ နေဦးလေ၊ ခင်ဗျား အေးအေးဆေးဆေးနေမယ့်လူပဲ၊ ကျွန်တော် အားတဲ့တစ်နေ့ အဲဒီ ဒူးရင်းခြံရော မြသပိတ်တောင်ပေါ်ရော လိုက်ပို့ပါ့မယ် "
ကိုသန်းနိုင် က ပြောပြီး မီးဖိုချောင်ရှိရာဆီသို့ တစ်ချက်မျှ လှမ်းကြည့်လိုက်ကာ ....
" ကျွန်တော့် တပည့်က အချက်အပြုတ် မဆိုးဘူးဗျ၊ ကဲ ... ခင်ဗျား ရေမိုးချိုးဦး၊ ပြီးရင် ထမင်းစားရအောင်၊ လာ ... ရေချိုးခန်း လိုက်ပြမယ် "
ဟု ဧည့်ဝတ်ကျေပြွန်စွာ ပြောသဖြင့် ကိုမျိုးခိုင်သည် ထိုင်ရာမှ ထလိုက်သည်။
-----------------------
ကိုမျိုးခိုင်ရောက်ပြီး နောက်တစ်နေ့မှာ ရုံးဖွင့်ရက်ဖြစ်၍ ကိုသန်းနိုင် ရုံးတက်သွားသည်တွင် အချိန်မဖြုန်းလို သော ကိုမျိုးခိုင်သည် မျက်နှာမှာ အမာရွတ်ကြီးနှင့်လူကို တွေ့လိုတွေ့ငြား တစ်ယောက်တည်း မြို့ထဲသို့ ထွက်လာ ခဲ့ လေသည်။
လူစည်းကာရာ လမ်းဆုံလမ်းခွ၊ ဈေးအတွင်း နေရာဒေသတို့ကို ခြေကျင်လျှောက်ကာ တွေ့လိုသူကို ဂရုတ စိုက် ရှာဖွေကြည့်ရှုခဲ့၏။

အ၇ိပ်အယောင်ကိုမျှ မတွေ့ရချေ။ ရှာမည့် အတူတူ တစ်နေကုန်ပင် ရှာပါတော့မည်ဟု စိတ်ကို ဆုံးဖြတ်ကာ နီးရာ ဆိုင် တွင် ၀ယ်ခြင်း စားသောက်ပြီး လူစည်းကားရာနေရာ၌ မတွေ့လျှင် အစွန်အဖျားဘက်မှာ ရှိလို ရှိငြား မြသပိတ်တောင်ခြေဘက်သို့ လျှောက်လာခဲ့၏။
မြို့အစွန်ဖြစ်၍ ကိုယ့်ခြံမြေကလေးများ ကိုယ်စီဖြင့် ဥယျာဉ်တောင်ယာ စိုက်ပျိုးနေထိုင်သော တဲငယ် အိမ် ငယ်ကလေး များကို အလှမ်းကွာစွာ ပြတ်တောင်း ပြတ်တောင်း တွေ့ရသည်။
ကိုမျိုးခိုင် သည် ရှာဖွေသူကို တွေ့လိုတွေ့ငြား တဲအိမ်ငယ်များကို အကြောင်းမရှိ အကြောင်းရှာပြီး ၀င်ခဲ့၏။

တချိုကအိမ်မှာ ရေတောင်းသောက်ရင်း ကြည့်သည်။ တချို့အိမ်မှာ လမ်းခရီးမေးရင်း ကြည့်သည်။
တွေ့လိုသူကို ကား မတွေ့ရချေ။
ကိုယ့်ဇောနှင့်ကိုယ်ဖြစ်၍ တဖြည်းဖြည်း အချိန်နှောင်းကာ ညနေစောင်းသွားသည်ကိုပင် မသိလိုက်တော့ချေ။
ရှေ့တူရူ မှ စိတ်းညို့မှိုင်းမှောင်သော မြသပိတ်တောင်ကြီးကို နီးကပ်စွာ တွေ့လိုက်ရမှ ပတ်ဝန်းကျင်ကို လှည့်ကြည့် လိုက်၏။
နေ၀င် ဆည်းဆာ အချိန်ပင် ရောက်ကာ တောရိပ် တောင်ရိပ် များဖြင့် မှောင်စပျိုးနေပြီကို သိရ၏။

လူနေအိမ်ခြေကိုပင် အရိပ်အရောင်ပင် မတွေ့ရတော့ချေ။ ကိုမျိုးခိုင်သည် နောက်ကြောင်း ပြန်လှည့်ရန်ဟန် ပြင်လိုက်သည် နှင့် တစ်ပြိုင်နက် သူ့နောက်နားရှိ ကြီးမားသော ချုံအကွယ်မှ လူသုံးယောက်သည် ကိုမျိုးခိုင် အား ကျားအုပ်သလို ခုန်အုပ်လိုက်သဖြင့် အမှတ်မဲ့ဖြစ်၍ ကိုမျိုးခိုင်မှာ မြေပြင်ပေါ်သို့ ပက်လက်လန် လဲကျ သွားလေသည်။
" မအော်နဲ့ "
လူဆိုးတစ်ယောက်က အသံအုပ်အုပ်ဖြင့် ကြိမ်းကာ ကိုမျိုးခိုင်ရင်ဘက်ပေါ်ခွထားပြီး လည်မျိုကိုဓားမြှောင်ဖြင့် ထောက်ထားသည်။

တစ်ယောက် က လက်နှစ်ဖက်ကို ချုပ်ကိုင်ထားပြီး တစ်ယောက်က ကိုမျိုးခိုင်၏ လက်ပတ်နာရီ၊ လက်စွပ်၊ ရှပ်ကြယ်သီး နှင့် အိတ်ထဲမှ ငွေများကို နှိုက်ချွတ်ယူနေ၏။
ကိုမျိုးခိုင် သည် အချုပ်အချယ်လွတ်သော ခြေနှစ်ဖက်ကို ရင်ဘတ်ပေါ်မှလူ လွင့်စဉ်ကျလိုကျငြား အားရှိ သလောက် လှုပ်ရှားကြောက်ကန်လိုက်ရာ စီးထားသော ညှပ်ဖိနပ် ကျွတ်သွားပြီး ခြေထောက်နားက သစ်ငုတ် တစ်ခု ကို ကန်မိလျက်သားဖြစ်သွားသည်တွင် အသည်းခိုက်အောင် နာကျင်လှသဖြင့် ခြေထောက်တစ်ဖက်မှာ မလှုပ် နိုင်အောင် ဖြစ်သွားလေသည်။ ရင်ဘတ်ပေါ်မှ ခွစီးထားသောလူက အသံ မထွက်ဘဲ ကျိတ် ရယ် လိုက်၏။

" လွတ်မယ်ထင်သလား ငါ့လူ၊ မင်းကို ဈေးထဲမှာ ပတ်ချာလှည့်နေတာ မြင်ကတည်းက ဒီမြို့သား မဟုတ် ဘူး ဆိုတာ အတတ် သိ လို့ နောက်ယောင်ခံလိုက်လာတာကွ "
ဟုလည်း ခံခက်ဖွယ် ပြောလိုက်သေး၏။ ကိုမျိုးခိုင်သည် သုံးယောက်နှင့် တစ်ယောက် ဖြစ်နေ၍ တစ်ကြောင်း၊ လူဆိုး များက လက်ဦးနေသည့်ပြင် ခြေထောက်ကလည်း လှုပ်မရအောင် နာကျင်လှသဖြင့် အားမတန် မာန်လျှော့ကာ အံကြိတ်ပြီး ငြိမ်နေလိုက်ရသည်။

" ရှိသမျှ အကုန်ယူပြီးပြီလား ဆရာ၊ ဒီလူကို ဒီအတိုင်းထားခဲ့မှာလား "
ခွစီးထားသောလူက မေးလိုက်ရာ ပစ္စည်းသိမ်းယူနေသော လူက ...
" သူ့ ခြေထောက် တော်တော်နာသွားဟန် တူတယ်၊ ထနိုင်မယ်မထင်ပါဘူး "
ဟု ပြောလိုက်၏။

" မဟုတ်ဘူး ဆရာ၊ သူ ကျွန်တော်တို့ မျက်နှာတွေကို မှတ်မိနေလောက်ပြီ၊ နောက် မီးသေမှာ မဟုတ်ဘူး ထင်တယ် "
ခွစီးထားသော လူက အကြောင်းပြလိုက်၏။
" ဟုတ်ပါတယ်၊ ကိစ္စတုံးခဲ့တာ ကောင်းပါတယ် "

လက်နှစ်ဖက်ကို ချုပ်ထားသောသူက ပြောလိုက်လျှင် ကိုမျိုးခိုင်သည် မထူးတော့ဟု သဘောထားကာ အော် ဟစ်ရန် ဟန်ပြင်လိုက်သည်အခိုက် အတော်ကြီးမားသော ကျောက်ခဲလုံးသည် ပြင်းထန်သော အရှိန် ဖြင့် လေထဲ မှ ၀ှီးခနဲ ဖြတ်လာကာ ကိုမျိုးခိုင်၏ ရင်ဘတ်ကိုခွင်းပြီး လည်မျိုကို ဓားနှင့်ထောက်သူ၏ ဦးခေါင်း ကို တည့်တည့် လာမှန် လိုက်သည်။
ထိုလူသည် ကိုမျိုးခိုင်၏ ရင်ဘတ်ပေါ်မှ တွန်းချလိုက်သလို ဘေးသို့ ရုတ်ခနဲ လဲကျသွားလေသည်။

ကျန်နှစ်ယောက်မှာ အံ့အားသင့်နေစဉ် ချုံကွယ်တစ်ခုမှ လူတစ်ယောက်သည် လျင်မြန်စွာ အဟုန်ဖြင့် ပြေး ထွက်လာကာ လက်ထဲမှာ ကိုင်လာသော ၀ါးရင်းတုတ်ဖြင့် လူဆိုး နှစ်ယောက်အား သိုင်းကွက်ကျကျ ရိုက် လိုက် လေတော့သည်။
ကိုမျိုးခိုင်သည် ကိုးရို့ကားရားလဲနေသော ခဲမှန်သည့် လူဆိုးကို တွန်းဖယ်ထလိုက်၏။
သို့သော် ခြေထောက်တစ်ဖက်မှာ လုံးဝ ထောက်၍ လူဆိုးကို တွန်းဖယ်ထလိုက်၏။
သို့သော် ခြေထောက်တစ်ဖက်မှာ လုံးဝ ထောက်၍ မရတော့။

ခြေပွတ်တိုင် လည်သွားပြီဖြစ်၍ ပုံလျက် ပြန်လဲသွားလေသည်။
သိုင်းကွက်ကျကျ ရိုက်နေသော ထိုလူကို ခုခံရန် မတတ်နိုင်တော့သည်တွင် လူဆိုးနှစ်ယောက်သည် ခဲမှန် ထားသော သူတို့လူကို တွဲကာ သုတ်ခြေတင် ပြေးကြလေတော့၏
" အစ်ကို ဘာဖြစ်သွားသေးလဲ "
အေးမြတည်ငြိမ်သော အသံဖြင့် မေးလိုက်သော ကျေးဇူးရှင်အား ကိုမျိုးခိုင်က မော့ကြည့်လိုက်သည်။
ချည်လုံချည်တစ်ပတ်နွမ်း၊ ရှပ်လက်တို တစ်ပတ်နွမ်းကို ၀တ်ထားသော ကျေးဇူးရှင်ကား အချိုးအဆက်ကျကျ ထွားကျိုင်း သန်မာသော ကိုယ်ကယ၊ ပြည့်ဖြိုးကြည်လင်သော မျက်နှာဖြင့် ကျက်သရေ ရှိလှသော လုလင်ပျို တစ်ယောက် ဖြစ်သည်ကို ကိုမျိုးခိုင်တွေ့ရသည်။

မျက်နှာမှာ နုပျိုလှသဖြင့် အသက်အရွယ်မှာ ကိုမျိုးခိုင်ထက် အနည်းဆုံး လေးငါးနှစ်မျှ ငယ်မည်ဟု ကိုမျိုးခိုင်က ကောင်းစွာ မှန်းဆမိ၏။
" ကျေးဇူးတင်လိုက်တာ ညီလေးရယ်၊ အစ်ကို့မှာ မိဘမွေးတဲ့အသက် မရှိတော့ပါဘူး၊ ညီလေးပေးတဲ့သက်ပဲ ရှိပါတော့တယ် "
ကိုမျိုးခိုင် က လှိုက်လှိုက်လှဲလှဲပြောလိုက်၏။

" ကျေးဇူးမလိုပါဘူး အစ်ကို၊ လူဖြစ်စေ ... ဘယ်လိုသက်ရှိသတ္တ၀ါပဲဖြစ်ဖြစ် ဒုက္ခရောက်နေတာတွေ့ရင် ကူညီရမှာ လူတိုင်းရဲ့ ၀တ္တရားရှိပါတယ်၊ ဒါထက် အစ်ကို ဒဏ်ရာရသွားသေးလား "
လူရွယ်၏ အသံမှာ ကြည်ညို လေးစားဖွယ် ကောင်းလှသည်။
ကိုမျိုးခိုင်သည် သူ့ကျေးဇူးရှင်ကို ညီရင်းတစ်ယောက်လို စိတ်ထဲမှာ ခင်မင်သွားမိသည်။
" လူဆိုးတွေကြောင့် ရတဲ့ဒဏ်ရာတော့ မရှိပါဘူး ညီလေး အစ်ကို ရုန်းရင်းကန်ရင်းနဲ့ ဟိုသစ်ငုတ်ကန်မိလို့ ခြေထောက် နာ သွားတယ်၊ ထောက်လို့ကို မရတော့ဘူးကွယ် "
ကိုမျိုးခိုင် က နာသောခြေကို လက်နှင့်ဆုပ်ထားကာ ပြောလိုက်သည်။

" ပြပါဦး အစ်ကို၊ ကျွန်တော် ကြည့်မယ် "
လူရွယ်က ပြောကာ ကိုမျိုးခိုင်၏ခြေကို ယုယညင်သာစွာစမ်းသပ်ကြည့်လိုက်၏။
" အစ်ကို့ခြေထောက် ပွတ်တိုင် လည်သွားပြီပဲ၊ ဘယ်မှာ ထောက်လို့ရတော့မလဲ၊ အစ်ကို့အိမ် ဘယ်နားမှာလဲ၊ ကျွန်တော် လိုက်ပို့ပေးမယ်လေ "
" အဝေးကြီး ညီလေးရဲ့၊ ရွှေစာရံဘုရားဟိုဘက်မျာ အစ်ကိုကလဲ ခြေရှည်ပြီး ခရီးလွန်လာတာကိုးကွယ်၊ အမယ်လေး ကျွတ် ... ကျွတ် "
ကိုမျိုးခိုင်က ဖြေရင်း ခြေထောက်က မခံနိုင်အောင် နာလာသဖြင့် လက်နှင့်ဆုပ်ကာ စုပ်သပ်လိုက်၏။

လူရွယ်က ပုဆိုးကို ခပ်တိုတိုပြင်ဝတ်ကာ တစ်ဖက်စီ လွင့်စဉ်နေသော ကိုမျိုးခိုင်၏ ဖိနပ်ကိုကောက်ပြီး ခါး ကြားထဲထိုးလိုက်၏။
" အချိန်မရှိတော့ဘူး အစ်ကို၊ တော်တော်ကို မှောင်လာပြီ။ ကျွန်တော်တို့အိမ်ပဲ လိုက်ခဲ့တော့၊ ဟောဟို လှမ်း မြင်နေရ တဲ့ ဒူးရင်းခြံပဲ၊ မနက်မ ဆိုက်ကားတစ်စင်း သွားခေါ်လာပြီး အစ်ကို့အိမ် လိုက်ပို့ပေးမယ် "
လုလင်ပျိုသည် စကားပြော၍ ဆုံးသည်နှင့် တစ်ပြိုင်နက် ကိုမျိုးခိုင်အား ကလေးငယ် တစ်ယောက်ကို ကောက်ချီလိုက်သလို လွယ်ကူစွာ ကောက်ယူကာ ပခုံးပေါ်တွင်ပိုးပြီး သွက်လက် လျင်မြန်စွာ ဒူးရင်းခြံကြီး ရှိရာသို့ ရှေ့ရှုသွားလိုက်သည်။
ကိုမျိုးခိုင်အဖို့ လုလင်ပျို စီမံသမျှ လိုက်နာရုံသာ ရှိတော့သည်။
လုလင်ပျို၏ ပခုံးပေါ်မှ သက်သက်သာသာ လိုက်ပါလာပြီး ဥတစ်လုံး တစ်ကောင်ကြွက် ဖြစ်နေသော မိမိဘ၀ ကို ပြန်လည်စဉ်းစားကာ ကျေးဇူးရှင် လုလင်ပျိုအား ညီရင်း တစ်ယောက်အဖြစ် စိတ်သွင်းကာ သတ်မှတ် လိုက်သည်။

သူ့မှာ အရေးအကြောင်းကြုံလာလို့ ငါကူညီနိုင်တဲ့ကိစ္စဖြစ် ငါ့အသက် စည်းစိမ်ကို စွန့်လွှတ်ပြီး ကျေးဇူးဆပ် တော့မည် ဟု စိတ်တွင်းမှာ ခိုင်မာသော သစ္စာကို ပြုလိုက်လေသည်။
" ရောက်ပြီ အစ်ကို "
ခြံတံခါးကို လုလင်ပျိုက လက်တစ်ဖက်ဖြင့် ကျင်လည်စွာ ဖွင့်ရင်း ပြောလိုက်၏။
ကိုမျိုးခိုင်ကမူ စကားတစ်ခွန်းမှ ပြန်လည်မပြောမိဘဲ ခြံကြီးသာ ကြည့်လိုက်၏။

အမှောင်ထဲတွင် မသဲမကွဲ အပင်ကြီးများ အုံ့ဆိုင်း မှိုင်းနေကာ ခြံအလယ်တစ်နေရာတွင် မှေးမှိတ်သော မီး ရောင်လက် နေသည့် အိမ်တစ်လုံးကို တွေ့ရသည်။
လုလင်ပျိုက ခြံတံခါးကို ပြန်ပိတ်ပြီး ...
မိုးချုပ်နေလို့ အဖေ မျှော်လှရောမယ် "
ဟု ပြောကာ အိမ်ငယ်ရှိရာ သွက်သွက်လှမ်းနေသည်။ အိမ်ငယ်နှင့် ခပ်လှမ်းလှမ်း ရောက်သောအခါ တောင်ဝှေး တစ်ချောင်းကို ထောက်ကာ ခပ်ဖြည်းဖြည်း လာနေသော လူတစ်ယောက်သဏ္ဍာန်ကို တွေ့ရ၏။ " အဖေ " လုလင်ပျို က အသံပြုလိုက်သည်။

" လူကလေး မောင်စောအောင် "
ထိုသဏ္ဍာန်က တုန်ပပြန်လိုက်သည်။
" ဟုတ်ကဲ့ ဖေဖေ။ သားပါ "
ကိုစောအောင်ကပြန်ဖြေလိုက်သည်။
" မိုးချုပ်လှချည့်လား သားရယ်၊ အလို ဘာလဲကွယ့် သားရဲ့ "
ကိုစောင်အောင် ၏ ဖခင်က သားပခုံးပေါ်က သဏ္ဍာန်ကို ထိတ်လန့်အံ့သြစွာ မေးလိုက်သည်။

" လူတစ်ယောက် ဒုက္ခရောက်နေလို့ ကယ်ဆယ်ကူညီခဲ့တာတာပါ အဖေ၊ သူ့ခြေထောက် မထောက်နိုင်လို့ ထမ်း လာ ခဲ့ရတယ် အဖေရဲ့ "
ကိုစောအောင်က ဖခင်အား ဖြေရှင်းပြလိုက်၏။
" အေး ... အေး ... ကောင်းတယ် သား၊ ဒုက္ခရောက်သူကို ကယ်ကောင်းပါတယ်ကွယ်၊ ကဲ ... သွား သွား၊ သားရှေ့ကသွား "
အဘိုးကြီး က ကြည်ဖြူ လိုက်လျောစွာပြောပြီး လမ်းဖယ်သောသဘောဖြင့် ဘေးသို့ တိမ်းဖယ်ပေးလိုက်သည်။
ကိုမျိုးခိုင် သည် သူတော်ကောင်း သားအဖအား ဆတက်ထမ်းပိုး တိုးပြီး ကြည်ညို ခင်မင်စိတ် ပေါ်လာသည်။

ကိုစောအောင်သည် အိမ်ငယ်ရှိရာသို့ စိုက်စိုက်သွားကာ မြေပြင်မှ လေးပေမျှမြင့်သော တစ်ထပ်အိမ်ကလေး ၏ အဆင့် အနား မှာ ကပ်ပြီး ရပ်လိုက်သည်။
" ကဲ ... အစ်ကို ကျွန်တော့် ပခုံးပေါ်က အသားလျှောပြီး အိမ်ဆင့်ပေါ် ထိုင်ချလိုက် အစ်ကိုရေ၊ လှေကား ကတော့ ဟိုဘက်မှာ၊ ကျွန်တော် လှေကားက တက်လာပြီးမှ အစ်ကို့ကို နေရာရွေ့ပေးပါ့မယ် "
ကိုစောအောင် က ပြောလိုက်သဖြင့် ...
" အေး ... အေး ... ဆင်းလိုက်မယ် ညီလေး "
ဟု ကိုမျိုးခိုင် က ညီအစ်ကိုရင်း လေသံဖြင့် ပြောကာ ပင်ပင်ပန်းပန်း မကြိုးစားရဘဲ ပခုံးပေါ်မှ လျှောဆင်းကာ အိမ်ပေါ် သို့ ထိုင်ချလိုက်၏။

" ကျွန်တော့် အဖေ သွားကြိုလိုက်ဦးမယ် "
ကိုစောအောင်က ပြောပြီး မှောင်ထဲသို့ ပြန်ထွက်သွားသည်။
ကိုမျိုးခိုင်သည် အိမ်ငယ်ကလေး အလယ်ဗဟိုလောက် ကြိုးနှင့်ဆွဲပြီး ထွန်းထားသော မှေးမှိန်သည့် မှန်အိမ် ငယ် အောက် ရောက်အောင် ဖင်ရွှေ့ဖင်ရွှေ့သွားကာ ခြေထောက်ကို သေချာစွာ ကြည့်လိုက်၏။
ခြေမျက်စိနှစ်ဖက်စလုံးမှာ ညိုပြီး ရောင်နေသည်ကို တွေ့ရသည်။
နာသောနေရာကို လက်နှစ်ဖက်ဖြင် ဆုပ်ကာ အိမ်ကလေးကို မျက်လုံးလှည့်ကြည့်လိုက်၏။

အိမ်မှာ သေးငယ်သော်လည်း ပျဉ်းကတိုးသားဖြင့် အခိုင်အခံ့ဆောက်ကာ သွပ်မိုးထားသည်ကို တွေ့ရသည်။ အိပ်ခန်း ဟု ယူဆရသော အိပ်ခန်းတစ်ခုမှလွဲ၍ အခန်းမရှိပေ။
ဟာလာဟင်းလင်း ပြင်ကျယ်ဖြစ်၍ ထမင်းဟင်း ချက်သည့်နေရာ၊ အိုးခွက်ပန်းကန်များကို မှေးမှိန်သော မီး ရောင်အောက် မှာ မထင်မရှား မြင်နေရသည်။
မိန်းမသား ရှိသည့် အရိပ်အရောင် မတွေ့ရ။ သားအဖ နှစ်ယောက်တည်းနေတာ ထင်ပါရဲ့ဟု ကိုမျိုးခိုင်က တွေး လိုက်သည်။
အိမ်ဦးခန်းရှိ ဘုရားဆောင်းကလေးမှာ ဖယောင်းတိုင် သုံးတိုင် ထွန်းထားပြီး ကြွေညောင်ရေအိုး သုံးလုံးမှာ နှင်းဆီပန်း များ လန်းဆတ်ဝေဆာနေသည်။

ဒက္ခိဏသာခါ ရုပ်ပွားတော်မှာ ဖယောင်းတိုင်မီး အလင်းရောင်တွင် ရွှေရောင်ဝင်းနေသည်။
ကိုမျိုးခိုင်သည် ကြည်နူးသောစိတ်ဖြင့် ဘုရားဆောင်ဘက်လှည့်ကာ ဦးချ ကန်တော့လိုက်၏။
ထိုအခိုက် ကိုစောအောင်တို့သားအဖ အိမ်ပေါ် ရောက်လာသည်။ ကိုမျိုးခိုင်သည် အဘိုးကြီးအား ကြည့် လိုက်၏။ သို့သော်လည်း ဖခင်အား တွဲခေါ်လာသော ကိုစောအောင်၏ ထွားကျိုင်းသော ကိုယ်ခန္ဓာက ကွယ် နေသည့်ပြင် မီးရောင်ကလည်း မှေးမှိတ်လှသဖြင့် အဘိုးကြီး၏ ပုံသဏ္ဍာန်ကို သဲကွဲစွာ မမြင်လိုက်ရချေ။

" သားရယ်၊ ဟိုသူငယ်ကို ထမင်းကျွေးလိုက်ပါဦး၊ ရှိထ မင်းရှိဟင်းပေါ့၊ နောက်ပြီး ဒူးရင်းသီး ပင်မှည့်သုံလုံး ညနေက သားသွားပြီးမှ ကြွေလို့ အဖေကောက်ထားတာရှိတယ် ခွဲကျွေးလိုက်ပါကွယ် -
စေတနာဖြူစင်လှစွာဖြင့် ပြောနေသော အဘိုးကြီးအား ကိုမျိုးခိုင်က မျက်နှာကို သေချာစွာ ကြည့်လိုသဖြင့် ကွယ် နေသော ကိုစောအောင်၏ ကိုယ်နှင့်လွတ်အောင် ကုန်းပြီး ကြည့်လိုက်၏။
မှေးမှိန် သော မီးရောင်တွင် မြင်ရသော အဘိုးကြီး၏ မျက်နှာတစ်ခြမ်းကား သန့်ပြန့် ဖြူစင်သော ရုပ်ရည် ရှိ သည်ကို တွေ့ရသည်။
" ဟုတ်ကဲ့ အဖေ၊ ကျွန်တော် ထမင်း သွားထည့်လိုက်ပါမယ်၊ အဖေ ဒီမှာပဲ ထိုင်မယ် မဟုတ်လား "
ကိုစောအောင် က ဖခင်အား ပြောလိုက်၏။

 "မထိုင်တော့ပါဘူး သားရယ်၊ အိပ်ခန်းထဲပဲသွားတော့မယ်၊ စောစောက အဖေ ဆန်ပြုတ် ပြုတ်သောက် ထား လို့ ထမင်းမစားတော့ဘူး "
အဘိုးကြီးက ပြောသဖြင့် ကိုစောအောင်သည် ဘာမျှမပြောတော့ဘဲ ဖခင်အား အိပ်ခန်းအတွင်းသို့ လိုက်ပို့ လိုက်သည်။
ကိုမျိုးခိုင် သည် ဆိတ်ငြိမ်စွာဖြင့် သားအဖေ နှစ်ယောက်အား ကြည့်နေသည်။ ကိုစောအောင်သည် ဖခင်အား အိပ်ရာပေါ် သို့ ငြင်သာစွာ တင်ပေးလိုက်သည်။

အခန်းထဲတွင်ကား စားပွဲတင် မှန်အိမ်တစ်လုံး၏ အလင်းရောင်ကြောင့် ကိုမျိုးခိုင်က မှုန်မှေးမှေး လှမ်းမြင် နေရသည်။ အိပ်ရာပေါ်တွင် လဲလျောင်းလိုက်သော အဘိုးကြီးအား ကိုစောအောင်က စောင်ခြုံပေးလိုက် သည်။ ခေါင်းရင်းဘက်နံရံမှာ ချိတ်ထားသော စိပ်ပုတီးကိုယူကာ ဖခင်အား ရိုသေစွာ လှမ်းပေးလိုက်သည်။
" ကျွန်တော် မီးမွှေးပြီး နွားနို့ အိုးကလေး နွှေးထားလိုက်မယ် အဖေ၊ အဖေ ပုတီးစိပ်ပြီးရင် ကျွန်တော် လာ ပေး ပါမယ် "
ကိုစောအောင်က ပြောလိုက်သည်။
" အေး ... အေး "
အဘိုးကြီးက ထိုမျှသာပြောပြီး ပုတီးစိပ်ရန် ဟန်ပြင်လိုက်၏။ ကိုစောအောင်သည် အခန်းထဲမှ ထွက်လာပြီး ...
" အစ်ကို၊ ခဏလေး နေဦးနော် "

ဟု ကိုမျိုးခိုင် အား ပြောကာ မီးဖိုထဲဝင်သွားသည်။ ထိုင်ရာက မထနိုင်ဖြစ်နေသော ကိုမျိုးခိုင်သည် အားနာ သောစိတ်ဖြင့် ငြိမ်သက်စွာ ကြည့်နေရတော့သည်။
ကိုစောအောင်သည် မီးမွှေးကာ နွားနို့အိုးကလေးကို တည်ထားလိုက်ပြီး ထမင်းပွဲပြင်နေသည်။
မကြာမီ ထမင်းပန်းကန်ပြားများ တင်ထားသော ခုံဝိုင်းကလေးကို လက်နှစ်ဖက်ဖြင့် မ ယူလာပြီး ကိုမျိုးခိုင် ရှေ့မှာ ချလိုက်၏။
" စား အစ်ကို၊ ဟင်းကတော့ မကောင်းဘူး၊ ဆိတ်သားခြောက်နဲ့ ဘူးသီးချက်ထားတာ တစ်ခွက်နဲ့ ငါးပိ တို့ စရာပေါ့၊

သားအဖနှစ်ယောက်ထဲဆိုတော့ ဖြစ်သလို ချက်စားနေတာမို့ အစ်ကို့ကို ကျွေးရတာ ဟင်းမကောင်းတော့ အားနာတယ်"
ကိုစောအောင်၏ လေသံမှာ ဟန်ဆောင်မှုမရှိဘဲ ပကတိ ရိုးသား ဖြူစင်လှသည်ကိုသိသော ကိုမျိုးခိုင်က ကြင်နာခြင်း၊ အားနာခြင်း၊ ချစ်ခင်ခြင်း၊ ကျေးဇူးတင်ခြင်း ရောပြွမ်းသော မျက်နှာဖြင့် ကိုစောအောင်အား ကြည့်ကာ ...
" ကိစ္စမရှိပါဘူး ညီလေးရယ်၊ အစ်ကိုက ဒုက္ခလာပေးသလို ဖြစ်နေလို့ ညီလေးတို့ကို ပြန်ပြီး အားနာနေပါတယ် "
ဟု အမှန်အတိုင်းပြောလိုက်၏။ ကိုစောအောင်က အေးမြသောအပြုံးဖြင့် ...
" စား အစ်ကို အားမနာနဲ့ "
ဟု ပြောကာ လက်ဆေးခွက်ကို ပေးလိုက်ပြီး မီးဖိုထဲပြန်ဝင်သွားသည်။

" ညီလေးရော မစားသေးဘူးလား "
ကိုမျိုးခိုင်က လှမ်းမေးလိုက်၏။
 " စားမယ် အစ်ကို၊ ကျွန်တော်လာခဲ့မယ်၊ ဒီမှာ နွားနို့အိုးပူနေပြီ၊ နို့အိုးချထားပြီး ရေနွေးအိုးတည်လိုက်ဦးမယ်၊ အစ်ကို ခြေနာ သက်သာအောင် ရေနွေးအုပ်ပေးပြီး ဆေးလိမ်းပေးမယ်လေ "
ကိုစောအောင် က မီးဖိုထဲမှ ပြန်လည်ပြောကြားရင်း လုပ်စရာရှိတာကို သွက်လက်စွာ လုပ်နေသည်။
ကိုမျိုးခိုင် သည် ရိုးသားဖြူစင်လှသော ကိုစောအောင်၏ စေတနာကြောင့် မျက်ရည်များပင်လည်လာသည်။ ထမင်းမစား သေးဘဲ စောင့်နေမိ၏။ ကိုစောအောင် ထွက်လာသောအခါမှ နှစ်ယောက်အထူ ထမင်းစားကြ လေသည်။

ဆက်ရန်
.

No comments: