Thursday, June 16, 2011

တင်မောင်မြင့် ဘာသာပြန် သတင်းမုဆိုး အပိုင်း (၄ဝ)

အခန်း(၅၄)
အယ်လီ

အားနက်စ် နှင့် ပတ်သက်ပြီး ဖြစ်ခဲ့သည့်ကိစ္စကို အိုဝင် ခွင့်လွှတ်လိမ့်မည်ဟု အယ်လီ မထင်။ မိမိ တစ်ယောက် တည်း ခံရခြင်း မဟုတ်ဘဲ မိမိ မိုက်မဲမှုအတွက် ရင်သွေးပါ ဆုံးရသည့်အဖြစ် မဟုတ် လား။ ပြီး သူအကြိမ်ကြိမ် သတိပေး သည့်ကြားမှ ဇွတ်လုပ်ခဲ့မိသည့်အဖြစ်။ သည်မိုက်မဲမှုကို ချစ်သူ ဆုံးတော့မှာလား။
စိန်ဗင့်ဆင့် ဆေးရုံမှ တယ်လီဖုန်းရရချင်း အိုဝင် ပြေးချလာသည်။ သူရောက်ချိန်တွင် ကလေးပျက် ကျပြီးပြီ။ အယ်လီ တစ်ယောက် သတိလစ်ကာ သွေးတွေသွန်ဆင်းနေချိန်။ စိုးရိမ်ရသည့် အခြေအနေ ဖြစ်ကြောင်း အိုဝင် သိလိုက်ပြီ။

တွေ့ခွင့်ရတော့ သူ့ဘက်သို့ အယ်လီ အနိုင်နိုင် အားယူပြီး လှည့်ကြည့်သည်။
မျက်ရည်တွေ စီးကျလာပြီ။
"မောင် အယ်လီ့ကို အရမ်းစိတ်ဆိုးနေလားဟင်"
"ဟာ ဘယ်ကလာ စိတ်မဆိုးပါဘူး၊ မောင် မင်းကို ချစ်တာပဲ"
အိုဝင်က အညင်သာဆုံး ဖတ်ပြီး ပြန်ပြောသည်။ ဘယ်တုန်းကမှ မကျဖူးသည့် မျက်ရည်တွေကို အိုဝင့် မျက်ဝန်း ထဲတွင် ပြည့်လျှံနေသည်။ စိတ်ထဲတွင် သိပ်အလေးထားခဲ့သည့် ရင်သွေးကလေး ဆုံးရပြီကော၊ ဘုရား၊ ဘုရား၊ ကံကြီးလို့ အယ်လီ့ကိုပါ မဆုံးရတာပါကလား။ အယ်လီ့ကို ဆုံးရှုံးရ မည်ဆိုလျှင် ဟူသည့် အတွေး ကြောင့် ဆောက်တည်ရာမရ ဖြစ်သွား၏။

"ကဲ ဘာဖြစ်တာလဲ ပြော၊ ဘယ်သူ့ကြောင့် ဖြစ်တာလဲ"
"အားနက်စ်ပေါ့"
အယ်လီက ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်သည်။
ဆေးရုံမှ ပြန်တော့ ကျားသစ်နက် ဂျာနယ်တိုက်သို့ အိုဝင် တန်းလိုက်သွားသည်။
"မင်း တို့ နှစ်ယောက်ထဲက အားနက်စ်ဂျုန်းဆိုတာ ဘယ်သူလဲ"
ငမည်းနှစ်ကောင် ဆိုဖာရှည်ပေါ်တွင် ထိုင်နေသည်။ တစ်ယောက်က အချိုရည် သောက်နေ၏။ ကျန် တစ်ယောက် စာလုံးပဟေဋိ ကစားနေသည်။ တစ်ယောက်က မီးဖိုပေါ်တွင် ကော်ဖီအိုး တည်နေသည်။ တတိယ တစ်ကောင် ကို လက်ညှိုးထိုးပြီး "သူပဲ" ဟု ပြောသည်။

အိုဝင်က သူ့ဆီ လျှောက်သွားပြီ
"မင်း အပြစ် မင်း သိတယ် မဟုတ်လား"
"ဘာအပြစ် လဲ မသိဘူး၊ ခင်ဗျားက ဘာကောင်လဲ"
"ငါ့နာမည် အိုဝင်၊ အယ်လီမက်ဂရက်ခ်ျရဲ့ ဗိုက်ထဲက ကလေးဟာ ငါ့ကလေး၊ ခု အဲဒီကလေး ပျက်ကျသွားပြီ"

"ခင်ဗျား ကျုပ်ကို အဲဒီလို မကြည့်နဲ့"
အားနက်စ် က ငမည်းနှစ်ယောက်ကို လှမ်းကြည့်ပြီး ပြောသည်။ ဟိုနှစ်ကောင်က ဘာမှ ၀င်မပြောဘဲ ငြိမ်ကြည့် နေ၏။ အိုဝင် စကားဆက်သည်။
"မင်းက အယ်လီ့ကို ရှေ့အတင်းတိုးပို့တယ်၊ ငါ့မှာ မျက်မြင်သက်သေ ရှိတယ်နော်၊ မင်းမှာ လမ်းနှစ်လမ်း ရှိတယ်၊ တရားရုံးမှာ ရင်ဆိုင်မလား၊ ဒါမှမဟုတ် မင်းအပြစ် မင်းခံမလား"
"ကျုပ် တရားရုံး ကို ဂရုမစိုက်ဘူး"
အားနက်စ် က လက်သီးတစ်ဖက် ဆုတ်ပြီး ရှေ့တိုးလာသည်။

"ဒါဆိုရင် မင်း င့ါကိုတော့ ဂရုစိုက်ရလိမ့်မယ်"
အားနက်စ်က အိုဝင့် မျက်နှာဆီသို့ လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။ အိုဝင်က ငုံ့ရှောင်လိုက် ပြီး သူ့ဝမ်းဗိုက်တည့်တည့်ဆီသို့ ပစ်ထိုးလိုက်သည်။ ရှေ့ ငိုက်ကျအလာတွင် မေးရိုးကို နောက်တစ်ချက် ပင့်ထိုး လိုက်၏။ အားနက်စ် နောက်သို့ လန်ထွက်သွားသည်။ သည်တစ်ကြိမ် ပြန်ဝင်အလာတွင် လက်ထဲမှာ ဓားမြှောင် နှင့်။
အိုဝင် လက်ကောက်ဝတ်ကို ဖမ်းလိမ်ပြီး ဓားကို အရယူကာ လွှင့်ပစ်လိုက်သည်။ ပြီးမှ ဘယ်ဝိုက် လက်သီးဖြင့် မေးရိုး ကို ပစ်သွင်းပြီး နံရိုးဆီကို ညာလက်သီးဖြင့် တအား ပစ်ထိုးလိုက်သည်။

အားနက်စ်၏ ခန္ဓာကိုယ်တစ်ခုလုံး လျှပ်စစ်မီးဖိုတင်ထားသည့် စားပွဲပေါ် ယိုင်သွားပြီး ဆူပွက်နေ သည့် ကော်ဖီအိုး ပေါ် လန်ကျသွားသည်။
ပါးစပ်က မအေ နှမဆဲကာ အားနက်စ် ကြမ်းပြင်ပေါ်တွင် လူးပြန်နေသည်။ ထိုစဉ် ပွဲကြည့်ပရိသတ် နှစ်ယောက် ထဲ မှ တစ်ယောက် ထ လာသည်။ လက်သီး ကို အသင့်ပြင်လျက်။
"မင်း အေးအေး ထွက်သွားမလား၊ လူစဉ်မမှီတဲ့ ဘ၀နဲ့ လေးဖက်ထောက် ထွက်သွားချင်လား"

အိုဝင်က ခါးကို ညွှတ်၊ လက်သီးကို ရှေ့ပြစ်ပြီး ပြောတော့ သကောင့်သား လှည့်ထွက်သွားသည်။ သည်တော့မှ အိုဝင် က ထိုင်နေသည့် ငမည်းတစ်ကောင်ဘက် လှည့်ပြီး မေးသည်။
"မင်းကော စမ်းချင်သေးလား"
"ကျွန်တော် မပါပါဘူး" ဟု ဖြေ၏။"
သည်တော့မှ အိုဝင်က အားနက်စ်ဘက် လှည့်ပြီး
"နောက် တစ်ခါ မင်းအယ်လီကို ဖုန်းဆက်ရင် ဒါမှမဟုတ် တစ်နည်းနည်းနဲ့ ဆက်သွယ်ရင်း မင်းကို ငါ သတ်မယ်၊ အဲဒါဆို မင်းဟာ လူမျိုးရေးတိုက်ပွဲမှာ မသေရဘဲ မိန်းမစကတ်နောက်ကွယ်က ပုန်းလျှိုးကွယ်လျှိုး သူရဲဘောကြောင်မှု ကြောင့် သေရတာ ဖြစ်သွားမယ်၊ နားလည်လား"

"ကိုယ့် ကို မင်းလက်ထပ်ပါလားဟင်"
ဆေးရုံ က ဆင်းပြီး အိမ်ပြန်ရောက်သည့် ညနေတွင် အိုဝင်က အယ်လီ့ကို ကောက်ကာ ငင်ကာ ပြော လိုက်ခြင်း ဖြစ်သည်။
"အင်း"
အယ်လီ တိုးတိုးကလေး ပြန်ပြောလိုက်သည်။ အယ်လီ၏ သူရဲကောင်း၊ အယ်လီကို အကာအကွယ် ပေးနိုင်စွမ်း သည့် ချစ်သူ။ မိမိနှင့် မတန်ဟုပင် ထင်ခဲ့သူ။
"မင်း လက်ထပ်ရဲပါ့မလား၊ ကိုယ်က ချမ်းလည်း မချမ်းသာဘူး၊ နာမည်ကျော် စာရေးဆရာလည်း မဟုတ် သေးဘူး"

အိုဝင်က သူစိတ်ဓာတ်ကျနေသည့်အကြောင်းကို ရည်ညွှန်းပြောလိုက်ခြင်း ဖြစ်သည်။ ၃၉မျဉ်းပြိုင် လောက်ပင် နောက်ထွက် သည့် "ကလေးဘ၀" က လှုပ်လှုပ်ရှားရှား မဖြစ်။
"အဲဒါတွေ မသိဘူး၊ မောင့်ကို အယ်လီ ချစ်တာပဲ သိတယ်၊ ကျန်တာ ဘာမှ အကြောင်း မဟုတ်ဘူး"
"ကိုယ် ဟူးဘတ် နဲ့ သွားတွေ့ဦးမယ်၊ သူ ကိုယ့်ကို ပေးမယ့် အလုပ်ဟန်ကျပါ့မလား လို့"
"ဟန်ကျမှာပါ မောင်ရဲ့၊ မောင်က အတော်ဆုံးပဲ"
"အင်း သူတို့လည်း အဲဒီလို ပြောကြပါရဲ့"

၁၉၆၈ ခုနှစ်သည် ယဉ်ကျေးဖွယ်ရာသည် အပြုအမူများ၊ လက်အိတ်ဖြူနှင့် မြေခွေးခြေလှမ်း ကကွက်များ၊ ဂုဏ၀ုဒ္ဓိ၊ ၀ယ၀ုဒ္ဓိ တရားများ၊ အပျိုစဉ်ပွဲထုတ် အခမ်းအနားများ၊ အမျိုးသမီး ဆင်ယင် ထုံးဖွဲ့မှု ပစ္စည်းသစ်များသာ ခေတ်စားသည့် နှစ်သာ မဟုတ်။ မင်္ဂလာဆောင်များအတွင် အပျိုစစ် ပါသည်ဟု အဓိပ္ပာယ် ရသော အဖြူ ဆွတ်ဆွတ် ကို သတို့သမီးတို့ ၀တ်ဆင်သောနှစ်လည်း ဖြစ်၏။
လွတ်လွတ်လပ်လပ် ချစ်ကြ ကြိုက်ကြ အတူနေကြသည့် ဘ၀ထက်၊ မိသားဖသား လက်ထပ် ပေါင်းသင်းခြင်း ကို အလေးအမြတ် ပြုလာကြသည့် ကာလလည်း ဖြစ်သည်။

ဟစ်ပီဆန်ချင်သူ သတို့သမီးတို့က ဖိနပ်မစီးဘဲ ဧရာမ၀တ်စုံရှည်ကြီးများ ၀တ်ဆင်ကြ၏။ (ကိုယ်ဝန် ရှိနေလျှင် လည်း ဖုံးပြီးသား ဖြစ်သည်လေ) သတို့သားများက ဘောင်းဘီပွကြီးများနှင့် ဇာထိုးပန်းထိုး အင်္ကျီ ကြောင် ကြောင် ကျားကျားများနှင့်။
အယ်လီ နှင့် အိုဝင်က ရှေးရိုးလည်း မဆန်၊ ဟစ်ပီလည်း မကျ၊ မင်္ဂလာ အခမ်းအနားကို အကျဉ်းရုံးပြီး စီစဉ် လိုက်သည်။ သူတို့နှစ်ယောက်စလုံး ဘ၀ အနည်ထိုင်နေသူများ၊ ရင့်ကျက်သျူား ဖြစ်နေကြပြီ မဟုတ်လား။

အယ်လီမက်ဂရက်ခ်ျနှင့် အိုဝင်ကာဆယ်တို့ လက်ထပ်သည့်နေ့မှာ ၁၉၆၇ ခုနှစ်၊ ဇွန်လ (၁) ရက် (တနင်္ဂနွေ)နေ့ ဖြစ်သည်။ ပဉ္စမရိပ်သာလမ်းရှိ အယ်လီကြီးပြင်းခဲ့သည့်  အိမ်တွင် မင်္ဂလာ အခမ်းအနား ကျင်းပ သည်။
မီးလင်းဖိုကြီးပေါ်တွင် ပန်းတွေနှင့် ဝေနေ၏။ အခမ်းအနားမှူးအဖြစ် အဖေ့ သူငယ်ချင်း ပြည်နယ် တရားသူကြီး ဟာဘတ်အန်ဂလန် က ဆောင်ရွက်ပေးသည်။ ရင်းနှီးသူ မိတ်ဆွေများကို ရှန်ပိန်နှင့် ဧည့်ခံပြီး အယ်လီနှင့် အိုဝင် ကားတစ်စီးဖြင့် မက်ဆာချူးဆက်သို့ ပျားရည်ဆမ်း တစ်ပတ်ခရီး ထွက်ခဲ့ကြ၏။

ထိုမှတဆင့် နမ်တူကက်ကျွန်းသို့ သင်္ဘောဖြင့် ခရီးဆက်ခဲ့ကြသည်။ ဟိုရောက်တော့ ကမ်းခြေ တိုက်ပု ကလေး တစ်လုံး ငှားပြီး နေကြသည်။ သူတို့လင်မယား အိပ်မောကျနေသည့် ဇွန်လ ၆ရက် နေ့ ညတစ်နာရီအချိန်တွင် တယ်လီဖုန်း မြည်လာသည်။ အယ်လီတို့ အဖေ ဘရိမ်မက်ဂရက်ခ်ျ ဆက်လာခြင်း ဖြစ်၏။
"ရောဘတ်ကနေဒီ  သေနတ်ပစ်ခံရတယ် သမီး"
အယ်လီက ဖုန်းခွက်ကို လက်ဝါးနှင့် ပိတ်ပြီး၊ အဖေပေးသည့်သတင်းကို လင်တော်မောင်အား ပြောပြသည်။

"ခြေက်ဆယ်ပြည့်လွန် နှစ်များရဲ့ စခန်းသိမ်းပွဲပေါ့"
ဒုတိယကနေဒီ အသတ်ခံရခြင်းကို အိုဝင်က သတင်းသမားဥာဉ်ဖြင့် ခေါင်းစဉ်ပေးလိုက်၏။ သည်စကားလုံးကို အယ်လီ ဘယ်တော့မှ မမေ့၊ သူသာ သတင်းမဂ္ဂဇင်းမှာ ရှိနေသေးရင် အကောင်းဆုံးခေါင်းကြီး တစ်ပုဒ်ဖြစ်မည် မှာ မုချဟု ယုံကြည်၏။
အယ်လီတို့သားအဖ ဖုန်းပြောပြီးသည်နှင့် အယ်လီနှင့် အဖြူအမည်း တယ်လီဗေးရှင်းစက် ကလေးကို ဖွင့်ပြီး သူတို့ လင်မယား သတင်းနားထောင်နေကြသည်။

အတ္တလန်တိတ်ပင်လယ်ထဲမှ ကျွန်းငယ်ကလေးပေါ်တွင် တီဗွီက မကြည်။ ဖန်သားပြင်ပေါ်တွင် နှင်းမှုန်တွေ သာ တဖွဲဖွဲ ကျဆင်းနေ၏။
တစ်ယောက်လက်တစ်ယောက် ကိုင်ပြီး အသံကိုသာ နားထောင်ကြရသည်။ ဂျွန်ကနေဒီကို အယ်လီ သတိမရ ဘဲ မနေနိုင် ဖြစ်နေသည်။ သူလုပ်ကြံခံရသည့်နေ့တွင် မိမိက ဖိနပ်ရောင်းနေရ သည့်အဖြစ်။ မရေမရာ ဘ၀။ မိဘတွေနှင့် အဆက်ပြတ်လုနီး ဖြစ်နေသည့် အချိန်။ အပေါင်းအသင်း တွေနှင့်လည်း ဝေး၊ ချစ်သူကလည်း စွန့်ပစ်ထားသည့်ကာလ။

"ဘာပြုံးတာလဲ"
အိုဝင်က မေးသည်။
"ဟိုတုန်းက အယ်လီ့ဘ၀ကို တွေးမိလို့ပါ"
"ဟိုတုန်းကနဲ့ခု ဘာကွာလဲ ပြောစမ်းပါဦး"
"ကွာတာပေါ့၊ ဟိုတုန်းက အယ်လီမက်ဂရက်ခ်ျလေ၊ ခု အယ်လီကာဆယ် လေ"
အယ်လီသည် ပြည်သူ့အခွင့်အရေးတိုက်ပွဲတွေ၊ စစ်ဆန့်ကျင်ရေးကိစ္စနှင့် အမျိုးသမီးများအရေးတို့ တွင် စိတ်ဝင်စား ခဲ့ သော်လည်း လင်ကို အိမ်ဦးနတ်လို ကိုးကွယ်သည့် မိန်းကလေး ဖြစ်သည်။

လက်ထပ်သည့် တိုင်အောင် ယောက်ျား၏ နာမည်ကို ခံယူဖို့ အမျိုးသမီးတော်တော်များများ ငြင်းပယ် နေချိန် တွင် အယ်လီသည် အယ်လီကာဆယ်ဖြစ်ရခြင်းအတွက် ဂုဏ်ယူနေသူ ဖြစ်လေ သည်။ မိန်းကလေး တော်တော် များများ က ယောက်ျားယူပြီး အပျိုနာမည်ရှေ့တွင် မစ္စတပ် အခေါ်ခံ ချင်ကြချိန်တွင် အယ်လီက မစ္စက်ကာဆယ် အဖြစ် ကို ပျော်ပျော်ကြီး ခံယူနေသူ ဖြစ်၏။ သည်နာမည်နှင့် ချက်လက်မှတ်ကို လက်မှတ်ထိုး ရတိုင်း ရင်ထဲတွင် တိတ်တိတ်ကလေး ကျိတ်ပြီး ကြည်နူးတတ်၏။
"အယ်လီ မိရိုးဖလာကို ကိုးကွယ်တဲ့ ခေတ်မိန်းကလေးလေ" ဟု အစ်မ လုပ်သူကို ဂုဏ်ယူစွာ ပြောဖူးသည်။

ဆက်ရန်
.

No comments: