အခန်း(၅၅)
အဲလျော့
အဲလျော့
အဲလျော့လန်ဒေါသည် ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေ၊ အရောင်ပြောင်းတတ်သူ ဖြစ်သည်။ သူ့ လူနာများ နှင့် ဆက်ဆံရာတွင် ပုံစံတစ်မျိုးနှင့် ဆက်ဆံပြီး သူ့မိသားစု သူ့အပေါင်းအသင်းများနှင့် ဆက်ဆံရာတွင် တစ်မျိုး နေတတ်သူ ဖြစ်၏။
လူနာများအပေါ်တွင် ကြင်နာ တရားအပြည့်၊ ဂရုဏာအပြည့်နှင့် အားကိုးလောက်အောင် ဆက်ဆံ သည်။ သူ့အကြံဥာဏ်၊ သူ့ကုသမှုကို လူနာများက တလေးတစား တောင်းခံကြသည်။ သူ့အတွက် ပန်းစည်းတွေ ယူလာ ကြ၏။ သူကြိုက်သည့် စာအုပ်တွေ လက်ဆောင်ပေးကြ၏။ သူ့ကိုယ်သူ ပြန်မြင်သည့် ရုပ်ပုံလွှာအတိုင်း သူ့လူနာ များကို သူ့ကို မြင်ကြသည်။
သူ့အိမ်တွင်မူ အဲလျော့သည် မျှတသည့် အိမ်ထောင်ဦးစီး ဖြစ်သည်။ ဒီမိုကရေစီ ကျသည်။ လူတန်းစား မရှိ သည့် အမေရိကန် နိုင်ငံတွင် ကြိုးစားသူတိုင်း၊ ထက်မြက်သူတိုင်း အထွတ်အထိပ် သို့ ရောက်နိုင်သည်ဟု ယုံကြည်နေသူ ဖြစ်လေသည်။ သူသည် လောင်းအိုင်လင်ရှိ လူလတ်တန်းစားရပ်ကွက်၊ အိမ်ဖြူကြီး တစ်ဆောင် တွင် မွေးဖွားကြီးပြင်းခဲ့သူ ဖြစ်သည်။ အဖေလုပ်သူက သည်အဆင့်ထိသာ တတ်နိုငသူ ဖြစ်၏။
အဲလျော့၏ အဘိုးသည် အသားခုတ်သမားအဖြစ် ဆင်းရဲသား ရပ်ကွက်တွင် ကြီးပြင်းခဲ့သူ ဖြစ် သည်။ သို့သော် စနေ ၀တ်ကျောင်းတတ်ဖို့ ဘယ်တော့မှ မပျက်။ အဘွားက ထမင်းချင်လုပ်ရင်း သန့်ရှင်းရေးလုပ်ရင်း အင်္ဂလိပ်စာ သင်သည်။
အဖေနှင့် အမေ လောင်းအိုင်လင်သို့ ပြောင်းရွှေ့ခဲ့ကြ၏။ အဖေက ဆေးဆိုင်တစ်ဆိုင်တွင် ဆေးစပ် သမား အလုပ် ၀င်လုပ်သည်။ မကြာခင်အတွင်း အခြေတကျ ဖြစ်လာသည်။ အဲလျော့ကို မွေးတော့ အမေက ဖူးဖူးမှုတ် ထားသည်။ ရည်ရွယ်ချက်တွေ အပြည့်အမောက်ဖြင့်။
အဲလျော့သည် သူငယ်ချင်းများအကြားတွင် မဟာဆန်ချင်သူ၊ အရှက်အကြောက်ကြီးသူ၊ အလှအပ ကြိုက်သူ၊ သူတစ်ပါးစကားကို နားစိုက်ထောင်တတ်သူ၊ စေ့စပ်ဖျန်ဖြေတတ်သူ၊ ငွေကြေးစီမံခန့်ခွဲ တတ်သူအဖြစ် နာမည်ကြီး သည်။
သူကိုယ့်သူ လေ့လာရာတွင်တော့ အဲလျော့က တစ်မျိုး မြင်သည်။
ဘယ်သူနှင့်မှ မတူအောင် ရည်မှန်းချက်ကြီးသည်။ ငွေကြေးနှင့် အောင်မြင်မှုကို အမြဲ အိပ်မက် မက်သည်။
သို့သော် သူ့ကလေးဘ၀သည် သင်းကွဲမျောက် တစ်ကောင်လို အထီးကျန်နိုင်လှသည်။ အရွယ်နှင့် မလိုက်အောင် ၀ပြီး တစ်ယောက်တည်းနေတတ်သဖြင့် အားလုံး၏ နောက်ပြောင် ကျီစယ်ခြင်းကို အမြဲခံရ၏။ ဘယ်သူမှ သူ့ကို အပေါင်းအသင်း မလုပ်ကြ။
ဆရာများကတော့ အဲလျော့ကို အလားအလာရှိသည့် ကျောင်းသားတစ်ယောက်အဖြစ် လက်ခံ ထားကြသည်။ သူ့ အမှတ်တွေကို ကြည့်ပြီး ရှေ့နေ သို့မဟုတ် ဆရာဝန်ဖြစ်မည်ဟု နိမိတ်ဖတ်ထား ကြ၏။
တက္ကသိုလ်မသွားခင် တစ်နှစ်ကျောင်းအားရက်တွင် ဆရာတစ်ယောက်၏ အကူအညီဖြင့် ဥပဒေ လုပ်ငန်း တစ်ခုတွင် အချိန်ပိုင်း အလုပ်ရသည်။ ပိုက်ဆံအများကြီးရသည့် အလုပ်ဖြစ်၍ အဲလျော့ စိတ်ဝင်စားသည်။ တဖြည်းဖြည်း လုပ်ကြည့်တော့မှ ဥပဒေလုပ်ငန်းသည် မိမိအတွက် မဟုတ်ကြောင်း သဘောပေါက်လာသည်။
ခြောက်သွေ့ဖုန်တက်နေသည့် ဥပဒေစာအုပ်ကြီးတွေကို ကြည့်ပြီး စိတ်ပျက်လာသည်။ စီရင်ထုံး တွေ၊ လက်နှိပ်စက်ရုံသံတွေကို ငြီးငွေ့လာသည်။ တရားရုံးမြင်ကွင်းများကလည်း ရုပ်ရှင်တွေ၊ တီဗွီ တွေထဲက လောက် စိတ်လှုပ်ရှားစရာ မကောင်း။
သည်နွေတွင် အဲလျော့အတွက် အကျိုးရှိရှိ ဖြစ်ထွန်းမှုတစ်ခုသာ ရှိသည်။ ကိုယ့်ဘာသာကိုယ် တီထွင်ပြီး ဓာတ်စာ စားသဖြင့် ကိုယ်အလေးချိန် ကျသွားခြင်း ဖြစ်၏။ ကြက်ဥကို အကျက်ပြုတ်ပြီး ပုစွန်ဟင်းချိုနှင့် စားသည်။ ပြီးတော့ လက်ဖက်ရည်ကို ရေခဲစိမ်သောက်သည်။ ပေါင်လေးဆယ် အထိ ကျသွားသည်၊
ဥပဒေလောကကို ကျောခိုင်းခဲ့ခြင်းနှင့် ကိုယ်အလေးချိန် လျှော့ချနိုင်ခြင်းတို့သည် အဲလျော့၏ ဘ၀ကို တိုးတက်ပြောင်းလဲစေဖို့ ပထမ ခြေလှမ်းများ ဖြစ်သည်။
အထက်တန်းကျောင်းသားဘ၀ကို နောက်တွင် ချန်ရစ်ပြီး လောင်းအိုင်လင် တက္ကသိုလ်သို့ ၁၉၅၂ ခုနှစ်တွင် လူသစ်စိတ်သစ်ဖြင့် အဲလျော့ ၀င်လာခဲ့သည်။ ဥပဒေနှင့် မိမိဘ၀ ပြဒါးတစ်လမ်း၊ သံတစ်လမ်းဖြစ်နေသည်ကို နားလည်ပြီးဖြစ်၍ ဆေးပညာသင်ရန် ဆုံးဖြတ်လိုက်သည်။ အရေပြား အလှပြင် ဒါမှမဟုတ် အရေပြား အထူးကုဆရာဝန်လုပ်ဖို့ ပုံစံ ဖြည့်လိုက်သည်။
သည်ပညာရပ် နှစ်ခုစလုံးသည် အလွန် ငွေရလွယ်သည်။ လူနာများကို ချက်ချင်း စိတ်သက်သာရ ရစေသည့် ပညာလည်း ဖြစ်၏။ ပြီးတာ့ သေကောင်းပေါင်းလဲ လူနာများနှင့် ဆုံးစည်းစရာလည်း အကြောင်းမရှိနိုင်။
ဆေားကျောင်းတွင်လည်း အဲလျော့၏ အမှတ်များက ထိပ်ဆုံးကချည်း။ အမ်ဒီဘွဲ့သည် သူ့ရှေ့ လက်တစ်ကမ်းတွင် ရောက်နေပြီ။ မျိုးရိုးထဲတွင် ဆရာဝန်တစ်ယောက်မှ မရှိသေး။ ဒုတိယနှစ်တွင် အလွန် လူကြိုက်နည်းသည့် စိတ်ပညာကို အဓိကယူလိုက်သည်။ အရမ်းစိတ်ဝင်စားရာ ကောင်းသည့် ပညာရပ်မှန်း အဲလျော့ ကြာလေ သိလေ ဖြစ်လာ၏။ ဘယ်သူတွေ ဘာပြောပြော အဲလျော့က စိုက်လိုက်မတ်တတ် လုပ်တော့ မည်။
စိတ်ခွဲပညာရပ်သည် အခြားသူများ၏ စိတ်အနေကို ခွဲခြမ်းစိတ်ဖြာကြည့်နိုင်သလို၊ ကိုယ့်ကိုယ်ကိုယ် လည်း သရုပ်ခွဲကြည့်သည်။ စိတ္တဗေဒပညာရပ်သည် ရုပ်ပိုင်းဆိုင်ရာ ဗဟိဒ္ဓပေါ်တွင် မှီငြမ်း တွက်ချက်ခြင်း မဟုတ်။ လူနာ ၏ အဇ္ဈတ္တအတွင်းပိုင်းကို နှိုက်ကာ လေ့လာရသည့် ပညာရပ်မျိုး ဖြစ်သည်။
စိတ်ပညာ သည် လူ့လောကကြီးထဲသို့ အဲလျော့အား တွန်းပို့တော့မည့်ဆဲဆဲလို ဖြစ်နေ၏။ ဤသို့ဖြင့် မူလလျှောက်နေသည့် လမ်းကြောင်းမှ ခွဲထွက်ခဲ့ခြင်း ဖြစ်လေသည်။
အခန်း(၅၆)
အဲလျော့
အဲလျော့
ငယ်ငယ်တုန်းက ကျောင်းနေဖက်များ၏ နောက်ပြောင် ၀ိုင်းပယ်ခံခဲ့ရခြင်းသည် အဲလျော့အတွက် တန်ဖိုးမဖြတ်နိုင်သည့် အတွေ့အကြုံများ ဖြစ်လာသည်။ ဟိုတုန်းက ခံစားခဲ့ရသမျှသည် ယခု အသိဥာဏ်များ ဖြစ်လာခဲ့သည်။ နာကြည်းကြေကွဲဖွယ်ရာ အတိတ်ကြောင့် စိတ်ဝေဒနာရှင်များ အပေါ် ကရုဏာတရား ပွားများကာ စာနာထောက်ထားတတ်လာသည်။
ငယ်ဘ၀၏ အဆိုးဆုံးကဏ္ဍမှာ ငွေကြေးမပြည်လည်မှုကြောင့် အဖေနှင့်အမေ အမြဲတမ်း ရန်ဖြစ် ကြသည့် ကိစ္စ ဖြစ်၏။ ဟိုတုန်းက သည်ကိစ္စကို သိပ်နားမလည်။ ယခုမှ ပြန်လည် သုံးသပ်မိသည်။ အိမ်တွင်းရေး ပြဿနာမှာ ငွေကြေးသက်သက်ကြောင့် မဟုတ်။ ဒေါ်လာအောက်တွင် မြုပ်ကွယ်နေ သည့် တွန်းအားတစ်မျိုးကြောင့်ဟု အဲလျော့ ကောက်ချက်ချသည်။ ခန်းလုံးပြည့်ကောဇောခင်းလို ခြင်း နောက်ဆုံးပေါ်ကားကိုမှ စီးချင်ခြင်း စသည့် အတွင်းအားများ။
သင်တန်းဆရာ ပါမောက္ခ ဆင်မြူရယ် ဝေါ်လင်ဘဂ်က အဲလျော့ကို ပြောဖူးသည်။ အနာဂတ် ဆေးပညာ လောကတွင် စိတ်ဝေဒနာ ဘဏ္ဍ သိသိသာသာ တိုးလာမည်တဲ့။ သင်နေသည့်ပညာဖြင့် ကိုယ့်ကိုယ်ကိုယ်ပါ သရုပ်ခွဲနေသည့် အဲလျော့က ဆရာ့စကားကို အကြွင်းမဲ့ ယုံကြည်လေသည်။
မကြာသေးခင်ကမှ ထွက်သည့် ဆစ်ဂမန်ဖရောက်၏ ဘ၀ကို အစအဆုံး ဖတ်ပြီး ၁၉၅၅ ခုနှစ်တွင် စိတ်ပညာ အထူး ယူဖို့ ဆုံးဖြတ်ချက်ချ ဖြစ်ခဲ့ခြင်း ဖြစ်လေသည်။
"သွေးရဲ ဓာတုဗေဒကို လေ့လာရာတာတို့ ကျိုးသွားတဲ့ခြေထောက်ကို ပြန်ဆက်ရတာတို့ဟာ လူတစ်ယောက် ရဲ့ "စိတ်" ကို လေ့လာရတာလောက် စိတ်ဝင်စားဖို့ မကောင်းပါဘူး" ဟုလည်း ဒေါက်တာ ဝေါ်လင်ဘတ် က ဆိုလေသည်။
"ကျွန်တော် ဆရာဝန် မလုပ်တော့ဘူး စိတ်ပညာပဲ လေ့လာတော့မယ်" ဟု ဘာကြောင့် စိတ်ပိုင်း ဆိုင်ရာကို သင်ယူ လိုကြောင်း ရှင်းပြရင်း အဖေနှင့်အမေကို ပြောတော့ အဖေက လုံးဝ သဘောမတူ။
"ခွဲစိတ်ဆရာဝန်ဖြစ်မှ မင်းလူတစ်လုံး သူတစ်လုံး ဖြစ်မှာပေါ့" ဟု အဖေက ဝေဖန်သည်။ သုံးနှစ်စာ ကျောင်းစရိတ် တွေ အလကားဖြစ်ကုန်သည့်အတွက်လည်း အဖေက မကျေနပ်။
အားနက်စ်လန်ဒေါ က ဆေးဝါးကုသမှုမှာ ခွဲမှစိတ်မှ ဆရာဝန်ထင်သူ။
"မင်း ငါ့စကား နားမထောင်ရင် မင်းစရိတ် မင်းရှာပြီးတက်"
ဟု အပြတ်ပြောပြီး ကျောင်းစရိတ်ဖြတ်တောက်ပစ်လိုက်သည်။ အဲလျော့၏ အဖေသည် စိတ်ကု ဆရာဝန် ဆိုသည်ကို ဗေဒင်ဆရာလောက်သာ သဘောထားသူ ဖြစ်လေသည်။
အမေက ပိုပြတ်သည်။
"မင်းကို ဒေါက်တာပါလို့ အမေ့ သူငယ်ချင်းတွေကို ပြောလို့ရပါတော့မလား" ဟု မေး၏။ ဟယ်လင်လန်ဒေါသည် သားဖြစ်သူကို အလွန်အားထားပြီး အလွန်ဂုဏ်ယူ ချင်သူ ဖြစ်သည်။
"ကျွန်တော် ပါရဂူဘွဲ့ရရင် ဒေါက်တာပဲပေါ့ မေမေရဲ့"
ခုချိန်အထိ အမေက အဖေ့ကို ချော့မော့ပြောလျှင် အဖေစိတ်ပြောင်းလာမည်ဟု အဲလျော့ ထင်နေဆဲ။ ထင်သည့် အတိုင်း တစ်ဝက်တစ်ပျက်တော့ ဖြစ်လာပါသည်။
"ကဲ ကဲ ငါပေးတော့ ပေးမ်၊ အားလုံးတော့ မပေးဘူး" ဟု ပြောပြီး ကျူရှင်ခသာ ပေးမည်ဟု သဘောတူသည်။ ကျောင်းပိတ်ရက်တွင် အဲလျော့က စတော့ပွဲစားတစ်ယောက်ဆီမှာ အလုပ်ဝင် လုပ်သည်။ ဥပဒေ လုပ်ငန်းလောက် ပျင်းစရာ မကောင်းဟု အဲလျော့ ထင်သည်။ သည်ဝင်ငွေဖြင့် ကျန်သည့် ကျောင်းစရိတ် လုံလောက်သည်။
ဤသို့ဖြင့် ၁၉၅၈ ခုနှစ် အသက် နှစ်ဆယ့်လေးနှစ်အရွယ်တွင် အဲလျော့ စိတ်ပညာ မဟာဝိဇ္ဇာဘွဲ့ ရသည်။
ပြည်နယ်ပညာရေးဌာနအောက်ရှိ စိတ်ပညာဌာနခွဲကို အလုပ်လျှောက်လိုက်သည်။ ၀ါရင့် ဆရာကြီ များထဲတွင် လက်တွေ့ ဆည်းပူးရင်း ပညာဆက်ယူရန် ဖြစ်၏။ ပြီးတော့ အထက်တန်းကျောင်းတုန်း က သူ့ကို အဖက် မလုပ်ခဲ့သူ။ ယခု ရိုဇလင်တွင် ကျောင်းဆရာမ ဖြစ်နေသူ အင်နာနှင့် လက်ထပ် လိုက်သည်။
"ရှင်အောင်မြင်မယ်ဆိုတာ အင်နာ အစောကြီး သိနေတယ်လေ" ဟု အင်နာက ပြောတော့ အဲလျော့က
"ဟုတ်လား အားကစားလည်း မထူးချွန်၊ ပြီးတော့ ၀က်ရှုံးအောင် ၀နေတဲ့ ကိုယ့်ကို မင်းက အောင်မြင်မယ် ထင်ခဲ့တယ် ဟုတ်လား"
"ဟုတ်တယ်၊ အဲဒီကတည်းက ထင်ခဲ့တာ"
ကျန်းမာရေးဌာန အလုပ်တစ်ဖက်နှင့် အဲလျော့ ကြားပေါက်အလုပ်တွေ လုပ်သည်။ ကလေးအထူးကု ဖြစ်နေသည့် သူငယ်ချင်းတစ်ယောက် ဖွင့်ထားသော ဆေးခန်းတွင် ၀င်ထိုင် သည်။ အဲလျော့ပွဲဦးထွက် တွေ့ရ သည့် လူနာများမှာ စိတ်အနေ ချို့ယွင်းနေသည့် ကလေးများ ဖြစ် ၏။ အချို့ကို ကျောင်းမှာရှိသည့် စိတ်ဆရာဝန်ကို ပို့ပေးခြင်းဖြစ်ပြီး အချို့ကိုတော့ သူငယ်ချင်း ကလေး အထူးကုက လွှဲပေးခြင်း ဖြစ်သည်။
တဖြည်းဖြည်း လူသိများလာတော့ လူတန်းစားပေါင်းစုံ ရောက်လာကြသည်။ စိတ်ကျ ရောဂါခံစား နေရသည့် အိမ်ရှင်မများ၊ လုပ်ငန်းရှင်နှင့် အဆင်မပြေသည့် အလုပ်သမားများ၊ အိမ်ထောင်ရေး အဆင်မပြေသည့် လင်မယား များ၊ လုပ်ငန်းမအောင်မြင်သည့် စီးပွားရေးသမားများ၊ အိမ်နှင့် အဆင်မပြေ၊ ကျောင်းနှင့် ခွင်မကျ သည့် မြီးကောင်ပေါက်အရွယ်များ။
တစ်ဖက်က နာမည်ရလာပြီး ၀င်ငွေ ကောင်းလာသလို၊ အလုပ်ခွင်မှ ရာထူးကလည်း လက်ထောက် ညွှန်မှူးအထိ တက်လာသည်။ စိတ်ပညာသည် လူနာတွေအတွက်သာ အကျိုးပြုခြင်း မဟုတ်ဘဲ မိမိအတွက်ပါ အသုံးကျလျက် ရှိသည်ဟု အဲလျော့က ယုံကြည်နေလေသည်။ အဲလျော့သည် ဆေးပညာရှင်များ စောင့်စည်း ရမည့် ပဋိညာဉ်များကိုလည်း လေးစားလိုက်နာသည်။
တစ်နှစ်ခွဲလုံးလုံး စိတ်ခွဲပညာဖြင့် ကိုယ့်ကိုယ်ကိုယ် ရှာဖွေသည်။ နာမည်ကျော် စိတ်ကုဆရာဝန် မာသာရှနိုက်ဒါနှင့် ဆွေးနွေးခြင်း ဖြစ်၏။ မင်ဟက်တန်ရှိ ဆရာမ၏ ၈၁လမ်းရုံးခန်းကို တစ်ပတ်လျှင် နှစ်ကြိမ် သွားသည်။
ဆရာဝန်မ၏ ဆေးခန်းမှ ခုံရှည်ပေါ်တွင် လဲလျောင်းရင်း မိမိ၏ ဆန္ဒများ၊ မိမိတွင် ရှိသည့် အရည် အသွေးများကို လေ့လာသည်။ သည်တစ်နှစ်ခွဲကာလသည် မိမိ၏ တန်ဖိုးအရှိဆုံး အချိန်ဖြစ်သည် ဟု အဲလျော့ က ယုံကြည်လေသည်။ သည်ကာလအတွင်း ကိုယ့်ကိုယ်ကိုယ် ရှာဖွေတွေ့ရှိချက်များ ထဲတွင် မသိစိတ်ပိုင်းမှ မပြတ်သားခြင်း အချက်ကို တွေ့ရသည်။ ရည်ရွယ်ချက်က မြင့်မားသော် လည်း အကောင်အထည် ဖော်ဖို့ မရွံ့မရဲ ဖြစ်တတ်သည့်သဘော။
သည်တော့မှ လောင်းအိုင်လင်တွင် မိမိ၏ အနာဂတ်မှာ ရည်မှန်းသည့်အတိုင်း ဖြစ်မလာနိုင်မှန်း သိတော့၏။ မင်ဟက်တန်သည် အလုပ်လုပ်ဖို့ အကောင်းဆုံးနေရာ ဖြစ်၏။ ပြိုင်ဆိုင်ရမည်။ ကြိုးစား ရမည်။ ကြောက်စရာလည်း ကောင်း၏။ ထုံးစံအတိုင်း တွေးလိုက်သည်နှင့် အဲလျော့ ကျောခိုင်း သွားသည်။
"ကျွန်တော် လန့်နေတယ် ဒေါက်တာ၊ ကျွန်တော် မအောင်မြင်မှာကို အရမ်း တွေးကြောက်တယ်" ဟု ဆရာဝန်မ ကို ၀န်ခံလိုက်သည်။
"ရှင့်မှာ မအောင်မြင်တဲ့ အချိန်ရှိခဲ့ဖူးလို့လား" ဟု ဒေါက်တာရှနိုက်ဒါက ပြန်မေးသည်။
"ဟင့်အင်း၊ အဲဒီလိုတော့ မရှိခဲ့ဖူးပါဘူး"
ဇနီးလုပ်သူ အင်နာနှင့် ဆရာဆန်ဗြူရယ်တို့၏ တွန်းအားပေးမှုကြောင့် မြို့စွန်ရပ်ကွက်ကလေးမှ အလွတ်ရုန်းဖို့ အဲလျော့ စီစဉ်သည်။ အဲလျော့သည် သူ့အဖေကဲ့သို့ပင်၊ အမေရိကန်နိုင်၏ လမ်းများ ပေါ်တွင် ရွှေတုံးရွှေခဲ များဖြင့် မရှိသော်လည်း အခွင့်အလမ်းတွေ အပြည့်ရှိသည်ဟု ယုံကြည်လေ သည်။
၁၉၆၁ ခုနှစ်တွင် ၇၂လမ်း အနောက်ပိုင်းရှိ ရုံးခန်းတစ်ခန်းကို အခြားစိတ်ကုဆရ၀န်နှစ်ဦးနှင့်အတူ ပေါင်းပြီး ငှားလိုက်သည်။ နှစ်ယောက်စလုံး အဲလျော့ထက် ၀ါရင့်သူများ ဖြစ်ပြီး ဆရာဆင်မြူရယ်၏ တပည့်များ ဖြစ်ကြ၏။
"လောင်းအိုင်လင်က လူနာတစ်ချို့လဲ လိုက်လာကြမှာပါ၊ ပြီးတော့ ကိုယ်နဲ့ တွဲဖွင့်တဲ့ ဆရာတွေဆီ ကလည်း အဆက် အသွယ်တွေ ရမှာပါ။ ဆရာ ဆန်မြူရယ်လည်း အကူအညီပေးမယ် ပြောတယ်" ဟု ဇနီး အင်နာကို အဲလျော့က ပြောပြသည်။
ဆက်ရန်
.
No comments:
Post a Comment