Tuesday, June 28, 2011

မဝင်းမြင့် ၏ မြသေလာတောင် ဆွေးဖွယ်နှောင်သည် အပိုင်း (၂၄)

" ငါဒီမှာ မနေချင်ဘူး ... ငါ့တိုင်းပြည်ကို ပြန်ချင်တယ် "
ကျွန်ုပ်၏ စကားကြောင့် နန့်မထေ့နှင့် စောဝေဖော်တို့ မျက်နှာချင်းမှာ ၀မ်းနည်းရိပ် သန်းလာပါသည်။
" ဘာဖြစ်လို့လဲ ဗားလားရယ် ... ငါ့ကို မုန်းလို့လား "
နန့်မထေ့ကပြောရင်း ကျွန်ုပ်၏ ပေါင်ပေါ်မျာ မျက်နှာမှောက်ပြီး ငိုရှာသည်။ စောဝေဖော်ကား မျက်ရည်ဝေ့ သောမျက်လုံးဖြင့် ကျွန်ုပ်အား ၀မ်းနည်းစွာ ငေးစိုက်ကြည့်နေ၏။
ကျွန်ုပ်ပင်လျှင် အကြောင်းကြောင်းတွေကြောင့် စိတ်မကောင်းသဖြင့် မျက်ရည်ကျမိပါ၏။

" ပြောပါ ဗားလားရယ် ... ပြောပါ ... ငါနဲ့ မနေချင်လို့လား ...၊ ငါ့ကိုမချစ်လို့လား ... ငါကတော့ချစ်တယ်၊ ဘုရင်မ စံနန်းတော်မှာ နင့်ကို စတွေ့ကထဲက ချစ်တယ်၊ အခုတော့ နင်က ပြန်ချင်တယ်ပြောတယ်၊ နင့် တိုင်းပြည် မှာ မယားရှိလားဟင် ... "
နန့်မထေ့က ငိုရာမှ မျက်နှာကို မော့ကာ မေးလိုက်၏။
" ငါ့မှာ မယားမရှိပါဘူး နန့်မထေ့ရယ် ...၊ ငါလူပျို အစစ်ပါ၊ ဒါကြောင့်လဲ နင့်အပေါ်မှာ သစ္စာစောင့်ပြီး မကျူး မွန် နေနိုင်တာပေါ့၊ နင့်ကိုရော စောဝေဖော်ကိုရော ငါ ညီမလေး ညီလေးတွေလို ချစ်ပါတယ်ကွယ် ...၊ ငါ ပြန်ချင်တာ က ငါပြန်ချင်တာက ... "
ကျွန်ုပ်၏ မျက်စိအာရုံတွင်ကား ဘုရင်မ၏ ကျက်သရေရှိလှစွာသော မျက်နှာသည် ပေါ်လာပြန်သဖြင့် စကား တစ်ပိုင်းတစ်စနှင့်ရပ်ကာ မျက်စိကို စုံမှိတ်ပြီး ပေါ်လာသောဘုရင်မ ရုပ်သာန်ပျောက်အောင် ဦးခေါင်းကို သွက်သွက်ခါလိုက်၏။

" ပြန်ချင်တာက ဘာဖြစ်လို့လဲဟင် ... "
နန့်မထေ့က မျက်ရည်ဖြိုင်ဖြိုင်ကျရင်း မေးလိုက်၏။
" ငါ့တိုင်းပြည်ကို ပြန်မရောက်တာ ကြာလှပေါ့ နန့်မထေ့ရယ် ...၊ ငါ့မိဘ၊ ငါ့ဆွေမျိုး၊ ငါ့ရှင်ဘုရင်ကို သိပ်လွမ်း တယ်၊ ငါ့ကိုကြည့်စမ်း ဘယ်လောက်ပိန်သွားသလဲ၊ ဒီမှာ ငါနေရင် ငါ့မိဘဆွေမျိုး ငါ့တိုင်းပြည်ကို လွမ်းတာနဲ့ သေရလိမ့်မယ် ...၊ နင့်ကိုတော့ ငါသိပ်သနားပါတယ် နန့်မထေ့ရယ် အမှန်အတိုင်း ပြောတာပါ ငါသိပ်သနားပါတယ်ကွယ် "
ကျွန်ုပ်သည် တကယ်ပင် စိတ်ထဲမှာရှိသည့်အတိုင်း လှိုက်လှိုက်လှဲလှဲ ပြောလိုက်ပါသည်။
နန့်မထေ့နှင့် စောဝေဖော်သည် ကျွန်ုပ်၏ ပြန်လိုသောဆန္ဒကို တားမရတော့ပြီဟု တွေးမိကြပြီဖြစ်၍ နှစ် ယောက်စလုံးခေါင်းငိုက်စိုက်ချနေကြသည်။

နန့်မထေ့ကား တစ်စုံတစ်ရာမှ မပြောတော့ဘဲ မျက်ရည်သာ တွေတွေကျနေရှာသည်။
အတန်ကြာမှ ...
" နင် ဘယ်လိုလုပ်ပြန်မလဲ "
ဟု စောဝေဖော်က မေးလိုက်၏။
" ဖြစ်ချင်ရာဖြစ် ၀ါထွက်ပြေးမယ် စောဝေဖော်၊ ဒူးလေးကိုင် အစောင့်တွေနဲ့တွေ့လို့ သတ်ချင်လဲ သတ်ပါစေ...၊ နင်တို့ မောင်နှမကို အင်မတန် ချစ်သနားပေမယ့် ငါဘယ်နည်းနဲ့မှ မပျော်နိုင်ပါဘူးကွယ်၊ ငါ့ ကိုခွင့်လွှတ်ကြပါနော် ... "
ကျွန်ုပ်သည် စိတ်မကောင်းစွာ လေးလေး နက်နက်ပင် ပြောလိုက်သည်။

နန့်မထေ့နှင့် စောဝေဖော်က ဘုရင်မအား တင်လျှောက်လိုလျှင်လည်း တင်လျှောက်စေ၊ သေဒဏ်ပေးလို လည်းပေးစေ၊ ဖြစ်လိုရာဖြစ်စေတော့ဟု နှလုံးပိုက်ကာ အတိအလင်းပင် ပြောလိုက်ပါသည်။
သို့တစေလည်း ထွက်ဝင်၍ရသောလမ်းဟူသမျှ ဒူးလေးကိုင်အစောင့်များ အလုံအလောက်ထားသည်ကို သိ ပြီးသော ကျွန်ုပ်အဖို့ လွတ်မြောက်ရန်ကို မမျှော်မှန်းမိချေ။
ကျွန်ုပ် ကြိုတင်ကြံရွယ် ရည်မှန်းခဲ့သော ဗုဒ္ဓဆေးပင်ကို ယူဆောင်သွားနိုင်ရန်ကား ဝေးလေစွတကား ...
" နင့်ကို အင်မတန် ငါချစ်တယ်ဆိုတာ သိတယ်မဟုတ်လား "
အတန်ကြာမှ နန့်မထေ့က တည်ငြိမ်သောအသံဖြင့် နန့်မထေ့က ကျွန်ုပ် မျက်နှာကို စေ့စေ့ကြည့်ပြီး မေးလိုက်၏။
" သိပါတယ်ကွယ်၊ နန့်မထေ့ရယ် "
ကျွန်ုပ်က ဖြေလိုက်သည်။
" အေး ... ငါ့အချစ်၊ ငါ့စေတနာကို နင်သိရင် ကျေနပ်ပြီ၊ ငါနင့်ကို နောင်စငဲ့ကထွက်သွားနိုင်အောင် ကူညီမယ်၊ လမ်းပြပေးမယ်၊ တိုင်းပြည်သစ္စာဖောက်တဲ့ မိန်းမလို့ သိသွားကြလို့ သတ်ရင်လဲ ငါအသေခံမယ်၊ ငါချစ်တဲ့လူ စိတ်ချမ်းသာဖို့ ငါဆုံးဖြတ်လိုက်ပြီ။ နင့်တိုင်းပြည်၊ နင့်မိဘ ဆွေမျိုးတွေဆိ ပြန်ရောက်ပြီး နင်ပျော်ပျော်နေနိုင်ပါစေ၊ နင့်အသက်နဲ့ ငါ့အသက်ကို လဲပေးပါမယ် ဗားလားရယ် "
နန့်မထေ့၏ စကားများမှာ စီကာပတ်ကုံး ဖွဲ့ဖွဲ့နွဲ့နွဲ့ မဟုတ်သော်ငြားလည်း ကွဲအက်သော နှလုံးသား အတွင်းမှ လှိုက်လှဲကြေကွဲစွာ ထွက်လာသည်ဖြစ်ရာ ကျွန်ုပ်သည် လက်ဖျားနှင့်မထိခဲ့သော နန့်မထေ့အား သနားကြင်နာလှသည်ဖြစ်၍ ရင်ခွင်ဝယ် ယုယစွာ ပိုက်ထွေးကာနန့်မထေ့နှင့်ရောပြီး ငိုကြွေးလိုက်ပါသည်။
" ဗားလားကိုလမ်းပြရင် နင်တစ်ယောက်တည်း မသွားနဲ့ နန့်မထေ့ ငါလဲလိုက်မယ် "
စောဝေဖော်က ငိုသံပါကြီးဖြင့် ပြောလိုက်သည်။
ကျွန်ုပ်သည် တစ်ဖက်သောလက်ဖြင့် နန့်မထေ့အား တင်းကျပ်စွာ ဖက်လိုက်မိပါသည်။
------------------------
အခန်း (၅)
ညသည် မှောင်မိုက်နေ၏။ လမိုက်ရက်ဖြစ်သည်ကတစ်ကြောင်း၊ ထူထပ်သော တောရိပ် တောင်ရိပ်များကြောင့် တစ်ကြောင်း ပိန်းပိတ်အောင် မှောင်လှ၏။
သန်းခေါင်ကြက်ပင် တွန်ပြီဖြစ်၍ နောင်စငဲ့ဒေသ တစ်ခုလုံးသည် သန်းခေါင်လေအတိုက်မှာ အချင်းချင်း ခိုက်မိသော သစ်ကိုင်းသစ်ခက် သစ်ရွက်သံမှလွဲ၍ လူသံသူသံ လုံးဝမကြားရချေ။
ထွက်ခွာရန် အချိန်ကရောက်ပြီဖြစ်၍ နန့်မထေ့သည် လမ်းခရီးမှာ ကျွန်ုပ်စားသောက်ရန် ပြောင်းဖူးစေ့ကို အမှုန့်ထောင်းပြီး လှော်ထားသော အထုပ်တစ်ထုပ်၊ ဘူးသီးခြောက်နှင့် ထည့်ထားသော ရေဘူးတစ်ခုကို ကြိုးနှင့်ချီကာ ကျွန်ုပ်၏ ပခုံးတွင် လွယ်ပေးလိုက်သည်။

စောဝေဖော်နှင့် နန့်မထေ့တို့မောင်နှမက ရှေ့မှသွား၍ ကျွန်ုပ်က နောက်မှလိုက်ခဲ့သည်။
စောဝေဖော်နှင့် နန့်မထေ့တို့ မောင်နှမ၏ ရင်တွင်းဝယ် အသည်းနှလုံး ကွဲအက်လုမျှ ခံစားနေရရှာသော စိတ်ဆင်းရဲမှုကို စဉ်းစားမိသောအခါ ကျွနုပ်၏အခြေလှမ်းသည် တုံ့ဆိုင်းသွားမိ၏။
ထိုအခိုက်တွင် ကျွန်ုပ်စစ်ထွက်လာသောအချိန်က မျက်ရည်စက်လက်ဖြင့် ကျန်ရစ်ရှာသော မွေးမိခင်နှင့် ဖခင်တို့အား မြင်ယောင်လာပြန်သည်။

ဟယ် ... ယောက်ျားပဲ စိတ်ခိုင်ခိုင်ထားမှပေါ့၊ နန့်မထေ့ကို ငါ ကျူးလွန်စော်ကားခဲ့တာမှ မဟုတ်ဘဲ၊ သူလဲ အခိုက်အတန့်အားဖြင့်သာ စိတ်မကောင်းဖြစ်မှာ၊ အချိန်ကြာမြင့်ရင် သူတို့ ဘာသာသဘာဝ ပျော်ရွှင်မေ့ ပျောက်သွားမှာပါပဲ၊ ငါ့အဖို့ စရိုက်ဓလေ့မတူတဲ့ ဒေသမှာ မမျှော်မှန်းအပ်တာကို မျှော်မှန်းပြီး စိတ်ဆင်းရဲခံနေ လို့ ဘာအကျိုးရှိမှာလဲ၊ ငါ့မှာ မိဘကို လုပ်ကျွေး ပြုစုဖို့တာဝန်က ရှိနေသေးပါကလားဟု စိတ်အားတင်း လိုက်သောအခါ ခြေလှမ်းသည် သွက်လာပြန်သည်။

တစ်ယောက်ကို တစ်ယောက် စကားမပြောကြဘဲ တိတ်ဆိတ်စွာပင် ခရီးတွင်အောင် နှင်လာခဲ့ကြရာ ကံ ကောင်းထောက်မ၍ ပေလား၊ နန့်မထေ့နှင့် စောဝေဖော်တို့က အစောင့်လစ်လပ်သည့် လျှို့ဝှက်သောထွက် လမ်းကို အတတ်သိ၍ပေလား၊ လမ်းတွင် တစ်စုံတစ်ရာ အနှောင့်အယှက် အတားအဆီးမတွေ့ရဘဲ အရုဏ် ဦးအချိန်တွင်ကား နောင်စငဲ့ဒေသနှင့် လွတ်ရာသို့ ရောက်ပြီဖြစ်ကြောင်းကို စောဝေဖော်က ပြောလိုက်ပါ သည်။

လွတ်မြောက်ရတော့မည်ဖြစ်၍ ၀မ်းသာသောစိတ် နန့်မထေ့တို့ မောင်နှမအား သနားကြင်နာ ကျေးဇူးတင် သောစိတ်၊ ဘုရင်မအား တမ်းတသောစိတ်တို့သည် ကျွန်ုပ်၏ ရင်ထဲဝယ် လုံးထွေးနေသည်။
" နင်လွတ်ပြီ ဗားလားရေ သွားပေတော့၊ နင့်တိုင်းပြည်ကို ကောင်းကောင်းမွန်မွန် ပြန်ရောက်ပါစေ ဗားလား ရယ် "
စောဝေဖော်က တုန်ယင်လှိုက်လှဲစွာ ပြောလိုက်၏။
ခွဲခွာရတော့မည်ဖြစ်၍ ကျွန်ုပ်အပေါ်မှာ ကြီးမားသော မေတ္တာစေတနာထားရှာသော မောင်နှမအား ကျွန်ုပ် သည် မခွဲမခွာ ရက်နိုင်အောင်ဖြစ်ကာ နောက်ဆုံးတွေ့ရခြင်းအဖြစ်ဖြင့် အားပါးတရ စိုက်ကြည့်နေမိသည်။

" သွားပေတော့ ဗားလားရယ်၊ နင့်တိုင်းပြည် နင့်ဆွေမျိုး နင့်မိဘတွေဆီရောက်တော့ တောထဲက ငါတို့ အရိုင်းမောင်နှမက နင့်ကို ဘယ်လိုစေတနာ မေတ္တာထားတယ်ဆိုတာ ပြောပါနော် ... "
" နင် မိန်းမ ယူချင်လဲယူပေါ့၊ ငါကတော့ ဒီဘ၀မှာ လင်မယူတော့ပါဘူး၊ ငါ့ရင်ထဲက အသည်းနှလုံးတွေဟာ နင့်ဆီမှာ အကုန်ပါသွားပြီ၊ ငါ့ကို မကြာမကြာ သတိရပါဗားလားရယ် "
နန့်မထေ့သည် သူပြောတတ်သရွေ့ စကားဖြင့် ရင်ကိုဖွင့်ပြကာ မျက်နှာကို လက်ဖြင့်အုပ်ပြီး သည်းထန်စွာ ငိုကြွေးလိုက်ရှာပါသည်။
အစ်မဖြစ်သူ ငိုကြွေးသည်ကိုမြင်ရသော စောဝေဖော်မှာ အံကိုကြိတ်ကာ မျက်ရည်များကျလာ၏။ ကျွန်ုပ် သည် မောင်နှမ နှစ်ယောက်အား လက်နှစ်ဖက်ဖြင့်ဖက်ခါ မျက်ရည်မဆည်နိုင်အောင် ဖြစ်ရတော့၏။

" နင်တို့ မောင်နှမနှစ်ယောက်လုံး ငါနဲ့ လိုက်ခဲ့ကြပါလားကွယ်၊ ငါတို့ တိုင်းပြည်ရောက်ရင် နင်တို့နှစ်ယောက် ကို ငါကောင်းကောင်းပြုစု ကျွေးမွေးထားပါမယ် "
လိုက်ကြမည်ဆိုလျှင် ကျွန်ုပ် ခေါ်သွားမည်ဟု စိတ်ကူးကာ ပြောပါသည်။ မောင်နှနှစ်ယောက်လုံး ပြိုင်တူ ခေါင်း၇မ်းလိုက်ကြ၏။
"မလိုက်ဘူး ဗားလား၊ ငါတို့တိုင်းပြည်ကို ငါတို့ မစွန့်နိုင်သလို နင်လဲ နင့်တိုင်းပြည်ကို မစွန့်ပစ်နိုင်ဘူးဆိုတာ ငါသိပါတယ်၊ ငါလဲ စိတ်မဆိုးပါဘူး၊ သွား ... သွား၊ ဟော ... ဟို ကောင်းကင်က အနီရောင်တွေ ပေါ်လာ တော့မယ်၊ တောင်တန်းပေါ်က အစောင့်တွေမြင်ရင် နင်ရော ငါတို့ မောင်နှမရော သေရမှာ၊ သွားတော့ နော် "
နန့်မထေ့ က ကြေကွဲစွာပြောရင်း ကျွန်ုပ်လက်မှ ရုန်းထွက်လိုက်သဖြင့် မောင်နှမ နှစ်ယောက်စလုံးအား ကျွန်ုပ် လွှတ်လိုက်ရပါသည်။

" ကဲ ... သွားတော့ ဗားလား ... ကြာကြာ ဆိုင်းနေလို့မသင့်တော်တော့ဘူး "
စောဝေဖော်ကပြောကာ မောင်နှမ နှစ်ယောက်လုံးက ကျွန်ုပ်အား လက်ဖြင့် တွန်းလွှတ်ပါသည်။
" သွားတော့မယ်ကွယ်၊ နင်တို့ မောင်နှမကို ငါ သေသည်အထိ မမေ့ပါဘူး "
ကျွန်ုပ်သည် စိတ်မကောင်းစွာဖြင့် နောက်ဆုံး နှုတ်ဆက်ကာ နန့်မထေ့တို့ မောင်နှမအား ကျောခိုင်းထွက်ခွာ လာသည်တွင် ...
" သွားတော့ ဗားလားရေ " ဟူသော စောဝေဖော်၏ ငိုသံကြီးဖြင့် နောက်ဆုံး နှုတ်ဆက်လိုက်သည်ကို လည်းကောင်း ...
" ခွဲကြရပေါ့ ဗားလားရေ၊ ငါ့အူ အသည်းတွေ မရှိတော့ပါဘူးဟဲ့ "

ဟု ကြေကွဲစွာ ငိုကြွေးနှုတ်ဆက်လိုက်သော နန့်မထေ့၏ အသံသည် လည်းကောင်း၊ ကျွန်ုပ်၏ နားထဲဝယ် တစ်သက်လုံး မပျောက်ပျက်နိုင်အောင် စွဲသွားတော့သည်။
အတော် ခပ်ဝေးဝေးသို့ ရောက်သောအခါ ကျွန်ုပ်သည် နောက်သို့လှည့်ကာ နန့်မထေ့တို့ မောင်နှမအား ပြန်လည် မျှော်ကြည့်လိုက်၏။
အရုဏ်ဦး၏ ဝေမှိုင်းမှိုင်း အသင်းရောင်ဝယ် ကျွန်ုပ်အား မျှော်ကြည့်နေဟန်ဖြင့် မလှုပ်မယှက် ငြိမ်သက်စွာ ရပ်နေသော မောင်နှမ နှစ်ယောက်၏ သဏ္ဍာန်ကို မှုန်မှေးမှေး မြင်ရလေသည်။
ကြင်နာဖွယ် ကောင်းလှသော မောင်နှမ နှစ်ယောက်ကို လည်းကောင်း၊ မှိုင်းညို့ရီပြာသည့် နောင်စငဲ့ တောင်တန်းကြီးကို လည်းကောင်း၊ ကျက်သရေရှိလှသည့် ဘုရင်မကိုလည်းကောင်း၊ ကျွန်ုပ်သည် လွမ်းဆွတ် တမ်းတစွာဖြင့် အတန်ကြာ ငေးမျှော်ကြည့်နေပြီးမှ သက်ပြင်းချကာ ထိုနေရာမှ ထွက်လာခဲ့ပါ သည်။
------------------
အခန်း (၆)

ကျွန်တော် ရတနာသိင်္ခနှင့် မွေးဖွားရာဇာတိ မန်ကျည်းတုံ မိဘဆွေမျိုးသားချင်း မိတ်ဆွေသင်္ဂဟများ၊ ရောင်း ရင်း ရဲဘက်များသည် ကျွန်ုပ်အား မောင်ဗလဟူ၍ မယုံနိုင်အောင် ဖြစ်နေကြသည်။
မင်းတရားကြီး စစ်ချီတော်မူရာ ပါသွားပြီး သေပြီအမှတ် တောထဲဝယ် ပစ်ထားခဲ့ရာမှ နှစ်နှစ်ကျော်မျှျေပာက် တိမ်မြုပ်ခဲ့သော ကျွန်ုပ်သည် ယခု စုတ်ပြတ်ပေရေနေသင်တိုင်းရှည်ကြီးကို ၀တ်ကာ ဖြူရော် ပိန်ချုံးနေသော အရည် ကိုယ်ခန္ဓာ၊ လက်သုံးသစ်မျှသာ ရှိတော့သော ဖွာရာဖြင့် ရုပ်ဆင်းသဏ္ဍာန်ပျက်နေသော ကျွန်ုပ်အား မယုံကြည်သည်မှာ အံ့သြဖွယ်ရာ မဟုတ်ပေ။ ကျွန်ုပ် ကြုံနေရသော အဖြစ်အပျက်များကို ပြောပြသောအခါ မောင်--- အစစ်အမှုန်ဟု လက်ခံကြသော်လည်း တောနက်ထဲဝယ် နာနာဘာဝများနှင့် တွေ့ခဲ့၍ ရူးသွပ် လာ သည်ဟု တညီတညာတည်း ဆုံဖြတ်ထားကြသည်။
မိဘဆွေမျိုး သားချင်းများက သမားတော်များနှင့် ---ကြသည်။ ကျွန်ုပ်သည် နောင်စငဲ့ဒေသ အကြောင်းကို အမြွက် ပင် မပြောတော့သောအခါမှ ကျွန်ုပ်၏ ဟဒယနှင့် ကြည်လင်ကောင်းမွန်လာသည်ဟု ယူဆကြ၏။

ကျွန်ုပ်အား စစ်မှုထမ်းအဖြစ်မှ ပယ်ဖျက်ပြီးဖြစ်၍ မိဘနှင့် အတူနေထိုင်ကာ ရိုးရာအလုပ်ဖြစ်သော လယ်ယာ မြေကျင်လည်ရသော်လည်း နန့်မထေ့တို့ မောင်နှမနှင့် ဘုရင်မ လွမ်းဆွတ်တမ်းတသောစိတ်ကို ပယ်ဖျောက် ၍ မရနိုင်ချေ။

မိဘ များ ထိမ်းမြားပေးသော အမျိုးတူ သတို့သမီးစုံဖက်၍ သား မောင်စောမှုံကို ဖွားမြင်သောအခါ ငါ၏ သားစဉ် မြေးဆက်များသည် ဤအကြောင်းကို သိကောင်းသည်။
ကံကောင်း ထောက်မလျှင် ဗုဒ္ဓဆေးပင်နှင့် မြဘုရားကို ရှာဖွေဖူးမြော်နိုင်ပါစေ ဟူသော အကြံဖြစ် ပေးလာ သည့် အလျောက် ကျွန်ုပ် တတ်မြောက်ခဲ့သော နောင်စငဲ့ဘာသာစာပေကို သား မောင်စောမှုံအား ဂရုတစိုက် သင်ကြားပေးကာ ဤအတ္ထုပ္ပတ္တိကို ပေစာအဖြစ် မှတ်တမ်းတင်ခဲ့ပါသတည်း။ ပေစာကို ရေးသား ပြီးဆုံးသော နေ့ကား သက္ကရာဇ် ၁၃၀၀ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက်နေ့ဖြစ်သတည်း။

တပ်မှူးဟောင်း
မောင်ဗလ
---------------
အခန်း (၇)

ခေါင်းချင်းဆိုင်ကာ ဖတ်နေသော ပေစာများ ဆုံးလျှင် ကိုမျိုးခိုင်နှင့် ကိုစောအောင်တို့ ပြိုင်တူပင် တစ် ယောက် မျက်နှာ တစ်ယောက် လှည့်ကြည့်လိုက်ကြ၏။
" ညီလေး ... ဘယ်လိုသဘောရသလဲ "
ကိုမျိုးခိုင်က ပေစာများကို ကျွန်းသေတ္တာငယ်အတွင်း ဂရုတစိုက် ပြန်လည်ထည့်သွင်းနေရင်း မေးလိုက်၏။

" နောင်စငဲ့ ဘာသာစကားနဲ့စာကို အဖေသင်ထားလို့ ကျွန်တော် ကောင်းကောင်း တတ်ပြီးသားပါ အစ်ကို၊ ဒီလို ထူးဆန်းတဲ့ နေရာဒေသ၊ အရာဝတ္ထုကို စွန့်စားသွားပြီး ကြည့်လိုဆောင်ကျဉ်းလိုပေမယ့် အဖေတစ် ယောက်တည်း ထားခဲ့ရမှာ နောက်ကြောင်း မအေးတော့ ဘယ်လိုစီစဉ်ရမယ်မသိဘူး ... "
ကိုစောအောင် က စွန့်စားသွားလိုပါသော်လည်း ဖခင်ကြီးကို ထားရမှာ စိတ်မချသဖြင့် ဝေခွဲမရသောအသံဖြင့် ဖြေလိုက်သည်။

" ညီလေးက တကယ်သွားချင်တဲ့စိတ်ရှိလား ... "
ပေစာများထည့်ထားပြီးသော ကျွန်းသေတ္တာငယ်ကို ကိုမျိုးခိုင်က လက်တစ်ကမ်းမျှ ဘေးသို့ရွှေ့ထားလိုက် ပြီး မေးလိုက်၏။
" သွားချင်တာပေါ့အစ်ကို၊ ဒီနောင်စငဲ့ဒေသက ဇွဲကပင် တောင်ကြောအဆုံး ထိုင်းနယ်စပ်နားအရောက်မှာ ရှိလိမ့်မယ် လို့ ပေစာအညွှန်းအရ မှန်းမိနေပြီ၊ တောင်တန်းပုံသဏ္ဍာန် ထူးခြားပုံကလဲ ပေစာမှာ ရှင်းရှင်း လင်းလင်း ဖော်ပြနေပြီ၊ ရှာဖို့ရာ သိပ်မခဲယဉ်းဘူးလို့ ယူဆတဲ့နေရာမှာ တန်ဖိုးဖြတ်မရအောင် တန်ခိုးအာနိ သင်ရှိတဲ့ ဆေးပင်တွေကို မယူဆောင်ချင်တဲ့ ရှိပါ့မလားအစ်ကိုရဲ့၊ ခရီးအသွားအလာမှာ စမ်းတ၀ါးဝါး မဖြစ် ရအောင် လမ်းစဉ်ကို အဖေကောင်းကောင်း ပြောနိုင်တာပဲ .... "

ကိုစောအောင်က စိတ်အားထက်သန်စွာ ပြောလိုက်သည်။ ကိုမျိုးခိုင်သည် အတန်ငယ်ကြာမျှ စဉ်းစားသလို ငြိမ်နေပြီးမှ ...
" ညီလေး ... "
ဟု လေးနက်တည်ငြိမ်သောအသံဖြင့် ခေါ်လိုက်၏။
" အစ်ကို "
 ကိုစောအောင်က ထူးလိုက်သည်။
" မြသေလာတောင်ကို ညီလေး သွားချင်တဲ့စိတ် ထက်သန်ရဲ့လား ... "
" စိတ်ကတော့ သိပ်ထက်သန်တယ်၊ အစ်ကိုရယ်....၊ အဖေ့ ကြောင့် ... "
ကိုစောအောင်က အဖြေကို တစ်ပိုင်းတစ်စနှင့်ရပ်ကာ မြသေလာတောင်ကို တွေးသလို ငေးနေသည်။

" ညီလေးသွားနိုင်အောင် အစ်ကို ကြိုးစားမယ်လေ၊ ဖြစ်နိုင်ကောင်းပါရဲ့လို့ မျှော်လင့်ရတာပဲ ... "
" အစ်ကို ဘယ်လိုကူညီနိုင်မလဲ၊ ကျွန်တော်နဲ့ အတူသွားဖို့ ကြံစည်ထားသလား ... "
" နေဦးလေ ညီလေးရဲ့၊ အစ်ကို ကြိုးစားချက် အဆင်မပြေ၊ အပြေကို အတတ်မပြောနိုငသေးဘူး၊ ဘာကြောင့်လဲဆိုတော့ အစ်ကို အိမ်က ထွက်ခွာလာတာ တစ်လကျော်နေပြီမို့ အစ်ကို့ နေရပ် ရန်ကုန်ကို ခဏ ပြန်လိုက်ဦးမယ်၊ စီစဉ်စရာရှိတာကလေးတွေ စီစဉ်ပြီး အစ်ကို ပြန်လာခဲ့မယ်လေ၊ အားလုံး အဆင်ပြေ တယ်ဆိုရင် ညီလေးနဲ့အစ်ကို မြသေလာတောင်ကို အတူတူသွားကြတာပေါ့ ဟုတ်လားညီလေး၊ အစ်ကို ပြန်မလာမချင်းတော့ ညီလေးသဘောနဲ့ တစ်ယောက်တည်း ထွက်မသွားနှင့်နဲ့နော် ... "
ကိုမျိုးခိုင်က ခရီးထွက်အံ့ဆဲဆဲ အစ်ကိုကြီးက ကျန်ရစ်သူ ညီလေးအား မှာကြားသလို မှာကြားနေသည်။

" အစ်ကို ပြန်လာတဲ့အထိ စောင့်ပါ့မယ်အစ်ကို၊ ဒါပေမယ့် အဖေတစ်ယောက်တည်း ကျန်ရစ်မှာဆိုတော့ ကျွန်တော်သွားဖြစ်မှာ မဟုတ်ပါဘူး "
" အစ်ကို သိပါတယ် ညီလေးရာ၊ ကြိုးစားပါမယ်လေ၊ အစ်ကိုမှာတဲ့အတိုင်းသာ စောင့်နေနော် "
" ဟုတ်ကဲ့ ... အစ်ကို "
" ကဲ ... ဒါဖြင့် အစ်ကို သွားလိုက်ဦးမယ်နော်၊ နက်ဖြန်ဆို အစ်ကို ရန်ကုန်ပြန်ပြီး ဖြစ်နိုင်အောင် အမြန်ဆုံး စီစဉ်ပြီး ပြန်လာခဲ့မယ်နော် ညီလေး "
ကိုမျိုးခိုင်က မှာကြားနှုတ်ဆက်ကာ ထိုင်ရာမှ ထလိုက်သည်။ ကိုစောအောင်ကလည်း ထလိုက်၏။ နှစ် ယောက်သား အိမ်ပေါ်မှ ဆင်းလာကာ ဦးစောခိုင်ရှိရာ မင်းဂွတ်ပင်ကြီးအောက်သို့ လာခဲ့ကြ၏။

ဦးစောခိုင်က အေးမြသော မင်းဂွတ်ပင် အရိပ်အောက် ကွပ်ပျစ်ပေါ်မှာ လဲလျောင်းကာ ပုတီးစိပ်လျက် ရှိနေ သည်။
" ကျွန်တော် ပြန်လိုက်ဦးမယ် အဘ "
ကိုမျိုးခိုင်က ရိုသေစွာ နှုတ်ဆက်လိုက်သည်။
" အေး ... အေး ...
ဦးစောခိုင်က ထိုမျှသာပြောပြီး ပုတီးစိပ်မြဲစိပ်နေသည်။

" သွားမယ်နော် ညီလေး၊ အစ်ကိုမှာတဲ့ အတိုင်းသာ ဖြစ်ပါစေ "
ကိုမျိုးခိုင်က ကိုစောအောင်အား နှုတ်ဆက်လိုက်၏။
ဟုတ်ကဲ့ အစ်ကို၊ ကျွန်တော့်အတွက် စိတ်ချပါ "
ကိုစောအောင်က ပြန်လည် နှုတ်ဆက်ပြီးသော အခါ၌ ကိုမျိုးခိုင်သည် ခြေလှမ်းသွက်သွက်နှင့် လွတ်ခွာသွားလေသည်။
" ဘာအကြောင်းကိစ္စများလဲ သားရဲ့ "
ကိုမျိုးခိုင်နှင့် ကိုစောအောင်တို့ နှုတ်ဆက်သည့် စကားကို ဦးစောခိုင်က နားမလည်သဖြင့် မေးလိုက်၏။

" မြသေလာတောင်ကို သွားလိုတဲ့ ဆန္ဒ၊ ကျွန်တော်တို့ နှစ်ယောက်စလုံး တူညီနေပါတယ် အဖေ၊ တဖေ တစ်ယောက်တည်း ထားခဲ့ရမှာ စိတ်မချဘူးပြောလို့ သူရန်ကုန်ပြန်ပြီးဖြစ်နိုင်အောင် စီစဉ်မယ်တဲ့၊ သူမလာခင် တစ်ယောက်တည်းမသွားနှင့်နဲ့လို့ မှာတာပါ "
" သြော် ... သားက သူ့ကို အဖော်ပြုသွားမယ်လို့လား "
ဦးစောခိုင်က လဲလျောင်းရာမှ ထထိုင်ပြီး မေးလိုက်၏။

" ဟုတ်ပါတယ် အဖေ "
" အေး ... အဖေကတော့ ကိုယ့်ကျေးဇူးခံတစ်ယောက်ကို ယုံကြည်အဖော်ပြုမိလို့ အခုလို အဖြစ်မျိုးဖြစ်ခဲ့ရ ပြီး၊ အခု သားကလဲ ကိုယ့်ကျေးဇူးခံ တစ်ယောက်ကို အဖော်ပြုပြန်ပြီလားကွယ် "
ဦးစောခိုင်က စိတ်မကောင်းသံဖြင့် တားမြစ်လိုသောဆန္ဓကို မသိမသာဖော်ပြလိုက်၏။ ကိုစောအောင်က ဖခင် စိတ်ချမ်းသာစေရန် ကြည်ကြည်လင်လင် ပြုံးပြီး ...

" ကျွန်တော် အားခွန်ဗလကိုလဲ သူသိပြီးသားပါ အဖေ၊ ကျွန်တော် ကျွမ်းကျင်တဲ့ သိုင်းပညာက လူသုံးယောက် လောက် ကို ကောင်းကောင်းခုခံနိုင်ပါတယ် နောက်ပြီး အဖေလို့ ကျွန်တော်က အမှတ်မဲ့ မသွား ပါဘူး၊ အမြဲသတိရှိနေမှာပါ၊ ဒါပေမယ့် အဖေစိမကောင်းတော့ မဖြစ်ပါနဲ့လေ၊ သူရန်ကုန်က ပြန်လာတဲ့အခါ အခြေအနေ ကြည့်သေးတာပေါ့၊ ကျွန်တော် သွားသင့်မှ သွားပါ့မယ် "
ဟု ရေလည်စွာ ပြောဆို ရှင်းလင်းပြလိုက်၏။
" အေး ... အေး၊ သတိနဲ့ယှဉ်ပြီး စဉ်းစားဆုံးဖြတ်ပေါ့ သား ရယ် ... "
ဦးစောခိုင် က စိတ်မချသလို ပြောလိုက်၏။
" ဟုတ်ကဲ့ အဖေ ... "
-------------------

ဆက်ရန်
.

1 comment:

mstint said...

ဗားလားအတွက် နန့်မထေ့နဲ့ စောဝေဖော်တို့ အသက်ဘေးက လွတ်ကြသလားလို့ စိုးရိမ်မိသား။
ဦးစောခိုင်ရဲ့ ကိုယ်တွေ့ဒုက္ခကို သိရက်နဲ့ သားတော်မောင် ကိုစောအောင်တစ်ယောက် ဒီခရီးကို သွားဖို့အတွက် စိတ်ထက်သန်နေပြန်ပြီနော်။
စိတ်ရှည်စွာ မျှဝေပေးတဲ့အတွက် ကျေးဇူးပါညီမရေ။

မေတ္တာဖြင့်
အန်တီတင့်