အခန်း (၂၀)
နောက်တစ်ပတ်တွင် ကျောင်းကို လေ့လာဖို့ သတင်းစာတိုက်တစ်တိုက်မှ သတင်းထောက်များ ရောက်လာ ကြ၏။ ဆရာကြီးအတွက် အခွင့်အရေးကောင်း တစ်ရပ်ပင်။ သူ့ကျောင်းကို သားပုပ်လေလွင့် ဝေဖန်နေကြ သူများအား သတင်းစာမှ ကျယ်ကျယ်ပြန့်ပြန့် ချေပခွင့် ရတော့မည်။
သတင်းထောက်များ ရောက်မလာခင် တစ်ရက်တွင် ဆရာကြီးက ဆရာအားလုံးနှင့် တွေ့ဆုံဆွေးနွေးသည်။ ဆရာများ၏ လက်တွဲကူညီမှုကို သတင်းထောက်များက ရယူလိုကြောင်း ပြောသည်။ ဆရာကြီး၏ အစီအစဉ် တွေမှာ စိတ်ဝင်စားစရာ ကောင်းလှ၍ ကျွန်တော်တို့အားလုံးက လိုအပ်သမျှ ကူညီပါမည့် အကြောင်း တညီ တညွှတ် တည်း သဘောတူကြသည်။
ကျောင်းသူကျောင်းသားများ၏ ပုံမှန်လှုပ်ရှားမှုကို ဓာတ်ပုံရိုက်မည့် အစီအစဉ်ပါသည်။ ကလေးတွေကို ကြို တင် ပြောမထားဖို့ ဆုံးဖြတ်လိုက်ကြ၏။
မနက် ၁၀ နာရီတွင် သတင်းထောက်တွေ ရောက်လာကြသည်။ ရိုးရိုး သတင်းထောက် တစ်ယောက်နှင့် ဓာတ်ပုံ သတင်းထောက် နှစ်ယောက်။ ရောက်မဆိုက် တစ်ကျောင်းလုံး နေရာအနှံ့ တဖျတ်ဖျတ် ဓာတ်ပုံ ရိုက်ကြတော့၏ ကျောင်းသူ ကျောင်းသားတွေ အံ့အားသင့်ကာ ရင်တွေ ခုန်နေကြ၏။
ကျွန်တော့် အတန်းသားတွေ လည်ပင်းတဆန့်ဆန့် ဖြစ်နေကြသည်။ သူတို့တစ်တွေ ဓာတ်ပုံ အရိုက်ခံချင် လှပြီ။ မနက်ပိုင်းမှာပင် ဆရာကြီးက ကျွန်တော့်ကို အခေါ်လွှတ်လိုက်သည်။ ဆရာကြီးက သူ့အခန်းထဲတွင် လက်ဖက်ရည် ထိုင်သောက်နောကသည့် သတင်းထောက်များနှင့် မိတ်ဆက်ပေးပြီး -
" သတင်းထောက်တွေက ဆရာနဲ့ ခဏ စကားပြောချင်လို့တဲ့ ဆရာ "
ကျွန်တော် ထိုင်ချလိုက်သည်နှင့် သတင်းထောက်တစ်ယောက်က စကားစ၏။
" ဒီကျောင်းမှာ ဆရာရှိတဲ့အကြောင်း ဆရာကြီးက ပြောတော့ ဆရာနဲ့ ဆရာ့အတန်းသားတွေကို ဓာတ်ပုံရိုက် ဖို့ ကျွန်တော်တို့ စိတ်ကူးရလာတယ်။ အထူးသတင်းဓာတ်ပုံ ဆိုပါတော့ ဆရာ၊ ဒီကျောင်းမှာ ဒီမိုကရေစီ ရှိတယ် ဆိုတာရယ်၊ အဆင့်အတန်း မခွဲဘူး ဆိုတာရယ်ကို စံနမူနာ ပြရာလည်း ရောက်သွား တာပေါ့ "
သတင်းထောက် ဆိုသူကို ကျွန်တော် အကဲခတ်ကြည့်လိုက်သည်။ ဒီမိုကရေစီတဲ့၊ အဆင့်အတန်း မခွဲဘူး တဲ့။ သူပြောပုံကို ကျွန်တော် လုံးဝ မကြိုက်နိုင်ပါ။ မထင်ဘဲနှင့် ကျွန်တော့် လေသံ မာသွားသည်။
" ဘာအတွက်လဲဗျ၊ အကျိုးအမြတ်က ဘာလဲ "
" အင်း ... အနည်းဆုံး ဗြိတိန်မှာ အသားရောင်ခွဲခြားမှု မရှိဘူးဆို တာတော့ ပြနိုင်တာပေါ့ဗျာ "
" ၀မ်းနည်းပါတယ်၊ ဒီမယ် ကိုယ့်လူ ... ကျုပ် ဒီကျောင်းက ကျောင်းဆရာ တစ်ယောက်၊ ဒါထက် ဘာမှ မပိုဘူး၊ ကျုပ်ကို ပညာရေးဌာနက အသားမည်းလို့ ဒီအလုပ် ပေးထားတာ မဟုတ်ဘူး။ ဒါကြောင့် ဘယ်ဝါဒ ဖြန့်မှုမျိုးရဲ့ " ဟန်ပြ " အဖြစ်မှ ကျုပ်ကိုယ်ကျုပ် အသုံးချမခံနိုင်ဘူး။ အထူး သဖြင့် ခင်ဗျားပြောတဲ့ ၀ါဒဖြန့်မှု မျိုးကို ပိုပြီး မခံနိုင်သေးတယ် "
ကျွန်တော့်လေသံ ပြင်းထန်လွန်းသွားသည် ထင်၏။ သူတို့တစ်တွေ ကျွန်တော့်ကို တအံ့တသြ ကြည့်နေ ကြသည်။ ဆရာကြီးက ကျွန်တော့်ဘက် လှည့်ပြီး -
" ဒီကိစ္စကို ဆရာ စိတ်ကူးရတာပါ ဆရာဘရိတ်ဝိတ်၊ ဂရင်းစလိတ်က ဆရာတွေထဲမှာ ဆရာဘရိတ်ဝိတ် ပါ နေကြောင်း သတင်းစာဖတ် ပရိသတ် သိသွားရင် ကျောင်းအတွက် ပိုအကျိုးရှိမလားလို့လေ။ အင်္ဂလန်မှာ နီဂရိုးကျောင်းဆရာတွေ အများကြီး ရှိပါတယ်။ ဆရာဘရိတ်ဝိတ်ကို ကျုပ်တို့ရတာ သိပ်ကံကောင်းပါတယ်၊ အဲဒါကို လူအများ သိစေချင်တဲ့ သဘောပါ "
မဖြစ်နိုင်ပါဘူး ဆရာကြီး၊ လူအများ သိအောင်လုပ်တဲ့ ကြော်ငြာ လုပ်ငန်းနဲ့ ကျွန်တော်နဲ့ လုံးလုံး မပတ်သက် ပါဘူး၊ နောက်တစ်ခုက အသားရောင် ခွဲခြားမှု မရှိပါဘူးဆိုတဲ့ ၀ါဒဖြန့်နွံမှာ ကျွန်တော် အနစ်မခံ ပါဘူး။ ကျွန်တော်ဟာ သာမန် ကျောင်းဆရာ တစ်ယောက်ပါ။ ဒါကြောင့် ကျွန်တော် ယုံကြည်တဲ့ လုပ်ငန်း မျိုးက လွဲပြီး ကျွန်တော့်ကိုယ် ကျွန်တော် ကြော်ငြာလုပ်ငန်းမှာ အသုံးချ မခံနိုင်ပါဘူး "
သူတို့အားလုံး စိတ်ပျက်သွားကြပုံရသည်။ သို့သော် ကျန်သည့် အလုပ်တွေကို အရှိန်မပျက် ဆက်လုပ်ကြပါ သည်။ ကလေးတွေ နေ့လယ်စာ စားနေကြပုံ၊ စာသင်နေကြပုံ။ ကစားနေကြပုံတွေနှင့် အကလေ့ကျင့်ခန်းကို ရိုက်ယူ သွားကြသည်။
ဆရာဘဲလ် ကျောင်းသား တစ်သိုက်နှင့် ပီတီလေ့ကျင့်ခန်း လုပ်နေသည်ကို အမျိုးမျိုး ရိုက်ယူနေသည်။ သူတို့ပုံ သတင်းစာထဲ ပါမည်ဆို၍ ကျောင်းသားတွေ တက်ကြွနေကြ၏။ ပုံပါလာလျှင် မိဘတွေ၊ သူငယ်ချင်း တွေကို ကြွားလိုက်မည် ဟူ၍။ ကျောင်းသားငယ်များက ကျောင်းသားကြီးများကို အားကျနေကြသည်။
နောက် တနင်္လာနေ့ ဂရင်းစလိတ်အကြောင်း ဓာတ်ပုံသတင်းပါလာသည်။ ဤသည်မှာ သတင်းစာ မဟုတ်၊ အတင်းစာဟု ကျွန်တော် အမည်ပေးလိုက်၏။ ဓာတ်ပုံ သုံးပုံသာ ပါလာ၏။ သတင်းကလည်း တိုတိုကလေး။ ပြီးတော့ သတင်းမှန်များ မဟုတ်။ မလိုတမာ ရေးသည့် သတင်းများသာ ဖြစ်၏။
ပုံတစ်ပုံမှာ ဆံပင်ဖြူဖြူ ခါးကုန်းကုန်းနှင့် ပုပုသေးသေး ကျောင်းအုပ်ဆရာကြီး မစ္စတာ ဖလောရင့်သည် အရပ် မြင့်မြင့် ကျောင်းသူကလေးတစ်ယောက်နှင့် တွဲကနေ၏။ မြင်ကွင်းမှာ ရယ်စရာ အတိဖြစ်နေ၏။ အပေါစား ဆန်လှသည်။ ကျက်သရေ မဲ့လှသည်။
နောက်တစ်ပုံမှာ စီးကရက်ကို နှုတ်ခမ်းတွင် မထိတထိခဲကာ ကင်မရာကို မထီမဲ့မြင် ကြည့်နေသည့် ကျောင်း သားတချို့။ နောက်တစ်ပုံက ထမင်းစားခန်းထဲတွင် ၀ရုန်းသုန်းကား စားသောက်နေကြသည့် ကလေးတစ် သိုက်။ သတင်းစာကို ကြည့်ပြီး ကျွန်တော် အော့နှလုံးနာလာသည်။
ကျောင်းရောက်တော့ ဆရာအားလုံး ကျွန်တော့်နည်းတူ ဒေါပွနေကြ၏။ သူတို့ ကျောင်းကို သက်သက် အပုပ်ချသွားသော သတင်းစာတိုက်ကို အခဲမကျေ ဖြစ်နေကြ၏။ မစ္စက်ဒရူးက သည်ကိစ္စ ဆွေးနွေးဖို့ မနက် ပိုင်းတွင် ဆရာကြီး အစည်းအဝေး ခေါ်မည်ဖြစ်ကြောင်း ပြောပြသည်။
ကျောင်းသူ ကျောင်းသားများကမူ သူတို့ပုံတွေ ပါလာသဖြင့် သဘောကျနေကြ၏။ စင်စစ် ကျောင်းသား တချို့ ဆေးလိပ်ခိုးသောက်ကြခြင်းဖြစ်ပါသည်။ သို့သော် ပုံထဲတွင် ပေါ်နေသည်က ဆေးလိပ်သောက်ခွင့်ကို ကျောင်းက တရားဝင် ခွင့်ပြုထားသည့် အလား။
ဆရာဘကီးသည် သတင်းစာပါ သတင်းများကြောင့် များစွာ စိတ်အနှောင့်အယှက် ဖြစ်လျက် ရှိသည်။ ဆရာ ဆရာမ အားလုံးလည်း ကိုယ့်အသား ထိသလို နာနေကြ၏။ ဆရာကြီး စကား စသည်။
" သတင်းစာတိုက်နဲ့ ဆရာ နားလည်မှုယူထားတာက တစ်မျိုး၊ ဆရာတို့ ကျောင်းရဲ့ ဆောင်ရွက်ချက်အားလုံး၊ လှုပ်ရှားမှု အားလုံးကို ပြည့်ပြည့်စုံစုံ သတင်းပေးချင်ပါတယ်ဆိုလို့ ဆရာ ခွင့်ပြု လိုက်တာ။ သူတို့ကို ဆရာ ယုံမိလိုက်တယ်၊ ကျောင်းရဲ့ စီမံချက်တွေကိုတောင် သူတို့ သတင်းရေးရလွယ် အောင် ဆရာ ရေးပေးလိုက် သေးတယ်။
" ခုတော့ ရှင်းနေပြီ၊ ဆရာတို့ကို သက်သက် အပုပ်ချဖို့ ကြိုတင်ပြင်ဆင်ပြီး လာတာကိုး၊ ခုလောက်ဆို ကင် မရာကို ညာလို့မရဘူး ဆိုပြီး သူတို့ ပါးစပ်သတင်း ထပ်လွှင့်နေလောက်ပြီ၊ ဘာပြုလို့များ ဆရာ့ကို တိုက်ရိုက် ထိခိုက်အောင် သူတို့လုပ်ကြသလဲ မသိဘူး "
" ဖြစ်သွားရတဲ့ ကိစ္စကတော့ လုံးဝ အဓိပ္ပာယ် မရှိပါဘူး "
ဆရာ ၀က်စတန်က သူကိုယ်တိုင် တက်တက်ကြွကြွ ပါဝင်ခဲ့သည်ကို မေ့သွားပြီး ဝေဖန်သည်။
" ဆရာ ၀က်စတန် ပြောတာ မှန်ပါတယ်။ အားလုံး ကျုပ်တာဝန်ပါ။ ကျုပ် ညံ့လို့ ဖြစ်ရတာပါ "
ဆရာကြီးက ၀န်ခံသည်။
" တော်စမ်းပါ ဆရာ ၀က်စတန်၊ ဟိုနေ့ကတော့ ရှင်ပဲ တက်တက် ကြွကြွပါခဲ့တာ မဟုတ်လား "
ဆရာမ ကလင်တီက ၀င်ဟောက်သည်။ ဆရာကြီးက စကားဆက်သည်။
" ဆရာဝက်စတန် အနေနဲ့ အားလုံးပြီးမှ ဝေဖန်တာတော့ မကောင်းဘူးပေါ့၊ လုပ်တုန်းက ကျုပ်တို့အားလုံး ပါခဲ့တာပဲ၊ လုံးဝ မပါဘဲ ဖယ်နေတာက ဆရာ ဘရိတ်ဝိတ် တစ်ယောက်ပဲ ရှိတယ် "
" ကျန်တဲ့ပုံတွေ သူတို့ ဘာလုပ်ကြမယ် မသိဘူး ဆရာကြီး။ ကျွန်မမှာဖြင့် အပေါ်ထပ်မှာ ကလေးမ တစ်သိုက်နဲ့ ကြိုးကြိုးစားစား ပြင်လိုက်ဆင်လိုက်ရတာ "
ဆရာမ ဂရေ့စ် အီဗန်က ညည်းညည်းညူညူ ပြောသည်။
" မပူပါနဲ့ ဆရာမ၊ မထူးခြားတဲ့ ပုံတွေ သူတို့ သုံးမှာ မဟုတ်ပါဘူး။ ရိုးရိုးတန်းတန်း ကျောင်းသူ ကျောင်းသား တွေ ပုံမှန် လှုပ်ရှားနေတာ သူတို့အတွက် သတင်းမဟုတ်ဘူးလေ။ သူတို့ လိုချင်တာက ဒီ ကျောင်းဟာ ဆိုးသွမ်း လူငယ် မွေးမြူရေးစခန်း၊ ဒီကျောင်းထဲမှာ မြင်မြင်သမျှဟာ စည်းမဲ့ ကမ်းမဲ့ ဖြစ်ချင်တိုင်း ဖြစ်နေတယ် ဆိုတဲ့ မြင်ကွင်းမျိုး "
" ဆရာက ဒီအစီအစဉ်မှာ ဘာကြောင့် မပါတာပါလဲ "
မစ္စဖီးလစ်က ကျွန်တော့်ကို လှမ်းမေးသည်။
" ဘာ့ကြောင့်ရယ်လို့ မဟုတ်ပါဘူး၊ ထူးထူးဆန်းဆန်း အလုပ်ကို ကျွန်တော် မလုပ်ချင်လို့ပါ "
" နို့ ခင်ဗျားက ထူးထူးဆန်းဆန်း မဟုတ်ဘူးလား၊ အင်္ဂလန်မှာ လူမည်းဆရာ ဘယ်နှယောက် ရှိလို့လဲ "
ဝက်စတန်က ဒက်ခနဲ ၀င်ထောက်ပြန်သည်။ သူ ပြောတာ မှန်ပါသည်။
" ဒီမယ် ဆရာ ၀က်စတန်၊ ကျုပ် ပြောမယ်။ ကျုပ်ကို လူထူးလူဆန်းလို့ ထင်နေတဲ့လူတွေ ရှိချင်ရှိမယ်။ ကျုပ်က လူမည်း ဖြစ်နေတဲ့အတွက် သိမ်ငယ်နေတယ်လို့ တင်တဲ့လူတွေ ရှိချင်ရှိမယ်။ အဲဒီလူတွေဟာ ငတုံးတွေ၊ လူ့အန္ဓတွေချည်းပဲ။ ကျုပ်က စာသင်နေတဲ့ ကျောင်းဆရာပဲ၊ ဘာထူးဆန်းစရာရှိလဲ။
" သတင်းထောက်က ကျုပ်ကို လူဖြူကလေးတစ်သိုက်နဲ့ ဓာတ်ပုံတွဲရိုက်ပြီး အထူးအဆန်း လုပ်ပြချင်တယ်။ ကျုပ် ကျောင်းသားတွေအတွက် ကျုပ် ဘာလုပ်နေတယ်။ ဘယ်လို စေတနာထားတယ်ဆိုတာ ပြချင်လို့ မဟုတ်ဘူး၊ ဒီတစ်ချည်တည်းနဲ့ ကျုပ် ပယ်ချလိုက်တာ "
ကလင်တီက ထုံးစံအတိုင်း ၀က်စတန်ကို ၀င်ကလိသည်။
" သိပ်အားမလျှော့ပါနဲ့ ရာဝက်စတန်ရယ်၊ တစ်နေ့နေ့ ရှင့် အကြောင်း ကမ္ဘာ့သတင်းမှာ ပါလာ နိုင်ပါသေး တယ်
" ပါလာရင်လည်း ကျွန်တော့်ပုံက သိပ်ရယ်စရာ ဖြစ်နေမယ် မထင်ပါဘူး "
ဝက်စန်က အဘိုးကြီးကို လှည့်ခတ်ပြန်သည်။ ကလင်တီက ထုံးစံအတိုင်း ခပ်ဆတ်ဆတ်ကလေး နှုတ်ပိတ်ပေးလိုက်မှ ၀က်စတန် ငြိမ်ကျသွားသည်။
" ရှင့်ကို အကသင်တန်းမှာတော့ ဘယ်လိုမှ ဓာတ်ပုံရိုက်လို့ ရမှာ မဟုတ်ပါဘူး၊ တစ်ကွက်မှ မှ မကတတ်တာ"
ဂျီလီယံက ဆရာများ အစည်းအဝေးကို ဘယ်တော့မှ စိတ်မ၀င်စား။ ၀င်ရောက် ဆွေးနွေးခြင်းလည်း မရှိ။ ခုလို သူ ၀င်ဆွေးနွေးတော့ သူ့ကို အားလုံး ၀ိုင်းကြည့်နေကြသည်။
" ကျွန်မ သတင်းစာတိုက် အကြောင်းကို နည်းနည်းပါးပါး သိပါယ်။ အဲဒါကြောင့် ၀င်ဆွေးနွေးတာပါ။ ဆရာတို့အားလုံး သတင်းထောက်တွေကို ချည်းမဲနေကြတာ၊ ဒါပေမဲ့ တကယ့်အဓိကက သူတို့တစ်တွေ မဟုတ်ဘူး၊ အယ်ဒီတာပဲ။ ဓာတ်ပုံကိုရော၊ သတင်းကိုရော အယ်ဒိတာက အဆုံးအဖြတ် ပေးတာ၊ ဒီကျောင်း ကိုလည်း အယ်ဒီတာက လွှတ်လိုက်လို့ သူတို့လာကြရတာ၊ ကျွန်မ သိသလောက် ဒီကျောင်းဟာ တချို့ ရပ်ကွက် တွေမှာ ခဏခဏ ဝေဖန်ခံနေရတယ်၊ တစ်ခါတလေ ဘယ်လောက် ပြင်းထန်လဲဆိုတာ ဆရာတို့ ကြားရင် လန့်သွားမယ်၊ ဒါပေမဲ့ အဲဒီ ဝေဖန်နေတဲ့ ရပ်ကွက်တွေမှာပဲ နောက်တစ်နေ့ကျရင် အဲဒီအကြောင်း မေ့သွားရော " ဒီတော့မှ ဆရာကြီး ပြုံးနိုင်သည်။
" ကျေးဇူးတင်ပါတယ် မစ္စဘလင်းချဒ်"
စိတ်ညစ်ညူးဖယ် အကြောင်းအရာတို့ဖြင့် လေးလံနေသည့် အခန်းထဲတွင် ချက်ချင်း ပေါ့ပါး ရွှင်ပျသွားသည်။
ခရစ္စမတ်အတွက် ဘယ်လို စီစဉ်ရမလဲ ဆရာကြီး "
တစ်ယောက် စမေးလိုက်သည်နှင့် တခြား ဆွေးနွေးစရာ ကိစ္စတွေ ဆက်တိုက် ၀င်လာတော့သည်။ ဒီဇင်ဘာလ ၆ ရက်နေ့တွင် ဆီးလ် ကျောင်းပျက်သဖြင့် ကျောင်းခေါ်ကြိမ်မှတ်ပုံတင်တွင် ကျွန်တော် ရက် ပျက်မှတ်လိုက်သည်။ အားလပ်ချိန် ပေးခါနီးဆဲဆဲတွင်မှ အခန်းထဲသို့ ဆီးလ် ကတိုက်ကရိုက် ၀င်လာပြီး -
" ကျွန်တော့်ကို ခွင့်လွှတ်ပါ ဆရာ၊ ဒီနေ့မနက် အစောကြီး ကျွန်တော့်အမေ ဆုံးသွားပါတယ်၊ လုပ်စရာရှိတာ တွေ အဖေနဲ့ ၀ိုင်းလုပ်ရတာ ဆရာ "
လူကြီးတစ်ယောက်လို အားတင်းပြီး ပြောနေရာက တဖြည်းဖြည်းနှင့် မျက်နှာကလေး မဲ့လာပြီး ကလေး တစ်ယောက်လို ရှိုက်ကြီးတငင် ငိုတော့သည်။ ကျွန်တော် ချက်ချင်းထပြီး သူ့ကိုတွဲကာ ကျွန်တော့် ကုလား ထိုင်တွင် ထိုင်ခိုင်းလိုက်သည်။ သည်တော့မှ လက်ဝါးနှစ်ဖက်ပေါ်သို့ မျက်နှာမှောက်ချပြီး သည်းထန်စွာ ငို ကြွေးတော့၏။
ဝမ်းနည်းစရာ သတင်းကို တစ်တန်းလုံး ကြားအောင် ကျွန်တော် ပြောလိုက်သည်။ အားလုံး အထိတ်တလန့် နှင့် ငြိမ်သက်စွာ နားထောင်နေကြသည်။ သူတို့တစ်တွေ၏ နုနယ်သည့် နှလုံးသားတွင် ပြင်းထန်စွာ လှုပ် ခတ် သွား ပုံရသည်။ ဆီးလ်နှင့်အတူ လိုက်ငိုကြတော့၏။
ဆီးလ်ကို ကျွန်တော် နှစ်သိမ့်ချော့မော့ပြီး ပြန်ပို့ပေးလိုက်သည်။ ပြီးမှ ဆရာကြီးထံ အကျိုးအကြောင်းကို သတင်းပို့လိုက်သည်။
ကျောင်းချိန် ပြန်စလို့ သမိုင်းသင်မည့် ဆဲဆဲတွင် ဘာဘရာပက် မတ်တတ်ထရပ်သည်။ အတန်းထဲတွင် ပိုက်ဆံကောက်ပြီး ဆီးလ်အိမ်သို့ ပန်းခွေတစ်ခွေ ၀ယ်ပို့ဖို့ တိုင်ပင်ထားကြောင်း ကျွန်တော့်ကို ပြောပြသည်။ ကောင်းသည့် အစီအစဉ် ဖြစ်ကြောင်း၊ ကျွန်တော်ပါ ထည့်မည့်အကြောင်း ပြောပြီး ဆက်လုပ်ခိုင်းလိုက်သည်။
စနေနေ့တွင် အသုဘ ပို့မည်ဟု သိရသည်။ သောကြာနေ့တွင် ဘာဘရာ ကောက်သည့်ငွေမှာ နှစ်ပေါင်ထိ ရရှိခဲ့သည်။ နံနက် စုဝေးပွဲအပြီးတွင် ပန်းခွေဝယ်ရေးအတွက် တိုင်ပင်ကြသည်။ အားလုံး သဘောတူညီမှု ရရှိပြီးသည်နှင့် ကျွန်တော်က မေးလိုက်သည်။
" ပန်းခွေကို မင်းတို့ထဲက ဘယ်သူ သွားပို့မလဲ "
တစ်တန်းလုံး တိတ်ဆိတ်သွားကြသည်။ သူတို့မျက်နှာကို ရေခဲရည်ဖြင့် ပက်လိုက်သည့် အလား။ စောစော ကစည်းလုံး အားတက်နေသော၊ ရွှင်ပျသွက်လက်နေသော အမူအရာတွေ ရုတ်ခြည်း ပျောက်ကွယ်သွား လေသည်။ ကျွန်တော် ကျောင်းသို့ ရောက်စ နေ့ကလို သံသယမျက်လုံးများ မယုံကြည်သည့် မျက်လုံးများ ဖြင့် ၀ိုင်းကြည့်နေကြသည်။ သူတို့နှင့် ကျွန်တော့်ကြားမှာ ကာဆီးနေသည့် မှန်နံရံကြီးကို ကျွန်တော်က တွန်း ဖယ်ပစ်လိုက်သည့် အလား။ သူတို့နှင့် ကျွန်တော့်အကြားတွင် အခိုင်အခံ့ ကာဆီးထားသည့် မှန်နံရံကြီး။
အလွန် အရုပ်ဆိုးသည့် တဒင်္ဂ ဖြစ်၏။ ကျွန်တော်သည် ရုတ်ခြည်းအပြင်ရောက်သွားသလို ခံစားလိုက်ရ၏။ ရက်ရက်စက်စက် အမုန်းခံလိုက်ရပြီဟု ထင်လိုက်၏။ အပြောင်းအလဲ ဖြစ်သွားပုံမှာ ကြောက်မက်ဖွယ် မြန် ဆန်လှပါကလား။
" မင်းတို့ ဘာဖြစ်သွားကြတာလဲ၊ ပန်းခွေ သွားပို့ဖို့ မေးတာနဲ့ ချက်ချင်း ဘာဖြစ်သွားကြတာလဲ "
ကျွန်တော့်အသံကို ကျွန်တော် အကျယ်ကြီး ပြန်ကြားလိုက်ရ၏။
မွိုင်ရာက မတ်တတ်ရပ်ပြီး -
" ကျွန်မတို့ ယူသွားလို့မဖြစ်ဘူး ဆရာ "
" မင်း ဘာဆိုလိုတာလဲ မစ္စဂျိုးဇက်။ ဘာပြုလို့ မဖြစ်တာလဲ "
မွိုင်ရာက အခန်းထဲမှ မျက်နှာများကို ဝေ့ကြည့်လိုက်သည်။ သူ့ကို ထောက်ခံကြဖို့ တောင်းပန်နေသည့် အလား။
" ကျွန်မတို့ ပန်းခွေသွားပို့ရင် အပြောခံရမယ် ဆရာ။ ဆီးလ်က ... ကပြား ဖြစ်နေတော့ ... "
မွိုင်ရာ ထိုင်ချလိုက်သည်။
အင်း ... ထင်တဲ့အတိုင်းပါပဲ။ ကျွန်တော့်ကိုယ် ကျွန်တော် ချက်ချင်း နုံးခွေသွားသည် ထင်လိုက်၏။ တဒင်္ဂ အတွင်း ကျွန်တော် သူစိမ်းပြင်ပြင် ဖြစ်သွားလေပြီလား။ ရက်ပေါင်းများစွာ။ လပေါင်းများစွာ တည် ဆောက်ခဲ့ သည့် ပျော်စရာ ပေါင်းစည်းမှုသည် သည်စကားလုံးများကြောင့် သဲထဲရေသွန် ဖြစ်သွားလေပြီ။
ကျွန်တော့် သင်ကြားမှုတွေ၊ သည်းခံမှုတွေ၊ စည်းရုံးမှုတွေ ဘာတစ်ခုမျှ အရာမထင်တော့ပါကလား။ သူတို့ တစ်တွေလည်း ဘတ်စ်ကားပေါ်၊ မီးရထားပေါ်က လူတွေလိုပဲ အရေပြားပေါ်က အသားရောင်ကို ကြည့်ကြ သူ ကလေး တွေပါ တကား။
ဆီးလ်သည် သူတို့နှင့် အတူမွေး၊ အတူကြီးခဲ့သည့် တစ်မြေတည်းနေ တစ်ရေတည်းသောက် ကစားဖော် ကစားဖက် ဖြစ်သည်။ ဆီးလ် ၏ အမေသည် ဘိုးစဉ်ဘောင်ဆက်က ဗြိတိသျှ အဖြူသွေးစစ်စစ် ဖြစ်သည်။
ဝေဒနာဟောင်းသည် ကျွန်တော့် ခေါင်းထဲသို့ ကြမ်းတမ်းစွာ ၀င်ရောက်လာပြန်ချေသည်။ အမေ ဘယ်လောက် အဖြူစစ်စစ်၊ အဖြူသွေးတွင် အမည်း အနည်းငယ် ရောလိုက်ရုံဖြင့် ထိုကလေးသည် ဘယ် တော့ မှ အင်္ဂလိပ် မဖြစ်နိုင်တော့ပေ။
သည်ကိစ္စမှာ ရောဂါလို ဖြစ်နေပြီ။ သည်ရောဂါသည် ကျွန်တော် အလွန်ချစ်သည့် သူတို့ကလေးတွေတွင် အမြစ်တွယ် နေခြင်းပင်။ သူတို့ အသားရောင်၊ သူတို့ ဇာစ်မြစ် ဘာမှ မခွဲခြားဘဲ ကျွန်တော် ချစ်ခဲ့သည့် တပည့် တွေ။
သူတို့တစ်တွေ၏ အသိအာရုံကို သည်ကြောက်စရာ ရောဂါပိုးက တိုက်ခိုက် ဖျက်ဆီးခဲ့လေပြီ။ အဖြူ မဟုတ် သူ အင်္ဂလိပ် မဟုတ်သူ မှန်သမျှ အောက်တန်းစားချည်း ဟူသည့် အမြင်ကို အမြစ်တွယ်စေခဲ့လေပြီ။
အခန်းပြင်ဘက်သို့ ကျွန်တော် ထွက်ခဲ့သည်။ ရင်ထဲတွင် နင့်နေအောင် နာလျက်။ တစ်ယောက်ယာက်ကို ရင်ဖွင့်လိုက်ရလျှင် ကောင်းမည်။ သို့သော် မည်သူ့ကို အန်ထုတ်ပြရမည်လဲ။ ကျွန်တော့်ပတ်ဝန်းကျင်တစ်ခု အားလုံး အဖြူတွေချည်း။ ဂျီလီယံလည်း အတူတူ၊ အားလုံး အတူတူ။ သူတို့က ပညာတတ်တွေမို့ ရင်ထဲက ခံစား ချက် ကို ဖုံးကွယ်သိုသိပ်နိုင်ကြသည်ပဲ ကွာသည်။
ကျွန်တော် ဆရာကြီး ရုံးခန်းဆီသို့ ထွက်လာခဲ့သည်။ ဆရာကြီးက ကျွန်တော် ပြောသမျှကို နားထောင် သည်။ သူ့မျက်နှာ တွင် ကရုဏာ အရိပ်အယောင်များကို မြင်နေရ၏။ စင်စစ် ကရုဏာတရား၊ မေတ္တာတရား သည် ဆရာကြီး ၏ ရင်ထဲတွင် အမြဲ ကိန်းဝပ်နေပုံ ရပါသည်။
" ခု အဖြစ်ဟာ ၀မ်းသာစရာပဲ ဆရာ ဘရိတ်ဝိတ်၊ အထူးသဖြင့် ဆရာ့အတွက် ၀မ်းသာစရာ ပိုကောင်းတယ်"
" ဗျာ ... "
" ဒီလိုရှိတယ် ဆရာ၊ ဆရာ ဘရိတ်ဝိတ်အနေနဲ့ လုပ်ရပ်တိုင်းလိုလိုဟာ မြန်မြန်ဆန်ဆန် အောင်မြင်နေတယ်၊ ဒါကြောင့် ဆရာဟာ ဆန္ဒတွေ စောစောလာတယ်။ ဖြစ်စေချင်တာတွေ များလာတယ်။ တကယ်တော့ ဆရာတို့ ကျောင်း ဟာ ကျောင်းစာသက်သက် သင်လွှတ်လိုက်မယ့် ကျောင်းမဟုတ်ဘူး၊ ဆရာတို့ တစ်တွေနဲ့ သူတို့ တစ်တွေ တစ်ယောက်နဲ့ တစ်ယောက် အညမည နေတတ်ဖို့။ အပြန်အလှန် ကူညီတတ်ဖို့တွေပါ သင်ပေးချင် တယ်။ ဒါပေမဲ့ သူတို့အနေနဲ့ မလွယ်ဘူး "
လာပြန်ပြီဟု ကျွန်တော် တွေးလိုက်၏။ ကလေးတွေ လုပ်သမျှ အမြဲတမ်း ထောက်ခံသည့် ဆရာကြီးပါ လား။ ခုလည်း ကြည့်လေ၊ ဒီဆရာကြီး မျက်စိမှိတ်ပြီး ကလေးတွေဘက်က ရပ်တည်နေတာများလား။
" လွယ်တာ မလွယ်တာ ထားပါ ဆရာကြီး၊ ခုကိစ္စက ဆီးလ်ဟာ သူတို့နဲ့ ငယ်မွေးခြံပေါက်ပါ။ ကျွန်တော့်လို သူစိမ်း ဆိုရင် ထားပါတော့ "
" ဒါပေမဲ့ ဒီပတ်ဝန်းကျင်က ဘာသာရေး၊ လူမျိုးရေး အာဃာတတွေ၊ အယူသီးမှုတွေ သိပ်ပြင်းထန်တယ်၊ ပြီးတော့ သူတို့တစ်တွေရဲ့ အသွေးထဲ အသားထဲမှာ စွဲနေလောက်ပြီ"
" အဲဒီအတိုင်းပဲ ထားပါဦး ဆရာကြီး၊ မစ္စက်ဆီးလ်ဟာ ဒီအရပ်သူပါ၊ အင်္ဂလိပ်မ စစ်စစ်ပါ၊ ပင်မင်းလုပ်ငန်းမှာ ဒီ ရပ်ကွက် က ကလေးမိဘတွေနဲ့ လုပ်ဖော်ကိုင်ဖက် အမျိုးသမီးလည်း ဖြစ်တယ်၊ ဆီးလ်ကို သူတို့ သိကြ သလို ဆီးလ် ရဲ့ အမေကိုလည်း သူတို့ ရင်းနှီးပြီးသားပါ ဆရာကြီး"
ကလေးတွေ၏ အပြုအမူဘက်က ရပ်တည်နေသည့် ဆရာကြီးကို ကျွန်တော် ဒေါပွစ ပြုလာပါပြီ။
" ဆရာ ခုတင်က ပြောခဲ့သလို ဆရာဘရိတ်ဝိတ်ဟာ အတန်းထဲမှာ အောင်မြင်တာနဲ့ တခြားကိစ္စတွေမှာ သိပ်ဆန္ဒ စောနေတယ်၊ လောဘကြီးနေတယ်။ မစ္စဆီးလ်ကို သူတို့ ခင်မင်ကြမှာပါ။ အဲဒါကို ဆရာ သံသယ မရှိပါဘူး၊ ဒါပေမဲ့ ကျောင်းပရိဝုဏ် အတွင်းနဲ့ အပြင်နဲ့ မတူဘူး ဆရာ၊ အဲဒါကို ပထမဆုံး နားလည်ထားရမယ့် သူကတော့ ဆရာ့တပည့် ဆီးလ်ပဲထင်တယ်
" ဒါပေမဲ့ ဆရာကြီး ... "
" ခဏလေး တစ်ဆိတ် နားထောင်ပါဦး ဆရာ"
ဆရာကြီးက မတ်တတ်ထရပ်ပြီး စကားဆက်သည်။
" စိတ်ရှည်လက်စနဲ့ ဆက်ရှည်ပါ ဆရာ၊ ဆရာ ဒီကျောင်းရောက်တာ ဘယ်လောက်ကြာပြီလဲ၊ မေလက စ ရောက်တာဆိုတော့ ခုနစ်လနီးပါးရှိရောပေါ့၊ သူတို့အတွက် ဆရာ လုပ်ခဲ့တာတွေ အများကြီးပါ၊ တစ်နှစ် ဒါမှ မဟုတ် နှစ်နှစ်ပေါ့၊ ဆရာ ဖြစ်စေချင်တာတွေ ဖြစ်မလာဘူးလို့ ဘယ်သူ ပြောနိုင်မလဲ၊ သူတို့ဆီကို ပြန်သွားပါ ဆရာ၊ ဆရာ့ စိတ်ရှည်မှု၊ ကြင်နာမှုတွေ၊ စေတနာတွေ ဆက်ထားမြဲ ထားပြီး သူတို့ တုံ့ပြန်မှုတွေ ရောင်ပြန်ဟပ် လာအောင် လုပ်စမ်းပါ ဆရာ "
ဆရာကြီးသည် ခါတိုင်းလိုပင် စကားပြောနေရင်း ကြီးမားလာသည်ဟု ထင်ရပြန်သည်။ သူ၏ ခန္ဓာကိုယ် သေးငယ်မှု သည် လုံးဝ ပျောက်ကွယ်လျက် ရှိပြီး ကြည်ညိုချင်စရာများ၊ ဦးခိုက်ချင်စရာများ၊ ဥာဏ်ပညာ ကြီး မြတ်ခြင်း များသည် အတိုင်းသား ပေါ်လွင်လာသည်။
ဆရာကြီး ရုံးခန်းထဲမှ ထွက်လာပြီး ကျွန်တော် အခန်းအပြင်ဘက် ၀ရန်တာတွင် အကြာကြီး ရပ်နေမိသည်။ ကျွန်တော့် စိတ်တွေ ဂနာမငြိမ် ဖြစ်နေ၏။
သူတို့တစ်တွေနှင့် သူတို့မိဘတွေ ဆီးလ်အပေါ်ထားသည့် သဘောထားသည့် ကျွန်တော့်အတွက် ကိုယ်ပိုင် သင်ခန်းစာ တစ်ခုပင်။ သည်ပြဿနာသည် ဂျီလီယံနှင့် ကျွန်တော်တို့ ရင်ဆိုင်ရမည့် ပြဿနာပင်ဖြစ်ပါသည်။ ကျွန်တော့် ရင်တွေ ပူလောင်လာသည်။ သည်ကိစ္စမျိုးကို ဂျီလီယံ သိလျှင် မည်သို့ တုံ့ပြန်လေမည်နည်း။ ကျွန်တော် တို့ ကိုယ်တိုင် ကြုံတွေ့လျှင်ကော ကျော်လွှားနိုင်ပါမည်လား။ သည်ထက် ကောင်းမွန်သည့် ပတ်ဝန်းကျင်၊ သည်ထက် ပညာတတ်သည့် အသိုက်အ၀န်းတွင် ကျွန်တော်တို့ နေလျှင်ကော။ သည်ပြဿနာ မျိုးက ကျွန်တော်တို့ ရှောင်ပြေးငြိမ်သက်နေကြ၏။
အတန်းထဲသို့ ကျွန်တော် ၀င်ခဲ့သည်။ အားလုံး ငြိမ်သက်နေကြ၏။ ကျွန်တော် တစ်ခုခုပြောဖို့ ကြိုးစားသည်။ သို့သော် နှုတ်က ဘာမှ မထွက်။ ဂျက်ကလင်း ဘလင်ဒါ မတ်တတ်ထရပ်သည်။
" ကျွန်မ တစ်ခုရှင်းပြပါရစေ ဆရာ၊ ဒီကိစ္စကို ဆရာ အတွင်းကျကျ မသိသေးဘူး ထင်လို့ပါ။ ကျွန်မတို့အားလုံး ဆီးလ် ကို ချစ်ကြပါတယ်။ တကယ်ပါ ဆရာ၊ ဒါပေမဲ့ ကျွန်မတို့ မိန်းကလေးတွေ သူ့အိမ်ကို သွားတာနဲ့ အရပ်ထဲက လူတွေ ကျွန်မတို့ကို ဘယ်လို ပြောကြမယ်ဆိုတာ ဆရာသိမှာ မဟုတ်ဘူး၊ အမျိုးမျိုး စွပ်စွဲခံရမှာ ဆရာ
ဂျက်ကလင်း ဘလင်ဒါ ရှည်ရှည်ဝေးဝေး ရှင်းပြပြီး ထိုင်လိုက်သည်။
" ဆရာ့ကို ရှင်းအောင် ပြောပြတဲ့အတွက် ကျေးဇူးတင်ပါတယ် မစ္စဘလင်ဒါ၊ ယောက်ျားလေးတွေလည်း ဒီ အတိုင်း ပဲလား
သူတို့မျက်နှာတွေ စောစောကလို မဟုတ်တော့။ ပျော့ပျောင်းနေပြီ။ သို့သော် ကျွန်တော့်ကို တည့်တည့် မကြည့် ဘဲ မျက်နှာလွှဲထားကြ၏။
" ကျွန်မ သွားပို့မယ် "
ပါမလာဒဲယားက မတ်တတ်ထပြီး ရင်ချီကာ ရဲရဲတင်းတင်း ကြေညာလိုက်သည်။
" ဘာကြောင့်လဲ မစ္စဒဲယား၊ သူများတွေ ပြောကြဆိုကြမှာ မင်း မကြောက်ဘူးလား "
" မကြောက်ပါဘူး ဆရာ၊ အတင်းအဖျင်း ပြောတာကို ကျွန်မ မကြောက်တတ်ပါဘူး။ လော့ရင့်စ်နဲ့ ... အဲလေ ဆီးလ် နဲ့ ကျွန်မ ဟာ ငယ်ငယ်ကလေးကတည်းက ကစားဖက်တွေပါ ဆရာ "
" ကျေးဇူးတင်ပါတယ် မစ္စဒဲယား၊ အသုဘက ဆယ်နာရီဆိုတော့ ဆရာ ခါတိုင်း ရထားနဲ့ပဲ လာခဲ့မယ်၊ အသုဘ အိမ်မှာ ဆရာတို့ ဆုံကြတာပေါ့။ ကျေးဇူးတင်ပါတယ်ကွယ် "
ကျွန်တော့် ရင်ထဲတွင် ပါမလာ့ စကားများကြောင့် ကြည်နူးနေ၏။ အားတက်နေ၏။ သည်မျှနှင့် ဖြတ်လိုက်ပြီး ကျွန်တော် စာဆက်သင်သည်။
ထိုနေ့ညနေတွင် အခြားအကြောင်းများကို ချန်လှပ်ပြီး အသုဘကိစ္စကို ဂျီလီယံအား ပြောပြလိုက်သည်။ သည်နေ့ ကိစ္စကို ကျွန်တော် အမြန်ဆုံး မေ့ပစ်လိုက်ချင်သည်လေ။
စနေနေ့ မနက်တွင် ဘရင့်ဝုဒ်မှ မနက်စောစော ဘတ်စ်ကားဖြင့် ကျွန်တော် လိုက်လာခဲ့သည်။ အပေါ်ထပ် နောက်ဆုံး ခုံတွင် ကျွန်တော် ရွေးထိုင်သည်။ လူဖြူတွေနှင့် တွေ့စရာ၊ စကားပြောစရာမလိုအောင် အဝေးဆုံး ရှောင်ခြင်း ဖြစ်ပါသည်။
ကျွန်တော့် တပည့်တွေကို ကျွန်တော် ကိုယ်စွမ်းရှိသရွေ့၊ ဥာဏ်စွမ်းရှိသရွေ့ သင်ပေးခဲ့သည်။ သို့ သော် အရာ မထင်ခဲ့ပါ။ နောက်ဆုံးတွင် သူတို့ အဖေတွေ၊ အဘိုးတွေ၏ လမ်းဟောင်းအတိုင်း " ကျွန်တော် တို့ဆီးလ်ကို ချစ်ကြပါတယ်၊ ဒါပေမဲ့ ... " ဟူသည့် ဖွတ်ဖွတ်ကြေနေသည့် ဆင်ခြေကိုပင် သူတို့ပေးကြသည်။ ခုတော့ သူတို့ သဘောထားကို ကျွန်တော် နောကျေသွားပါပြီ။ အဓိပ္ပာယ်မှာ ဆီးလ် ဘယ်လောက်ဆိုးဆိုး၊ မိန်းမထိန်း တစ်ယောက် ဖြစ်နေဦး၊ လူသတ်သမားဖြစ်နေဦး သူသာ လူဖြူစစ်စစ်ဖြစ် လျှင် အကြောင်းမဟုတ်၊ အရေး မကြီး။ ခုတော့ ဆီးလ်အိမ်ကို သူတို့ ပန်းခွေမပို့ဝံ့ကြ။
ဆီးလ်၏ နူးညံ့သိမ်မွေ့ခြင်း၊ အပေါင်းအသင်းအပေါ် သစ္စာရှိခြင်းစသည့် အရည်အချင်းများသည် ဆီးလ်၏ ဒုစရိုက်မှု ကို မဆေးကြောနိုင်ခဲ့ အသားမဖြူခြင်း တည်းဟူသော ဒုစရိုက်မှု။
ကျောင်းကောင်စီ ဆွေးနွေးပွဲများတွင်မူ နားထောင်လို့ ကောင်းလှသည်။ အရွယ်နှင့်မလိုက်အောင် ကြီးမား သည့် စကားလုံးကြီးများကို သုံးစွဲကြသည်။ မွေးရာပါ အခွင့်အရေးတို့၊ လူတိုင်း တန်းတူညီမျှရေးတို့၊ ဒီမို ကရေစီ ရေးတို့ကို ရေလဲ သုံးပြီး အဓိပ္ပာယ် နားမလည်ဘဲ အပေါ်ယံရှပ်ကာ ပေါ့ပေါ့တန်တန် ပြောကြသည်။
သို့သော် အရေးအကြောင်းဆိုလျှင် သူတို့ မျက်နှာဖုံးတွေ ကွာကျကုန်သည်သာ။ ဟို ... ရှေးရှေးက နှင့် ဘာများ ထူး ပါသလဲ။
- လူမည်းဖြစ်၍ သူ့ကို ကားစင်တင် သတ်စေ။
- အသားမည်း ဖြစ်သည့်အတွက် သူ့ကို လည်ပင်း ကြိုးကွင်းစွပ်သတ်ကြ။
- သူသည် လူမည်းဖြစ်၍ မြိုင်ရပ်ကို နှင်စေ။
ပထ၀ီဝင် အနေအထားအရ အပြစ်ပေးပုံချင်း နည်းနည်းသာ ကွာသည်။ သုံးနှုန်းသည့် စကားလုံးများက ယနေ့ သူတို့ အော်ဟစ် ကန့်ကွက်နေကြသည့် စကားလုံးများ။
စည်းချက်မှန်မှန် ထွက်ပေါ်နေသည့် ဘတ်စ်ကား၏ ပြေးလွှားသံသည် ကျွန်တော့်ရင်တွင်းမှ အမုန်းမီးလျှံကို လေပင့်နေသည့်နှယ်။ လန်ဒန်ဆေးရုံမှတ်တိုင်တွင် ကျွန်တော် ကားပေါ်မှ ဆင်းလိုက်သည်။ ကုန်သည်လမ်း ဘက်သို့ လျှောက်လာပြီးမှ ဆီးလ်တို့နေသည့် ပရစ်ဒဲလ်လမ်းထဲသို့ ချိုးကွေ့လိုက်သည်။
ရပ်ကွက် လမ်းကျဉ်းကလေး တစ်ခုထဲသို့ ချိုးဝင်လိုက်သည်နှင့် စိတ်မချမ်းမြေ့ဖွယ်ရာ ပြင်ဆင်ထားသည့် အသုဘ ယာဉ်ကို လှမ်းမြင်လိုက်ရသည်။ ခွေးဟောင်သံကြားလျှင် ခေါင်းထောင်ကြည့်တ်ကြသည့် လူတစ်ရာ သည် အသုဘယာဉ်ကို ၀ိုင်းဝန်း ကြည့်ရှုနေကြ၏။
အလို ... ကျွန်တော့်ခြေလှမ်းတွေ တုံ့ခနဲ ရပ်သွားမိသည်။ ကျွန်တော့်ကို လွှမ်းခြုံထားသည့် အမုန်းတရားတို့ သည် ရုတ်ခြည်း ဆေးကြောပစ်လိုက်သကဲ့သို့ရှိ၏။ မစ္ဆရိယစိတ်တို့သည် ပိန်းကြာဖက်တွင် ရေမတင်သကဲ့ သို့ ကျွန်တော့် ကိုယ်တွင်းမှ ကင်းစင် လွင့်ပြယ်သွားကြလေပြီ။ ကျွန်တော့် မျက်ဝန်းထဲတွင် မျက်ရည်တွေ တစ်မဟုတ် ချင်း ပြည့်လျှံလာသည်။
သူတို့အားလုံးကို စုစုစည်းစည်း လှမ်းမြင်လိုက်ရသောကြောင့် ဖြစ်ပါသည်။ ကျွန်တော့် အတန်းသားများ၊ ကျွန်တော့် တပည့်များ၊ အသုအိမ်ရှေ့ကပြင်တွင် တန်းလုံးကျွတ် စုရုံး ရောက်ရှိနေကြလေပြီ။ သူတို့အားလုံး ဣနြေ္ဒရရ သပ်သပ်ခပ်ခပ် ၀တ်ဆင်လာကြသည်။ ကျွန်တော့် ကလေးတွေ၊ ကျွန်တော့်တပည့်တွေ။ သူတို့ ကိုယ် သူတို့ ယုံကြည်မှု အပြည့်ဖြင့် သီးသီးခြားခြား စုရုံးလျက်။ ကျွန်တော့် ရင်တွင်းက ဘုရားသခင်ကို တ ပြီး ကျွန်တော် ၏ မလိုမုန်းထား ဒေါသတရားများအတွက် ခွင့်လွှတ်ပါရန် ကျိတ်ပြီး ဆုတောင်းလိုက်သည်။ ကျွန်တော် သူတို့ကို မမုန်းနိုင်ပါ။ သည်လူဆိုးကလေးတွေကို ကျွန်တော် သံယောဇဉ် တွယ်နေမိပါပြီ။
ကျွန်တော် သူတို့ဆီသို့ သုတ်ခြေတင်သွားသည်။ သူတို့ အုပ်ထဲသို့ ၀င်လိုက်သည်။ ကျွန်တော့်ကို သူတို့တစ် တွေ တိတ်ဆိတ်စွာ စောင့်ကြိုနေကြ၏။ ၀မ်းမြောက်ခြင်း၊ ဂုဏ်ယူခြင်းဖြင့် သူတို့မျက်လုံးတွေ တဖျတ်ဖျတ် အရောင် တောက်နေ၏။ ကျွန်တော့် မျက်လုံးထဲတွင်မူ မျက်ရည်တွေ များသထက်များလာသည်။ ထိုစဉ် ကျွန်တော့် လက်ထဲသို့ နူးနူးညံ့ညံ့ အရာဝတ္ထုတစ်ခု ရောက်လာသည်ကို သတိထားလိုက်မိ၏။ လက်ကိုင်ပ၀ါ လေးတစ်ထည်၊ မျက်ရည်သုတ်ပြီး နံဘေးကို ငဲ့ကြည့်လိုက်၏။ တောက်ပရွှန်းလဲ့နေသည့် ပါမလာဒဲယား၏ မျက်လုံး အစုံနှင့် ဆုံမိသည်။
------------------------------
ဆက်ရန်
.
No comments:
Post a Comment