အေးမြသော လေပြည်သည် သုတ်ဖြူးတိုက်ခတ်လျက် ရှိရာ အင်းလျားကန်အတွင်းရှိ ရေပြင်သည် လှိုင်း ကြက်ခွပ်ကလေးများ ထနေသည်။ ကန်စပ်ရှိသစ်ပင်ကြီးမှာလည်း ရွက်ဟောင်းကြွေခါ ရွက်သစ်တွေမြူးပြီး ပုရစ်ဖူး ပြောနေပြီ ဖြစ်သော စိမ်းလဲ့လဲ့မြရောင်ဖြင့် ညိုမှောင်နေသည်။ နွေဦးပေါက်ပြီဖြစ်၍ ချိုအေး သာယာလှသော အသံဖြင့် သစ်ပင်ကြီးထက်မှ တွန်ကြူးလိုက်သော ဥသြငှက်ကလေး၏အသံသည် သစ်ပင် အောက် မှာ စကားပြောနေသော မောင်နှံ နှစ်ယောက်အား တေးသီကာ ဖြေဖျော်နေဘိသကဲ့သို့ပင် …
" သြော် … နွေဦးပေါက်လို့ လေနောက်ကမြူးပြီး တွန်ကြူးတဲ့ ဥသြသံကို ကြားရတော့ ခင်လေးစိတ်ထဲမှာ ဘယ်ဆီ ဘယ်ဝယ် ရည်ရွယ်လို့ မရဘဲ လွမ်းသလိုလို ဆွေးသလိုလိုကြီး ဖြစ်နေတယ်၊ မောင့်စိတ်ထဲမှာရော နွေဦးပေါက်ချိန်မှာ အဲဒီလို မခံစားမိဘူးလား "
လေအပင့်မှာ ကြွေလွင့်လာသော သစ်ရွက်ဝါကလေးကို ကောက်ယူကာ စေ့စေ့ကြည့်ပြီး စာသံ ကဗျာသံ ကလေးဖြင့် ပြောနေသော ခင်ခင်လေးအား ချစ်မြတ်နိုးစွာစိုက်ကြည့်နေသည့် ကိုမျိုးခိုင်၏ မျက်နှာသည် မသိမသာ ညိုးသွားသည်။ ခင်ခင်လေးအား ကြည့်နေသည့် ချစ်ရည်ရွှန်းလဲ့သော မျက်လုံးများမှာ မှေးမှိန် သွားလေသည်။ လွန်ခဲ့သော သုံးနှစ်ကျော်အထက်က ဤလို နွေဦးပေါက်ချိန်မှာ လေရူးနှောက်ရာ လွင့်ပါ သွားသော ရော်ရွက်ဝါလို အစအနပင် ရှာမရအောင် ပျောက်ကွယ်သွားသော ဖခင်ကို ရုတ်ခြည်းသတိ ရကာ လွမ်းတ မိလေသည်။
ဖခင်ကား ပျောက်ကွယ်ခဲ့လေပြီ။ မိခင်ကား ယခုအချိန်တွင် ကျန်းမာရေးအခြေအနေမှာ အတော်ပင် ဆိုးနေ ပြီ။ သပွတ်အူလို ဘယ်ကစပြီး ဘယ်လို ဆုံးမှန်းမသိ တရိရိ ဆွေးနေရှာသော မိဘနှစ်ပါး၏ မချမ်းမြေ့ မသာ ယာသော ဘ၀ကို တွေးမိသော ကိုမျိုးခိုင်သည် ချစ်သူ ခင်ခင်လေး၏ အမေးကို မဖြေမိဘဲ ငိုင်နေလေသည်။ ငြိမ်ချက်သား ကောင်းနေသော ကိုမျိုးခိုင်ထံမှ အဖြေမရသော ခင်ခင်လေးက သစ်ရွက်ဝါကလေးကို ကြည့် နေရာ မှ ကိုမျိုးခိုင်ကို မော့ကြည့်လိုက်၏။
" မောင်မောင် ဘာဖြစ်လို့လဲ ဟင် "
ခင်ခင်လေးက စိုးရိမ်ကြီးစွာမေးလိုက်၏။
" သြော် … နွေဦးပေါက်ချိန်ကို ခင်က စာဖွဲ့နေတော့ အခုလို အချိန်မှာပဲ ပျောက်ကွယ်သွားတဲ့ ဖေဖေ့ကို သတိရပြီး စိတ်မကောင်းဖြစ်မိလို့ပါခင်ရယ် "
ကိုမျိုးခိုင် က အသံလေးလေးဖြင့် ပြောလိုက်ရာ ခင်ခင်လေးမှာလည်း စိတ်မကောင်းဖြစ်သွားလေသည်။ တစ် ယောက် နှင့် တစ်ယောက် စကားမပြောမိကြဘဲ အတန်ငယ် ငြိမ်နေကြပြီးမှ …
" ဟုတ်ပါရဲ့နော်၊ မောင့်ဖေဖေအကြောင်း တစ်ခါတုန်းက မောင် ပြောထားသားနဲ့ ခင်လေးက မေ့ပြီး နွေဦး ပေါက်ကို စာဖွဲ့နေမိတယ်၊ မောင့်ကို စိတ်မကောင်းအောင် သတိပေးသလို ဖြစ်နေပြီ "
ခင်ခင်လေးက အကယ်ပင် စိတ်မကောင်းသံဖြင့် ပြောလိုက်၏။ ကိုမျိုးခိုင်ကမူ ငိုင်မြဲပင် ငိုင်နေသည်။
" ဒါထက် မောင်တို့ မေမေရဲ့ အခြေအနေရော "
ခင်လေးက ဆက်မေးလိုက်သည်။
" လုံးပါး ပါးမှာပဲ ခင်။ မေမေ့ကို စိတ်မချလို့ ကျောင်းမတတ်ဘဲ အနားမှာ နေပါရစေပြောတော့ သားအနားမှာ နေလဲ မေမေ့ရောဂါကို ဝေယူလို့ မရပါဘူးတဲ့။ ကျောင်းမှန်မှန်တက်ပြီး စာမေးပွဲအောင်မှ မေမေ စိတ်ချမ်းသာပြီး ရောဂါသက်သာမယ်လို့ ပြောလို့ မောင်လဲ စိတ်မချမ်းသာရက်နဲ့ ကျောင်းတက်နေရ တာပဲ ခင်လေးရယ် "
ကိုမျိုးခိုင် က စိတ်မချမ်းမြေ့စွာ ညည်းညည်းညူညူ ပြောလိုက်သည်။
" မောင် တစ်ခါမှ စာမေးပွဲ မကျခဲ့သေးဘူးနော် "
" မကျခဲ့ဘူးခင်လေး။ ဒါကြောင့် ဒီနှစ်ဒီဂရီရမယ့်နောက်ဆုံးနှစ်မှာ မေမေစိတ်ချမ်းသာအောင် စာကို ဂရုစိုက် ကြိုးစားနေရတယ် ခင်လေးရဲ့၊ မောင်နဲ့ခင်လေးက တက္ကသိုလ်ကို တစ်နှစ်တည်း ရောက်ကြတဲ့ လူချင်း တူတဲ့ ဘာသာကလဲ တူတယ်၊ ခင်လေးရော ဒီနှစ် ဘွဲ့ချိတ်နိုင်မယ် မဟုတ်လား "
" ချိတ်နိုင်မယ်လေ မောင်ရဲ့၊ ခင်လေးကလဲ မောင့်လိုပါဘဲ၊ အချစ်ဟာ အချစ်တခြား၊ ပညာက ပညာတခြား ခွဲခြားတတ်လို့ မောင်နဲ့အတူ နှစ်တိုင်း စာမေးပွဲ အောင်လာတယ် မဟုတ်လား၊ ဒါထက် မောင့်ကို ခင်လေး တစ်ခု ပြောစရာရှိတယ်၊ မောင်သဘောတူလိမ့်မယ်လို့လဲ ခင် ထင်တယ်လေ "
ခင်ခင်လေး က ကိုမျိုးခိုင်၏ မကြည်မလင် ဖြစ်နေသော မျက်နှာကို ကြင်နာစွာ ကြည့်ပြီး ပြောလိုက်၏။
" ဘာလဲ ခင် ပြောလေ မောင်သဘောတူသင့်လဲ တူရတာပေါ့ "
ကိုမျိုးခိုင်က အံ့သြသော လေသံဖြင့် မေးလိုက်၏။
" ဒီလိုလေ မောင်ရဲ့ … ခင်လေးဖေဖေက သူ့မိတ်ဆွေရဲ့ သားနဲ့ သဘောတူကြောင်း စကား အရိပ်အမြွတ် ခင်လေးကို ပြောတယ်၊ အဲဒီလူက (အိုင်-စီ-အက်စ်) မောင်ရဲ့ "
ဗြိတိသျှအစိုးရ လက်အောက်ခံအချိန်တွင် မြန်မာလူမျိုးထဲမှ အိုင်စီအက်စ် ဘွဲ့ရထားသူ ဆိုလျှင် အလွန်ပင် ဈေးကောင်းမျက်နှာပွင့်လှသည်။ အထက်တန်းလွှာမှစ၍ ဗျပ်ထိုး ခေါင်းရွက် ဈေးသည်အထိ မိန်းမ မှန်လျှင် အိုင်စီအက်စ်ကို လိုချင်သူချည်းသာဖြစ်ကြ၏။
" ခင်လေးသဘောကရော ဘယ်လို စီစဉ်ထားသလဲ "
လူမှန်းသိသည့်အချိန်မှစပြီး မိဘနှစ်ပါးအတွက် အမြဲ စိတ်ဆင်းရဲခံခဲ့ရ၍ ထုံနေပြီဖြစ်သော ကိုမျိုးခိုင်က ခင်ခင်လေးအား အသက်တမျှ ချစ်နေသူ ဖြစ်စေကာမူ ထူးထူးခြားခြား ဣနြေ္ဒပျက်လောက်အောင် တုန်လှုပ် ခြောက်ခြားမှု မပေါ်လွင်တော့ဘဲ ခင်ခင်လေးထံမှ မျက်နှာကို လွှဲကာ လှိုင်းကြက်ခွပ်ကလေးများ ထနေ သော အင်းလျားကန်ရေပြင်ကို ငေးကြည့်ကာ မေးလိုက်သည်။ သို့သော် ကိုမျိုးခိုင်၏ အသံမှာ အက်နေသည်ကို ခင်ခင်လေး သတိထားမိသည်။ ကိုမျိုးခိုင်၏ မေတ္တာနှင့်သစ္စာကို ခင်ခင်လေးက ယုံကြည်ပြီး ဖြစ်သည်။
" မောင့် ကို ကတိပေးပြီးပြီဖြစ်ကြောင်း ခင်လေးဖေဖေကို ဖွင့်ပြောလိုက်မယ် "
မိခင်မရှိတော့၍ အဖအုပ်ပြီး ကြီးခဲ့ရသော ခင်ခင်လေးက သမီးအဘချင်း ပွင့်ပွင့်လင်းလင်း ပြောရန်ပင် ဆုံး ဖြတ်လိုက်သည်။
" ဘာ … ခင်လေးက ဖွင့်ပြောမယ် "
ကိုမျိုးခိုင်က အံ့သြစွာ မေးလိုက်သည်။
" ဖွင့်ပြောရမှာပေါ့မောင်၊ ခင်လေးတို့ အကြောင်းမသိဘဲ လူကြီးချင်း စကားလွန်ကုန်ရင် မခက်ပါလား "
" အခြေအနေ အဆင့်အတန်းချင်းစာရင် ဟိုလူက အများကြီးသာနေတာ ခင်လေး ဖေဖေက ခွင့်ပြုနိုင်ပါ့မလား ကွယ်"
ကိုမျိုးခိုင်က စိတ်မကောင်းစွာ ပြောလိုက်၏။
" တစ်သက်လုံး အလိုလိုက်လာတဲ့ ဖေဖေမို့ အခု ကိစ္စလဲ ပြင်းပြင်းထန်ထန် ကန့်ကွက်မယ် မဟုတ်ဘူး ထင်ပါတယ်၊ မောင့်မိဘအကြောင်း၊ မောင့်မေမေရဲ့ ဇာတိမျိုးရိုး နာမည်တွေ မောင်ပြောထားတဲ့ အတိုင်း ခင်လေးပြောပြမယ်၊ ဒါနဲ့မှ သဘောမတူရင်လဲ အို တူအောင် ကြိုးစားမယ်လေ၊ တော်တော်ကြာ မောင်က အခုလို မတုန်မလှုပ်ကြီးနဲ့ ခင့်ကို မြတ်နိုးသလိုလို မမြတ်နိုးသလိုလိုကြီး အမူအရာမျိုး လုပ်နေရင် တော့လား "
ခင်ခင်လေးက အေးစက်စက် အမူအရာနှင့်နေသော ကိုမျိုးခိုင်ကို ဒေါပွသလို ပြောလိုက်သည်။ ကိုမျိုးခိုင်က ခင်ခင်လေးအား စေ့စေ့ကြည့်လိုက်၏။
" ခင့်ကို မြတ်နိုးတာ၊ စုံမက်တာ၊ ချစ်တာတွေကို ရင်ခွဲပြလို့ရရင် ပြချင်ပါတယ်၊ မောင့်ကိုတော့ တလွဲ မထင် လိုက်ပါနဲ့ ခင်လေးရယ်၊ မောင့်မှာ လူမှန်းသိတဲ့အရွယ်ကစပြီး မိဘအတွက်နဲ့ စိတ်ညစ်စိတ်ဆင်းရဲတဲ့ဝေဒနာ စွဲလာခဲ့တဲ့လူပါ၊ အခုလဲ မေမေ ဘယ်တော့ ငါ့ကို ပစ်သွားမှာလဲလို့ တွေးပြီး မကြည်မလင် ဖြစ်နေရတာမို့ စိတ်ဆင်းရဲစရာပေါ်မှာ စိတ်ဆင်းရဲစရာ တွေထပ်လာတော့ လူက ထုံနေပြီခင်လေးရဲ့၊ ကံကြမ္မာ စီမံဖန်တီး သမျှပဲလို့ စိတ်ထဲမှာ ပိုင်းဖြတ်ထားလိုက်တယ်။ မောင်ပြောတဲ့ စကားတွေကိုတော့ ခင်လေး ယုံပါကွယ် "
ကိုမျိုးခိုင်၏ အသံမှာ သွေ့ခြောက်အက်ကွဲနေသည်။ ခင်ခင်လေးသည် စိတ်ထဲကမပါဘဲ ပြောလိုက်မိသော စကားကြောင့် ချစ်သူ ကိုမျိုးခိုင်အား များစွာ ကြင်နာသွားလေသည်။
" ခင်လေး ကျီစားတာပါ မောင်ရယ်၊ ယုံပါတယ် "
ခင်ခင်လေးက ရယ်ရယ်မောဖြင့် ပြောပြီး လက်ပက်နာရီကလေးကို ငုံ့ကြည့်လိုက်၏။
အတန်းတက်ချိန် နီးပြီမောင်း ပြန်ကြစို့နော် "
ခင်ခင်လေးက ပြောရင်း ထိုင်ရာမှထလိုက်၏။
" ခင်လေး ပြန်နှင့်လေ "
ကိုမျိုးခိုင်က မတုန်မလှုပ်ပင် ထိုင်ရာမှ လှုပ်ရှားမှုမရှိဘဲ ပြောလိုက်သည်။ ကိုမျိုးခိုင်သည် ဤသို့ ထိုင်မိ ထိုင်ရာ ထိုင်ပြီး ငေးငိုင်တွေးတောနေတတ်သည်ကို သိပြီးသော ခင်ခင်လေးက ချစ်သူအား ကြင်နာစွာ တစ် ချက်မျှ စိုက်ကြည့်ကာ …
" ခင်လေးသွားတော့မယ် မောင် "
ဟု နှုတ်ဆက်ပြီး ခပ်သွက်သွက် ထွက်လာလေသည်။ ကိုမျိုးခိုင်ကား ထိုင်လျက်၊ ငိုင်လျက်၊ ငေးလျက် တွေး လျက် အင်းလျားကန်စပ်မှာပင် ကျန်ရစ်ခဲ့လေသည်။
*
" သား … စာမေးပွဲ ကောင်းကောင်းဖြေနိုင်တယ်နော် "
တစ်နေ့တခြား ဆိုးရွားလာသော ဝေဒနာကြောင့် အိပ်ရာခုတင်ပေါ်တွင် ယဲ့ယဲ့ကလေးမျှသာရှိနေသော ဒေါ်ခင်မျိုးက သားအား ပျော့ညံ့သောလေသံဖြင့် မေးလိုက်၏။
" ဖြေနိုင်ပါတယ်မေမေ၊ သားအောင်မျာ မလွဲပါဘူး၊ ဘွဲ့နှင်းသဘင် တက်တဲ့အခါ မေမေလိုက်ရမယ်နော်၊ သားက ခေါင်းပေါင်း ပေါင်းသွားရမှာ တကဲ့လူကြီးလိုပေါ့ မေမေ။ အဲ့ဒါ မေမေ မြန်မြန် ကျန်းမာအောင် စိတ် ကို ပြုပြင်ပါနော်၊ ဘွဲ့နှင်းသဘင် ခန်းမဆောင်မှာ ဘွဲ့ယူနေတဲ့သားကို ကျေနပ်တဲ့ မျက်နှာနဲ့ ပြုံးနေတဲ့ မေမေကို သား သိပ်ကြည့်ချင်ပါတယ် "
မျှော်လင့်ချက်မရှိတော့ဘဲ ရက်ပိုင်းမျှကိုသာ စောင့်နေရသော မိခင်၏ အခြေအနေကို ကောင်းစွာ သိနေ သော်ငြားလည်း ကိုမျိုးခိုင်သည် မိခင် စိတ်ချမ်းသာစေရန် မျက်နှာကို ရွှင်ရွှင်ထားပြီး စီကာစဉ်ကာ ပြော လိုက်သည် ဒေါ်ခင်မျိုးက သား၏ မျက်နှာကို ကြည့်ကာ မချိပြုံး ပြုံးလိုက်သည်။
" အေး … သားဆန္ဒအတိုင်း မေမေ ဖြစ်ချင်ပါတယ် သားရယ် "
" ဖြစ်နိုင်ပါတယ် မေမေ စိတ်မလျှော့ပါနဲ့၊ မေမေ အားကိုးစရာ သားကြီးတစ်ယောက်လုံး ရှိနေပြီပဲ၊ ကဲ ဆေး သောက် ဖို့ အချိန်ရောက်နေပါပြီ မေမေ၊ သားကိုယ်တိုင် ဆေးတိုက်ပေးမယ်နော် "
ကိုမျိုးခိုင်က မိခင်အား ကြင်နာယုယစွာပြောကာ ကိုယ်တိုင် ဆေးတိုက်ပေးစဉ်မှာ ဒေါ်မှုံရောက်လာသည်။
" အောက်ထပ်ဧည့်ခန်းမှာ ဧည့်သည်ရောက်နေတယ် မောင်မျိုးခိုင် … "
ဒေါ်မှုံက ပြောသဖြင့် ဒေါ်ခင်မျိုးက သား၏မျက်နှာကို လှမ်းကြည့်သည်။ ကိုမျိုးခိုင်က ဒေါ်မှုံဘက်လှည့်ပြီး မေးလိုက်၏။
" ဘယ်သူတွေလဲ ဒေါ်မှုံ "
" ဦးထွန်းသစ်နဲ့ သမီးခင်ခင်လေးလို့ ပြောတာပဲ "
ကိုမျိုးခိုင်က စိတ်မလုံသလို မိခင်မျက်နှာအား ဖျတ်ခနဲ ကြည့်လိုက်၏။ ဒေါ်ခင်မျိုး၏ မျက်နှာကား မျှော်လင့် ချက်ဖြင့် ကြည်လင်သွားသည်။
" မေမေ့ သူငယ်ချင်း ကိုထွန်းသစ်များ ဖြစ်နေသလား … သွားမေးစမ်းပါသားရယ် …၊ ဟုတ်ရင် မေမေ့ဆီ ခေါ်ခဲ့နော် "
ဒေါ်ခင်မျိုးက မှာကြားလိုက်၏။
" ဟုတ်ကဲ့မေမေ၊ ဒေါ်မှုံ အမေ့အနားမှာ နေလိုက်ပါဦးနော် "
ကိုမျိုးခိုင်က မှာကြားပြီး အောက်ထပ်သို့ ဆင်းသွားလေသည်။
ဧည့်ခန်းထဲတွင် ခင်ခင်လေးက အိမ်ပေါ်ထပ်မှ ဆင်းလာမည်ဖြစ်သော ကိုမျိုးခိုင်ကို စောင့်စားခြင်းအားဖြင့် လှေကားဆီသို့ အာရုံစိုက်ကြည့်နေသည်။ ဦးထွန်းသစ်ကမူ ဧည့်ခန်းတွင်းရှိ ချိတ်ထားသော နန်းတွင်းအ၀တ် အစား ၀တ်ထားသည့် ဒေါ်ခင်မျိုး အပျိုဘ၀က ရိုက်ကူးထားပြီး အကြီးချဲ့ထားသော ဓာတ်ပုံကြီးကို ကြည့် နေသည်။
" ရောက်နေတာ ကြာပါပြီလား ခင်ဗျာ "
ရိုသေစွာ နှုတ်ဆက်လိုက်သော ကိုမျိုးခိုင်၏ အသံကြောင့် ခင်မျိုး၏ ဓာတ်ပုံကြီးကို ကြည့်နေသော ဦးထွန်းသစ်က လှည့်ကြည့်လိုက်သည်။
" သမီးပြောတဲ့ ဦးဘဆွေ - ဒေါ်ခင်မျိုးရဲ့သား ကိုမျိုးခိုင်က သူပါပဲဖေဖေ၊ ဒါ ခင်လေးဖေဖေပါ ကိုမျိုးခိုင် "
ခင်ခင်လေးက သွက်သွက်လက်လက် မိတ်ဆက်ပေးလိုက်၏။
" သြော် … မခင်မျိုးရဲ့ သားဆိုတာ မောင်ရင်လား၊ ထိုင်ပါ ထိုင်ပါ … "
ယောက္ခမလောင်းအား ရိုသေသမှုဖြင့် မတ်တတ်နေသော မျိုးခိုင်အား ဦးထွန်းသစ်က ထိုင်ခိုင်းလိုက်၏။ ကိုမျိုးခိုင်က ထွန်းသစ်နှင့် မျက်နှာချင်းဆိုင်မှာ ထိုင်လိုက်သည်။
" ကျွန်တော့် မေမေက ဦးကို သူ့ သူငယ်ချင်း ဖြစ်မလားမသိဘူး၊ ဟုတ်တယ်ဆိုရင် တွေ့ချင်တယ်လို့ ပြော ပါတယ် ဦး… "
" ဟုတ်တာပေါ့ မောင်ရင်၊ သမီးက ပြောစဉ်က ဇဝေဇ၀ါ ဖြစ်နေလို့ ဟုတ်လိုဟုတ်ငြား လိုက်လာခဲ့တာ၊ ဒီ ရောက်လို့ ဓာတ်ပုံမြင်မှ ဦးသူငယ်ချင်း မခင်မျိုးမှန်း သေချာသွားတယ်၊ ခု သူက ဘယ်မှာလဲ "
ဟောဟော ဒိုင်းဒိုင်း ပွင့်ပွင့်လင်းလင်း ပြောတတ်သူ ဦးထွန်းသစ်က မေးလိုက်၏။
" ရှိပါတယ်ဦး၊ ဝေဒနာ အခြေအနေက တော်တော်တော့ အိပ်ရာထဲက မထနိုင်အောင် ဖြစ်နေပါတယ်၊ ဟုတ် သူ့ဆီခေါ်ခဲ့ပါလို့ မှာလိုက်ပါတယ် ခင်ဗျာ "
" သြော် … ဖြစ်မှ ဖြစ်ရလေ၊ ဘာရောဂါလဲ မောင်မျိုးခိုင် "
ဦးထွန်းသစ် အမေးက ကိုမျိုးခိုင် အဖြေရခတ်သွားသည်။ ဒေါ်ခင်မျိုး၏ ဝေဒနာကား နာမည်တပ်၍ မရသော ဝေဒနာ ပါတကား။
" ဆရာဝန်ကတော့ စိတ်ကြောင့်ဖြစ်တဲ့ ဝေဒနာလို့ပဲ ပြောပါတယ် ခင်ဗျာ "
ကိုမျိုးခိုင်က စိတ်မချမ်းမြေ့သော လေသံဖြင့် ဖြေလိုက်သည်။
" ဟုတ်လား၊ ဒါလောက်အထိ ဖြစ်နေတာကိုး၊ ကဲ … သူငယ်ချင်းဆီ သွားရအောင် "
ဦးထွန်းသစ်က ပြောပြီး ထိုင်ရာမှ ထလိုက်၏။
" ဟုတ်ကဲ့ … ဦး၊ အိမ်ပေါ်ထပ်ကိုကြွပါ "
ကိုမျိုးခိုင်က ပြောပြီး လမ်းပေးသည့်သဘောဖြင့် ကိုယ်ကို ဖယ်လိုက်၏။ ဦးထွန်းသစ်က အိမ်ပေါ်ထပ်သို့ ရှေ့ဆုံး မှ တက်သွားသည်။
ကိုမျိုးခိုင်နှင့် ခင်ခင်လေးက နောက်မှ လိုက်လာသည်။ ဦးထွန်းသစ်၏ လိုက်လျော ကြည်ဖြူသော အမူအရာကြောင့် မျိုးခိုင်က ခင်ခင်လေး၏ မျက်နှာကို ကြည့်လိုက်၏။ ခင်ခင်လေးက ကြည်လင်သော မျက်နှာနှင့် ဦးခေါင်းတစ်ချက် ညိတ်လိုက်သည်။
ဦးထွန်းသစ်က သိပြီး၍ ကန့်ကွက်ခြင်းမရှိ ဟူသော အဓိပ္ပာယ်ကို ကိုမျိုးခိုင်က ချက်ချင်း သဘောပေါက် လိုက် ၏။
" မေမေ ဒီအခန်းမှာ ရှိပါတယ်ဦး၊ အထဲကိုကြွပါ "
အိမ်ပေါ်ထပ်ရောက်လျှင် ကိုမျိုးခိုင်က ဦးထွန်းသစ်အား -------- ရှိရာ အခန်းတွင်းသို့ ခေါ်ဆောင်သွားသည်။ ဒေါ်ခင်မျိုးအား အိပ်ရာပေါ်တွင် တစောင်းလှဲကာ မျက်စိ မှိတ်နေ၏။ ဧည့်သည် ပါလာသည်ဖြစ်၍ ဒေါ်မှုံက အခန်းထောင့်ရှိ ကုလားထိုင်နှစ်လုံးကို ယူလာပြီး ဒေါ်ခင်မျိုး အိပ်ရာခုတင်၏ ခေါင်းရင်းဘက်မှာ အသံမမြည် အောင် အသာအယာ ချပေးလိုက်၏။
" ဦး ထိုင်ပါခင်ဗျာ "
ကိုမျိုးခိုင်က ဦးထွန်းသစ်အား လေသံဖြင့်ပြောပြီး ခင်ခင်လေးကိုလည်း ထိုင်ရန် လက်ရိပ်ပြလိုက်၏။
သို့သော် ခင်ခင်လေးက ကုလားထိုင်ပေါ်မျာ မထိုင် ဒေါ်ခင်မျိုး၏ ခြေရင်းဘက် ခုတင်ပေါ်တွင် အသာ ကလေး ထိုင်လိုက်၏။
" မေမေ အိပ်ပျော်နေတယ် ထင်တယ် "
ကိုမျိုးခိုင်က ကိုယ်ကို ကိုင်းညွတ်ကာ မိခင်မျက်နှာကို ငုံ့ကြည့်ပြီး အိပ်ပျော်နေလျှင်လည်း မနိုးစေလိုသော စေတနာဖြင့် လေသံမျှသာ ပြောလိုက်၏။
သို့သော် အိပ်မပျော်ဘဲ မှိန်းနေသော ဒေါ်ခင်မျိုးက ကြားသဖြင့် မျက်လုံးကို ဖြည်းလေးစွာ ဖွင့်ကြည့်လိုက် သည်။
" မခင်မျိုး ကျွန်တော့်ကို မှတ်မိတယ်နော် "
ဦးထွန်းသစ်က ပိန်ချုံး ကြုံလှီနေသော သူငယ်ချင်းအား စိတ်မကောင်းစွာ ကြည့်ပြီး ကြင်နာစွာ မေးလိုက်၏။
" သြော် … ကိုထွန်းသစ်၊ ကျွန်မ သူငယ်ချင်း ကိုထွန်းသစ်ပဲနော် "
ဒေါ်ခင်မျိုးက အားနည်းသံဖြင့် မေးကာ နှစ်ရှည်လများ ကွဲကွာနေသော သူငယ်ချင်းအား ရှောင်တခင် မြင် လိုက်ရသဖြင့် ၀မ်းသာ ၀မ်းနည်းဖြစ်ကာ မျက်ရည်များပင်ကျလာသည်။
" စိတ်တင်းပါလေ မခင်မျိုး၊ ဘာအားငယ်စရာရှိလဲ၊ ကျွန်တော့်ကို အရင်အတိုင်း မောင်နှမွ အရင်းအချာလို အားကိုးနိုင်ပါတယ်၊ ကျွန်တော် ရန်ကုန်မျာ အမြဲနေနေတာ၊ အချိန်မရွေး ကူညီနိုင်မယ်လေ၊ မငိုပါနဲ့ သူငယ် ချင်း ရယ် "
ဦးထွန်းသစ်က စိတ်မကောင်းစွာ အားပေးလိုက်၏။
" ကမန်မ ဒီမှာရှိတယ်ဆိုတာ ကိုထွန်းသစ် ဘယ်လို သိလဲ "
မခင်မျိုးက အနည်းငယ် ကြည်လင်လာသောအသံဖြင့် မေးလိုက်၏။
" သမီးပြောလို့ သိရတာပေါ့၊ ဟောဟိုမှာ ထိုင်နေတာ ကျွန်တော့် သမီးပေါ့"
ဦးထွန်းသစ်က မခင်မျိုးအမေးကို ဖြေရင်း ခုတင်ခြေရင်းဘက်မှာ ထိုင်နေသော ခင်ခင်လေးအား ညွှန်ပြ လိုက်၏။ ဒေါ်ခင်မျိုးက ခင်ခင်လေးကို ကြည့်လိုက်သည်။
" ဟုတ်လား၊ မိန်းကလေးက ဘယ်လိုသိသလဲကွယ် "
ဒေါ်ခင်မျိုးက မေးလိုက်သည်။ ခင်ခင်လေးက ရှက်ရွံ့ခြင်းမရှိဘဲ …
" ကျွန်မနဲ့ ကိုမျိုးခိုင်က ကျောင်းသား သူငယ်ချင်းပါ ဒေါ်ဒေါ်၊ ကိုမျိုးခိုင်ပြောလို့ သိရတာပါ "
ဟု သွက်လက်စွာ ဖြေလိုက်၏။
ဦးထွန်းသစ်နှင့် မျက်နှာချင်းဆိုင် ဒေါ်ခင်မျိုး၏ ခုတင်တစ်ဖက်တွင် ထိုင်နေသော ကိုမျိုးခိုင်က မကျန်းမမာ ဖြစ်နေသောမိခင်၏ စိတ်ထဲမှာ တစ်မျိုးတစ်မည်ဖြစ်သွားလေမည်လားဟု စိုးရိမ်စိတ်ဖြင့် ဦးထွန်းသစ်ဘက် လှည့်နေသော မိခင်မျက်နှာကို မျှော်ကြည့်လိုက်သည်။
ဦးထွန်းသစ်ကလည်း ပွင့်ပွင့်လင်းလင်း ပြောတတ်သူပီပီ လူမမာသိလိုသော အကြောင်းများကို မေးခွန်း စောင့်လျှင် ---- ရမည့် လူမမာ မောမည်စိုးသောကြောင့် စုံစေ့စွာ ရှင်းလင်းပြောပြလိုက်၏။
" မခင်မျိုး မင်္ဂလာဆောင်တော့ ကျွန်တော် မန္တလေးမှာ မရှိတော့ဘူးလေ၊ ရန်ကုန်ကို ပြောင်းခဲ့ရတယ်"
ဦးထွန်းသစ် စကားမဆုံးမီ …
" ဟုတ်တယ်လေ၊ ပြောင်းခါနီး ကိုထွန်းသစ် လာနှုတ်ဆက်သွားတာ ကျွန်မ အမှတ်ရပါတယ် "
ဟု ခေါ်ခင်မျိုးက ဖြည်းလေးသောအသံဖြင့် ဖြတ်ပြောလိုက်၏။ ဦးထွန်းသစ်က စကားဆက်လိုက်ပြန်သည်။
" ရန်ကုန်ရောက်ပြီး မကြာပါဘူး၊ အစိုးရအမှုထမ်း အလုပ် စိတ်ကုန်တာနဲ့ ထွက်လိုက်တယ်။ မိဘအမွှေ အနှစ် အရင်းတည်ပြီး ပြည်လမ်းမှာ တိုက်တစ်လုံးဝယ်နေလိုက်တယ်၊ အစိုးရအမှုထမ်းလုပ်စဉ်က ခင်မင်ဖူး ခဲ့တဲ့ မျက်နှာဖြူ အရာရှိတစ်ယောက်အကူအညီနဲ့ ဘိလပ်ကုန်ပစ္စည်းတွေမှာ စကော့ဈေးမှာ ဆိုင်ခန်းတည် ပြီး အရောင်းအ၀ယ်လုပ်တာ တော်တော်ဟန်ကျတယ် မခင်မျိုး နောက် ခင်လေးမိခင်ဆုံးသွားတော့ …
သြော် … ကိုထွန်းသစ်ဇနီး ဆုံးပြီလား "
ဒေါ်ခင်မျိုးက စကားဖြတ်မေးလိုက်၏။
" ဆုံးသွားပြီ မခင်မျိုး။ ငါးနှစ်လောက်ရှိပြီ၊ ကျွန်ော်လဲ စိတ်မကောင်းတာ တစ်ကြောင်း၊ တစ်ယောက်တည်း ဆိုတော့ အလုပ်ကို မနိုင်တော့ဘူးလေ၊ အဲ … သူဆုံးပြီး ဆိုင်ကို ဖြုတ်ပစ်လိုက်တာပဲ၊ စုဆောင်းပြီး ပစ္စည်း ကတော့ ဒီတစ်သက် စားလောက်သောက်လောက်ရှိပါတယ်၊ ဒီသမီးလေးနဲ့ အေးအေးနေပြီး အဆင်သင့်တဲ့ အခါ အိမ်ပေါင်ခံလိုက်၊ စိန်ရွှေအပေါင်ခံလိုက် နဲ့ နေခဲ့တာ တစ်လောကတော့ သမီးက မောင်မျိုးခိုင်နဲ့ ရည်ငံ နေကြောင်း ဖွင့်ပြောတယ်လေ "
ဒေါ်ခင်မျိုးက အံ့သြဟန်ဖြင့် နားစွင့်နေသည်။
" သမီးကပြောတော့ ကျွန်တော်ကလဲ မေးရတာပေါ့၊ မျိုးရုးဇာတိ မိဘအခြေအနေကို အဲဒီတော့မှ မခင်မျိုး သား ဖြစ်နေတာကို သိရတယ်၊ ဒါပေမယ့် နာမည်တူများ ဖြစ်လေမလားလို့ သေချာအောင် လူကိုယ်တိုင် လိုက်လာခဲ့တော့ အခု သူငယ်ချင်းကို တွေ့ရတာပေါ့လေ "
ဦးထွန်းသစ်က အားရပါးရ ပြောနေသည့်နည်းတူ ဒေါ်ခင်မျိုး၏ မျက်နှာမှာလည်း ကျေနပ်နှစ်သိမ့်ဟန်ပေါ် နေသည်။ ခုတင်ခြေရင်းဘက်မျ ချွေးမလောင်းအား စေ့စေ့ကြည့်လိုက်ပြီး …
" ကျွန်မတော့ သိပ်ဝမ်းသာတယ် ကိုထွန်းသစ်၊ ရှင်ကရော သဘောတူနိုင်ပါ့မလား "
ဟု ရွှင်လန်းသောအသံဖြင့် မေးလိုက်၏။
" ဟာ … ဘယ်လိုပြောပါလိမ့် မခင်မျိုးရယ်၊ ဟုတ်နေ သဘောတူမယ်ဟ ဆိုပြီး ကိုယ်တိုင်လိုက်လာတာပေါ့ "
ခင်မင် ရင်းနှီးလှသော သူငယ်ချင်း နှစ်ယောက်က ပွင့်ပွင့်လင်းလင်း ပြောနေစဉ်မှာ ကိုမျိုးခိုင်နှင့် ခင်ခင်လေး တို့ တစ်ယောက် မျက်နှာ တစ်ယောက်ကြည့်ကာ မသိမသာ ပြုံးလိုက်ကြသည်။
------------------------
ဆက်ရန်
.

1 comment:
အဆက်လေးကို မျှော်နေတယ် ညီမရေ ညတုန်းက အခန်းဆက်တွေ ဖတ်ဖြစ်သွားတယ် ကျေးဇူးပါကွယ်
မေတ္တာဖြင့်
အန်တီတင့်
Post a Comment