Wednesday, June 22, 2011

တင်မောင်မြင့် ဘာသာပြန် သတင်းမုဆိုး အပိုင်း (၄၆)

နေ့လယ်စာကို ရုံးခန်းထဲတွင် ဖြစ်ကတတ်ဆန်း မှာမစားတော့၊ ကောင်းပေ့ဆိုသည့် စားသောက် ဆိုင်ကြီးများတွင် လှည့်စားသည်။ စာအုပ်လောကမှ ရောင်းရင်းများနှင့် ရံဖန်ရံခါ လက်ဆုံစာရင်း စကား ပြောသည်။
သူနှင့် အလုပ်လုပ်သည့် စာအုပ်တိုက်တွေ၊ အဆက်အသွယ်တွေများသည်ထက် များလာသည်။ အ၀တ်အစားကို ဂရုတစိုက် သေသေသပ်သပ် ၀တ်တတ်လာသည်။ အပြောအဆို ကိုယ်နှုတ် အမူအရာပါ ယဉ်ကျေးလာသည်။
"ခင်ဗျား သတိထားမိလား၊ ရုံးမှာ ကျွန်တော် အော်ငေါက်မပြောတော့ဘူးလေ" ဟု ရော့ဖ်ကို ခေါ်ပြောသည်။ လက်ရှိ အတွင်းရေးမှူးမကလေး ဂျူဒီဗယ်လတိုင်းမှာ လုပ်သက် ခုနစ်လေ ရှိပြီး ဟန့်ဂရင်နီ၏ အတွင်းရေးမှူး အများအပြားထဲတွင် လုပ်သက် အရှည်ဆုံး စံချိန် ဖြစ်၏။

အောင်မြင်မှုတစ်ခုရလျှင် ဟန့်က နောက်တစ်ဆင့်တက်ဖို့ အသင့်။
"ကျုပ်က စာပေပေါင်းကူး တစ်ဖင်နီတို့ အိုင်ဘီအမ်တို့နဲ့ ပေါင်းချင်တာ၊ ရှိရှိသမျှ စာပေပွဲစားတွေကို မြောင်းထဲ ရောက်အောင် အလဲထိုးပစ်ချင်တာ" ဟု ၂၉၇၃ ခုနှစ်တွင် ဟန့်က သူ့ရဲဘော်ကြီး ရော့ဖ် ကို ပြောခြင်း ဖြစ်သည်။
"အရေးကြီးတာက ဘာလဲ သိလား၊ ၀က်ဝက်ကွဲ စွံမယ့် စာအုပ်မျိုးရဖို့ပဲ၊ နံပါတ်တစ်က မဆင်းမယ့် စာအုပ်မျိုး၊ ရောင်းအစွံဆုံးတွေရဲ့ အပေါ်ဆုံးကို ခေါင်းနင်းတက်သွားမယ်စာအုပ်မျိုး၊ အားလုံးကို ကျော်ဖြတ်မယ့်စာအုပ်မျိုး၊ အဲဒီစာအုပ်မျိုးတစ်အုပ်လောက်ရကြည့် ဟန့်ဂရင်နီ မိုးထိအောင် လှေကားထောင်ပြမယ်"
"အဲဒီလို စာအုပ်ရအောင် မောင်ရင် ဘယ်လို ရှာမလဲ"
ရော့ဖ်က ပြန်မေးသည်။ ဟန့်နှင့် အလုပ်လုပ်နေသည့် တိုက်များသည် စာအုပ်ကို ပုံမှန် ထုတ်နေ သည့် ခပ်မှန်မှန် ခပ်အေးအေး တိုက်ကြီးများ ဖြစ်သည်။ ဘယ်တိုက်ကမှ ဟန့်ဂရင်နီလောက် မရည်ရွယ်ကြ။
"စောင့်ရမှာပေါ့၊ စောင့်ကြည်ရုံပဲ ရှိတယ် ရော့ဖ်၊ ဒါပေမယ့် အသင့်ပြင်ထားရမယ်၊ ဘယ်တော့မှ စိတ်မလျှော့ဘူး၊ မယုံကြည်နေလာမှာ၊ ကျွန်တော် အနံ့ရနေပြီ ရော့ဖ်"
"မင်း တကယ် ယုံယုံကြည်ကြည် ပြောတာလား ဟန့်"
"ဒါပေါ့ဗျာ၊ အရမ်း ယုံကြည်နေတယ်လေ"
 
အခန်း(၆၄)
လင်ကီ
"အသုံးမကျတဲ့ကောင်"
ဒေါသကြောင့် သူ့အသားတွေ တဆတ်ဆတ်တုန်နေ၏။ တယ်လီဖုန်းကို ၀ုန်းခနဲ ဆောင့်ချလိုက် သည်။
"ဘာဖြစ်တာလဲ ဟန့်"
ရော့ဖ်ပ ပြေးသွားပြီး မေးသည်။ စိတ်ဆိုးလွန်းနေုသဖြင့် ဟန့်စကားပြန်မပြောနိုင်။
"အရူးတွေ" ဟု တစ်ခွန်းသာ ပြောထွက်ပြီး စာမူထုပ်ကြီး ကောက်ယူ၍ ချိုင်းကြားညှပ်ပြီး ရုံးခန်းထဲမှ ၀ုန်းဒိုင်းကြဲ ထွက်သွားသည်။

"ဘာဖြစ်တာလဲဟင်"
ဂျူဒီက ရော့ဖ်ကို မေးသည်။ ဟန့်ဒေါသဖြစ်သည်ကို သူတစ်ခါမျှ မတွေ့ဖူး၊ ဆဲရေးတိုင်းထွာသည်ကိုလည်း တစ်ခါမှ မကြားဖူးခဲ့၊
"ဂျိန်းဂရက်ခ်ျရဲ့ "ရှင်နဲ့ကျွန်မ" ကို ဟိုတိုက်က ထပ်ပယ်လိုက်လို့ကွ"
သူပိုက်သွားသည့် စာမူထုပ်ကြီးကို ကြည့်ပြီး ရော့ဖ်မှန်း ပြောလိုက်ခြင်း ဖြစ်၏။ ဂျိန်း၏ "ရှင့်နဲ့ကျွန်မ"သည် ဟန့်ဂရင်နီအတွက် ထန်းလျက်အိုးကြီး ဖြစ်၏။
"သူ ဘယ်သွားတာလဲဟင် ရော့ဖ်"
ကောင်မလေးက ထပ်မေးသည်။
"ပယ်လိုက်တဲ့ တိုက်ကို သွားတာ ဖြစ်မှာပေါ့၊ အင်း လူသတ်မှုတွေတောင် ဖြစ်ကုန်မလား မသိဘူး"

ရင်ခုန်သံ မြန်မြန်၊ ပူပူလောင်လောင် အခန်းတွေ များများ၊ ပြင်းထန် ပေါက်ကွဲမှု ဒုနှင့်ဒေး၊ ဂျိန်း၏ ၀တ္ထုကို ဖတ်ပြီးပြီးချင်း "ပွပြီကွ" ဟုဟန့်က ကြုံဝါးလိုက်၏။ "ရှင်နဲ့ ကျွန်မ"သည် သူစောင့်နေသည့် ၀တ္ထုမျိုး ဖြစ်သည်။ သိပ် သေချာသည့် စာအုပ်၊ နံပါတ်တစ်က ဆင်းမည့် စာအုပ်မျိုး မဟုတ်။
တစ်သန်းလောက် ကိုယ့်အတွက် ကျန်မည့် စာအုပ်မျိုး၊ ရုပ်ရှင်က ထပ်ရဦးမည်။ စာအုပ်အသင်းတွေ၊ နိုင်ငံခြားပုံနှိပ်ခွင့်တွေ ခေါင်းထဲတွင် တန်းစီ ၀င်လာ၏။ တကယ့် ရတနာသိုက်ကြီး။ လက်နှစ်ဖက်ပွတ်ပြီး အသားလုံးကြော် တစ်တုံးယူပြီး မြှုံသည်။
စာအုပ်တိုက်တွေ သူ့ဆီမှာ လာပြီးတန်းစီ စေရမည်။
သို့သော် သည်တစ်ချီ ဟန့်ဂရီိနီ လွဲချက်နာပုံက  ရှက်စရာပင် ကောင်းတော့သည်။ တိုက်ဆယ်တိုက်သို့  ပို့သည်။ အားလုံးက ပယ်ချသည်။
ဒေါသတကြီး တယ်လီဖုန်းထဲ ကလော်ဆဲခဲ့သည့်တိုက်က ဒွါ ဒသမ မြောက်တိုက် ဟန့်ဂရီနီ လုံးဝ သည်းမခံနိုင်တော့ပါ။
မဂ္ဂနမ်ပစ္စတိုမှ ထွက်သွားသည့် ကျည်ဆန်တစ်တောင့်၏ အဟုန်မျိုးဖြင့် ဥတ္တရကြယ်တိုက်ဆီသို့ ဟန့် ရောက်သွားသည်။ လင်ကီနှင့် မျက်နှာချင်းမဆိုင်ခဲ့သည်မှာ ဆယ်နှစ်ကျော်ခဲ့ပြီ။ မလွှဲသာ မရှောင်သာ ဆုံသည့်ပွဲများတွင် လင်ကီက မျက်နှာလွှဲထားသည်ချည်း။ အဖက် မတန်သလို လုပ်နေသည်ချည်း။ အဖက် မတန်သလို လုပ်နေသည်ချည်း။ သူ့ကို ပမွှားတစ်ကောင်လို လုပ်လေ ဟန့်၏ ဒေါသတွေ ပေါက်ကွဲလေဖြစ်ခဲ့ရ၏။
ခုတော့ ဒါတွေ မေ့ထားရတော့မည်။ အလုပ်သဘောအရ ဆက်ဆံရတော့မည် မဟုတ်လား။
ဧည့်ကြို စားပွဲတွင် လင်ကီ ရုံးခန်းဘယ်မှာလဲဟု အသံကုန် ဟစ်ပြီး မေးသည်။ အမျိုးသမီင်္းပ လက်ညှိးညွှန်မည် ကြံကာ ရှိသေး၊ သူ ညွှန်မည့်ဘက်ကို ခြေလှမ်းကျဲကြီး နှင့် မပြေးရုံတမည် လျှေက်သွားသည်။
လင်ကီ အခန်းထဲ တန်းဝင်ပြီး ခုံလွတ်တစ်ခုတွင် ၀င်ထိုင်သည်။ စာမူ အထုပ်ကြီးကို စားပွဲပေါ် ပစ်ချသည်။
"ဟောဒီမှာ မင်းတို့ စောင့်နေတဲ့ စာမူမျိုး၊ ဥတ္တရကြယ်ကို ထိပ်ဆုံး ပို့ပေးမယ့် ၀တ္ထု၊ မင်းလည်း လျှမ်းလျှမ်းတောက် ဖြစ်သွားမယ်၊ ဂေါ်ဒွန်းလည်း သူ အိပ်မက်မက်ဖူးတဲ့ နေရာကို ရောက်သွား မယ်၊ ကဲ မင်းကိုယ့်ကို ဘယ်လောက် ပေးမလဲ"
လင်ကီ သူ့ကို ငေးကြည့်နေသည်။ မတွေ့သည်မှာ ကြာပြီ မဟုတ်လား၊ သူ လုံးဝ ပြောင်းလဲနေပြီ၊ သားသားနားနား ဖြစ်နေ၏။ ဆံပင်ပုံစံနှင့် အ၀တ်အစားကြောင့် ဖြစ်မည်။ အမြဲတမ်း ရှုံ့ထားတတ် သည့် မျက်ခုံတွေ လျှော့ပြေနေ၏။ သို့သော် သူ့ခန္ဓာကိုယ်ထဲမှ အားမာန်တွေကကတော့ ဟိုတုန်းက အတိုင်းပင် ပြင်းထန်နေဆဲ၊ တွန်းကန်နေဆဲ။ သည်မီးလျှံ အရှိန်ကို လင်ကီ စားပွဲ တစ်ဖက်မှ ခံစားနေရသလိုလို ထင်ရ၏။
"ဘယ်တိုက်တွေက ပယ်လိုက်ပြီလဲ"
လင်ကီက တဲ့တိုးမေးလိုက်သည်။
"မင်း မေးခွန်းက ဘာအဓိပ္ပာယ်လဲ"
ဟန့်က ပြန်မေးသည်။ ပြီးတော့ လင်ကီကို တစ်ချက် စိုက်ကြည့်လိုက်၏။ သေတော့မှာပဲ၊ အရမ်း ကျက်သရေရှိနေဆဲပါလား။
"မေးသင့်လို့ မေးတာပါ၊ တော်ရုံတန်ရုံနဲ့ ရှင် ဥတ္တရကြယ်ကို ဘယ်ရောက်လာပါ့မလဲ"
"ဆယ့်နှစ်တိုက်က ပယ်ထားတယ်"
"ဥတ္တရကြယ်က ၁၃ဆိုတော့ ကံမကောင်းတဲ့ နံပါတ်ပေါ့"
"မဆိုင်ပါဘူး၊ မင်းက စာမူအရွေးတော်တယ်၊ ကျန်တဲ့တိုက်က ကောင်တွေက ငတုံးတွေ"
လင်ကီက စာမူကို တစ်လှည့် ဟန့်ကို တစ်လှည့် ကြည့်ပြီး
"ကောင်းပြီလေ ဖတ်ကြည့်မယ်"

"ရှင်နဲ့ကျွန်မ" ကို စ ဖတ်လိုက်သည်နှင့် ဟန့်ပြောတာ မှန်တယ်ဟု လင်ကီ ချက်ချင်း ကောက်ချက် ချလိုကသ်ည်။ စလိုက်သည်နှင့် လက်က မချနိုင်တော့၊  ဖတ်ပြီးတော့လည်း ဇာတ်ကောင်တွေကို ခေါင်းထဲမှ ထုတ်၍ မရတော့။
"ရှင်နဲ့ကျွန်မ" သည် အချစ်ဇာတ်လမ်းတစ်ပုဒ် ဖြစ်၏။ တစ်ပြိုင်တည်း အမုန်းဇာတ်လမ်းတစ်ပုဒ် ဟုလည်း ဆိုနိုင်သည်။ မင်းဟက်တန်မှ စာကြည့်တိုက် သုတေသနမှူး မိန်းကလေးတစ်ဦးနှင့် အချစ်ဇာတ်လမ်း၊ အမုန်းဇာတ်လမ်း ဖြစ်သည်။ လက်ထပ်အံ့ဆဲဆဲတွင်မှ ဗြုန်းခနဲ ရက်စက်မှု အပေါင်း သရဖူ ဆောင်းသည့် ဇာတ်သိမ်းခန်းဖြင့် အဆုံးသတ်ပစ်လိုက်၏။
မင်းသားက ဟဲမင်းဝေ၏ ဇာတ်လိုက်မျိုး၊ အချစ်ကိစ္စတွင် ခပ်ရမ်းရမ်း ပျိုတိုင်း ကြိုက်သည့် နှင်းဆီခိုင်။ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေသူမျိုး။
ဖရန်စင်းကော့ဒ်က အတွေးအခေါ် ရှိသည်။ အချစ်ကိစ္စတွင် သောင်းကျန်းတာခြင်း မင်းသားနှင့် သွားတူသည်။ အီဗန်၏  အစွံဆုံးဖြစ်မည့် ၀တ္ထုကြီးကို နှစ်ယောက်ပေါင်း စိတ်ကူးပြီး ရေးကြသည်။ သို့သော် ထင်သလောက် မပေါက်။
အချစ်ခန်းများကို အပွင့်လင်းဆုံး ရေးထား၏။ မိန်းမသား တစ်ယောက်၏ ရှုထောင့်မှ ရေးခြင်းမျိုး။

စာမူကြီး ဖတ်ပြီးတော့ ဟန့်ဆီသို့ လင်ကီ ဖုန်းပြန်ဆက်သည်။
"ဂျိန်းဂရက်ချက်ဝတ္ထု ဖတ်ပြီးပြီ၊ ဟန့် ပြောတာ မှန်ပါတယ်"
"သိနေတယ်လေ၊ မင်းကိုယ့်အတိုင်း မြင်လိမ့်မယ်ဆိုတာလေ"
"တစ်သောင်းကြိုပေးမယ်" ဟု လင်ကီ စပြောသည်။ ပြောပြီးသည်နှင့် ဖုန်းနှင့် နားမှခွာထားလိုက် ၏။ စတင်ကမ်းလှမ်းသည့်ငွေမှာ နည်းလွန်းနေ၏။ သူ့ဘက်မှ ပေါက်ကွဲတော့မည်ကို လင်ကီ ကြိုသိနေသည်။
"လုံးဝ အဓိပ္ပာယ် မရှိဘူး၊ ဒီဝတ္ထုက တစ်သန်းလောက် တန်တယ်၊ အဲဒါ မင်းလည်း သိတယ်၊ ကိုယ်လည်း သိတယ်"
ထင်သလို မပေါက်ကွဲလာသဖြင့် လင်ကီ အံ့သြနေ၏။ သာမန်လေသံဖြင့်ပင် သူပြောနေခြင်း ဖြစ်၏။
"ဒါပေမယ့်၊ တိုက်တကာက ပယ်ထားတယ်ဆိုတာလည်း မင်းနဲ့ကိုယ် သိပြီးသား၊ သူတို့အားလုံးဟာ သတ္တိ မရှိတာလား၊ တုံးတာလား၊ နှစ်ခုလုံးလားဆိုတာ ကိုယ်မသိဘူး၊ ထားတော့ မင်းကို ကိုယ်တစ်သောင်းနဲ့ ရောင်းမယ်၊ ဒါပေမယ့် ကြော်ငြာဖို့နဲ့ အရောင်းမြှင့်ပေးဖို့တော့ စာချုပ်ထဲ ထည့်ချုပ်ရမယ်"
"သဘောတူတယ်၊ စာအုပ်နဲ့ စာရေးဆရာမကတော့ ကြော်ငြာလို့ သိပ်ကောင်းမှာပဲ၊ ဂျိန်းကို ဂလင်ဆင် ကလဲယား ဆီမှာ တွေ့ဖူးတယ်၊ တီဗီမှာပါ ကြော်ငြာ လိုက်ရရင် အပျံစား နေမှာပဲ"
ကြော်ငြာ ဘတ်ဂျက်ကို နှစ်သောင်းခွဲထားပြီး ရောင်းအစွံဆုံး စာရင်းဝင်ရင် တစ်ပတ်ကို တစ်သောင်း၊ ဆယ်ပတ်စာ ပေးရမည်ဟု လင်ကီနှင့် ဟန့် သဘောတူလိုက်ကြသည်။
"မင်း စာအုပ်ကိစ္စ အပေးအယူ လုပ်တဲ့အထဲမှာ ဒါဟာ  အနိပ်ဆုံးပဲ"
အားလုံး ညှိနှိုင်းပြီးတော့ ဟန့်က လင်ကီ့ကို ပြောလိုက်သည်။
"ရှင်က လင်ကီ့ကို ခုထိ အကဲဖြတ်နေတုန်းလား"
"ဒါက သဘာဝပဲလေ၊ ဟန့်ဂရင်နီဆီမှာ လုပ်သွားဖူးတဲ့ အလုပ်သမား တစ်ယောက်ကို ဟန့်ဂရင်နီ အကဲဖြတ်ခွင့် ရှိတယ်လေ"
"အလုပ်ဖြုတ်လိုက်ပြီးမှတောင် အကဲလိုက်ဖြတ်ဦးမယ် ဟုတ်လား"
"အလုပ်ဖြုတ်တယ် ဟုတ်လား၊ အပေါင်းအသင်းတွေ ကြားထဲမှာ အလုပ်ဖြုတ်တာလောက်ဟာ အသေးအဖွဲပါကွာ"
"အပေါင်းအသင်းတွေ ဟုတ်လား"
ကိုယ်ကတော့ အဲဒီလို ဖြစ်ချင်တယ်၊ မင်းလက်ခံရင်ပေါ့လေ၊ အတိတ်ကို တူးမြှုပ်ပစ်လိုက်ဖို့ အချိန် ရောက်ပြီ ထင်တယ် လင်ကီ"

"ဒီနွေရာသီမှာ တို့တိုက်ရဲ့ အပေါက်ဆုံးစာအုပ် ဖြစ်ရမယ်၊ တို့ထုတ်ခဲ့သမျှထဲမှာ ရောင်းအကောင်း ဆုံး ဖြစ်စေရမယ်" ဟု စာမူကို ကမ်းပေးရင်း လင်ကီက အယ်လီကို ပြောလိုက်သည်။
"နံပါတစ်တောင် တက်ချိတ်ချင် ချိတ်နိုင်တယ် အယ်လီ၊ မင်း ဖတ်ပြီးရင် ဖြန့်ချိရေးနဲ့ ကြော်ငြာကိစ္စ တို့ တိုင်ပင်ကြ တာပေါ့"

ဆက်ရန်
.

1 comment:

Anonymous said...

ဂျိန်းနဲ့ အယ်လီ တွေ့တော့မယ်
ဘာဆက်ဖြစ်မလဲ.........