Tuesday, June 21, 2011

မဝင်းမြင့် ၏ မြသေလာတောင် ဆွေးဖွယ်နှောင်သည် အပိုင်း (၁၉)

ကျွန်ုပ် ဤနေရာရောက်ပြီး ရက်ပေါင်း တစ်ရာ့တစ်ဆယ့်ငါးရက်သို့ တိုင်လာခဲ့သော နေ့တွင်ကား သူငယ်လေး သည် ကျွန်ုပ်အား အောက်ပါအတိုင်းပြောပြ၏။
" နင့် အ၀တ်တွေက ပေနေပြီ၊ ဟောင်းနေပြီ၊ နက်ဖြန်တို့များဝတ်တဲ့ သင်တိုင်းမျိုးတစ်ထည် နင် ၀တ်ရမယ် "
" ဘယ်သူ က ငါ့ကို ပေးမှာလဲ "
ကျွန်ုပ်က မေးလိုက်၏။

" ဟဲ့ ... တို့စော်ကဲကြီး ယူလာမှာပေါ့၊ နက်ဖြန်ဆိုရင် ဗုဒ္ဓကို သွားပြီး ရှိခိုးရမယ့်နေ့ပဲ၊ တို့များရွာက လူတွေ အားလုံး သွားရမယ်၊ ဘုရင်မပါ ဗုဒ္ဓဆီကို လာရှိခိုးမှာ "
" ဘာ ... ဘုရင်မ ဟုတ်လား "
ကျွန်ုပ်က အံ့အားသင့်စွာ မေးလိုက်သည်။
" အေးပေါ့ ... တို့ဘုရင်မက သိပ်လှတယ်၊ ဒါပေမယ့် နင်သူ့ကို သိပ်မကြည့်နဲ့၊ ဘုရင်မအနားမှာ စောင့်တဲ့ လူတွေက နင့်မျက်လုံးကို ဒူးလေးနဲ့ ပစ်လိုက်လိမ့်မယ်"
" ငါက တခြားကလာတဲ့လူကွယ့်၊ နင်တို့လူမျိုးမှ မဟုတ်ဘဲ၊ ဗုဒ္ဓကို သွားရှိခိုးရမယ့်နေရာကို ငါ လိုက်ခွင့်ရပါ့ မလား"

" ဟဲ့ ... အားလုံး လူတွေသွားရမှာ၊ နင့်ကို ဒီမှာ တစ်ယောက်တည်းထားခဲ့လို့ ဘယ်ဖြစ်မလဲ၊ နင် ထွက်ပြေး မှာပေါ့၊ နင့်ကိုလဲ ဒူးလေးကိုင်နှစ်ယောက်က စောင့်ခေါ်မယ်၊ ငါလဲ နင့်အနားမှာ အမြဲရှိမယ် "
" ငါ့ကို ဘယ်တော့မှ ပြန်မလွှတ်တော့ဘူးလား "
ကျွန်ုပ်က ဤသို့ မေးလိုက်သောအခါ သူငယ်ကလေးသည် အသံမထွက်ဘဲ အားရပါးရ ရယ်လိုက်ပြီး ကျွန်ုပ် နားလည်သဘောပေါက်အောင် ပြောပြလေသည်။ သူငယ်လေးပြောပြ၍ သိရသည်ကား ...။
ယခု ကျွန်ုပ် ရောက်ရှိနေသောနေရာသည် မြေပြင်ဒေသ မဟုတ်ဘဲ " နောင်စငဲ့ " အမည်ရှိသော တောင် တန်းပေါ် တွင် ရောက်နေခြင်းဖြစ်သည်။

ဤနောင်စငဲ့ တောင်တန်းတွင် ရှေးလွန်လေပြီးသော နှစ်ပရိစ္ဆေဒ ကြာမြင့်စွာကပင် နေထိုင်လာခဲ့သော လူများသည် ကရင်လူမျိုးအစစ်ဖြစ်ကြသော်လည်း အခြားသောနေရာဒေသရှိ ကရင်များနှင့် ဆက်သွယ် ပေါင်းယှက် ကူးလူးသွားလာခြင်း လုံးဝမပြုဘဲ၊ သီးသန့် တစ်နယ် တစ်ရွာ တည်ထောင်နေထိုင် ကြကြောင်း။
သတ္တ၀ါတို့၏ သွေးသားပါသော အစားအစာကို လုံးဝ မစားဘဲ သက်သတ်လွတ်သာလျှင် စားသောက်ကြ ကြောင်း၊ မကျန်းမမာဖြစ်လာလျှင် သေနေ့စေ့သောသူမှအပ မည်သည့် ဝေဒနာမဆို ဗုဒ္ဓ၊ ဓမ္မ၊ သံဃ သုံးပါး ပါရှိသော ဗုဒ္ဓဆေးပင် (ကျွန်ုပ်အား တိုက်ကျွေးခဲ့သောဆေးပင် ဖြစ်ဟန်တူသည်) သာ တိုက်ကျွေးက ကျန်း မာ၍ အသက် ချမ်းသာရာရကြောင်း။

တစ်ကြိမ် နှစ်ကြိမ် တောင်ထွတ်ပေါ်ရှိ ဗုဒ္ဓကို ကလေးလူကြီး တစ်ယောက်မကျန် သွားရောက် ဖူးမြော်ရ ကြောင်း၊ ဗုဒ္ဓပူဇော်ပွဲကို ဘုရင်မကိုယ်တိုင် အခမ်းအနားဖြင့် ထွက်တော်မူကြောင်း။
ဗုဒ္ဓ စံတော်မူရာ တောင်ထွတ်ဝယ် ဆေးပင်များ အများအပြားရှိကြောင်း စသည်ဖြင့် ကျွန်ုပ် သိရသည်။
သူငယ်လေး ၏ စကားအရ၊ ဗုဒ္ဓဆေးပင်သည် အခြားသော နေရာဒေသမှာ တွေ့ရှိနိုင်ရန် အလွန်ခဲယဉ်းလှ သည်။ ကျွန်ုပ်အဖို့ ကံကောင်းထောက်မသဖြင့် သေနေ့ မစေ့သေးသောကြောင့် ခဲခဲယဉ်းယဉ်းတစ်ပင်မျှ အဆင်သင့် တွေ့ရကြောင်း သိရ၏။

ထိုနေ့ကလည်း အကြီးအကဲ အဘိုးကြီး ငါးယောက်သည် ပြုနေကျ ၀တ္တရားအတိုင်း ဘုရင်မစံတော်မူရာ နန်းအနီးရှိ လိုဏ်ဂူထဲမှ ကမ္ဘာဦးကာလကပင် အလိုအလျောက်တည်ရှိနေသော ကျောက်ဥဒေါင်းရုပ်ကြီးကို ဆီမီး ပန်း နံ့သာဖြင့် ပူဇော်နေဆဲဝယ် ကျောက်ဥဒေါင်းကြီးသည် တစ်ချက်မျှ မသိမသာ မြည်ကြွေး လိုက်သည် ကို ကြားရသည်ဟု ဆိုသည်။
ဤ အထိမ်းအမှတ်ကား ဘုရင်မစံတော်မူရာ "နောင်စငဲ့" တောင်တန်းအနီးဝယ် သူစိမ်း တစ်သီးတစ်ယောက် ရောက်ရှိ နေပြီဟူသော အဓိပ္ပာယ်ပင်ဖြစ်သည်။
ရန်သူ ဖြစ်ပါမူ ကျောက်ဥဒေါင်းရုပ်ကြီးက သုံးကြိမ်တွန်ကျူးသည်ဟုဆို၏။ ကျောက်ဥဒေါင်းရုပ်ကြီး သတိပေး ချက် အရ လူကြီး ငါးယောက်သည် နောင်စငဲ့တောင်တန်းပေါ်မှ ဆင်းလာကာ ရောက်ရှိနေမည့် တစ်စုံ တစ်ယောက် သော သူအား ရှာဖွေရာ တစ်နေကုန်၍ နေ၀င်ခါနီးမှ ကျွန်ုပ်အား တွေ့ရသည်။

ကျွန်ုပ်၏ ခံ့ညားချောမောသော မျက်နှာ၊ ၀ငါးဝါသော အသားနှင့် ရှည်လျားသောဆံပင်များကြောင့် မိန်းမ ဟူသော အမှတ်ဖြင့် တောင်တန်းပေါ်သို့ တင်ယူ ခေါ်ဆောင်ခဲ့ရာ တောင်တန်းပေါ်ရောက်၍ မိန်းမများနှင့် သေချာ စွာ စစ်ဆေးကြည့်ရှုမှ ယောက်ျားဖြစ်နေကြောင်း သိရသည်ဟု ဆိုသည်။
သို့သော် ဤနောင်စငဲ့မှာ နေသူအားလုံးသည် သစ္စာ၊ သမာဓိ ရှိသောလူများ၊ သူတော်ကောင်းတရားရှိသော သူများ ဖြစ်ကြသဖြင့် ကျွန်ုပ်အား တစ်စုံတစ်ရာ နှိပ်စက်ခြင်းမပြုဘဲ ဤဥယျာဉ်ထဲမှာ သီးသန့်ထားကြသည်။

ဒူးလေးကိုင် စစ်သည်တော်များသည် တဖက်သားအား အကြောင်းမဲ့ ညှဉ်းဆဲ ဆတ်ဖြတ်ခြင်း မပြုမူဘဲ သူတို့၏ စည်းကမ်း ဥပဒေကို ဆန့်ကျင်သူ ဗုဒဓစံရာ တောင်ထွတ်နှင့်တကွသော "နောင်စငဲ့" တောင်တန်း မှာ နေထိုင် သူများ အား ဖျက်ဆီးနှိပ်စက်လိုသူများကိုသာ ဒူးလေးဖြင့် အသေဆုံးမသည်။
ဘုရင်မ အတွက်ဆိုလျှင် အသက် စွန့်ကြမည့်သူများမှာ အားလုံးပင်ဖြစ်ကြောင်း ကျွန်ုပ် သိရပေသည်။

" ဘုရင်မ နာမည် ဘယ်လိုခေါ်လဲ "
ကျွန်ုပ် က မေးလိုက်သည်။
" ဘုရင်မ နန့်နောင်းခါရီ "
သူငယ်ကလေးကဖြေပြီး ဥယျာဉ်တံခါးဝသို့ လှမ်းမျှော်ကြည့်လိုက်သဖြင့် ကျွန်ုပ်ကပါ လှည့်ကြည့်လိုက်သည်။
ကျွန်ုပ်အတွက် စားသောက်စရာများ လာပို့သော သူငယ်သည် ခေါင်းတုံးပြောင်ပေါ်တွင် သစ်သားလင်ပန်း ကို ရွက်ပြီး အေးဆေးတည်ငြိမ်စွာ လာနေသည်ကို တွေ့ရ၏။
" နေပါဦးကွယ့်၊ ငါ့ကို ပြန်မလွှတ်တော့ဘူးလား "

ထမင်းပို့လာသော သူငယ်ကလေးအနီး ရောက်မလာမီ ကျွန်ုပ်က အရေးတကြီး မေးလိုက်၏။ သူငယ်ကလေးက ဦးခေါင်းကို ဖြည်းလေးစွာ ခါလိုက်သည်။
တို့ ပြည်တို့နယ်ထဲရောက်ပြီးမှ ပြန်ခွင့်ပြုလိုက်ရင် ဗုဒ္ဓရယ် ဆေးပင်ရယ် ဘုရင်မရယ် တို့တတွေ ဒီမှာ ရှိနေ ကြောင်း ကို နင်တို့တိုင်းပြည်ကလူတွေ သိကုန်မှာပေါ့၊ နင်နဲ့ တို့ဘုရင်မနဲ့ ဦးခေါင်းချင်းတူလို့ နင့်ကို မိန်းမ ထင်ပြီး ခေါ်လာတာ။ စတွေ့ကတည်းက ယောက်ျားမှန်းသိရင် နင့်ကို ဒီအတိုင်း ပစ်ထားခဲ့မှာပေါ့ "
သူငယ်လေးက စကားကို အဆုံးသတ်ကာ ရုတ်ခနဲ ထပြီး တဲအောက်သို့ ဆင်းသွားလေတော့၏။
-------------------------------
အခန်း (၂)

တောကြက်များ တောင်ပံရိုက်ကာ သာယာစွာ တွန်ကျူးသံကြောင့် ကျွန်ုပ်သည် အိပ်ရာမှ နိုးလာသည်။ ချမ်း အေး လှ သဖြင့် ကျွန်ုပ်သည် အိပ်ရာထဲမှ မထဘဲ ကွေးမြဲတိုင်း ကွေးနေမိသည်။
တောကြက်များ တွန်သံကိုကြားမှ ကျွန်ုပ် သတိထားမိသည်ကား ကျွန်ုပ် စရောက်သည့်နေ့မှစ၍ ခွေးဟောင် သံ ကို လုံးဝ မကြားမိခြင်း ဖြစ်ပေ၏။
လူနေအိမ်ခြေ ရှိနေလျှင် ခွေးကတော့ ရှိစမြဲပင်။ ကျွန်ုပ်နေထိုင်ရာမှာ လူသူအဆက်ဝေး၍ပင် ခွေးသံကို မကြားလေ သလားဟု တွေးမိ၏။
တောကြက်များ တွန်သံနှင့် မရှေးမနှောင်းပင် ကျွဲချိုမှုတ်သံလိုလို အသံများ၊ စည်သံလိုလို အသံများ၊ မောင်း သံလိုလို အသံများသည် အချိတ်အဆက် မှန်မှန် ထွက်ပေါ်လာသည်။ ဆိတ်ငြိမ်လှသော အရုဏ်ဦး အချိန် ၀ယ် လေးတွဲ့ သာယာလျသော တူရိယာသံများသည် စိတ်ဘ၀င် ညွတ်နူးဖွယ် ကောင်းလှပါဘိ၏။

ကျွန်ုပ်၏စိတ်သည် မတည်မငြိမ် ပျံ့လွင့်ကာ လွမ်းဆွတ်တမ်းတမှုပေါ်လာသည်။
ထိုအခိုက် သူငယ်လေးက ကျွန်ုပ်မနိုးသေး အထင်ဖြင့် လာနှိုးသည်။
" နိုးနေပါပြီကွယ့်၊ ဒါထက် မင်းလဲ ငါနဲ့နေတာ ကြာလှပြီ၊ နာမည်လဲ အခုထက်ထိ မသိရ၊ မင်းနာမည် ဘယ်လိုခေါ်လဲ "
" ဟေ ... ငါ့နာမည် စောဝေဖော်၊ နင့်နာမည်ရော "
" ဗလတဲ့ မှတ်ထား "
" အေး ... ဗားလား ... ဗားလား ထတော့ "
ကျွန်ုပ်သည် ပျော်ရွှင်ခြင်း ကင်းမဲ့သည့်အထဲကပင် သူငယ်လေး၏ ခေါ်သံကြောင့် ရယ်လိုက်မိ၏။

မျက်နှာသစ် ကိုယ်လက် သုတ်သင်ပြီးသော် မိုးကောင်းကင်သည် ပိုမိုကြည်လင် ပြတ်သားစွာ မြင်နိုင်အောင် လင်းလာပြီဖြစ်၏။
မကြာမီ ကျွန်ုပ်အား ကယ်တင်ပြီး ဝေဒနာ ကင်းပျောက်သည့်နေ့မှာ တစ်ကြိမ်သာလျှင် လာပြီး တစ်ခါ တစ်ခေါက်မှ မပေါ်လာသော အကြီးအကဲ အဘိုးကြီး နှစ်ယောက်သည် နောက်ပါ ဒူးလေးကိုင် စစ်သားနှစ် ယောက် နှင့် ကျွန်ုပ်ရှိရာ ရောက်လာသည်။

သူတို့၏ နောက်ပါးဝယ် ကျွန်ုပ်အား ထမင်းပို့နေကျ သူငယ်လေးက အနီနှင့် အနက်စင်း အသစ်စက်စက် မာတောင့်နေသေးသော ဂျပ်ခုပ်သင်တိုင်းကြီး တစ်ထည်ကို ကိုင်လာသည်။
" ငါ့အသက်ကို ကယ်တင်ထားတဲ့ ကျေးဇူးရှင် အဖေတို့ကို ငါ ရှိခိုးပါတယ် "
သူတို့ဘာသာတွင် ကျွန်တော်၊ ကျွန်ုပ်၊ ခင်ဗျား ဟူသော စကားမရှိ၊ နင်၊ ငါ၊ အရှင်၊ သခင် ဟူသော စကား သာရှိသည်။
တဲရှေ့သို့ ရောက်လာသော အဘိုးကြီး နှစ်ယောက်အား ကျွန်ုပ်က ရိုသေစွာ နှုတ်ဆက်ကာ လက်အုပ်ချီ လိုက်ပါသည်။ လူမျိုးချင်း မတူစေကာမူ သူတို့၏ အသက်အရွယ်ကလည်း ရိုသေထိုက်သည်။ ကျေးဇူးရှင် လည်း ဖြစ်သည်။

အကျင့်စာရိတ္တ၊ သစ္စာ၊ သမာဓိကိုလည်း သိပြီးဖြစ်၍ ကျွန်ုပ်စိတ်တွင် ကြည်ညိုနေသည်။ တစ်ဦးမေတ္တာ တစ်ဦး မှာ ဆိုသော စကားအတိုင်းပင် အဘိုးကြီးနှစ်ယောက်ကလည်း ကျွန်ုပ်အား ကြင်နာပုံရသည်။
" ဟေး ... နင် တော်တော် စကားပြောတတ်နေပီ၊ နင့်နာမည်ကိုပြော "
ကျွန်ုပ်အား ပွေ့ထူခဲ့သော အဘိုးကြီးက မေးလိုက်၏။
" ဗလလို့ခေါ်တယ် အဖေ "
" အေး ... ဗားလား ... နင့်အ၀တ်တွေချွတ်၊ တို့အ၀တ်ကို      "
အဘိုးကြီးက ပြောလိုက်သောအခါ သင်တိုင်းကို ပွေ့ယူလာသော သူငယ်လေးက ကျွန်ုပ်အား သင်တိုင်းကို လှမ်းပေးသည်။

ကျွန်ုပ်သည် သူတို့အလိုအတိုင်း ကျွန်ုပ်၏ အ၀တ်ဟောင်းများကိုချွတ်ကာ သင်တိုင်းကို ၀တ်လိုက်ပါသည်။
" အေး နင်အခုမှ လှသွားတယ် "
အဘိုးကြီးနှစ်ယောက်က သဘောကျစွာပြောပြီး တည်ငြိမ်ကာ မျက်နှာထားကြီးများဖြင့် ကြည့်နေကြသည်။ သို့သော် ကျွန်ုပ်၏ စိတ်ထဲမှာကား လှသည်ဟုမထင်၊ ကျွန်ုပ်၏ ရုပ်သွင်သည် ရယ်စရာကြီး ဖြစ်နေသည်။ သို့သော် နှစ်ခြိုက်ဟန်ဆောင်နေရ၏။

" ငါ့သား ... နင်သိအောင် ကြိုတင် ပြောထားမယ်၊ ငါက ဒီ နောင်စငဲ့တောင်တန်းမှာ ဘုရင်မကလွဲရင် တန်ခိုး အကြီးဆုံးပဲ၊ ငါ့နာမည်က ဖူးသာကိုကွီလို့ခေါ်တယ်၊ အဓိပ္ပာယ်က ငှက်ပျောပင် အနှစ်ပေါ့၊ ဒီအကြီး အကဲ ရာထူး ကို မျိုးရိုး အစဉ်အလိုက် ဆက်ဆံရတဲ့ ထုံးစံရှိတယ်၊ ဒါကြောင့် ငယ်နာမည် ဘာပဲဖြစ်ဖြစ် အကြီးအကဲ ရာထူး ဆက်ခံလိုက်ရင် ဖူးသာကိုကွီးလို့ အမည်ခံရတယ်၊ အခု တို့တစ်တွေ တစ်နှစ်တစ်ခါ ကျင်း ပမြဲဖြစ်တဲ့ ဗုဒ္ဓ ပူဇော်ပွဲ ကို သွားရမယ်၊ ရှေ့ဆုံးက အတီးအမှုတ်တွေနဲ့ ဆီမီးပန်းနံ့သာကိုင်စွဲတဲ့လူတွေ၊ အဲဒီနောက်က ဒူးလေး စစ်သား တွေ၊ အဲဒီနောက်က ဘုရင်မနဲ့ အခြံအရံတွေ၊ အဲဒီနောက်က ငါ၊ နင်က ငါ့ နောက်က လိုက်ရမယ်၊ ငါလုပ်သလိုလုပ်၊ ငါနေသလိုနေ၊ မမှားစေနဲ့၊ မှားရင် ဒူးလေးကိုင်တွေက နင့်ကိုပစ် သတ် လိမ့်မယ်၊ ဘုရင်မကိုလဲ နင် သေသေချာချာ စေ့စေ့မကြည့်ရဘူး ကြားလား၊ နာလည်လား ဗားလား "
" နားလည်ပါတယ် အဖေ "
" အေး ... လာ သွားကြစို့ "

အဘိုးကြီးနှစ်ယောက်က ရှေ့မှသွားသည်။ သူတို့နောက်က ကျွန်ုပ်လိုက်ရသည်။ ဒူးလေးကိုင် နှစ်ယောက်က ကျွန်ုပ် ၏ တစ်ဖက်တစ်ချက်တွင် ဒူးလေးကို အဆင်သင့် မြားတင်ပြီး လိုက်လာသည်။
မည်သို့ပင် ဖြစ်စေ အကျယ်ချုပ်ခံနေရသော ဤဥယျာဉ်ထဲမှ ထွက်ရပေတော့မည်။ နယ်မြေဒေသ အနေအထား လမ်းခရီး အဆက်အသွယ် အခြေအနေ၊ သူတို့၏ နေခင်းထိုင်ခင်းကို တွေ့မြင် အကဲခတ်ခွင့် ရပြီဖြစ် ၍ ကျွန်ုပ် ၀မ်းသာမိသည်။

ဥယျာဉ်တံခါးဝမှ ထွက်လိုက်သောအခါ ကျွန်ုပ်မှာ အံ့အားသင့်မိ၏။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ် အကျယ်ချုပ်ခံနေရသော ဥယျာဉ်၏ရှေ့-နောက်-၀ဲ-ယာ ပတ်ဝန်းကျင် တောင်စောင်း တောင်ကုန်းတို့တွင် ဥယျာဉ် ပန်းခြံ၊ ယာခင်းများဖြင့် ကျွန်ုပ်နေသော တဲငယ်မျိုး အကြီးအငယ်ပေါင်းမြောက်မြားစွာကို အစီအရီ တွေ့ ရသည်။
ကျွန်ုပ်နေရသော ခြံစည်းရိုးနှင့် ဆက်လျက် နီးကပ်စွာ တည်ဆောက်ထားသော အိမ်များကို တွေ့ရသည်။ ဒူးလေး ကိုင် လူများကိုလည်း အိမ်တိုင်း နေရာတိုင်းမှာတွေ့ရသည်။
အဘယ်နည်းဖြင့် ကျွန်ုပ် ထွက်ပြေးလွတ်မြောက်နိုင်ပါမည်နည်း၊ ဤမျှလောက် နီးကပ်စွာ တည်ရှိနေသော အိမ်များမှ ခွေးမရှိ၍ ခွေးသံမကြားရသည် ထားဘိဦး၊ လူကြီးသံ၊ ကလေးသံ ဆိတ်လှသည်ကား အံ့ဖွယ်ပင် ကောင်းသေး တော့၏။

အသံဗလံ လုံးဝမကြားရ၍ လူသူနှင့်ဝေးရာမှာ ကျွန်ုပ်ကို ထားသည်ဟု ထင်မိသည်မှာ မှားလေစွ၊ ၀ါးရုံခြံ စည်းရိုး ကို ဖောက်ပြေးမည်ဟု ကျွန်ုပ် ကြံမိခဲ့သော်လည်း သူငယ် ဝေဖော်နှင့် ဒူးလေးနှစ်ယောက် မလစ်၍ ကျွန်ုပ်အကြံ အထမမြောက်ခဲ့သည်မှာ ကံကောင်းလေစွ၊ ဖောက်ပြီးပြေးမိလျင် ဒူးလေးစာဖြစ်မည်မှာ မလွဲ ချေ။
ကျွန်ုပ်သည် ဣနြေ္ဒရရပင် ဖူးသာကိုကွီးနောက်မှ လှမ်းမှန်မှန်ဖြင့် လိုက်လာခဲ့သည်။ ကျွန်ုပ်အား စောင့်ရှောက် နေကြဟန် တူသော ပတ်ဝန်းကျင်မှ ဒူးလေးကိုင်များသည် ကျွန်ုပ်တို့မှနောက်စုရုံးလိုက်လာကြ ၏။

အားလုံးသောလူများမှာ ဖူးသာကိုကွီးမှစ၍ ခေါင်းတုံးပြောင်ပြောင်၊ အနီနှင့် အနက်စင်း သင့်တိုင်းရှည်၊ ဖြူ ရေသော မျက်နှာ၊ ခပ်မို့မို့မျက်ခွံ၊ ကြောင်တက်တက် မျက်လုံးဖြင့် တညီတည်း တဆင်တည်းဖြစ်သည်။
တစ်မျိုးတည်းသော သစ်သားကို တစ်ဦးတည်းသောပန်းဆရာက တစ်ပုံဂံတည်း ထုလုပ်ထားသော ပန်းပု ရုပ်များနှင့်တူ၏။ အရွယ်၊ အလုံးအရပ်၊ အနိမ့်အမြင့်၊ အပိန်အ၀သာ ကွာခြားသည်။
သို့သော် ... ဖူးသာကိုကွီမှစပြီး အားလုံး သန်စွမ်းလျင်မြန်ဖျတ်လတ်သူများချည်းဖြစ်၏။ မိန်းမဟူ၍ တစ်ဦး တစ်ယောက်မျှ မမြင်ရချေ။
ကလေး မြေးငယ် နို့စို့နို့ညှာ အရွယ်ဟူ၍ လည်း လုံးဝ မတွေ့ရ။ အတော်ခပ်ဝေးဝေးဆီမျ ပျံ့လွင့်လာသော ကျွန်ုပ် မဖော်ပြတတ်သည့် လေးတွဲ့တွဲ့ တူရိယာသံမှအပ ကျွန်ုပ်တို့ လမ်းလျှောက်သည့် ခြေသံကိုသာ ကြားခဲ့ရသည်။

ဆင်းချည်တက်ချည်ဖြင့် များစွာသော အိမ်များကို ဖြတ်ကျော်လာခဲ့ပြီးသည့်နောက် ကျွန်ုပ်တို့ ဖြတ်ကျော် လာခဲ့သော တောင်များထက် များစွာမြင့်သော တောင်တစ်လုံးကို တက်ရသည်။
တူရိယာသံသည် ထိုတောင်ခါးလယ်ဆီမှ ထွက်ပေါ်လာနေသည်။ အိမ်များသည် တဖြည်းဖြည်းကျဲလာ သည်။ တောင် ခါးလယ် ဆီသို့ ရောက်သောအခါ တူရိယာသံသည် နီးကပ်စွာကြားရ၏။
ထဝေါဝေါ စီးကျနေသော ရေတံခွန်သံကို ကြားရသဖြင့် ကျွန်ုပ် မျှော်ကြည့်လိုက်သည်။ တောင်ကမ်းပါးယံ တစ်နေရာဝယ် ငွေပန်းဆိုင်းကြီးနှင့်တူသော ရေတံခွန်ကြီးသည် လှပသွယ်ဖြာကာ အောက်ခြေရှိ ကျောက် အိုင်ကြီး တစ်ခု အတွင်းသို့ ရေပန်းများ တဖွားဖွားထစေလျက် စီးကျနေသည်။

စမ်းအိုင်မှာ ဘေးပတ်ဝန်းကျင်တွင် သန့်ရှင်းစင်ကြယ်စွာဖြင့် လှပသောပန်းပင်များ အစီအရီ ညီညာစွာ စိုက် ပျိုး ထားသည်။
စမ်းအိုင်မှ လူသွားလမ်းကလေးတစ်ခုသည် တစ်ဖက်တောင်ကမ်းပါးယံအမြင့်ဆီသို့ ကွေ့ကောက်စွာ တက် သွား၏။ လမ်းဘေးနှစ်ဖက်တွင်လည်း ဖူးပွင့်ဝေဆာစွာ လှပသော ပန်းပင်များ အဆက်မ်ြပတ် စိုက်ပျိုးထား သည်။

လူသွားလမ်းလေးသည် တောင်ခါးလယ်လောက်တွင် ရှိနေသော တောင်ထွတ်ကလေးထိပ်ရှိ ခပ်မြင့်မြင့် အိမ် တစ်ဆောင် တွင် လမ်းဆုံးသွားလေသည်။
ထို့နောက် ကျွန်ုပ် သတိထားမိသည်ကား ကျွန်ုပ်တို့သည်လည်း ကိုအိမ်မြင့်ကိုပင် ဦးတည်သွားနေကြောင်း ပင်ဖြစ်၏။
တောင်ထွတ်ကလေး၏ ရှေ့ဘက်မျက်နှာစာ တောင်ထွတ်ကလေးအခြေကို ကျွန်ုပ်တို့ ရောက်နေလေပြီ။ ထိုနေရာ ၌ ကျွန်ုပ်တို့ ရပ်လိုက်ကြ၏။

တူရိယာသံသည် အိမ်မြင့်ရှေ့မှ တီးမှုတ်နေကြောင်း သိရ၏။ မြောက်မြားလှစွာသော ဒူးလေးကိုင် စစ်သည် များ သည် စနစ်တကျ လမ်းတစ်ဖက် တစ်ချက်မှာ စီတန်း ရပ်နေကြသည်။
ထိုနေရာရောက်မှ ငြိမ်သက်စွာ ကိုယ့်အုပ်စုနှင့်ကိုယ် ရပ်နေကြသော မိန်းမများ ကလေးများကို တွေ့ရ၏။ ယောက်ျားဟူသမျှ အားလုံးမှာ ခေါင်းတုံးပြောင်အောင် တညီတညာတည်း ရိတ်ထားသည်ကို ကျွန်ုပ်စိတ် တွင် အထူး အဆန်း မဟုတ်တော့သော်လည်း မိန်းမများအားလုံး၊ ကလေးများ အားလုံးမှာလည်း ခေါင်းတုံး ပြောင်အောင် ပင် ရိတ်ထားသည်ကို တွေ့ရသော ကျွန်ုပ်သည် မအံ့သြဘဲ မနေနိုင်တော့ချေ။
မိန်းမ များ၊ ကလေးများမှာလည်း အနီနျင့် အနက်စင်း သင်တိုင်းကို တညီတညာတည်း၊ တစ်ဆင်တည်း ၀တ်ထားကြသည်။

ဆက်ရန်
.

No comments: