အကယ်၍သာ စိမ်းလဲ့လဲ့ မြရည်သွေးပေါက်နေသော ကျောက်တစ်မျိုးကို ဆွဲကုံးအဖြစ်သီပြီး လည်တွင် ၀တ်ဆင်မထားပါက မိန်းမ ယောက်ျား ခွဲခြားရန်ပင် ခက်ပေလိမ့်မည်။
ယောက်ျား၊ မိန်းမ၊ ကလေးအားလုံး ဖြူရော်သောအသားအရည်၊ မျက်နှာ၊ မို့မောက်သော မျက်ခွံ၊ ကြောင် တက်တက်မျက်လုံးများက တစ်ပုံစံတည်းပေ။
ဘယ်လိုတိုင်းပြည်၊ ဘယ်လိုလူမျိုးထဲ ငါရောက်နေပါလိမ့်ဟု ကျွန်ုပ်တွေးမိ၏။ တည်ကြည် ခံ့ညား ချော မောသော မျက်နှာ၊ ၀ါဝင်းသော အသားအရည်နှင့် ရှည်လျားများပြားသော ဆံပင်ကို ဆံမြိတ်ကွင်းချကာ သျှောင်တစောင်းထုံးထားသော ကျွန်ုပ်အား သူတို့သည် တည်ငြိမ်သော မျက်နှာဖြင့် ကြည့်ကြသည်။
ကလေးများကလည်း ငိုကြွေးခြင်း၊ လှုပ်ရှားခြင်း၊ ဆော့ကစားခြင်းမရှိ၊ ငြိမ်လှချေ၏။ ကျွန်ုပ်သည် အနားတွင် ကပ်လျက်ရှိနေသော စောဝေဖော်အား မေးမြန်းချင်သော်လည်း မည်သူမျှ နှုတ်ခမ်းလှုပ်သည်ကို မမြင်ရ၍ သူတို့၏ စည်းကမ်းဥပဒေကို မချိုးဖောက်လိုသဖြင့် ဆိတ်ငြိမ်စွာပင် နှုတ်ပိတ်နေလိုက်ရသည်။
အကြီးအကဲ အဘိုးကြီး ဖူးသာကိုကွီကား ဤနေရာသို့ ရောက်သည့် အချိန်ကပင် ကျွန်ုပ်တို့အား ထားခဲ့ပြီး တောင်ထွက်ကလေးထိပ်ရှိ အိမ်မြင့်ပေးသို့ တက်သွားပြီဖြစ်၏။ ကျွန်ုပ်သည် များစွာ မမြင့်လွန်းလှသော ကောင်းမွန်စွာ မြင်နေရသည့် တောင်ထွတ်ကလေးထိပ်ရှိ အိမ်မြင့်ကို လှမ်းမျှော်ကြည့်လိုက်ပါသည်။
သစ်သားတိုင်၊ သစ်သားကာ၍ ၀ါးကပ်မိုးထားသော အိမ်မှာ တစ်နည်းအားဖြင့် ကြည့်၍လှစွာ အဆောင် ဆောင် အခန်းခန်းထုတ်ပြီး ဆောက်လုပ်ထားသဖြင့် နန်းတော်ငယ်ကလေးနှင့်တူသည်။
အခင်းမှာလည်း သစ်သားပင် ဖြစ်ပေလိမ့်မည်ဟု ခန့်မှန်းရ၏။ အမြင့်မှာ လူတစ်ရပ်ကျော်မျှ မြင့်၏။ တံခါး ပေါက်တိုင်းတွင် ခန်းဆီးသဖွယ် အရောင်မျိုးစုံ ပန်းကုံးများ ချိတ်ဆွဲထားသည်မှာ တင့်တယ်လှပေသည်။
အိမ်ပေါ်မှဆင်းရာ လှေကားထစ် တစ်လျှောက်မှာ အလယ်ဗဟိုနေရာတွင် ပန်းပွင့်ကလေးများ ခင်းထား သည်။ ဧကန္တ ဘုရင်မစံရာ နန်းတော် ဖြစ်ပေလိမ့်မည်ဟု ကျွန်ုပ် အတတ်တွေးမိ၏။
သူတို့လိုပဲ အနီအနက်စင်း သင်တိုင်းရှည်ကြီးဝတ်၍ ကတုံးပြောင်ပြောင် ကိုယ်ရောင် ဖြူရော်ရော် မျက်ခွံ မို့မို့ ကြောင်တက်တက် မျက်လုံးနဲ့ ထွက်လာမည်လော။ အသက် အရွယ် မည်မျှရှိမည်နည်းဟု ကျွန်ုပ်သည် တွေးရင်း စိတ်ဇောကြီးစွာ မျှော်ကြည့်နေမိ၏။
ထိုအခိုက် တီးနေသော တူရိယာသံသည် တဖြည်းဖြည်း တညှင်းညှင်းတီးကာ အိမ်မြင့်ရှေ့မှ ဆင်းသက်လာ ခဲ့၏။ တူရိယာအဖွဲ့နောက်မှ မိန်းမ ငါးဆယ်လောက်သည် နှစ်ယောက်တစ်တွဲတန်းစီကာ မြူအိုး ပုံသဏ္ဍာန် ရှိသော နီရဲ ပြောင်လက်သည့် မြေအိုးများထဲတွင် မွှေးကြိုင်သော နံ့သာရည်များထည့်၍ အရောင်မျိုးစုံလှသောပန်းများ ထိုးစိုက်ကာ ရင်ဝယ်ပွေ့ပြီး အေးဆေးတည်ငြိမ်သော ခြေလှမ်းများဖြင့် ညီညာစွာ လှမ်းလာကြသည်။
၎င်းတို့နောက်မှ ဒူးလေးစွဲစစ်သားများ လိုက်လာကြသည်။ စစ်သားများနောက်မှ မိန်းမ အခြံအရံများ အလယ်တွင် ဘုရင်မသည် တည်ငြိမ်စွာ လမ်းလျှောက်လာ၏။
ကျွန်ုပ်သည် ပတ်ဝန်းကျင်ရှိလူများကို အကဲခတ်လိုက်၏။ ပကတိနေမြဲအတိုင်း အရုပ်များလို ငြိမ်နေသည်။ ဘုရင်မသည် ကျွန်ုပ်တို့ရပ်နေရာသို့ မရောက်သေးချေ။
သို့အတွက် ဒူးလေးကိုင် စစ်သားများကလည်း ကျွန်ုပ်တို့အား အာရုံမစူးစိုက်သေးချေ။ ဘုရင်မအား ခပ် လှမ်းလှမ်းမှ ကြည့်ခွင့်ရပြီး အနားကပ်ကာ စူးစူးစိုက်စိုက် ကြည့်ရခြင်းကိုသာ ပိတ်ပင်ဟန်တူသည်။
ကျွန်န်ုပ်သည် ကြည့်ခွင့်ရသည့်အခိုက် စေ့စပ်သေချာစွာ ကြည့်လိုက်၏။ ဘုရင်မကား တစ်မူထူးခြားပေ၏။
ဝတ်ထားသော အ၀တ်မှာ သင်တိုင်းရှည်ပင် ဖြစ်သော်လည်း အဖြူရောင်နှင့် အနီရောင်စင်းထားသည်။ အင်္ကျီ လက်ဖျားနေရာတွင် အဖြူနှင့်အနီ ရောထားသော လှပသည့် ပန်းဖွားများ ထပ်ထားသည်။
မည်သည့်အရာကို ပြုလုပ်ထားမှန်း မသိသော်လည်း အဖြူနှင့်အနီရောင် ကြားထားသော ပြောင်လက် တောက်ပသည့် ဖိနပ်ကို စီးထားသည်။ မြအဆင်းရှိသော ကျောက်များကို သီကုံးပြီး လည်ဝယ်ဆွဲထား သည်။ လက်တွင် ၀တ်ထားသည်။
အဖြူနှင့် အနီရောင် စင်းထားသော အနားတွင် လှပသည့် ပန်းပွားများ တပ်ထားသော ပ၀ါဖြင့် ခါးကို စည်းထားသည်။
မည်းနက်ပြောင်လက်၍ ရှည်လျားများပြားလျသော ဆံပင်ကို ဖားလျားချကာ ဖြူဖွေးသောပန်းကုံးတစ်ခုကို ဦးခေါင်းဝယ် သရဖူကဲ့သို့စွပ်ပြီး ပန်ဆင်ထားရာ ဖြူဖွေးကြည်လင်သောအသား၊ သွယ်သောမျက်နှာဖြင့် များစွာ ပနံလှပေ၏။
ရုပ်ဆင်းသဏ္ဍာန်မှာ အများသောသူများနှင့် လုံးဝမတူပေ။ ဘုရင်မ၏ မျက်လုံးများမှာ ကြောက်တက်တက် အဆင်းမရှိဘဲ ကြည်လင်လှပပေသည်။
ဘုရင်မ၏ ရုပ်ရည်ကို အားလုံး ခြုံကြည့်ပြီး ပြောရမည်ဆိုပါက စာဖွဲ့လောက်အောင် ချောမောလှပသည်ဟု မဆိုနိုင်ငြားလည်း၊ ပြေပြစ်တင့်တယ်၍ ဘုရင်မဟူသောဘွဲ့ကို ခံယူနိုင်လောက်အောင် ခံ့ညား၍ ကျက်သရေ ရှိပါပေသည်။
ဘုရင်မသည် ကျွန်ုပ်ရပ်နေရာနားသို့ ရောက်အံ့ဆဲဆဲဝယ် ကျွန်ုပ်အနားမှာ ရှိနေသော ဒူးလေးကိုင်နှစ်ယောက်သည် ကျွန်ုပ်အား လှည့်မကြည့်မီ ကျွန်ုပ်သည် လျင်မြန်စွာ ဦးခေါင်းကို ငုံ့ပြီး မျက်လွှာ ချထားလိုက်ပါ၏။
ဘုရင်မနောက်မှ ဒူးလေးကိုင်စစ်သားများ၊ ၄င်းနောက်မှ ဖူးသာကိုကွီ၊ ၄င်းနောက်မှ ကျွန်ုပ်တို့၊ ကျွန်ုပ်တို့ နောက်မှ များပြားလှသော ယောက်ျား မိန်းမကလေးများအား ကျွန်ုပ်ကို ကယ်တင်လာခဲ့သည့် အဘိုးကြီး လေးယောက်နှင့် လက်အောက်ခံ အကြီးအကဲများက စနစ်တကျ အုပ်ချုပ် လိုက်ပါလာကြသည်။
မြင့်မားလှသည့်တောင်ကြီးကို ကျွန်ုပ်တို့ တက်ကြရလေပြီ။ ယောက်ျားအဖို့ မထောင်းတာလှသော်လည်း ဘုရင်မနှင့်တကွ မိန်းမများ၊ ကလေးများ မည်သို့ရှိမည်နည်းဟု ကျွန်ုပ်တွေးမိ၏။ သို့သော် မွန်းတည့်အချိန် ၀ယ် တောင်ထိပ်ပေါ်သို့ ရောက်သည် တိုင်အောင် မည်သူ တစ်စုံတစ်ယောက်မျှ ဘာမျှ မဖြစ်ပေ။ ဗုဒ္ဓ၏ တန်ခိုးတော်ဟု စောဝေဖော်က ပြောပြ၏။
အဘိုးကြီး အဘွားကြီးများပင် အမောမဆို့ဘဲ ချောမောစွာ ရောက်လာနိုင်သည်မှာ ဘုရားတန်ခိုးတော် ဟုတ်ပေလိမ့်မည်။
တောင်ထိပ်သို့ ရောက်သောအခါ ကိုယ့်အစုံနှင့်ကိုယ် ငြိမ်သက်စွာ ထိုင်ကြ၏။ ကျွန်ုပ်သည် တောင်အောက် သို့ ငုံ့ကြည့်လိုက်၏။ ကျွန်ုပ် ထိုင်ရသောနေရာမှာ အသူတရာနက်မျှ မြင့်မားလှသော ကမ်းပါးအစွန်းဖြစ်၏။
" နောင်စငဲ့ " နယ်သူနယ်သားတို့ နေထိုင်ရာ အိမ်များကို ကောင်းမွန်စွာ လှမ်းမြင်နေရသည်။ ကျွန်ုပ်စိတ် ထင်အိမ်ခြေ သုံးထောင်နီးပါးမျှ ရှိလိမ့်မည်ဟု ခန့်မှန်းမိပေသည်။ ကျွန်ုပ်သည် ပတ်ဝန်းကျင် ၀ဲယာကို ကြည့် မိရာ ကြက်သီးထအောင်ပင် အံ့သြမိပါ၏။
အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့ ယခု ရောက်ရှိနေသော တောင်ထွတ်သည် ထီးထီးကြီး ချွန်ထက် မြင့် မားနေပြီး တစ်ဖက်တစ်ချက်စီတွင်ကား ညီညာသော တောင်တန်းကြီးများရှိလေသည်။
ကျွန်ုပ်သည် ပြင်းထန်သော ဝေဒနာဖြင့် သတိလစ် နစ်မြောသွားစဉ်က အာရုံဝယ် ထင်မြင်ခဲ့ရသော တောင် တန်းကြီးပေတကား။
ဤသို့ဆိုသော် ဤတောင်ထွတ်မှ ဗုဒ္ဓဟူသည် ကျွန်ုပ်အား အာရုံအတွင်းမှာ ဖူးမြင်ခဲ့ရသော မြဆင်းတု တော်ပင် ဖြစ်မည်လောဟ တွေးမိသဖြင့် ဗုဒ္ဓအား ဖူးလိုသော ဆန္ဒသည် ပြင်းထန်စွာ ပေါ်လာသည်။
သို့သော် ဗုဒ္ဓစံတော်မူရာကိုကား ကျွန်ုပ်မတိုးနိုင်ပါ။ ဗုဒ္ဓကို ဖူးမြော်ခွင့်မပြုဘဲ ကျွန်ုပ်ထွက်ပြေးမည်စိုး၍သာ ခေါ်လာလေသလောဟု တွေးမိပြန်သောအခါ စိတ်မကောင်းဖြစ်ရပြန်ပါသည်။
အနားတွင် ကပ်နေသော စောဝေဖော်အား တီးတိုး မေးမြန်းမိ၏။ စောဝေဖော်၏ ပြန်အဖြေကြောင့် စိတ် သက်သာသွားပါသည်။ ဘုရင်မနှင့်တကွ အားလုံးသောလူများ ဖူးမြော်ပြီးမှ ကျွန်ုပ်အား ဖူးခွင့်ပြုမည်ဟု သိရ ၏။ ကျွန်ုပ်သည် မိမိဖူးမြော်ရမည့် အချိန်ကို စိတ်ဇောကြီးစွာ မျှော်လင့်နေမိပါသည်။
သို့စောင့်စားနေစဉ်အချိန်အတွင်း ကျွန်ုပ်သည် ထွက်ပြေးရန် လမ်းစ မြင်လိုမြင်ငြား တောင်အောက်သို့ လှမ်း ကြည့်လိုက်သည်။
အထပ်ထပ်သော တောင်အနိမ့်အမြင့်များ၊ ၄င်းတို့မှ လွန်သော် စိမ်းညို့မှိုင်းမှောင်နေသည့် အပြင်ကြီးကိုသာ တွေ့ရသည်။ မြေပြင် ရေပြင်ဟူ၍ ဆံချည်မျှင်မှ မတွေ့ရချေ။ အနောက်ဘက် မိုးကုတ်စက်ဝိုင်းဆီတွင်ကား ပင်လယ်ပြ နှင့်တူသော ပြာမှိုင်းမှိုင်း လဟာပြင် တစ်ခုကို တိမ်တိုက်များနှင့်ရော၍ တွေ့ရသည်။
ကျွန်ုပ် ငေးမောနေသည်မှာ မည်မျှ ကြာသွားသည် မသိ။ စောဝေဖော်က ကျွန်ုပ်ပခုံးကိုတို့၍ ဗုဒ္ဓကို ဖူးရ တော့မည်ဟု ဆိုမှ ကျွန်ုပ် လှည့်ကြည့်လိုက်သည်။
တူရိယာအဖွဲ့ ရှေ့ဆောင်ထားသော လူတန်းကြီးသည် တောင်အောက်ဆင်းသောလမ်းသို့ ရှေ့ရှုသွားနေ သည်ကို တွေ့ရ၏။ ဘုရင်မကိုပင် ကျွန်ုပ် မမြင်လိုက်ရတော့ချေ။
အချိန်မှာ ညနေစောင်းသို့ပင် လုနေပြီဖြစ်၏။ တောင်ထိပ်ပေါ်တွင် ဒူးလေးကိုင် စစ်သားအချို့ပင် ကျန် တော့သည်။ ကျွန်ုပ်အား ကယ်တင်ခဲ့သော ဖူးသာကိုကွီ ခေါင်းဆောင်သော အဘိုးကြီးများ ကျွန်ုပ်အနား ရောက်လာကြသည်။ ဗုဒ္ဓကို ဖူးရန် လိုက်ခဲ့ဟု ခေါ်သဖြင့် ကျွန်ုပ်သည် ၀မ်းသာစွာ လိုက်သွား၏။
မြင်သမျှ တွေ့သမျှ အရာများသည် ကျွန်ုပ်အဖို့ အံ့သြမကုန် နိုင်ဖွယ်ရာ ဖြစ်ရပါတော့သည်။ တောင်ထိပ် အလယ်ဗဟိုတွင် မြရောင်အဆင်းရှိသော စိမ်းညိုသည့် ကျောက်ထွတ်ကြီးကို လိုဏ်ဂူသွင်းထားသည်။
ကျောက်ဂူထွင်းစဉ်က ထွက်လာသော အစများဖြစ်ဟန်တူသည့် စိမ်းညို့သော ကျောက်တုံးအစအနများ သည် အစုလိုက် အပုံလိုက် တွေ့ရ၏။ ကျွန်ုပ်သည် စိတ်သံသယမကင်းသည့် အတွက် တစ်ခုသော ကျောက်အပိုင်းအစကို ကောက်ယူကြည့်လိုက်သည်။
မြရတနာအစစ်များပေတကား။ ဤ ကျောက်ထွတ်ကြီးတစ်ခုလုံးမှာ မြကျောက်ထွတ်ကြီး ဖြစ်ပေသည်။ အဘိုးကြီး ငါးယောက်သည် ကျွန်ုပ်အား တည်ငြိမ်သော မျက်နှာကြီးများဖြင့်ကြည့်ကာ ကျွန်ုပ် ကောက်ယူ ကြည့်မိသော ကျောက်ကို ပြန်ချထားရန် ပြော၏။
ကျွန်ုပ်က ချက်ချင်းပင် ပစ်ချလိုက်သည်။ ထို့နောက် လိုဏ်ဂူအတွင်းသို့ ခေါ်သွား၏။ လိုဏ်ဂူမှာ အလံတစ်ရာ မျှ ကျယ်လိမ့်မည်ဟု ကျွန်ုပ်ခန့်မှန်းမိ၏။
မြသားအတိပြီးသော မြလိုဏ်ဂူကြီးပေတကား။ စိမ့်အေးနေသည်။ ထွက်ဝင်ရန် တစ်ပေါက်တည်း ရှိ၏။ နောင်စငဲ့တောင်သူ တောင်သားတို့ ပူဇော်သွားသော အမွှေးနံ့သာပန်းနံ့များမှာ မြလိုဏ်ဂူတွင်းဝယ် မွှေးလွန်းသဖြင့် မွှန်နေတော့သည်။
နံ့သာဆီဖြင့် ထွန်းထားသော မီးရောင်တွင် လူတစ်ရပ်မျှ အမြင့်ရှိသော မြကျောက်ခဲ(၀ါ) မြပလ္လင်ထက်မှာ ထက်ဝယ် ဖွဲ့ခွေ ထိုင်တော်မူသော ဥာဏ်တော် သုံးတောင်ကျော်မျှရှိသည့် မြသားဆင်းတုတော်အား ထင် ရှားစွာ ဖူးတွေ့လိုက်ရသော အခါဝယ် ကျွန်ုပ်သည် မှင်သက်မိသလိုပင် ဖြစ်သွားတော့၏။
ငါသတိလစ်သွားပြန်ပြီလားဟုပင် တွေးမိသည်။ ကျွန်ုပ်အာရုံတွင် ထင်မြင်ဖူးတွေ့ခဲ့ရသော မြဆင်းတုအစစ် ဖြစ်တော့၏။ ကျွန်ုပ်သည် ရှိခိုးကြည်ညို၍ အားမရနိုင်အောင် ဖြစ်ရတော့သည်။
ကျွန်ုပ်၏ ရှည်လျားများပြားသော ဆံပင်များကို ဖြည်ကာ မြဆင်းတု၏ ခြေတော်ကိုထိအောင် ပလ္လင်ပေါ်သို့ တင်၍လည်း ပူဇော်သည်။
ဆင်းတု၏ခြေဖ၀ါးနှင့် ကျွန်ုပ်၏ ဦးကင်းကိုလည်း တိုက်၍ ပူဇော်သည်။
အဘိုးကြီး ငါးယောက်နှင့် ဒူးလေးကိုင်များသည် ကျွန်ုပ်၏ အပြုအမူကို နှစ်ခြိုက်သဘောကျဟန်ဖြင့် ကြည့် နေကြသည်။ ထို့နောက် ဖူးသာကိုကွီက ကျွန်ုပ်အား ဤသို့ပြောသည်။
" နင် ဒီကိုရောက်လာတဲ့အကြောင်း ငါတို့ လျှောက်တင်လို့ရင်မလဲ အားလုံးသိပြီ၊ ငါတို့ဒေသကို ကံအား လျော်စွာ ရောက်လာတဲ့လူဟာ ငါတို့ဒေသမှာ နေရမယ်၊ ငါတို့ဓလေ့ ထုံးစံအတိုင်း လိုက်နာရမယ်၊ အသက် ရှင်ရက်နဲ့ ငါတို့ဒေသက ထွက်သွားခွင့်မပြုနိုင်ဘူး၊ ဘုရင်မကလဲ အမိန့်ချမှတ်ပြီးပြီ "
ဖူးသာကိုကွီက လေးလေးနက်နက် ပြောနေသော်လည်း ကျွန်ုပ်က အမှတ်မထင်ပင် နားထောင်နေလိုက်၏။ လစ်သည့် တနေ့ ထွက်ပြေးမည်ဟူသော စိတ်က ရှိနေသဖြင့် ငြိမ်သက်ပင် နာခံဟန် ပြုနေလိုက်၏။
ဘုရားကို ပုဆစ်တုပ် ဒူးချထိုင်ကာ ရှိခိုးမြဲရှိခိုးနေလိုက်၏။ အခိုက်ဝယ် ကျွန်ုပ်၏ ဖြန့်ထားသောဆံပင်ကို တစ်စုံတစ်ယောက်က ဆုပ်ဆွဲကိုင်လိုက်သလို ဖြစ်သွားသဖြင့် ကျွန်ုပ်မော့ကြည့်လိုက်၏။
လျင်မြန်လှချေသည်တကား၊ ထက်မြက်လှသော ဓားတစ်ချောင်းဖြင့် ကျွန်ုပ်၏ဆံပင်များကို ဖြတ်ယူလိုက်ပြီး ဖြစ်နေတော့သည်။ ကျွန်ုပ်အံ့အားသင့်နေစဉ်မှာပင် တစ်ယောက်က အဘိုးကြီးက ကျွန်ုပ်၏ ဦးခေါင်းကို နှိမ် ကာ ကိုင်ထားပြီး တစ်ယောက်က ခေါင်းတုံးရိတ်ချလိုက်ပါတော့သည်။
အရွယ်နှင့် မလိုက်အောင် သန်စွမ်းလှသော အဘိုးကြီး၏ လက်ဝယ် ကျွန်ုပ်ဦးခေါင်းမှာ မလှုပ်နိုင်အောင်ဖြစ် နေသည်။ ကန်လျှင် ဦးခေါင်းကို ဓားထိချေမည်။
ဒူးလေးကိုင်များ ၀ိုင်းရံနေ၍ ထွက်ပြေးလျှင်လည်း မလွတ်မထူးတော့ပြီဖြစ်၍ ကျွန်ုပ်သည် ငြိမ်သက်စွာပင် နေလိုက်သည်။ ခေါင်းတုံးရိတ်ပြီးသောအခါ ကျွန်ုပ်အား သူတို့သာ မြဆင်းတုတော်ရှေ့မှ ရေစင်တစ်ခွက်ကို ယူကာ ကျွန်ုပ်၏ ခေါင်းနှင့် မျက်နှာကို ဖျန်းပက်ကာ အောက်ပါအတိုင်း ဆိုခိုင်းသည်။
" နောင်စငဲ့ တောင်တွင် နေထိုင်သူများအား ပျက်စီးအောင် မကြံစည်ပါ။ မြဆင်းတုတော်နှင့် တကွသော မြကျောက်ရတနာများအား ခိုးဝှက်ခြင်း၊ အခြားသို့ ယူဆောင်သွားခြင်းမပြုပါ၊ ပြုခဲ့သော် တစ်သက်လုံး စိတ်ဆင်းရဲ၍ ရူးသွပ်သောသူအဖြစ်ဖြင့် တောကြိုချုံကြားဝယ် လူသူမတွေ့သော သေခြင်းဖြင့် ခွေးသေ ၀က် သေ သေရပါစေသား "
ထွက်မပြေးပါဟူသော အချက်မပါသဖြင့် ကျွန်ုပ်ကလည်း အလွယ်တကူပင် ကျိန်ဆိုလိုက်ပါသည်။ ကျွန်ုပ် ကား " နောင်စငဲ့ "ဒေသ၊ ငယ်မွေးချက်မြှုပ်သဘောမျိုး ဖြစ်သွားပေပြီ။ ပြီးသောအခါ၌ သူတို့သည် ကျွန်ုပ်၏ ဆံပင်များကို မြဘုရင်အား ပူဇော်သောသဘောနှင့် မြပလ္လင်ခြေရင်းတွင် အလိုက်ချထားလိုက်ပြီး ကျွန်ုပ် အား မြလိုဏ်ဂူအတွင်းမှ ခေါင်းထုတ်လာခဲ့ကြ၏။
ဝင်လုဆဲဆဲ နေရောင်နှင့် တိမ်ရောင်များ ဟပ်နေသဖြင့် တောင်တစ်တောင်လုံး လင်းနေသည်။ မြလိုဏ်ဂူ အား တပတ်ပတ်ပြီး ပူဇော်လိုကြောင်း ခွင့်တောင်းသောအခါ အလွယ်တကူပင် ခွင့်ပြုကြသည်။
ကျွန်ုပ်၏ အကြံကား ထွက်ပြေးရန်လမ်းစကို မှန်းဆလို့သာဖြစ်သည်။ မြလိုဏ်ဂူအပြင်ဘက်မှ ပတ်သွား သောအနောက်ဆွယ်တောင်ကုန်းငယ်ကလေးတစ်ခုသည် ချောက်ကမ်းပါးအစွန်းတွင် တေ့တေ့ကလေး တည်ရှိနေပြီး ကုန်းကလေးတစ်ခုလုံး မရမ်းစေ့ရောင် မှိုင်းနေသည်။
သေချာကြည့်သောအခါ ဗုဒ္ဓ ဆေးပင်ငယ်များ မွမွကျဲအောင် ပျောက်နေသည်ကို တွေ့ရသည်။ ကျွန်ုပ်သည် အဘိုးငါးယောက်၊ စောဝေဖော်နှင့် ဒူးလေးကိုင်များ မျက်ခြည်ပြတ် ကြည့်ရှုမှုကြောင့် စိတ်ကို အနိုင်နိုင်ချုပ် တည်းထားရပါ၏။
ကျိန်စာတွင် မြရတနာများသာ ထည့်သွင်းထားသည်။ ဗုဒ္ဓဆေးပင်ကိုကား ထည့်သွင်းခြင်းမပြုချေ။ ကျွန်ုပ် သည် နေရာကို ကောင်းစွာ မှတ်သားထားပါ၏။
လိုဏ်ဂူကို တစ်ပတ် ပတ်ပြီးသောအခါ တောင်အောက်ကို ဆင်းရပေတော့မည်။ အချိန်မှာ မှောင်စပျိုးလာ လေပြီ။ အိမ်ပြန်ရောက်မှ ထမင်းစားရမည်ဖြစ်၍ ကျွန်ုပ်သည် နှောင့်နှေးဆိုင်းငံ့မှုမရှိဘဲ သွက်သွက်ကြီးပင် ဆင်းလာခဲ့ပါတော့၏။
--------------------------------
ဆက်ရန်
.

No comments:
Post a Comment