" အစ်ကို ရန်ကုန်ပြန်ခါနီးပြောနော် "
ဥိးစောအောင်က ကလေးသဖွယ် ပြောလိုက်၏။
" ညီလေး လိုက်မလို့လား "
ဦးစောခိုင်ကို မုန်းသော်လည်း ကိုစောအောင်ကိုကား ညီငယ်လိုချစ်နေသော ကိုမျိုးခိုင်က လိုလား ကြည်ဖြူစွာမေးလိုက်သည်။
" အလိုက်ချင်ပါဘူး အစ်ကို၊ ရန်ကုန်မှာ ဒူးရင်း၊ မင်းဂွတ်ရှားလို့ အစ်ကိုအပြန်လက်ဆောင် ပေးလိုက်မလို့ပါ"
ကိုစောအောင်၏ စေတနာကို သိရသော ကိုမျိုးခိုင်သည် ရင်ထဲမှာ နင့်သွားပြန်သည်။
သို့သော် ကျေးဇူးရှိသောသူကား တစ်ယောက်၊ ရန်ငြိုးရှိသောသူက တစ်ယောက်ဟု စိတ်ထဲမှာ ခွဲခြားထား လိုက်ပြီး စကားစမပျောက်စေရန် ကောက်လိုက်၏။
" အခုနကစကား ကျွန်တော် ဆက်ဦးမယ်အဘ၊ အဲ ... သူတို့လင်မယား ရန်ဖြစ်ရင်လေ မြသေလာတောင် ဆိုတာလဲပါတယ် အဘရဲ့၊ ကျိန်စာဆိုတာလဲပါတယ် အဘရဲ့၊ နောက်ပြီး ကိုစောခိုင်က ဘာဆေးပင်သွား ရှာဆိုလဲ၊ နောက်ပြီး ကိုစောခိုင် မရှိခိုက် ဒေါ်ခင်မျိုးကို ဦးဘဆွေက ယူတယ်ဆိုလား၊ နောက် ကိုစောခိုင်က ပြန်လာပြီး ဒေါ်ခင်မျိုးနဲ့ တိတ်တိတ်ပုန်း ပြန်ဆက်တယ် ထင်ပါရဲ့။ အိမ်ချင်းက ကပ်နေတော့ သူတို့ လင် မယားရန်ဖြစ်ရင် မကြားချင် အဆုံးပဲ အဘရဲ့ "
ငြိမ်သက် တိဆ်ဆိတ်နေသော ဦးစောခိုင်သည် ကိုစောခိုင်က ပြန်လာပြီး ဒေါ်ခင်မျိုးနှင့် တိတ်တိတ်ပုန်း ပြန် ဆက်သည် ဟူသော ကိုမျိုးခိုင်၏ စကားကြောင့် လှုပ်လှုပ်ရှားရှားဖြစ်လာသည်။ မျက်လုံးများမှာ တဖျပ်ဖျပ် အရောင် ထွက်လာသည်။ ဤစကားတစ်လုံးကတော့ ဦးစောခိုင်အား ကောင်းကောင်းကြီး ထိသွားပြီဟု ကိုမျိုးခိုင် က တွေးလိုက်၏။
" ငါ့ အပေါ်မှာ ဒီလောက်အထိ စိတ်ယုတ်မာရှိတဲ့ အကောင်ပါကလား ဘဆွေရယ်၊ ငါ ဒါလောက် သည်းခံ ခဲ့၊ သစ္စာ စောင့် ခဲ့တာတောင် ထင်ရက်လေခြင်းကွာ၊ အဲလေ အခုမှတော့ ဖြေရှင်းလို့လဲ မထူးပါဘူး၊ သူတို့မှ မရှိကြတော့ဘဲ "
ဦးစောခိုင်က မချိတင်ကဲ ပြောလိုက်၏။
" အစ်ကို ပြောနေတဲ့ အကြောင်းထဲက ကိုစောခိုင်ဆိုတာ အဖေလား၊ ကျွန်တော့် အဖေအကြောင်း ဘာမှ မသိသေးဘူး။ အဲဒီလူတွေနဲ့ အဖေနဲ့ ဘာဖြစ်လာကြတာလဲ အဖေရယ် "
ကိုစောအောင် က သိလိုဟန်ဖြင့် ဖခင်အား မေးလိုက်သည်။
" ဟုတ်သားပဲ အဘရယ်၊ ရေလည်အောင် ပြောပြပါလား၊ ဦးဘဆွေစကားနဲ့ ကျွန်တော်တို့ ကြားရတဲ့လူတောင် ဒီကို စောခိုင် ဆိုတဲ့လူကို အထင်မှားနေကြတာ "
ကိုမျိုးခိုင်က ဆွပေးလိုက်ပြန်သည်။
" အေး ... အခုမျတော့ မထူးပါဘူး၊ ဒီအကြောင်းတွေကို အဘ တစ်သက်မှာ သေသည့်တိုင်အောင် စိတ်ထဲမှာပဲ ထားတော့မယ်လို့ ဆုံးဖြတ်ခဲ့ပေမယ့် မောင်ရင်လို ကြားခဲ့ဖူးတ့ လူတွေက မေးနေမှ အမှန် အတိုင်းပဲ ပြောပြ မယ်၊ သားလဲ နားထောင်ကွယ့်နော် "
" ဟုတ်ကဲ့ ... ဖေဖေ "
ဟုတ်ကဲ့ ... ပြောပါ အဘ "
ကိုမျိုးခိုင်နှင့် ကိုစောအောင်က စိတ်အား ထက်သန်စွာ ပြိုင်တူ ပွဲတောင်းလိုက်ကြသည်။
" ဒီလိုကွယ့် ... အဘနဲ့ မခင်မျိုးက ကျောင်းနေဘက် သူငယ်ချင်းလဲဖြစ်၊ ငယ်ချစ်လဲဖြစ်တယ်၊ ဘဆွေက အခြေမဲ့အနေမဲ့၊ ဥိးလေးတော် တစ်ယောက်အိမ်မှာ ကပ်နေရတဲ့ အကောင် မောင်ရင်ရဲ့၊ အဘတို့က သနားလို့ ကျောင်းစရိတ်ထောက်ပြီး ပညာသင်ပေးရတဲ့လူပဲ၊ ဆယ်တန်းကို အဘက အောင်တယ်၊ သူမအောင်ဘူး၊ အစကတည်း က မကြည်ဖြူတဲ့ သူ့ဥိးလေးနဲ့ အဒေါ်က စာမေးပွဲကျတော့ နှင်ပစ်တာပေါ့ ...
" အဒီအချိန်က အဘလဲ ဘိုးစဉ်ဘောင်ဆက် ထိန်းသိမ်းထားတဲ့ ပေစာထဲမှာ ညွှန်းထားတဲ့ ဆေးပင်ကိုရှာ မယ်လို့ အစီအစဉ်လုပ်တော့ ဘဆွေကလဲ ခြေသလုံးအိမ်တိုင် ဖြစ်နေတာနဲ့ အဘကသနားလို့ ကဲ ... ကုန် ကျစရိတ် အားလုံးခံမယ်၊ ဆေးပင်တွေ့လို့ အကျိုးခံစားရရင် တစ်ယောက်တစ်ဝက်လို့ ကတိပေးပြီး သူ့ကို ခေါ် သွားခဲ့တယ်"
" ဘာဆေးပင်လဲ အဖေ "
ကိုစောအောင်က ဖြတ်မေးလိုက်သည်။
" ကံနာ၊ ၀ဋီနာကလွဲရင် ရောဂါ ဝေဒနာအားလုံး ပျောက်ကင်းစေတဲ့ ဆေးပင် သားရဲ့၊ လူနာကို တဖြည်းဖြည်း မှ ပျောက်ကင်းစေတာ မဟုတ်ဘူး၊ ရုတ်ခြည်းယူပစ်လိုက်သလို အကောင်းပကတိ ဖြစ်စေနိုင် တဲ့ တန်ခိုးရှိတယ် "
" အဖိုးတန်လိုက်တာ အဖေရယ်၊ အဲဒီဆေးပင်က ဘယ်နားမှာရှိလဲ "
ကိုစောအောင်က စိတ်အားထက်သန်စွာ မေးလိုက်သည်။ ကိုမျိုးခိုင်ကမူ တစ်ခွန်းမှ ၀င်ထောက်ခြင်းမပြုချေ။ မိဘ၏ နောက်ကြောင်းရာဇ၀င် အမှန်ကိုသိဖို့ရန်သာ သူ့အတွက် အဓိကဖြစ်သည်။
" ပြောမှာပေါ့ သားရယ်၊ တစ်နေ့နေ့မှာ သားကို အသိပေးမယ်လို့ အဖေဆုံးဖြတ်ပြီးပါပြီ၊ ဆွေစဉ်မျိုးဆက် သတ်မှတ်လာတဲ့ စည်းကမ်းအတိုင်း အသိကိုပေးရမှာ သားရဲ့ "
" ဟုတ်ကဲ့ ... အဖေ ဆက်ပြောပါဦး "
ကိုစောအောင်က ပွဲတောင်းလိုက်ပြန်သည်။
" အေး ... တိုတိုပြောရမယ်ဆိုရင် ဆေးပင်ရှိရာကို နက်ခေါင်လှတဲ့ တောတောင် လျှိုမြောင်တွေကို ခဲယဉ်း ပင်ပန်းစွာ ဖြတ်ကျော်သွားလို့ တောင်တန်းကြီး မရောက်မီ လူနေအိမ်အစွန်ဆုံးဖြစ်တဲ့ တောင်ကြားတစ်ခုက ယာတဲမှာ စောအားပလယ်နဲ့ နော်မူဖိုးဆိုတဲ့ ကရင်လူမျိုး ဇနိးမောင်နှံကိုတွေ့ရတယ်။ သူတို့မှာ သမီးတစ် ယောက်ရှိတယ်၊ နာမည်က နန်းဝေတဲ့ ...
" အဲဒီမျာ တစ်ည၀င်ပြီး စခန်းချကြတော့ ကံအားလျော်စွာပဲ သူတို့ သုံးနှုန်းတဲ့ ဘာသာစကားနဲ့ အဖေသင် ကြားတတ်မြောက်ထားတဲ့ စကားက အတူတူဖြစ်နေတော့ ပြောဆို ဆက်ဆံရတာ လွယ်ကူတာပေါ့ "
" အခု ကျွန်တော်နဲ့ အဖေ တတ်ထားတဲ့ စကားမျိုးလား အဖေ ဟင် "
ကိုစောအောင်က ဖြတ်မေးလိုက်ပြန်သည်။
" ဟုတ်တယ် သားရဲ့၊ အဖေတို့ဆွေစဉ်မျိုးဆက် ဒီစကားကို မမေ့မလျော့သင်လာခဲ့ကြတယ်။ သားကိုလဲ အဖေ သင်ပေးတာ ရည်ရွယ်ချက်ရှိလို့ပဲကွယ့် "
" အဘပြောတာတွေ စိတ်ဝင်စားစရာ ကောင်းလိုက်တာ အဘရယ်၊ ဆက်ပြောပါဦး "
ကိုစောအောင်က ဖြတ်ဖြတ်မေးသဖြင့် လိုရင်းကို သိချင်လှပြီဖြစ်သော ကိုမျိုးခိုင်က ကပျာကသီဝင်ပြီး ထောက်ပေးလိုက်သည်။
" အေး ... အဲ့ဒိ ကရင်မောင်နှံအိမ်မှာ ခရီးပန်းလွန်းလို့ သုံးလေးရက်လောက် နားလိုက်မိရာက ဘဆွေ ဂြိုလ်ဖောက်ပြီး အဘကို သစ္စာမဲ့မှု အစပျိုးတော့တာပါပဲ မောင်ရင် "
" ဟုတ်ကဲ့ ... အဘရယ်၊ မှတ်မိသရွေ့ စုံစုံစေ့စေ့ ပြောပါနော် "
ကိုမျိုးခိုင်က စိတ်ဇောကြီးစွာ ပန်ကြားလိုက်၏။
ကရင်အမျိုးသမီးကလေး နန်းဝေကို သူက တဲခိုနေတဲ့အခိုက်မှာ စိတ်ဆန္ဒဖြေချင်တယ်လေ၊ နန်းဝေက အသက်နှစ်ဆယ်လောက်ပဲရှိသေးတယ်၊ ဖြူဖြူထွားထွား မျှစ်စို့ပေါက်ရုပ်ရည်မျိုးပေါ့၊ လူသူဝေးရာ တောထဲ တောင်ထဲမျာ နေတဲ့ အရိုး အရိုင်းသက်သက်မို့ သင်တိုင်းအရှည်ကြီးတစ်ထပ်ထဲဝတ်ပြီး သူ့သဘာဝအတိုင်း ရေချိုးရာကအစ သူတို့နေတတ်သလိုနေတာကိုမြင်ပြီး ဘဆွေက မထိန်းနိုင်၊ မသိမ်းနိုင်၊ ဖောက်ပြန်စိတ်တွေ ၀င်လာတယ် ...
ကရင်အဘိုးကြီး မိသားစုသုံးယောက်ကလဲ သူတို့ဘာသာ စကားကို ရေရေလည်လည် ပြောတတ်ပြီး ရုပ်ရည် မှာ ဘဆွေထက် ပိုချောတဲ့အဘကို ရင်းရင်းနှီးနှီးဆက်ဆံတာ ဘဆွေက မလိုလားဘူးလေ၊ နန်းဝေ လွတ်လွတ် လပ်လပ် ရေချိုးနေရာကို ဘဆွေက လိုက်ချောင်းတဲ့ကိစ္စ အဘကသိလို့ မတော်မသင့်ကြောင်း တိုးတိုး တိတ်တိတ်ပြောတော့ ..
" ခင်ဗျား တစ်ယောက်တည်း အုပ်ချင်လို့ မရဘူးဆိုတဲ့ အဓိပ္ပာယ်မျိုး အဘကို ပြန်ပြောတယ်ကွယ့်၊ အမှန် ကတော့ အဘစိတ်မှာ မခင်မျိုးကလွဲပြီး ဘယ်မိန်းကလေးကိုမှ မဖောက်ပြန်ပါဘူး၊ အရိပ်နေအခက်ချိုး လုပ် တာ မသင့်တော်ကြောင်း ပြောမိတာကွယ့်၊ အင်း ... ဘဆွေ ... ဘဆွေ အဲဒီအချိန်ကစပြီး သူ အဘအပေါ် မှာ သစ္စာမဲ့တဲ့ စိတ်ရိုင်း ၀င်သွားတာကိုး၊ အဘလဲ နောက်မှ စဉ်းစားမိတယ် မောင်ရင် "
ဦးစောခိုင်က လေးလေးတွဲ့တွဲ့ အသံဖြင့် ပြောကာ မောသွားဟန်ဖြင့် ခေတ္တ ရပ်နားလိုက်၏။ ကိုစောအောင် ကမူ ဖခင်မျက်နှာကို ငေးကြည့်နေသည်။
ဦးစောခိုင် ခေတ္တမျှ အနားယူပါစေဟူသော သဘောဖြင့် ကိုမျိုးခိုင်က အတန်ကြာ ဆိတ်ငြိမ်နေပြီးမှ ...
" နောက်ပြီး ဘာဖြစ်သလဲ အဘ၊ ဆက်ပြောပါဦး "
ဟု သိချင်ဇောဖြင့် တိုက်တွန်းလိုက်ပြန်သည်။
" ဒါနဲ့ အဘလဲ ကြာကြာနေရင် ခက်ချည်ရဲ့လို့ အဲဒီအိမ်က ဘဆွေနဲ့အတူ ထွက်ခဲ့ရတာပေါ့လေ၊ အဲ ... ဆေးပင်ရှိရာ တောင်တန်းကြီးရောက်ရော ဆိုပါတော့၊ သူတို့တိုင်းပြည်ကလဲ ဒီမြတောင်ထွက်ကို တက်လို့ ရတဲ့လမ်း မှန်သမျှ ဒူးလေးကိုင် အစောင့်တွေ အထပ်ထပ်ချထားတယ်ကွယ့် ...
" သူတို့တိုင်းပြည် ဟုတ်လားအဖေ၊ မြတောင်ထွက်ဆိုတာက မြတောင်ကြီးလား၊ ဆေးပင်က အဲဒီ တောင် ထွက် မှာလား ... "
ကိုစောအောင်က ကလေးငယ်သဖွယ် သူသိချင်တာတွေ မေးခွန်းထုတ်လိုက်၏။
" ဒါတွေ အဖေပြောနေရင် တော်တော်နဲ့ ဆုံးမှာ မဟုတ်ဘူး၊ နောက်မှ သား အေးအေးဆေးဆေး ပေစာတွေ ဖတ်ကြည့် ရင် သိပါလိမ့်မယ်၊ ပေစာတွေ အဖေ ပြပါ့မယ်ကွယ် "
ဦးစောခိုင်၏ စကားကြောင့် ကိုစောအောင် ငြိမ်သွားပြန်သည်။
" ပြောပါဦး အဘ "
ကိုမျိုးခိုင်က ထောက်ပေးလိုက်၏။
" အေး ... ဒီမြတောင်ထွတ်ကို အစောင့်မချဘဲ ထားတာ တစ်နေရာပဲ ရှိတယ်ကွယ့်၊ အဲဒီနေရာကလဲ ကြောက်ခမနိးလိ ဘယ်လိုမှ တက်မရအောင် နက်ရှိုင်းမတ်စောက်လှတဲ့ ချောက်ကမ်းပါးကြီး ဖြစ်နေတာကွယ့်၊ ဒါပေမယ့် ငုတ်မိသဲတိုင် ဆိုတဲ့ စကားအတိုင်းပေါ့၊ အဘနဲ့ ဘဆွေတို့လဲ တစ်ယောက်ကို တစ်ယောက် အားပြုပြီး ခဲခဲယဉ်းယဉ်း ကြံဖန်ကုပ်ကပ် တက်ပြီး ရောက်အောင် တက်ခဲ့ရတယ် ... "
" ဒီတောင်ထွတ် ရောက်ဖို့ကိုပဲ သုံးလလောက်ကြာအောင် ကြိုးစားခဲ့တယ်ကွယ့်၊ ဒါနဲ့ တောင်ထွတ်ပေါ် ရောက်ရော ဆိုပါတော့၊ တောင်ထွတ်ပေါ်မှာတော့ အစောင့်အရှောက်မရှိဘူး၊ တောင်ခုလပ်၊ တောင်ခြေက လူ သတ္တ၀ါ တက်ရောက်နိုင်တဲ့ နေရာတွေမှာသာ စောင့်တာကိုး၊ အဲ ... တောင်ထွတ်ပေါ်ရောက်တော့ အဘ က ဘုရားရှိခိုးပြီး ဆေးပင်ရှာတယ်၊ ပေစာမှာ ညွှန်းထားတဲ့ တောင်ကုန်းအထွတ်ကလေးရော ဆေးပင် ရော တွေ့ပါရဲ့ မထိုက်လို့လား မသိဘူး...
" တစ်ပင်မှ နှုတ်မရအောင် ဖြစ်နေတယ်၊ တစ်ယေက်ထဲ နှုတ်မရလို့ ဘဆွေကို အကူအညီပေးဖို့ လှည့် ကြည့် လိုက်တယ်၊ ဘဆွေ ဘာလုပ်နေတယ် မှတ်သလဲ မောင်ရင် ...
ဦးစောခိုင်က စကားဖြတ်ပြီး မေးလိုက်၏။
" ဘာလုပ်နေလဲ အဘ ... "
ကိုမျိုးခိုင်က စိတ်အားထက်သန်စွာ မေးလိုက်၏။
" ဘာလုပ်ရမှာလဲကွယ့်၊ ဘုရားတု ကိန်းဝပ်တော်မူရာ ဂူရှေ့က အတုံးလိုက် အခဲလိုက် စုပုံနေတဲ့ မြရတနာတွေထဲက သူ့စိတ်ကြိုက်တွေ ရွေးယူပြီး လွယ်အိတ်ထဲ ထည့်နေလေရဲ့ မောင်ရင်၊ ဒီတောင်ပေါ် ရောက်ရင် ဒီရတနာတွေ တွေ့ရလိမ့်မယ် စိတ်နဲ့တောင် မပြစ်မှားပါနဲ့၊ သစ္စာကို ခိုင်ခိုင်ထိန်းထားပါလို့ အတန် တန်ပြောထား ရက်နဲ့ သူသစ္စာမစောင့်ဘူးကွယ်၊ ဆေးပင်တွေလဲ ဒါကြောင့် နှုတ်မရအောင် ဖြစ်နတာနဲ့ တူ လေရဲ့၊ မယူပါနဲ့သူ့ကို ကောင်းကောင်းမွန်မွန် ပြောတာ သူက အဘကို စိတ်ဆိုးတယ်ကွယ် ...
" မင်းမိုက်လို့ မယူပေမယ့် ငါယူတယ်ကွ၊ မင်းက ရတနာအကြောင်း နားမလည်တော့ တန်ဖိုးမသိဘူး၊ ဒီ လက်သီးဆုပ်လောက် တစ်တုံးဆိုရင် တစ်သိန်းလောက် တန်တယ်ကွ ဆိုပြီး လွယ်အိတ်ထဲသာ ကြုံးထည့်တော့တာပဲ မောင်ရင်ရေ့၊ အဘလဲ သူ့ကုသိုလ်နဲ့သူရှိစေ၊ ငါမပြစ်မှားရင် ပြီးတာဘဲဆိုတဲ့စိတ်နဲ့ ဆေးပင်သာမဲနှုတ်နေတယ်၊ ဒါပေမယ့် နှုတ်မရဘူးကွယ့်၊ သစ္စာဖောက်တဲ့လူကို အဖော်အဖြစ် ခေါ်လာမိခဲ့ ပေတာကိုး ...
" အဲဒီအခိုက် အဘနားထဲမှာ ဥဒေါင်းတွန်သံကို သုံးကြိမ်တိတိ ထင်ထင်ရှားရှားကြီး ကြားလိုက်ရတယ်ဆိုရင်ပဲ၊ ဘဆွေ ရေ ... အဲဒါတွေ ထားခဲ့ဟ၊ ပြေးကြစို့လို့ပြောပြီး တက်လာတဲ့ လမ်းအတိုင်း ဆင်းပြေးခဲ့ရတော့တယ် မောင်ရင်ရေ့ ... "
ဦးစောခိုင်သည် စကားကိုရပ်ကာ အသက်ကိုပြင်းပြင်းရှူလိုက်၏။ တန်ဖိုးမဖြတ်နိုင်အောင် မြင့်မြတ်လှသည့် ဆေးပင် ကို ဆုပ်ကိုင်မိပါလျက်နှင့် သစ္စာမဲ့သော အဖော်ကြောင့် လက်လွှတ်ခဲ့ရသည်ကို တွေးကာ မချိတင်ကဲ ဖြစ်နေဟန်တူသည်။
" ဒီလူနှယ်ဗျာ ... တောက်၊ အဖေမို့ ဒါလောက် စိတ်ရှည်လက်ရှည် ထားတာ၊ ကျွန်တော်သာဆိုရင် အဲဒီမှာ ရှိနေတဲ့ မြကျောက်တုံးကြီးကြီးနဲ့ ခေါင်းထုသတ်လိုက်မှာပဲ ... "
ကိုစောအောင်က မချင့်မရဲ ပြောလိုက်၏။ ကိုမျိုးခိုင်ကမူ တစ်စုံတစ်ရာမှမပြော အောက်နှုတ်ခမ်းကိုကိုက်ကာ ဦးစောခိုင်အား ငုံ့ကြည့်နေသည်။ နားထဲတါင်မူ မယူထိုက် မစားထိုက်တဲ့ ပစ္စည်းကို ယူခဲ့ စားခဲ့လို့ ရှင့်မျာ မြတောင် ကျိန်စာသင့်နေတာ၊ မသုံးထိုက် မစားထိုက်တဲ့ ပစ္စည်းတွေမို့ မေမေအားလုံး လှူလိုက်တာ ... ဟူသော မိခင် ဒေါ်ခင်မျိုး ပြောခဲ့သော စကားများကို ကြားယောင်လာသည်။
" နောက် ဘာဖြစ်သွားလဲ အဘရယ် ... ဆက်ပြောပါဦး " ကိုမျိုးခိုင်က သက်ပြင်းတစ်ချက်ချပြီး မေးလိုက်၏။
" ဟုတ်တယ် အဖေ ဆက်ပြောပါဦး ... "
ကိုစောအောင်က ဖခင်အား တိုက်တွန်းလိုက်ပြန်၏။
"အဘလဲ သူ့ကို ပြောပြီး သေပြေး ... ရှင်ပြေး ဆင်းပြေးခဲ့တယ်၊ တချို့ နေရာကျတော့ စိတ်ရှည်လက်ရှည် ဆင်းမနေနိုင်ဘူး၊ ကိုယ်လုံးလှိမ့်ချခဲ့ရတော့တယ်၊ တောင်ပတ်ဝန်းကျင်မှာလဲ ကျွဲချိုမှုတ်သံတွေ၊ သူတို့ ဘာသာစကားနဲ့ ရန်သူကို အသေသတ်လို့ အမိန့်သံတွေ၊ ကျိန်ဆဲသံတွေဟာ ပဲ့တင်ထပ်နေတာပါပဲကွယ် ...
" ရန်သူရှိမယ် ထင်တဲ့နေရာကို သူတို့ ပစ်လွှတ်တဲ့ ဆိပ်လူးမြားတွေဆိုတာ အဘတို့နားမှာ သီကာပွတ်ကာ တ၀ီဝီနဲ့ မိုးသီးမိုးပေါက်ကျသလိုပဲကွယ့်၊ ကံကောင်းထောက်မလို့ အဘတို့နဲ့ ရင်ဆိုင် မတွေ့ပေဘူး ...
" သူတို့ လူမျိုးက သူတို့ပိုင်ဆိုင်ရာ မြတောင် နယ်နိမိတ်က ကျူးကျော် မထွက်ဘူးဆိုတာ အဘသိထားတော့ တောင်နယ် နိမိတ်လွတ်အောင် အားသွန် ပြေးရတာပေါ့၊ ဘဆေါလဲ အဘ နောက်က မလှမ်းမကမ်းကပဲ ပါလာတယ်၊ တောင်နယ်နိမိတ်လွတ်လို့ စိတ်ချရတဲ့ နေရာရောက်မှ အဘလ ခြေကုန် လက်ပန်းကျပြီး မြေပေါ်မှာ ပစ်လဲတော့တာပေါ့ကွယ်၊ ဘဆွေလဲ အဘနားမှာပဲ ဘုန်းဘုန်းလဲတော့တာပဲ၊ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် မထူနိုင် မကြည့်နိုင်ဘဲ ကိုယ့်ရင်ဘက် ကိုယ့်နဲ့ဖိ၊ မျက်စိမှိတ် ပြီးထွက်သက် ၀င်သက် မှန်အောင် ကြိုးစားပြီး နေရတယ်၊ ဘယ်လောက်ကြာတယ် မသိဘူး၊ အဘအမော ပြေသလောက် ဖြစ်သွားမှ ဘဆွေ ဘယ်လို ဖြစ်နေပါလိမ့်မလဲလို့ ထကြည့်လိုက်တယ်၊ မောင်မင်းကြီးသားက မြရတနာတွေ အပြည့် အသိပ်ထည့်လာတဲ့ လွယ်အိတ်ကြီးကို ဖက်ပြီး ပီတိဖြစ်နေတာ တွေ့ရတာကိုး "
" ဒါလောက် အသက်စွန့် ပြေးလာရတာတောင် ဒီလူက ရအောင် ယူလာသေးတာကိုး၊ တော်တော် ပစ္စည်း မက်မောတဲ့လူ "
ကိုစောအောင်က ရှုံချသော လေသံဖြင့် ပြောလိုက်၏။ ကိုမျိုးခိုင်ကမူ ငြိမ်ချက်သား ကောင်းစွာပင် နားထောင် နေသည်။ ဦးစောခိုင်က စကားဆက်လိုက်ပြန်၏။
ဒါနဲ့ အဘက အံ့ပါရဲ့ ဘဆွေရယ်၊ မပြစ်မမှားပါနဲ့လို့ ငါ အတန်တန် ပြောရက်သားနဲ့ မင်းကြောင့် အခုလို ဖြစ်ရတာ၊ ဒီအိတ်ကြီးကို လွှင့်ပစ်ခဲ့ကွာလို့ ဒေါသဖြစ်ဖြစ်နဲ့ အပြစ်တင်တော့ သူက ဟေ့ကောင်တဲ့၊ ငါ့ကို ကျိန်စာ နဲ့ ခြောက်ပြီး ကရင်မ ရော၊ မြ တွေရော မင်းတစ်ယောက်တည်း အပိုင်စီးလို့ ခံမလားကွ၊ ငါ နွား မ ဟုတ် ဘူးတဲ့လေ၊ ဘဆွေပြောပုံ ဘယ်လောက် မိုက်ရိုက်းသလဲဆိုတာ "
ဦးစောခိုင်က စကားဖြတ်ပြီး ...
" သား ... အဖေကို ရေတစ်ခွက်ပေးစမ်းကွယ် "
ဟု တောင်းလိုက်၏။
ကိုစောအောင်က ရေတစ်ခွက် ခပ်လာပြီး ရိုသေစွာ ပေးလိုက်၏။
ဦးစောခိုင်သည် ရေသောက်ပြီးသော်လည်း အတော်ပင် မောသွန်းဟန်ဖြင့် စကားဆက်မပြောသေးဘဲ နားနေ လိုက်၏။ ကိုစောအောင်နှင့် ကိုမျိုးခိုင်တို့ကလည်း အလိုက်သိစွာပင် တိုက်တွန်းခြင်း မပြုသေးဘဲ ငြိမ် နေကြသည်။
ဥိးစောခိုင် အမောပြောသလောက်ရှိမှ ...
" အဲ့ဒီတော့ အဘက ဘာပြန်ပြောသလဲ "
ဟု ကိုမျိုးခိုင်က စကားဆက် မပြတ်စေရန် မေးလိုက်သည်။
" အေး ... အဘကတော့ ကောင်းတူဆိုးဘက် သဘောထားလာလို့ တောကြီးမျက်မည်းထဲ ရောက်နေရတဲ့ ဒီသူငယ်ချင်း လေးနှစ်ယောက်ရှိတာ စိတ်ဝမ်းကွဲဖို့ မလိုလားပါဘူး။ အဘက ပြောလိုက်တယ်လေ၊ နန်းဝေကို ငါဘယ်လို မှ သဘောမထားဘူး၊ မင်း အတိအကျ သက်ဆုံးတိုင် ပေါင်းပါမယ်ဆိုရင် ငါ ကြိုးစားပြောပေးမယ်၊ ဒီလွယ်အိတ်ကြီး လွှင့်ပစ်ခဲ့ပါကွာဆိုတော့ ဘဆွေက နှစ်နှစ်ခြိုက်ခြိုက်ရယ်တယ် မောင်ရင်ရဲ့ "
" နန်းဝေကို ရတော့မယ်ဆိုပြီး ၀မ်းသာသွားတယ် ထင်ပါရဲ့ အဖေ "
" ဘယ်ဟုတ်လိမ့်မှာတုန်း သားရယ်၊ နန်းဝေကို သူတကယ်မေတ္တာရှိတာမဟုတ်ဘူး၊ အရိုးအရိုင်းမို့ သူက စိတ် ဖောက်ပြားတာ၊ ဘဆွေ ဘာပြောတယ် အောက်မေ့လဲ "
" ဘာပြောလဲ အဘ "
ကိုမျိုးခိုင်က စကားကောက်မေးလိုက်သည်။
" အဘကို သူအထင်လွဲပြီး ရက်ရက်စက်စက် ပြောတာပဲ မောင်ရင်၊ ဟေ့ကောင်တဲ့ ... ငါ ဒီမြရတနာတွေ အရင်းတည်ပြီး ကြီးပွားချမ်းသာမှာကို မလိုလို့ အိတ်ကြီး လွှင့်ပစ်ခိုင်းတာလားကွတဲ့၊ ငါ့ကို တောတွင်းသူ အရိုးအရိုင်းန့သာ တန်တယ် ထင်ပြီး ပြောတာလားတဲ့၊ ဒီမြတွေကို အရင်းတည်ပြီး သူဌေးဖြစ်တော့ မန္တလေးမြို့ မျက်နှာဖုံး မခင်မျိုးကို ရအောင်ယူပြမယ်လို့ ပြောတယ်၊ အို ... ဘဆွေ အဲဒီလိုပြောလိုက်တော့ လေ အဘစိတ်ထဲ ဘယ်လိုဖြစ်သွားမှန်းမသိဘူး၊ အဘနဲ့ မခင်မျိုးမေတ္တာရှိနေတာ သူ အသိသားနဲ့ပြောရက် လေခြင်း လို့ စိတ်ထဲမှာ တော်တော် ထိခိုက်သွားတယ် ...
" ဒါပေမယ့် အဘစိတ်ကို ချုပ်တည်းလိုက်တယ်၊ ခုတင်က ပြောလိုက်သလို စိတ်ဝမ်းမကွဲချင်လို့ပေါ့၊ ဒါပေ မယ့် ကိုယ့်အသက်လောက်ချစ်တဲ့ ရည်းစားကို ထိခိုက်ပြောတော့ စိတ်မကောင်းလွန်းလို့ တစ်ခွန်းတော့ ပြန်ပြောလိုက်တယ်၊ အေးကွာ မခင်မျိုးက မင်းကိုပဲ ယူမလား၊ ငါ့ကိုပဲယူမလား စောင့်ကြည့်သေးတာပေါ့ လို့၊ ဒါပါပဲ အဘပြောပြီး သွားမယ်ကွာ၊ ဒီနေရာမှာ ကြာကြာနေလို့ မသင့်တော်ဘူး၊ တောင်နယ်နိမိတ်နဲ့ နီး သေးတယ်လို့ တိုတိုပဲ ပြောပြီး အဘလဲ ခရီးဆက်ထွက်လာတယ်၊ စားသောက်စရာနဲ့ စောင်တစ်ထည် ထည့်ထားတဲ့ လွယ်အိတ်ရော၊ ရေဘူးရော၊ ဓားရှည်တစ်ချောင်းနဲ့ ဓားမြှောင်တစ်ချောင်းရော ပြေးရင်း လွှား ရင်းက ချောက်ထဲ ကျကျန်ခဲ့တော့ အဘလက်ထဲမှာ ဘာမှ မရှိတော့ဘူး၊ သူကတော့ မြရတနာတွေ အပြည့် ထည့်ထားတဲ့ လွယ်အိတ်ကြီးကို ဂရုတစိုက် လွယ်ပိုးလာတယ်၊ အဘစိတ်ထဲမှာ စီစဉ်တာက ဒီလွယ်အိတ် ကြီးနဲ့ သူနဲ့ သွားချင်ရာသွား၊ ရောက်ချင်ရာ ရောက်ပါစေ၊ နန်းဝေတို့ ယာတဲရောက်ရင် လမ်းခွဲတော့မယ် ..
" အဘက နန်းဝေတို့ဆီမှာ ခေတ္တ ၀င်ခိုနေပြီးမေ့သလောက်ရှိမှ မြတောင်ကို ပြန်တက်ပြီး ဆေးပင်တွေနှုတ် မယ်လို့ စိတ်ကူးထားတာကိုး၊ ဒါနဲ့ တော်တော်လေး ခရီးရောက်သွားတော့ စမ်းချောင်းကလေးတစ်ခု တွေ့ တယ်။ အဘလဲ ရေငတ်လွန်းတာနဲ့ စမ်းချောင်းနံဘေးက ကျောက်တုံးပေါ် ထိုင်ပြီး လက်ခုပ်နဲ့ ရေကုန်းအခပ် လိုက်မှာ ဘဆွေ က နောက်ကနေပြီး မြကျောက်တွေ ထည့်တားတဲ့ လွယ်အိတ်ကြီးနဲ့ ရိုက်ချ လိုက်တာ ပဲကွယ့်"
ဦးစောခိုင်က စကားကိုဖြတ်ပြီး သူ့မျက်နှာ တစ်ခြမ်းက အမာရွတ်ကြီးများကို လက်နှင့် စမ်းကြည့်နေသည်။
တစ်သက်တာအဖို့ လူဖြစ်ရှုံးအောင် ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့ရသော သူ့ဘ၀ကို ပြန်လည် ဖော်ထုတ်ရသဖြင့် ယူကျုံးမရဟန်မှာ မျက်နှာတွင် ထင်ရှားပေါ်လွင်နေသည်။
" တောက် ... လုပ်ရက်လေနော်၊ အဖေ့ မျက်နှာက အမာရွတ်တွေဟာ သူ့ကြောင့် ဖြစ်ရတာပေါ့ "
ကိုစောအောင်က ကျိတ်မနိုင် ခဲမရ ဒေါသဖြစ်စွာ ပြောလိုက်သည်။
ကိုမျိုးခိုင်ကား ဦးစောခိုင်၏ မျက်နှာကို မကြည့်ဝံ့သည့်အလား မသိမသာ မျက်နှာ အောက်စိုက်ကာ မျက်လွှာ ချနေသည်။ ဦးစောခိုင်က စကားဆက်လိုက်ပြန်သည်။
" အေးပေါ့ သားရယ်၊ အဖေလဲ တစ်စောင်းလဲကျသွားပြီး ကျောက်တုံးကျောက်စွန်းတွေနဲ့ မျက်နှာ ဆောင့် မိတာပေါ့၊ အမှတ်မဲ့ ခံလိုက်ရတာမို့ အဖေ့မှာ ရုတ်တရက် မထနိုင်အောင် ဖြစ်နေဆဲမှာ ဘဆွေကကျောက် တုံးတစ်တုံး ကောက်ပြီး အဖေ့မျက်နှာကို ထုချလိုက်တာ အဖေလဲ သတိလစ်သွားတယ်၊ ဒါကို ဘဆွေ က သေပြီထင်ပြီး ထွက်သွားဟန်တူပါရဲ့ ...
" အင်း ... ဘဆွေ ... ဘဆွေ၊ ကျေးဇူးတရားကိုလဲမထောက်၊ သစ္စာတရားကိုလဲ မစောင့်ရှောက်ဘဲ ကမ်း ကုန်အောင်မိုက်ရိုင်းယုတ်မာသွားတယ်ကွယ်"
ဦးစောခိုင်က မျက်နှာမှ အမာရွတ်များကို လက်ဖြင့် ပွတ်သပ်ရင်း ပြောလိုက်သည်။ ကိုစောအောင်သည် မချိမဆန့်ဖြစ်နေရှာမည်ဖြစ်သော ဖခင်၏ ပုံသဏ္ဍာန်ကို မြင်ယောင်ကာ အံကြိတ်ပြီး လက်သီးကိုဆုပ်လိုက် မိ၏။ မျက်လွှာချနေသော ကိုမျိုးခိုင်၏ နားထဲမှာကား ...
" မပြစ်မှားအပ် တဲ့ ကျေးဇူးရှင်ကို ပြစ်မှားခဲ့လို့ ရှင့်မှာ အကုသိုလ်တွေဖိစီးပြီး ရုပ်ပျက်ဆင်းပျက် ဖြစ်နေတာ "
ဟူသော မိခင် ဒေါ်ခင်မျိုး၏ စကားကို ကြားယောင်လာမိသည်။
" ဒါနဲ့ နောက် အဖေဘယ်လို အသက် ချမ်းသာရသလဲ၊ ဆက်ပြောပါဦး အဖေ "
ကိုစောအောင်က မေးသဖြင့် ဦးစောခိုင်က နောက်ကြောင်းကို ဖော်လိုက်ပြန်သည်။
ဆက်ရန်
.

1 comment:
ကံနာ၊ ၀ဋီနာကတော့ ဘာဆေးမှတိုးမှာ မဟုတ်ဘူးနော်။ ရေးရတဲ့သူကတော့ သက်သာမယ် မထင်ဘူးကွယ်။ ဖတ်ရတဲ့သူကတော့ ခနလေးနဲ့ 'ဆက်ရန်' ကို ရောက်သွားရော ညီမရေ။ ကျေးဇူးတင်ပါတယ်ကွယ်။
မေတ္တာဖြင့်
အန်တီတင့်
Post a Comment